← Chapters

စွန့်စားမှုကြီးတစ်ခု

Vol. 80 Ch. 1117

စွန့်စားမှုကြီးတစ်ခု

Vol. 80 Ch. 1117

ဝှစ်...

ယဉ်ရို့ပင်းသည် တတ်နိုင်သမျှ အမြန်ဆုံး နောက်ဆုတ်သွားလိုက်၏။ ကျန်းရီက အရှေ့တွင် ရှိနေ၍ ပင့်ကူများစွာက သူမကို မတိုက်ခိုက်နိုင်ကြပေ။ ငှက်ကြီးအချို့ကသာ ၎င်းတို့၏ အမွေးအတောင်များကို သူမထံ ပစ်လွှတ်လိုက်ကြသည်။ ယဉ်ရို့ပင်းသည် အမွေးအတောင်များကို ရှောင်၍ နတ်ဘုရားပစ်လေးနှင့် ပြန်တိုက်ခိုက်လိုက်သည်။ ထို့ကြောင့် ၎င်းတို့ အသည်းအသန် ပြန်ရှောင်လိုက်ကြရသည်။

ရွှမ်...ရွှမ်...

ကျန်းရီသည် နတ်ဘုရားအသံ ကောင်းကင်အတတ်ကို အသုံးပြုလိုက်၏။ သူတို့အရှေ့ရှိ တောင်ကုန်းလေးတစ်ခု၏ ထိပ်တွင် ထိုင်နေသော ဧရာမပင့်ကူကြီးကလည်း ပင့်ကူလေးများကို အန်ထုတ်နေသည်။ နတ်ဘုရားအသံ ကောင်းကင်အတတ် ထွက်ပေါ်လာသောအခါ ၎င်းက အတန်ငယ် တုန်ယင်သွားသော်လည်း ရပ်တည်နိုင်နေသေးပေသည်။ သို့သော် ၎င်း အန်ထုတ်လိုက်သော ပင့်ကူလေးများကမူ ကျန်းရီကို မတိုက်ခိုက်ကြတော့ဘဲ မြေအောက်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားကြသည်။

အချိန်ကြာလာသည်နှင့်အမျှ ကျန်းရီ ပို၍လန့်လာလေသည်။

ထိုမိစ္ဆာအရှင်က ပို၍အားကောင်းသော တိုက်ခိုက်မှုတစ်ခုအတွက် ပြင်ဆင်နေခြင်းဖြစ်ကြောင်း သိသာသည်။ ကျန်းရီသာ ယခု မလှုပ်ရှားလျှင် နောက်ပိုင်းတွင် လှုပ်ရှားနိုင်တော့မည် မဟုတ်ပေ။ သန်းချီသော ပင့်ကူများက မြေအောက်ထဲမှနေ၍ တစ်ပြိုင်တည်း ထွက်လာသည့်ပုံကို စဉ်းစားကာ သူ ကြက်သီးထသွားသည်။ ထို့ကြောင့် သူ အကြည့်များ တင်းမာသွားပြီး လက်တစ်ဘက်ဖြင့် မိုင်တစ်ထောင်ရေခဲလွှမ်းကို ထုတ်လွှတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ နတ်ဘုရားအသံ ကောင်းကင်အတတ်ကိုလည်း အသုံးပြု၍ မိစ္ဆာအရှင်ကို ဖိနှိပ်လိုက်သည်။ သူသည် ထိုသို့ပြုလုပ်ပြီးသည်နှင့် ပင့်ကူမိစ္ဆာအရှင်ထံ ပျံသန်းသွားလိုက်လေသည်။

ဂျက်..ဂျက်...

မိစ္ဆာအရှင်က ကြောက်မက်ဖွယ် ရယ်လိုက်၏။ ၎င်း၏မျက်လုံးဆယ့်နှစ်လုံးစလုံးက ကျန်းရီကို လှောင်ပြောင်သည့်ဟန်ဖြင့် ကြည့်လိုက်သည်။ ၎င်း၏ အပြုအမူများက လူသားတစ်ယောက်နှင့်ပင် ဆင်တူနေပေသည်။ ၎င်းသည် ကျန်းရီက ၎င်းထံသို့ ပျံသန်းလာသည်ကို တွေ့သော်လည်း တစ်ချက်ပင် တုန်လှုပ်မသွားချေ။

ပေတစ်သောင်း၊ ပေငါးထောင်... ပေသုံးထောင်...

ကျန်းရီသည် ပင့်ကူမိစ္ဆာအရှင်နှင့် နီးကပ်လာသောအခါ ပို၍သတိကြီးကြီးထားလိုက်၏။ ၎င်းအနားသို့ အရမ်းကပ်သွားမိလျှင် သေသွားနိုင်သည်ဟုလည်း သူ့ရင်ထဲတွင် ခံစားနေရသည်။ သို့သော် မည်သည့်အရာက ထိုမျှအန္တရာယ်များနေကြောင်းကို သူ မသိပေ။ သူသည် စိတ်အလိုအတိုင်း ရပ်တန့်လိုနေ၏။ သူ ဤနေရာတွင် သေ၍မဖြစ်ပေ။

“ရှောင်လွှဲလို့မရနိုင်တဲ့ လမ်းမှာ ရန်သူနှစ်ယောက် မျက်နှာချင်းဆိုင် ဆုံရင် သတ္တိပိုကောင်းတဲ့သူက နိုင်မှာပဲ။ တိုက်မယ်ကွာ”

ကျန်းရီ အော်ပြောလိုက်သည်။ ယခုမှတော့ သူ နောက်ပြန်လှည့်၍ မရတော့ပေ။ သူ ထိုမိစ္ဆာအရှင်ကို မသတ်နိုင်လျှင် တောရိုင်းဝိညာဉ်ရွာသို့ ရောက်နိုင်မည်မဟုတ်ချေ။ ထို့ကြောင့် သူ မိစ္ဆာရှင်ကို သတ်မည်လော သို့မဟုတ် သေမည်‌လောကိုသာ ရွေးချယ်နိုင်တော့ပေသည်။

“ဝိညာဉ်လေဓား၊ မိုင်တစ်ထောင်ရေခဲလွှမ်း၊ နတ်ဘုရားအသံ ကောင်းကင်အတတ်”

ကျန်းရီ၏ မျက်လုံးများက နီရဲနေ၏။ သူ၏ အနီရောင်ဆံပင်များကလည်း လေထဲတွင် ဝဲလွင့်နေသည်။ သူသည် အသံကုန်ဟစ်အော်လိုက်ပြီး ဝိညာဉ်လေဓားဆယ်ချောင်းကို ပင့်ကူမိစ္ဆာအရှင်ထံ ပစ်လွှတ်လိုက်သည်။

ထိုအခိုက်တွင် ပင့်ကူမိစ္ဆာအရှင်က လှုပ်ရှားလာသည်။ ၎င်းသည် ပါးစပ်ဟ၍ ပင့်ကူလေးများအစား ပင့်ကူအိမ်တစ်ခုကို အန်ထုတ်လိုက်သည်။ ထိုပင့်ကူအိမ်က တစ်ကမ္ဘာလုံးကို လွှမ်းခြုံနိုင်သည်ဟုပင် ထင်ရ၏။ ယခုတွင် ၎င်းက ကျန်းရီထံသို့ တန်းတန်းမတ်မတ် ပျံဝင်လာပေပြီ။ ၎င်းသည် ကျန်းရီအပါအဝင် ပေတစ်ထောင်ပတ်လည်အတွင်းရှိ အရာအားလုံးကို လွှမ်းအုပ်လိုက်၏။

ဝုန်း...ဝုန်း...ဝုန်း...

ထိုစဉ် မြေပြင်၌ အက်ကြောင်းများ ဖြစ်ပေါ်လာပြီး အက်ကြောင်းများမှနေ၍ သန်းချီသော ပင့်ကူများ ပျံထွက်လာသည်။ ထိုပင့်ကူများက ပင့်ကူမိစ္ဆာအရှင်၏ ပင့်ကူအိမ်ပေါ်တွင် လွတ်လပ်စွာ သွားလာနိုင်ကြသည်။ ၎င်းတို့သည် ကျန်းရီထံသို့ လျင်မြန်စွာ သွားနေကြလေသည်။

“သေပေတော့...”

သေရေး၊ ရှင်ရေး အခိုက်အတန့်တွင် ကျန်းရီသည် များစွာ တွေးတောမနေနိုင်တော့ပေ။ သူသည် ခေါင်းထဲမှ အတွေးအကုန်လုံးကို မောင်းထုတ်လိုက်ပြီး ပင့်ကူမိစ္ဆာအရှင်ကို သတ်နိုင်ရန်သာ အပြည့်အဝ အာရုံစိုက်လိုက်သည်။ သူ သေမည်ဖြစ်စေ၊ ရှင်မည်ဖြစ်စေ အစွမ်းကုန်ကြိုးစားရပေမည်။

ကျန်းရီ မိုင်တစ်ထောင်ရေခဲလွှမ်းကို ထုတ်လွှတ်လိုက်သည်မှာ အနည်းငယ် စောသွားခဲ့သည်။ ထို့ကြောင့် မြေအောက်တွင် ရှိနေသော ပင့်ကူလေးများက အေးခဲမသွားခဲ့ချေ။ ထို့ပြင် နတ်ဘုရားအသံ ကောင်းကင်အတတ်ကလည်း ထိုပင့်ကူလေးများအပေါ် သက်ရောက်မှု မရှိပေ။ ဝိညာဉ်လေဓားများက ပင့်ကူမိစ္ဆာအရှင်၏ ခန္ဓာကိုယ်ကို ခုတ်ဖြတ်နိုင်ခဲ့သော်လည်း ပင့်ကူမိစ္ဆာအရှင်က ခေါင်းမာစွာ အသက်ရှင်နေပေသေးသည်။ ထိုပင့်ကူမိစ္ဆာအရှင်က နှလုံးသားရော စိတ်ဝိညာဉ်ပါ မရှိသလိုပင်။

ဝှစ်...ဝှစ်...

ကျန်းရီ၏ မျက်ခုံးနှစ်ခုကြားမှနေ၍ သက်တန့်ဝိညာဉ်လှံ ပျံထွက်လာ၏။ သက်တန့်ဝိညာဉ်လှံသည် သက်တန့်တစ်စင်းအလား ပင့်ကူမိစ္ဆာအရှင်ထံသို့ ပျံသန်းသွားလေသည်။ ထိုလှံက စိတ်ဝိညာဉ်တိုက်ခိုက်မှုပုံစံတစ်မျိုး ဖြစ်သည်။ ထို့ကြောင့် လှံသည် ပင့်ကူအိမ်ကို အလွယ်တကူ ဖောက်သွားနိုင်ပြီး မိစ္ဆာအရှင်ထံ လျင်မြန်စွာ ပျံဝင်သွားသည်။ သို့သော် ပြဿနာတစ်ခု ရှိနေသည်။ ကျန်းရီသည် ကောင်းကင်စိတ်အာရုံကို အသုံးမပြုနိုင်၍ ပင့်ကူမိစ္ဆာအရှင်၏ စိတ်ဝိညာဉ်က မည်သည့်နေရာတွင် ရှိကြောင်းကို မသိပေ။

ဝုန်း...ဝုန်း...ဝုန်း...

မရေမတွက်နိုင်သော ပင့်ကူလေးများသည် ကျန်းရီအနားသို့ သွားကာ ပေါက်ကွဲနေကြ၏။ ကျန်းရီ၏ပတ်ပတ်လည်တွင် ပေါက်ကွဲမှုငယ်များစွာ ဖြစ်ပွားနေ၏။ ပတ်ဝန်းကျင်လေထုကလည်း တုန်ခါ၊ တွန့်ခေါက်နေသည်။ ပေါက်ကွဲမှုအဟုန်များက သူ့ဝိညာဉ်လေနတ်ဘုရားဒိုင်း၏ စွမ်းအင်ကို လျော့ကျလာစေ၏။ သူ့ခန္ဓာကိုယ်သည်လည်း ပေါက်ကွဲမှုများကြောင့် ယိမ်းယိုင်နေသည်။

“သေကွာ...သေကွာ...သေကွာ...”

ကျန်းရီ ဒေါသတကြီး ‌အော်လိုက်သည်။ သူသည် ထိုပင့်ကူလေးများကို လုံးဝအရေးမစိုက်ဘဲ သက်ဝန့်ဝိညာဉ်လှံကို ပင့်ကူမိစ္ဆာအရှင်၏ မျက်လုံးအတွင်းသို့ ဝင်သွားစေလိုက်၏။ သူ စွန့်စားရပေမည်။ ပင့်ကူမိစ္ဆာအရှင်၏ စိတ်ဝိညာဉ်က ၎င်း၏ မျက်လုံးတစ်လုံးအတွင်း၌ ရှိနေရမည်ဟု သူ လောင်းကြေးထပ်ထားခြင်းပင်။ ၎င်း၏ မျက်လုံးများက ၎င်း၏ အသက်အရင်းအမြစ် ဖြစ်နိုင်သည်။

ဝှစ်...ဝှစ်...ဝှစ်...ဝှစ်...

ဝုန်း...ဝုန်း...ဝုန်း...

သက်တန့်ဝိညာဉ်လှံက ပင့်ကူမိစ္ဆာအရှင်၏ မျက်လုံးတစ်လုံးအတွင်းသို့ ဖောက်ဝင်သွား၏။ ကျန်းရီ၏ပတ်ပတ်လည်မှ ပေါက်ကွဲမှုများကလည်း ပို၍ပြင်းထန်လာသည်။ ဝိညာဉ်လေနတ်ဘုရားဒိုင်းလည်း ပျက်စီးတော့ပေမည်။

ရွှစ်...ရွှစ်...

သက်ဝန့်ဝိညာဉ်လှံသည် ပင့်ကူမိစ္ဆာအရှင်၏ မျက်လုံး သုံးလုံးကို ဖောက်ဝင်ပြီးသွားပေပြီ။ ထို့နောက် ပင့်ကူမိစ္ဆာအရှင်၏ ကျန်မျက်လုံးများက မည်းမှောင်လာသည်ဟု ထင်လာရသည်။ သို့သော် ပင့်ကူမိစ္ဆာအရှင်က ကြီးကြီးမားမား မတုံ့ပြန်သေးပေ။ ထိုအစား ၎င်းသည် ကျန်မျက်လုံးများဖြင့် ကျန်းရီကို ခနဲ့တဲ့တဲ့ ကြည့်နေလေသည်။ ထို့ကြောင့် ကျန်းရီသည် သူမှားသွားပြီလောဟု တွေးလိုက်မိ၏။ ပင့်ကူမိစ္ဆာအရှင်၏ အသက်ဝိညာဉ်က ၎င်း၏ မျက်လုံးများထဲတွင် မရှိသည်လော။

“ဘာပဲဖြစ်ဖြစ်ကွာ...”

ကျန်းရီ ရူးသွပ်လာ၏။ သူသည် သက်တန့်ဝိညာဉ်လှံကို ပင့်ကူမိစ္ဆာအရှင်၏ အခြားမျက်လုံးများကို ထိုးဖောက်စေလိုက်သည်။

သုံး၊ လေး၊ ငါး...တစ်ဆယ်...

‘ငါ မှန်တယ်’

ကျန်းရီသည် သက်တန့်ဝိညာဉ်လှံဖြင့် ပင့်ကူမိစ္ဆာအရှင်၏ မျက်လုံးဆယ်လုံးကို ထိုးဖောက်ပြီးနောက် ပင့်ကူမိစ္ဆာအရှင်က အလွန်အမင်းတုန်ယင်လာကြောင်း သိလိုက်ရ၏။ ပင့်ကူမိစ္ဆာအရှင်၏ ကျန်နေသေးသော မျက်လုံးနှစ်လုံးက ကျန်းရီကို ကြောက်ရွံ့စွာ ကြည့်နေပေပြီ။ ၎င်းအောက်မှ ပင့်ကူလေးများကလည်း ပို၍လျင်မြန်စွာ ပြေးလာကြသည်။

ဝုန်း...ဝုန်း...ဝုန်း...

နောက်ဆုံးတွင် ကျန်းရီ၏ ဝိညာဉ်လေနတ်ဘုရားဒိုင်း ပျက်စီးသွားပေပြီ။ တစ်ချိန်တည်းမှာပင် ပင့်ကူမိစ္ဆာအရှင်၏ မျက်လုံးဆယ့်နှစ်လုံးလည်း ပေါက်ကွဲသွားသည်။ ထိုသို့ဖြစ်သွားသောအခါ ပင့်ကူလေးများအားလုံးက မြေပြင်မှ အက်ကြောင်းများအတွင်းသို့ ပြန်ဝင်သွားကြ၏။ ပင့်ကူမိစ္ဆာအရှင်၏ ခန္ဓာကိုယ်က ပုပ်သိုးသွား၏။ ထို့နောက် ၎င်း မြေပြင်ပေါ်တွင် လဲကျသွားလေသည်။

“ဖူး...”

ကျန်းရီသည် အနားမှု ‌ပေါက်ကွဲမှုများကြောင့် သွေးအန်သွား၏။ ထို့နောက် သူ ဝိညာဉ်လေနတ်ဘုရားဒိုင်းကို အမြန်ဆုံး ပြန်ပြင်လိုက်သည်။ သူ၏ နတ်ဘုရားဒိုင်းက အားနည်းလွန်းပေသည်။ ၎င်းသည် ပေါက်ကွဲမှုများကို ခံရပြီးနောက် ပျက်စီးသွားခဲ့သည်။ အကယ်၍ သူ့အနားတွင် ပင့်ကူလေးများ ပိုရှိနေခဲ့ပါက သူ သေချာပေါက် သေသွားနိုင်သည်။

“ဟားဟားဟား...”

ကျန်းရီသည် အောက်ဘက်ရှိ တွင်းတစ်ခုအတွင်းသို့ ဆင်းသက်လိုက်ပြီး မလှုပ်မယှက် လှဲချလိုက်၏။ သူသည် တစ်ကိုယ်လုံး သွေးများရွှဲနေသော်လည်း အရူးတစ်ယောက်ကဲ့သို့ ရယ်လိုက်သည်။ သူ၏မျက်ဝန်းများထဲတွင် ဝမ်းမြောက်မှုအရိပ်အယောင်များ ပြည့်နှက်နေသည်။ ထိုကဲ့သို့ စွန့်စားရခြင်းက အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းသည်။ စွန့်စားပြီးမှ ရရှိလာသော အောင်နိုင်မှုက ဖော်ပြ၍မရနိုင်လောက်အောင် ဝမ်းမြောက်စရာကောင်းပေသည်။ သူက အမှန်ပင် ရူးသွပ်နေခြင်းလည်း ဖြစ်နိုင်လေသည်။

“ကျန်းရီ...”

ယဉ်ရို့ပင်းက ကျန်းရီဘေးသို့ လျင်မြန်စွာ ပျံသန်းလာပြီး သူ့ခန္ဓာကိုယ်ကို ကြည့်လိုက်သည်။ သူ့အရေပြားပေါ်တွင် မထိခိုက်သောနေရာ တစ်နေရာပင် မရှိချေ။ ထို့ပြင် ပေါက်ကွဲမှုများကြောင့် သူ့အရိုးအားလုံးလည်း ကျိုးနေသည်။ ယဉ်ရို့ပင်းသည် အလွန်ရင်နာသွားပြီး စတင်ငိုကြွေးလိုက်၏။ သူမသည် နတ်ဘုရားပစ်လေးကို အဆက်မပြတ် ပစ်လွှတ်၍လည်း ကီလိုမီတာအနည်းငယ်အတွင်းရှိ ဧရာမငှက်ကြီးများကို သတ်ပစ်လိုက်သည်။ ထို့နောက် သူမသည် ကျန်းရီကို ပွေ့ချီ၍ တောရိုင်းဝိညာဉ်ရွာဆီသို့ ပြေးသွားလိုက်လေသည်။

“မငိုပါနဲ့၊ ငါ ကျန်းရီက အသက်ကိုးသက် ရှိပါတယ်။ ငါ သေမှာ မဟုတ်ပါဘူး”

ကျန်းရီ ပြုံးလိုက်၏။ သို့သော် သူ့အပြုံးက ငိုကြွေးသည်ထက်ပင် ကြည့်ရဆိုးနေသည်။ မကြာခင်တွင် သူသည် အဝေးရှိ ရွာတစ်ရွာ၏ တောက်ပနေသော ကျောက်ဂိတ်တံခါးကို လှမ်းတွေ့လိုက်ရသောအခါ ကျေနပ်စွာဖြင့် မျက်လုံးများ မှိတ်လိုက်၏။ ထိုသို့ဖြင့် သူ အိပ်မောကျသွားလေတော့သည်။

ဆန်းကြယ်နတ်ဘုရားနန်းတော်ကို မည်သူမှ မရယူနိုင်သေးပေ။ ယင်းမှာ ကျန်ထျန်းလဲ့၊ ကျန့်ဝူယင်းနှင့် အခြားသူများက မအောင်မြင်သေးဆိုသော အဓိပ္ပာယ်ပင်။ ထို့ကြောင့် ကျန်းရီတို့တွင် အခွင့်အရေးတစ်ခု ရှိပေသေးသည်။ ကျန်းရီသည် ဖန်စေတီကို မရယူနိုင်လျှင်ပင် ဆန်းကြယ်နတ်ဘုရားနန်းတော်အတွက် ယှဉ်ပြိုင်နိုင်သေးသည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်က လောကအတွင်းရှိ နံပါတ်(၁)ရတနာဖြစ်သည်။

“ကျန်းရီ...”

ယဉ်ရို့ပင်းက ကျန်းရီကို မြေပြင်ပေါ်သို့ ချလိုက်ပြီး သူ့ပါးစပ်ထဲသို့ ထိပ်တန်းအဆင့် ဆေးလုံးနှစ်လုံး ထည့်ပေးလိုက်၏။ ထို့နောက် သူမသည် သူ့မျက်နှာပေါ်မှ သွေးများကို သန့်ရှင်းပေးလိုက်သည်။ ကျန်းရီ၏ ဒဏ်ရာများမှ ထွက်လာသော သွေးများက သူမ၏ ရတနာချပ်ဝတ်ကို နီရဲသွားစေသည်။ သူမ၏လှပသော ခြေထောက်လေးများပေါ်တွင်လည်း သွေးစီးကြောင်းများ ရှိနေသည်။ သို့သော် သူမ တစ်ချက်မှ မညည်းညူသေးပေ။

“အာ...”

ထိုအခိုက်တွင် ထူးဆန်းသောအရာတစ်ခု ဖြစ်ပျက်လာ၏။ ကောင်းကင်ထက်မှနေ၍ အလင်းတန်း တစ်တန်းကျဆင်းလာပြီး ကျန်းရီနှင့် ယဉ်ရို့ပင်းတို့ကို လွှမ်းခြုံသွားသည်။ ထို့နောက် ယဉ်ရို့ပင်းကို အလွန်အံ့အားသင့်သွားစေသော ကိစ္စခု ဖြစ်လာလေသည်။

ကျန်းရီ၏ကိုယ်ပေါ်မှ ဒဏ်ရာများက ယဉ်ရို့ပင်း၏မျက်စိရှေ့မှာပင် ပြန်ကောင်းလာသည်။ သူ၏ကျိုးနေသောအရိုးများက ၎င်းတို့ဘာသာ ပြန်ဆက်သွားသည်။ သူ၏အသက်ရှူသံကလည်း ပုံမှန်ပြန်ဖြစ်လာသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် သူ၏ခန္ဓာကိုယ်က အကောင်းပကတိ ပြန်ဖြစ်သွားပေပြီ။

ထို့နောက်တွင် ယဉ်ရို့ပင်းကို ပို၍ပင် အံ့အားသင့်သွားစေသည့် ကိစ္စတစ်ခု ဆက်ဖြစ်လာ၏။ ကျန်းရီနှင့် သူမကို လွှမ်းခြုံထားသော အလင်းက ကောင်းကင်ထက်သို့ ပြန်တက်သွားသည်။ ယင်းနောက် ယဉ်ရို့ပင်းသည် စွမ်းအားတစ်မျိုးက သူမတို့ကို ဖိနှိပ်ထားသည်ဟု ခံစားလိုက်ရ၏။ သူမ မလှုပ်ရှားနိုင်တော့ပေ။

“ဒါ..ဒါက... ကျန်းရီ”

ယဉ်ရို့ပင်းသည် အလွန်ကြောက်ရွံ့သွားသဖြင့် မည်သို့လုပ်ရမည် မသိတော့ဘဲ ကျန်းရီကိုသာ လှုပ်နှိုးလိုက်သည်။ ထိုစဉ် သူမတို့ အနီးရှိ လေထုထဲတွင် အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာ၏။ မည်သည့်ကိစ္စဖြစ်ပျက်နေကြောင်း သူမ သိလိုက်ချိန်တွင် သူမတို့နှစ်ယောက်စလုံး လေထဲရှိ အက်ကြောင်းထဲသို့ စွဲယူခံလိုက်ရသည်။ သူမတို့ပတ်ပတ်လည်ရှိ အရာအားလုံး မှောင်မည်းသွားသည်။

တောရိုင်းဝိညာဉ်ရွာအပြင်ရှိ အက်ကြောင်းက ၎င်းဘာသာ ပြန်ပိတ်သွား၏။ ပတ်ဝန်းကျင်တွင်လည်း ပြန်အေးချမ်းသွားလေသည်။

All Chapters