လျှို့ဝှက်စင်္ကြံလျှောက်လမ်း
Vol. 23 Ch. 310
ချင်မူနှင့် ပန်ကုန်းစုန် အခန်းထဲ လိုက်ဝင်ကြသော်လည်း ပန်းချီကားထဲမှ အဘိုးအိုက မရပ်ဘဲ နောက်တစ်ခန်းထဲ ပြေးသွားသည်။ ချင်မူ အပြေးလိုက်သွားသည့်အခါ လူတစ်ယောက်နှင့် မျက်နှာချင်းဆိုင်သွားပြီး တစ်ယောက်ကိုတစ်ယောက် ဝင်တိုက်တော့မလို ဖြစ်သွား၍ အလျင်အမြန် ရှောင်လိုက်ရသည်။
နှစ်ယောက်လုံး အံ့အားသင့်သွားကြ၏။
“ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်”
“မန်သီလူရိုင်းနယ်မြေက စစ်သည်”
ချင်မူက လက်ပိုသွက်သည်။ မျက်နှာချင်းဆိုင်သွားသည်နှင့် သူ့လက်ဝါးက မြောက်တက်လာပြီး ဂျိုးဂျိုးဂျိမ့်ဂျိမ့် မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။
နဂါးကိုးကောင်မုန်တိုင်း
ချင်မူ၏အားလှိုင်း ဖြာထွက်လာသည့်အချိန်မှ တစ်ဖက်လူက သတိဝင်သွားသည်။ ဓားမစက်လုံးများ ပျံတက်လာသည့်အချိန်တွင် ချင်မူ၏အားလှိုင်းက အရှေ့ရောက်လာခဲ့ချေပြီ။ နဂါးအသွင်ရှိသော အားလှိုင်းသည် မန်သီလူရိုင်းနယ်မြေ၏ စစ်သည်ကို အရှိန်အဟုန်ဖြင့် ဝင်တိုက်သွား၏။ ပထမအားလှိုင်းက သူ့ခန္ဓာကိုယ်ကို ကာကွယ်ပေးထားသည့် ချီစွမ်းအင်ကို ချိုးဖျက်သည်။ ဒုတိယအားလှိုင်းက သူ၏ကြွက်သားများကို စုတ်ဖြဲလိုက်သည်။ တတိယအားလှိုင်းက သူ၏အရိုးများ ကျိုးကြေသွားစေပြီး စတုတ္ထအားလှိုင်းက သူ့နှလုံးသားကို စိစိညက်ညက်ကြေသွားစေ၏။ ပဉ္စမအားလှိုင်းက သွေးနဂါးတစ်ကောင်ပမာ သူ့ရင်ဘတ်အား ဖောက်ထွက်သွားသည်။
မန်သီလူရိုင်းနယ်မြေမှ စစ်သည်၏ ဓားမစက်လုံးများက ဓားမကွေးများကို ပစ်လွှတ်လိုက်သည်။ ဤအခိုက်အတန့်တွင် ချင်မူက ရွှင်ပျော်ပျော်ဓားကို ပင့်မ၍ ဓားမကွေးများအား နှစ်ခြမ်းပိုင်းပစ်လိုက်၏။
ဓားမကွေးများမှာ ကြမ်းပြင်ပေါ် တချွမ်ချွမ် ပြုတ်ကျကုန်၏။ မန်သီလူရိုင်းနယ်မြေမှ စစ်သည်၏ ချီစွမ်းအင် ပြိုကွဲသွားပြီး သူကား မြေကြီးပေါ် လဲကျသေဆုံးသွားတော့သည်။
ပန်ကုန်းစုန်က ခြေတစ်လှမ်းနောက်ကျသွား၍ ထိုစစ်သည်ကို မကယ်လိုက်နိုင်ပေ။ သူ အနားရောက်လာသည့်အချိန်တွင် ချင်မူက ထိုလူ့အသက်ကို နုတ်ပြီးသွားခဲ့ပြီဖြစ်၏။ ပန်ကုန်းစုန် ဒေါပွသွားပြီး မာမာထန်ထန် အော်လိုက်မိသည်။ “ဂိုဏ်းသခင်ချင်၊ အဲ့ဒါ ငါ့လူကွ”
ချင်မူက ရွှင်ပျော်ပျော်ဓားကို ဓားအိမ်ထဲ ပြန်ထည့်ကာ ခေါင်းယမ်းသည်။ “မင့်လူက ငါ့ကို မြင်မြင်ချင်း သတ်ဖို့ လုပ်တာလေ။ ငါ့အနေနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်ရင် အဲဒီမှာ လဲနေမယ့်သူက ငါ ဖြစ်သွားလိမ့်မယ်။ မှော်ဆရာသခင် မကြိုက်ဘူးဆိုရင် အရှေ့ကသွားမလား။ မင့်လူတွေ မင်းကို တွေ့ရင်တော့ လှုပ်ရှားကြမှာမဟုတ်ဘူး”
ပန်ကုန်းစုန် တွန့်ဆုတ်သွားသည်။ အရှေ့မှ သွားလျှင် ချင်မူ့ကို ကျောပေးထားရလိမ့်မည်။ ဤကောင်လေး မန်သီလူရိုင်းနယ်မြေ၏ စစ်သည်ကို သွေးအေးအေး သတ်လိုက်သည်ကို ကြည့်ခြင်းအားဖြင့် သူ့ကို သတ်ရန် အခွင့်သာရလျှင် ပို၍ပင်သွေးအေးလိမ့်မည်မှာ သိသာသည်။
သူ ချင်မူကို ကျောပေးမထားရဲပေ။
ထို့အပြင် ချင်မူ ပြောသည်က အခြေအနေတစ်မျိုးသာရှိသေးသည်။ အကယ်၍ နောက်တွေ့မည့်လူက သူ့လူမဟုတ်ဘဲ အမွှေးဖြူလင်းနို့နှစ်ကောင် သို့မဟုတ် နဂါးချီလင်ဖြစ်နေ၍ နှစ်ဖက်အကြား ညပ်သွားသည်နှင့် မည်သို့အဆုံးသတ်သွားမည်ကို ပန်ကုန်းစုန် တွေးကြည့်နိုင်သည်။
သို့သော် ဦးတည်ရာမဲ့ လျှောက်သွားနေခြင်းကလည်း အဆင်မပြေပေ။ ချင်မူက ဝင်္ကပါ၏ အထွက်လမ်းအတိုင်းမဟုတ်ဘဲ တွေ့ရာအခန်းထဲ ဇွတ်ဝင်နေသည်။ ချင်မူ သင်္ဘောပေါ်ရှိ ဝင်္ကပါအစီအရင်ကို မဖြေရသေးကြောင်း ထင်ရှား၏။ ပန်ကုန်းစုန်အနေဖြင့် ချင်မူနှင့်အတူ ဆက်သွားနေလျှင် ဦးတည်ရာပျောက်သွားပြီး သင်္ဘောအပေါ်ရှိ အခန်းများ၏ ဖွဲ့စည်းပုံကို ပြန်တွက်ချက်ရလိမ့်မည်။
‘ဒီခွေးသူတောင်းစားကို ရှေ့ကသွားခွင့်ပေးလို့ မဖြစ်ဘူး’ ပန်ကုန်းစုန် အခန်းတစ်ခန်းကို ဖွင့်ကာ တွေးလိုက်သည်။ “ဒီမှာ”
ထိုစဉ်မှာပဲ သူ့အနောက်မှ တံခါးဖွင့်သံ ကြားလိုက်ရပြီး နောက်တစ်ခန်းထဲ ချင်မူ ပြေးဝင်သွားသည်ကို သူ မြင်လိုက်ရသည်။ ပန်ကုန်းစုန် ဒေါသထွက်သွားသော်လည်း နောက်မှလိုက်သွားရုံအပြင် တခြားရွေးချယ်စရာမရှိပေ။ ဤသင်္ဘောကို ထိန်းချုပ်နိုင်သည့် ငွေခေါင်းဆောင်းက ချင်မူ့လက်ထဲတွင် ရှိနေသေးသည်မဟုတ်ပါလော။
သူတို့နှစ်ယောက် နောက်တစ်ခန်းထဲ ဝင်ပြီး တုံ့ခနဲ ရပ်လိုက်ကြသည်။ ချင်မူ ခြေကြွလိုက်သည့်အခါ ခြေထောက်တွင် ကပ်ပါလာသော စေးကပ်ကပ်အရည်တချို့ကို သတိထားမိလိုက်၏။
အခန်း၏နံရံများနှင့် ကြမ်းပြင်တို့တွင် အရည်စိမ်းစိမ်းများ ဖုံးနေသည်။ စားပွဲပင် မကျန်ပေ။
ချင်မူ လှည့်ပတ်ကြည့်လိုက်သည့်အခါ ပန်းချီကားထဲမှ အဘိုးအိုလည်း အခန်းထဲတွင် ဖြစ်ကြောင်း မြင်လိုက်ရသည်။ သူက စေးကပ်ကပ်အရည်များကို သတိထားရှောင်တိမ်းပြီး အရည်မရှိသည့်နေရာများမှ ဖြတ်သွားနေသည်။
သူသည် ပန်းချီကားထဲမှ လူဖြစ်၍ ဤအရည်များက သူ့အတွက် အန္တရာယ်များသည်။ အရည်များကို ထိမိလိုက်သည်နှင့် ခွာမရအောင် ကပ်သွားမည်ဖြစ်ရာ ရှောင်သွားရလိမ့်မည်။
ပန်ကုန်းစုန်လည်း ပန်းချီကားထဲမှ အဘိုးအိုကို မြင်၍ အံ့အားသင့်သွားသည်။ သူက လက်ထဲရှိ ကျိုင်းကောင်တစ်သောင်းအလံကို အလျင်အမြန် ဝှေ့ယမ်းလိုက်၏။
ချွင် ချွင် ချွင်
ချင်မူက သူ၏ဓားပျံများဖြင့် ကျိုင်းကောင်များကို ဟန့်တားလိုက်သည်။
ပန်ကုန်းစုန် စိတ်တိုသွားပြီး ချင်မူ့ကို ကြည့်ကာ မကျေမနပ် မေးလိုက်သည်။ “ဂိုဏ်းသခင်ချင် ငါ့ကို မင်း ရှင်းပြဖို့ လိုသေးတယ်မဟုတ်လား”
ချင်မူက ခပ်အေးအေး ပြန်ပြောသည်။ “ငါ့မျိုးရိုးက ချင်၊ အဲ့ဒါက အကောင်းဆုံးအဖြေပဲ”
ပန်ကုန်းစုန်မှာ ပုစ္ဆာ၏အဖြေကို သိလိုက်ရသဖြင့် ပြင်းပြင်းထန်ထန် တုန်လှုပ်သွားသည်။
မျက်လုံးတစ်လုံးနှင့်တစ်လုံးအကြား ကိုက်ကိုးရာ ဝေးကွာသော ကြောက်မက်ဖွယ်ရာသတ္တဝါကြီးက ချင်မျိုးရိုးနှင့် လူကို စောင့်နေခဲ့ခြင်းဖြစ်သည်။ သူတို့နှစ်ယောက်ကို ထိုသတ္တဝါကြီး စိတ်ဝင်စားခဲ့သည့် အကြောင်းရင်းမှာ နှစ်ယောက်လုံးက ချင်မျိုးရိုးဟု ပြောခဲ့၍ပင်။
ပန်ကုန်းစုန်သည် အလွန်ဉာဏ်ထက်သော မကောင်းဆိုးဝါးအိုကြီးဖြစ်၏။ မဟုတ်လျှင် ဤမျှ အသက်ရှည်နေမည်မဟုတ်ပေ။ ‘ဒီသင်္ဘောရဲ့ပိုင်ရှင်က ချင်မျိုးရိုးများလား။ ဒီကောင်လေးနဲ့ သင်္ဘောပိုင်ရှင်က တစ်မိသားစုတည်းကလား။ အဲဒီလိုဆို သူက ရွှင်ပျော်ပျော်ကျေးရွာသားလည်း ဖြစ်ရမယ်။ ဒီကောင် ဒီအထိ လာနိုင်ခဲ့တာ အံ့ဩစရာမရှိဘူးပဲ။ နေပါဦး ဆယ့်ခြောက်နှစ်၊ ကြောက်စရာသတ္တဝါကြီး စောင့်နေခဲ့တာက ချင်မျိုးရိုးဖြစ်တဲ့ အသက်ဆယ့်ခြောက်နှစ်အရွယ် လူငယ်ပဲ။ ဒီကောင်ကလည်း အသက်ဆယ့်ခြောက်နှစ်။ လွန်ခဲ့တဲ့ဆယ့်ခြောက်နှစ်တုန်းက ဒီသင်္ဘောက ဒီနေရာကို ဝင်တိုက်ခဲ့တာဆိုတော့ ဒီဟာတွေအားလုံးအကြားမှာ ပတ်သက်မှုတစ်ခုခု ရှိကိုရှိနေလိမ့်မယ်’
သူက အံ့ဩတုန်လှုပ်မှုများကို မြိုသိပ်ပြီး ကျိုင်းကောင်တစ်သောင်းအလံကို ပြန်ရုတ်သိမ်းလိုက်သည်။ ချင်မူလည်း ဓားပျံများကို ပြန်ခေါ်လိုက်သည်။
ပန်းချီကားထဲမှ အဘိုးအိုက အစိမ်းရောင်အရည်များကို ရှောင်၍ တံခါးတစ်ချပ်ထဲ ဝင်သွားသည်။
သူတို့နှစ်ယောက် အဘိုးအိုနောက် အပြေးလိုက်သွားပြီး တံခါးကို တွန်းဖွင့်လိုက်သည့်အခါ အလွန်ရှည်လျားသော စင်္ကြလျှောက်လမ်းတစ်လမ်းကို မြင်လိုက်ရ၏။ ပန်ကုန်းစုန် မှင်သက်သွားသည်။ သူ ဟင်းလင်းပြင်အစီအရင်သင်္ချာကို တွက်ချက်ပြီးနောက် ပဲ့ထိန်းအခန်းကို ရှာတွေ့ခဲ့သော်လည်း ယခုလို စင်္ကြံလျှောက်လမ်းရှိနေသည်ကို မသိခဲ့ပေ။
‘အခန်းအရေအတွက်က ငါ တွက်ခဲ့တဲ့အတိုင်း ရှိသင့်တာပါ။ ဘာလို့ ငါ မသိသေးတဲ့နေရာတွေ ရှိနေသေးတာလဲ” သူ ဇဝေဇဝါဖြစ်သွားသည်။
ဟင်းလင်းပြင်သင်္ချာအစီအရင်ကို သူ မဖြေရှင်းနိုင်လျှင် အဘယ်သို့ပြု၍ ပဲ့ထိန်းအခန်းကို ရှာတွေ့ခဲ့သနည်း။
သူ ဖြေရှင်းနိုင်ခဲ့လျှင် အဘယ်သို့ပြု၍ ဤစင်္ကြံလမ်းက သူ၏အဖြေတွင် ရှိမနေခဲ့သနည်း။
သူ၏အဖြေအရ ဤစင်္ကြလမ်းကား မည်သို့မျှ ရှိမနေနိုင်ပေ။
ထိုသို့ဆိုလျှင် ဖြစ်နိုင်ခြေတစ်ခုတည်းသာ ရှိသည်။ နေရာဟင်းလင်းပြင်သင်္ချာအစီအရင်က အာရုံလှည့်ဖျားထားသည့် အပေါ်ယံအလွှာတစ်လွှာသာ ဖြစ်လိမ့်မည်။ သင်္ဘောကို ဝင်ရောက်လာသူများအနေဖြင့် ဤအစီအရင်ကို ဖြေပြီး ဖုံးကွယ်ထားသော လျှို့ဝှက်ချက်များကို သတိပြုမည်မဟုတ်ပေ။
ချင်မူ့တွင် ရှိသော ငွေခေါင်းဆောင်းကပင် အာရုံလှည့်ဖျားထားသည့် ရတနာတစ်ပါးသာ ဖြစ်ပြီး သင်္ဘောကို အမှန်တကယ် မထိန်းချုပ်နိုင်ပေ။
‘ရွှင်ပျော်ပျော်ကျေးရွာရဲ့ နတ်ဘုရားတွေက အမှန်တကယ် ဉာဏ်အမြော်အမြင်ကြီးမားပါပေတယ်။ ငါတောင်မှ အရူးလုပ်ခံလိုက်ရတယ်။ ကံကောင်းလို့ ဒီခွေးသူတောင်းစားချင်နောက် လိုက်လာလို့သာပဲ။ မဟုတ်လို့ကတော့ ဒီလျှို့ဝှက်ချက်ကို ငါ တွေ့မှာမဟုတ်ဘူး”
ပန်ကုန်းစုန်၏အကြည့်များ လှုပ်ခတ်သွားသည်။ နောက်ဆုံးအခန်းထဲတွင် အစိမ်းရောင်အရည်များ ပေကျံနေခဲ့သည်ကို ကြည့်ခြင်းအားဖြင့် အမျိုးအမည်မသိသတ္တဝါတစ်ကောင်ကောင် ဤနေရာသို့ ဝင်လာခဲ့၍ အသတ်ခံခဲ့ရခြင်း ဖြစ်လိမ့်မည်။
ပန်းချီကားထဲမှ အဘိုးအိုက စင်္ကြံလမ်း၏ နံရံများတစ်လျှောက် ဖြတ်ပြေးနေစဉ် တစ်စုံတစ်ခုကို ရှောင်တိမ်းနေသကဲ့သို့ အပေါ်တက်လိုက်၊ အောက်ဆင်းလိုက် ရွေ့လျားနေသည်။
ချင်မူနှင့် ပန်ကုန်းစုန် လှမ်းကြည့်လိုက်သည့်အခါ နံရံထက်တွင် အမှတ်အသားများကို တွေ့လိုက်ရသည်။ လူ့လက်ဝါးရာများအပြင် တခြားသတ္တဝါများ၏ လက်ဝါးရာများလည်း ရှိနေသည်။ တုနှိုင်းမဲ့ပြိုင်ဘက်ကင်းလောက်အောင် ကြောက်မက်ဖွယ်ရာကောင်းသော ဆန်းကြယ်လက်နက်များ၏ အရာများကိုလည်း မြင်ရ၏။ ဖွဖွလေး တို့ထိကြည့်လိုက်လျှင်ပင် အဆိုပါအမှတ်အသားများ၏ အဖျက်အစီးလှိုင်းများ အသက်ဝင်လာပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဖယ်ရှားပစ်မည်ထင်ရသည်။
ဤအရာများသည် ကောင်းကင်လက်နက်များ၏ အမှတ်အသားများ ဖြစ်ကြ၏။
ကောင်းကင်လက်နက်ရာများအပြင် ကောင်းကင်နတ်သိုင်းအရာများလည်း ရှိသည်။ အမှတ်အသားများက သိပ်မကြီးသော်လည်း ရင်တဒိန်းဒိန်းခုန်လာစေနိုင်သည်အထိ ကြောက်စရာကောင်းသော စွမ်းအားတစ်ရပ် ကိန်းဝပ်နေပြီး မှိတ်တုတ်မှိတ်တုတ် လင်းလက်နေ၏။
မှော်သင်္ကေတအစီအရင်များကြောင့် အမှတ်အသားများ၏ အလင်းရောင်က တစ်ခါတရံ လင်းလာပြီး တစ်ခါတရံ မှိန်သွားသည်။ သင်္ကေတများကား ရှုပ်ထွေးပြီး နက်နဲသိမ့်မွေ့လွန်း၍ နားလည်ရန် မလွယ်ကူပေ။
လူတစ်ယောက် အမှတ်အသားအရာများကို ပထမဆုံးအကြိမ် ကြည့်လိုက်လျှင် မည်သည်ကိုမျှ နားလည်မည်မဟုတ်သော်လည်း စိတ်အလျဉ်ကို ၎င်းတို့အထဲ ပို့လွှတ်လိုက်သည်နှင့် ဆန်းကြယ်နက်နဲသော သဘောတရားများကို ခံစားလိုက်ရပြီး စီးဝင်နစ်မျောသွားလိမ့်မည်။
“ဒါက တာအိုဂိုဏ်းက တာအိုဓားရဲ့ ကျောက်သားနံရံနဲ့ ကွဲပြားပေမယ့် ရလဒ်ကတော့ အတူတူပဲ”
ချင်မူနှင့် ပန်ကုန်းစုန် တလေးတစား မချီးကျူးမိဘဲ မနေတော့ပေ။ ကောင်းကင်နတ်သိုင်းများနှင့် ကောင်းကင်လက်နက်ရာများက ကျင့်စဉ်သိုင်းကွက် ရတနာသိုက်ကြီးပင် ဖြစ်၏။ တာအိုဂိုဏ်းမှ တာအိုဓားဆယ့်လေးခန်းနှင့် မယှဉ်နိုင်သော်လည်း စင်္ကြံအပေါ်ရှိ အမှတ်အသားများတွင် ဆန်းကြယ်နက်နဲသော သဘောတရားများ ကိန်းဝပ်နေပြီး ၎င်းတို့အထဲရှိ ကျင့်စဉ်သိုင်းကွက်များနှင့် ကောင်းကင်နတ်သိုင်းများကို နားလည်သဘောပေါက်လျှင် သူတို့၏ ကိုယ်ပိုင်အထွတ်အမြတ်မြေကိုပင် ထူထောင်နိုင်သွားလိမ့်မည်။
နှစ်ယောက်လုံး ရင်ခုန်လာကြသော်လည်း စိတ်ထိန်းထားရုံအပြင် ရွေးချယ်စရာမရှိကြပေ။ ရန်သူက ဘေးတွင်ဖြစ်၍ စိတ်အာရုံနစ်မျောသွားလျှင် မုချအသတ်ခံလိုက်ရလိမ့်မည်။
ရန်သူကို ရှင်းထုတ်၍ ဤနေရာအား တစ်ယောက်တည်း အပိုင်စီးနိုင်ခဲ့လျှင်ပင် နံရံအပေါ်ရှိ အမှတ်အသားများက သိပ်မတည်ငြိမ်ပေ။ မတော်တဆ သွားထိမိလိုက်သည်နှင့် ကိန်းဝပ်နေသည့် ပေါက်ကွဲအားက လူအယောက်တစ်ရာမက၊ ထောင်ပေါင်းများစွာကို အလွယ်တကူ ချေမှုန်းပစ်နိုင်၏။
ပန်းချီကားထဲမှ အဘိုးအိုက ရှေ့မှသွားနေဆဲ ဖြစ်သည်။ စင်္ကြလမ်းကား အဆုံးမရှိသည့်အလား ရှည်လျားလွန်း၏။ သူတို့ဝင်လာခဲ့သည့် အချိန်ကို တွက်လျှင် သင်္ဘောအပြင် ရောက်သွားသင့်ပြီဖြစ်သော်လည်း အဆုံးကို ယောင်၍ပင် မမြင်ရသေးပေ။
ဤသည်က အထဲနေရာကို ချဲ့ဖို့ ထောင်ကျယ်သားရဲ၏ အရေပြားနှင့် အရိုးအား သုံးမည့်အစား အဆင့်မြင့်မှော်စွမ်းအင်ဖြင့် အစီအရင်သင်္ချာ တွက်ချက်ကာ နေရာဟင်းလင်းပြင်ကို လိမ်ခေါက်ပြီး ဆွဲဆန့်ထားခြင်းဖြစ်သည်။
စင်္ကြံက ကျဉ်းသော်လည်း နံရံများအပေါ်တွင် မရေမတွက်နိုင်သော ကောင်းကင်နတ်သိုင်းရာများနှင့် ကောင်းကင်လက်နက်ရာများ ရှိနေသည့်အတွက် တိုက်ပွဲက မည်မျှပြင်းထန်ခဲ့ကြောင်း အလွယ်တကူ ခန့်မှန်းကြည့်နိုင်သည်။ သို့သော် အရေးအကြီးဆုံးအချက်မှာ ဤအဆင့်မြင့်သိုင်းပညာရှင်များသည် ဤနေရာသို့ ပြေးလာခဲ့တုန်းက သူတို့၏ကောင်းကင်နတ်သိုင်းစွမ်းအင်များကို စုစည်းပြီး ရန်သူနှင့် ထိမိသည့်အချိန်မှ ပေါက်ကွဲအောင် စီရင်ခဲ့ကြခြင်း ဖြစ်သည်။ ရန်သူနှင့် မထိမိလျှင် စွမ်းအင်တစ်စက်လေးပင် စိမ့်ထွက်လာမည်မဟုတ်ပေ။
ဤသည်ကား အတိုင်းထက်အလွန် ကြောက်မက်ဖွယ်ရာကောင်း၏။
စွမ်းအင်အနည်းဆုံးပမာဏဖြင့် ထိခိုက်မှုကြီးမားအောင် ဖန်တီးနိုင်သည့်အတွက် သူတို့၏ သိုင်းစွမ်းအင်ထိန်းချုပ်နိုင်စွမ်းက အလွန်အဆင့်မြင့်မားနေပြီဟု ဆိုလိုသည်။ ထိုအဆင့်သို့ ရောက်ဖို့ရန်မှာ မလွယ်လှပေ။
ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက်ဖြစ်လျှင် ကောင်းကင်နတ်သိုင်းတစ်ခု၏ ပေါက်ကွဲအားလှိုင်းက ကိုက်ပေါင်းများစွာ လွှမ်းမိုးနိုင်သည်။ ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက်က သိုင်းစွမ်းအင်ကို လက်ဝါးတွင်သာ စုစည်း၍ ထုတ်လွှတ်လိုက်လျှင် သိုင်းကွက်၏ အဖျက်အစီးအားလှိုင်းက အဆတစ်ရာ ပိုမိုပြင်းထန်သွားလိမ့်မည်။
နတ်ဘုရားများက သူတို့၏ကောင်းကင်နတ်သိုင်းများကို ထိုအခြေအနေအထိ ချုံ့ထားခဲ့လျှင် သူတို့၏အဖျက်အစီးအားလှိုင်းက မည်မျှကြောက်စရာကောင်းလိမ့်မည်နည်း။
ချင်မူနှင့် ပန်ကုန်းစုန်၏ မျက်လုံးများ လင်းလက်သွားကြ၏။ သူတို့နှစ်ယောက်လုံးက သိုင်းအဆင့်တူညီသည်ဖြစ်ရာ တစ်ယောက်ကသာ ကောင်းကင်နတ်သိုင်း၏ ပေါက်ကွဲအားကို ချုံ့လိုက်နိုင်လျှင် နှစ်ယောက် ထိပ်တိုက်တွေ့သည်နှင့် တစ်ဖက်လူ အသတ်ခံရမည်မဟုတ်လော။
ထိုမျှသာမက သိုင်းစွမ်းအင်က စိမ့်ထွက်သွားမည်မဟုတ်သည့်အတွက် မှော်စွမ်းအင်ကုန်ခမ်းမှုပမာဏလည်း လျော့ကျသွားမည်။ သို့ဆိုလျှင် အချိန်ကြာကြာ တိုက်ခိုက်နိုင်မည်။
သို့သော် သူတို့၏သိုင်းကွက်များနှင့် ကောင်းကင်နတ်သိုင်းများတွင် ဤကဲ့သို့ ပညာသားပါသည့် ထိန်းချုပ်နည်းမရှိသေးပေ။ သင်္ချာစွမ်းရည် အလွန်မြင့်မားမှ ကောင်းကင်နတ်သိုင်းများကို ဤမျှအနုစိတ်ထိန်းချုပ်နိုင်လိမ့်မည်။
တာအိုဂိုဏ်း၏ သင်္ချာစွမ်းရည်မှာ အလွန်မြင့်မားနက်နဲသော်လည်း တာအိုဂိုဏ်းသားများပင် အဖျက်အစီးအားလှိုင်းကို ဤမျှအသေးစိတ် မထိန်းချုပ်နိုင်ပေ။ ထိန်းချုပ်နိုင်ပါက တာအိုဂိုဏ်းအား မည်သူမျှအနိုင်ယူနိုင်တော့မည်မဟုတ်။
‘အတွက်အချက်ကျွမ်းတာနဲ့ သိုင်းစွမ်းအင်ကို အခုလို ထိန်းချုပ်နိုင်မယ်ထင်တယ်’
လေပြေလေးတစ်ချက်က စင်္ကြတစ်လျှောက် အသာအယာ တိုက်ခတ်သွားသည်။ ချင်မူနှင့် ပန်းကုန်စုန်မှာ ညည်းတွားလိုက်ရပြီး သူတို့၏အရိုးများ တဖျစ်ဖျစ် မြည်သွားကြ၏။ လေပြေက သူတို့ခန္ဓာကိုယ်အပေါ် ဖိအားပေးလိုက်ခြင်းမဟုတ်၊ လေပြေနှင့်အတူ ပါလာသည့် နတ်ဘုရားအငွေ့အသက်ကြောင့် သူတို့နှစ်ယောက်လုံး အသက်ပင်မရှူနိုင်လောက်အောင် မွန်းကြပ်သွားခြင်းဖြစ်သည်။
ချင်မူက အရိပ်မည်းမည်းအသွင် ပြောင်းလိုက်ပြီး နံရံထဲ ဝင်ကာ ရွေ့လျားသွားသည်။ ပန်ကုန်းစုန် ထိုအရာကို မြင်လျှင် ပါးနပ်သည်ဟု တွေးမိသွား၏။ သူလည်း အရိပ်အသွင်ပြောင်း၍ နံရံထဲ အလျင်အမြန် ဝင်လိုက်သည်။ ထို့နောက် နှစ်ယောက်သား နံရံပေါ်ရှိ အမှတ်အသားများကို ရှောင်တိမ်းပြီး ရှေ့ဆက်သွားသည့်အခါ များစွာမကြာလိုက်ဘဲ နတ်ဘုရားအငွေ့အသက် ထွက်လာသည့်နေရာကို မြင်လိုက်ရသည်။
နတ်ဘုရားတစ်ပါး၏ အလောင်း။
သူ့ခေါင်းက ထိုးဖောက်ခံထားရပြီး ကိုယ်တစ်ပိုင်းက ကျောက်ဖြစ်နေသော်လည်း ကျန်တစ်ပိုင်းက အသွေးအသားကိုယ်အဖြစ်သာ ရှိနေသေးသည်။ သူသည် ကျောက်ရုပ်အသွင်မပြောင်းနိုင်ခင် ရန်သူ၏သတ်ဖြတ်ခြင်း ခံခဲ့ရ၏။
စင်္ကြံတိုက်ပွဲ၏ ရက်စက်ပြင်းထန်မှုက သူတို့နှစ်ယောက် တွေးတောနိုင်စွမ်းထက် ကျော်လွန်နေသည်။
နှစ်ယောက်သား နံရံတစ်လျှောက် ဖြတ်ပြေးပြီး ပန်းချီကားထဲမှ အဘိုးအိုနောက် လိုက်ကြသည်။ ဆယ်ကိုက်ကျော်သောအခါ နတ်ဘုရားအလောင်း နောက်တစ်လောင်း တွေ့လိုက်ရ၏။ ထို့နောက် သုံးလောင်းမြောက်၊ လေးလောင်းမြောက်...
ချင်မူနှင့် ပန်ကုန်းစုန်မှာ ရင်တဒိန်းဒိန်း ခုန်လာပြီး ကြောက်ကြောက်လန့်လန့်ဖြင့် ရှေ့ဆက်သွားနေကြသည်။ နောက်ဆုံးတော့ စင်္ကြံ၏အဆုံးသို့ ရောက်လာပြီး တံခါးတစ်ချပ် မြင်လိုက်ရ၏။
တံခါးက ကျွီခနဲ အလိုလိုပွင့်သွားသည်။
ချင်မူ တခဏတွေးပြီးနောက် နံရံမှ ကြမ်းပြင်ပေါ် လျှောဆင်းကာ ဝင်သွားလိုက်သည်။
ပန်ကုန်းစုန်က အထဲ၌ အန္တရာယ်ရှိမရှိ ကြည့်ချင်သည့်အတွက် ချင်မူ ဝင်သွားသည်ကို စောင့်နေသည်။ ချင်မူ ဝင်ပြီးနောက် အန္တရာယ်မရှိပုံပေါ်မှ ပန်ကုန်းစုန် နံရံပေါ်မှ ဆင်းလာသည်။ သို့သော် သူ ဝင်တော့မည့်ဆဲဆဲမှာပင် တံခါးက ကျွီခနဲ ပြန်ပိတ်သွား၏။
ပန်ကုန်းစုန် တံခါးကို ထုလိုက်သော်လည်း တံခါးက ပွင့်မလာပေ။ တံခါးများကို တွန်းဖွင့်၍ရကြောင်း သူ သတိရလိုက်၍ ဖွင့်ပြီး အထဲဝင်ကာ ခေါင်းမော့ကြည့်လိုက်သည်။ သူ့ရင်ထဲ စိမ့်ခနဲ ဖြစ်သွားပြီး ချွေးသီးများ သူ့နဖူးမှ လိမ့်ဆင်းကျလာ၏။
တံခါး၏အပြင်တွင် ယိုတုကမ္ဘာ၏ အမှောင်ထု ရှိနေသည်။ မှိတ်တုတ်မှိတ်တုတ် လက်နေသော အလင်းစက်များက ကောင်းကင်ထက်က ကြယ်တာရာများသဖွယ် ကူးခတ်သွားလာနေကြ၏။
လောလောဆယ် သူ ရပ်နေသည်မှာ သင်္ဘော၏ ကုန်းပတ်အပေါ်တွင် ဖြစ်သည်။ ချင်မူနှင့် ပန်းချီကားထဲမှ အဘိုးအိုအား အရိပ်အယောင်ပင် မမြင်ရပေ။
တံခါးပိတ်သွားပြီးနောက် ဟင်းလင်းပြင်အစီအရင်က နေရာပြောင်းသွားသည့်အတွက် ချင်မူ ဝင်သွားသော အခန်းမဟုတ်တော့ပေ။
“သေစမ်း”
ပန်ကုန်းစုန် ဒေါသထွက်သွားပြီး တံခါးကို ပြန်လှည့်ဖွင့်လိုက်သော်လည်း တံခါးအနောက်ရှိ အခန်းက လျှို့ဝှက်စင်္ကြံမဟုတ်တော့ဘဲ အခန်းအသစ်တစ်ခန်း ဖြစ်နေချေပြီ။