← Chapters

သားအဖ

Vol. 23 Ch. 313

သားအဖ

Vol. 23 Ch. 313

စနေဂြိုဟ်အရှင်သခင်၏ လည်ဂုတ်ပေါ်ရှိ ပါးဟပ်နှစ်ခုထဲမှ အလင်းတန်းနှစ်တန်းသည် သစ်ပင်ထဲရှိလူ၏ ခန္ဓာကိုယ် တောင့်တင်းနေသည်ကို ဖြေလျှော့ပေးလိုက်၏။ ခန္ဓာကိုယ်ထဲရှိ သစ်သားဓာတ် ဖိနှိပ်ခံလိုက်ရသည်နှင့် အမြင်ပြန်ရလိမ့်မည်။

သစ်ပင်ထဲရှိလူ၏ မျက်နှာပေါ်ရှိ သစ်သားများ ကွာကျလာပြီး သစ်သားဖြစ်နေသော သူ၏လျှာလည်း ဖြည်းဖြည်းချင်း လှုပ်၍ရလာသည်။

ပါးဟပ်ထဲရှိ မျက်လုံးနှစ်လုံးက ပိတ်သွားပြီး စနေဂြိုဟ်အရှင်သခင်က ပြောသည်။ “ချင်ဟန်ကျန်း၊ နင့်သားကို အခု မြင်ရပြီမလား”

သူမသည် အလွန်သတိကြီးသူဖြစ်ပြီး သစ်ပင်ထဲရှိ လူက အတိုင်းထက်အလွန် သိုင်းစွမ်းရည်မြင့်မားကြောင်း သိထားသည်။ သူက ပုံမှန်အခြေအနေတွင် သူမအောက် မလျော့သည့်အတွက် သူ့ကိုယ်ထဲရှိ တားမြစ်ကျင့်စဉ်ကို သူမ အရှင်းမဖြေပေးလိုက်ပေ။ သူ၏မျက်လုံးများသာ ရှင်းရှင်းလင်းလင်း မြင်နိုင်အောင် လုပ်ပေးလိုက်သည်။

သစ်ပင်ထဲရှိ လူက မျက်လုံးများကို စေ့နေအောင် ပိတ်ထားပြီး ပါးစပ်ဟသော်လည်း အသံမထွက်နိုင်သေးပေ။

ချင်မူက ခေါင်းစောင်း၍ နားထောင်ပြီး ခေါင်းတဆတ်ဆတ် ညိတ်သည်။ တခဏကြာသော် သူ ပြောသည်။ “အဖေပြောချင်တာက စနေဂြိုဟ်အရှင်သခင်ရဲ့အထင် မှားနေတယ်တဲ့”

စနေဂြိုဟ်အရှင်သခင်က ခေါင်းကို စောင်းငှဲ့ကာ သရော်တော်တော် ပြုံးသည်။ “ဘာမှားသွားတာလဲ”

သစ်ပင်ထဲရှိ လူက မျက်လုံးဖွင့်လိုက်သည်။ မျက်လုံးများမှာ မည်သည်ကိုမျှ မမြင်ရသေးသည့်အပြင် သူ့မျက်နှာအရေပြားမှာ လျင်မြန်စွာ တောင့်တင်းလာနေသော်လည်း နတ်သစ်ပင်၏အမြစ်များက လှုပ်နေသည်။

ချင်မူ စိတ်တည်ငြိမ်သွားသည်။ “ စနေဂြိုဟ်အရှင်သခင် မှားသွားတာက... အဖေက ကျွန်တော့်ကို တွေ့ချင်နေလို့ မြေအောက်ပဋိပညာဉ်ကို ကျိန်ဆိုခဲ့တယ်ထင်နေတာပဲ။ အဖေက ကျွန်တော့်ကို ဘယ်တော့မှ မတွေ့ချင်ခဲ့ဘူး။ သူ့ရည်ရွယ်ချက်က နည်းနည်းပါးပါး လှုပ်ရှားနိုင်ဖို့ သူ့ကို လွှမ်းမိုးနေတဲ့ သစ်သားဓာတ်ကို စနေဂြိုဟ်အရှင်သခင် ဖိနှိပ်ပေးရအောင် လှည့်စားဖို့ပဲ”

စနေဂြိုဟ်အရှင်သခင်က သရော်တော်တော် ပြုံးလိုက်၍ ပါးဟပ်များ တုန်ခါသွားသည်။ “အဲ့ဒါက ချင်ဟန်ကျန်းပြောချင်နေတဲ့စကားလား၊ နင် ပြောချင်နေတဲ့စကားလား။ ကောင်လေးဖုန်းကျင့် နင် နင့်ကိုယ်ကိုယ် အထင်ကြီးတာများနေပြီ။ ချင်ဟန်ကျန်း နည်းနည်းပါးပါး လှုပ်သွားနိုင်တော့ရော ဘာအရေးလဲ။ သူ့ဓားက ကျိုးသွားခဲ့ပြီးပြီ။ ဒီခန္ဓာကိုယ်လေးသက်သက်နဲ့ သူက ငါ့ပြိုင်ဘက်မဟုတ်ဘူး”

ချင်မူ ခေါင်းယမ်းကာ ပြောလိုက်သည်။ “ဒီစကားက ကျွန်တော် ပြောချင်တာလည်း ဟုတ်တယ်။ အဖေ ပြောချင်နေတာလည်း ဟုတ်တယ်။ နတ်ဘုရားတွေ၊ မိစ္ဆာတွေတောင်မှ အရာအားလုံးကို မထိန်းချုပ်နိုင်ပါဘူး။ ကံကြမ္မာကို လက်မခံနိုင်လို့ ခုန်ထွက်ဖို့ ကြိုးစားရတဲ့ သက်ရှိသတ္တဝါတွေ အမြဲရှိနေစမြဲပါ။ အဖေ မတိုက်ခိုက်နိုင်တာ မှန်တယ် ဒါပေမဲ့....

“သူ့ဓားကို ကျွန်တော် ယူလာတယ်”

ချင်မူ့ကျောနောက်မှ နှင်းကဲ့သော ဖြူဆွတ်တောက်ပနေသော ဓားရောင်သည် အထက်ကောင်းကင်သို့ ထိုးတက်ဖြာထွက်သွား၏။

ရွှင်ပျော်ပျော်ဓားက သစ်သားဓားအိမ်ကို ခွဲထွက်လိုက်ပြီး နတ်သစ်ပင်ထဲမှ သစ်သားလက်ကြီးတစ်ဖက် ထွက်လာသည်။ ဓားရောင်က အခန်းတစ်ခန်းလုံးတွင် လင်းထိန်သွားပြီး ချင်မူ့မျက်ဝန်းရှေ့ရှိ အရာအားလုံး နှင်းကဲ့သို့ ဆွတ်ဆွတ်ဖြူသွားသည်။ မည်သည့်အရာကိုမှ သူ မမြင်ရတော့ပေ။

ဤဓားသိုင်းသည် လမ်းစဉ်အဆင့်နှင့် နီးကပ်နေသော ဓားသိုင်းဖြစ်ရာ သူ၏အသိအမြင်ထက် ကျော်လွန်နေသည်။

ဓားက ကမ္ဘာမြေတုန်ဟုည်းစေသော စွမ်းအင်တို့ဖြင့် ပေါက်ကွဲပြီး ဓားရောင်များကို ဖြန့်ကျက်နေသည်။ ခဏကြာသော် ဓား‌ရောင်များက မိုးပေါ်တက်သွားပြီး ချင်မူ မြင်လိုက်ရသည်က ဓားမဟုတ်တော့။ လူတစ်ယောက်၏ ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်း၊ ခွဲခွာဆုံစည်းခြင်းများ၊ သူ၏ဘဝတစ်ခုလုံးနှင့် နောင်တကင်းမဲ့နေသည့် စိတ်ကို မြင်လိုက်ရသည်။

ဓားနှင့်လမ်းစဉ်သည် တစ်သားတည်း ဖြစ်သွား၏။

ရွာလူကြီး၏ဓားပန်းချီ၊ တာအိုဂိုဏ်း၏ တာအိုဓားဆိုသော ဒဏ္ဍာရီလာဓားသိုင်းအားလုံး ဤဓားသိုင်း၏ရှေ့မှောက်တွင် အရောင်အသွေး ပျောက်ကွယ်သွားရလိမ့်မည်။

ဓားရောင်ထဲတွင် စနေဂြိုဟ်အရှင်သခင်၏ အထိတ်တလန့်အော်သံကြီး ထွက်လာပြီး နတ်စွမ်းအင်များ ဖြာဆင်းနေသည်ကို ချင်မူ ခံစားနေရသည်။ ပြင်းထန်သော အပူလှိုင်းလုံးကြီးများက အဆုံးမဲ့ဖိအားနှင့်အတူ တရိပ်ရိပ် ရိုက်ခတ်နေရာ ချင်မူမှာ တုနှိုင်းမဲ့ပြိုင်ဘက်ကင်းလောက်အောင် ကြီးမားထူထဲသော မြေထုကြီးဖြင့် ဆောင့်တိုက်ခံနေရသကဲ့သို့ ခံစားနေရသည်။

မြင်မြင်သမျှအရာခပ်သိမ်းကို နင်းခြေသွားမည့်အလား ထင်ရလောက်အောင် ကြီးမားလှသည့် လိမ္မော်ရောင်ကြယ်ကြီးတစ်စင်းကို သူ မြင်လိုက်ရသည်။ စနေဂြိုဟ်အရှင်သခင်က ကြောက်မက်ဖွယ်ရာ စွမ်းအင်တို့ ပြည့်သျှံနေသော ထိုကြယ်ကြီး၏အရှေ့၌ ရပ်နေသည်။

ချင်မူ မျက်လုံးများပူစပ်လာ၍ ကပျာကယာ ပိတ်လိုက်ရသည်။ တရိပ်ရိပ် ဖြာဆင်းနေသော နတ်စွမ်းအား လျင်မြန်စွာ အားနည်းလာသည်ကို သူ ခံစားလိုက်ရသည်။ ထို့နောက် တံခါးပိတ်သံ ဒုန်းခနဲ ကြားလိုက်ရသည်။

“ချင်ဟန်ကျန်း၊ ချင်ဖုန်းကျင် နင်တို့သားအဖေ လွတ်ပြီမထင်နဲ့ ၊ ငါ သေချာပေါက် ပြန်လာရှာမယ်” စနေဂြိုဟ်အရှင်သခင်၏ ထူးဆန်းသောအသံကြီးက ဝေးသထက် ဝေး၍ သွားသည်။ သင်္ဘောကြီးလည်း ဝုန်းခနဲ ပြင်းပြင်းထန်ထန် ယိမ်းခါသွား၏။ စနေဂြိုဟ်အရှင်သခင် ထွက်ပြေးသွားပြီဖြစ်သည်။

ဒုတ်

ချင်မူ တိတ်တိတ်လေး မျက်လုံးခိုးဖွင့်ကြည့်လိုက်သည်။ စောစောက လင်းထိန်နေခဲ့သော ဓားရောင်များ ပျောက်ကွယ်သွားပြီဖြစ်ပြီး ရွှင်ပျော်ပျော်ဓားက သူ့အရှေ့တည့်တည့်ရှိ ကြမ်းပြင်ကို စိုက်နေသည်။ ဓားရိုးက တုန်ခါဆဲရှိသေး၏။

ဓားအောက်တွင် နတ်ဘုရားသွေးကွက်တစ်ကွက် ရှိသည်။ သွေးကွက်မှ နတ်ရောင်ဝါများ ရောင်စုံတောက်ပနေရာ အလွန်အံ့အားသင့်ဖွယ်ကောင်းလေသည်။

ချင်မူ လှည့်ကြည့်လိုက်သည့်အခါ သစ်ပင်ထဲရှိ လူ၏မျက်နှာကို မြင်လိုက်ရသည်။ သစ်ပင်သားများ တစတစ ပျောက်ကွယ်နေသော်လည်း သူက မျက်လုံးများကို တင်းတင်းပိတ်ထားပြီး မျက်လုံးဖွင့်လိုစိတ်မရှိပေ။

ဖွင့်လိုက်ပါက မြေအောက်ဘုံအရှင်သခင်ပဋိညာဉ် အသက်ဝင်လာပြီး   မြေအောက်ဘုံအရှင်သခင်က သူ့ဝိညာဉ်ကို လာခေါ်လိမ့်မည်။ ရွှင်ပျော်ပျော်ကျေးရွာ၏ တည်နေရာလည်း ပေါ်သွားမည်ဖြစ်ရာ သူ၏တစ်မိသားစုလုံး အသတ်ခံရလိမ့်မည်။

ချင်မူ ငိုင်တွေသွားသည်။

သူ့ကို ဘယ်တော့မှ မျက်လုံးဖွင့်မကြည့်တော့ဘူးလား...

“ကျွန်တော်က ချင်ဖုန်းကျင့်လို့ခေါ်တာလား” ချင်မူ သစ်ပင်ထဲရှိ လူကို ကြည့်ရင်း တိုးညှင်းညင်သာစွာ မေးလိုက်သည်။ “ရွာလူကြီးက ကျွန်တော်က မူလို့ နာမည်ပေးခဲ့တယ်။ နွားကျောင်းသားလေး ချင်မူတဲ့”

သူ သစ်ပင်ကို မှီလိုက်ပြီး တိုးတိုးလေး ပြောသည်။ “အဲ့နေ့ကစပြီး ကျွန်တော့်ကို ချင်မူလို့ပဲ ခေါ်ကြတာ။ ကျွန်တော့်မိဘတွေ ကျွန်တော့်ကို နာမည်ပေးထားပြီးမှန်း အခုမှ သိတော့တယ် ဖုန်းကျင့်တဲ့လား.... နည်းနည်းလေး စိမ်းနေသေးတယ်။ ခင်ဗျားက ကျွန်တော့်အဖေလား”

ချင်ဟန်ကျန်းက မျက်လုံးပိတ်ထားဆဲဖြစ်သော်လည်း သစ်ပင်မှ သစ်ကိုင်းတစ်ကိုင်း ထွက်လာသည်။ သစ်ကိုင်းမှ သစ်ရွက်နုလေးတစ်ရွက် ထွက်လာပြီး ချင်မူ့ခေါင်းကို အသာအယာ ပွတ်သပ်ပေးလေသည်။

ချင်မူ သစ်ပင်ကို တိတ်ဆိတ်စွာ မှီနေမိပြီး ပြောပြမတတ်သော ခံစားချက်များက လှိုင်းရေအလျဉ်များပမာ သူ့နှလုံးသားကို အရှိန်အဟုန်ပြင်းပြင်း ဝင်တိုက်နေသည်။

မည်သူမှ သူ့ကို ယခုလို ညင်ညင်သာသာလေး ပွတ်သပ်မပေးခဲ့ဖူးပေ။ ဆေးဆရာက ကလေးမချစ်တတ်၍ လက်ပွန်းတတီးမနေ။ သူ ဆေးဖော်သည့်အခါ ကလေးပေါက်စလေးချင်မူကို လက်ကဆွဲလျှင်ဆွဲ၊ ခြေ‌ထောက်ကဆွဲလျှင်ဆွဲ ဆေးဒယ်အိုးထဲ ထည့်ထားတတ်သည်။

မျက်ကန်းကလည်း ခေါင်းပွတ်သပ်ပေးခြင်းမျိုး မရှိခဲ့။ ချင်မူ တောင်ဝှေးသိုင်းကို အကောင်းဆုံးကစားပြလျှင်ပင် မျက်ကန်းသည် ခေါင်းညိတ်ရုံသာ ညိတ်ပြီး ချီးကျူးပုံပြတတ်သည်။ သူ့ကို တစ်ခါမှ အလိုမလိုက်ခဲ့ဖူးပေ။

အဘွားစစ်မှာ က‌လေးတစ်ယောက်မှ မမွေးခဲ့ဖူးသော်လည်း သူ၏အနှီးများကို နေ့တိုင်း ဒိုင်ခံလျှော်၍ လဲပေးခဲ့ရသည်။ ချင်မူ အသက်နည်းနည်းကြီးလာ၍ သူမအလုပ်များနှင့် အပ်ထည်များကို ကူချုပ်ပေးသည့်အခါမှ တစ်ခါတရံ သူ့ကို ချီးကျူးတတ်လေသည်။

အဘိုးကြီးမာက မည်သူ့ကိုမှ မချီးကျူးဆုံးလူဖြစ်သည်။ ချင်မူ့ကို မြင်တိုင်း သေသွားသော သူ့ကလေးများကို သတိရတတ်၍ သူ့မျက်နှာက အမြဲတည်နေတတ်ပြီး တစ်ခါမှ မပြုံးခဲ့ဖူးပေ။

အခြားတစ်ဖက်တွင် နားကန်းကမူ သူ့ကို ကြည့်မရပေ။ ပန်းချီဆွဲသည့်အချိန်တိုင်း ချင်မူ့ကို မောင်းထုတ်တတ်သည်။ အရေး၊ အဖတ်နှင့် ပန်းချီပညာ သင်ပေးသော အချိန်များတွင်ပင် ချီးကျူးမည့်အစား ရိုက်တတ်သည်က ပိုများသည်။

ရွှေအက အမြဲစနောက်တတ်ပြီး နည်းလမ်းပေါင်းစုံဖြင့် သူ့ကို ဒုက္ခပေးရင်း ပျော်နေတတ်သူဖြစ်သည်။

ထော့ကျိုးက သူ့ကို ပစ္စည်းခိုးဖို့ ခေါ်သွားလျှင် ခေါ်သွားမည်။ မခေါ်သွားလျှင် သူ့ဆီက လာခိုးတတ်သည်။ ထော့ကျိုးသည် ကလေးဆန်သူဖြစ်၍ ချင်မူ့ကို သူ၏ငယ်ပေါင်းဖော်ကြီးပမာ ဆက်ဆံ၏။

ရွာလူကြီးကတော့ ခြေလည်းမရှိ၊ လက်လည်းမရှိ၊ အမြဲညှို့မှိုင်းနေတတ်သောလူ ဖြစ်သည်။ ပြုုံးတော့ ပြုံးသော်လည်း သူ့နှလုံးသားကို စိုးမိုးနေသော ဝန်ထုပ်ဝန်ပိုးများစွာ ရှိနေ၏။

မည်သူမျှ ချင်မူ့ခေါင်းကို ယခုလို ညင်ညင်သာသာလေး မပွတ်သပ်ပေးခဲ့ဖူးပေ။ အေးစက်ပြီး သေနေသော သစ်ကိုင်းခြောက်ပင် မထိဖူးခဲ့။

ဤသည်မှာ ယခင်က သူ တစ်ခါမှ မခံစားခဲ့ရဖူးသော ခံစားချက်ဖြစ်သည်။

ချင်မူ မျက်နှာကြက်ကို မော့ကြည့်လိုက်ပြီး မျက်လုံးအိမ်မှ မျက်ရည်အား ကျဆင်းသွားစေလိုက်သည်။ ရွာထဲရှိ အဘိုးအဘွားများက သူ၏စံပြပုဂ္ဂိုလ်များဖြစ်၍ သူ လူကြီးတစ်ယောက် အမြဲဖြစ်ချင်ခဲ့သည်။ သူတို့၏ပြုမူပြောဆိုပုံများကို သင်ယူပြီး သူတို့နည်းလမ်းများအတိုင်း ပြဿနာများကို ဖြေရှင်းခဲ့သည်။ သို့သော် ဤအခိုက်အတန့်တွင် သူက မိဘရင်ခွင်ထဲတွင် တီတီတာတာ ချွဲချင်နေသေးသည့် ကလေးသာ ဖြစ်နေသေးကြောင်း ခံစားလိုက်ရသည်။

သူ မှီနေသော နတ်သစ်ပင်မှာ အလွန်မာသည့်အတွက် သစ်ခေါက်များက ကျောနာစေသော်လည်း ချင်မူ့နှလုံးသားသည် တည်ငြိမ်အေးချမ်းနေ၏။ ယခုကဲ့သို့ တည်ငြိမ်အေးချမ်းမှုမျိုးအား သူ မခံစားခဲ့ရဖူးပေ။ အိမ်ဟုခေါ်သည့် ဘေးကင်းလုံခြုံသော အသိုက်အမြုံလေးဆီ ပြန်ရောက်သွားခဲ့သည့်အလားပင်။

ပန်းချီကားထဲမှ အဘိုးအိုက မည်သည့်နေရာကမှန်းမသိ ထွက်လာပြီး ဘေးဘီဝဲယာကို ကြည့်ကာ သစ်ပင်ထဲ ခိုးကြောင်ခိုးဝှက် ဝင်သွားသည်။ ချင်မူ မျက်နှာကြက်ကို မော့ကြည့်နေရင်း ဤနေရာက မည်သည့်အတွက်ကြောင့် အလွန်တိတ်ဆိတ်နေမှန်း မသိပေ။

“သားက သိပ်တော်ပါတယ်...”

သစ်ပင်လူက ပါးစပ်ဖွင့်၍ စကားပြောလိုက်သည့်အလား နတ်သစ်ပင်ထံမှ အက်ကွဲကွဲအသံတစ်သံ ထွက်လာသည်။ စကားတစ်လုံးချင်းစီအား ခက်ခက်ခဲခဲ အားယူပြောလိုက်ခြင်းဖြစ်ပြီး မည်သည့်ခံစားချက်ကိုမှ မကြားရသည့်တိုင် ချင်မူ့တစ်ကိုယ်လုံး တုန်ရီသွားသည်။

“သားက သိပ်တော်ပါတယ်”

ဤသည်က သစ်ပင်ထဲရှိလူ၏အသံ ဖြစ်ပြီး ဤစကားတစ်ခွန်းတည်းကိုသာ သိဟန်တူသည်။ ကလေးတစ်ယောက်ကို တစ်ခါမှ မချီးကျူးခဲ့ဖူး၍ မည်သည်ကို ပြောရမှန်း မစဉ်းစားတတ်ပုံပေါ်၏။

သူ ဤသို့ချီးကျူးရသည့်အကြောင်းရင်းမှာ ချင်မူက သူ၏ရည်ရွယ်ချက်များကို နားလည်ခဲ့၍ ဖြစ်သည်။

အဖေနှင့်သားက သွေးသားရင်းချာဖြစ်သည့်အတွက် ချင်မူက သူ့စကားကို နားလည်သည်ဆိုသော်လည်း ထိုအချိန်တုန်းက သူ့မှာ အသံတစ်သံပင် မထွက်နိုင်ရာ မည်သည်ကို ပြောနိုင်ခဲ့မည်နည်း။

သို့သော် ချင်မူက သူ၏ရည်ရွယ်ချက်ကို ခန့်မှန်းပြီး စနေဂြိုဟ်အရှင်သခင်အား လှည့်ဖျားနိုင်ခဲ့သည်။ ထို့ကြောင့် သစ်သားသဘာဝ ဖိနှိပ်ခံလိုက်ရသည်နှင့် မှော်စွမ်းအင်ကို သူ ထုတ်လွှတ်နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ချင်မူက သူ ဓားကိုင်နိုင်စေဖို့ ကိုယ်ကို ကိုင်းလိုက်ပြီး တစ်ချိန်တည်းမှာပင် စကားလုံးများဖြင့် စနေဂြိုဟ်အရှင်သခင် စိတ်အာရုံပျက်ပြားအောင် လုပ်ခဲ့သည်။ ဤအခြင်းအရာက တိုက်ခိုက်ဖို့ အခွင့်အရေးရစေခဲ့သည်။

ချင်မူ ပြုံးလိုက်ပြီး တိုးတိုးလေး ပြောသည်။ “ကျွန်တော်တို့က သားအဖတွေပေါ့။ အရင်တုန်းက တစ်ခါမှ မတွေ့ခဲ့ဖူးပေမယ့် ကျွန်တော်တို့ တူတဲ့နေရာတွေ ရှိနေသလိုပဲ။ ကျွန်တော်လည်းလေ သူများတွေနဲ့ မြေအောက်ဘုံအရှင်သခင် ပဋိညာဉ် ကျိန်ဆိုပြီး တစ်ပတ်ရိုက်ခဲ့ဖူးတယ်”

သစ်ပင်ထဲရှိလူက အသိအမှတ်ပြုသည့်အသံ ပြုသည်။

ချင်မူ သစ်ပင်ကို မှီကာ ကြုံတောင့်ကြုံခဲသော ဆိတ်ငြိမ်အေးချမ်းမှုကို ခံစားနေလိုက်သည်။ အတန်ကြာသော် သစ်ပင်ပေါ်မှ ပန်းတစ်ပွင့် ပွင့်လာပြီး သစ်သီးတစ်လုံး မွေးဖွားလာ၏။ သစ်သီးက သစ်ပင်မှ သူ့လက်ပေါ် ကြွေကျလာသည်။ သစ်သီးရနံ့က သူ့နှာခေါင်းဝထဲ တိုးဝင်လာလေသည်။

မိဘဟူသည် ဤအတိုင်းသာဖြစ်သည်။ ကလေး အစာကောင်းကောင်း စားရဲ့လား၊ နွေးနွေးထွေးထွေး နေရဲ့လား အမြဲစိတ်ပူတတ်သည်။

ချင်မူ သစ်သီးကို ဆုပ်ကိုင်ပြီး မေးလိုက်သည်။ “အမေရော ဘယ်ရောက်သွားတာလဲ။ အသက်ရှင်နေသေးလား။ ကျွန်တော် အမေ့ကို သွားရှာမယ်”

သစ်ပင်ထဲရှိလူက နားလည်ရခက်သောအသံဖြင့် ပြောသည်။ “သူ သားနဲ့ မိသားစုဝင်တွေကို ယိုတုကမ္ဘာထဲ ခေါ်သွားခဲ့တာ”

ချင်မူ မှင်သက်သွားသည်။ ဘွားဘွားစစ်က သူ့ကို မဟာမြို့ပျက်အတွင်းရှိ ဒုက္ခိတဘိုးဘွားကျေးရွာ၏အပြင်၊ မာန်ဟုန်မြစ်ကမ်းဘေးတွင် ရှာတွေ့ခဲ့ခြင်းဖြစ်သည်။ ယိုတုကမ္ဘာထဲတွင် တွေ့ခဲ့ခြင်းမဟုတ်။

သို့ဆိုလျှင် သူ မဟာမြို့ပျက်သို့ မည်သို့မည်ဖုံ ရောက်လာခဲ့သနည်း။

ထိုစဉ်တုန်းက မည်သည့်အရာများ ဖြစ်ပျက်ခဲ့သနည်း။

“ရွှင်ပျော်ပျော်ကျေးရွာကို ဘယ်လိုပြန်သွားရမလဲ” ချင်မူ မေးလိုက်သည်။

“ဘိုးဘိုးပန်းချီ မင်းကို စာကြည့်ခန်းထဲ ခေါ်သွားလိမ့်မယ်။ အဲဒီမှာ အဖေ မင်းအတွက် ချန်ထားတဲ့အရာ ရှိတယ်။ သွားတော့ အဖေတို့ ဘယ်တော့မှ ထပ်မတွေ့သင့်တော့ဘူး” သူ့မှာ စကားတစ်လုံးချင်းစီကို ခက်ခက်ခဲခဲ ပြောနေရခြင်းဖြစ်ပြီး လည်မျိုကို လှံစူးနေသကဲ့သို့ ခံစားရသည်။

ချင်မူ ရင်ထဲ တင်းကြပ်နာကျင်သွားသည်။

အဖေ နဲ့ သား ဘယ်တော့မှ ထပ်မတွေ့ရဘူးလား

ပန်းချီကားထဲမှ အဘိုးအိုက သူ့ကို လက်ပြပြီး ရွှင်ပျော်ပျော်ဓားကို ဆွဲထုတ်ရန် လက်ဟန်ခြေဟန်ဖြင့် ပြောသည်။

ချင်မူ သူ့စိတ်သူ တည်ငြိမ်အောင် လုပ်၍ ကြမ်းပြင်ထဲ စိုက်နေသော ရွှင်ပျော်ပျော်ဓားကို ဆွဲထုတ်လိုက်သည်။ ပန်းချီကားထဲမှ အဘိုးအိုက သူ့နောက်လိုက်ရန် လက်ထပ်ပြသည်။

ချင်မူ ခေါင်းလှည့်ကြည့်လိုက်သော်လည်း သစ်ပင်ထဲရှိလူ၏ မျက်လုံးများမှာ ပိတ်နေဆဲဖြစ်သည်။ သူကား မျက်လုံးဖွင့်မည်မဟုတ်ပေ။

ဘိုးဘိုးပန်းချီသည် သစ်ပင်ထဲရှိ လူနှင့် ဆက်သွယ်မှုတစ်ခုခုရှိနေလိမ့်မည်။ မည်သည့်ဆက်သွယ်မှုမှန်း ချင်မူ မသိပေ။ သစ်ပင်ထဲရှိလူက ဘိုးဘိုးပန်းချီကို အသက်ဝင်လာအောင် ဖန်တီးပေးခဲ့ခြင်းဖြစ်နိုင်သည်။

“အဖေနဲ့ သား ထပ်မတွေ့ရတော့ဘူးလား” ချင်မူ အသံကျယ်ကြီးဖြင့် မေးလိုက်သည်။

သစ်ပင်ထဲရှိလူက မျက်လုံးများကို တင်းတင်းပိတ်ထားပြီး ခံစားချက်မဲ့သောအသံဖြင့် ပြောသည်။ “မတွေ့ရဘူး”

“ကျွန်တော် အဖေ့ကို ကယ်ပေးမယ်” ချင်မူ ချာခနဲ လှည့်၍ ပန်းချီကားထဲမှ အဘိုးအိုနောက် လိုက်သွားပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။ “မြေအောက်ဘုံအရှင်သခင်ပဲမလား။ ကျွန်တော် သူ့ကို သတ်ပေးမယ်။ ကျွန်တော့်ကို စောင့်နေပေး”

နတ်သစ်ပင်က တုပ်တုပ်မလှုပ်သော်လည်း အတန်ကြာသော် သစ်ပင်ထဲရှိလူက မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ မျက်ရည်များသည် စီးဖြိုင်ကာ ကျလာတော့၏။

အခန်းအပြင်မှ ချင်မူ၏ခြေသံများကို သူ ကြားရသည်။ ကောင်လေးက ပန်ချီးကားထဲမှ အဘိုးအိုကို ခပ်တိုးတိုးပြောနေသည်။ “ဘိုးဘိုးပန်းချီ။ ကျွန်တော် ထွက်သွားရင် အဖေ့ကို စောင့်ရှောက်ပေးထားပါ”

သင်္ဘော၏ စာကြည့်ခန်းထဲတွင် ဘိုးဘိုးပန်းချီက စာအုပ်စင်အရှေ့သို့ ရွေ့လျားသွားသည်။ လူတစ်ယောက်က ထိုနေရာရှိ စာအုပ်တစ်အုပ်မကျန် ယူသွား၍ စာအုပ်စင်မှာ ရှင်းလင်းနေ၏။

“ပန်ကုန်းစုန် မကောင်းဆိုးဝါအိုကြီး ငါ့အိမ်ကို ဓားပြတိုက်သွားရလား” ချင်မူ ဒေါပွသွားသည်။

ရုတ်တရက် ပန်းချီကားထဲမှ အဘိုးအိုက ပန်းချီထဲ ဝင်သွားပြီး သူ့ကို အထဲဝင်လာရန် လက်ပြသည်။ ချင်မူ တခဏတွန့်ဆုတ်နေပြီးနောက် လမ်းလျှောက်သွားလိုက်၏။ ထို့နောက် ဖြစ်ပျက်သွားသည်ကား ဆန်းကြယ်လေသည်။ သူ လျှောက်ဝင်သွားသည်က ပန်းချီကားထဲဖြစ်ပြီး သူကား ပန်းချီကားထဲရှိ လူတစ်ယောက် ဖြစ်လာ၏။

ထိုနေရာတွင် အဖြူ‌ရောင်ဝတ်ရုံနှင့် လူတစ်ယောက်က သူ ရောက်လာမည်ကို စောင့်နေသည့်အလား ရပ်နေသည်။

All Chapters