သူတော်ကောင်းမဟုတ်
Vol. 23 Ch. 317
“ဒီနေရာက တစ္ဆေတောင်ကြားလည်း မဟုတ်ဘူး”
ဖုယွီချွင်က ဟိုဟိုသည်သည် လှည့်ပတ်ကြည့်နေသည်။ အမွှေးဖြူလင်းနို့နှစ်ကောင်မှာ တစ္ဆေတောင်ကြားမှ ပထမဆုံးအကြိမ် ထွက်လာခဲ့ခြင်းဖြစ်၍ အတန်ငယ် က္ကန္ဒြေရနေကြသည်။ နှစ်ကောင်သား တစ်နေရာရာတွင် တွဲလောင်းခိုချင်ကြသော်လည်း ရှက်နေကြသည်။
ချင်မူ သူတို့ခေါင်းပေါ်ရှိ အမိုးပျက်ကို မော့ကြည့်ကာ လှမ်းပြောလိုက်သည်။ “နောင်တော်ကြီးတို့ အမိုးမှာ ခိုနေလို့ရတယ်။ သူများတွေ လန့်အောင်သာ မလုပ်ကြနဲ့။ မနက်ဖြန်ကျ တစ္ဆေတောင်ကြားကို ပြန်ပို့ပေးမယ်။ ပြန်ရောက်တာနဲ့ ကျွန်တော် ဖြေဆေးပေးပါ့မယ်”
အမွှေးဖြူလင်းနို့နှစ်ကောင်မှာ စိတ်သက်သာရာရသွားပြီး တိတ်ဆိတ်စွာ ပျံတက်သွားကြသည်။ သူတို့က အမိုးအောက်တွင် တွဲလွဲခိုလိုက်ကြပြီး လက်ပိုက်ထားကြသည်။
ဖုယွီချွင်က မျက်လုံးဖွင့်ကာ တိုးတိုးပြော၏။ “ဒီကောင်လေး ငါတို့ကို ညာခဲ့တာ။ ငါတို့ အဆိပ်မိနေတာမဟုတ်ဘူး”
ဖုယွီချိုးက အံ့အားသင့်သွား၏။ “ငါတို့ အဆိပ်မိနေတာမဟုတ်ဘူးလား။ မဖြစ်နိုင်တာ အဆိပ်ထတုန်းက ငါတို့တကယ်ကြီး အလူးအလဲ ခံခဲ့တာလေ”
ဖုယွီချွင်က စိတ်ပျက်လက်ပျက် မျက်လုံးလှန်လိုက်သည်။ “အဆိပ်ပြေနေတာဖြင့် ကြာလောက်နေပြီ။ သူ ငါတို့ကို အဆိပ်ဖြေဆေးတစ်ဖုံ တိုက်ခဲ့တုန်းက အဆိပ်ဖြေပြီးသား ဖြစ်သွားတာနေမှာ။ ဒီတိုင်း ငါတို့ကို တမင်တကာ ခြောက်ခဲ့တာ။ မဟုတ်ရင် နှစ်လကျော်ကြာတာတောင် အဆိပ်ကြောင့် မသေဘဲ နေမလား”
ဖုယွီချိုး ဒေါသထွက်သွားသည်။ “ဒီကောင်လေးက သူ့ကို စောင့်ရှောက်ပေးအောင် တမင်တကာ လိမ်ခဲ့တာပဲ။ သူ့ကို စားပစ်ကြစို့”
“မင်းကလည်းကွာ” ဖုယွီချွင်က ပြောသည်။ “ငါတို့ သူနဲ့ မပူးပေါင်းရင်တောင်မှ ပန်ကုန်းစုန်နဲ့ သူ့အစေခံတွေ လိုက်ဖမ်းတာ ခံရဦးမှာပဲ။ ငါတို့ကို အလွှတ်ပေးမှာမဟုတ်ဘူး။ ကောင်လေးနဲ့ ပူးပေါင်းလိုက်မှ အသက်ဆက်ရှင်နေသေးတာဆိုတော့ ငါတို့အတွက် မဆိုးပါဘူး။ သူ့ကြောင့်လည်း ငါတို့ ဘိုးဘေးတွေ အသက်ရှင်နေသေးတာ သိခဲ့ရတာမဟုတ်လား။ အခု ငါတို့ အမွှေးဖြူလင်းနို့မျိုးနွယ် မျိုးသုဉ်းတော့မှာ မဟုတ်ဘူး။ ငါတို့ဘိုးဘေးတွေကို နှိုးပြီး လင်းနို့မလေးတွေ မွေးပေးခိုင်းကြစို့”
ဖုယွီချိုး စိတ်လှုပ်ရှားလာသည်။ “အမလေးနှစ်ကောင် မွေးခိုင်းမယ်။ မဟုတ်ဘူး မဟုတ်သေးဘူး အမ,သိုက်လေး ဖြစ်သင့်တာ။ ဒါမှ ဘယ်တစ်ယောက်၊ ညာတစ်ယောက် ဖက်ထားနိုင်မှာ ဟဲဟဲ ... နေဦး၊ အစ်ကိုကြီး ငါတို့မျိုးဆက်က ဘိုးဘေးတွေနဲ့ တော်တော်ဝေးကွာနေပြီလေ၊ သူတို့ အမလေးနှစ်ကောင် မွေးပေးရင်တောင်မှ ဝါစဉ်အရဆို ငါတို့ရဲ့ ဘွားဘွားကြီးတွေ ဖြစ်နေမှာမဟုတ်လား။ ဒါကြီးက....”
အမွှေးဖြူလင်းနို့နှစ်ကောင်၏ မျက်နှာပေါ်တွင် အခက်တွေ့နေသည့်အမူအရာ ပေါ်လာကြပြီး နှစ်ကောင်လုံး အိပ်မပျော်ကြတော့ပေ။
မြို့ပျက်ထဲတွင် ချင်မူ နဂါးချီလင်ကို မှီ၍ နားလိုက်သည်။ ဤနေရာကို စောင့်ရှောက်နေသည့် နတ်ဘုရားရုပ်တုတစ်ဒါဇင်ကျော် ရှိ၍ အလင်းရောင်များက မြို့ပျက်တစ်ခုလုံးတွင် လင်းထိန်နေသည်။ ဤမြို့ပျက်က မဟာမြို့ပျက်၏ မည်သည့်နေရာတွင် ရှိမှန်း ချင်မူ မသိသေးပေ။ မနက်ရောက်လျှင် ကောင်းကင်ပေါ် ပျံတက်၍ ပတ်ဝန်းကျင်အနေအထားကို လေ့လာရမည်။ ထိုအခါမှ သူ၏တည်နေရာကို ဆုံးဖြတ်နိုင်လိမ့်မည်။
ပန်ကုန်းစုန်က သူ့ကို တစ်ချက်ကြည့်ပြီး ထိုင်ချလိုက်သည်။ အဆင့်မြင့်မှော်ဆရာများ၊ မှော်ဆရာဘုရင်များနှင့် ကံကောင်း၍ အသက်ရှင်နေသေးသော မန်သီလူရိုင်းနယ်မြေ၏ စစ်သည်များလည်း သူ၏ပတ်ပတ်လည်တွင် ထိုင်ကြသည်။
ချင်မူ မျက်လုံးဝေ့ကြည့်သည့်အခါ ဆန်းကြယ်သားရဲများစွာကို မြင်လိုက်ရသည်။ အကောင်သေးသေးတစ်ကောင်မှ မပါသည့်အပြင် ခွန်အားဗလလည်း ကြီးကြ၏။ နဂါးချီလင်ထက်ပင် ပိုကြီးမားကြသည်။
“ဒီလူတွေက နည်းနည်း စိတ်ဝင်စားစရာပဲ”
ခရီးသွားများ၏ ခန္ဓာကိုယ်အပေါ် သူ့အကြည့် ကျရောက်သွားလျှင် သူ၏သူငယ်အိမ်များ မဆိုစလောက် ကျုံ့သွားသည်။ ခရီးသွားအုပ်စုသုံးစု ရှိသည့်အနက် တစ်စုက ရဟန်းသုံးပါးအုပ်စု ဖြစ်သည်။ ရဟန်းသုံးပါးသည် မိစ္ဆာအငွေ့အသက်များ ရှိပြီး ကြမ်းတမ်းပုံပေါ်ကြသော်လည်း အကြည့်များက နူးညံ့ကြ၏။
‘မိုးခြိမ်းသံကျောင်းတော်ငယ်က ကိုယ်တော်တွေပဲ’
သူတို့ကိုယ်ပေါ်ရှိ မိစ္ဆာအငွေ့အသက်များအရ မည်သူမည်ဝါများဖြစ်ကြောင်း ချင်မူ ရုတ်ခြည်း သိလိုက်သည်။ မိုးခြိမ်းသံကျောင်းတော်ငယ်သည် အထွတ်အမြတ်မြေတစ်မြေ ဖြစ်သော်လည်း မိစ္ဆာမျိုးနွယ်ဖြစ်ကြ၏။ သူတို့၏ ခေါင်းဆောင်က တထာဂတငယ်အဖြစ် ကိုးကွယ်လေးစားခံရပြီး တထာဂတငယ်မှာ တထာဂတ၏ ဆရာတူညီတော်တစ်ပါး ဖြစ်ချေသည်။ သူသည်လည်း သူမတူသော အစွမ်းအစများကို ပိုင်ဆိုင်ထား၍ တထာဂတအဆင့်အထိ ပေါက်မြောက်ခဲ့သည်။
မိုးခြိမ်းသံကျောင်းတော်ငယ်အား အနောက်ပိုင်းနိဗ္ဗာန်ငယ်ဟု ခေါ်ကြပြီး မြင်းမိုရ်တောင်ထက်ရှိ မဟာမိုးခြိမ်းသံကျောင်းတော်ထက်ပင် အနောက်ကျလေသည်။ မိုးခြိမ်းသံကျောင်းတော်ငယ်သည် မဟာမြို့ပျက်၏ အနောက်စွန်းစွန်းတွင် တည်ရှိ၏။
“မိုးခြိမ်းသံကျောင်းတော်ငယ်က မိစ္ဆာဘုန်းကြီးတွေ ဆိုတော့ ငါတို့ မဟာမြို့ပျက်ရဲ့ အနောက်ပိုင်း ရောက်နေတာများလား”
ချင်မူ စိတ်လေးလံသွားသည်။ မဟာမြို့ပျက်သည် အင်မတန် ကျယ်ပြောပြီး ဤမျှဝေးကွာသောအရပ်သို့ သူ ပထမဆုံးအကြိမ် ရောက်လာခဲ့ခြင်းဖြစ်သည်။ ဤနေရာသည် လိုလန်ရွှေနန်းတော်ထက်ပင် ဝေးနိုင်၏။
ဒုတိယခရီးသွားအုပ်စုက အမျိုးသားတစ်ယောက်၊ အမျိုးသမီးတစ်ယောက်သာ ဖြစ်သည်။ နှစ်ယောက်လုံးက အလွန်ငယ်ပြီး ကြင်စဦးဇနီးမောင်နှံများနှင့် တူ၏။ သူတို့ပုံစံက အန္တရာယ်ပြုမည့်ပုံမပေါ်ပေ။
သူတို့နှစ်ယောက်သည် လူမျိုးခြားအဝတ်အစားများကို ဝတ်ထားကြ၏။ အမျိုးသားက ခေါင်းတွင် အဖြူရောင်အဝတ်စကို ပတ်ထားပြီး နက်မှောင်မှောင်ဆံပင်များကို ထုံးဖွဲ့ထား၏။ အမျိုးသမီးကမူ ရွှေ၊ငွေ၊ကျောက်စိမ်းရတနာများကို ဝတ်ဆင်ထားသည်။ သူမက အနက်ရောင်ပဝါကို ခေါင်းတွင်ပေါင်းထားပြီး နက်မှောင်ကြော့ရှင်းသော ဆံနွယ်များအား ဖွင့်ဖွင့်ထွားထွားရင်အစုံရှေ့ ချထားသည်။ ပဝါခေါင်းပေါင်း၌ အနီရောင်ပန်းပွင့်လေးတစ်ပွင့်ကို ချည်ထားလေသည်။
သူမလက်များသည် ဖြူဖွေးနေ၏။ အင်္ကျီလက်က အတော်လေး တိုသဖြင့် သေးသွယ်သော သူမလက်မောင်းလေးက တစ်ဝက်ကျော်ကျော် ပေါ်နေသည်။ သူမလက်ကောက်ဝတ်တွင် အထူအပါးစုံလင်သော ရွှေလက်ကောက်၊ ငွေလက်ကောက်၊ ကျောက်စိမ်းလက်ကောက်များ ဝတ်ထား၏။
ဤနှစ်ယောက်က အလွန်ထူးဆန်းသောပုံသဏ္ဍာန်ရှိသည့် နန်းတွင်းရထားလုံးတစ်စီးကို စောင့်ရှောက်နေကြသည်။
ချင်မူ နန်းတွင်းရထားလုံးများကို မြင်ခဲ့ဖူး၏။ အများစုက လေးထောင်ကျကျဖြစ်ကာ၊ တချို့က တဲပုံစံကိုယ်ထည်နှင့် အဋ္ဌဂံပုံစံထိပ်အမိုးရှိသည်။ တဲပုံစံကိုယ်ထည်က လေးထောင့်ကျသော ကမ္ဘာမြေနှင့် လုံးဝန်းသော ကောင်းကင်ကို ကိုယ်စားပြုပြီး အဋ္ဌဂံထိပ်အမိုးက သံလိုက်အိမ်မြှောင်၏ အမှတ်ရှစ်မှတ်ကို ရည်ညွှန်းသည်။ နှစ်မျိုးလုံးသည် အဆင့်အတန်းကို ကိုယ်စားပြုသည့် သင်္ကေတများ ဖြစ်ကြ၏။
သို့ရာတွင် ဤရထားလုံးက စက်ဝိုင်းပုံကိုယ်ထည်၊ ခပ်ခုံးခုံးအမိုးဖြင့် လုံးဝန်းသည်။ အပြောက်အမွန်းအဆင်တန်ဆာများဖြင့် ရထားလုံး၏ပတ်ပတ်လည်ကို ပုံပေါ်ထားရာ လူမျိုးခြားတစ်စု၏ အငွေ့အသက်ကို ရစေသည်။
တတိယအုပ်စုကတော့ ကောင်းကင်နတ်သိုင်းပညာရှင်အယောက်တစ်ရာကျော် ဖြစ်သည်။ သူတို့၏ပုံပန်းသွင်ပြင်နှင့် အဝတ်အစားများကလည်း လူမျိုးခြားတစ်စု၏ ဟန်ပန်ဖြစ်သည်။ သူတို့၏သူငယ်အိမ်အားလုံးက အပြာရောင်ဖြစ်သော်လည်း သူတို့ မည်သည့်တိုင်းပြည်မှ လာသည်ကို ချင်မူ မသိပေ။
ဤကောင်းကင်နတ်သိုင်းပညာရှင်များ၏ မျက်လုံးများတွင် သတ်ဖြတ်လိုသော အငွေ့အသက်တို့ ဖုံးဖိမရအောင် ပေါ်လွင်နေပြီး လူငယ်ဇနီးမောင်နှံနှင့် ရထားလုံးကို တစ်ချက်တစ်ချက် လှမ်းကြည့်တတ်သည်။
“ဂိုဏ်းသခင် အခြေအနေက သိပ်မဟန်ဘူးနော်” နဂါးချီလင်က မျက်လုံးဖွင့်ပြီး တိုးတိုးတိတ်တိတ် ပြောသည်။ “အဲဒီအမျိုးသမီးကိုယ်ပေါ်မှာ ဝိညာဉ်လက်နက်တွေ များလွန်းတယ်။ ဟိုကောင်းကင်နတ်သိုင်းပညာရှင်တွေရဲ့ သိုင်းစွမ်းရည်ကလည်း တော်ရုံတန်ရုံမဟုတ်ဘူး”
ချင်မူ မျက်ခုံးများပင့်လိုက်သည်။ နဂါးချီလင်၏ အမြင်အာရုံက သိပ်မဆိုးလှပေ။ အမျိုးသမီး ဝတ်ထားသော ရွှေထည်၊ ငွေထည်၊ ကျောက်စိမ်းထည်ပစ္စည်းများက ဝိညာဉ်လက်နက်များ ဖြစ်ကြသည်။
ချင်မူ သူတို့ကို အစိမ်းရောင်ကောင်းကင်မျက်လုံးဖြင့် ကြည့်လိုက်သည့်အခါ ဝိညာဉ်လက်နက်တစ်လက်စီတိုင်းက စွမ်းအင်အရောင်အဝါများဖြင့် လင်းလက်နေ၏။
ထိုမျှဝိညာဉ်လက်နက်များစွာကို ကိုယ်တွင် ဆင်ယင်ထားနိုင်ပုံထောက်လျှင် သူမ၏သိုင်းအဆင့်က မနိ့မ်ကျလောက်ပေ။
ပန်ကုန်းစုန်လည်း ဤလူများကို သတိထားမိ၍ အဆင့်မြင့်မှော်ဆရာနှစ်ယောက်အား ခပ်တိုးတိုး ခိုင်းလိုက်သည်။ တစ်ယောက်က ငေါက်ခနဲ ထ၍ လူငယ်အတွဲဆီ သွားနှုတ်ဆက်ပြီး မည်သည့်နေရာကလာကြောင်း မေးမြန်းလိုက်၏။ ထို့နောက် ပြန်လာပြီး လျှောက်တင်သည်။ “သူတို့က အနောက်ကမ္ဘာမြေရဲ့ အစစ်အမှန်ကောင်းကင်နန်းတော်ကပါတဲ့ အရှင့်သား။ သူတို့ကို ကူညီပေးနိုင်မလား မေးလိုက်တယ်”
“အနောက်ကမ္ဘာမြေရဲ့ အစစ်အမှန်ကောင်းကင်နန်းတော်တဲ့လား” ပန်းကုန်စုန် ပြောလိုက်သည်။ “သူတို့က အနောက်ကမ္ဘာမြေရဲ့ အစစ်အမှန်ကောင်းကင်နန်းတော်က ချီစွမ်းအင်သန့်စင်သူတွေဆိုတော့ ငါတို့ သူတို့နဲ့ ပတ်သက်စရာမလိုဘူး။ သူတို့ကို သတိထားစရာလည်း မလိုဘူး။ သူတို့ကိစ္စကိုလည်း ငါတို့ မကူညီနိုင်ဘူး”
အဆင့်မြင့်မှော်ဆရာနောက်တစ်ယောက်ကလည်း စုံစမ်းပြီးနောက် ပြန်ရောက်လာကာ လျှောက်တင်သည်။ “ဟိုကောင်းကင်နတ်သိုင်းပညာရှင်တွေက အစစ်အမှန်ကောင်းကင်နန်းတော်ကပါ အရှင့်သား။ ကျွန်တော်တို့ သူတို့ကိစ္စထဲ ဝင်မပါဖို့ မျှော်လင့်နေကြတယ်”
“နှစ်ဖွဲ့လုံးက အစစ်အမှန်ကောင်းကင်နန်းတော်ကလား” ပန်ကုန်းစုန် အံ့အားသင့်သွားပြီး ပြုံးလိုက်သည်။ “ကြည့်ရတာ အတွင်းရေးကိစ္စထင်ပါတယ်။ ငါတို့ ဝင်ပါစရာမလိုဘူး။ ဟိုက မိစ္ဆာဘုန်းကြီးသုံးပါးကတော့ မိုးခြိမ်းသံကျောင်းတော်ငယ်ကပဲ။ မိုးခြိမ်းသံကျောင်းတော်ငယ်နဲ့ ငါတို့လိုလန်ရွှေနန်းတော်ကြား ရန်ကြွေးတချို့ ရှိတယ်။ သူတို့ကို သတိထားရမယ်”
လိုလန်ရွှေနန်းတော်သည် လူသားများနှင့် မိစ္ဆာများကို မကြာခဏ ဖမ်းပြီး ခန္ဓာကိုယ်တည်ဆောက်ပုံပြောင်းလဲအောင် လေ့ကျင့်တတ်၏။ မိစ္ဆာဘုန်းကြီးများစွာ ဖမ်း၍ ဝိညာဉ်စုပ်ယူလေ့ကျင့်တတ်ခြင်းကြောင့် မိုးခြိမ်းသံကျောင်းတော်ငယ်နှင့် အကြိမ်ပေါင်းများစွာ ထိပ်တိုက်တွေ့ခဲ့ဖူးသည်။
မိစ္ဆာဘုန်းကြီးသုံးပါးကလည်း ပန်ကုန်းစုန်နှင့် အပေါင်းအပါများ မည်သည့်နယ်မြေမှဖြစ်ကြောင်း မြင်ကြသည်။ သူတို့က တစ်ဖွဲ့ကို တစ်ဖွဲ့ကြည့်နေကြသော်လည်း မလှုပ်ရှားကြပေ။
ပန်ကုန်းစုန်က ခပ်တိုးတိုး ပြောလိုက်သည်။ “မိုးခြိမ်းသံကျောင်းတော်ငယ်နဲ့ အနောက်ကမ္ဘာမြေက လူတွေနဲ့ တွေ့ရတယ်ဆိုတော့ ဒီနေရာက မဟာမြို့ပျက်ရဲ့ အနောက်ပိုင်းမှာလို့ ဆိုလိုတယ်။ မိုးခြိမ်းသံကျောင်းတော်ငယ်နဲ့ သိပ်ဝေးလောက်မှာမဟုတ်ဘူး။ ဒါကြောင့် ဘုန်းကြီးသုံးပါးကို အရှင်မထားကြနဲ့။ နေထွက်တာနဲ့ ချက်ချင်း ရှင်းပစ်ရမယ်”
လူတိုင်း ခေါင်းညိတ်သဘောတူကြသည်။
“ဂိုဏ်းသခင်ချင်ကတော့...”
သူက ထောင်ကျယ်အိတ်တစ်အိတ်ကို မွှေနှောက်နေသော ချင်မူ့အား လှမ်းကြည့်သည်။ ချင်မူက သူ့အကြည့်ကို ခံစားလိုက်ရ၍ ခေါင်းမော့ကာ တောက်ပစွာ ပြုံးပြ၏။ သူ့ပုံစံက တက်ကြွလန်းဆန်းသော ကောင်လေးနှင့် တူနေသည်။
ချင်မူ ကိုင်ထားသော ထောင်ကျယ်အိတ်က ပန်ကုန်းစုန်၏အိတ် ဖြစ်သည်။ သူ အတွင်းထဲမှ ပစ္စည်းများကို ထုတ်၍ ဖင်တစ်ပြန်ခေါင်းတစ်ပြန် ကြည့်ကာ အကုန်လုံးနှင့် သိုင်းကစားကြည့်နေသည်။
“ဘယ်လောက်ကြီးလိုက်တဲ့ တူကြီးလဲ”
သူက အရိုးဖြူတူကြီးတစ်လက်ကို မြှောက်ကာ အသာအယာ လွှဲယမ်းလိုက်သည်။ ချက်ချင်းပင် တူ၏ထိပ်ရှိ အရိုးခေါင်းကြီးမှ အရိုးခေါင်းများစွာ ထွက်လာပြီး ဝိညာဉ်မီးများအား မှုတ်ထုတ်ကြသည်။
ချင်မူ ထပ်ဝှေ့ယမ်းလိုက်သည့်အခါ အရိုးခေါင်းကြီးက ပါးစပ်ဟ၍ အရိုးခေါင်းလေးများအား ပါးစပ်ထဲ စုပ်ယူလိုက်သည်။
“အထဲမှာ ဓားစက်လုံးတစ်လုံးလည်း ရှိနေတယ်”
ချင်မူ အရိုးဖြူတူကြီးကို ထောင်ကျယ်အိတ်ထဲ ပြန်ထိုးထည့်ကာ ဓားစက်လုံးတစ်လုံး ထုတ်သည်။ ဓားစက်လုံးကို အသာအယာ ခါလိုက်သည်နှင့် ဆံခြည်မျှင်များပမာ သေးသွယ်သော ဓားများက သူ့လက်ဝါးကို ဝန်းရံသွား၏။
“ဒီလောက်ကျစ်လျစ်တဲ့အဆင့်အထိ ကျင့်ကြံထားနိုင်တာကြည့်ရင် နောင်ကြီးပန်ရဲ့ ကျင့်စဉ်က တော်တော်နက်နဲတာပဲ။ ဒါက တာအိုဂိုဏ်းရဲ့ တာအိုဓားက ဓားသွန်းနည်းတစ်နည်းများလား။ အဲဒီလိုလည်း ဟုတ်ပုံမပေါ်ဘူး” ချင်မူ ခေါင်းယမ်းလိုက်သည်။ ”တာအိုဂိုဏ်းက ဓားတစ်လက်ပဲ လိုတာ။ နောင်ကြီးပန်ရဲ့ သိုင်းအဆင့်က အဲဒီအကို မရောက်သေးဘူးပဲ။ တာအိုသခင်လောက် ဓားသိုင်းမကျွမ်းတာ အံ့ဩစရာလည်း မရှိပါဘူး။ နောင်ကြီးရဲ့ တာအိုဓားက သူလိုကိုယ်လိုအဆင့်ပဲ ဖြစ်နေတာကိုး”
ပန်ကုန်းစုန် ရင်ထဲအောင့်သွားပြီး သရော်တော်တော် ပြုံးသည်။ “မင်း ခိုးသွားတဲ့ ငါ့ထောင်ကျယ်အိတ်က ငါ့အတိတ်ဘဝတွေ တစ်လျှောက်လုံး စုဆောင်းလာခဲ့တဲ့ ပမာဏနဲ့ယှဉ်ရင် မပြောပလောက်ဘူး”
သူက အသံနှိမ့်၍ လက်ဝဲရံနှင့် လက်ယာရံ မှော်ဆရာဘုရင်နှစ်ယောက်ကို ညွှန်ကြားလိုက်သည်။ “မနက်ဖြန်မနက် ရောက်ရင် မင်းတို့မှော်ဆရာဘုရင်တွေက အမွှေးဖြူလင်းနို့နှစ်ကောင်နဲ့ ဟိုဖက်တီးခွေးကို ရှင်းပစ်။ ကျန်တဲ့သူတွေက ခွေးသူတောင်းချင်ကို ဝိုင်းတိုက်ကြ”
ချင်မူ ထောင်ကျယ်အိတ်ထဲရှိ ပစ္စည်းများကို စစ်ဆေးကြည့်ရှုပြီးနောက် ထရပ်၍ မိစ္ဆာဘုန်းကြီးသုံးပါးဆီ လျှောက်သွားသည်။ “နောင်တော်တို့”
တရားထိုင်နေသော မိစ္ဆာဘုန်းကြီးသုံးပါးကလည်း ကပျာကယာ ထကာ ပြန်နှုတ်ဆက်သည်။ “နောင်တော်”
ဘုန်းကြီးသုံးပါးသည် ပွပွယောင်းယောင်း သင်္ကန်းများကို ခြုံထားသော်လည်း သင်္ကန်းအရှည်က ခြေထောက်များကို မဖုံးနိုင်ပေ။ ခြေသည်းချွန်ချွန်များနှင့် အမွှေးတောင်များ ဖုံးနေသော ငှက်ခြေထောက်တုတ်တုတ်ကြီးများ ပေါ်နေသည်။
“ကိုယ်တော်တို့သုံးပါးက မိုးခြိမ်းသံကျောင်းတော်ငယ်ကလား” ချင်မူ မေးလိုက်သည်။ “တထာဂတငယ်မှာ မိစ္ဆာမျောက်ဝံမျိုးနွယ် သာဝကတစ်ယောက်ရှိလားဘုရား။ သူ့ဘွဲ့က ခုံးလို့ဆိုပါတယ်”
မိစ္ဆာဘုန်းကြီးသုံးပါးက တအံ့တဩ ခေါင်းညိတ်ကြသည်။ “နောင်တော်တထာဂတက ကိုယ်တော်ခုံးကို ကျန်းခုံးလို့ ခေါ်ပါတယ် ဒကာလေး။ သူက တထာဂတရဲ့ သာဝကပါ။ ကျန်းခုံးကို ဒကာလေး ဘယ်လိုသိလဲ မေးခွင့်ရှိလေမလား”
ချင်မူ ပြုံးလိုက်သည်။ “တပည့်တော်က ကောင်းကင်တန်ခိုးရှင်ဂိုဏ်းသခင်ပါ။ သူက တစ်မြေတည်းသား တပည့်တော်နဲ့ ညီအစ်ကိုတွေလိုပါပဲ”
“အဲဒီလိုကိုး” မိစ္ဆာဘုန်းကြီးသုံးပါးလည်း သက်တောင့်သက်သာ ဖြစ်သွားပြီး ပြုံးပြကြသည်။ တစ်ပါးက ပြောသည်။ “ကိုယ်တော့်ဘွဲ့အမည်က တင်းကြွယ်ပါ ။ ဒါက ကိုယ်တော်ရဲ့ ညီအစ်ကိုတွေ တင်းကျစ်နဲ့ တင်းမင်တဲ့။ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းသခင်ကို ဂါဝရပြုပါတယ်”
ချင်မူ ပန်ကုန်းစုန်ကို တစ်ချက် ကြည့်ကာ ပြောသည်။ “ဟိုက ကောင်လေးက လိုလန်ရွှေနန်းတော်ရဲ့ ဆရာသခင်ပဲ။ သူ့ဘေးမှာ မှော်ဆရာဘုရင်သုံးယောက် ရှိတယ်။ နှစ်ယောက်က ကောင်းကင်နတ်အသွင်အဆင့်၊ တစ်ယောက်က သေခြင်းရှင်ခြင်းအဆင့်မှာ”
ဘုန်းကြီးသုံးပါး ထိတ်လန့်သွားပြီး မျက်နှာများဖြူဆုပ်သွားကြသည်။ “ဘယ်နှယ့်လုပ်ကြမလဲ၊ ကိုယ်တော်တို့က ကောင်းကင်နတ်အသွင်အဆင့်တောင် မရောက်သေးဘူး”
ချင်မူ ပြုံးလိုက်သည်။ “စိတ်မပူပါနဲ့ ကိုယ်တော်တို့။ တပည့်တော် ရှိပါတယ်။ မနက်ဖြန် ကိုယ်တော်တို့ကို ခေါ်သွားပေးမယ်။ တပည့်တော်နောက်က လိုက်ခဲ့ပါ”
ဘုန်းကြီးသုံးပါး စိတ်ချလက်ချဖြစ်သွားပြီး သူ့နောက်မှ နဂါးချီလင်ဘေးသို့ လိုက်လာကြသည်။ သူတို့က နဂါးချီလင်ကို နှုတ်ဆက်ကြ၏။ “နောင်တော်”
နဂါးချီလင်က အိပ်ပျော်နေပြီဖြစ်၍ ပြန်မဖြေပေ။
မိစ္ဆာဘုန်းကြီးသုံးပါးက သဘောကောင်းသူများဖြစ်၍ စိတ်ထဲမထားပေ။ သူတို့က အမိုး၌ တွဲလွဲခိုနေသော အမွှေးဖြူလင်းနို့နှစ်ကောင်ကိုလည်း လှမ်းနှုတ်ဆက်လိုက်ကြသည်။ “နောင်တော်တို့”
အမွှေးဖြူလင်းနို့နှစ်ကောင်လည်း လက်သီးဆုပ်ကာ ပြန်နှုတ်ဆက်သည်။ “နောင်တော်တို့”
နှုတ်ဆက်ပြီးသည့်အခါမှ မိစ္ဆာဘုန်းကြီးသုံးပါးက ထိုင်၍ တရားရှုကြသည်။
ပန်ကုန်းစုန်မှာ အခြေအနေကို မြင်လျှင် မျက်နှာအနည်းငယ် မည်းမှောင်သွားပြီး နှာခေါင်းရှုံ့လိုက်သည်။
ချင်မူက ပြုံးပြုံးရွှင်ရွှင် မေးသည်။ “ကိုယ်တော်တို့သုံးပါး ကောင်းကင်တန်ခိုးရှင်ဂိုဏ်းဆိုတာ ကြားဖူးပါသလား”
တင်းကြွယ်က ခေါင်းယမ်းသည်။ “မဟာမြို့ပျက်ထဲမှာပဲ လှည့်လည်သွားလာနေတာလို့ မကြားဖူးပါဘူး ဒကာလေး”
ချင်မူ စကားထပ်ပြောရန် ပြင်လိုက်စဉ် ရထားလုံးကို စောင့်နေသော အမျိုးသားက လမ်းလျှောက်လာပြီး အရိုအသေပေးသည်။ “နောင်တော်...”
ချင်မူက ထပ်ရပ်၍ ပြန်နှုတ်ဆက်ပြီး ခေါင်းယမ်းလိုက်သည်။ “နောင်တော် မပြောပါနဲ့”
ကောင်းကင်နတ်သိုင်းပညာရှင်က တအံ့တဩ မေးလိုက်သည်။ “နောင်တော် ဘာလို့ အဲဒီလိုပြောတာလဲ”
“ဒီကောင်းကင်နတ်သိုင်းပညာရှင်တွေ လိုက်ဖမ်းလို့ နောင်တော်တို့ မဟာမြို့ပျက်ထဲ ပြေးလာတာမဟုတ်လား။ ကျွန်တော် နောင်တော်တို့နဲ့ မိတ်မဖွဲ့နိုင်ဘူး” ချင်မူ ခေါင်းယမ်းလိုက်သည်။ “သူတို့အင်အားက တောင့်တယ်၊ တစ်ယောက်မှလည်း သိုင်းအဆင့်မနိမ့်ဘူး။ ကျွန်တော်က ကိုယ့်ကိုယ်ကို ကာကွယ်နေရတာနဲ့တင် ဒုက္ခများနေပြီ။ နောင်တော်တို့နဲ့ မိတ်ဖွဲ့လိုက်ရင် သေမင်းကို ဖိတ်ခေါ်လိုက်တာနဲ့ အတူတူဖြစ်လိမ့်မယ်။ ကျေးဇူးပြုပြီး ပြန်သွားပါ”
အမျိုးသားက စိတ်ပျက်သွားပုံရပြီး ရထားလုံးဆီ ပြန်သွားကာ တိုးတိုးကပ်ပြောသည်။
ရထားလုံးထဲမှ ကလေးမလေးတစ်ယောက်၏အသံ ထွက်လာသည်။ “မယ်မယ်၊ အဲဒီကိုကိုက သမီးတော်တို့ကို ဘာလို့မကူညီချင်တာလဲဟင်”
သက်ပြင်းချသံပြီးနောက် သာယာချိုလွင်သောအသံတစ်သံ ထွက်လာသည်။ “မဟာမြို့ပျက်ထဲမှာ မယ်တော်နဲ့ သမီးတော်ကို ကယ်ပေးမယ့် သူတော်ကောင်းတစ်ယောက်မှ မရှိဘူးကွယ့်...”
ချင်မူ မျက်ခုံးပင့်လိုက်သည်။ ‘သူတော်ကောင်း၊ ငါက သေချာပေါက် သူတော်ကောင်းမှ မဟုတ်တာ။ ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်လေ၊ ငါ သူတော်ကောင်းလုပ်ရင် လူတွေ ပျော်ပွဲရွှင်ပွဲ ထနွှဲနေလောက်ပြီ။ ဒါတောင် သူတို့က ငါ့ကို သူတော်ကောင်း ဖြစ်စေချင်သေးတယ်လား။ ငယ်ငယ်တုန်းကသာ မလည်မဝယ်မလို့ ကောင်းမှုတွေပဲ လုပ်ခဲ့တာ။ အခုတော့ ငါက ကလေးမဟုတ်တော့ဘူး’
ဤသို့ဖြင့် လူတိုင်းအတွေးကိုယ်စီ တွေးရင်း ညတာကား နှေးကွေးစွာ ကုန်ဆုံးသွား၏။ မည်မျှကြာမှန်းမသိ ကြာပြီးသောအခါ ဆန်းကြယ်သားရဲများအကြားမှ ကြက်နဂါးတစ်ကောင်က တောင်ပံတဖတ်ဖတ်ခတ်လျက် အမိုးပေါ်တက်ကာ တွန်လိုက်သည်။
ရုတ်ခြည်း အမှောင်ထု ဆုတ်ခွာသွား၏။ နေလုံးကြီး၏ ရှေ့ပြေးရောင်ခြည်တန်းများက အရှေ့အရပ်မှ ဖြာထွက်လာပြီး မြို့ပျက်၏အပြင်ရှိ တောင်တန်းများကို ရိုက်ခတ်ကာ တောင်ထိပ်တစ်ခုလုံးအား လင်းထိန်လာစေတော့သည်။