သန့်စင်သော နှလုံးသားနှင့် စိတ်ဝိညာဉ်
Vol. 80 Ch. 1116
ကျန်းရီသည် မိစ္ဆာသားရဲများကို အလွယ်တကူ သတ်ဖြတ်၍ တောင်တစ်လုံးပြီးတစ်လုံး ကျော်ဖြတ်နေသည်။ သုံးရက်အတွင်းမှာပင် သူ နောက်ထပ်တောင်အလုံးနှစ်ဆယ်ကို ဖြတ်ကျော်နိုင်ခဲ့ပြီး လေးဆယ့်ရှစ်လုံးမြောက်တောင်သို့ ရောက်လာလေသည်။ ဝိညာဉ်လေရွာသို့ ရောက်ရန် နောက်ထပ်တောင်တစ်လုံးကိုသာ ဖြတ်ကျော်ရတော့မည်ဖြစ်သည်။
“ခဏလောက် နားကြတာပေါ့”
လွန်ခဲ့သော သုံးရက်အတွင်း၌ ယဉ်ရို့ပင်းက များစွာတိုက်ခိုက်ရန် မလိုခဲ့သော်လည်း ပြီးခဲ့သောတောင်တွင် သူမတို့ ကြုံတွေခဲ့ရသော မိစ္ဆာအရှင်က အလွန်သန်မာခဲ့သည်။ သို့ဖြစ်ရာ နောက်ဆုံးတောင်မှ မိစ္ဆာအရှင်က ပို၍ပင် သန်မာပေလိမ့်မည်။ ထို့ကြောင့် ကျန်းရီသည် သူတို့၏စွမ်းအင်ကို ပြန်ဖြည့်တင်းရန် နှစ်နာရီမျှ အနားယူရန် ဆုံးဖြတ်လိုက်ခြင်းပင်။
တောင်တစ်လုံးနှစ်တစ်လုံးအကြားတွင် အနားယူခြင်းက မည်သည့်အန္တရာယ်မှ ရှိပုံမပေါ်ပေ။ ကျန်းရီနှင့် ယဉ်ရို့ပင်းတို့သည် သစ်ပင်ကြီးတစ်ပင်အောက်တွင်ထိုင်၍ တစ်ယောက်ကိုတစ်ယောက် ဖက်ကာ လေပြေညင်းလေးများကို ခံစားနေလေသည်။ သူတို့နှစ်ယောက် အလွန်ကျေနပ်နေသည်။ ယဉ်ရို့ပင်းက မျက်လုံးများ မှိတ်ထားပြီး ကျန်းရီ၏ ရင်ခွင်ထဲတွင် အနားယူနေသည်။ သူမ၏လက်နှစ်ဘက်ကလည်း ကျန်းရီ၏ လည်ပင်းကို ဖက်ထားသည်။ သူမ၏ပုံစံ အပျိုဖော်ဝင်ခါစ မိန်းမပျိုလေးတစ်ယောက် ရည်းစားနှင့် ချိန်းတွေ့နေသောပုံစံကဲ့သို့ပင်။
“ရို့ပင်း... ငါတို့က ချစ်သူတွေ ဖြစ်သွားကြပြီဆိုတော့ ငါ မင်းကို တချို့ကိစ္စတွေ လျှို့ဝှက်ထားလို့ မရတော့ဘူး။ အဲ့လိုဆို မင်းအပေါ် မလေးစားရာ ကျလိမ့်မယ်”
ကျန်းရီက ယဉ်ရို့ပင်း၏ပခုံးကို ညင်သာစွာ ဆုပ်ကိုင်၍ ခါးသက်သက်ပြုံးကာ ပြောလိုက်သည်။
“တကယ်တော့ ငါ့မှာ ငါ မစွန့်ပစ်နိုင်တဲ့ တခြားမိန်းကလေးတွေလည်း ရှိတယ်။ မင်း... စိတ်ဆိုးမှာလား”
ယဉ်ရို့ပင်း၏ မျက်နှာထားက များစွာ မပြောင်းလဲသွားပေ။ သူမ၏ မျက်နှာပေါ်မှ အပြုံးကသာ အနည်းငယ် တည်သွားသည်။ ထို့နောက် သူမသည် ခေါင်းမမော့ဘဲ သက်ပြင်းသဲ့သဲ့ချ၍သာ ပြောလိုက်လေသည်။
“ကျွန်မအဖေမှာလည်း မိန်းမတွေအများကြီး ရှိတာပဲ။ ကျွန်မအဘိုးရော၊ ကျွန်မဝမ်းကွဲတွေရော အတူတူပဲ။ ဟူး... ဒီလောကကြီးမှာ ယောက်ျားတွေက မိန်းမတွေထက် ပိုသာတာပဲ။ ရှင်တို့ယောက်ျားတွေက မကောင်းတဲ့သူတွေဆိုတာကို ကျွန်မ သိထားတာ ကြာပါပြီ”
ကျန်းရီ အိုးတိုးအန်းတန်းနှင့် နှာခေါင်းကုတ်ကာ မေးလိုက်သည်။
“မင်း စိတ်မဆိုးဘူးလား”
“စိတ်ဆိုးတယ်...”
ယဉ်ရို့ပင်းသည် ခေါင်းမော့၍ ကျန်းရီကို အလေးအနက်ကြည့်ကာ ပြောလိုက်သည်။
“ဘယ်မိန်းမကမှ ကိုယ်ချစ်ရတဲ့ယောက်ျားကို တခြားမိန်းမတစ်ယောက်နဲ့ မျှဝေချင်မှာ မဟုတ်ဘူး။ မိန်းမတိုင်းက ယောက်ျားတစ်ယောက်ရဲ့ နှလုံးသားတစ်ခုလုံးနဲ့ ချစ်တာကို ခံချင်ကြတာပဲ။ ကျွန်မက အဲ့ကိစ္စတွေကို ငယ်ငယ်ကတည်းက သိထားပြီးပြီဆိုပေမယ့် စိတ်မဆိုးဘူးလို့ပြောရင် လိမ်တာပဲ ဖြစ်မှာပေါ့။ ကျန်းရီ ကျွန်မ ရှင့်ကို တစ်ခုပဲ တောင်းဆိုချင်တယ်။ ရှင် ကျွန်မနဲ့အတူ ရှိနေချိန်မှာတော့ တခြားမိန်းမတွေအကြောင်းကို မတွေးရဘူး။ ကျွန်မအရှေ့မှာ တခြားမိန်းမတွေနဲ့ ပရောပရီ မလုပ်ရဘူး။ သိသာသိစေ၊ မမြင်စေနဲ့ဆိုတဲ့ ဆိုရိုးရှိတယ်မလား။ မဟုတ်ရင်တော့ ကျွန်မ သီလရှင်ပဲ ဝတ်လိုက်မှာပဲ”
“အင်း... ငါ မင်းကို ကတိပေးပါတယ်”
ကျန်းရီ ယဉ်ရို့ပင်းကို တင်းကြပ်စွာ ဖက်လိုက်၏။ သူ၏ ယဉ်ရို့ပင်းအပေါ် ချစ်ခင်မှုကလည်း ပို၍ တိုးလာသည်။ ထိုမိန်းမပျိုလေးက သန့်စင်သော နှလုံးသားနှင့် စိတ်ဝိညာဉ် ရှိပေသည်။ သူမက ဉာဏ်လည်းကောင်းသလို မည်သည့်အချိန်တွင် တိုက်ခိုက်ရမည်၊ မည်သည့်အချိန်တွင် အလျှော့ပေးရမည်ကိုလည်း သိသည်။ သူမ၏ အတွေးအခေါ်များက အခြားမိန်းကလေးများနှင့် မတူပေ။ သူမသည် ယောက်ျားတစ်ယောက်၏ အမိန့်ပေးမှုကို ခံမည့် အချစ်မျက်ကန်းတစ်ယောက် မဟုတ်ချေ။ ယောက်ျားများသည် သူမကဲ့သို့သော မိန်းမပျိုမျိုးကို အလွယ်တကူ အချစ်မိဆုံး ဖြစ်သည်။
ကျန်းရီသည် ယဉ်ရို့ပင်းနှင့် လေးနာရီကြာ ပွေ့ဖက် စကားပြောဆိုပြီးနောက် ခရီးဆက်လိုက်၏။ ဤတစ်ကြိမ်တွင် သူသည် ယုံကြည်မှုပြည့်ဝမနေတော့ပေ။ ထို့ကြောင့် သူ ယဉ်ရို့ပင်းကို ချပ်ဝတ်အပြည့်အစုံ ဝတ်ဆင်ရန်နှင့် သူ့နောက်မှသာလိုက်ရန် ပြောလိုက်သည်။ သူသည်လည်း ဝိညာဉ်လေနတ်ဘုရားဒိုင်းကို ထုတ်ထားလိုက်ပြီး လက်ထဲတွင်လည်း ဓားပျော့ကိုကိုင်ကာ အသင့်ပြင်ထားသည်။
“ချူး...ချူး...”
အဝေးရှိ တောင်ထွတ်တစ်ခုမှနေ၍ ဧရာမငှက်ကြီးတစ်အုပ်က ကျန်းရီတို့ထံသို့ ပျံသန်းလာ၏။ ၎င်းတို့၏ မျက်လုံးများက သွေးနီရောင်လမင်းနှင့် တူပြီး ၎င်းတို့၏ လက်သည်းများက ငွေချိတ်များနှင့် တူသည်။ ၎င်းတို့၏ အမွေးအတောင်များကလည်း သံမြားများကဲ့သို့ပင်။ ၎င်းတို့သည် သိပ်မကြီးသော်လည်း အံ့အားသင့်ဖွယ် အရှိန်အဝါကို ထုတ်လွှတ်နေကြသည်။ အရေးအကြီးဆုံးမှာမူ ၎င်းတို့၏ အရေအတွက်ပင်။ ၎င်းတို့က အနည်းဆုံး အကောင်တစ်ထောင်လောက် ရှိပေလိမ့်မည်။
ဝှစ်...ဝှစ်...ဝှစ်...
ငှက်ကြီးများက ကျန်းရီ စတင်တိုက်ခိုက်မည်ကို စောင့်မနေကြပေ။ ၎င်းတို့သည် ပေတစ်ထောင်အကွာကတည်းမှ ၎င်းတို့၏ သံမြားကဲ့သို့ အမွေးအတောင်များကို တစ်ပြိုင်တည်း ပစ်လွှတ်လိုက်ကြသည်။ ထိုမြင်ကွင်းက အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလေသည်။ ထို့ပြင် အမွေးအတောင်များက ခပ်ရေးရေး တောက်ပနေသည်။ သောင်းချီသော အမွေးအတောင်မြားများက ကောင်းကင်ကိုဖြတ်၍ ပျံသန်းလာပြီး ကြောက်မက်ဖွယ်အသံကြီးတစ်သံကို ဖြစ်ပေါ်လာစေသည်။ ထိုအသံကို နားထောင်မိသူတိုင်း ကြောက်ရွံ့သွားကြမည်သာ။
ဝုန်း...ဝုန်း...ဝုန်း...
တစ်ချိန်တည်းမှာပင် မြေအောက်ဘက်မှနေ၍ ထွက်ပေါ်လာသော တုန်ခါမှုတစ်ခုကို ခံစားလိုက်ရသည်။ စည်ပိုင်းလောက်ကြီးသော ပင့်ကူများက မြေကြီးထဲမှနေ၍ ထွက်လာကြသည်။ ၎င်းတို့က ပုရွက်ဆိတ်အုပ်ကြီးကဲ့သို့ပင်။ သို့သော် ၎င်းတို့၏ ဝမ်းဗိုက်က ကိုယ်ဝန်ရှိနေသကဲ့သို့ ဖောင်းကားနေကြသည်။ ထို့ပြင် ၎င်းတို့၏ ပါးစပ်များမှနေ၍လည်း အစိမ်းရောင်အကျိအချွဲများ စီးကျနေသည်။ ထိုအကျိအချွဲများထဲတွင် သေနိုင်လောက်သော အဆိပ်များပါကြောင်း ထင်ရှားပေသည်။
‘ဒီနေရာက တကယ်ကို အန္တရာယ်များတာပဲ’
ကျန်းရီ အံ့ဩတကြီး တွေးလိုက်ပြီး သူ့အနောက် ပေတစ်ထောင်အကွာတွင် ရပ်နေသော ယဉ်ရို့ပင်းကို လှည့်ကြည့်လိုက်သည်။ မည်သည့်မိစ္ဆာကမှ သူမကို ပစ်မှတ်ထားမနေကြောင်း တွေ့လိုက်၍ သူ စိတ်အေးသွားသည်။ ထို့နောက် သူ လေထဲတွင် ကွေ့ကောက်ပျံသန်းလိုက်ပြီး နတ်ဘုရားအသံ ကောင်းကင်အတတ်နှင့် ဝိညာဉ်လေဓားများကို ထုတ်လွှတ်လိုက်သည်။ ဝိညာဉ်လေဓားများ ပျံထွက်သွားသည်နှင့် တစ်ပြိုင်နက် သူ မိုင်တစ်ထောင်ရေခဲလွှမ်းကိုလည်း ထုတ်လွှတ်လိုက်သည်။ မိစ္ဆာသားရဲများက အရေအတွက် အလွန်များနေသဖြင့် ၎င်းတို့ကို အနားကပ်ခံရန် မသင့်ပေ။
ကျန်းရီ၏ ခန့်မှန်းမှုက မှန်ကန်ခဲ့သည်။ ထိုမိစ္ဆာသားရဲများသာ သူတို့အနားသို့ ကပ်လာလျှင် သေချာပေါက် ဒုက္ခများသွားပေလိမ့်မည်။ သူ မိုင်တစ်ထောင်ရေခဲလွှမ်းကို မထုတ်လွှတ်နိုင်သေးခင်မှာပင် ပင့်ကူများက ငွေရောင်ပင့်ကူမျှင်များကို ထုတ်လွှတ်နေပြီဖြစ်သည်။ ဝိညာဉ်လေဓားများက ထိုပင့်ကူမျှင်များကို မပိုင်းဖြတ်နိုင်ဘဲ ပင့်ကူမျှင်တွင်သာ ကပ်ကုန်ကြသည်။ ထို့နောက်တွင် မရေမတွက်နိုင်သော ပင့်ကူများက သူ့ထံသို့ ပျံသန်းလာကြပြီး သူ၏ဝိညာဉ်လေနတ်ဘုရားဒိုင်းအနားသို့ ရောက်သောအခါ ပေါက်ကွဲသွားကြလေသည်။
ဝုန်း...ဝုန်း...ဝုန်း...
မရေမတွက်နိုင်သော ပေါက်ကွဲမှုများက ကျန်းရီအနားတွင် တစ်ချိန်တည်း ဖြစ်ပေါ်လာသည်။ သူ့ပတ်ပတ်လည်ရှိ အာကာပြင်ကလည်း အဆက်မပြတ် တုန်ခါလာပြီး စုတ်ပြဲသွားသည်။ သူ့ဝိညာဉ်လေနတ်ဘုရားဒိုင်း၏စွမ်းအားကလည်း လျင်မြန်စွာ ကုန်ဆုံးလာသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ဝိညာဉ်လေနတ်ဘုရားဒိုင်း ပတ်ပတ်လည်တွင် ရာချီသော ပင့်ကူများ ပေါက်ကွဲသွားသည်။ ထို့ကြောင့် နတ်ဘုရားဒိုင်း၏စွမ်းအင်တစ်ဝက်ခန့် ကုန်ဆုံးသွားလေသည်။
‘ကြောက်စရာပဲ... မိုင်တစ်ထောင်ရေခဲလွှမ်း’
ကျန်းရီ စိတ်ထဲမှ အော်လိုက်သည်။ နောက်ဆုံးတွင် မိုင်တစ်ထောင်ရေခဲလွှမ်း ထွက်လာပေပြီ။ အအေးလှိုင်းတစ်ခုက သူ့ခန္ဓာကိုယ်မှနေ၍ ထွက်လာပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားလေသည်။ ပတ်ဝန်းကျင်တစ်ခွင်လုံး အေးခဲသွားသည်။ ယဉ်ရို့ပင်းသည်ပင် ရေခဲရုပ်တုတစ်ခု ဖြစ်သွားပေပြီ။ တော်သေးသည်မှာ သူမက ရတနာချပ်ဝတ်ကို ဝတ်ဆင်ထားသဖြင့် သူမ၏ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်က မထိခိုက်သွားခြင်းပင်။
ရွှစ်...ရွှစ်...
ကျန်းရီ၏ ဝိညာဉ်လေဓားများသည် ကောင်းကင်ထဲမှ ငှက်ကြီးများကို မတိုက်ခိုက်သေးဘဲ မြေပေါ်မှ ပင့်ကူအုပ်ကြီးကို အရင်ဆုံး တိုက်ခိုက်လိုက်သည်။ ထိုဗိုက်ပူပင့်ပူများက အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ ၎င်းတို့သာ ဆက်တိုက်ခိုက်နေလျှင် ကျန်းရီ၏ခန္ဓာကိုယ်က အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲထွက်သွားနို်ငသည်။
“ရို့ပင်း... နောက်ကိုနည်းနည်း ထပ်ဆုတ်လိုက်။ ငါ့ရဲ့ မိုင်တစ်ထောင်ရေခဲလွှမ်းကြောင့် အေးခဲသွားတာက မကောင်းဘူး”
ကျန်းရီက နောက်လှည့်ကာ အော်ပြောလိုက်သည်။ သို့သော် ယဉ်ရို့ပင်းက ခပ်သဲ့သဲ့ပြုံးကာ ပြောလိုက်သည်။
“ရပါတယ်... ရှင် ကျွန်မအတွက် စိုးရိမ်ဖို့ မလိုပါဘူး။ ကျွန်မက အားနွဲ့တဲ့ မိန်းမပျိုလေး မဟုတ်ပါဘူး”
ကျန်းရီ ဆက်မပြောတော့ဘဲ ခေါင်းသာညိတ်ပြလိုက်သည်။ သူသည် သူ့အနီးရှိ မိစ္ဆာသားရဲများကို ရှင်းပစ်ပြီးနောက် မိုင်တစ်ထောင်ရေခဲလွှမ်းကို ထပ်မံထုတ်လွှတ်ကာ အရှေ့သို့ ပျံသန်းသွားလိုက်သည်။
ယဉ်ရို့ပင်း၏ ရတနာချပ်ဝတ်က လင်းလက်လာပြီး သူမကို လွှမ်းခြုံထားသည့် ရေခဲလွှာကို ဖျက်ဆီးပစ်လိုက်သည်။ ထို့နောက် သူမ ကျန်းရီအနောက်သို့ လျင်မြန်စွာ လိုက်သွားလိုက်၏။ သူမ၏ မျက်ဝန်းများထဲတွင် နာကျင်မှုအရိပ်အယောင်တစ်ခု ရှိနေသည်။ အစောမှ အအေးလှိုင်းက အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ ထို့ပြင် အေးခဲခံလိုက်ရသော ခံစားချက်က အလွန်ဆိုးဝါးပေသည်။
ယဉ်ရို့ပင်းသည် ကျန်းရီနှင့် အကွာအဝေးတစ်ခု ခွာနေသော်လည်း အလွန်ဝေးဝေးတွင်လည်း ကျန်မနေခဲ့ဝံ့ပေ။ ဤတောင်က အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ အကယ်၍ ထိုပင့်ကူများကသာ သူမအနီးတွင် ပေါက်ကွဲသွားပါက ဒုက္ခများသွားပေလိမ့်မည်။ ရတနာချပ်ဝတ်က ပေါက်ကွဲမှုမည်မျှများများကို ခံနိုင်ပါမည်နည်း။
ကျန်းရီက အရှေ့သို့ လျင်မြန်စွာ သွားနေပြီး မိစ္ဆာသားရဲအားလုံးကို မျှားခေါ်သွားနေ၏။ ထို့ကြောင့် ယဉ်ရို့ပင်းက ကျန်းရီအနောက်မှ လုံခြုံစွာ လိုက်လာနိုင်နေသည်။ သို့သော် ကျန်းရီက ရွေးချယ်စရာ မရှိသဖြင့် မိုင်တစ်ထောင်ရေခဲလွှမ်းကို ထုတ်လွှတ်နေရရာ သူမ အတန်ငယ်တော့ မသက်မသာ ဖြစ်နေပေသည်။
ယဉ်ရို့ပင်းအတွက် ဆယ်မိနစ်ဆိုသော အချိန်က အလွန်ကြာနေ၏။ ထိုအချိန်အတွင်းတွင် သူမ အကြိမ်ဒါဇင်အနည်းငယ် အေးခဲခံခဲ့ရသည်။ အဘယ်ကြောင့် ကျန်းရီက ယခင်တွင် မိစ္ဆာသားရဲများကို သတ်ဖြတ်ရန် ထိုအတတ်ကို မသုံးခဲ့ကြောင်း သူမ သဘောပေါက်သွားသည်။ အေးခဲခံလိုက်ရသည့် ခံစားချက်က အလွန်ဆိုးဝါးပေသည်။
ထိုစဉ် အရှေ့မှနေ၍ အလွန်အားကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။ နောက်ဆုံးတွင် ဤတောင်မှ မိစ္ဆာအရှင် ထွက်ပေါ်လာပေပြီ။ ယဉ်ရို့ပင်းသည် အဝေးမှ လှမ်းကြည့်လိုက်ပြီး တစ်ချိန်တည်းမှာပင် ရွံရှာမှုနှင့် တုန်လှုပ်မှုကို ခံစားလိုက်ရလေသည်။
ထိုမိစ္ဆာအရှင်မှာ အရုပ်ဆိုးသော ဧရာမပင့်ကူကြီးပင်။ ၎င်းက ပေနှစ်ရာမြင့်ပြီး တောင်ငယ်တစ်လုံးနှင့်ပင် တူနေသည်။ ၎င်းတွင် မျက်လုံးဆယ့်နှစ်လုံးရှိ၏။ ထို့ပြင် ၎င်း၏ပါးစပ်မှနေ၍လည်း အစိမ်းရောင် အကျိအချွဲများ စီးကျနေသည်။ ၎င်း၏ ခြေထောက်များမှာမူ ပေဆယ်နှင့်ချီ၍ ရှည်ပြီး အမွေးများ ဖုံးလွှမ်းနေသည်။ ၎င်းသည် ဝမ်းဗိုက်လည်း ကြီးမားကာ ပါးစပ်မှနေ၍ ပင့်ကူအသေးများကို အန်ထုတ်နေလေသည်။ အစောတွင် မြေကြီးထဲမှ ထွက်လာသော ပင့်ကူများမှာ ၎င်း၏ ပါးစပ်ထဲမှ ပင့်ကူများပင်။
ကျန်းရီ၏ အကြည့်က အေးစက်သွား၏။ ထိုပင့်ကူကြီး၏ ကလေးများကပင် အလွန်အန္တရာယ်များနေပြီဖြစ်၏။ အကယ်၍ ၎င်းမိစ္ဆာအရှင်သာ ပေါက်ကွဲသွားလျှင် သူ တောင့်ခံနိုင်ပါမည်လော။
“ရို့ပင်း... အနောက်ကို ငါးကီလိုမီတာ ဆုတ်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ထား”
ကျန်းရီက အစူးရှဆုံးအသံဖြင့် အော်ပြောလိုက်သည်။ ယဉ်ရို့ပင်းသည် နောက်ထပ်မဆုတ်လိုသော်လည်း ကျန်းရီ၏ စကားကို မလွန်ဆန်ဝံ့ပေ။ ထိုယောက်ျားက ပျော့လျှင်ဖယောင်း၊ မာလျှင်သံချောင်းဖြစ်သည်။ သူသည် ဆုံးဖြတ်ပြီးလျှင် စိတ်ကိုပြင်တတ်သူတစ်ယောက် မဟုတ်ပေ။
***