← Chapters

ဆရာတော်ကို လမ်းမှန်ရောက်အောင်ပို့ပေးမယ်

Vol. 60 Ch. 835

ဆရာတော်ကို လမ်းမှန်ရောက်အောင်ပို့ပေးမယ်

Vol. 60 Ch. 835

အခန်း (၈၃၅) ဆရာတော်ကို လမ်းမှန်ရောက်အောင်ပို့ပေးမယ်

ဆင်ဖြူထက်မှ ငယ်ရွယ်သောဘုန်းတော်ကြီးက ရန်ကျောက်ကဲကိုကြည့်ရင်း ဖြည်းညင်းစွာဆိုသည်။

“ဒီဘုန်းကြီးက ဖူရှန်ဗောဓိသတ္တနဲ့မယှဉ်နိုင်ပေမယ့် မိုးကြိုးသွားပညာကိုကျင့်ကြံထားတဲ့အတွက် မင်းလို အယူမှားတဲ့ တာအိုတပည့်တွေကို သုတ်သင်ပစ်နိုင်စွမ်းရှိတယ် ၊ သံသရာပင်လယ်ကအဆုံးမရှိဘူးဆိုပေမယ့် အနောက်ဘက်ကမ်းခြေ ရှိနေပါသေးတယ် ၊ ဒကာလေး... မင်း လှမ်းမှန်ဘက်ပြန်လှည့်ပြီး ဗုဒ္ဓဘာသာဘက်ကိုပြောင်းလဲသင့်တယ်”

ရန်ကျောက်ကဲက ငယ်ရွယ်သည့် ဘုန်းတော်ကြီးကို အကဲခတ်နေသည်။

ဗုဒ္ဓဝါဒနှင့် တာအိုဝါဒက ကျင့်စဉ်လမ်းမတူညီသလို ကြယ်တာရာချီစွမ်းအားအနှစ်သာရနှင့် စွမ်းအားရောင်ဝါ ထွက်ပေါ်မှုခြင်းလည်း ကွဲပြားသည်။

နှစ်ဦးနှစ်ဖက်တိုက်ခိုက်ခြင်းမဟုတ်ဘဲ သာမန်အပေါ်ယံလေ့လာကြည့်မည်ဆိုလျှင် တစ်ဖက်လူအသုံးပြုသည့်သိုင်းပညာ ၊ ကျင့်စဉ်စွမ်းအားများကို ခွဲခြားသိရှိရန် ခက်ခဲမည်ပင်။

သို့သော် ယခု ရောက်ရှိနေသည့် ဗုဒ္ဓဘာသာကျင့်ကြံသူများအလယ်တွင် ဤငယ်ရွယ်သောဘုန်းတော်ကြီးကတော့ သာမန်မဟုတ် ထူးခြားသူတစ်ယောက်ဟု သိမြင်နိုင်သည်။

ပြီးတော့ ဤဘုန်းတော်ကြီးဝတ်ဆင်ထားသည့်ဝတ်ရုံက ရွှေခန္ဓာတန်ခိုးစွမ်းအားပမာ စိမ်းပြာရောင်အလင်းတန်းများ တောက်ပနေသည်။

ရန်ကျောက်ကဲက သိမ်မွေ့စွာဖြင့်...

“ဆရာတော်ကတော့ နောက်ပြီ ၊ ငါက ကတုံးရိတ်ပြီး ဘုန်းကြီးမဝတ်ချင်သေးဘူး”

ဘုန်း‌တော်ကြီးက...

“ဒကာလေး... မင်းက အထက်ဘုံကမ္ဘာနဲ့ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက ထွက်ခွာလာပြီး ဒီကျဲရှင်ကမ္ဘာကိုရောက်လာတယ် ၊ မင်းရဲ့စိတ်ထဲမှာ ခေါင်းမာမှုတွေနဲ့ လောကီတပ်မက်စိတ်တွေပြည့်နက်နေတယ် ၊ မင်းရဲ့အရည်အချင်းက ထိပ်တန်းအဆင့်ဆိုပေမယ့် အယူမှားတဲ့တာအိုဝါဒကိုကျင့်ကြံနေတာကတော့ တကယ့်ကိုစိတ်မကောင်းစရာပဲ”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ မင်းလိုမျိုး ပါရမီရှင် တာအိုတပည့်အတော်များများကို ဒီဘုန်းကြီးက ‘တရားအလင်း’ ရအောင် ပြသပေးဖူးတယ် ၊ ဗုဒ္ဓဘာသာကျင့်ကြံသူတစ်ယောက်ဖြစ်လာဖို့ ကတုံးတုံးပြီး ဘုန်းကြီးဝတ်စရာမလိုပါဘူး ၊ နှလုံးသားထဲမှာ ဗုဒ္ဓရှိနေဖို့ပဲလိုတယ် ၊ ဒါဆို အချိန်တိုင်းသုခဘုံကိုတွေ့မြင်နိုင်လိမ့်မယ်”

ရန်ကျောက်ကဲ မျက်လုံးများကို မှေးစင်းလိုက်သည်။

‘တရားအလင်းပြသည်’ ဆိုသောစကားကို ရန်ကျောက်ကဲ ထပ်ခါထပ်ခါ ကြားနေခဲ့ရသည်။

ထို ‘တရားအလင်းပြခြင်း’ ဆိုသည်မှာ တရားရခြင်းကို ဆိုလိုခြင်းဖြစ်ပြီး လူတစ်ယောက် နိဗ္ဗာန်ကိုသိမြင်အောင် လမ်းပြကူညီပေးခြင်း ဖြစ်၏။

ဗုဒ္ဓပြောခဲ့သည်ကတော့ သက်ရှိလူသားတိုင်းက အတူတူပင်ဖြစ်ပြီး စိတ်ထားဖြူစင်စွာဖြင့် နှလုံးသားထဲတွင် တထာဂတဿစကြာမုနိ၏တရားအလင်းကိုတွေ့မြင်ရမည်ဆိုလျှင် လူတိုင်းက ဗုဒ္ဓဖြစ်နိုင်သည်ဟူ၍ ဖြစ်သည်။

သို့သော် တထာဂတဿစကြာမုနိဗုဒ္ဓက လောကကိုကျော်လွန်သွားပြီးသည့်နောက် ‘အလယ်ပိုင်းစကြာကမ္ဘာ’ တွင် ဘုရားလောင်းက ဆက်လက်နေရာယူခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ စကြာမုနိဗုဒ္ဓချန်ထားခဲ့သော ‘တရားအလင်း’ ဆိုသည့်အဓိပ္ပါယ်သည်လည်း တဖြည်းဖြည်း ပြောင်းလဲသွားခဲ့သည်။

အရင်တစ်ချိန်က ရန်ကျောက်ကဲကိုယ်တိုင် ဗုဒ္ဓဘာသာကျင့်ကြံသူများနှင့် တွေ့ကြုံဖူးခြင်းမရှိသော်လည်း ကောင်းကင်ကင်ဘုံနန်းတော်စာကြည့်တိုက်မှာတော့ ဗုဒ္ဓဘာသာနှင့်ပတ်သက်သည့် ရိုးရှင်းသောမှတ်တမ်းအချို့ ထားရှိလေသည်။

ထို့ကြောင့် ‘တရားအလင်းပြခြင်း’ ဆိုသည့်စကားကို စိတ်ဝင်စားခဲ့ဖူးသည်။

“တရားအလင်းပြမယ် ဟုတ်လား ၊ ဟားဟား...”

ရန်ကျောက်ကဲက ငယ်ရွယ်သောဘုန်းတော်ကြီးကို စူးစိုက်ကြည့်ရင်း ရယ်မောလိုက်၏။

“ဆရာတော်က ငါ့ကိုအတင်းအကျပ်ချုပ်ကိုင်ပြီး ဘုရားလောင်းဆီမှာ ဦးညွှတ်စေချင်တာလား”

ငယ်ရွယ်သောဘုန်းတော်ကြီးက ခေါင်းခါယမ်းရင်း သိမ်မွေ့သည့်လေသံဖြင့်...

“အတင်းအကျပ်လုပ်မှာ မဟုတ်ပါဘူး”

သူက ဆက်ပြောသည်။

“သက်ရှိလူသားတိုင်းက ဗုဒ္ဓဖြစ်လာနိုင်ပါတယ် ၊ ဒါပေမဲ့ မှန်ကန်တဲ့လမ်းကြောင်းကို လျှောက်လှမ်းဖို့တော့ လိုအပ်တယ် ၊ ဒီလောကမှာ မရေမတွက်နိုင်တဲ့ မကောင်းမှုအကုသိုလ်တွေနဲ့ ဆင်းရဲဒုက္ခတွေ တည်ရှိနေတယ် ၊ မှန်ကန်တဲ့လမ်းကြောင်းကိုမသိတဲ့သူက ဆိုးရွားတဲ့တာအိုဝါဒထဲကို ကျရောက်နစ်မြုပ်သွားမှာပဲ”

“ဗုဒ္ဓက ကရုဏာတရားကြီးမားပြီး သတ္တဝါအပေါင်းကို ကယ်တင်ခဲ့တယ် ၊ ဒကာလေးက ဘယ်လောက်ကောင်းမွန်ထက်မြက်တဲ့ကျင့်စဉ်တွေကျင့်ကြံထားပါစေ မကောင်းတဲ့လမ်းကနေ နောက်ပြန်လှည့်ပြီး ဖြောင့်မတ်ခြင်းလမ်းကို လျှောက်လှမ်းနိုင်မယ်လို့ ကျုပ် ယုံကြည်တယ် ၊ ဗုဒ္ဓဘာသာထဲဝင်ပြီး မှန်ကန်တဲ့နည်းလမ်းကို လျှောက်လှမ်းပါ”

ရန်ကျောက်ကဲက...

“ဆရာတော်ရဲ့ စေတနာအတွက် ဒီ ‘ရန်’ က ကျေးဇူးတင်ပါတယ် ၊ မက်မွန်ပွင့်တွေရဲ့မွှေးရနံ့ကအေးစက်ပြီး ဓားသွားက ခါးသက်တယ် ၊ ဒါပေမဲ့ ငါကတော့ ဒီလိုခါးသက်တဲ့သံသရာပင်လယ်ထဲမှာပဲ ဆက်နေချင်သေးတယ် ၊ ငါ ဒီသံသရာပင်လယ်ထဲက လွတ်မလား မလွတ်ဘူးလားဆိုတာ ဆရာတော် စိတ်ပူစရာမလိုပါဘူး”

ငယ်ရွယ်သောဘုန်းတော်ကြီးက ရယ်မောရင်း...

“ဒကာလေးက အစွဲတွေများနေတာပဲ ၊ ဒီလိုသာအစွဲမကျွတ်ဘူးဆိုရင် သံသရာကလွတ်မြောက်နိုင်မှာ မဟုတ်ဘူး”

သူက တည်ငြိမ်စွာဖြင့် ဆက်ပြောသည်။

“ဗုဒ္ဓက ကရုဏာကြီးမားတဲ့အတွက် ကျုပ်တို့တွေက သူ့လမ်းစဉ်အတိုင်းလိုက်လျှောက်တယ် ၊ လမ်းမှားနေတဲ့ဒကာလေးကို လမ်းမှန်ပို့ပေးတာ ဘုန်းကြီးအတွက်လည်းကုသိုလ်ရတယ်လို့ မှတ်ယူပါတယ်”

စကားဆုံးသွားသည်နှင့် အောက်ဘက်မှဆင်ဖြူကြီးက ရှေ့ခြေတစ်ဖက်ကိုရုတ်တရက်မြှောက်လိုက်ပြီး ရန်ကျောက်ကဲကို နင်းချေပစ်လိုက်သည်။

ဆင်ဖြူကြီး၏တိုက်ကွက်ကို ရန်ကျောက်ကဲက အရေးမစိုက်ပေ။ သူ့အရှေ့တွင် သားရဲတစ်ကောင်၏ပုံရိပ် ရုတ်တရက်ပေါ်လာသည်။

ထိုသားရဲကြီးက အဖြူရောင်တစ်ဝက်အနက်ရောင်တစ်ဝက် ဖြစ်သော်လည်း ခါတိုင်းလိုမျိုး ခပ်တုံးတုံးပုံစံဖြင့် ချစ်စရာကောင်းသောအသွင်အပြင်မရှိတော့ပေ။

သူ၏မျက်လုံးထဲတွင် အလင်းရောင်များတောက်ပနေပြီး ကျယ်လောင်သောကြုံးဝါးသံကြီးက ပတ်ဝန်းကျင်မှ ကျမ်းဂန်ရွတ်ဖတ်သံများကို လွှမ်းမိုးသွား၏။

ထိုသတ္တဝါကြီးက အခြားသူမဟုတ် ၊ ပန်ပန်သာလျှင်ဖြစ်ပြီး သူက ရန်ကျောက်ကဲရှေ့တွင် မတ်တတ်ရပ်ကာ ကာကွယ်ပေးလိုက်သည်။

သူ၏ခန္ဓာကိုယ်က ရုတ်တရက် ကြီးထွားလာပြီး တစ်ခဏအတွင်း ကောင်းကင်ထိတိုင်မြင့်တက်သွားကာ ဆင်ဖြူကြီးထက်ပင် ကြီးမားသွားသည်။

ပန်ပန်က မတ်တတ်ရပ်လိုက်ပြီး ရှေ့ခြေတစ်ဖက်ကိုဆန့်ထုတ်ကာ ဆင်ဖြူကြီး၏ ရှေ့ခြေကို တွန်းထုတ်လိုက်သည်။ ထို့နောက် အခြားရှေ့ခြေတစ်ဖက်က ဆင်ဖြူကြီး၏ဦးခေါင်းကို ကုတ်ခြစ်ချလိုက်၏။

ကျယ်လောင်သောကြုံးဝါးသံများထွက်ပေါ်လာပြီး တောင်တန်းတစ်ခုပမာမြင့်မားသော ဆင်ဖြူကြီးမှာ ပန်ပန်၏လက်သည်းချက်ထိမှန်ပြီး နောက်ပြန်ဆုတ်သွားသည်။

တိုက်ပွဲကိုကြည့်ရင်း အားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်.

ပန်ပန်က ကြုံးဝါးသံပြုရင်း ရှေ့သို့ချီတက်သွားပြီး ရှေ့ခြေတစ်ဖက်ဖြင့် ဆင်ဖြူ၏အစွယ်ကို ဆုပ်ကိုင်ကာ နှာမောင်းရှည်ကို အခြားလက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားကြောင်း‌ တွေ့ရသည်။

ဆင်ဖြူကြီးက နာကျင်စွာအော်ဟစ်ရင်း သူ၏ခန္ဓာကိုယ်မှ အဆုံးမရှိသော တန်ခိုးစွမ်းအားများ ထွက်ပေါ်လာသည်။

နဂါးနှင့်ဆင်ဖြူဆိုသည်က အမြဲတမ်း စွမ်းအားကြီးမားခြင်းကို ကိုယ်စားပြုသည်။

ယခု ဆင်ဖြူကြီး၏ တန်ခိုးစွမ်းအားထွက်ပေါ်လာသည့်အခါ ကမ္ဘာမြေကြီးတစ်ခုလုံး ကျွမ်းထိုးမှောက်ခုံဖြစ်ရလောက်အောင် စွမ်းအားပြင်းထန်လွန်း၏။

သို့သော် ပန်ပန်က ဆင်ဖြူကြီး၏အစွယ်နှစ်ဖက်ကို ရှေ့ခြေဖြင့်ဆုပ်ကိုင်ပြီး မြေပြင်ထက်သို့ ကိုင်ပေါက်ချပစ်ချလိုက်သည်။

ဆင်ဖြူကြီး၏ကြီးမားသောခန္ဓာကိုယ်ကြီးက မြေပြင်နှင့်ရိုက်ခတ်မိသွားပြီး ကျဲရှင်ကမ္ဘာတစ်ခုလုံး ပြင်းထန်စွာတုန်လှုပ်သွားသည်။

နှစ်ဖက်ထိပ်တိုက်ရင်ဆိုင်ခြင်းတွင် မြေပြင်က အက်ကွဲသွားပြီး အတွင်းထဲမှ သက်ရှိများအားလုံး သေကျေပျက်ဆီးကုန်ကြသည်။

ဧရာမဆင်ဖြူကြီးက အဆက်မပြတ်ရုန်းကန်နေလေရာ သူ့ခန္ဓာကိုယ်အောက်မှ အက်ကွဲနေသောမြေကြီးက တွင်းနက်ကြီးတစ်ခုပမာ ပြိုကျသွားသည်။

သို့သော် ဆင်ဖြူကြီးမည်မျှပင် ရုန်းကန်ပါစေ ပန်ပန်က မြေကြီးပေါ်တွင် တင်းတင်းကျပ်ကျပ်ဖိနှိပ်ထားသဖြင့် ပြန်ထလာနိုင်ခြင်း မရှိခဲ့ပေ။

ဆင်ဖြူကြီး၏ခန္ဓာကိုယ်ထက်မှ စိမ်းပြာရောင်ဗုဒ္ဓအလင်းတန်းတောက်ပလာသော်လည်း ပန်ပန်၏ခန္ဓာကိုယ်ထက်တွင် အနက်ရောင်တွင်းနက်တစ်ခု ထွက်ပေါ်လာပြီး ထိုအလင်းရောင်အားလုံးကို စုပ်ယူပစ်လိုက်သည်။ ဤသည်က တောင်းတျဲသတ္တဝါ၏ တန်ခိုးစွမ်းအားပင် ဖြစ်၏။

ပန်ပန်က ခပ်တိုးတိုးကြုံးဝါးသံတစ်ချက်ပြုလိုက်ပြီး ရှေ့ချေတစ်ဖက်က ဆက်ဖြူ၏နှာမောက်ကိုဆုပ်ကိုင်ပြီး ဆင်ဖြူခန္ဓာကိုယ်ကြီးကို ဆွဲဖြဲပစ်လိုက်သည်။

ဆင်ဖြူကြီးက နာကျင်စွာအော်ဟစ်ရုန်းကရန်ရင်း သူ၏တန်ခိုးစွမ်းအားများလည်း ပိုမိုပြင်းထန်စွာ ထွက်ပေါ်လာသည်။

ပန်ပန်ကလည်း ကြုံးဝါးသံပြုလုပ်ရင်း ဆင်တစ်ကောင်လုံးကို သူ့ခြေထောက်ဖြင့် နင်းခြေပစ်လိုက်၏။

ထိုမြင်ကွင်းကို လူတိုင်းအံ့သြစွာငေးစိုက်ကြည့်နေရင်း ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ၏စိတ်အာရုံတွင် ဗောဓိသတ္တတစ်ပါး၏ဦးခေါင်းကို မိစ္ဆာကြီးတစ်ကောင်ကလိမ်ချိုးနေသည့်အလား မြင်ယောင်မိကြသည်။

ပန်ပန်က ဆင်ဖြူကြီးအားအနိုင်ယူဖိနှိပ်ထားကြောင်း တွေ့ရသည့်အခါ ငယ်ရွယ်သောဘုန်းတော်ကြီး မျက်နှာတစ်ချက်ပျက်သွားလျှက် ဆင်ဖြူကြီးကို ကူညီပေးရန် လှုပ်ရှားလိုက်သည်။

သို့သော် ရန်ကျောက်ကဲ၏ဦးခေါင်းထက်တွင် ကြီးမားသောနန်းတော်ကြီးတစ်ခုပေါ်လာပြီး နန်းတော်တံခါး ရုတ်တရက်ပွင့်သွားကာ အတွင်းထဲမှ လျှပ်စီးလက်သည့်ပမာ လူငယ်တစ်ယောက် ထွက်ပေါ်လာ၏။

ထိုလူငယ်က အချိန်နှင့် ဗလာနယ်အတားအဆီးများကို လုံးဝအရေးမစိုက်ဟန်ဖြင့် လျှင်မြန်လွန်းစွာပင် ဘုန်းတော်ကြီးရှေ့သို့ ရောက်ရှိသွားသည်။

ဘုန်းတော်ကြီးမှာ ထိုလူငယ်၏အသွင်အပြင်ကို ရိပ်ခနဲသာမြင်လိုက်ရပြီး ထိုသူသည်ကား အခြားသူမဟုတ် ၊ ရန်ကျောက်ကဲ၏မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားသာလျှင် ဖြစ်သည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ငယ်ရွယ်သည့်ဘုန်းတော်ကြီးကို လက်သီးဖြင့်ထိုးစိုက်ချလိုက်ပြီး ပြင်းထန်သောတန်ခိုးစွမ်းအားများ ထွက်ပေါ်လာသည်။

ဘုန်းတော်ကြီးက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ တိုက်ခိုက်မှုကို ကမန်းကတန်းပင် ခုခံလိုက်ရသည်။

သူက နေရာမှာပင်မတ်တတ်ရပ်နေပြီး ရွှေခန္ဓာအနှစ်သာရနှင့် အပြည့်အဝဆင်တူသော စိမ်းပြာရောင်ဗုဒ္ဓအလင်းတန်းက သူ၏ခန္ဓာကိုယ်တစ်ခုလုံးအား လွှမ်းခြုံသွားသည်။

ထိုသို့အရေးကြီးသောအခိုက်အတန့်တွင် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏လက်သီးချက်က ဘုန်းတော်ကြီးကို မထိမှန်ဘဲ ပိတ်ဆို့ထားသော ရွှေခန္ဓာအလင်းတန်းများကို ထိမှန်သွားပြီး တစ်ဆက်တည်းပင် စိမ်းပြာရောင်အလင်းအလွှာထက်တွင် အက်ကြောင်းများ ထွက်ပေါ်လာသည်။

“ဘယ်လောက်တောင် ပြင်းထန်လိုက်တဲ့လက်သီးချက်လဲ ၊ ဒီလူ ငါ့ရှေ့ရောက်လာတာကိုတောင် သတိမထားမိဘူး”

ငယ်ရွယ်သောဘုန်းတော်ကြီး ရင်ထဲမကောင်းဖြစ်သွားသည်။

“သိုင်းသူတော်စင် ဆဋ္ဌမအဆင့် ၊ နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့် ရောက်နေပြီပဲ”

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို ရင်ဆိုင်လိုက်ရသဖြင့် ဘုန်းတော်ကြီးမှာ သူ၏ဆင်ဖြူတော်ကို မကူညီနိုင်တော့ပေ။ ပန်ပန်က ဆင်ဖြူတော်ကို နင်းချေပစ်လိုက်သည်ကို ကူရာကယ်ရာမဲ့စွာသာ ကြည့်နေရတော့သည်။

အနားတွင်ရှိနေသော ကောင်းချင်တို့အုပ်စုမှာလည်း အတော်လေး အံ့အားသင့်သွားကြသည်။

အဘယ်ကြောင့်ဆိုသော် သူတို့အမြင်တွင် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သိုင်းသူ‌တော်စင် ၊ ပဉ္စမအဆင့် နတ်ဘုရားသိမြင်ခြင်း အလယ်ဆင့်သာ ရှိသေးသောကြောင့် ဖြစ်သည်။ ထိုအဆင့်တက်ရောက်ထားသည်မှာပင် ကြာမြင့်ဟန် မတူသေးပေ။

သူ၏လက်သီးချက် ပိတ်ဆို့ခံလိုက်ရသည်နှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အေးစက်စွာပြုံးလိုက်ရင်း...

“ဆရာတော်ကို ဒီ ‘ရန်’ က လမ်းမှန်ပို့ပေးမှာဖြစ်လို့ ခွင့်ပြုလိုက်သင့်တယ်”

ထို့နောက် သူက လက်သီးချက်ကို စွန်ကုပ်လက်သည်းပမာပြောင်းလဲလိုက်ပြီး သူ၏လက်ဆယ်ချောင်းက လှံချွန်များပမာ စိမ်းပြာရောင်အလင်းအလွှာအတွင်းသို့ဝင်ရောက်သွားပြီး ၎င်းအလင်းလွှာကို တစစီစုတ်ဖြဲပစ်လိုက်သည်။

ကျိုးပဲ့ပျက်ဆီးသွားသော ရွှေခန္ဓာအလင်းတန်းအပိုင်းအစများမှာ မိုးရေစက်များပမာပြန့်ကျဲလျှက် စူးရှသောအသံနက်ကြီးနှင့်အတူ မြေပြင်ထက်သို့ ကျဆင်းသွားလေတော့သည်။

***

(မှတ်ချက် - ဤ ရှန်းရှစာစဉ်မှ ဘုရားလောင်း ၊ ဗုဒ္ဓဘာသာဆိုသည့်အသုံးအနှုန်းများမှာ မဟာယာနဗုဒ္ဓဘာသာကို ရည်ညွှန်းခြင်းဖြစ်ပြီး ထေရဝါဒဗုဒ္ဓဘာသာနှင့်သက်ဆိုင်ခြင်းမရှိပါ - ဘာသာပြန်သူ)

All Chapters