မိသားစု၏ ကျင့်စဉ်အမွေများ
Vol. 23 Ch. 314
ပန်းချီကား၏ ကမ္ဘာထဲသို့ လမ်းလျှောက်ဝင်သွားသည့် ဖြစ်ရပ်မျိုးကို ချင်မူ ပထမဆုံးကြုံတွေ့ဖူးခြင်း ဖြစ်သည်။ ဤပန်းချီလမ်းစဉ်သည် နားကန်း၏ ပန်းချီလမ်းစဉ်နှင့် မတူပေ။ နားကန်း၏ ပန်းချီစွမ်းရည်က ပန်းချီများကို အသက်ဝင်လာစေနိုင်သည်။ ဥပမာ မုန်တိုင်းပုံ ရေးဆွဲပြီး ပန်းချီကို လှုပ်ခါလိုက်လျှင် အမှန်တကယ် မုန်တိုင်းကျလာလိမ့်မည်။
တစ်ခါတုန်းက ငရဲကြီးဆယ့်ရှစ်ထပ်ကို နားကန်း ရေးဆွဲခဲ့ပြီးနောက် ကောင်းကင်ပန်းချီနန်းမြို့တော်တစ်မြို့လုံး ရုတ်တရက် ပြိုကျကာ ငရဲဆယ့်ရှစ်ထပ် အသွင်ပြောင်းသွားခဲ့၏။
သူ့ပန်းချီစွမ်းအင်က ယုတ္တိလောကအပေါ် ထိုသို့သက်ရောက်နိုင်လေသည်။
ချင်မူ လမ်းလျှောက်ဝင်သွားသည့် ပန်းချီကတော့ ဆန့်ကျင်ဘက်ဖြစ်သည်။ ပန်းချီထဲရောက်သွားသည့်အခါ သူက ပန်းချီ၏တစ်စိတ်တစ်ပိုင်း ဖြစ်လာသည်။ သို့သော် အထဲတွင် နှစ်ဖက်မြင်ကမ္ဘာမဟုတ်ကြောင်း တွေ့လိုက်ရသည်။ သုံးဖက်မြင်ကမ္ဘာဖြစ်ပြီး အလွန်ကြီးမားကျယ်ဝန်း၏။
“ဒါက ပန်းချီလမ်းစဉ် နောက်တစ်မျိုးပဲ” ချင်မူ ပတ်ဝန်းကျင်ကို တအံ့တဩ ကြည့်ရင်း တွေးမိလိုက်သည်။
နားကန်း၏ပန်းချီက စုတ်ချက်များဖြင့် အသက်ဝင်လာအောင် ရေးဆွဲခြင်းဖြစ်သည်။ ဤပန်းချီလမ်းစဉ်ကမူ အတွင်းထဲ၌ ကမ္ဘာတစ်ကမ္ဘာ ဖွဲ့တည်လာစေ၏။
ဤလမ်းစဉ်နှစ်ခုကိုသာ ပေါင်းစည်းနိုင်လိုက်လျှင် ပန်းချီပညာကား စိတ်ကူးဖြင့် မှန်းဆမကြည့်နိုင်သော အမြင့်ဆုံးရောက်ရှိသွားလိမ့်မည်။
ချင်မူ အတွေးနက်သွားသည်။ ဤအဆင့်သို့သာ ရောက်သွားလျှင် စုတ်ချက်လေးတစ်ချက်ဖြင့် တိုက်ပွဲကွင်းပြင်တစ်လျှောက် မုန်တိုင်းများ သည်းသည်းထန်ထန် ကျရောက်လာပြီး ရန်သူစစ်သည်များကို တိုးဝှေ့တိုက်ခတ်သွားလိမ့်မည်။ ထို့နောက် ထိုမုန်တိုင်းသည် ရန်သူစစ်သည်များကို ပန်းချီကားထဲ သယ်ဆောင်သွားပြီး စုတ်ချက်တစ်ချက်ဆွဲကာ ထိုပန်းချီကို ဖျက်နိုင်မည်။ ဤသည်ကား စုတ်ချက်တစ်ချက်ဖြင့် ရန်သူတစ်သောင်းကို ချေမှုန်းသည်နှင့်တူသည်။
ချင်မူ ပေါက်ကရအတွေးများကို ဖယ်ထုတ်လိုက်သည်။ သူ၏ပန်းချီပညာက နားကန်း၏ပန်းချီပညာကဲ့သို့ မပေါက်မြောက်သေးပေ။ ဘိုးဘိုးနားကန်းသည် သူ မော့၍သာ ကြည့်နိုင်ပြီး ကျော်ဖြတ်မရသော တောင်ကြီးတစ်လုံးနှင့် တူ၏။ ဤစိတ်ကူးကို ပြောပြလိုက်လျှင် နားကန်းက ပန်းချီလမ်းစဉ်နှစ်ခုကို လေ့လာကာ လမ်းစဉ်တစ်ခုတည်းအဖြစ် ပေါင်းစည်းနိုင်လိမ့်မည်။
ထိုအခါ နားကန်းဆီက သူ ပြန်သင်မည်။ ဤနည်းဖြင့် ပန်းချီလမ်းစဉ်နှစ်ခုကို သူ မြန်မြန်တတ်မြောက်နိုင်လိမ့်မည်။
နားကန်းက ပိုမိုကျွမ်းကျင်သည့်အတွက် သူ့ကို လေ့လာခိုင်းပြီးမှ ပြန်သင်ယူလိုက်လျှင် အချိန်ကုန်သက်သာမည်။ ထိုမျှသာမက နားကန်း၏ ပန်းချီလမ်းစဉ်က ပို၍ပင် မြင့်မားသောအဆင့်သို့ ရောက်သွားလိမ့်မည်။
ပန်းချီကားထဲရှိ အဖြူရောင်ဝတ်ရုံနှင့်လူဖြစ်သော သူ့အဖေ ချင်ဟန်ကျန်းကို ချင်မူ လှမ်းကြည့်လိုက်သည်။ စောစောက သူ့အဖေမှာ သစ်ပင်လူဖြစ်နေခဲ့သည့်အတွက် သူ၏ ချောမောခန့်ညားသောအသွင်အပြင်ကို မမြင်ခဲ့ရပေ။ ပန်းချီကားထဲရောက်သည့်အခါ သူ့အဖေ၏ ချောမောခံညားမှုကို ချင်မူ မြင်ရသည်။
နှမြောစရာကောင်းသည်က ဤလူသည် ချင်ဟန်ကျန်းအစစ်မဟုတ်၊ ပန်းချီကားထဲမှ လူတစ်ယောက်သာ ဖြစ်သည်။
ဤကမ္ဘာထဲတွင် အသံမရှိသည့်အတွက် ဤနေရာရှိ ချင်ဟန်ကျန်းလည်း စကားမပြောနိုင်ပေ။ စာရေးခြင်း၊ ပန်းချီဆွဲခြင်းဟူသော ရိုးရိုးရှင်းရှင်းအမှုများကိုသာ ပြုနိုင်သည်။ သူကား ချင်ဟန်ကျန်းအစစ်မဟုတ်၊ ချင်ဟန်ကျန်း ရေးဆွဲထားသော ပန်းချီ၊ ဘိုးဘိုးပန်းချီကဲ့သို့ အသက်ဝင်လာသည့် ပန်းချီတစ်ခုသာ ဖြစ်သည်။
ချင်မူ သူ့ဘေးသွားလိုက်သည့်အခါ တောက်ယင်ကျင့်စဉ်၏ ရုပ်ပုံများကို ရေးဆွဲနေကြောင်း မြင်လိုက်ရသည်။
ချင်မူ အတန်ငယ် မှင်သက်သွားသည်။ “လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်”
ဤပန်းချီလူကပင် ထူးဆန်းသောအရာ ဖြစ်နေပြီဖြစ်သော်လည်း သူ ရေးဆွဲနေသည်က ချင်မူ ကျင့်ကြံသည့် လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်ဖြစ်နေသည်။
သူက ဝိညာဉ်သန္ဓေသားကို နှိုးဖို့ တောက်ယင်ကျင့်စဉ်ကို အားကိုးခဲ့ရသည်မဟုတ်ပါလော။
သူ မြင်တွေ့ခဲ့ဖူးသည့် လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်က သူ ကျင့်ကြံသည့် လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်နှင့် အတန်ငယ်ကွဲပြားသည်။
ပန်းချီလူက တောက်ယင်ကျင့်စဉ်၏ ပထမအဆင့်မှ စဆွဲသော်လည်း ချင်မူ ကျင့်ကြံခဲ့သည့် ကျင့်စဉ်နှင့်မတူပေ။ များစွာပို၍ ရိုးရှင်းသည်။
ရွာလူကြီး ချင်မူ့ကို သင်ပေးခဲ့သည့် လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်ဆိုသော တောက်ယင်ကျင့်စဉ်မှာ တစ်လောကလုံးတွင် အရိုးရှင်းဆုံး၊ အခြေခံအကျဆုံးကျင့်စဉ်ဟူ၍ သတ်မှတ်နိုင်သည်။ ၎င်းက သာမန်လူများအတွက် ကျင့်ကြံရန် အသင့်တော်ဆုံး ကျင့်စဉ်ဖြစ်၏။
သို့သော် ဤပန်းချီလူ ရေးဆွဲနေသော တောက်ယင်ကျင့်စဉ်မှာ ပို၍ပင် ရိုးရှင်းသော်လည်း အကြမ်းစားမဆန်ပေ။
ချင်မူသည် ငယ်စဉ်တုန်းကကဲ့သို့ မသိနားမလည်မဟုတ်တော့။ အခြေခံသဘောတရားများက ရိုးရှင်းလေလေ၊ အောင်မြင်မှု မြင့်မားလေလေဖြစ်ကြောင်း သူ နားလည်သည်။
စက္ကူအဖြူအပေါ်တွင် ပန်းချီရေးဆွဲသည့်သဘောတရားနှင့် တူသည်။ အခြေခံက ရှင်းလင်းလေလေ၊ စုတ်ချက်များက ပိုမိုထင်ရှားလေလေ ဖြစ်မည်။ အဖြူရောင်ပေါ်တွင် ရေးဆွဲသော ပန်းချီများသည် ပိုမိုလှပပြီး ပိုမိုထင်ပေါ်၏။
တခြားလူတစ်ယောက် လျှောက်ခြစ်ထားသော စက္ကူအပေါ်တွင် ပန်းချီဆွဲလျှင် စုတ်ချက်က မည်မျှလက်ရာမြောက်ပါစေ၊ ပန်းချီကို ထင်ပေါ်အောင်သော်လည်းကောင်း၊ လှပအောင်သော်လည်းကောင်း ရေးဆွဲရန် ခက်လိမ့်မည်။
ပန်းချီလူ၏ တောက်ယင်ကျင့်စဉ်သည် စိတ်ကူးဖြင့် မှန်းဆမကြည့်နိုင်သော အတိုင်းအတာအထိ ရိုးရှင်း၏။ မြင်ရသည့် ရုပ်ပုံများအတိုင်း ချီစွမ်းအင်ကို ချင်မူ လှည့်ပတ်ကြသည်။ စွမ်းအင်လည်ပတ်မှုက စစချင်း အတန်ငယ် နှေးကွေးသော်လည်း ကြာလာသည်နှင့်အမျှ ချီစွမ်းအင်က ပိုမိုအုံကြွကာ ပြည့်သျှံလာပြီး သူ၏ခြေလက်များနှင့် အရိုးများဆီသို့ စီးဆင်းလာသည်။ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီး၏ ဖန်ဆင်းမှုကို ဖမ်းဆုပ်မိလိုက်သကဲ့သို့ သူ ခံစားလိုက်ရ၏။
“ငါ့မှာ ဒီလိုတောက်ယင်ကျင့်စဉ် ရှိခဲ့ရင် ဝိညာဉ်သန္ဓေသားနံရံကို ချိုးဖျက်ဖို့ ပိုလို့တောင် ခက်လောက်တယ်”
ချင်မူ သက်ပြင်းချမိသည်။ ရွာလူကြီး သူ့ကို လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ် သင်ကြားပေးခဲ့တုန်းက ဝိညာဉ်သန္ဓေသားနံရံကို ချိုးဖျက်ဖို့ ပိုမိုလွယ်ကူအောင် တချို့တလေ ပြင်ခဲ့ရသည်။ ကောင်းသည်လား၊ ဆိုးသည်လားတော့ မပြောတတ်ပေ။
ကျင့်စဉ်ကို ပြောင်းလဲပြီးနောက် ဝိညာဉ်သန္ဓေသားနံရံကို ချိုးဖျက်ရန် ပိုမိုလွယ်ကူခဲ့သော်လည်း အခြေခံက ပန်းချီလူ ရေးဆွဲထားသော တောက်ယင်ကျင့်စဉ်ကဲ့သို့ မခိုင်မာခဲ့ပေ။ ထိုစဉ်တုန်းက ချင်မူ့အတွက် အရေးအကြီးဆုံးမှာ ဝိညာဉ်သန္ဓေသားနံရံကို ချိုးဖျက်ရန်သာ ဖြစ်ခဲ့သည်။
ပန်းချီလူက ဒုတိယရုပ်ပုံကို ရေးဆွဲလိုက်၏။ ဒုတိယလောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်က ကြမ္မာနှိမ်နန်းတော်၏ တောင်ကြားတွင် ချင်မူ မြင်တွေ့ခဲ့ရသောအရာပင် ဖြစ်သည်။ ရုပ်ပုံနှစ်ခုအကြား ကွဲပြားမှုသိပ်မရှိ။ မပြောပလောက်သော ဟိုနားသည်နား ကွဲလွဲမှုများသာ ရှိသည်။
ချင်မူ ရုပ်ပုံအတိုင်း ကျင့်ကြံကြည့်သည့်အခါ သူ၏ဝိညာဉ်သန္ဓေသားက ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီးကို စိုးမိုးသွားသကဲ့သို့ ခံစားလိုက်ရသည်။ ဤခံစားချက်က သူ့နှလုံးသားကို တဒိန်းဒိန်း ခုန်လာစေ၏။
ကြမ္မာနှိမ်နန်းတော်မှ သူ လေ့လာခဲ့ရသော လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်တွင် ဤခံစားချက်မျိုးမရှိခဲ့ပေ။
ဝိညာဉ်သန္ဓေသားအဆင့်သည် သိုင်းလောကသားများ၏ အခြေခံအဆင့်ဖြစ်၏။ ဝိညာဉ်သန္ဓေသားပွင့်မှ သိုင်းလောက၏ တံခါးပေါက်မှ ဖြတ်သွားနိုင်မည်ဟု သတ်မှတ်နိုင်သည်။ အခြေခံက အတိုင်းထက်အလွန် အရေးကြီးသော်လည်း တံခါးကို ဖြတ်သွားနိုင်ရန်မှာလည်း အလားတူ အရေးပါ၏။
ချင်မူနားလည်ထားသည်အရ ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာက သူ့ခန္ဓာကိုယ်ထဲတွင် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီးကို ဖွင့်ပေးခဲ့သည်။ သူ၏သိုင်းအဆင့် မြင့်သထက်မြင့်မားလာပြီး သိုင်းအခြေခံ နက်ရှိုင်းလာသည်နှင့်မျှ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီးက ပိုမိုသဲကွဲလာလိမ့်မည်။ ကောင်းကင်ဘုံက အပေါ်တွင်ရှိပြီး မြေကြီးက အောက်တွင် ရှိသည်။ ဝိညာဉ်သန္ဓေသားက အလယ်၌ တည်ရှိပြီး ဝိညာဉ်သန္ဓေသား၏ ခြေထောက်အောက်တွင် ရွှေ၊ သစ်သား၊ ရေ၊ မီးနှင့် မြေဟူသည့် ဓာတ်ကြီးငါးပါးအား ရှူသွင်းရှူထုတ်နေသော ဝိညာဉ်စင်မြင့်ရှိသည်။
ဝိညာဉ်သန္ဓေသား၏ခြေထောက်များသည် စင်မြင့်ပေါ် နင်းထားပြီး ခန္ဓာကိုယ်က ကောင်းကင်ဘုံ၊ ကမ္ဘာမြေကြီး၊ အရှေ့၊ အနောက်၊ တောင်နှင့်မြောက်ဟူသည့် အရပ်ခြောက်မျက်နှာကို ညွှန်ပြနေသည်။
ချင်မူက အရပ်ခြောက်မျက်နှာအဆင့် ဖြစ်သည့်အတွက် ဤကောင်းကင်ရတနာများကိုသာ နားလည်သည်။ ခုနစ်စဉ်ကြယ်အဆင့်၊ ကောင်းကင်နတ်အသွင်အဆင့်၊ သေခြင်းရှင်ခြင်းအဆင့်နှင့် ကောင်းကင်တံတားအဆင့်တို့ဖြင့် ပတ်သက်၍မူ သူ၏အသိအမြင်က သိပ်မနက်ရှိုင်းသော်လည်း နည်းနည်းပါးပါး တွေးတောကြည့်နိုင်၏။
အရပ်ခြောက်မျက်နှာအဆင့်တွင် မူလဝိညာဉ်ကို ဖွဲ့တည်ရသည်။ ဝိညာဉ်သန္ဓေသားက သိုင်းကျင့်စဉ်အတောအတွင်း ယန်ဝိညာဉ်နှင့် ချီစွမ်းအင်ကို စုပ်ယူ၍ အရွယ်ရောက်လာကာ မူလဝိညာဉ်ဖြစ်လာခြင်းဖြစ်၏။
မူလဝိညာဉ် ခန္ဓာကိုယ်မှ ထွက်ခွာနိုင်လျှင် ကောင်းကင်နတ်အသွင်အဆင့် ရောက်လိမ့်မည်။
သိုင်းစကျင့်ကတည်းက သူ၏လောကဓာတ်သခင် အမြုတေသုံးသွယ်ကျင့်စဉ်နှင့် ပတ်သက်၍ တစ်ခုခုချို့ယွင်းနေသည်ဟု ချင်မူ တစ်ကြိမ်တစ်ခါမျှ မခံစားခဲ့ရဖူးပေ။ ပန်းချီလူသား၏ ရုပ်ပုံများအတိုင်း စွမ်းအင်လှည့်ပတ်ကြည့်သည့်အချိန်မှ တစ်ခုခုလိုအပ်နေကြောင်း ချင်မူ သဘောပေါက်သွား၏။
ဝိညာဉ်သန္ဓေသားက မူလဝိညာဉ်အဖြစ် ကြီးပြင်းလာရန် လိုအပ်သည်။ ဝိညာဉ်သန္ဓေသားသည် သူ၏ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာထဲရှိ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီးကို မထမ်းနိုင်လျှင် သူ၏သိုင်းအဆင့်က မမြင့်မားသေးဟု ဆိုလိုသည်။ သူ လိုအပ်နေခဲ့သည်က ဤအရာဖြစ်လောက်သည်။
ထို့နောက် တတိယရုပ်ပုံကို သူ ကြည့်လိုက်သည်။ ၎င်းက ဓာတ်ကြီးငါးပါးအဆင့်အတွက် ဖြစ်၏။ ချင်မူ ရရှိထားသည့် ဓာတ်ကြီးငါးပါးစွမ်းအင်လှည့်ပတ်မှု လမ်းကြောင်းပုံက အပြည့်အစုံမဟုတ်ပေ။ လူငယ်ဂိုဏ်းချုပ် တတ်ကျွမ်းသိမြင်သလောက် ဖြည့်စွက်ပေးခဲ့သည်ကို အားကိုး၍ သိုင်းကျင့်နိုင်ခဲ့သော်လည်း သူ့ဘယ်ဘက်ပခုံးက ဟာကွက်ဖြစ်ကျန်ခဲ့သည်။
မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာဖြင့် ဟာကွက်ကို ဖာထေးခဲ့သော်လည်း ကျင့်စဉ်ကို ထုတ်ဖော်သည့်အခါ အခက်အခဲတချို့ ရှိနေသေးသည်။ ချို့ယွင်းချက်က မကြီးမားခြင်းမဟုတ်ဘဲ ချင်မူက တော်လွန်း၍သာ ဖြစ်၏။ သူက ဓာတ်ကြီးငါးပါးအဆင့် သိုင်းသမားအကုန်လုံးကို အနိုင်ယူနိုင်သည်သာမက သိုင်းစွမ်းအင်နိမ့်ကျသော အရပ်ခြောက်မျက်နှာအဆင့် ကောင်းကင်နတ်သိုင်းပညာရှင်တချို့ကိုပင် အလဲထိုးနိုင်ခဲ့သည့်အတွက် ဤပြဿနာကို သိပ်ခေါင်းထဲမထည့်ခဲ့ခြင်းဖြစ်သည်။
ပန်းချီလူ ရေးဆွဲထားသော ဓာတ်ကြီးငါးပါးစွမ်းအင်လှည့်ပတ်မှု လမ်းကြောင်းပုံက အပြည့်အစုံ ဖြစ်သည်။ ချင်မူ ၎င်းကို အသေးစိတ် လေ့လာပြီးနောက် စိတ်သက်သာရာရသွားသည်။ ဤလှည့်ပတ်မှု လမ်းကြောင်းပုံက သူ့ကျင့်စဉ်၏ လိုအပ်နေသော အပိုင်းကို ဖာထေးပေးလိုက်ရာ ဟာကွက်ရှိတော့မည်မဟုတ်ပေ။
လေးပုံမြောက်က သူ ယခု ကျင့်ကြံနေသောအရာနှင့် မတူပေ။ ပိုမိုရှုပ်ထွေးသည်။
ချင်မူ ငေးကြည့်နေမိ၏။ ပထမတောက်ယင်ရုပ်ပုံတွင် စိတ်ဝင်စားစရာတစ်ခုကို သူ သတိထားမိလိုက်သည်။ ပန်းချီလူ ရေးဆွဲထားသော လောကသခင်ခန္ဓာအမြုတေသုံးသွယ်ကျင့်စဉ်နှင့် သူ၏ လောကသခင်ခန္ဓာအမြုတေသုံးသွယ်ကျင့်စဉ်ကို နှိုင်းယှဉ်လိုက်လျှင် ကျင့်စဉ်များသည် ပိုမိုခက်ခဲရှုပ်ထွေးလာသော သဘောရှိ၏။
ဥပမာဆိုရလျှင် သစ်စေ့တစ်စေ့ စိုက်ပျိုးလိုက်သည်နှင့်တူသည်။ ထို့နောက် သစ်စေ့လေးမှ အညှောင့်ပေါက်လာပြီး အရွက်လေးနှစ်ရွက် ထွက်လာကာ အကိုင်းအခက်များ ဝေဝေဆာရှိသော သစ်ပင်တစ်ပင်အဖြစ် ကြီးထွားလာလိမ့်မည်။
သူ အတူပေါင်းစည်းထားသည့် လောကသခင်ခန္ဓာအမြုတေသုံးသွယ်ကျင့်စဉ်မှာ လိုအပ်ချက်ရှိနေသည်။ အကိုင်းတစ်ဖက်က အရှေ့ကို ညွှန်ထားပြီး တစ်ဖက်က အနောက်သို့ မျက်နှာမူနေသည့် သစ်ပင်လေးတစ်ပင်နှင့် တူသည်။ သစ်ပင်ကြီးဖြစ်လာလျှင်တောင်မှ ကျိုးတဲကြဲတဲ ဖြစ်နေလိမ့်မည်။
ထို့အပြင် ပန်းချီလူ ရေးဆွဲခဲ့သော လောကသခင်ခန္ဓာအမြုတေသုံးသွယ်ကျင့်စဉ်တွင် ကောင်းကင်နတ်သိုင်းများ မပါရှိပေ။ စွမ်းအင်လှည့်ပတ်ပုံများသာ ဆွဲထားသော်လည်း ချင်မူ မည်သည့်ကောင်းကင်နတ်သိုင်းကို ထုတ်လွှတ်သည်ဖြစ်စေ ထမင်းစားရေသောက်ပမာ အသုံးပြုနိုင်ကြောင်း ခံစားလိုက်ရသည်။
ရုတ်တရက် သူ့နှလုံးသား လှုပ်ခတ်သွားပြီး သစ်ခုတ်သမား ကျောက်တုံးပေါ်တွင် ထိုင်၍ သင်ကြားပို့ချနေသံများကို ပြန်ကြားယောင်လာသည်။ သင်ကြားပို့ချမှုများနှင့် ပန်းချီလူ ရေးဆွဲထားသော လောကသခင်ခန္ဓာအမြုတေသုံးသွယ်ကျင့်စဉ်ကို ပေါင်းစည်းလိုက်သည့်အခါ ချင်မူ ပါးစပ်အဟသား ဖြစ်သွားမိ၏။
ပေါင်းစည်းကျင့်စဉ်ကား ပန်းချီလူ ရေးဆွဲခဲ့သော လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ဖြင့် တစ်ထပ်တည်းကျနေသည်။
တစ်သားတည်းဖြစ်ခြင်း၊ ထပ်တူကျသွားခြင်းပင် ဖြစ်သည်။
ပေါင်းစည်းကျင့်စဉ်တွင် မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာ၏ ယေဘုယျသဘောတရားများ ပါဝင်သည်။ သစ်ခုတ်သမား ကောင်းကင်နတ်ဆိုးဂိုဏ်း၏ တည်ထောင်သူဂိုဏ်းချုပ်ကို ပေးခဲ့သည့် အထွတ်အမြတ်သစ်ပင်သဖွယ် ဖြစ်သည်။ ပေါင်းစည်းကျင့်စဉ်က သစ်ပင်၏ ပင်စည်ဖြစ်လျှင် မဟာဉာဏ်အလင်းပွင့်ကောင်းကင်နတ်ဆိုးကျမ်းစာသည် သစ်ပင်၏ ထောင်သောင်းချီသော အကိုင်းအခက်များ၊ အမြစ်များ ဖြစ်၏။
ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်ဟောင်းအားလုံး ကိုယ်ပိုင်ပေါင်းစည်းကျင့်စဉ်ကို ဖန်တီးခဲ့ရသည်။ ထိုမှသာ မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာများကို ပေါင်းစည်းနိုင်မည်။ သဘောပေါက်နားလည်မှုက ဂိုဏ်းသခင်တစ်ဦးနှင့်တစ်ဦး မတူသည့်အတွက် ပေါင်းစည်းကျင့်စဉ်များသည်လည်း ကွဲပြား၏။
ဤအခိုက်အတန့်တွင် ချင်မူက သစ်ခုတ်သမား၏ သင်ကြားပို့ချမှုများကို ပေါင်းစည်းကြည့်သည့်အခါ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ပေါင်းစည်းကျင့်စဉ်သည် လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ပင် ဖြစ်ကြောင်း တွေ့လိုက်ရ၏။
သူ့မှာ အချိန်နှင့် နေရာဟင်းလင်းပြင်ထဲတွင် ဇောက်ထိုးမိုးမျှော် ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ပေါင်းစည်းကျင့်စဉ်က အမှန်တကယ်ပင် သူ ကျင့်ကြံခဲ့သည့် လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ် ဖြစ်နေ၏။
“ကောင်းကင်တန်ခိုးရှင်ဂိုဏ်းက ရွှင်ပျော်ပျော်ကျေးရွာက များလား။ ဒါဆို ကျင့်စဉ်တွေ သင်ကြားပို့ချပေးခဲ့တဲ့ သစ်ခုတ်သမားက....” ချင်မူ့အမူအရာ ထူးဆန်းသွားသည်။ “သူ့မျိုးရိုးကလည်း ချင်ပဲ ဖြစ်နေမလား”
ချင်မူ များများစားစား တွေးမနေတော့ဘဲ ပန်းချီများကိုသာ ဆက်လက်လေ့လာရင်း စွမ်းအင်လှည့်ပတ်ပုံအတိုင်း လိုက်လုပ်ကြည့်သည့်အခါ သူ၏ချီစွမ်းအင်းလည်ပတ်မှုတွင် မည်သည့်အဟန့်အတားမှ မရှိတော့ပေ။ ချီစွမ်းအင်သည် မည်သည့်လမ်းကြောင်းတွင်မဆို ချောချောမွေ့မွေ့ စီးဆင်းနိုင်လာ၏။
ပန်းချီလူက ရှစ်ပုံမြောက်ကို ရေးဆွဲ၍ ကောင်းကင်တံတားအဆင့်၏ အခြေခံကျင့်စဉ်ကို အပြီးသတ်လိုက်သည်။
ချင်မူ ကောင်းကင်တံတားအဆင့် စွမ်းအင်လှည့်ပတ်ပုံကို မှတ်သားနေပြီး ပန်းချီလူ ရပ်သွားပြီဟု တွေးလိုက်သည်။ သို့သော် သူက ကိုးပုံမြောက်ကို ဆက်ဆွဲနေ၏။
“ကောင်းကင်တံတားအဆင့်အထက်မှာ နောက်တစ်ဆင့် ရှိသေးတာလား”
ချင်မူ အံ့အားသင့်နေသည်။ ကောင်းကင်တံတားအဆင့်က နောက်ဆုံးအဆင့် မဟုတ်လေသလား။
သို့ဆိုလျှင် ကိုးပုံမြောက်က မည်သည့်အဆင့်အတွက်နည်း။
ကိုးပုံမြောက်သည် အတိုင်းထက်အလွန် ရှုပ်ထွေးပြီး မဟာကောင်းကင်ရတနာခုနစ်ပါးလုံးကို ဆက်သွယ်ထား၏။ ချီစွမ်းအင်ကို လှည့်ပတ်လိုက်သည့်အခါ မဟာကောင်းကင်ရတနာခုနစ်ပါးလုံး လှုပ်ရှားလိမ့်မည်။ အလွန်ရှုပ်ထွေးလွန်း၍ ခြေတစ်လှမ်းမှားသည်နှင့် ချီဖောက်ပြားသွားနိုင်သည်။
ချင်မူ ကိုးပုံမြောက်ကို ပေါ့ပေါ့ပျက်ပျက် မမှတ်ဝံ့ပေ။ အာရုံအပြည့်အဝ စူးစိုက်၍ အလွတ်မှတ်နေသော်လည်း မှတ်ရသည်က များလွန်း၍ သူ့မှာ မူးဝေလာပြီး မျက်လုံးများဝေဝါးလာသည်။
ပန်းချီလူသားက ကိုးပုံမြောက်ကို ဆွဲပြီးသည်နှင့် ရပ်လိုက်သည်။ တခဏကြာသော် ချင်မူ စွမ်းအင်လှည့်ပတ်ပုံကိုးပုံလုံးအား အလွတ်ကျက်ပြီးသောအခါ ပန်းချီလူက တိုက်ခိုက်သည်။
ချင်မူ ရုတ်ခြည်း ခုခံလိုက်သော်လည်း သိုင်းကွက်အနည်းငယ်မျှဖြင့် မြေပေါ် လဲကျသွားရသည်။
ပန်းချီလူက သူ့ကို အနိုင်ယူပြီးလျှင်ချင်း ဆက်လက်မတိုက်ခိုက်ပေ။ ချင်မူ အနားယူသည်ကို စောင့်ပေးသည်။
‘သူက ငါ့ကို သိုင်းကွက်တွေ ကစားပြနေတာပဲ’ ချင်မူ့မျက်လုံးများ အရောင်တောက်သွားသည်။
သင်္ဘောကုန်းပတ်ပေါ်တွင် အဆင့်မြင့်မှော်ဆရာများ၊ မှော်ဆရာဘုရင်များနှင့် မန်သီလူရိုင်းနယ်မြေ၏ စစ်သည်များသည် ပဲ့ထိန်းအခန်းကို တိုက်ခိုက်နေကြ၏။ တံခါးအရှေ့တွင်မူ အမွှေးဖြူလင်းနို့နှစ်ကောင်နှင့် နဂါးချီလင်တစ်ကောင် စောင့်နေပြီး သူတို့ကို ဝင်ခွင့်မပေးပေ။
ပန်ကုန်းစုန်က သူ သိမ်းလာသည့် စာအုပ်များနှင့် ရတနာများကို ကြည့်နေသည်။
“ဒီစာအုပ်တွေအကုန်လုံးက တံဆိပ်တွေနဲ့။ ဖွင့်ရ ခက်မှာပဲ။ အရင်ဘဝတွေက ရုပ်ခန္ဓာစွမ်းအားတွေကို ထုတ်သုံးရလိမ့်မယ်”
ပန်ကုန်းစုန်က စာအုပ်တစ်အုပ်ပြီး တစ်အုပ် ကြည့်၍ တစ်အုပ်မှ မဖွင့်နိုင်သောအခါ အတော်လေး စိတ်ပျက်သွားသည်။ သူ သင်္ဘောပေါ်ရှိ အဆောက်အဦကို ပြန်လှည့်ကြည့်ရင်း တွေးမိလိုက်သည်။ ‘နှစ်လရှိပြီ။ အဲဒီခွေးသူတောင်းစားချင် အခုထိ ထွက်မလာသေးဘူး....’
ရုတ်တရက် တံခါးတစ်ချပ် ဖွင့်လာပြီး ချင်မူက ဖူးယောင်နေသောမျက်နှာဖြင့် ခေါင်းပြူကြည့်သည်။ သူ့ကို မြင်လျှင် လက်ပြသဖြင့် ပန်ကုန်းစုန်လည်း ချင့်မူနောက် ဝမ်းသာအားရ ပြေးလိုက်သွား၏။