မှော်ဆရာသခင်က ဉာဏ်ပညာကြီးမားပါပေတယ်
Vol. 23 Ch. 309
ပဲ့ထိန်းအခန်းထဲတွင် လူရိပ်နှစ်ခု အပေါ်ပျံတက်လိုက်၊ အောက်ဆင်းလိုက် ရွေ့လျားနေသည်။ ချင်မူနှင့် ပန်ကုန်းစုန်က တစ်ယောက်ကိုတစ်ယောက် သူသေကိုယ်သေ တိုက်ခိုက်နေဆဲ ဖြစ်၏။
သက်ရှိကမ္ဘာသို့ ထွက်ပေါက်ကို ရှာမတွေ့နိုင်သေးသည့်အတွက် ရန်သူကို ဦးစွာအပြတ်ရှင်းရန် နှစ်ယောက်လုံး တွေးနေကြသည်။ ရန်သူကို သတ်ပစ်မှသာ ဤသင်္ဘောကို ထွက်ပေါက်ဆီ ဆက်လက်ထိန်းချုပ်မောင်းနှင်နိုင်မည် ဖြစ်သည်။
သို့မဟုတ်လျှင် လှုပ်ရှားမှုတိုင်းကို မျက်ခြေမပျက် စောင့်ကြည့်ပြီး အချိန်မရွေး နောက်ကျောမှ ဓားနှင့်ထိုးမည့် ရန်သူအား အမြဲသတိထားရင်း အလွန်ခေါင်းကိုက်ရလိမ့်မည်။
ပန်ကုန်းစုန်က ပြန်လည်မွေးဖွားလာသော လူတစ်ယောက်ဖြစ်သည်။ သူ၏ကျင့်စဉ်တိုးတက်နှုန်းက ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် မြန်လွန်း၍ ချင်မူ သူ့ကို အရှင်မထားချင်ပေ။ ဤနှုန်းထားအတိုင်း ဆက်သွားပါက ပန်ကုန်းစုန်၏ သိုင်းအဆင့်က သူ့ထက် ကျော်လွန်သွားနိုင်သည်။ သို့ဖြစ်၍ ပန်ကုန်းစုန်အား တတ်နိုင်သမျှ မြန်မြန် ဖယ်ရှားသုတ်သင်ရမည်။
အခြားတစ်ဖက်တွင် ပန်းကုန်စုန်အတွက် ဤလူသားဧကရာဇ်အသစ်က ခြောက်လှန့်နေသော အန္တရာယ်ဖြစ်သည်။ လူသားဧကရာဇ်၏ အလားအလာက လွန်စွာကောင်းမွန်သည့်အပြင် သူ၏အကျင့်စရိုက်ကလည်း ရက်စက်ပြီး ဉာဏ်များသည်။ အောက်လမ်းအစီအရင်ဖြင့် ပြုစားရန်လည်း မလွယ်ကူသည့်အတွက် နောက်ဆုံးတွင် ခံရမည့်လူက သူ ဖြစ်သွားနိုင်သည်။ ဤလူသားဧကရာဇ်အသစ်ကိုသာ အသက်ရှင်ခွင့်ပေးလိုက်လျှင် တစ်နေ့ထက်တစ်နေ့ အန္တရာယ်များလာမည်မှာ သေချာသည်။ ထို့ကြောင့် ချင်မူ့ကို သူ တတ်နိုင်သမျှ မြန်မြန်ရှင်းပစ်ရမည်။
နှစ်ယောက်လုံး ကျင့်စဉ်စွမ်းအင် ကုန်ခမ်းနေကြပြီဖြစ်သဖြင့် တစ်ယောက်ကိုတစ်ယောက် မြန်မြန်ဆန်ဆန် မသတ်နိုင်တော့ပေ။ တိုက်ခိုက်နေသည်နှင့်အမျှ သူတို့၏ ချီစွမ်းအင်ကုန်ခမ်းမှုသည်လည်း ပို၍ပင် ကြောက်စရာကောင်းလာ၏။ များစွာမကြာလိုက်ဘဲ နှစ်ယောက်သား ဒဏ်ရာဗလပွဖြင့် ဟောဟဲလှိုက်လာတော့သည်။
ဒုန်း
ချင်မူနှင့် ပန်ကုန်းစုန် နောက်ဆုံးသိုင်းကွက် ထုတ်လွှတ်ပြီးနောက် ကြမ်းပြင်ပေါ် ပက်လက်လန်ကျသွားသည်။ ပြန်ထရန် ချီစွမ်းအင်သော်လည်းကောင်း၊ အားအင်သော်လည်းကောင်း မရှိကြတော့ပေ။
ချင်မူ ဓားပျံတစ်လက်ဆီ ခက်ခက်ခဲခဲ တွားသွားလိုက်ပြီး ဓားရိုးကို ကိုင်ကာ ပြုံးလိုက်သည်။ သို့ရာတွင် အပြုံးက တောင့်တင်းသွား၏။ ‘စစ်ယွင်ရှန်း၊ ငါ နင့်တင်ပါးကို သုံးစိတ်ကွဲအောင် ချပြီး အိပ်ရာထဲကနေ လဝက်လောက် မထနိုင်အောင် ဆုံးမရမယ်”
ဓားရိုးကို ဆုပ်နိုင်ခဲ့သော်လည်း သူ၏ဓားပျံများအား မဟူရာရွှေအမြုတေဖြင့် သွန်းလုပ်ထား၍ တစ်လက်လျှင် သုံးပေါင်စီ လေးလေသည်။ လက်ရှိခွန်အားဖြင့် သူ တစ်လက်လေးပင် မမြှောက်နိုင်။
ထိုမျှလေးနေရခြင်း၏ အကြောင်းရင်းကတော့ စစ်ယွင်ရှန်း၏ ကြီးမားလှသော စေတနာကြောင့်ပင်။
အခြားတစ်ဖက်တွင် ပန်ကုန်းစုန်က မှော်စွမ်းအင်လက်ကျန်ကို ကျားကုတ်ကျားခဲ စုစည်းပြီး ချင်မူကို ရှင်းထုတ်ရန် ကျိုင်းကောင်တစ်ကောင် စေလွှတ်နေသည်။ သို့သော် ချီစွမ်းအင် စုစည်းလိုက်တိုင်း ပြိုကွဲနေသည့်အတွက် ကျိုင်းကောင်မှာ မပျံနိုင်ပေ။ ၎င်းက ပုရွက်ဆိတ်တစ်ကောင်ထက်ပင် မမြန်သော ခြေချောင်းများဖြင့် ချင်မူ့ဆီ တရွေ့ရွေ့ တွားသွားလာနေသည်။
ချင်မူက ကိုယ်ကိုလှည့်၍ ပန်ကုန်းစုန်ဆီ တွားသွားသည်။ သွားနေရင်း ထောင်ကျယ်အိတ်ထဲမှ အဆိပ်ပင်လက်တစ်ဆုပ် ထုတ်ပြီး လူယုတ်မာအပြုံး ပြုံးလိုက်၏။
ပန်ကုန်းစုန် ထိန်းချုပ်နေသော ကျိုင်းကောင်က ချင်မူ့ပေါင်ပေါ် တက်လိုက်နိုင်ပြီး ကိုက်လိုက်သည်။ သို့သော် ပန်ကုန်းစုန်၏ ချီစွမ်းအင်က အားနည်းနေလွန်း၍ ကျိုင်းကောင်အတွက် ချင်မူ၏ ခါးဝတ်ကို ကိုက်ဖောက်နိုင်အောင် အချိန်အတော်ယူလိုက်ရသည်။
ချင်မူက နာကျင်မှုကို အောင့်အည်းသည်းခံရင်း တွားသွားလာရာ ပန်ကုန်းစုန် ထိတ်လန့်လာသည်။ သူက ရှိသမျှ အားကုန်ထုတ်၍ ပက်လက်လန်နေရာမှ ကိုယ်ကိုမှောက်လိုက်ပြီး လက်နှင့်ခြေထောက်အပြင် မေးစေ့ကိုလည်း သုံးကာ ချင်မူနှင့် ဆန့်ကျင်ဘက်သို့ တွားသွားသည်။
တစ်ယောက်က ပြေးသည်။ တစ်ယောက် လိုက်သည်။ နှစ်ယောက်လုံး၏ အမြန်နှုန်းက လိပ်နှင့်အပြေးပြိုင်လျှင် လိပ် နိုင်သွားလောက်အောင် နှေးကွေးလွန်း၏။
နှစ်ယောက်သား သုံးကိုက်၊ ခြောက်ကိုက်ခန့်အထိ တွားသွားနိုင်လိုက်ကြသည်။ ရုတ်တရက် ပန်ကုန်းစုန်က သူ၏ထောင်ကျယ်အိတ်ထဲမှ တစ်စုံတစ်ခု ထုတ်သည်။ မှော်ဆရာအဆိပ် ထည့်ထားသော ဗူးသီးခြောက်တစ်လုံး ဖြစ်သည်။
ပန်ကုန်းစုန် ဝမ်းသာသွားသည်။ ဤအဆိပ်သည် သူ၏အတိတ်တုန်းက ဖော်ခဲ့သော မှော်ဆရာအဆိပ်ဖြစ်ပြီး အတော်လေး ပြင်း၏။ ချင်မူကို အလွယ်တကူ အသက်နုတ်ပေးနိုင်၍ သူက ရှေ့ကို မသွားတော့ဘဲ နောက်ပြန်လှည့်သည်။
ချင်မူက မှော်ဆရာအဆိပ်ကို မြင်လျှင် ကမန်းကတန်း ပြန်လှည့်သော်လည်း လှည့်ရန် အချိန်များစွာ ယူလိုက်ရသည်။ သူ့လက်ထဲရှိ အဆိပ်က အဆိပ်တစ်ပိုင်းသာ ရှိသေးသော်လည်း ပန်ကုန်းစုန် ကိုင်ထားသည့် အဆိပ်က မှော်ဆရာအဆိပ်စစ်စစ် ဖြစ်သည်။ ပြင်းအားက တော်ရုံတန်ရုံ မဟုတ်ပေ။
“ကလစ်ကကျစ်လေး သေပြီသာမှတ်” ပန်ကုန်းစုန် မြန်မြန်တွားသွား၍ ချင်မူ့ခြေထောက်များကို လှမ်းဆွဲလိုက်သည်။ သူ ဝမ်းသာအားရဖြင့် မျက်နှာတစ်ပြင်လုံး နီရဲလာသည်အထိ အသက်အောင့်ပြီး ဗူးသီးခြောက်အဖုံးကို ပါးစပ်နှင့်ဖွင့်ရန် ကြိုးစားသော်လည်း မဖွင့်နိုင်ပေ။
ချင်မူမှာ သေရတော့မည်ဟု တွေးပြီး နောက်ပြန်လှည့်ကြည့်လိုက်သည်။ ထိုအခါ ပန်ကုန်းစုန်က ရုတ်ခြည်း ထပ်ပြောသည်။ “ကလစ်ကကျစ်လေး သေပြီသာမှတ်” သူက ချင်မူ့ကို ခြောက်လှန့်နိုင်မည်ဟု မျှော်လင့်နေလေသည်။
“မင်သားလေး၊ အားမရှိတော့ဘူးမလား”
ချင်မူက ခြေထောက်ကို ပန်ကုန်းစုန်၏ ပါးစပ်ထဲ ထိုးထည့်ကာ အသက်မရှူနိုင်အောင် လုပ်သည်။ ပန်ကုန်းစုန်မှာ ရွံလွန်း၍ မျက်ဖြူဆိုက်မတတ် ဖြစ်သွားပြီး စိတ်ပြန်ထိန်းလိုက်သည်။ “ငါ အကြိမ်ပေါင်းများစွာ ပြန်ရှင်လာဖူးတယ်။ ဒီလိုအပုပ်ကောင်ကို ရုပ်ဆောင်နေတဲ့ ခန္ဓာတစ်ခုရဲ့ စော်ကားမှုကို ဘာကြောင့် စိတ်ထဲထည့်နေဦးမှာလဲ”
သူက ချင်မူ့ခြေထောက်ကို ကိုက်ချလိုက်၍ ချင်မူ နာသွားပြီး ခြေထောက်ပြန်ရုတ်လိုက်သည်။ ထို့နောက် ချင်မူက သရော်တော်တော်ပြုံးရင်း သူ့ခြေထောက်ပေါ် အဆိပ်သုတ်ကာ ပန်ကုန်းစုန်ပါးစပ်ထဲ ပြန်ထိုးထည့်ရန် ပြင်သည်။
ပန်ကုန်းစုန်က သူ အဆိပ်သုတ်နေသော အချိန်ကို အခွင့်ကောင်းယူ၍ တွားသွားလာသည်။ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် လည်ပင်းညစ်ကြသော်လည်း လက်ထဲတွင် အားမပါကြပေ။
ထို့အပြင် အရပ်ခြောက်မျက်နှာအဆင့် ကောင်းကင်နတ်သိုင်းပညာရှင်များသည် အလွန်ကြာမြင့်စွာ အသက်အောင့်နိုင်၏။ တစ်ယောက်ကိုတစ်ယောက် တစ်နာရီကျော်ကြာ လည်ပင်းညစ်ထားကြသည့်တိုင် မသတ်နိုင်ကြဘဲ နောက်ဆုံးလက်ကျန် အင်အားတစ်စက်မကျန် ကုန်သွားသည်။
နှစ်ယောက်လုံး နုံးခွေပြီး လူသေကောင်များလို အတုံးအရုံး လဲနေသည်။ လက်ချောင်းထိပ်များ၊ ခြေချောင်းများနှင့် မျက်လုံးများသာ ရွေ့လျားနေသေး၏။
နှစ်ယောက်လုံး အသက်ရှူလေ့ကျင့်ခန်းများ လုပ်နေကြပြီး ချီစွမ်းအင်အနည်းငယ် ဖြည့်တင်းပြီးသည်နှင့် ရန်သူကို အပြတ်ရှင်းရန် ကြံစည်နေကြသည်။
အချိန်တရွေ့ရွေ့ ကုန်ဆုံးသွားပြီးနောက် ချင်မူ အားအနည်းငယ် ပြန်ပြည့်လာသည်။ သူက နဂါးသွားရည်ထုတ်ကာ ဒဏ်ရာများအပေါ် သုတ်လိမ်းလိုက်သည်။ ခန္ဓာကိုယ်ကို သံမဏိဖြင့် ထုဆစ်ထားလျှင်တောင်မှ ဒဏ်ရာများမှ သွေးစီးကျနေသည်ကို တောင့်ခံနိုင်မည်မဟုတ်ပေ။
အခြားတစ်ဖက်တွင် ပန်ကုန်းစုန်က ကျောက်စိမ်းပုလင်းတစ်ပုလင်းကို ထုတ်၍ ဆေးတချို့ စားလိုက်သည်။ နှစ်တစ်သောင်းနေထိုင်ခဲ့သော မကောင်းဆိုးဝါးအိုကြီး ဖြစ်သည်နှင့်အညီ သူသည် နယ်ပယ်များစွာကို လေ့လာခဲ့ပြီး ဆေးပညာနယ်ပယ်တွင်လည်း ပေါက်မြောက်အောင်မြင်ခဲ့၏။ နာမည်ကျော်ကြားသော မှော်ဆရာအဆိပ်များကို လေ့လာသိရှိထား၍ ဝိညာဉ်ကိုပင် အဆိပ်ခတ်နိုင်သည်။
ချင်မူ သူ့ကို တစ်ချက်ကြည့်ပြီး ထိတ်လန့်သွားသည်။
ပန်ကုန်းစုန်က မည်သည့်ပညာရပ်ကိုမဆို သိရှိထားသော လူတစ်ဦးဖြစ်သည်။ မည်သည့်သိုင်းစွမ်းရည်အမျိုးအစားဖြစ်စေ သူ ကျွမ်းကျင်၏။ သိုင်းစွမ်းရည်တိုင်းက အမြင့်ဆုံးအဆင့်အထိ မရောက်သည့်တိုင် သာမန်အဆင့်တော့ မဟုတ်ပေ။ သူသာ လေ့လာသိရှိထားသမျှ သိုင်းကွက်၊ ကျင့်စဉ်အားလုံးကို တစ်ခုတည်းပေါင်းလိုက်လျှင် သေချာပေါက် ပြိုင်ဘက်ကင်းသွားလိမ့်မည်။ မှန်သည်၊ ထိုသို့ပေါင်းစည်းနိုင်ရန်မှာ မလွယ်ကူပေ။
ပန်ကုန်းစုန်အနေဖြင့် သိထားသည့်အရာအားလုံးကို ပေါင်းစည်းနိုင်မည်မဟုတ်။ ဉာဏ်ပညာ အလွန်ကြီးမား၍ ဗဟုသုတနှံ့စပ်သော်လည်း သူ့လမ်းက အဆုံးသတ်သွားပြီဖြစ်သည်။ သူ့အတွက် ရှေ့ဆက်လေ့လာစရာ မရှိတော့ပေ။
ပန်ကုန်းစုန်က ဆက်လက်မတိုက်ခိုက်သေးပေ။ ဘဝပေါင်းများစွာ နေထိုင်ခဲ့ပြီးနောက်တွင် ချင်မူကို သူ အသာစီးမရနိုင်ဖြစ်နေသေးသည်။
ချင်မူကို သူ ပထမဆုံး တွေ့တုန်းက ချင်မူ၏ သတ်ဖြတ်လိုသည့်စိတ်ဆန္ဒဖြင့် ဖိအားပေးခံရပြီးနောက် အသက်ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရသည်။ ဤတစ်ခေါက်တွင်လည်း နှစ်ဖက်လုံး အထိနာရ၏။ ဤအခြေအနေက သူ့အား နောက်တွန့်သွားစေသည်။
သူ့ကိုယ်ထဲတွင် အတိတ်ဘဝများမှ စွမ်းအင်တို့ ကိန်းဝပ်နေသော်လည်း လက်လွတ်စပယ် ထုတ်သုံး၍မရပေ။ ဤခန္ဓာကိုယ်၏ ခံနိုင်ရည်ကို မြှင့်တင်ပြီး သိုင်းအခြေခံကိုလည်း ခိုင်မာအောင် အဆက်မပြတ် အားထုတ်နေဖို့ လိုအပ်သည်။ ထိုမျှသာ စွမ်းအင်များကို တောင့်ခံနိုင်လိမ့်မည်။
သူ၏အတိတ်ဘဝများမှ စွမ်းအင်တို့က လွန်စွာကြောက်မက်ဖွယ်ကောင်း၍ သတိလွတ်သွားလျှင် လက်ရှိခန္ဓာကိုယ် ပေါက်ကွဲသွားလိမ့်မည်။ သို့သော် ကျင့်စဉ်အဆင့် မြင့်တက်လာသည်နှင့်အမျှ သူ၏သိုင်းစွမ်းရည်များလည်း အထွတ်အထိပ်သို့ ပြန်ရောက်သွားလိမ့်မည်။ ထို့ကြောင့် သူ၏ကျင့်ကြံနှုန်းက ချင်မူ၏ကျင့်ကြံနှုန်းထက် မြန်နေခြင်းလည်း ဖြစ်သည်။
သို့ရာတွင် သူတို့၏နောက်ဆုံးတိုက်ပွဲ ပြီးကတည်းက ငါးလကြာခဲ့ပြီဖြစ်ရာ သူ၏ကျင့်စဉ်စွမ်းအင်အနေဖြင့် ချင်မူ လိုက်မမှီအောင် မြင့်မားနေခဲ့သင့်ချေပြီ။ လက်ရည်တူနေဦးမည်ဟု သူ မထင်ထားခဲ့ပေ။
နှစ်ယောက်သား မည်သည်ကိုမျှ မပြောဘဲ ပြတင်းပေါက်၏ အပြင်ကိုသာ ငေးကြည့်နေကြသည်။
ယိုတုကမ္ဘာသည် မိုးပေါ်ကို မော့ကြည့်သည်ဖြစ်စေ၊ အောက်သို့ ငုံ့ကြည့်သည်ဖြစ်စေ မည်သို့မျှ မကွဲပြားသောကမ္ဘာတစ်ကမ္ဘာ ဖြစ်၏။ ဥတုလေးပါးမရှိ၊ မြေပြင်မရှိ၊ နေမရှိ၊ လမရှိ။ အရှေ့၊ အနောက်၊ တောင်၊ မြောက်ဆိုသော အရပ်မျက်နှာများလည်း အဘယ်မှန်းမသိရပေ။ တခြားကမ္ဘာများတွင် အရပ်ခြောက်မျက်နှာ ရှိသော်လည်း ဤနေရာတွင်တော့ မရှိ။
အထီးကျန်ကမ္ဘာယိုတု၏ အမှောင်ထုထဲတွင် သင်္ဘောက ဦးတည်ရာမရှိ မျောလွင့်နေသည်။
အဝေးရောက်လေလေ၊ သက်ရှိကမ္ဘာသို့ ပြန်သွားရန် ခက်ခဲလေလေ ဖြစ်မည်။ ဤအထီးကျန်ကမ္ဘာမျိုးတွင် မည်သူမဆို ရူးသွားနိုင်လောက်၏။
သင်္ဘောအပြင်ရှိ ယိုတုအမှောင်ကမ္ဘာထဲတွင် အလင်းရောင်တစ်ရောင် မှိတ်တုတ်မှိတ်တုတ် လက်နေသည်။ ၎င်းက အလင်းရောင်ဖြင့် သားကောင်ကို မျှားနေသော ယိုတုသတ္တဝါတစ်ကောင် ဖြစ်သည်။
သို့သော် ထူးဆန်းသည်က သင်္ဘော ယိုတုကမ္ဘာထဲ ဝင်ရောက်လာခဲ့သည့်အချိန်ကတည်းက ယိုတုသတ္တဝါတစ်ကောင်မှ သင်္ဘောအနား ကပ်မလာခဲ့ပေ။
ချင်မူနှင့် ပန်ကုန်းစုန်က အကြောင်းရင်းကို တွေးမိပြီး ချောက်ချားသွားကြ၏။ ‘ဒီသင်္ဘောပေါ်မှာ ကြောက်စရာအကောင်တစ်ကောင်ကောင် ရှိနေလောက်တယ်။ ဒါကြောင့် ယိုတုသတ္တဝါတွေ အနားကပ်မလာရဲတာ’
ချင်မူ သင်္ဘောပေါ် ဆင်းခဲ့တုန်းက သူ့ဆီ တဟုန်ထိုးပြေးဝင်လာခဲ့သော မိစ္ဆာချီထုကို သတိရလိုက်သည်။ သင်္ဘောပေါ်တွင် ရှိနေသည်က သူတို့သာမဟုတ်ကြောင်း သေချာသွားချေပြီ။ တစ်နေရာရာတွင် ထိုအရာများ ငုပ်လျှိုးပုန်းအောင်းနေလိမ့်မည်။
‘လူတွေကိုလည်း မယုံရဘူး။ ဒီကမ္ဘာကလည်း စိန်ခေါ်မှုတွေ အပြည့်နဲ့။ ငါ သတိလွတ်သွားရင် အရိုးတောင်မကျန်အောင် အစားခံလိုက်ရလိမ့်မယ်’
ချင်မူ တုန်တုန်ရီရီဖြင့် ထရပ်လိုက်၍ ပန်ကုန်းစုန်က ရုတ်ခြည်း သတိအနေအထား ဖြစ်သွားသည်။ သို့သော် ချင်မူက မတိုက်ခိုက်ဘဲ ကျောတွင်လွယ်ထားသည့် ထောင်ကျယ်အိတ်ကို ချ၍ ဖွင့်လိုက်ကာ သူ၏ဓားပျံများအား အထဲပြန်ထည့်လိုက်သည်။
ပန်ကုန်းစုန်လည်း သက်ပြင်းချပြီး ကျိုင်းကောင်များကို ပြန်သိမ်းသည်။ “ဂိုဏ်းသခင်ချင်။ ဒီသင်္ဘောပေါ်မှာ ဘယ်ကနေ ဘယ်လိုပေါ်လာနိုင်မှန်း မသိတဲ့ အန္တရာယ်တွေ ရှိတယ်။ ငါတို့နှစ်ယောက် မသေမချင်း တိုက်ကြခိုက်ကြမယ့်အစား အတူပူးပေါင်းပြီး ဒီအန္တရာယ်ကို ကျော်လွှားကြမလား။ ဘယ်လိုထင်လဲ”
ချင်မူ ပြုံးလိုက်သည်။ “ငါလည်း အဲ့လိုပဲတွေးနေတာ။ ဒါပေမဲ့ စိတ်အေးလက်အေး ထားပြီး မင်းနဲ့ ပူးပေါင်းရမှာ ခက်နေတယ်’
ပန်ကုန်းစုန်၏ အကြည့်များ လှုပ်ခတ်သွားပြီး သူက ပြောသည်။ “ငါလည်း စိတ်အေးလက်အေး မရှိဘူး။ ဂိုဏ်းသခင်ချင်၊ မင်းနဲ့ငါက ပြိုင်ဘက်တွေ။ အရင်တုန်းက မင်းကို ငါ အထင်သေးခဲ့မိတယ်။ ဒါပေမဲ့ အခုကစပြီး အထင်မသေးတော့ပါဘူး။ ဒီခရီးက ငါ ထင်ထားတာနဲ့ လွဲနေတယ်။ ယိုတုကို မလည်မဝယ်နဲ့ ရောက်လာတဲ့အပြင် သင်္ဘောပေါ်မှာလည်း လျှို့ဝှက်ချက်တွေ၊ ကြောက်စရာသတ္တဝါကြီးတွေ ရှိနေတယ်။ မင်းနဲ့ ငါ အဃာတတွေကို မြိုသိပ်ပြီး ပူးပေါင်းမှ ဖြစ်မယ်။ ဒါမှ ဒီနေရာကနေ အသက်ရှင်ရက် ထွက်နိုင်မှာ။ အခုလို ဆက်တိုက်နေရင် ဒီနေရာမှာပဲ သေရလိမ့်မယ်”
ချင်မူက စိတ်မပါတပါ ပြောသည်။ “အဲဒီလိုဆိုလည်း ဒီသင်္ဘောပေါ်မှာပဲ ပူးပေါင်းမယ်။ အပြင်ရောက်တာနဲ့ ရန်သူပဲ”
ပန်ကုန်းစုန် ပြုံးလိုက်ပြီး ခေါင်းညိတ်သည်။ “သဘောတူတယ်”
“သဘောတူတယ်” ချင်မူ တခဏ တွန့်ဆုတ်သွားသည်။ “မြေအောက်ဘုံအရှင်သခင် ပဋိညာဉ် ကတိသစ္စာပြုဖို့ လိုသေးလား”
ပန်ကုန်းစုန် ပြုံးပြုံးရယ်ရယ် ပြောလိုက်သည်။ “မလိုပါဘူး ခဏတဖြုတ် ပူးပေါင်းတာပဲဟာ”
ချင်မူလည်း ခေါင်းညိတ်သဘောတူလိုက်၏။ “ဟုတ်တာပဲ”
ပန်ကုန်းစုန် စိတ်သက်သာရာရသွားသည်။ “ဒီလူသားဧကရာဇ်က ငယ်သေးတယ်။ ငါ့ကို တပတ်မရိုက်နိုင်သေးဘူး။ မင်းနဲ့သာ မြေအောက်ဘုံအရှင်သခင် ပဋိညာဉ်ကို ရေးထိုးလိုက်ရင် သဘောတူထားတဲ့အတိုင်း လုပ်ရတော့မှာ။ အဲဒီလိုဆို မင်းကို ဘယ်လိုလုပ်ရှင်းပစ်နိုင်တော့မှာလဲ’
နှစ်ယောက်လုံး အကောက်ကြံနေကြသော်လည်း ပန်ကုန်းစုန်က ဦးစွာစပြောသည်။ “ငါတို့အပေါင်းအပါတွေကို ရှာပြီး လူပြန်စုရမယ်။ အဲ့ဒါမှ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်မှာ”
ချင်မူ ခေါင်းညိတ်လိုက်ပြီး ပြောသည်။ “မှော်ဆရာသခင် ပြောတာမှန်တယ်။ မင်းပြောတဲ့အတိုင်း လုပ်တာပေါ့။ ဟုတ်သားပဲ မှော်ဆရာသခင် ဒီငွေခေါင်းဆောင်းက...” သူက ပန်းပွားနီနီများဖြင့် ငွေခေါင်းဆောင်းကို ထုတ်ပြီး မည်သို့လုပ်ရမည်မှန်းမသိ၍ စိတ်ရှုပ်ထွေးနေပုံဖမ်းလိုက်သည်။
ပန်ကုန်းစုန်မှာ လုယူလိုက်ချင်သော်လည်း ခေါင်းဆောင်းကို ဆောင်းလိုက်လျှင် ချင်မူ အလစ်တိုက်ခိုက်မည်စိုး၍ ခေါင်းယမ်းလိုက်သည်။ “အခု မင်းနဲ့ငါက ပူးပေါင်းထားတာဆိုတော့ တစ်ယောက်ကိုတစ်ယောက် ယုံကြည်ရမှာပေါ့။ အဲ့ဒါကို သိမ်းထားပြီး ငါ့နောက်လိုက်ခဲ့။ သင်္ဘောထဲက အခန်းတွေ ရွေ့တဲ့စနစ်ကို ငါ တွက်ချက်ပြီးသွားပြီ။ ဟင်းလင်းပြင်အပေါင်းအစီအရင်ကို သုံးထားတာ”
ချင်မူ အမှန်တကယ် အထင်ကြီးလေးစားမိသွား၏။ “မှော်ဆရာသခင်က ဉာဏ်ပညာကြီးမားပါပေတယ်”
နှစ်ယောက်သား သိမ်းစရာရှိသည်များကို သိမ်း၍ ပဲ့ထိန်းအခန်းထဲမှ အပြင်ထွက်လိုက်သည့်အခါ သင်္ဘောကုန်းပတ်တစ်ခုလုံး ရှင်းလင်းနေသည်ကို မြင်လိုက်ရသည်။ မည်သူ့မှ မတွေ့ရသလို၊ သက်ရှိအရိပ်အယောင်လည်း မမြင်ရ။ ချွဲကျိကျိ အစိမ်းရောင်အရည်များသာ မှိန်ပျပျ တောက်ပနေသည်။
သင်္ဘောသည် အရွယ်အစားကြီးမား၏။ အမွှေးဖြူလင်းနို့များ၊ နဂါးချီလင်၊ ပန်ကုန်းစုန် ခေါ်လာသည့် အဆင့်မြင့်မှော်ဆရာများနှင့် မှော်ဆရာဘုရင်များအပြင် မန်သီလူရိုင်းနယ်မြေ၏ စစ်သည်များလည်း အခန်းများထဲ ပိတ်မိနေဆဲဖြစ်လိမ့်မည်။
သူတို့နှစ်ယောက် စွမ်းအင်ဆေးလုံးတချို့ စား၍ ကျင့်စဉ်စွမ်းအင်များကို အတတ်နိုင်ဆုံး ပြန်ဖြည့်နေကြသည်။ နှစ်ယောက်သား ဘေးချင်းယှဉ်၍ အခန်းတစ်ခန်းထဲ ဝင်လိုက်ကြ၏။ ချင်မူက လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်ပတ်၍ ဆေးစွမ်းအင်ကို ချေဖျက်နေသည်။ သူ၏ကျင့်စဉ်စွမ်းအင်သည် နှစ်ဆယ်ရာခိုင်နှုန်းမှ သုံးဆယ်ရာခိုင်နှုန်းသို့ မြင့်တက်သွားပြီး ကိုယ်ပေါ်ရှိ ဒဏ်ရာများလည်း ကျက်နေပြီဖြစ်သည်။ စောစောက သုတ်လိမ်းထားသည့် နဂါးသွားရည်ကြောင့် အနာဖေးများ စတင်ကွာကျလာသည်။
ပန်ကုန်းစုန်၏ဒဏ်ရာများလည်း များစွာသက်သာလာသည်။ သူ၏ဆေးလုံးများက ချင်မူ၏ဆေးလုံးများအောက် မနိမ့်ကျပေ။
ထိုစဉ် ပန်းချီကားထဲမှအဘိုးအို နံရံတစ်ဖက်မှ ဖြတ်ပြေးသွားသည်ကို ချင်မူ မြင်လိုက်ရ၍ ရင်ထဲ လှုပ်ခတ်သွားပြီး ရုတ်ခြည်း ပြေးလိုက်သွားသည်။
ပန်ကုန်းစုန်က လှမ်းအော်သည်။ “အဲ့ဒါ လမ်းမှားကြီးကွ”
သို့သော် ချင်မူက တံခါးတစ်ချပ်ဖွင့်၍ အခန်းထဲ ဝင်သွားချေပြီ။
ပန်ကုန်းစုန်လည်း ဒေါသထွက်ထွက်ဖြင့် ချင်မူ့နောက် လိုက်သွားရသည်။ ‘အခွင့်အရေးသာ ရှိလို့ကတော့ မင်းကို သတ်ပစ်တာ ကြာလှပြီ။ ကလိမ်ကကျစ်လေး၊ မင်း ငါ့လက်ထဲရောက်လာရင် ငြိမ်းငြိမ်းချမ်းချမ်း သေရမယ်မထင်နဲ့’