ဓားနှစ်လက် လူတစ်ယောက်
Vol. 14 Ch. 190
မိစ္ဆာကိုးကောင်သည် တပြိုင်နက်တည်း တိုက်ခိုက်ခြင်း ဖြစ်သော်လည်း ကျားနက်မိစ္ဆာနှင့် လေလှိုင်းလင်းနို့တို့မှာ ပထမဆုံး သတ်ဖြတ်နိုင်မည့်သူများ ဖြစ်သည်။
တခြားသော မိစ္ဆာငါးကောင်မှာလည်း တခဏမျှ တုန့်ဆိုင်းသွားကြ၏။
သူတို့ အလျင်မလိုပေ။
ဝှစ်…
လေခွင်းသံသည် အားလုံး၏အတွေးများကို ဖြတ်တောက်သွား၏။
၎င်းသည် အစိမ်းရောင်ဓားအလင်း ဖြစ်သည်။
ဓားအလင်းသည် လေထဲတွင် လှပသော အလင်းကွေးအဖြစ် အသွင်ပြောင်းသွားကာ ကျားနက်မိစ္ဆာ၏လည်ပင်းအား လခြမ်းကွေးသဏ္ဍာန် ဖြတ်တောက်သွားသည်။
သွေးနီရောင်လခြမ်း လေထဲ ပျံတက်သွားသည်။
ထိုသွေးအလင်းက မည်သည့်အရာ ဖြစ်သည်ကို လူအများက နားမလည်ဖြစ်နေကြစဉ်မှာပင် ဟန်မူယဲ့ဘေးနားမှ လေတိုးသံတစ်ခုကို ကြားရ၏။
၎င်းသည် ဓားတိုတစ်လက် အဆက်မပြတ် ထိုးသွင်းလာသံဖြစ်သည်။
သူတို့ မသိလိုက်စဉ်မှာပင် ဟန်မူယဲ့၏ညာလက်မှ ဓားတိုသည် သူ၏ဘယ်လက်သို့ ကျဆင်းသွားသည်။ ထို့နောက် ဓားတိုသည် လေလှိုင်းလင်းနို့၏နံကြားထဲကို တိုးဝင်သွား၏။
ဟန်မူယဲ့က ဓားတို့ကို ဖြေးညင်းစွာ ဆွဲထုတ်လိုက်သည်။ သူ့ဘေးမှ လေလှိုင်းလင်းနို့က သူ၏လက်မှ ဓားကို မြှောက်လိုက်သည်။
ကံမကောင်းသည်ကား သူ၏ခွန်အားများမှာ ဟန်မူယဲ့ဆွဲထုတ်လိုက်သော ဓားနှင့်အတူ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
ကံကြမ္မာဓားသည် ဟန်မူယဲ့၏လက်ထဲသို့ ရောက်လာသောအခါ ဓားသည် အဆက်မပြတ် တုန်ခါကာ ဝမ်းသာအားရဖြစ်သော ခံစားချက်အား ထုတ်ဖော်သည်။
ဝိညာဉ်လက်နက်…
စစ်မှန်သော ဝိညာဉ်လက်နက်။ ဓားတွင် ဝိညာဉ်နိုးထလာခြင်း။
မိစ္ဆာ၏သွေးအဆီအနှစ်ဖြင့် သန့်စင်ပြီးနောက်တွင် မော့ယွမ်၏ဓားသည် နောက်ဆုံး၌ စစ်မှန်သော ဝိညာဉ်လက်နက်ဖြစ်လာသည်။
“အဲဒါ လစန္ဒာဓားသိုင်းက ‘မိုးထက်ကလမင်းဓားသိုင်း’ မလား…”
“ဓားသိုင်းက ဘာလို့ အရမ်းအစွမ်းထက်နေတာလဲ”
ဓားပညာရှင်အများအပြားက ဓားသိုင်းကို မှတ်မိကာ ရေရွက်ကြသည်။
သို့သော်လည်း သူတို့က ခရမ်းမီးတောက်ဓားတို၏တိုက်ခိုက်ခြင်းကို မသိ၊ မမြင်၊ နားမလည်လိုက်ကြပါ။
ထိုဓားသိုင်းသည် အနီးကပ်တိုက်ခိုက်ခြင်း၌ ပြိုင်စံရှား၏။
ဓားနှစ်လက်လုံး သူ၏လက်ထဲသို့ ပြန်ရောက်လာသည်။ ညာလက်တွင် ကံကြမ္မာဓား၊ ဘယ်လက်တွင် ခရမ်းမီးတောက်ဓားတို။
ဓားနှစ်လက်ကို ကိုင်ကာ ဟန်မူယဲ့သည် သူ့ရှေ့မှ မိစ္ဆာများအား ကြည့်သည်။
ခုနက ပြေးဝင်လာကြသော မိစ္ဆာငါးကောင်မှာ ရှေ့ကို မတိုးရဲကြတော့ပါ။ သူတို့အားလုံး ထိတ်လန့်ကြောက်ရွံ့သော မျက်လုံးများဖြင့် ဟန်မူယဲ့ကို ကြည့်ကြသည်။ အကယ်၍ သူတို့လည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပါက ခုနက သေဆုံးသွားသော မိစ္ဆာနှစ်ကောင်၏လမ်းစဉ်ကို လိုက်ပါသွားရပေမည်။
သူတို့ရှေ့မှ လူငယ်၏ဓားသိုင်းများသည် ထူးဆန်းကာ အလွန်အစွမ်းထက်သည်။
မိစ္ဆာများသည် ပုံမှန်အားဖြင့် ရုန့်ရမ်းကြမ်းတမ်းသော်လည်း သေခြင်းရှင်ခြင်းတွင် မည်သူက ထိုမျှ ရဲစွမ်းသတ္တိရှိပါမည်နည်း။
ဤသည်ကား စစ်မှန်သော ဓားသမားဖြစ်သည်။
ဆယ်မိုင်ပတ်လည်တစ်ခုလုံး တိတ်ဆိတ်နေသည်။
လေညင်းသဲ့သဲ့သည် ဟန်မူယဲ့၏ဓားများကို ဖြတ်သန်းသွားကာ တိုးညင်းသော အသံတစ်ခုအား ပေးသည်။
ဝုန်း…
အဝေးတွင် အနက်ရောင်မိစ္ဆာတိမ်တိုက်တစ်ခုသည် ပေတစ်ရာခန့် ကြီးမားသော ကျားလက်သည်းအသွင်သို့ ပြောင်းလဲသွားကာ အောက်သို့ ကျဆင်းလာ၏။
လေထဲတွင် ရပ်နေသော ဟန်မူယဲ့သည် မမြင်ရသော ဖိအားတစ်ခု၏ချုပ်နှောင်မှုကို ခံရပြီး လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။
ကျင့်ကြံဆင့်မြင့်မားသော မိစ္ဆာတစ်ကောင်က တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
ထိုမိစ္ဆာသည် အနည်းဆုံး အမြုတေဖွဲ့စည်းခြင်း အဌမအဆင့်၌ ရှိပေသည်။
ထိုမျှအစွမ်းကြီးသော မိစ္ဆာတစ်ကောင်သည် သူ၏ဂုဏ်သိက္ခာအား ထည့်မတွက်တော့ဘဲ ကျင့်ကြံဆင့်နိမ့် ဂျူနီယာတစ်ယောက်အား တိုက်ခိုက်လိုက်သည်လား။
တောအုပ်ရှေ့တွင် ဟွမ်လောင်လျှိုသည် အသက်ပြင်းပြင်းရှိုက်ကာ ဟန်မူယဲ့ထံသို့ ကျဆင်းလာသော လက်သည်းကြီးအား ကြည့်သည်။ သူ၏မျက်လုံးများ စတင်နီရဲလာသည်။
ကျောက်တုံးကြီးတစ်လုံးပေါ်တွင် လီသုံးသည် သေရည်တစ်ကျိုက် မော့ချလိုက်ကာ သူမ၏ဓားကို ထုတ်လိုက်သည်။
ဓားသည် တင်းချွန်ကန်းပေးခဲ့သော ဓားဖြစ်သည်။
သေခြင်းရှင်ခြင်းတိုက်ပွဲ၌ သူမ၏သံဓားသည် အံ့ဖွယ်နေမင်းဓားထက် ပို၍ လိုက်ဖက်သည်ဟု သူမ တွေးသည်။
မိစ္ဆာအရှိန်အဝါ နီးကပ်လာသည်နှင့်အမျှ ဟန်မူယဲ့၏ချီပင်လယ်၌ ဓားဆန္ဒ ကိုးဆယ်ခန့်သည် စတင်၍ ဆူပွက်လာကြသည်။
သူ၏ဒန်ထျန်တွင် ဓားဆေးလုံးနှစ်လုံးသည် အဆက်မပြတ် လှည့်ပတ်ကာ သူ၏ဆင့်ခေါ်မှုအား စောင့်ဆိုင်းနေကြ၏။
သူ၏စိတ်နယ်ပယ်တွင် ဝိညာဉ်လိပ်ပြာဓားသည် ဓားသဏ္ဍာန်သို့ စုစည်းနေပြီး ဖြစ်သည်။
ထိုအခိုက်တွင် ကောင်းကင်၌ ဓားအလင်းတစ်ချက် ဖြစ်ပေါ်လာသည်။
ဝှစ်…
ကောင်းကင်၌ နားကွဲမတတ် နာကျင်စွာ အော်ဟစ်သံအား ကြားလိုက်ရသည်။
မိုးခြိမ်းသံကဲ့သို့ တစ်ဝုန်းဝုန်းမြည်သံများကိုလည်း ကြားရသည်။
“သေစမ်း… မင်းက ငါ့ရှေ့မှာ လက်သည်းထုတ်ရဲသလား။ နောက်တစ်ခေါက် မင်းလာရင် မင်းလက်သည်းလောက်ကို ဖြတ်မှာ မဟုတ်တော့ဘူး”
ကောင်းကင်ထက်တွင် ဓားအလင်းတစ်ခုသည် မိစ္ဆာအရှိန်အဝါများအားလုံးကို ဖြိုဖျက်သွားသည်။
မိုင်တစ်ထောင်ပတ်လည်အတွင်း၌ ဓားများအားလုံး တုန်ခါကြ၏။
သူသည်ကား စစ်မှန်သော ဓားသမားတစ်ဦး ဖြစ်သည်။
ဓားတစ်ချက်ဖြင့် မိုင်တစ်ထောင်ပတ်လည်မှ ဓားများအားလုံး တုန့်ပြန်ရသည်။
“ဒါက အနောက်ဘက်ကုန်းမြေရဲ့ နံပါတ် ၁ ဓားသမား ထူစွန်းရှစ်လား”
မိုင်တစ်ထောင်အတွင်း၌ ဓားများသည် အချင်းချင်း ခံစားနိုင်ကြသည်။ ထိုသို့သော အဆင့်အတန်းရှိသော ဓားပိုင်ရှင်မှာ အနောက်ဘက်ကုန်းမြေ၏နံပါတ် ၁ ဓားသမားထံတွင်သာ တွေ့နိုင်၏။
ဟန်မူယဲ့ နောက်လှည့်ကြည့်လျှင် မီးခိုးရောင်ဝတ်အဖိုးအိုတစ်ဦးအား တွေ့ရသည်။
ဟန်မူယဲ့ ထိုအဖိုးအိုအား မြင်ဖူး၏။
“ဆရာစွန်းထူ…”
ဟန်မူယဲ့၏မျက်နှာ၌ ထူးဆန်းသော အမူအရာတစ်ခု ဖြစ်လာသည်။
လေလံပွဲ၌ ဟန်မူယဲ့အား လမ်းညွှန်ပေးခဲ့ကာ နောက်ဆုံး၌ ဝိညာဉ်ကျောက်တုံး ၂၀၀ ရရှိသွားခဲ့သော စွန်းထူ မဟုတ်ပေဘူးလား။
ဟန်မူယဲ့၏အမူအရာကို မြင်လျှင် ထူစွန်းရှစ်က ကြေနပ်စွာ ပြုံးသည်။
“ဝိညာဉ်ကျောက်တုံး ၂၀၀ နဲ့ မင်းရဲ့အသက်ကို ကယ်ပေးတယ်။ မင်း အတွက် မရှုံးဘူးမလား”
ထူစွန်းရှစ်က ပြောလျှင် လက်ဝှေ့ယမ်းကာ ကောင်းကင်ထက်မှ အဆုံးမရှိသော မိစ္ဆာအငွေ့အသက်များအား ကြည့်သည်။
“ကျုပ်မှာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ဝိညာဉ်လိပ်ပြာဓားသိုင်းကို မှီငြမ်းပြီးတော့ တီထွင်ထားတဲ့ ဓားသိုင်းတစ်ခုရှိတယ်။ တောင်ပိုင်းကုန်းမြေက ဘယ်ကျင့်ကြံသူတစ်ဦးတစ်ယောက်ဟာ မင်းတို့ရဲ့ ခေါင်းကို ပေးဖို့ ဆန္ဒရှိလဲ”
သူ့အတွက် ခေါင်းတစ်လုံး ပေးရမည်လား။
ဟန်မူယဲ့ဘေးတွင် အဖိုးအိုကား ပေါ့ပါးလွတ်လပ်သော ဟန်ပန်ရှိသည်။ သူ့တွင် ပညာရှင်တစ်ဦး၏ဟိတ်ဟန်များ မရှိပါ။
သူသည် ယခင်က လေလံစံအိမ်၌ရှိသော ပုံစံနှင့် အတူတူဖြစ်သည်။
သို့သော်လည်း ထိုအဖိုးအို၏တည်ရှိမှုကြောင့်ပင် ကောင်ကင်၌ အဆုံးမရှိလူးလိမ့်လာသော မိစ္ဆာအငွေ့အသက်များ အားဖျော့သွားရခြင်းပင်။
သူတို့ နောက်ဆုတ်ကြသည်။
ဟန်မူယဲ့က သူသည် ဓားနှစ်လက်ဖြင့် မိစ္ဆာသားရိုင်းအများအပြား သတ်ဖြတ်နိုင်ခဲ့သည်ဟု ခံစားရ၏။
သို့သော်လည်း သူ၏ဘေးမှ အဖိုးအိုသည် ဓားပင် မသုံးလိုက်ရဘဲ မရေမတွက်နိုင်သော မိစ္ဆာသားရိုင်းများအား နောက်ဆုတ်စေသည်။
၎င်းကား မမျှတပါ။
ထူစွန်းရှစ်က ခေါင်းယမ်းသည်။ ထို့နောက် သူက ဟန်မူယဲ့အား ပြောသည်။
“မင်းဟာ ဓားသိုင်းအတော်များများကို ကျွမ်းကျင်တာပဲ။ ဒါပေမဲ့ ဓားသိုင်းဆိုတာ အဆုံးစွန်အထိ ကျွမ်းကျင်ဖို့ လိုတယ်။ ဓားသိုင်းအများကြီးကို ရောနှောပြီး လေ့ကျင့်တာ ကောင်းတဲ့အချက်တော့ မဟုတ်ဘူး”
ရောနှောသည်လား…
ဟန်မူယဲ့ ခေါင်းညိတ်သည်။
ခင်ဗျားဟာ အနောက်ဘက်ကုန်းမြေရဲ့ နံပါတ် ၁ ဓားသမားပဲလေ။ ခင်ဗျားပြောသမျှ ခံရမှာပဲ။
ဟန်မူယဲ့က သူ၏ဓားသိုင်းများအားလုံးကို အဆုံးစွန်အထိ ကျွမ်းကျင်အောင် လေ့ကျင့်နိုင်သည်ဟု ယုံကြည်၏။
သို့သော်လည်း ထူစွန်းရှစ်နှင့် ငြင်းခုန်စရာတော့ မလိုပါ။
မိစ္ဆာသားရိုင်းများသည် ယာယီအားဖြင့် နောက်ဆုတ်ကာ တိုက်ပွဲဝင်အသင့်အနေအထားဖြင့် သူတို့၏စစ်တပ်ကို ပြင်ဆင်ထားကြသည်။
ဖုန်းရှို့တောင်သည် ကျရှုံးသွားခဲ့ကာ အရင်းအမြစ်များစွာမှာ မိစ္ဆာများ၏လက်ထဲသို့ ကျဆင်းသွားခဲ့သည်။ သူတို့ကလည်း ထိုအရင်းအမြစ်များကို ဝါးမျိုအသုံးချရန် လိုသေးသည်။
နောက်ထပ်တိုက်ပွဲသည် တိမ်မြုံကမ်းပါးတွင် ဖြစ်သည်။
ဟန်မူယဲ့နှင့် ထူစွန်းရှစ်တို့ မြေပြင်ပေါ်သို့ ဆင်းသက်လာသည်။ စကားတချို့ ပြောပြီးနောက် ထူစွန်းရှစ် ထွက်ခွာသွား၏။
အနောက်ဘက်ကုန်းမြေမှ နံပါတ် ၁ ဓားသမားသည် ပုံမှန်အားဖြင့် တခြားသော လုပ်စရာကိစ္စများ ရှိနေပေသေးသည်။
ဟန်မူယဲ့အား လာရောက်ကယ်တင်ခြင်းက အမှန်တကယ်လည်း ယခင်က သိကျွမ်းဖူးသော မိတ်ဆွေတစ်ဦးအဖြစ် သတ်မှတ်ခြင်းကြောင့် ဖြစ်သည်။
“ဆယ့်ကိုး…”
“စီနီယာအစ်ကိုဟန်…”
“အစ်ကို…”
လူရိပ်အများအပြား ဟန်မူယဲ့ထံသို့ ပြေးလာကြသည်။
လီသုံးသည် အစိမ်းရောင်ဝတ်စုံကို ဝတ်ထားကာ သေရည်အိုးတစ်လုံးအား ခါး၌ ချိတ်ထားသည်။
စုန့်ခုနစ်၏တကိုယ်လုံးမှာလည်း သွေးများ အလိမ်းလိမ်းကပ်နေသည်။
ဟွမ်လောင်လျှိုသည် လုချန်းဖျင်၏လက်ကို ဆွဲကိုင်ထားကာ သူ၏မျက်နှာမှာ ပြုံးနေ၏။
ဟန်မူယဲ့က ရင်းနှီးသော မျက်နှာများအား ကြည့်ကာ ပြုံးသည်။
သူက ဓားသိုင်းကို လေ့ကျင့်ခြင်းသည်ပင် ဤလူများနှင့် ရင်ဘောင်တန်း တိုက်ခိုက်ရန် မဟုတ်ပေဘူးလား။
အဝေးမှ မိစ္ဆာအငွေ့အသက်များအား လှမ်းကြည့်ကာ ဟန်မူယဲ့၏တိုက်ခိုက်လိုစိတ်မှာ ဆူပွက်လာသည်။
အဝေးတွင် မဟာအကြီးအကဲလုဟောင်က ဟန်မူယဲ့အား ခေါင်းညိတ်သည်။
ဟန်မူယဲ့ လှမ်းသွားလိုက်၏။