← Chapters

အို ဝိညာဉ်တို့ ပြန်လာပါလော့

Vol. 23 Ch. 316

အို ဝိညာဉ်တို့ ပြန်လာပါလော့

Vol. 23 Ch. 316

သင်္ဘောက ယိုတုသတ္တဝါများကို နောက်ချန်ခဲ့ပြီး အရှိန်မြန်သထက်မြန်လာသည်။ ဤသို့ တစ်ခါမှ မမြန်ခဲ့ဖူးပေ။

ကုန်းပတ်ပေါ်တွင် ပန်ကုန်းစုန်နှင့် မှော်ဆရာများမှာ လွင့်ထွက်မသွားအောင် လက်ရန်းများအား ကပျာကယာ ကိုင်လိုက်ကြရသည်။ “ဟိုခွေးသူတောင်းစားချင်မူ ငွေခေါင်းဆောင်းနဲ့ သင်္ဘောကို မောင်းနေတာများလား”

ပန်ကုန်းစုန် ချင်မူ့ကို လိုက်ရှာလိုက်ရာ သူလည်း လက်ရန်းကို တွဲခိုထားရကြောင်း မြင်လိုက်ရသဖြင့် အံ့အားသင့်သွားသည်။ ငွေခေါင်းဆောင်းကိုလည်း ဆောင်းထားခြင်းမရှိသည့်အတွက် သင်္ဘောကို ထိန်းချုပ်နေသူက သူ မဟုတ်ကြောင်း သိသာသည်။

ပန်ကုန်းစုန် အတန်ငယ် မှင်သက်သွားမိသည်။ သင်္ဘောမောင်းနေသူက ချင်မူမဟုတ်လျှင် မည်သူနည်း။

သင်္ဘောထဲတွင် ပုန်းနေသည့် ကြောက်မက်ဖွယ်ရာအကောင်ကြီး ‌နောက်တစ်ကောင် ရှိနေသည်လော။ သင်္ဘောကို တစ္ဆေပူးကပ်နေသည်လော။

ဤသင်္ဘောဆီ ရောက်ကတည်းက ထူးဆန်းသောအဖြစ်အပျက်တစ်ခုပြီးတစ်ခု ကြုံတွေ့ခဲ့ရသည်။ သင်္ဘောတစ်စင်းလုံးကိုလည်း သူတို့ နှံ့နှံ့စပ်စပ်မရှာရသေးပေ။ ပြန်တွေးကြည့်သည့်အခါ ထိုကဲ့သို့ ထူးဆန်းသောအဖြစ်များကို မကြာခဏ ကြုံတွေ့ရခြင်းက ကြောက်စရာကောင်း၏။

သင်္ဘောက ကောင်းကင်လည်းမရှိ၊ မြေကြီးလည်းမရှိသော ယိုတုကမ္ဘာ၏ အမှောင်ထုထဲတွင် အရှိန်ပြင်းပြင်း‌ မောင်းနှင်နေသည်။ ဤအဆုံးမဲ့အမှောင်ကမ္ဘာကြီးထဲတွင် ရွက်လွှင့်နေရခြင်းမှာ အမှန်တကယ် ချောက်ချားစရာကောင်းပေသည်။

အချိန်အနည်းငယ်ကြာ ရွက်လွှင့်လာပြီးသော် ဝုန်းခနဲ တစ်ခုခုနှင့် တိုက်မိသွားသံ ကြားလိုက်ရပြီး သင်္ဘောပေါ်ရှိ လူတိုင်း လွင့်ထွက်‌တော့မတတ် ဖြစ်သွားကြသည်။ မြဲမြဲမြံမြံ မကိုင်ထားမိသည့် စစ်သည်တချို့နှင့် အဆင့်မြင့်မှော်ဆရာတချို့ လွင့်သွားကြသည်။ သင်္ဘောအပြင်ရှိ အမှောင်ထုထဲ ရောက်သွားသည်နှင့် သူတို့၏အသားများ အရည်ပျော်သွားပြီး အရိုးစုများသာ ကျန်ခဲ့သည်။ ထို့နောက် အောက်သို့ ဘုတ်ခနဲ ကျသွားသံ ထွက်ပေါ်လာသည်။

“အောက်မှာ မြေရှိတယ်ဟ” တစ်ယောက်က တအံ့တဩ ထအော်သည်။

ချင်မူ ငုံ့ကြည့်လိုက်သည့်အခါ သင်္ဘောက တောင်တစ်လုံး၏ ထိပ်နှင့် တိုက်မိခဲ့၍ အပေါက်တစ်ပေါက် ပေါက်သွားကြောင်း မြင်လိုက်ရသည်။ ဝင်တိုက်မိသည့်အရှိန်ကြောင့် စစ်သည်များနှင့် အဆင့်မြင့်မှော်ဆရာများ လွင့်ထွက်သွားခဲ့ခြင်းဖြစ်သည်။

မကြာမီ တောင်ထိပ်က နောက်ကျန်ခဲ့သည်။ သင်္ဘောပေါ်ရှိ လူတိုင်း အောက်ရှိမြေပြင်ကို ငုံ့ကြည့်လိုက်ကြ၏။ ထူးဆန်းသည်မှာ မြေပြင်က တစ်ပြေတည်းမဟုတ်ပေ။ အမှောင်ထုထဲတွင် မျောနေသော ကျွန်းများနှင့် တူနေသည်။

ဝုန်း

မြေထုကြီးနှစ်ထု တစ်ခုနှင့်တစ်ခု ဝင်တိုက်သွား၏။ မြေလွှာတစ်လွှာနှင့်တစ်လွှာ တွန်းထိုး၍ လိပ်တက်သွားကြပြီး မီးတောင်များ တစ်ပြိုင်တည်း ပေါက်ကွဲကုန်သည်။ ချော်ရည်များက ရေပန်းများသဖွယ် မီးခိုးငွေ့တလူလူဖြင့် အပေါ်ပန်းတက်လာပြီး ကိုက်ကိုးရာ၊ ကိုက်တစ်ထောင်မျှ အမြင့်ထိ ရောက်သွားကြ၏။ အလွန်ရင်သပ်ရှုမောဖွယ်ကောင်းပေသည်။

ချော်ရည်ပူများက တိမ်တိုက်များကို ထိုးခွဲသွားသဖြင့် မိုးကြိုးတန်းများ တဂျိန်းဂျိန်း ပြိုးပြက်လက်သွားကြသည်။ ကောင်းကင်တစ်ပြင်လုံး အနီရောင်သမ်းသွားပြီးနောက် ချော်ကျောက်ခဲများက မိုးသီးများကြွေကျကဲ့သို့ တဝုန်းဝုန်း ပြန်လည်ရွာကျလာသည်။ ကြောက်မက်ဖွယ်ရာအရှိန်ကြောင့် ချော်ကျောက်ခဲများသည် မီးဖွားတန်းများဖြင့် ဥက္ကာခဲများသဖွယ် ကျလာနေ၏။

မြေပြင်တစ်ပြင်လုံး တသိမ့်သိမ့် လှုပ်ခတ်သွားပြီး တောင်တန်းများ ယိမ်းထိုးကုန်သည်။ ချော်ရည်မိုး၊ ကျောက်ခဲမိုး၊ အက်စစ်မိုး... ကမ္ဘာကြီးပျက်နေသည့်အလား ထင်ရ၏။

သည်းထန်စွာ ရွာကျနေသော မိုးပေါက်များကြားမှ သင်္ဘော ဖြတ်သွားသည့်အခါ သင်္ဘောပေါ်ရှိ လူတိုင်းမှာ ဆန်းကြယ်ကျောက်ခဲများကြောင့် စိစိညက်ညက် ပိမသေအောင် ချီစွမ်းအင်ကို ထုတ်လွှတ်၍ ဒိုင်းအကာအကွယ်များအား ဖွဲ့တည်လိုက်ကြရ၏။

ရုတ်တရက် ချွမ်ခနဲ မြည်သံထွက်ပေါ်လာသည်။ ချော်ရည်မိုးက စိန်တုံးများအဖြစ် ပြောင်းလဲသွားသည်။ လက်သီးဆုပ်အရွယ် စိန်တုံးများ ကောင်းကင်မှ ရွာကျလာ၏။ ၎င်းတို့ကား မိုးကြိုးသွားများမှ ဖွဲ့တည်လာခြင်းဖြစ်ကာ သင်္ဘောပေါ်တွင် ပြန့်ကြဲသွားတော့သည်။

သင်္ဘောက တစ်ဖက်စောင်းလိုက်သည့်အတွက် ချော်ကျောက်ခဲများနှင့် စိန်တုံးများ လျှောကျသွားကြသည်။ ထို့နောက် သင်္ဘောသည် မီးတောင်ကြီးတစ်လုံးကို ကွေ့ဝိုက်ပြီး အဝေးသို့ ရွက်လွင့်သွား၏။

ချော်ရည်များက မီးလျှံနဂါးများသဖွယ် မီးတောင်ဝမှ တောင်ခြေသို့ စီးဆင်းနေကြသည်။ ချင်မူ အလျင်အမြန် တစ်ချက်လှမ်းကြည့်လိုက်သည့်အခါ အံ့ဩတုန်လှုပ်သွား၏။ ကမ္ဘာမြေတုန်ဟည်း၍ တောင်တန်းများ ယိမ်းထိုးနေသော အခြေအနေတွင် တောင်ပေါ်တက်နေကြသည့် လူသန်းပေါင်းများစွာ ရှိနေကြသည်။

သူတို့က‌ ခေါင်းငိုက်စိုက်လျက် ဖုတ်ကောင်များသဖွယ် တိတ်ဆိတ်စွာ လမ်းလျှောက်နေကြသည်။ ခြေတစ်လှမ်းတိုင်းက အလွန်ခက်ခက်ခဲခဲ အားစိုက်ထုတ်နေရပုံပေါ်သော်လည်း အရှေ့မှ ဆွဲနေသော အားလှိုင်းတစ်လှိုင်းရှိနေသကဲ့သို့ ဆက်လျှောက်နေကြဆဲ ရှိသည်။

မီးတောင်ဝတွင် လူအတော်များများ ‌ရောက်နေကြပြီဖြစ်သည်။ သူတို့က ခံစားချက်မဲ့စွာဖြင့် မီးတောင်ထဲ ခုန်ချနေကြပြီး ပန်းထွက်လာ‌သော ချော်ရည်ပူများထဲတွင် နစ်မြုပ်သွားကြသည်။

မီးတောင်ကြီးအပြင် ဤမြေပေါ်၌ အသေးစားမီးတောင်များလည်း ထောင်ဂဏန်းမျှ ရှိသည်။

ချော်ကျောက်ခဲမိုးများ တဖွဲဖွဲ ရွာကျနေသည့်ကြားမှ ခက်ခက်ခဲခဲ တောင်ပေါ်တက်၍ မီးတောင်များထဲ လူပေါင်းမည်မျှ ခုန်ချနေသည်ကို ရေတွက်မရပေ။

“သူတို့က လူတွေမဟုတ်ဘူး။ ဝိညာဉ်တွေပဲ”

ချင်မူ ရင်ထဲတွင် ပြင်းပြင်းထန်ထန် တုန်လှုပ်သွားသည်။ ဤဝိညာဉ်များသည် သေသွားသည့်သတ္တဝါများ၏ ဝိညာဉ်များဖြစ်သဖြင့် ရုပ်ခန္ဓာမရှိကြကြောင်း သူ မြင်ရ၏။ ထိုမျှသာမက လူ့ဝိညာဉ်များသာမဟုတ်၊ ဆန်းကြယ်သားရဲများ၊ မိစ္ဆာများ၊ နဂါးများ၊ ဖုန့်ဟွမ်ငှက်များနှင့် ကောင်းကင်နတ်ဆိုးများ၏ ဝိညာဉ်များလည်း ရှိကြသည်။

သင်္ဘောက ဝိညာဉ်များ လမ်းလျှောက်တက်နေကြသော မီးတောင်တစ်တောင်ပြီးတစ်တောင်ကို ဖြတ်သွားနေသည်။

မီးတောင်များ ပေါက်ကွဲသည့်အခါ နီရဲတောက်နေသည့် မီးချော်ရည်တို့က နားကွဲလုအောင် ကျယ်‌လောင်သော ဗုန်းဗုန်းဗောင်းဗောင်း မြည်သံများဖြင့် အထက်သို့ပန်းထွက်လာကြသည်။

ပန်ကုန်းစုန်က မျက်နှာဖြူဖပ်ဖြူလျော်ဖြင့် တုန်ရီစွာ ပြောသည်။ “အဝါရောင်စမ်းချောင်း၊ အဝါရောင်စမ်းချောင်ပဲ....”

သူ မည်သည်ကိုပြောနေမှန်း မသိသဖြင့် ချင်မူ ကြောင်တောင်တောင် လှမ်းကြည့်လိုက်သည်။

“အဝါရောင်စမ်းချောင်းက ဘာလဲ”

“သူတို့ အဝါရောင်စမ်းချောင်းကို သွားနေကြတာ” ပန်ကုန်းစုန်က အားကုန်အော်ပြောသည်။ “ဒီနေရာက ငါတို့သေရင် ရောက်မယ့်နေရာကွ၊ ငါတို့ မြေအောက်ဘုံအရှင်သခင်ရဲ့ ဦးချိုတွေအပေါ်ကို ရောက်နေတာ”

ပန်ကုန်းစုန်၏စကားကို နားလည်သွားသဖြင့် ချင်မူ တုန်ရီသွားသည်။ သူတို့၏သင်္ဘောက မြေအောက်ဘုံအရှင်သခင်၏ ဦးချိုများအကြား သွားနေခြင်းဖြစ်သည်။ ဤမြေများသည် မြေကြီးမဟုတ်ဘဲ မြေအောက်ဘုံအရှင်သခင်၏ ချိုများ ဖြစ်နေ၏။

မြေအောက်ဘုံအရှင်သခင်၏ ပဋိညာဉ်ကိုးပါးမှ ပဋိညာဉ်သဘောတူညီချက်ဟူသော စကားမှာ အချိုးအကွေ့ကိုးသွယ်ကို ရည်ညွှန်းခြင်း ဖြစ်သည်။ မြေအောက်ဘုံအရှင်သခင်၏ ဦးချိုနှစ်ချောင်းတွင် ကွေ့ဝိုက်စီးဆင်းနေသော မြစ်တစ်စင်းပမာ အချိုးအကွေ့ကိုးသွယ် ရှိ၏။

ထို့ကြောင့် မြေအောက်ဘုံအရှင်သခင်၏ ဦးချိုနှစ်‌ချောင်းအား အချိုးအကွေ့ကိုးသွယ်စမ်းချောင်းဝါဟုလည်း ခေါ်တတ်သည်။

ချင်မူ ခေါင်းကြိမ်းလာသည်။ ဤနေရာသည် အမှန်တကယ်ပင် အဝါရောင်စမ်းချောင်းဟူသော နာမည်နှင့် သင့်တော်၏။ မီးတောင်များက အဆက်မပြတ် ပေါက်ကွဲနေသည့်အတွက် ချော်ရည်များက အထက်ကောင်းကင်တစ်လျှောက် ဖြာထွက်ကာ မြေပြင်အား တောက်ပနေစေသည်။ အဝေးမှကြည့်လျှင် အဝါရောင်မြစ်တစ်စင်း သို့မဟုတ်၊ အနီရောင်မြစ်တစ်စင်းနှင့် တူ၏။

သို့သော် ဤဦးချိုနှစ်ချောင်းက ကြီးလွန်းမနေဘူးလော...

နတ်ဘုရားတစ်ပါးဟုပင် ခေါ်နိုင်သေး၏လော...

“ဟီးဟီး....” ပန်ကုန်းစုန်က ကြောက်လန့်လွန်း၍ စိတ်ဖောက်သွားပုံပေါ်သည်။ သူက ခပ်တိုးတိုး ပြောနေ၏။ “ငါ ဒါကို တစ်ကြိမ်မြင်ခဲ့ပြီးပြီ.... ငါ သေလို့မဖြစ်ဘူး။ ကျန်တဲ့သူတွေ သေရင်သေ ငါကတော့ သေချာပေါက် အသက်ဆက်ရှင်ရမယ်...”

နောက်ဆုံးတော့ သင်္ဘောက မီးတောင်များကို ကွေ့ဝိုက်ရှောင်တိမ်းကာ ထွက်ခွာလာနိုင်ခဲ့သည်။ ချင်မူ နောက်လှည့်ကြည့်သည့်အခါ ဦးချိုနှစ်ချောင်းအား ကွက်ကွက်ကွင်းကွင်း မြင်လိုက်ရ၏။ မီးတောင်များမှ ချော်ရည်များ ပန်းထွက်လာပြီး အတူတူပေါင်းစည်းသွားကြသည်။ ထိုအခါ အောက်ရှိမြေပြင်အတွက် ကောင်းကင်ပမာ ဖြစ်သွား၏။

ထိုကဲ့သို့ပေါင်းစည်းသွားသည့်အတွက် အဝေးမှကြည့်လျှင် အချိုးအကွေ့ကိုးသွယ်မှ ဖွဲ့တည်လာသည့် ချော်ရည်တိမ်တိုက်များက အချိုးအကွေ့ကိုးသွယ်ရှိသည့် အဝါရောင်စမ်းချောင်းပမာ ဖြစ်နေသည်။

မရေမတွက်နိုင်သော ဝိညာဉ်များမှာ ဤနယ်မြေဆီ ခေါ်ဆောင်ခံလာရပြီး အဝါရောင်စမ်း‌ချောင်းထဲ ခုန်ဆင်းကြရသည်။ သို့သော် သူတို့ခုန်ဆင်းကြသည့် မီးတောင်များက အလွန်ကြီးမားသော မြေအောက်ဘုံအရှင်သခင်၏ ဦးချိုနှစ်ချောင်းသာ ဖြစ်နေ၏။

ချင်မူ အောက်ငုံ့ကြည့်သည့်အခါ ဦးချိုနှစ်ချောင်း မည်မျှရှည်သည်ကို မသိပေ။ ၎င်းတို့က အမှောင်ထုထဲ ငုပ်လျှိုးတိုးဝင်သွား၍ အဆုံးကို မြင်ရခြင်းမရှိ။ ဦးချိုနှစ်ချောင်းအောက်၌ မြေအောက်ဘုံအရှင်သခင်၏ ဦးခေါင်းရှိလိမ့်မည်။ ဒဏ္ဍာရီများက မြေအောက်ဘုံအရှင်သခင်တွင် ကျား‌ချောင်း၊ ကျွဲချို ရှိသည်ဟု ဆိုသည်။ သို့သော် ခေါင်းအား ချင်မူ မမြင်ရပေ။

သူ နောက်ပြန်ဆုတ်ပြီး စိတ်ပိုင်းဖြတ်လိုက်သည်။ မြေအောက်ဘုံအရှင်သခင် ပဋိညာဉ်ကို လက်လွတ်စပယ် ကျိန်ဆို၍မဖြစ်တော့ပေ။ ပေါ့တီးပေါ့ပျက် ကတိသစ္စာပြုမိလိုက်လျှင် ပဋိညာဉ်အသက်ဝင်သည်နှင့် လူ့ဘဝအား ဘယ်တော့မှ ပြန်မလာနိုင်မည့်ကိန်း ဆိုက်သွားလိမ့်မည်။

သို့သော် သူ ဝမ်းနည်းလာသည်။ သူ့အဖေက မြေအောက်ဘုံအရှင်သခင် ပဋိညာဉ်ကို ရေးထိုးခဲ့လေသည်။

ကတိသစ္စာပြုပြီးသည်နှင့် ကတိဖျက်ဖို့ ခက်ခဲလိမ့်မည်။

သင်္ဘောက မြန်သထက်မြန်မြန် မောင်းနေပြီး နယ်မြေနောက်တစ်ခုသို့ ရောက်လာသည်။ ဤနယ်မြေသည် အမှောင်ဖုံးနေသော ကမ္ဘာပျက်ကြီးတစ်ခု ဖြစ်၏။ လူသေဝိညာဉ်များကို သယ်ဆောင်လာသော စက္ကူလှေများက အမှောင်ထုထဲတွင် လွင့်မျောနေကြသည်။

အတော်များများက သင်္ဘောဘေးမှ ဖြတ်ကာ ပဋိညာဉ်ကိုးပါးနယ်မြေဆီ မျောလွင့်သွားကြ၏။ ဝိညာဉ်များ၏ အဝတ်အစားများမှာ စုတ်ပြတ်နေပြီး အကုန်လုံးက ကောင်းကင်နတ်ဆိုးမျိုးနွယ်များ ဖြစ်ကြသည်။ သို့သော် ချင်မူ မဟာမြို့ပျက်တွင် တွေ့ခဲ့ရသော ကောင်းကင်နတ်ဆိုးများကဲ့သို့ ရိုင်းစိုင်းမခက်ထန်ကြပေ။ အားလုံးက အိုမင်းဖျားနာကာ အားနည်းနေကြသည်။

မရေမတွက်နိုင်သော စက္ကူ‌လှေများ ဖြတ်သွားကြသည့်အတွက် ကောင်းကင်နတ်ဆိုးများစွာ သေဆုံးသွားကြကြောင်း သိသာသည်။ ပုံမှန်ဆိုလျှင် ဤမျှသေဆုံးကြမည်မဟုတ်ပေ။ အကြီးစားစစ်ပွဲတစ်ပွဲကပင် ဤမျှအမြောက်အမြားအား တစ်ပြိုင်တည်း သေဆုံးစေမည်မဟုတ်။

“အို ဝိညာဉ်တို့ ပြန်လာကြလော့....”

အမှောင်ထု၏ ဟင်းလင်းပြင်ထဲတွင် တုန်ခါမှုများကို မဆိုစလောက် ခံစားရသည်။ မိစ္ဆာဘာသာစကားဖြင့် ဝမ်းနည်းကြေကွဲစွာ အော်ဟစ်နေသော တခြားကမ္ဘာမှ မိစ္ဆာနတ်ဘုရားတစ်ပါး၏အသံများ ဖြစ်သည်။ ချင်မူ အသံလာရာသို့ လှမ်းကြည့်လိုက်သည့်အခါ ပိတ်ပိန်းနေသည့် အမှောင်ထုထဲတွင် ရပ်နေသော လက်ရှစ်ဖက်၊ ခေါင်းလေးလုံး မိစ္ဆာနတ်ဘုရားတစ်ပါးကို ဝိုးတိုးဝါးတား မြင်လိုက်ရသည်။ သူတို့နှစ်ယောက်အကြား ကမ္ဘာတစ်ခုခြားနေသဖြင့် သဲသဲကွဲကွဲ မမြင်ရသလို၊ ရှင်းရှင်းလင်းလင်းလည်း မကြားရပေ။

‘တုထျန်းမိစ္ဆာဘုရင် အော်နေတာထင်တယ်...’

ကမ္ဘာပျက်ထဲ ရပ်နေသူမှာ တုထျန်းမိစ္ဆာဘုရင် ဖြစ်နေ၍ ချင်မူ အတန်ငယ် မှင်သက်မိသွားသည်။ သူ၏စွမ်းအားက ကြီးမားလွန်းသည့်အတွက် ကမ္ဘာပျက်မှာ သူ့အသံနှင့် သူ့ပုံရိပ်ကို မဖုံးထားနိုင်ပေ။ သူတို့အကြားရှိ တုထျန်းကမ္ဘာအတွင်းတွင် တုထျန်းမိစ္ဆာဘုရင်သည် သူ့ပြည်သူပြည်သားများ၏ ဝိညာဉ်များကို ဆင့်ခေါ်ရင်း သေသောသူများကို အသက်ပြန်သွင်းရန် ကြိုးစားနေ၏။

“အို ဝိညာဉ်တို့ ပြန်လာကြလော့

“အမှောင်နယ်မြေထဲ မသွားကြပါနဲ့

“ပဋိညာဉ်ကိုးပါး ကိန်းဝပ်နေရာက မြေအောက်ဘုံအရှင်သခင်ရဲ့ ဦးခေါင်းပေါ်က ကြောက်မက်ဖွယ်ရာ ဦးချိုတွေထဲမှာမလို့

“သွေးသံရဲရဲ လက်ချောင်းကြီးတွေ၊ ကြောက်စရာကျောဘုကြီးနဲ့ သူ

“မျက်လုံးသုံးလုံး ကျားခေါင်းနဲ့၊ ကျွဲကိုယ်ကို ရှိတဲ့ သူက မင်းတို့တွေကို လိုက်ဖမ်းလိမ့်မယ်

“အို ဝိညာဉ်တို့

“ပြန်လာကြပါလော့။ ဒုက္ခနွံ့ထဲ တိုးမဝင်ကြပါနဲ့

“အို ဝိညာဉ်တို့ ပြန်လာကြပါလော့။ ငါတို့မြို့ရဲ့ တံခါးဝထဲ ပြန်လာကြလော့

“မင်းတို့ကို ပြန်ခေါ်ပေးဖို့ ရသေ့ကြီးတွေ စောင့်နေပါတယ်...”

သင်္ဘောက ရှေ့ဆက်မောင်းသွား၍ တုထျန်းမိစ္ဆာဘုရင်၏အသံမှာ တိုးသထက် တိုးလာကာ သူ၏အော်သံကို ချင်မူ မကြားရတော့ပေ။ သင်္ဘောသည် ပျက်သုဉ်းနေသော တုထျန်းကမ္ဘာနှင့် တရွေ့ရွေ့  ဝေးကွာသွား၏။

ချင်မူ လှည့်ကြည့်သည့်အခါ တုထျန်းကမ္ဘာမှ ယိုတုထဲ လွင့်မျောသွားသော စက္ကူလှေများကို မြင်လိုက်ရ၍ ဝမ်းနည်းမိလာသည်။ သူတို့နေထိုင်နေသော လက်ရှိကမ္ဘာ၏ အနာဂတ်လည်း ဤသို့ဖြစ်လာလောက်သည်။

အချိန်အနည်းငယ်ကြာသော် အမှောင်ထုထဲရှိ နယ်မြေနောက်တစ်ခုဆီ သူတို့ ရောက်သွားကြ၏။ နတ်ဘုရားအလင်းရောင်များက အမှောင်ထု၏ အာဏာစက်အောက်ဝယ် မှိန်ပျပျလင်းလက်နေ၍ ဟိုဟိုသည်သည် သွားလာနေသော ယိုတုသတ္တဝါတချို့ကို မြင်ရလေသည်။

သင်္ဘော၏အမြန်နှုန်းက တဖြည်းဖြည်း နှေးလာသည့်နောက်ဆုံးတွင် ထိုနတ်ဘုရားအလင်းရောင်များက မည်သည့်အရာများဖြစ်သည်ကို မြင်ကြရသည်။ အလင်းတန်းများသည် ရွာများထဲရှိ နတ်ဘုရားရုပ်တုများမှ ဖြာထွက်နေခြင်းဖြစ်၏။ တချို့က မြို့ပျက်များမှ လာကြသည်။

သင်္ဘောကား မဟာမြို့ပျက်သို့ ဝင်ရောက်လာခဲ့ချေပြီ။

ချင်မူ ရင်ထဲတွင် အနည်းငယ် လှုပ်ခတ်သွားသည်။ ညရောက်သည့်အခါ မဟာမြို့ပျက်သည် ယိုတုနှင့် ဆက်နေ၏။

မဟာမြို့ပျက်၏ တစ်စိတ်တစ်ပိုင်းက ယိုတုကမ္ဘာဖြင့် ထပ်နေသည်။ ညရောက်သည့်အခါ ယိုတုမှ သတ္တဝါများ ထွက်လာပြီး ကျင်လည်ကျက်စားတတ်သည်။ ထိုအချိန်က ယိုတုကမ္ဘာ သက်ရှိကမ္ဘာကို စိုးမိုးထားသည့်အချိန် ဖြစ်၏။ သို့သော် နေ့ရောက်လျှင် သက်ရှိကမ္ဘာက ယိုတုကမ္ဘာကို ပြန်လည်စိုးမိုးလိမ့်မည်။

အမှောင်ထုထဲတွင် အလင်းတန်းများ ဖြာထွက်နေသော နေရာတိုင်းက သက်ရှိကမ္ဘာဖြစ်ပြီး အလင်းတန်းတစ်တန်းစီသည် သက်ရှိကမ္ဘာသို့ ဝင်ပေါက်ဖြစ်၏။

ဆိုလိုသည်က နတ်ဘုရားရုပ်တုများ ကာကွယ်ပေးထားသည့် ရွာတစ်ရွာ သို့မဟုတ် မြို့ပျက်တစ်ခုထဲ သူတို့ ဝင်လိုက်လျှင် ယိုတုမှ ထွက်ခွာ၍ သက်ရှိကမ္ဘာသို့ ပြန်နိုင်မည်။

သင်္ဘော ဤနေရာသို့ မောင်းနှင်လာခဲ့သည့် ရည်ရွယ်ချက်က သူတို့ကို သက်ရှိကမ္ဘာသို့ ပြန်ပို့ပေးရန် ဖြစ်လိမ့်မည်။

သင်္ဘော၏အရှိန်က နှေးသထက် နှေးလာသည်။ သူတို့အရှေ့တွင် အမှောင်ထုကို တွန်းထုတ်နေသော နတ်ဘုရားအလင်းတန်းများ ဖြာထွက်နေသည့် ရှေးဟောင်းမြို့ပျက်တစ်ခု ရှိ၏။ ကြီးကျယ်ခမ်းနားသော်လည်း ပျက်စီးနေပြီဖြစ်သော နန်းဆောင်တစ်ခုလည်း ရှိနေသည်။ သို့ထိတိုင် နတ်ဘုရားရုပ်တုများက အလင်းရောင်များ ဖြန့်ကျက်လျက် အမှောင်ထုကို ဖယ်ရှား‌ပေးနေသေးသည်။

သင်္ဘောသည် ဖြည်းဖြည်းချင်း ရပ်သွားပြီး မြို့ပျက်၏အပေါ်တွင် ရပ်လိုက်၏။ အောက်တွင် အမှောင်ထု၏ကြီးစိုးမှုကို ရှောင်တိမ်းရင်း လဲလျောင်းအိပ်စက်နေကြသော ဆန်းကြယ်သားရဲများအပြင် ခရီးသွားတချို့လည်း ရှိကြသည်။

သူတို့အားလုံးက ခေါင်းမော့၍ အပေါ်၌ ဘွားခနဲ ပေါ်လာသော သင်္ဘောကို စပ်စပ်စုစု ကြည့်ကြသည်။

ချင်မူ အမွှေးဖြူလင်းနို့နှစ်ကောင်နှင့် နဂါးချီလင်ကို ခေါ်ကာ သင်္ဘောပေါ်မှ ခုန်ဆင်းလိုက်သည်။ ပန်ကုန်းစုန်လည်း သူ၏နောက်လိုက်ငယ်သားများနှင့်အတူ ခုန်ဆင်းလာ၏။

မှော်ဆရာဘုရင်တစ်ဦးက ချင်မူ့ကို ကြည့်ကာ အကြည့်များ စူးရဲလာသည်။ “ဆရာသခင်..”

ပန်ကုန်းစုန်က ခေါင်းယမ်းသည်။ “ငါတို့ အခု ရောက်နေတာ မဟာမြို့ပျက်ပဲ။ ဒါကြောင့် မဟာမြို့ပျက်ရဲ့ စည်းကမ်းတွေကို လိုက်နာရမယ်။ ပြဿနာမီးထွန်းမရှာနဲ့”

ချင်မူ သင်္ဘောအား ငိုင်တွေစွာ မော့ကြည့်လိုက်သည်။ သင်္ဘောသည် တဖြည်းဖြည်း လှည့်၍ ဦးတည်ရာပြောင်းကာ အမှောင်ထုထဲ ပြန်ဝင်သွား၏။

သစ်ပင်ထဲရှိလူသည် သူ၏မိသားစုကို ရှာရန် သင်္ဘောအား ယိုတုကမ္ဘာထဲ ပြန်မောင်းသွားခြင်း ဖြစ်မည်။

All Chapters