← Chapters

သစ်ပင်ထဲကလူ

Vol. 23 Ch. 311

သစ်ပင်ထဲကလူ

Vol. 23 Ch. 311

“ခွေးသူတောင်းစားချင်၊ ပြောတဲ့ စကားတစ်ခွန်းမှ မယုံရဘူး”

ပန်ကုန်းစုန် မီးပုံယမ်းကျ ပေါက်ကွဲနေသည်။ သူက အသံကျယ်ကြီးဖြင့် အော်ဟစ်ရင်း တွေ့ရာအခန်းတစ်ခန်းထဲ ဝင်လိုက်၏။ “ဘယ်နေရာမှာများ ပူးပေါင်းခဲ့လဲဟမ်။ သင်္ဘောပေါ်မှာ မိတ်ဆွေ၊ သင်္ဘောအပြင်ရောက်တာနဲ့ ရန်သူဆိုတာကရော ဘယ်ရောက်သွားပြီလဲ။ ကလစ်ကကျစ်လေး။ ကောင်းတာတွေ့တာနဲ့ ထွက်ပြေးသွားရုံတင် မကဘူး တစ်ယောက်တည်း မောင်ပိုင်စီးပစ်တယ်။ အသေချင်းဆိုးနဲ့ သေပါစေ ခွေးသူတောင်းစား”

သူ ချင်မူ့နောက်တွင် ရှိတုန်းက လျှို့ဝှက်အခန်းထဲ ဝင်ပြီးသည်နှင့် ချင်မူ တံခါးပိတ်လိုက်သည်ကို ကွက်ကွက်ကွင်းကွင်း မြင်ခဲ့သည်။

တံခါးက အလိုအလျောက် ပိတ်သွားခြင်းမဟုတ်၊ ချင်မူက ဟင်းလင်းပြင်သင်္ချာအစီအရင်ကို အသုံးချ၍ သူ့ကို သူ့ကို မျက်ခြေဖြတ်ခဲ့ခြင်း ဖြစ်သည်။

ထိုခွေးသူတောင်းစားက အကုန်လုံးကို တစ်ယောက်တည်း မောင်ပိုင်စီးရန် ဆုံးဖြတ်ထားလေပြီ။

ပန်ကုန်းစုန် စိတ်ငြိမ်ငြိမ်ထားပြီး ဟင်းလင်းပြင်အစီအရင်၏ ဒုတိယအလွှာကို တွက်ချက်လိုက်သည်။ “ဒုတိယအလွှာ ရှိနေတာ သိပြီဆိုတော့ အဲဒီစင်္ကြံဘယ်မှာ ရှိလဲ အလွယ်တကူ တွက်ကြည့်နိုင်တယ်။ မင်းတစ်ယောက်တည်း မောင်ပိုင်စီးနိုင်မယ် မထင်နဲ့”

သူ စတင်တွက်ချက်ရင်း တစ်ခန်းဝင်၊ တစ်ခန်းထွက်၍ သူ၏လက်အောက်ငယ်သားများကို လိုက်ရှာသည်။ သို့သော် ဤသင်္ဘော၏အခန်းအရေအတွက်က များပြားလွန်းသည့်အပြင် သူ၏ငယ်သားများမှာ တစ်ခန်းဝင်၊ တစ်ခန်းထွက်ရင်း လမ်းပျောက်သွားကြ၏။ အထွက်လမ်းကို ရှာရင်း အတွင်းထဲသာ ရောက်သထက် ရောက်သွားကြသည်။

ပန်ကုန်းစုန်က ဟင်းလင်းပြင်အစီအရင်ကို ဖြေနိုင်ခဲ့ပြီဖြစ်သော်လည်း သူ့လူများကို လိုက်ရှာနေသေးသည်။ လမ်းတွင် အမွှေးဖြူလင်းနို့နှစ်ကောင်နှင့် နဂါးချီလင်နှင့်ပင် ပက်ပင်းတိုးသေး၏။ နဂါးချီလင်က ဟင်းလင်းပြင်အစီအရင်ကို တွက်ချက်ရန် ကြိုးစားနေပြီး ပဲ့ထိန်းအခန်း၏ တည်နေရာကို ရှာတွေ့တော့မည့်ဖြစ်သည်။

နှစ်ဖက် တွေ့သည်နှင့် တိုက်ခိုက်ကြသည်။ ပန်ကုန်းစုန်တို့ အထိနာသွားသော်လည်း ကံကောင်းစွာနှင့် မှော်ဆရာဘုရင်တစ်ဦး ဝင်လာ၍ ပန်ကုန်းစုန်နှင့် ကျန်ရှိသူများအား ကယ်လိုက်နိုင်သည်။

ကျန်မှော်ဆရာဘုရင်များကို ရှာတွေ့သည့်အခါ ပန်ကုန်းစုန်မှာ စင်္ကြံ၏တည်နေရာကို မတွေ့သေး၍ စိတ်ပျက်လက်ပျက် ဖြစ်နေသည်။

‘မတွေ့လည်း ကိစ္စမရှိပါဘူး။ ခွေးသူတောင်းစားချင် သေချာပေါက် ပြန်လာမှာပဲ။ အဲဒီအချိန်ကျမှ သူ့ကို ဖမ်းပြီး ငွေခေါင်းဆောင်း လုရမယ်။ ကျန်တဲ့လျှို့ဝှက်ချက်တွေလည်း အစ်မေးရမယ်’

စင်္ကြံ၏အဆုံးရှိ အခန်းထဲတွင် ချင်မူက အပြစ်ကင်းစင်သောမျက်နှာပေးဖြင့် မျက်တောင်ခတ်လိုက်သည်။ ပန်ကုန်းစုန်ကို တမင်တကာ ချန်ခဲ့ခြင်းဖြစ်၏။ ပန်းချီကားထဲမှ အဘိုးအိုက ဤသင်္ဘော၏လျှို့ဝှက်ချက်ဆီ သူ့အား လမ်းပြပေးခဲ့ပြီး လျှို့ဝှက်ချက်ကို တွေ့ရတော့မည်ဖြစ်၍ သူ့အနောက်မှ လိုက်နေသော ပန်ကုန်းစုန်ကြောင့် စိတ်ရှုပ်ခံနေစရာမလိုတော့ပေ။

ပန်ကုန်းစုန်နှင့် ပူးပေါင်းရန် သဘောတူခဲ့ခြင်းမှာလည်း အန္တရာယ်ကြုံလာပါက ရင်ဆိုင်နိုင်ရန်အတွက်သာ ဖြစ်သည်။ ယခု မည်သည့်အန္တရာယ်မှ မရှိတော့သည်နှင့် သူ့ကို ကန်ထုတ်ခဲ့သည်က မထူးဆန်းပေ။

‘မှော်ဆရာသခင်၊ မင်းလည်း ဒါကို တွေးထားမိမှာပဲမဟုတ်လား။ ဒါပေမဲ့ ငါက မင်းထက် သာသေးတယ်’

သူက လှည့်၍ ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်သည်။ ဤအခန်းကား ကျန်အခန်းများနှင့်မတူ။ အရှေ့ပင်လယ်၏ ရေအောက်ကြမ်းပြင်တွင် တွေ့ခဲ့ရသော ချူတောင်နတ်ဘုရားကျောင်းဆောင်ကဲ့သို့ အလွန်တရာကျယ်ပြောနေသည်။ ဆယ်မိုင်အကျယ်အဝန်းနီးပါး ရှိသည့်အတွက် သင်္ဘောထဲတွင် အသေးစားကမ္ဘာငယ်လေးတစ်ကမ္ဘာအား ဝှက်ထားသကဲ့သို့ ဖြစ်သည်။

ဤအခန်းသည် ချူတောင်နတ်ဘုရားကျောင်းဆောင်ထက် သေးငယ်သော်လည်း သင်္ဘောထက်ပင် ကြီးမားပေရာ သင်္ဘောအတွင်းထဲ၌ ယခုလိုနေရာမျိုး ရှိနေခြင်းက မယုံနိုင်စရာကောင်း၏။

ချင်မူ ခေါင်းမော့ကြည့်လိုက်သည့်အခါ မျက်နှာကြက်က သစ်သားချောင်းရှည်ရှည်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း မြင်လိုက်ရသည်။ ချူတောင်နတ်ဘုရားကျောင်းဆောင်၏ မျက်နှာကြက်က ‌ထောင်ကျယ်နတ်သားရဲအရိုးများဖြင့် တည်ဆောက်ထားခြင်းဖြစ်ရာ မတူညီပေ။

ထောင်ကျယ်နတ်သားရဲတစ်ကောင်၏ ကိုယ်အတွင်းနေရာက အလွန်ကြီးမားကျယ်ပြန့်သဖြင့် ကျောင်းဆောင်ကို အရိုးများ၏အပြင်၌ တည်ဆောက်ဖို့သာ လိုအပ်သည်။ ထိုအခါ ကျောင်းဆောင်၏ အတွင်းနေရာက အလိုအလျောက် ကြီးမားကျယ်ပြောသွားလိမ့်မည်။

သို့သော် ဤအခန်း၏ အတွင်းနေရာမှာ အဆင့်မြင့်မှော်စွမ်းအင်နှင့် ကောင်းကင်နတ်သိုင်းများဖြင့် ဟင်းလင်းပြင်ကို ခေါက်ကာ ဖန်တီးထားခြင်းဖြစ်သည်။ ဤနည်းလမ်းက များစွာခက်ခဲ၏။

ဆန်းပြားသောအခန်း၏ အလယ်တွင် မနှိုင်းယှဉ်နိုင်လောက်အောင် ကြီးမားသော သစ်ပင်ကြီးတစ်ပင်ရှိသည်။ သစ်ပင်ကြီးက မျက်နှာကြက်ကို ထိနေပြီး အမြစ်များက ကြမ်းပြင်ထက်တွင် မြွေနဂါးများသဖွယ် ရစ်ခွေလျက် တွန့်လိမ်ဖြာထွက်နေကာ ရှေးကျသောခံစားချက်ကို ရစေသည်။

တဖျတ်ဖျတ် လက်နေသည့် အလင်းစက်များက သစ်မြစ်များကို ဖြတ်၍ ပင်စည်တစ်လျှောက် ဖြာတက်ပြီး မျက်နှာကြက်တွင် တောက်ပလာသည်။ အခန်းတစ်ခန်းလုံး လင်းထိန်သွား၏။

အလင်း‌စက်များအတွင်း၌ မှော်သင်္ကေတများ ရှိနေဟန်တူသည်။ ၎င်းတို့က သစ်မြစ်များမှအစပြု၍ မျက်နှာကြက်နှင့် ကြမ်းပြင်တစ်လျှောက် ဖြာဆင်းသွားပြီးနောက် သင်္ဘော၏ကိုယ်ထဲ ဝင်သွားကြသည်။

အချိန်အနည်းငယ်ကြာသည့်အခါ သစ်ပင်၏ကိုယ်ထဲမှ နှလုံးခုန်သံတစ်ချက် ထွက်လာသည်။

ချင်မူ သစ်ပင်ကြီးကို ဇဝေဇဝါ ကြည့်နေမိသည်။ သင်္ဘောက စိတ်ကူးဖြင့် မှန်းဆမကြည့်နိုင်လောက်‌အောင် ကြီးမားသည့် ဤရှေးဟောင်းသစ်ပင်ကြီးကို ဝန်းရံရစ်ပတ်၍ တည်ဆောက်ထားခြင်းဖြစ်သည်။ မျက်နှာကြက်ရှိ သစ်သားချောင်းရှည်ရှည်များက သစ်ပင်ကြီး၏ အကိုင်းအခက်များ ဖြစ်လိမ့်မည်။

ထိုမျှသာမက ပင်စည်ထဲမှ ထွက်လာသော အလင်းရောင်နှင့် နှလုံးခုန်သံအရ ရှေးဟောင်းသစ်ပင်ကြီးသည် အသက်ရှင်သေးပြီး သင်္ဘော၏အမြုတေအဖြစ် အလုပ်လုပ်နေသေး၏။  သစ်ပင်ကြီးက သင်္ဘော၏ စွမ်းအင်အရင်းအမြစ်ဟုပင် ဆိုနိုင်သည်။

သို့သော် ဤမျှကြီးမားလှသော သစ်ပင်ကြီးတစ်ပင် ကြီးထွားလာရန် နှစ်ပေါင်းမည်မျှ ကြာခဲ့လိမ့်မည်နည်း။

အဘယ်သို့ပြု၍ ဤရှေးသစ်ပင်ကြီးတွင် သင်္ဘောမောင်းနှင်ရန်နှင့် ခရီးရှည်သွားရန် အသုံးပြုနိုင်သော ကြောက်မက်ဖွယ်ရာစွမ်းအင် ကိန်းဝပ်နေသနည်း။

‘ထင်ထားတဲ့အတိုင်း ပဲ့ထိန်းအခန်းနဲ့ ငွေခေါင်းဆောင်းက သင်္ဘောကို ထိန်းချုပ်ဖို့ မဟုတ်ဘူး။ ဒီသစ်ပင်ကမှ ထိန်းချုပ်ပေးနေတာ’

ချင်မူ့အကြည့်က မှန်သားပြင်တစ်ချပ်ပမာ တောက်ပကြည်လင်နေသော ကြမ်းပြင်အပေါ် ကျရောက်သွားသည်။ ပန်းချီကားထဲမှ အဘိုးအိုက ကြမ်းပြင်တွင် ကပ်နေပြီး သူ့ကို လက်ပြကာ ပြေးထွက်သွား၏။

ချင်မူလည်း သိချင်စိတ်များစွာဖြင့် သူ့နောက် ပြေးလိုက်သွားသည်။ ‘ဒီအဘိုးအိုက ပန်းချီပဲမဟုတ်လား။ ဒီပန်းချီပညာက ဘိုးဘိုးနားကန်းထက် မဆိုစလောက် သာနေသလိုပဲ။ ဘိုးဘိုးနားကန်းရဲ့ ပန်းချီစွမ်းရည်က အပြန်အလှန် အာရုံခံစားမှု သုံးပြီး စုတ်ချက်တစ်ချက်နဲ့ ကောင်းကင်ဝိညာဉ် ထည့်ပေးနိုင်ပေမယ့် အသက်ဝင်လာတဲ့ ပန်းချီကားတွေက သိပ်ကြာကြာမခံဘဲ မင်ပြန်ဖြစ်သွားကြတယ်။ ဒီအဘိုးအိုကတော့ ပန်းချီကားထဲက ဆိုပေမယ့် သက်ရှိလူသားတစ်ယောက်လိုပဲ။ နံရံတွေကနေပဲ ဖြတ်သွားနိုင်တာကလွဲလို့ လူနဲ့ သိပ်မကွာဘူး။ ကမ္ဘာပေါ်မှာ ဘိုးဘိုးနားကန်းထက် ပန်းချီစွမ်းရည်မြင့်မားတဲ့လူ ရှိသေးတယ်လား။ မဖြစ်နိုင်တာ”

ချင်မူ အဓိကသော့ချက်ကို တွေးမိသွားသည်။ အဘိုးအိုကို ရေးဆွဲခဲ့သော လူသည် ပန်းချီပညာ၌ ဘိုးဘိုးနားကန်းထက် တော်ခြင်းမဟုတ်ဘဲ ဖန်ဆင်းမှုပညာ၌ အဆင့်မြင့်မားခြင်း ဖြစ်လိမ့်မည်။

ထိုလူက ဤအဘိုးအိုကို ရေးဆွဲပြီး ဖန်ဆင်းမှုပညာဖြင့် အသက်သွင်းလိုက်သည့်အတွက် ပန်းချီကားထဲမှ အဘိုးအိုက လျှို့ဝှက်အစောင့်အရှောက်လမ်းပြတစ်ဦး ဖြစ်လာခဲ့သည်။

နားကန်း၏ ပန်းချီများသည် ကျင့်စဉ်စွမ်းအင်ကြောင့် အသက်ဝင်ခြင်းမဟုတ်၊ သူ၏ပန်းချီစွမ်းရည်က မြင့်မားခြင်းကြောင့် အသက်ဝင်ခြင်းဖြစ်သည်။

ချင်မူလည်း အခန်းအလယ်ရှိ ရှေးဟောင်းသစ်ပင်ကြီးဆီ အပြေးသွားနေသော ပန်းချီကားထဲမှ အဘိုးအိုအား မှီအောင် ပြေးလိုက်သွားသည်။ သစ်ပင်အနားရောက်သည့်အခါ ချင်မူ မဆိုစလောက် မျက်မှောင်ကြုတ်သွား၏။ တောက်ပကြည်လဲ့နေသော ကြမ်းပြင်ပေါ်တွင် တစ်စုံတစ်ခု လျှောတိုက်သွားခဲ့သကဲ့သို့ စေးကပ်ကပ်အရည်စိမ်းစိမ်းများ ကပ်နေသည်ကို သူ မြင်လိုက်ရသည်။

ရှေးဟောင်းသစ်ပင်အနား ရောက်လေလေ စေးကပ်ကပ်အရည်စိမ်းစိမ်းများ များလာလေလေ ဖြစ်သည်။

ပန်းချီကားထဲမှ အဘိုးအိုလည်း စေးကပ်ကပ်အရည်များကို ပိုမိုဂရုတစိုက် ရှောင်တိမ်း၍ ရှေးဟောင်းသစ်ပင်ဆီ သွားနေသည်။

ချင်မူ သတိအနေအထားဖြင့် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ ဤနေရာသည် အလွန်ကျယ်ပြောသော်လည်း ကြောက်မက်ဖွယ်ရာကောင်းသည့်အရာများကို မမြင်ရပေ။ သို့သော် စေးကပ်ကပ်အရည်များက ချင်မူ့ကို အတန်ငယ် ထိတ်လန့်မိစေသေးသည်။ ကုန်းပတ်ပေါ် သူတို့ ဆင်းခဲ့တုန်းက  ဤအရည်များကို မြင်ခဲ့ရပြီး ထိုအချိန်က မိစ္ဆာချီအမှောင်ထု သူတို့ကို ဖုံးလွှမ်းဖို့ တလိပ်လိပ် ရွေ့လျားလာခဲ့သည့်အချိန်လည်း ဖြစ်သည်။ အဆိုပါမိစ္ဆာချီအမှောင်ထုထဲတွင် ကြောက်မက်ဖွယ်ရာသတ္တကြီးတစ်ကောင် ပုန်းအောင်းနေခဲ့၏။

စင်္ကြံသို့ မဝင်ခင် အခန်းထဲတွင်လည်း ဤကဲ့သို့ အရည်များ ပေကျံနေခဲ့သည်။

ယခုနေရာတွင်မူ အရည်စွတ်ကြောင်းများက နေရာအနှံ့ဖြစ်နေရာ ဤရှေးဟောင်းသစ်ပင်က စေးကပ်ကပ်အရည်များ၏ ပိုင်ရှင်အတွက် အလွန်အရေးပါသည်ဟု ဆိုလိုသည်။

ချင်မူ ဘေးဘီဝဲယာကို ကြည့်ပြီး ရင်ထဲတွင် မသက်မသာဖြစ်လာသည်။ ကြည့်လေလေ၊ ဤနေရာက ထိုသတ္တဝါကြီး၏ အသိုက်ဖြစ်နိုင်သည်ဟု ခံစားလာရသည်။

နောက်ဆုံးတော့ ချင်မူ အဘိုးအိုနောက်မှ လိုက်လာခဲ့ရင်း သစ်ပင်ခြေရင်းသို့ ရောက်လာသည်။ သူ အတန်ငယ် မှင်သက်သွား၏။ အဖြူရောင်ဝတ်ရုံနှင့်လူ ဤနေရာတွင် ရှိနေသည်။

အတိအကျဆိုရလျှင် သူ၏မျက်နှာကိုသာ မြင်ရခြင်းဖြစ်သည်။

သင်္ဘော၏ပိုင်ရှင်၊ ချင်မျိုးရိုးဖြစ်ပြီး ရွှင်ပျော်ပျော်ကျေးရွာမှ လာခဲ့သော အဖြူရောင်ဝတ်ရုံနှင့်လူသည် ရှေးဟောင်းသစ်ပင်နှင့် တစ်သားတည်းဖြစ်နေ၏။ သူ့မျက်နှာသာ အပြင်ထွက်နေသော်လည်း အပြည့်အဝပင် မမြင်ရပေ။

သူ၏မျက်နှာလည်း ရှေးဟောင်းသစ်ပင်နှင့် တစ်သားတည်း ပေါင်းစည်းလုနီးပါး ဖြစ်နေပြီး သူ၏မျက်ဝန်းများက အသက်မဲ့နေသည်။ စောစောက နှလုံးခုန်သံက အင်မတန် နှေးကွေးစွာ ခုန်နေသော သူ့နှလုံးခုန်သံ ဖြစ်လိမ့်မည်။

ချင်မူ ငေးကြည့်နေမိသည်။ အဖြူရောင်ဝတ်ရုံနှင့်လူသည် သစ်ပင်နှင့် ပေါင်းစည်း၍ အသက်နှစ်ချောင်းကို ချိတ်ဆက်ကာ သူ၏သက်တမ်းကို ဆွဲဆန့်နိုင်ရန် ပြိုင်ဘက်ကင်းသော နည်းလမ်းတစ်ခုကို သုံးခဲ့လိမ့်မည်။ သို့သော် ဤနည်းလမ်း၏ ဆိုးကျိုးက လူတစ်ယောက်အား လှုပ်ရှားမရသော သစ်ပင်တစ်ပိုင်း ဖြစ်စေပြီး တဖြည်းဖြည်း သစ်ပင်အဖြစ် ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။

ဤလူ၏ ဒဏ်ရာများက ဆက်လက် တောင့်မခံနိုင်လောက်အောင် အလွန်ပြင်းထန်ခဲ့လိမ့်မည်။

သူ၏ရန်သူများက ဤနေရာအထိ တောက်လျှောက် လိုက်လာခဲ့၍ တစ်ယောက်မကျန် သူ ရှင်းပစ်နိုင်ခဲ့သော်လည်း အသက်ဆက်ရှင်နိုင်ရန် တားမြစ်သိုင်းကျင့်စဉ်တစ်ခုကို သုံး၍ သူ့ကိုယ်သူ ရှေးဟောင်းသစ်ပင်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပြောင်းခဲ့ရလိမ့်မည်။

ချင်မူ သူ့ကို ကြည့်နေစဉ် အဖြူရောင်ဝတ်ရုံနှင့်လူ၏ မျက်လုံးများက လှုပ်ခတ်လှုပ်ခတ် ပွင့်လာသည်။ မျက်လုံးများမှာ သစ်သားပန်းပုထုခံထားရသော မျက်လုံးများပမာ ဖြစ်နေရာ အရှေ့ကို သဲသဲကွဲကွဲ မမြင်ရပေ။

“ပန်းချီကားထဲက အဘိုးအိုကို ဒီနေရာဆီ လမ်းပြခိုင်းတာ ခင်ဗျားလား”

ချင်မူ ဤလူ့ကို အလွန်ရင်းရင်းနှီးနှီး ဖြစ်မိပြီး သူတို့နှစ်ယောက်အကြားတွင် ပတ်သက်မှုတစ်ခုခု ရှိနေသယောင် ထင်ရသည်။ သူ့နှလုံးသားမှာ ပြင်းပြင်းထန်ထန် လှုပ်ခတ်လာပြီး သူက မေးလိုက်သည်။ “ခင်ဗျားက ချင်ဖုန်းကျင့်ဆိုတဲ့လူလား။ ရွှင်ပျော်ပျော်ကျေးရွာကလား”

သစ်ပင်ထဲရှိ လူမှာ သူ့မျက်နှာကို ဖြည်းဖြည်းချင်း သဲသဲကွဲကွဲ မြင်လာရ၍ အတန်ငယ် စိတ်လှုပ်ရှားလာပုံရသည်။ သူက ပါးစပ်ကို ခက်ခက်ခဲခဲ ဖွင့်လိုက်သော်လည်း လျှာမှာ သစ်သား ဖြစ်နေသည့်အတွက် အသံမထွက်နိုင်ပေ။

ချင်မူ မှင်သက်သွားသည်။ ဤတားမြစ်ကျင့်စဉ်၏ ဆိုးကျိုးက ပြင်းထန်လွန်း၏။ အဖြူရောင်ဝတ်ရုံနှင့် လူမှာ အသက်ကို ဆွဲဆန့်နိုင်ခဲ့သော်လည်း အာရုံမခံစားနိုင်‌တော့သည်သာမက သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းအများစုမှာလည်း အလုပ်မလုပ်နိုင်တော့ပေ။

“ဒီကျောက်စိမ်းလည်ဆွဲကို မှတ်မိသေးလား”

ချင်မူ စိတ်လှုပ်ရှားမှုများကို မြိုသိပ်ရင်း လည်တိုင်မှ ကျောက်စိမ်းလည်ဆွဲကို အလျင်အမြန် ချွတ်ပြီး သစ်ပင်ထဲရှိ လူအရှေ့ တိုးကပ်ကာ ပြလိုက်သည်။ “မှတ်မိလား။ ကျွန်တော့်ကို ကောက်ရတုန်းက ခြင်းထဲမှာ ရှိနေတာတဲ့။ ကျွန်တော် မွေးကတည်းက ကိုယ်နဲ့မကွာ ဆောင်ထားခဲ့တာ။ ဒီချင်ဆိုတဲ့စာလုံးက ရွှင်ပျော်ပျော်ကျေးရွာရဲ့ ချင်စာလုံးပဲလား”

အဖြူရောင်ဝတ်ရုံနှင့်လူမှာ ပို၍ပင် စိတ်လှုပ်ရှားလာပြီး ရှေးဟောင်းသစ်ပင် လှုပ်လာသည်။ သစ်ပင်ထဲရှိ လူမှာ အချုပ်အနှောင်များမှ ရုန်းထွက်ကာ ကျောက်စိမ်းလည်ဆွဲကို ဆုပ်ကိုင်ကြည့်ချင်နေပုံပေါ်သည်။

အလင်းကွင်းများ၊ အလင်းစက်များက သစ်ပင်၏ ပင်စည်သို့ စီးဆင်းလာပြီး သူ့ကို ချုပ်သည်။

သူက ချင်မူ့ကို ပြောချင်သည့်စကားများစွာ ရှိသည့်အလား ပါးစပ်ဟလိုက်သော်လည်း စကားတစ်ခွန်းမပြောနိုင်ပေ။

ချင်မူ့မျက်နှာ ညှိုးငယ်သွားသည်။ သူက သစ်ပင်ထဲရှိ လူကိုရော၊ သူ့ကိုယ်သူပါ စကားပြောနေသည့်အလား ခပ်တိုးတိုး ရေရွတ်နေသည်။ “ဘွားဘွား ပြောတာ ကြားဖူးတယ်။ မိန်းမတစ်ယောက်ရဲ့ အလောင်းက ကျွန်တော့်ခြင်းကို မဟာမြို့ပျက်ထဲက ဒုက္ခိတဘိုးဘွားကျေးရွာကို ရောက်အောင် ပို့ပေးခဲ့တာတဲ့။ ကျွန်တော် သူ့ကို မြစ်ထဲမှာ ပြန်တွေ့ပေမယ့် ဘယ်လောက်ကြိုးစားကြိုးစား သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရဘူး။ ကျွန်တော့်မှာ ငယ်ငယ်ထဲက ဆွဲထားတဲ့ ဒီကျောက်စိမ်းလည်ဆွဲပဲ ရှိတာ။ ကျွန်တော့်မိသားစုများ ရှိနေသေးရင်ဆိုပြီး ကျွန်တော်မွေးခဲ့တဲ့နေရာကို ရှာတွေ့ဖို့ အမြဲ မျှော်လင့်နေခဲ့တာပါ...”

သူ သစ်ပင်အောက်တွင် ထိုင်ချပြီး ဒူးနှစ်ဖက်ကို ဖက်ထားသည်။ သူ ကိုင်ထားသော ကျောက်စိမ်းလည်ဆွဲက လှုပ်ခတ်နေ၏။

“ကျွန်တော့်မိဘတွေ အသက်ရှင်နေသေးပြီး ကျွန်တော် သူတို့ကို လာရှာမှာ စောင့်နေတယ်လို့ ခံစားရတယ်။ ကျွန်တော် သူတို့ကို တစ်ခါမှ မမြင်ခဲ့ဖူးဘူး...

“နေစောင့်ရှောက်သူ ဖြစ်လာတဲ့ ကလေးမလေးက ပြောတယ်၊ ကျွန်တော်က ရွှင်ပျော်ပျော်ကျေးရွာက ဖြစ်လောက်တယ်တဲ့။ အဲ့ဒါကြောင့် ရွှင်ပျော်ပျော်ကျေးရွာဆီ ရောက်အောင် သွားဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ်။ ရွှင်ပျော်ပျော်ကျေးရွာအကြောင်း လိုက်မေးပြီး သွားနိုင်မယ့် လမ်းရှာခဲ့ပေမယ့် တစ်ခါမှ မအောင်မြင်ခဲ့ဘူး။ ကျွန်တော့်ကြောင့် ဘိုးဘိုးရွာလူကြီးနဲ့ ကျန်တဲ့လူတွေတောင် သေမလို ဖြစ်ခဲ့ရသေးတယ်....

“သူတို့ကို ထပ်ဒုက္ခပေးမိမှာစိုးလို့ ဒီတစ်ခေါက် ဒီနေရာအကြောင်း မပြောခဲ့ဘူး။ ချင်ဖုန်းကျင့် ခင်ဗျားက ချင်ဖုန်းကျင့်မဟုတ်လား။ ကျွန်တော် ခင်ဗျားကို ရှာတွေ့ပေမယ့် ခင်ဗျား အခုလိုစကားမပြောနိုင် ဖြစ်နေမယ် မထင်ထားခဲ့ဘူး။ အိမ်ပြန်ပြီး ကိုယ့်အကြောင်း မေးကြည့်ဖို့က အဲဒီလောက်ခက်ရသလား...”

သူ ဒူးပေါ် နဖူးတင်ပြီး မည်သည်ကိုမျှ ထပ်မပြောချင်တော့ပေ။

ပေါက် ပေါက်

မျက်ရည်များ ကျလာသည်။

ချင်မူ သူ့မျက်လုံးများ ပွတ်၍ အပေါ်မော့ကြည့်လိုက်သည်။ မျက်ရည်များက သစ်ပင်ထဲရှိ လူ၏ပါးပြင်မှ လိမ့်ဆင်းကျလာနေလေသည်။

ရုတ်တရက် သစ်ပင်အပေါ်ရှိ တစ်စုံတခုက လူးလွန့်လာပြီး ပင်စည်ကို မြွေတစ်ကောင်လို ရစ်ပတ်လျက် လျှောဆင်းလာသည်။ ထူးဆန်းသောအသံက ထိုသတ္တဝါ၏ပါးစပ်မှ ထွက်လာ၏။ “ချင်ဟန်ကျန်း၊ အခု ချင်ဖုန်းကျင့်ကို တွေ့ရပြီဆိုတော့ ဆန္ဒပြည့်သွားသင့်ပြီပေါ့နော် ဟုတ်တယ်မလား”

All Chapters