စနေဂြိုဟ်အရှင်သခင်
Vol. 23 Ch. 312
ချင်မူ့အတွေးများ ယောက်ယက်ခတ်သွားသည်။
ချင်ဟန်ကျန်း၊ ချင်ဖုန်းကျင့်တဲ့လော
စာကြည့်ခန်းထဲတွင် ခိုင်ဧကရာဇ်၏ မျိုးဆက်များကို မှတ်တမ်းတင်ထားသည့် အိမ်ထောင်စုစာရင်းအား သူ ဖတ်ခဲ့ရ၏။ အိမ်ထောင်စုစာရင်း၏ နောက်ဆုံးစာမျက်နှာတွင် ‘၁၀၇ ဆက်မြောက် မျိုးဆက်၊ ဟန်ကျန်း၏ သားတော် ချင်ဖုန်းကျင့်’ ဟူသော စာကြောင်း ရှိခဲ့သည်။
ချင်ဖုန်းကျင့်က ချင်ဟန်ကျန်း၏ သား ဖြစ်သည်။
သို့ဆိုလျှင် သစ်ပင်ပေါ်မှ လျှောဆင်းလာသော ဆန်းကြယ်သတ္တဝါကြီး၏ စကားက မည်သည်ကို ဆိုလိုသနည်း။
သူမ ချင်ဟန်ကျန်းဟု ခေါ်နေသူက မည်သူနည်း။
ချင်ဖုန်းကျင့်ဆိုသူကလည်း မည်သူနည်း။
ချင်မူ တုန်ရီလာပြီး မျက်နှာတွင် သွေးမရှိတော့ပေ။ သူက ချင်ဖုန်းကျင့်၊ သစ်ပင်ထဲရှိ လူက သူ့အဖေ ဖြစ်နေသည်။
ဤရှေးဟောင်းသစ်ပင်ကြီးနှင့် တစ်သားတည်း ဖြစ်နေသည့်လူက သူ့အဖေတဲ့လော။
သူ နေ့တိုင်း လွမ်းဆွတ်နေရသော အရင်းဆုံးသွေးသားတဲ့လော။
အဘယ်သို့ပြု၍ ဤသို့ဖြစ်သွားခဲ့သနည်း။
ချင်မူ စိတ်ငြိမ်ငြိမ်ထားရန် သူ့ကိုယ်သူ ထပ်တလဲလဲ ပြောနေသည်။ အဘိုးကြီးမာက သူ့ကို မှာခဲ့ဖူးသည်။ မည်သည်ကိုပဲ ကြုံတွေ့ရသည်ဖြစ်စေ ဟန်မပျက်နေရမည်။ အသိနှင့် သတိကပ်ထားပါက ကမ္ဘာပျက်ကိန်းနှင့် ကြုံသည့်အခါတွင်ပင် မုချသေရမည့်ဘေးမှ လွတ်မြောက်နိုင်မည့် နည်းလမ်းကို ရှာတွေ့နိုင်လိမ့်မည်။
ထော့ကျိုးကလည်း အမြဲပြုံးထားပြီး အကောင်းဘက်မှ တွေးရန် တစ်ခါပြောခဲ့ဖူးသည်။ ထိုအခါ ရန်သူကို မထိတ်လန့်တော့သည်သာမက စိတ်ခွန်အားကို ထိန်းထားနိုင်မည်။ ခြေထောက်တစ်ဖက် ဖြတ်ခံရလျှင်ပင် အမြဲပြုံးနေရမည်။ ထိုမျှသာ ထွက်ပြေးနိုင်မည့် အခွင့်အရေးရလိမ့်မည်။
ဘွားဘွားစစ်ကလည်း နှလုံးသားကို စိတ်နှလုံးမိစ္ဆာတစ်ကောင် စွဲကပ်နေသည်ဖြစ်စေ၊ အမှောင်ထုလွှမ်းနေသည်ဖြစ်စေ စိတ်မာမာထားရန် မှာခဲ့သည်။ သူ အမှားလုပ်မိသည်နှင့် အားလုံး အဆုံးသတ်သွားလိမ့်မည်။
သို့သော် အန္တရာယ်နှင့် ရင်ဆိုင်ရသည့်အချိန်တွင်ပင် ချင်မူမှာ စိတ်မထိန်းနိုင်သေးပေ။
သူ တစ်ခါမှ မမြင်ခဲ့ဖူးသည့် သူ၏အရင်းဆုံးသွေးသား၊ သူ့အဖေ ယခုလိုအခြေအနေ ဖြစ်နေသောအခါ ဘိုးဘိုးမာ၊ ဘွားဘွားစစ်နှင့် ဘိုးဘိုးထော့ကျိုးတို့ မှာထားခဲ့သည့်အတိုင်း သူ မလုပ်နိုင်ပေ။
ချင်မူ အတတ်နိုင်ဆုံး စိတ်ထိန်းပြီး သစ်ပင်ထဲရှိ လူအကြောင်းကို မတွေးရန်၊ သူ့ကို ဂရုမစိုက်ဘဲ ထားရန် ကြိုးစားသည်။ ခန္ဓာကိုယ်တုန်ရီနေသည်ကိုလည်း ချုပ်တည်းလိုက်၏။
ရုတ်တရက် သူ့လက်ဝါးများ စူးခနဲ နာသွားသည်။ မသိလိုက်ဘဲ လက်သီးတင်းတင်းဆုပ်မိလိုက်သဖြင့် လက်သည်းများက လက်ဖဝါးထဲ စိုက်သွားရာ သွေးများစီးကျလာသည်။
ချင်မူက ခေါင်းမော့၍ သစ်ပင်ပေါ်မှ လျှောဆင်းလာသော သတ္တဝါဆန်းကြီးကို ကြည့်လိုက်သည်။
သတ္တဝါကြီးက လူတစ်ပိုင်း ၊ မြွေတစ်ပိုင်း ဖြစ်ပြီး အလွန်ကြီးမားလှ၏။ အောက်ပိုင်းမြွေကိုယ်ပေါ်တွင် မြွေအကြေးခွံမရှိဘဲ ပြောင်ချောကြီးဖြစ်သည်။ အပေါ်ပိုင်းလူကိုယ်ကတော့ မိန်းမကိုယ်ဖြစ်သည်။ သူမသည် ရှိုက်ကြီးဖိုငယ်အသွယ်သွယ်ဖြင့် ဆွဲဆောင်မှုရှိသော်လည်း သူမပါးစပ်မှ ထွက်လာသည့်အသံက ယောက်ျားသံဖြစ်၏။
လျှောဆင်းလာသည့် သူမ၏မြွေကိုယ်ကြီးက စေးကပ်ကပ်အရည်စွပ်ကြောင်းကြီးကို ကျန်ခဲ့စေသည်။ သူမသည် စနေဂြိုဟ်အရှင်သခင်အသွင်နှင့် ဆင်သော်လည်း သူမအသွင်က များစွာပို၍ ရှေးကျ၏။
သူမလည်ဂုတ်အပေါ်တွင် ငါးပါးဟပ်ကဲ့ အသားလွှာနှစ်လွှာ ရှိပုံရသည်။ သူမ စကားပြောသည့်အခါ ပါးဟပ်နှစ်ခုက ဟလာပြီး အဆက်မပြတ် တုန်ခါကာ အသံများဖန်တီးပေးသည်။
သူမကြည့်ရသည်မှာ စကားပြောရန် ပါးစပ်ဟနိုင်ဟန်မတူပေ။ အသံထွက်ဖို့ ပါးဟပ်နှစ်ခု၏ တုန်ခါမှုကိုသာ အားကိုးနေရသည်။ ထို့ကြောင့် သူမအသံက ထူးဆန်းနေခြင်းဖြစ်သည်။
ပါးဟပ်နှစ်ခုက သူမ၏အသံကြိုးများ ဖြစ်ပြီး အဖျားများတွင် လှံရွက်ကဲ့သို့ နှစ်ပေရှည်သော အရိုးဆူးချွန်များ ထွက်နေသည်။ ပါးဟပ်များ ပွင့်လာသည့်အခါ မျက်လုံးမည်းမည်းကြီးနှစ်လုံး ပေါ်လာတတ်သည်။
ချင်မူ သိထားသည်အရ စနေဂြိုဟ်အရှင်သခင်အသွင်က နှစ်မျိုးရှိသည်။ ပထမတစ်မျိုးက ကောင်းကင်အလိုတော်မုခ်ဝသော်လည်းကောင်း၊ စာလိပ်သော်လည်းကောင်း မရှိသည့် ရိုးရိုးသာမန် စနေဂြိုဟ်အရှင်သခင်၏အသွင် ဖြစ်သည်။ ဒုတိယတစ်မျိုးက ကျောနောက်တွင် ကောင်းကင်အလိုတော်မုခ်ဝ၊ လက်ထဲတွင် စာလိပ်ရှိသော ချင်မူ၏အသွင်မျိုးဖြစ်၏။
သို့သော် သူ့အရှေ့ရှိ ဆန်းကြယ်သတ္တဝါကြီးတွင် ပို၍ပင်ရှေးကျသောအသွင် ရှိနေသည်။ သူမက ဤအသွင်ကို ဖွဲ့တည်နိုင်အောင် ကျင့်ကြံထားသည်နှင့်မတူဘဲ မွေးဖွားလာသည်နှင့်တူသည်။
ဤသတ္တဝါဆန်းကြီးက နတ်ဘုရားတစ်ပါးပင် ဖြစ်နေလောက်သော ယိုတုသတ္တဝါတစ်မျိုး ဖြစ်သည်။
သူမနှင့် မျက်လုံးတစ်လုံးနှင့်တစ်လုံး ကိုက်ကိုးရာကွာသော သတ္တဝါကြီးက တစ်ကောင်တည်းမဟုတ်ပေ။
“နင်နဲ့ငါ သဘောတူညီမှုတစ်ခု လုပ်ထားတယ်နော် ချင်ဟန်ကျန်း”
သူမက သစ်ပင်ခြေရင်းအထိ လျှောဆင်းလာပြီး ရစ်ခွေလိုက်သည်။ သူမ၏ညှို့ချက်ပြင်းသောမျက်နှာက သစ်ပင်ထဲရှိ လူ၏မျက်နှာနား ကပ်သွားပြီး ခေါင်းဖြင့် သူ့မျက်နှာကို ပွတ်သပ်နေသည်။ သူမ ရယ်လိုက်သည့်အခါ သူမလည်ဂုတ်ပေါ်ရှိ ပါးဟပ်နှစ်ခု တုန်ခါကာ အသံထွက်လာသည်။
“နင် ချင်ဖုန်းကျင့်ဆိုတဲ့ နင့်သားကို တွေ့တာနဲ့ အကုန်လုံးကို စွန့်လွှတ်ပြီး ငါ့နဲ့အတူ ယိုတုကို လိုက်ခဲ့မယ်။ ရွှင်ပျော်ပျော်ကျေးရွာရဲ့ တည်နေရာကိုလည်း ပြောပြမယ်လို့ နင်နဲ့ငါ မြေအောက်ဘုံအရှင်သခင်ပဋိညာဉ် ကတိသစ္စာပြုထားတယ်။ အခု နင် သူ့ကို တွေ့ပြီဆိုတော့ နင့်ဆန္ဒလည်း ပြည့်ပြီ။ ကတိပေးထားတဲ့အတိုင်း လုပ်တော့”
သစ်ပင်ထဲရှိ လူက တုပ်တုပ်မလှုပ်ပေ။ သူ့အကြည့်သည် ချင်မူ့ကိုယ်ပေါ်တွင်သာ ရှိနေသေး၏။ သူ၏ရုပ်ခန္ဓာကိုယ်မှာ သစ်ပင်ဖြစ်နေပြီဖြစ်၍ သူ့မျက်လုံးများက အရှေ့ရှိလူကို မမြင်ရတော့ပေ။ သို့ထိတိုင် မျက်ရည်များက တပေါက်ပေါက် ကျနေဆဲဖြစ်သည်။
ရှေးဟောင်းသစ်ပင်ကြီး၏ပင်စည်ကို ရစ်ပတ်ထားသည့် ဆန်းကြယ်သတ္တဝါကြီးက သစ်ပင်ထဲရှိလူကို တခဏ အချိန်ပေးထားသည်။ သူမက အေးအေးလူလူ လျှောတိုက်လျက် သစ်ပင်ပေါ် ပြန်တက်သွားပြီး သူမအသံက ခန့်မှန်းမရသည့်နေရာမှ ထွက်လာတတ်သည်။ “နင် ယိုတုကမ္ဘာကို ဝင်တိုက်ပြီး စည်းကို ချိုးဖျက်လိုက်တုန်းက နင့်အသက်က ငွေ့ငွေ့ပဲ ကျန်တော့လို့ ဒီနတ်သစ်ပင်နဲ့ ပေါင်းစည်းခဲ့တယ်။ နင့်သားကို တွေ့ရဖို့အတွက်လေးနဲ့ အသက်ဆွဲဆန့်ထားနိုင်အောင် နင် တတ်နိုင်သမျှ ကြိုးစားခဲ့တယ်။ ငါ နင့်ဆီ ရောက်လာတော့ နင့်သားကို တွေ့တာနဲ့ နင့်အသက်ဖြစ်ဖြစ်၊ ရွှင်ပျော်ပျော်ကျေးရွာရဲ့ တည်နေရာကိုဖြစ်ဖြစ် ဘာမဆိုပေးပါ့မယ်လို့ ကတိပေးခဲ့တယ်။ နင့်အသက်ကိုရော၊ ရွှင်ပျော်ပျော်ကျေးရွာရဲ့ တည်နေရာကိုရော မြေအောက်ဘုံအရှင်သခင်ဆီ ပေးအပ်ပါ့မယ်ဆိုလို့ ငါ သဘောတူခဲ့ပြီး နင့်အသက်ကို မယူခဲ့တာပဲ”
သူမမျက်နှာက နတ်သစ်ပင်မှ တွဲလွဲကျလာပြီး ချင်မူ့မျက်နှာအရှေ့တွင် ရပ်သွားသည်။ သူမ၏မြွေကိုယ်ကြီးက ချင်မူ့ကို ရစ်ပတ်ပြီး သူမထံမှ ထူးဆန်းသောရယ်သံ ထွက်လာသည်။ “နင့်သားကို တွေ့ပြီးပြီဆိုတော့ ပြောပြီးစကား ပြန်ရုပ်သိမ်းဖို့ တွေးနေတာလား။ နင့်အရှေ့က နင့်သား သေတာကို မြင်ချင်လို့လား။ ဟီးဟီးဟီး အရသာသိပ်ရှိမယ့် အသားလေးပဲ၊ အသက်ကလည်း ငယ်ငယ်လေးရှိသေးတယ်။ ဆယ့်ခြောက်နှစ်ပဲ ရှိသေးတာမဟုတ်လား။ အသားလေး နူးညံ့ပြီး အရည်ရွှမ်းနေမှာပဲ...”
ချင်မူ့နဖူးမှ ချွေးများကျလာပြီး လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်ပတ်၍ စနေဂြိုဟ်မြေအပိုင်စား အစစ်အမှန်ကျင့်စဉ်ကို ထုတ်လွှတ်ကာ စနေဂြိုဟ်အရှင်သခင်အသွင် ပြောင်းလိုက်သည်။ သူက အက်ကွဲကွဲအသံဖြင့် ပြောလိုက်၏။ “မမကြီး ကျွန်တော့်မှာလည်း....”
“နင့်မှာလည်း စနေဂြိုဟ်အရှင်သခင်အသွင် ရှိတာလား”
ယိုတုသတ္တဝါဆန်းကြီးက သစ်ပင်ပေါ်မှ မြေကြီးပေါ် လျှောတိုက်ပြန်ဆင်းလာသည်။ သို့သော် သူမ၏ကြီးမားလှသော အမြီးကြီးက သစ်ပင်ကို ရစ်ပတ်ထားလျက်သာ ရှိသေးသည်။
သူမက အရှေ့ရှိ မြွေအသေးစားလေးကို ကြည့်ကာ သရော်တော်တော် ပြုံးသည်။ “သနားစရာလေးပါလား။ ငါ့အရှေ့မှာ ဒီလိုအသွင်ပြရဲတာ ဘယ်လောက်ရယ်စရာကောင်းပြီး မရင့်ကျက်လိုက်သလဲ။ နင် မသိဘူးလား။ စနေဂြိုဟ်အရှင်သခင်အသွင်ဆိုတာ ငါ့ကို တုပထားတာလေးသက်သက်ပဲ။ စနေဂြိုဟ်အရှင်သခင်က ငါပဲ”
သူမက ကိုယ်ကို ကိုင်း၍ ချင်မူ့မျက်နှာအနား တိုးကပ်လာသည်။ သူ သိထားသည့်အရာများ ပြောင်းပြန်လှန်ခံလိုက်ရသည့်အတွက် ဤလူငယ် ကြောက်လန့်သွားမည်၊ ထိတ်ပျာသွားမည်၊ စိတ်ဓာတ်ကျသွားမည်ကို သူမ မြင်ချင်၏။
ချင်မူမှာ ဟန်မပျက်အောင် အကောင်းဆုံးကြိုးစားသော်လည်း သူ့နှလုံးသားထဲရှိ အကြောက်တရားကို သူမက ထိုးဖောက်မြင်တွေ့သွားသေးသည်။
စနေဂြိုဟ်အရှင်သခင်က ကျေနပ်သွားသောအမူအရာဖြင့် ခေါင်းပြန်မော့ပြီး ပြုံးသည်။ “စိတ်ဝင်စားစရာကောင်းတဲ့ ကောင်လေးပဲ။ လူကြီးတစ်ယောက်ပုံစံ ဖမ်းထားပေမယ့် ဘာမှမသိတာ တော်တော်လေး ချစ်စရာကောင်းတယ်။ သင်္ဘောပေါ် ဆင်းတုန်းက ယိုတုစကားတစ်ခွန်း နင် မပြောလိုက်ဘူးလား။ အဲဒီစကားတစ်ခွန်းပဲ နင်သိတာမဟုတ်လား။ အဲဒီစကားက ကောင်းကင်အလိုတော်မုခ်ဝဆိုတဲ့ စကားပဲ။ ဒီစကားလေးကြားရတာကြောင့် ငါက နောက်ဆုတ်ပြီး နင့်ကို သင်္ဘောပေါ် ဆင်းခွင့်ပေးခဲ့တယ်ထင်လား”
ချင်မူ ခန္ဓာကိုယ်တုန်ရီနေသည်ကို ချုပ်တည်းလိုက်သည်။ စနေဂြိုဟ်အရှင်သခင်ကဲ့သို့ နတ်ဘုရားတစ်ပါး၏အရှေ့တွင် သူ၏လှည့်ကွက်အားလုံး အချည်းနှီးသာ။
သူမ ပြောခဲ့သည့်အတိုင်း သူ မည်သည့်အရာကိုမဆို ပခုံးပေါ်ထမ်းနိုင်သော လူကြီးတစ်ယောက်နှင့်တူအောင် အတတ်နိုင်ဆုံးကြိုးစားခဲ့သည်။ ရွာက လူကြီးများ၏အပြုအမူများကို လေ့လာသင်ယူခဲ့သော်လည်း သူ့မှာ ကလေးကြီးသာ ဖြစ်နေသေးသည်။
စနေဂြိုဟ်အရှင်သခင်၏ ရှေ့မှောက်တွင် သူ ကြိုးစားထားသမျှ၊ သူ လေ့လာထားသမျှ၊ သူ ရင့်ကျက်ဟန်ဆောင်ထားသမျှ အကုန်လုံး ဟာသသဖွယ် ဖြစ်နေ၏။
“လူကြီးတစ်ယောက်နဲ့တူအောင် အတတ်နိုင်ဆုံး ကြိုးစားနေတာကို ထောက်ထားပြီး ငါ နင့်ကို ခက်ခဲအောင် မလုပ်တော့ပါဘူး”
စနေဂြိုဟ်အရှင်သခင်က သစ်ပင်ဆီ ပြန်လျှောဆင်းသွားပြီး သူမအမြီးက ချစ်သူယောက်ျားကို ပွေ့ဖက်ထားသော မိန်းမတစ်ယောက်ပမာ နတ်သစ်ပင်ကို ရစ်ခွေထား၏။ သူမ ပြုံးလိုက်သဖြင့် သူမလည်ဂုတ်ပေါ်ရှိ ပါးဟပ်များ ပွင့်ကာ တုန်ခါလာသည်။ “ချင်ဟန်ကျန်း၊ ဖအေနဲ့သား ပြန်ဆုံစည်းပြီဆိုတော့ ပျော်သင့်တာမဟုတ်လား။ ဘာကြောင့် နင် ဝမ်းနည်းနေတာကို ငါ ခံစားနေရတာလဲ။ ဪ ဟုတ်သားပဲ ဒီနေ့ကစပြီး နင်တို့နှစ်ယောက် ထာဝရခွဲခွာရတော့မှာကိုး။ တစ်ယောက်က သေ၊ တစ်ယောက်က ရှင်။ ဟီး ဟီး ဟီး နင် ဒီလိုဝမ်းနည်းနေစရာမလိုပါဘူး”
သူမက သစ်ပင်ထဲရှိ လူအနား လျှောသွားပြီး သူ့ကို မော့ကြည့်ကာ သွေးအေးအေး ပြောသည်။ “ရွှင်ပျော်ပျော်ကျေးရွာရဲ့ တည်နေရာကို နင်ပြောရင် နင့်ကလေးတွေရော၊ မျိုးနွယ်ဝင်တွေရော နင့်နဲ့အတူ ယိုတုကို လိုက်လာဦးမှာပါ။ တကယ်စိတ်ဝင်စရာကောင်းတယ်။ သနားစရာလူသားတစ်ယောက်က နတ်ဘုရားတစ်ပါးနဲ့ အပေးအယူလုပ်ပြီး အားလုံး ဆုံးရှုံးလိုက်ရမှန်း မသိဘဲ အမြတ်ထွက်ပြီ ထင်နေတာတဲ့လေ။ အပေးအယူအတွက် ငါ အသုံးချလိုက်ရတာဆိုလို့ နင့်အသက်လေးပဲ ရှိတာ”
သူမက သစ်ပင်ထဲရှိလူ၏ ညာဘက်သို့ သွားပြီး ပြုံးနေသည်။ သူမအမူအရာက အလွန်ဝမ်းသာအားရနေပုံပေါ်ပြီး သူမသည် သူ့နား အနားကပ်ကာ တိုးတိုးပြောလိုက်၏။ “ငါ နင့်သားအသက်နဲ့ ရွှင်ပျော်ပျော်ကျေးရွာသားတိုင်းရဲ့အသက်ကို နုတ်ဖို့ နင့်အသက်ကို အသုံးချခဲ့တာ။ နင်ကတော့ နင့်သားနဲ့ တခဏလေးတွေ့ရမယ့် အခွင့်အရေးပဲ ရခဲ့တယ်။ တော်တော်ရူးမိုက်တဲ့ လူသားပဲ။ နင် နတ်ဘုရားတွေ၊ မိစ္ဆာတွေရဲ့ စွမ်းအင်ကို သုံးတတ်ရင်တောင်မှ အရူးအတွေးတွေကြောင့် အခုလို ဒုက္ခရောက်ရသေးတာပဲ။ ဒီအတိုင်းဆို နင် ဘယ်တော့မှ နတ်ဘုရားစိတ်အခြေအနေကို ရမှာမဟုတ်ဘူး။ ပြီးတော့ မြေအောက်ဘုံအရှင်သခင် ပဋိညာဉ်ကြောင့် နင် ကျိန်ဆိုထားတာကိုလည်း ဖောက်ဖျက်လို့မရဘူး”
သစ်ပင်ထဲရှိ လူက သတိပြန်ဝင်လာပြီး ပါးစပ်ဟသည်။ သို့သော် သူ့လျှာက သစ်သားဖြစ်နေသည့်အတွက် အသံမထွက်နိုင်ပေ။
စနေဂြိုဟ်အရှင်သခင်က ပြုံးလိုက်သည်။ “ဘာပြောချင်နေတာလဲ”
သစ်ပင်ထဲရှိလူက ပါးစပ် ထပ်လှုပ်သော်လည်း မည်သည့်အသံမှ ထွက်မလာ။
စနေဂြိုဟ်အရှင်သခင်က သူပြောနေသည့်စကားကို သိချင်၍ အနားတိုးကပ်သွားပြီး သိချင်စိတ်များဖြင့် မေးလိုက်သည်။ “နင် ဘာပြောဖို့ ကြိုးစားနေတာလဲ”
သစ်ပင်ထဲရှိလူမှာ အသံတစ်သံမှ မထွက်နိုင်သေးပေ။
ချင်မူ စိတ်ပြန်ငြိမ်သွားပြီး ပြောလိုက်သည်။ “စနေဂြိုဟ်အရှင်သခင်၊ အဖေနဲ့သားဆိုတာ နှစ်ကိုယ့်တစ်စိတ်ပါ။ အဖေ ပြောဖို့ကြိုးစားနေတာကို ကျွန်တော် သိတယ်”
စနေဂြိုဟ်အရှင်သခင်က သူ့ကို တစ်ချက်လှည့်ကြည့်သည်။ “သူ ဘာသံမှ မထွက်နိုင်တာတောင် နင်က ကြားရတယ်တဲ့လား”
“ကျွန်တော်တို့ သားအဖရဲ့ အသက်က စနေဂြိုဟ်အရှင်သခင်ရဲ့ လက်ထဲမှာပါ။ ကျွန်တော်တို့က စနေဂြိုဟ်အရှင်သခင်ကို လှည့်စားမှာစိုးနေသေးတာလား”
စနေဂြိုဟ်အရှင်သခင်က သူ့ကို လေးလေးနက်နက် ကြည့်၍ ဟက်ခနဲ ရယ်သည်။ “နင်တို့တွေ မလှည့်စားနိုင်ပါဘူး။ သူ ပြောချင်နေတာလဲဆိုတာ ကြည့်ရသေးတာပေါ့”
ချင်မူ ရှေ့တိုးသွားပြီး သစ်ပင်ထဲရှိ လူ၏ မျက်နှာအနား ကပ်လိုက်သည်။ သူက ခေါင်းစောင်းကာ နားထောင်နေပြီး တခဏကြာသော် ပြော၏။ “အဖေ ပြောတာက မျက်လုံးတွေက အမြင်ကွယ်လုနီးပါး ဖြစ်နေတော့ ကျွန်တော့်မျက်နှာကို သဲသဲကွဲကွဲ မမြင်ရဘူးတဲ့။ ကျွန်တော့်ကို မြင်ရတယ်လို့ ထည့်မတွက်နိုင်တဲ့အတွက် မြေအောက်ဘုံအရှင်သခင် ပဋိညာဉ်က အကျုံးမဝင်ပါဘူးတဲ့”
စနေဂြိုဟ်အရှင်သခင် မှင်သက်သွားပြီး ပြောလိုက်သည်။ “စိတ်ဝင်စားစရာပဲ။ နင်တို့ သားအဖေက အခုလိုစိတ်ချင်းဆက်နေမယ်လို့ မထင်ထားခဲ့ဘူး။ ဒီကိစ္စက နည်းနည်းတော့ ပြဿနာများတယ်။ နတ်သစ်ပင်နဲ့ တစ်သားတည်းဖြစ်အောင် သူ သုံးလိုက်တဲ့ ကျင့်စဉ်က အခြားသူတွေဆီက အသက်ဓာတ်ငှားယူရတဲ့ တားမြစ်ကျင့်စဉ်တစ်ခုပဲ။ ‘သစ်ခြောက်ပင်တွင် နွေဦးကျသည်’ လို့ခေါ်တယ်။ ဒီကျင့်စဉ်ရဲ့ တန်ပြန်သက်ရောက်မှုက တအား ပြင်းထန်တယ်။ အသက်တွေတင် ချိတ်ဆက်သွားတာမဟုတ်ဘူး၊ ရုပ်ခန္ဓာအချင်းချင်းလည်း ပေါင်းစည်းသွားမှာ။ နင့်အဖေ အဲဒီနတ်ဘုရားတွေနဲ့ တိုက်ခိုက်တုန်းက သေလုမျောပါး အားအင်ကုန်ခမ်းနေမယ့် ဒီတားမြစ်ကျင့်စဉ်နဲ့ အသက်ဆွဲဆန့်ဖို့အပြင် ရွေးချယ်စရာမရှိခဲ့ဘူး။ အခုတော့ သူ့မျက်နှာတောင် သစ်ပင်သားဖြစ်တော့မှာဆိုတော့ ပြန်ကုသဖို့က သိပ်ခက်မှာ။ ဒါပေမဲ့ ငါ့အတွက်တော့ မခက်ဘူး။ ငါက အသက်တွေကို ခြယ်လှယ်တဲ့ ယိုတုကပဲ မဟုတ်လား...”
စနေဂြိုဟ်အရှင်သခင်၏ လည်ဂုတ်ပေါ်ရှိ ပါးဟပ်နှစ်ခုက ပွင့်သွားပြီး မျက်လုံးနှစ်လုံး၏အရိပ် ပေါ်လာသည်။ မျက်လုံးနှစ်လုံးမှ အလင်းတန်းနှစ်တန်း ထွက်လာကာ သစ်ပင်ထဲရှိ လူ၏ ခန္ဓာကိုယ်ကို ထိသွား၏။ တဖြည်းဖြည်း မျက်နှာပြင်ပေါ်ရှိ သစ်ခေါက်များ ကွာကျစပြုလာပြီး သူ့လည်ပင်း၏အရေပြားပေါ်က သွေးကြောများမှာလည်း သစ်ကြောများနှင့် မတူတော့ပေ။