ဒါ မကောင်းဘူး
Vol. 23 Ch. 315
‘ခွေးသူတောင်းစားချင် ဒီလောက် ရုပ်ပျက်ဆင်းပျက် အထိုးခံထားရတာကြည့်ရင် ဒီသင်္ဘောပေါ်မှာ ပုန်းနေတဲ့ ကြောက်စရာအကောင်ကြီးနဲ့ တွေ့သွားတာများလား’
ပန်းကုန်စုန် မယုံသင်္ကာဖြင့် လိုက်သွားသည်။ ‘ဒါပေမဲ့ အဲဒီကြောက်စရာအကောင်ကြီးက ထွက်သွားပြီမဟုတ်ဘူးလား’
စနေဂြိုဟ်အရှင်သခင် သင်္ဘောပေါ်မှ ထွက်ပြေးသွားတုန်းက ပန်ကုန်းစုန် တစ်ခန်းဝင် တစ်ခန်းထွက်၍ တကွဲတပြား ဖြစ်နေသေးသော နောက်လိုက်များကို လိုက်ရှာနေသည့်အချိန် ဖြစ်သည်။ သူ၏နောက်လိုက်တချို့က သင်္ဘော၏ အဆောက်အဦထဲ လိုက်မဝင်ဘဲ ကုန်းပတ်ပေါ်တွင် စောင့်ကျန်ခဲ့၏။ သို့သော် သူ ကုန်းပတ်ပေါ် သွားသည့်အခါ တစ်ယောက်မှ မရှိတော့ပေ။ စနေဂြိုဟ်အရှင်သခင် ထွက်ပြေးသွားသည့် လေအဟုန်ကြောင့် ယိုတုကမ္ဘာထဲ ပြုတ်ကျသွားခဲ့ကြသည်။
ဤသည်က လွန်ခဲ့သောနှစ်လတုန်းက အဖြစ်အပျက် ဖြစ်၏။
ဤအတောအတွင်း ပန်ကုန်းစုန်သည် လူတိုင်းကို ခေါ်၍ အခန်းတစ်ခန်းမကျန် သွားရောက်ပြီး ယူရသမျှ ပစ္စည်းအားလုံး မ,လာခဲ့၏။ ပဲ့ထိန်းအခန်းသို့ သွားသည့်အချိန်မှ အတားအဆီး တွေ့ခဲ့ရခြင်းပင်။ နဂါးချီလင်နှင့် အမွှေးဖြူလင်းနို့နှစ်ကောင်က လမ်းပေါက်ပိတ်ကာ အခန်းထဲ ဝင်ခွင့်မပေးပေ။
ပဲ့ထိန်းအခန်းထဲ ဝင်နိုင်သည့် တံခါးက တစ်ချပ်တည်းရှိသဖြင့် အခန်းထဲ ဝင်လိုလျှင် သူတို့အား ဖြတ်ကျော်သွားမှဖြစ်မည်။ သို့သော် အမွှေးဖြူလင်းနို့နှစ်ကောင်နှင့် နဂါးချီလင်က သိုင်းစွမ်းရည်မနိမ့်ကျပေ။ သူတို့ တံခါးကို စောင့်ကြပ်ရန် စိတ်ပိုင်းဖြတ်လိုက်သည်နှင့် သေခြင်းရှင်ခြင်းအဆင့် မှော်ဆရာဘုရင်ပင် မထိုးဖောက်နိုင်ဖြစ်ရသည်။ ထို့ကြောင့် ပြီးခဲ့သည့်ရက်များအတွင်း ပန်ကုန်းစုန် သူ့လူများကို နဂါးချီလင်တို့ အနားမယူနိုင်အောင် တရစပ် တိုက်ခိုက်စေခဲ့၏။
ပန်ကုန်းစုန်က ချင်မူဝင်သွားသည့် အခန်းထဲ ရောက်သည်နှင့် ကျိုင်းကောင်တစ်သောင်းအလံကို ရုတ်ခြည်း ထုတ်လိုက်၍ ကျိုင်းကောင်ပေါင်းများစွာက သူ၏ခန္ဓာကိုယ်ကို ဝန်းရံကာ သူ့အား ကာကွယ်ပေးလိုက်သည်။
ဤအခိုက်အတန့်တွင် သူ့အနောက်မှ တံခါးပိတ်သံ ကြားလိုက်ရ၏။ ချင်မူက တံခါးဘေးတွင် ရပ်နေခဲ့ပြီး တံခါးကို ပိတ်လိုက်ခြင်းဖြစ်သည်။
ပန်ကုန်းစုန်က အရှေ့သို့ ခပ်သုတ်သုတ် လျှောက်သွားပြီးနောက်မှ ပြုံးလျက် နောက်လှည့်လိုက်သည်။ “ဂိုဏ်းသခင်ချင်၊ ငါ့ကို ဘာလို့ ဒီအခန်းထဲ မျှားခေါ်တာလဲ”
ချင်မူ့မျက်နှာပေါ်ရှိ အညိုမည်းများက အထိုးနှက်ခံထားသည့် သက်သေများဖြစ်ပြီး သူ့အသံက မကျေမနပ် ဒေါသထွက်နေသံပေါက်နေသည်။ “ငါ နှစ်လလောက် အထုအရိုက်ခံခဲ့တာ။ ယုံကြည်ချက်တွေလည်း ပြိုလဲနေပြီ။ နောင်တော်ကြီး မင်းလည်း သိမှာပါ။ လူတစ်ယောက်က တစ်ကြိမ်တည်းနဲ့ မအောင်မြင်ဘဲ ထပ်တလဲလဲ ရှုံးနိမ့်နေရင် မကျေနပ်ချက်တွေ များလာပြီး စိတ်ဖောက်ပြန်သွားတတ်တယ်လေ”
ပန်ကုန်းစုန် အံ့အားသင့်သွားသည်။ “ဘယ်လိုလူမျိုးက ဂိုဏ်းသခင်ချင်ကို ဒီလောက်အခြေအနေဆိုးအောင် ရိုက်လွှတ်နိုင်တာလဲ။ စိတ်တောင် ဝင်စားသွားပြီ။ ဒီကမ္ဘာပေါ်မှာ ငါကလွဲရင် ဘယ်သူက ဂိုဏ်းသခင်ချင်ကို ထပ်တလဲလဲ အနိုင်ယူပြီး အခုလိုလက်မှိုင်ခြေမှိုင် ကျသွားစေတာပါလိမ့်။ အဲဒီလူက ခုနစ်စဉ်ကြယ်အဆင့် ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက်လား”
ချင်မူ မျက်နှာပေါ်ရှိ ဒဏ်ရာများကို ထိလိုက်သည်။ “သူက အရပ်ခြောက်မျက်နှာအဆင့်နဲ့ပဲ တိုက်ခိုက်ခဲ့တာ”
ပန်ကုန်းစုန် ပို၍ပင် အံ့အားသင့်သွားပြီး ယိုင်နွဲ့နွဲ့ သက်ပြင်းချကာ ချီးကျူးမိသွားသည်။ “အဲဒီလူက အမှန်တကယ် သိုင်းစွမ်းရည်မြင့်မားတာပဲ”
ချင်မူက အလွန်ရိုးသားစွာ ပြောသည်။ “အဲ့ဒါကြောင့် နားနေတုန်းလေး နောင်တော်ကြီးကို အပြေးအလွှား လာရှာတာ။ ကျွန်တော် စိတ်မဖောက်ပြန်သွားအောင် နောင်တော်ကြီး တစ်ချက်နှစ်ချက်လောက် အထိုးခံပေးပါလား”
ပန်ကုန်းစုန်၏မျက်ခုံးများ တွန့်သွားပြီး သူ့အကြည့်က လက်တွင်ကိုင်ထားသည့် ကျိုင်းကောင်တစ်သောင်းအလံပေါ် ကျရောက်သွားသည်။ သူက ခပ်တိုးတိုး တစ်ချက်ရယ်ကာ ပြောလိုက်၏။ “ဂိုဏ်းသခင်ချင်၊ ပုံမှန်ဆို ငါက မနိုင်မှန်းသိတဲ့ တိုက်ပွဲတွေ မတိုက်တတ်ဘူး။ မနိုင်မှန်းသိတာကြောင့် ညစ်တီးညစ်ပတ် လှည့်ကွက်လေးတွေ သုံးလေ့ရှိတယ်။ ဒါပေမယ့် မင်း ငါ့ကို ခိုးကြောင်ခိုးဝှက် လက်ပြတာမြင်တော့ ချက်ချင်း အပြေးလိုက်ခဲ့တာ ဘာကြောင့်လဲသိလား”
သူက ခေါင်းမော့သည်။ “ငါ ဒီနှစ်လအတွင်း ဇွဲကောင်းကောင်းနဲ့ သိုင်းကျင့်ခဲ့တာမလို့ နှစ်လမတိုင်ခင်တုန်းကထက် အများကြီး တိုးတက်လာခဲ့ပြီ။ မင်းလည်း သိပါတယ်၊ ငါက လိုလန်ရွှေနန်းတော်ရဲ့ မှော်ဆရာသခင်၊ ဆယ့်ရှစ်ကြိမ် ပြန်ရှင်သန်ခဲ့ဖူးတဲ့လူ။ ငါ့ရဲ့ ကျင့်ကြံနှုန်းနှစ်လဆိုတာ မင်းရဲ့ကျင့်ကြံနှုန်းနှစ်နှစ်နဲ့ ညီမျှတယ်။ ငါ မင်းနောက်လိုက်လာခဲ့တာက မင်းရဲ့ ပေါက်ပန်းလေးဆယ်စကားတွေ နားထောင်ဖို့မဟုတ်ဘူး။ မင်းထိုးတာ ခံဖို့ မဟုတ်ဘူး။ မင်းကို သတ်ဖို့ပဲ”
သူ မီးပုံယမ်းကျ ဒေါသပေါက်ကွဲသွား၍ သူ၏အနက်ရောင်ဆံပင်များ မြောက်တက်လာသည်။ သူက ကျိုင်းကောင်တစ်သောင်းအလံကို ဝှေ့ယမ်း၍ ချင်မူ့ကို တိုက်ခိုက်ရင်း တင်းမာခက်ထန်စွာ အော်သည်။ “မင်းကို သေအောင် ရိုက်သတ်ပစ်မှာ။ ငွေခေါင်းဆောင်းကို ပေးလိုက်၊ အေးအေးချမ်းချမ်း သေခွင့်ပေးမယ်”
ဒင် ဒင် ဒင် ဒင်
ကျိုင်းကောင်ပျံများက ဓားမိုးနှင့် ဝင်တိုက်သွားသည်။ ရွှေကျိုင်းကောင်ပျံများ၏ ပါးလျသောတောင်ပံများက ဓားမထက်ထက်များပမာ မြနေသော်လည်း ချင်မူ၏ဓားပျံများကမူ မနှိုင်းယှဉ်နိုင်လောက်အောင် လေးသည်။ ထိုအခိုက်အတန့်တွင် သတ္တုချင်းထိတိုက်သံများ အခန်းတစ်ခန်းလုံး ဆူညံသွားပြီး မီးပွားများ အရပ်လေးမျက်နှာသို့ ဖွားခနဲ လွင့်စင်ထွက်လာသည်။
ဓားရောင်များနှင့် ကျိုင်းကောင်ပျံများအကြားတွင် ပန်ကုန်းစုန်က ကျိုင်းကောင်တစ်သောင်းအလံကို ကြမ်းပြင်ပေါ် စိုက်ပြီး ဓားပျံများနှင့် ကျိုင်းကောင်များအကြား ဘယ်ညာတိမ်းကာ သူ၏ပစ်မှတ်ဆီ ချဉ်းကပ်လာ၏။
ချင်မူကလည်း ခန့်မှန်းမရသော ခြေလှမ်းခြေကွက်များဖြင့် ပန်ကုန်းစုန်ဆီ ချဉ်းကပ်လာသည်။
သူတို့ရောက်နေသည့်အခန်းက သိပ်မကျယ်သည့်အတွက် ခြေလှမ်းတစ်ချက်မှားသည်နှင့် ဓားပျံများ၊ ကျိုင်းကောင်ပျံများအကြားတွင် ထိခိုက်သွားနိုင်၏။ ကံဆိုးလျှင် အသက်ပင်ဆုံးရှုံးသွားနိုင်သည်။
ချင်မူနှင့် ပန်ကုန်းစုန်သည် ကောင်းကင်နတ်သိုင်းကွက်များအား အကျစ်လျစ်ဆုံးဖြစ်အောင် မည်သို့လုပ်ရမည်ကို လေ့လာသိရှိထားကြသည့်အတွက် အခန်း၏အကျယ်အဝန်းကြောင့် ကျိုင်းကောင်ပျံများနှင့် ဓားပျံအားလုံး သေး၍အရဆုံးအရွယ်အစားအထိ ချုံ့ခံလိုက်ကြရသည်။ ဓားပျံများက သုံးလက်မအရှည်ထက် မပိုတော့ပေ။ ကျိုင်းကောင်ပျံများက လက်သည်းခွံငါးခုအရှည်သာ ရှိတော့သည်။
ဓားပျံများနှင့် ကျိုင်းကောင်များ သေးငယ်သွားသည်နှင့်အမျှ အခန်းထဲ လှုပ်ရှားဖို့ရန်မှာလည်း ပိုမိုအန္တရာယ်များလာလိမ့်မည်။ ဓားပျံများနှင့် ကျိုင်းကောင်ပျံများကို တိမ်းရှောင်ဖို့ စူးရှသောအမြင်အာရုံနှင့် ခွဲခြားသိမြင်နိုင်စွမ်းကို လိုအပ်သည်။
ထို့နောက် သူတို့နှစ်ယောက် အားကုန်ပြေးတက်သွားပြီး လက်သီးသိုင်း၊ လက်ဝါးသိုင်းများ ထုတ်လွှတ်ကြသည်။ အခန်းထဲတွင် မိုးခြိမ်းသံကဲ့သို့အသံကြီး ဟိန်းထွက်သွား၏။
ပန်ကုန်းစုန်က ပြုံးသည်။ “ငါ့ရဲ့ လက်ရှိကျင့်စဉ်စွမ်းအင်နဲ့ဆိုရင် ... အင့်”
ပြိုင်ဘက်၏ ကြောက်ခမန်းလိလိ ခွန်အားကို ခံစားလိုက်ရသဖြင့် ပန်ကုန်းစုန် အင့်ခနဲ ညည်းပြီး ထိတ်လန့်သွားသည်။ ဤရက်များအတွင်း ဇွဲနပဲကြီးစွာဖြင့် သိုင်းကျင့်ခဲ့၍ သူ၏ကျင့်စဉ်စွမ်းအင်က ကြောက်ခမန်းလိလိ တိုးတက်လာခဲ့သည်။ ထို့ကြောင့် အသာစီးရသင့်ပါသော်လည်း ခွန်အားအကုန် ထုတ်လိုက်သည့်အချိန်တွင် ချင်မူက မဆိုစလောက် သာနေသေးသည်။
ဤသည်ကား အဘယ်သို့ပြု၍ ဖြစ်နိုင်မည်နည်း။
ဤခွေးသူတောင်းစားကလည်း ပြန်ရှင်သန်လာသော လူတစ်ယောက်လော။
သို့သော် တစ်ခုခု မူမမှန်သည်ကို သူ သတိထားမိလိုက်သည်။ ချင်မူက ကျင့်စဉ်စွမ်းအင်တွင် သူ့ထက် သာခြင်းမဟုတ်။ သူ၏ချီစွမ်းအင်က ပိုမိုသန့်စင်လာပြီး သူ၏သိုင်းကွက်များနှင့် ကောင်းကင်နတ်သိုင်းများကို အသုံးပြုပုံက အဆင့်တစ်ဆင့် တိုးတက်သွားခဲ့ခြင်းပင် ဖြစ်သည်။ သူ၏ရုပ်ခန္ဓာသည်ပင် ပိုမိုသန်မာလာ၏။
ဤအခြင်းအရာက ချင်မူသည် ချီစွမ်းအင်အနည်းငယ်မျှဖြင့် သူ၏ကောင်းကင်နတ်သိုင်းများအား အားကုန်ဖောက်ခွဲပစ်နိုင်သည်ဟု ဆိုလိုသည်။ သူကား ကောင်းကင်နတ်သိုင်းများ ပိုမိုကျစ်လစ်သွားအောင် လုပ်နိုင်ခဲ့သည်။ သူ့သိုင်းကွက်များက တစ်ဖက်လူကို မထိလျှင် စွမ်းအင်သည် အနည်းအကျဉ်းမျှသာ စိမ့်ထွက်ပြီး တစ်ဖက်လူကို ထိလိုက်သည့်အခါ ပေါက်ကွဲအားက ပို၍ပင်ပြင်းထန်လိမ့်မည်။
ပန်ကုန်းစုန်နှင့် ချင်မူသည် လျှို့ဝှက်စင်္ကြံထဲ အတူရောက်ခဲ့သည့်အတွက် နံရံပေါ်ရှိ ကောင်းကင်နတ်သိုင်းရာများနှင့် ကောင်းကင်လက်နက်ရာများကို မြင်တွေ့ခဲ့ကြသည်။ သို့သော် နှစ်ယောက်လုံးက အပေါ်ယံသာ နားလည်ခဲ့ပြီး နက်နက်ရှိုင်းရှိုင်း မလေ့လာခဲ့ရပေ။
သို့ထိတိုင် ချင်မူသည် ပန်ကုန်းစုန်ထက် ပိုသာနေ၏။
‘ဒါ မကောင်းဘူး’
ပန်ကုန်းစုန် မှင်သက်နေမိသည်။ သူ၏ခံစားချက်များ မကောင်းတော့ပေ။ ယခုတွင် ချင်မူ၏ကျင့်စဉ်စွမ်းအင်က တိုးတက်သွားပြီး ချီစွမ်းအင်လည်း ပိုမိုသန့်စင်လာခဲ့သည့်အတွက် မှော်စွမ်းအင်ကုန်ခမ်းမှု နည်းပါးသွားလိမ့်မည်။ ရုပ်ခန္ဓာကလည်း သန်မာလာချေရာ ချင်မူ၏ တိုက်ခိုက်နိုင်စွမ်းနှင့် သက်လုံက သူ့ထက် ပိုသာလိမ့်မည်။
ကွာဟမှုက မကြီးမားသည့်တိုင် တစ်လက်မလေးမျှ နိမ့်ကျနေလျှင်ပင် ချင်မူ့အတွက် သူ့ကို အနိုင်ယူဖို့ လုံလောက်သည်။
သိုင်းတိုက်ပွဲက လောလောဆယ် အဆင်ပြေနေသေးသော်လည်း အချိန်ကြာလာသည်နှင့် ပန်ကုန်းစုန် သေတွင်းထဲ ကျလိမ့်မည်။
သိုင်းကွက်အချင်းချင်း ထိတိုက်နေသည်အမျှ ကျိုင်းကောင်တစ်သောင်းအလံနှင့် ဓားအလက်ရှစ်ထောင်လုံး မှော်စွမ်းအင်များစွာ ကုန်ခမ်းသွားသည်။ ဤဖြစ်ရပ်က သူတို့၏ချီစွမ်းအင်များကို လျင်မြန်စွာ လျော့ကျသွားစေသည့်အတွက် ဓားပျံနှင့် ကျိုင်းကောင်ထိန်းချုပ်နိုင်သည့်ပမာဏက ကျဆင်းလာသည်။
သို့သော် ချင်မူ၏ ရုပ်ခန္ဓာက သန်မာနေသေးသည့်အတွက် သူ၏သိုင်းကွက်များကို ချောချောမွေ့မွေ့ ထုတ်ဖော်နိုင်သည်။ သူ၏ကန်ချက်များနှင့် လက်သီးချက်များက တောင်များ၊ ကျောက်တုံးများကို ထိုးခွဲနေသကဲ့သို့ အားအဟုန်ပြင်းထန်လှရာ ပန်ကုန်းစုန်မှာ နောက်ဆုတ်ပြီးရင်း ဆုတ်နေရတော့သည်။
ရုတ်တရက် ပန်ကုန်းစုန် နောက်လန်သွားပြီး ဝင်လာသည့်တံခါးကို ဖွင့်မိသွားသည်။ ဤအခြေအနေကို အခွင့်ကောင်းယူကာ သူ တံခါးပိတ်လိုက်သော်လည်း တံခါးပိတ်မသွားခင် အားလှိုင်းကြီးတစ်လှိုင်းက ဖြာဆင်းလာပြီး သူ့ကို တိုးဝှေ့ကာ ဆန့်ကျင်ဘက်နံရံနှင့် မိတ်ဆက်သွားစေသည်။
“ငါ့လူတွေ ရှာတွေ့တဲ့အထိပဲ သည်းခံဖို့လိုတယ်။ သူတို့လာတာနဲ့ ဒီခွေးသူတောင်းစား သေချာပေါက် သေရလိမ့်မယ်”
ပန်ကုန်းစုန် စိတ်ငြိမ်ငြိမ်ထားလိုက်သည်။ ပြီးခဲ့သည့်နှစ်လအတွင်း လျှို့ဝှက်စင်္ကြံနှင့် သင်္ဘောပေါ်ရှိ ရတနာများကို ရှာဖို့ မှော်ဆရာဘုရင်များအား ဟင်းလင်းပြင်အစီအရင်ကို တွက်ချက်တတ်အောင် သူ သင်ပေးထားသည်။
ထိုမှော်ဆရာဘုရင်များ သေချာပေါက် ရောက်လာလိမ့်မည်။
သို့ရာတွင် မှော်ဆရာဘုရင်များ၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် သင်္ချာစွမ်းရည်က သူ့အောက် နိမ့်ကျသည့်အတွက် သူ့ကို ရှာဖို့ အချိန်တစ်ခုတော့ ယူရလိမ့်မည်။ ထို့ကြောင့် သူတို့ မလာမချင်း သူ တောင့်ခံထားဖို့ လိုသည်။
ချင်မူက ဝှစ်ခနဲ ရောက်လာကာ သူ့ကို တိုက်ခိုက်သည်။ အနားရောက်လာသည့်အတွက် အနီးကပ်သိုင်းတိုက်ပွဲ ဖြစ်သွား၏။ သူတို့အသုံးပြုနေသော ဓားပျံနှင့်ကျိုင်းကောင်အရေအတွက်မှာ ကြဲပါးလာသည်။ ချင်မူက ဓားကိုးစင်းကို ထိန်းချုပ်ထားပြီး တစ်စင်းစီသည် အတိုင်းထက်အလွန် သေးငယ်ကျစ်လစ်နေ၏။ ဓားကိုးစင်းက လက်ချောင်းတစ်ချောင်းအရွယ် ငါးပျံလေးများပမာ သူ့ခန္ဓာကိုယ်ကို လှည့်ပတ်၍ ပျံဝဲကူးခတ်နေသည်။ ပန်ကုန်းစုန်၏ ကျိုင်းကောင်များကလည်း အင်မတန် သေးငယ်ကျစ်လျစ်ပြီး ရွှေကျိုင်းကောင်အစစ်များနှင့် တူသည်။
သိုင်းသမားနှစ်ယောက်၏ ချီစွမ်းအင်မှာ အလွန်ကုန်ခမ်းသွားခဲ့သော်လည်း သူတို့၏သိုင်းကွက်များက ကြောက်မက်ဖွယ်ရာ ပြင်းထန်နေဆဲဖြစ်သည်။ သူတို့က မနီးမဝေးအကွာအဝေးမှ တိုက်ခိုက်နေပြီး သတိတစ်ချက်လွတ်သွားသည်နှင့် တစ်ယောက် သေရလိမ့်မည်။
ပန်ကုန်းစုန်သည် သိုင်းကွက်များအား သတိကြီးကြီးထား၍ ရင်ဆိုင်နေသော်လည်း သူ၏ကျင့်စဉ်စွမ်းအင်မှာ ကုန်ခမ်းသွားသည့်တိုင်အောင် လျင်မြန်စွာ လျော့ကျသွား၏။
ချင်မူ၏ကျင့်စဉ်စွမ်းအင်လည်း ကုန်ခမ်းသွားသည်။ သို့သော် သူ၏ရုပ်ခန္ဓာက ကျွဲရိုင်းတစ်ကောင်ပမာ ကြံ့ခိုင်သန်မာသေး၏။ ပန်ကုန်းစုန် သိုင်းကွက်တစ်ဒါဇင်ကျော် ခုခံပြီးနောက်တွင် အကာအကွယ်အားလုံး ပျက်စီးသွားတော့သည်။ ထိုအခိုက်အတန့်တွင် သူ့မျက်နှာတစ်ပြင်လုံး ဖူးရောင်သွား၏။
ချင်မူက သူ့ကို တံခါးနှင့်သူ့အကြား ညှပ်ကာ မျက်လုံးများဖွင့်မရသည်အထိ စိမ်ပြေနပြေ ထိုးနေသည်။ ပန်ကုန်းစုန် အော်လိုက်သည်။ “သိပ်တော်တယ်။ သတ္တိရှိရင် ထပ်ထိုးလိုက်စမ်း”
ချင်မူ နောက်နှစ်ချက် ထိုးပြီးသည့်အခါ တံခါးဖွင့်သံ ကြားလိုက်ရသည်။ သူ့ရင်ထဲတွင် လှုပ်ခတ်သွားပြီး ရုတ်ခြည်း ရပ်လိုက်၏။
ပန်ကုန်းစုန်က အော်သည်။ “လာလေ ထိုးလိုက်စမ်းပါ”
ချင်မူ ဓားပျံများကို သိမ်းဆည်းပြီး ဟက်ခနဲ ရယ်ကာ လှည့်ထွက်သွား၏။ “နော်တော်ကြီး၊ ငါ စိတ်ကျေနပ်ပါပြီ။ နောက်ရက်မှ လာရှာတော့မယ်။ မေ့တော့မလို့ မင်းခါးက ထောင်ကျယ်အိတ်ကို ငါ ယူလိုက်ပြီနော်”
ပန်ကုန်းစုန် တအံ့တဩဖြင့် ခါးကို စမ်းလိုက်သည်။ သူ့ခါးရှိ ထောင်ကျယ်အိတ်ကား မရှိတော့ပေ။ ချင်မူ မည်သည့်အချိန်က ဖြုတ်သွားမှန်း သူ မသိလိုက်။
‘ငါ့စောရစွမ်းရည်က ဘိုးဘိုးထော့ကျိုးထက် နိမ့်ကျနေသေးတယ်။ မဟုတ်ရင် ငါ သူ့ဘောင်းဘီ ချွတ်လိုက်ရင်တောင် သူ သိမှာမဟုတ်ဘူး’
ချင်မူ ထောင်ကျယ်ကို မြှောက်၍ ပြန်ဖမ်းပြီးနောက် ထောကျိုး မည်မျှတော်ကြောင်း တွေးရင်း သက်ပြင်းချမိသည်။
“သူ့ကို သတ်ပစ်” မှော်ဆရာဘုရင်တချို့ အခန်းထဲ ရောက်လာသဖြင့် ပန်ကုန်းစုန်၏အသံ ထွက်လာသည်။
ချင်မူက ပြုံးပြီး တံခါးပိတ်လိုက်သည်။ ထို့နောက် ကြမ်းပြင်ပေါ်တွင် ပြန့်ကြဲနေသော ဓားပျံများကို စု၍ ထောင်ကျယ်အိတ်ထဲ ထည့်လိုက်သည်။ ကျိုင်းကောင်တစ်သောင်းအလံကိုလည်း ကောက်လိုက်၏။
ပန်ကုန်းစုန်၏ ထောင်ကျယ်အိတ်ကို ဖွင့်၍ အထဲကြည့်လိုက်သည့်အခါ သူ မျက်မှောင်အနည်းငယ်ကြုတ်သွားသည်။ စာကြည့်ခန်းထဲမှ စာအုပ်များ မရှိပေ။ အမွှေးတိုင်အိုး၊ စားပွဲ၊ ဖယောင်းတိုင်များ အစရှိသည့် သင်္ဘောပေါ်မှ တခြားရတနာများသာ ရှိသည်။ ပန်ကုန်းစုန်က စာအုပ်များကို သူနှင့်အတူ မသယ်ထားပုံပေါ်သည်။
“စာအုပ်စင်ပေါ်က အဲဒီစာအုပ်တွေထဲမှာ ဘာတွေမှတ်ထားပါလိမ့်။ နတ်ဘုရားကျင့်စဉ််တွေလား။ တခြားဟာတွေလား...”
ချင်မူ ထောင်ကျယ်အိတ်နှစ်အိတ်ကို ခါးတွင် ချိတ်လိုက်ပြီး စာကြည့်ခန်းဆီ ပြန်သွားကာ တွေးလိုက်သည်။ “နောက်တစ်ခေါက် သူ့ကို သမ,မှ စာအုပ်တွေ ဘယ်မှာဖွက်ထားလဲ မေးရမယ်’
ပန်ကုန်းစုန် အဆောက်အဦထဲမှ ဒယိမ်းဒယိုင် ထွက်လာပြီး ကုန်းပတ်ပေါ် ရောက်လာ၏။ မှော်ဆရာဘုရင်များ၏အကြည့်ကို မြင်လျှင် သူတို့ တွေးနေသည်ကို သူ သိလိုက်သည်။ ချင်မူ သူ့ကို ဤသို့ရိုက်နှက်သွားသည်ကို မြင်သည်နှင့် သူ့အပေါ် သူတို့၏လေးစားရိုသေမှုမှာ ယိမ်းယိုင်စပြုလာသည်။
ပန်ကုန်းစုန်က မထူးခြားသည့်အလား ပြောသည်။ “ဂိုဏ်းသခင်ချင်လည်း အခြေအနေမကောင်းဘူး။ ငါ့ကြောင့် ဒဏ်ရာအပြင်းအထန် ရသွားတယ်။ ငါ သူ့နာမည်ကိုရော၊ မျိုးရိုးနာမည်ကိုရော သိတယ်။ ငါ့ကျင့်စဉ်စွမ်းရည် ပြန်ပြည့်တာနဲ့ သူ့အသက်ကို အောက်လမ်းအတတ်နဲ့ နုတ်ပစ်မယ်”
သူ၏ကျင့်စဉ်စွမ်းရည် ပြန်ပြည့်သည့်အခါ သူ ရုတ်ခြည်း အစီအရင်ချလိုက်သည်။ သို့သော် ထူးဆန်း၏။ ချင်မူ၏ နာမည်နှင့် မျိုးရိုးကို သိသော်လည်း သူ့အား ရှာမတွေ့ပေ။ ဤကမ္ဘာမှ ပျောက်ချင်းမလှ ပျောက်သွားသည်နှင့် တူနေသည်။
ပန်ကုန်းစုန် အစီအရင်ထပ်ချသော်လည်း သူ၏မှော်ဆရာအစီအရင်က ချင်မူ့ကို မရှာနိုင်သေးပေ။
‘မဖြစ်နိုင်ဘူး။ သူ သေချာပေါက် သင်္ဘောပေါ်မှာ ရှိပါတယ်။ ဒါတောင် မှော်ဆရာအစီအရင်က သူ့ကို မရှာနိုင်ဘူးတဲ့လား။ ငါ့အစီအရင်ကို ဟန့်တားထားတဲ့ လျှို့ဝှက်နေရာတစ်နေရာရာမှာ ပုန်းနေတာများလား’
ချင်မူ ပန်းချီကားထဲ ပြန်ရောက်သည့်အခါ ပန်းချီလူက သူ့ကို သိုင်းကွက်များ ပြသပေးသည်။ ချင်မူမှာ ထပ်တလဲလဲ ရှုံးနိမ့်နေသော်လည်း ကြာသထက်ကြာကြာ တောင့်ခံလာနိုင်၏။
အချိန်ကား မသိလိုက်မသိဖာသာဖြင့် ကုန်ဆုံးသွားသည်။ တစ်ရက်တွင် သင်္ဘောတစ်စင်းလုံး လှုပ်ခတ်သွား၏။ ပန်းချီကမ္ဘာထဲ ရောက်နေသည့်တိုင် တုန်ခါမှုများကို ချင်မူ ခံစားရသေးသည်။
ဘိုးဘိုးပန်းချီက စိတ်ပူနေဟန်ပြပြီး သူ့ကို လှမ်းခေါ်သည်။ ချင်မူ သူ့နောက် ကပျာကယာ လိုက်သွားပြီး ကုန်းပတ်ပေါ် တက်လိုက်၏။
သင်္ဘောမှ ခပ်လှမ်းလှမ်းတွင် မရေမတွက်နိုင်သော ယိုတုသတ္တဝါများစွာ အစုံလိုက်အပြုံလိုက် လာနေသည်။ သင်္ဘောလှုပ်ခတ်သွားခြင်းက ထိုသတ္တဝါတို့နှင့် ဝေးရာပြေးရန် အရှိန်တင်လိုက်၍ ဖြစ်သည်။
ဘိုးဘိုးပန်းချီက တံခါးပေါ်တွင် ရပ်ပြီး ချင်မူ့ကို လက်ပြနှုတ်ဆက်သည်။
ချင်မူ မှင်သက်သွား၏။
သူတို့ ဤအတိုင်း ခွဲခွာရတော့မည်လော။