ဝိညာဉ်ကို ဂါဝရပြုသော အစီအရင်
Vol. 23 Ch. 318
နေထွက်လာသည့်အခါ ချင်မူ ထလိုက်သည်။ မနေ့ညက သွေးထားသည့် ရွှင်ပျော်ပျော်ဓားကို ဓားအိမ်ထဲ ထိုးထည့်လိုက်၏။ ထို့နောက် နဂါးချီလင်ကို တစ်ချက်ဆောင့်ကန်ကာ အမွှေးဖြူလင်းနို့နှစ်ကောင်ကိုလည်း နှိုးလိုက်သည်။
နဂါးချီလင်က တက်တက်ကြွကြွ ကုန်းရုံးထသည်။ “ဂိုဏ်းသခင် ဒီနေ့စားဖို့လေး”
ချင်မူ ထောင်ကျယ်အိတ်ကို မွှေနှောက်ကြည့်ရာ သွေးနီမီးလျှံစွမ်းအင်ဆေးလုံး သိပ်မကျန်တော့သော်လည်း တစ်အိုးအပြည့် ကျွေးလိုက်သေး၏။
အမွှေးဖြူလင်းနို့နှစ်ကောင်က အမိုးတွင် ခိုနေရာမှ အောက်ဆင်းလာသည်။ မိစ္ဆာဘုန်းကြီးသုံးပါးလည်း မျက်လုံးဖွင့်၍ ကျောပိုးအိတ်များထဲမှ ရေသန့်နှင့် မုန့်ခြောက်များ ထုတ်လိုက်ကြသည်။ သူတို့၏မုန့်ခြောက်များအား ပိုးကောင်အသေများဖြင့် လုပ်ထားခြင်းဖြစ်သည်။
မိုးခြိမ်းသံကျောင်းတော်ငယ်၏ ဘုန်းကြီးများသည် မိစ္ဆာမျိုးနွယ်ဖြစ်သည့်အတွက် သက်သက်လွတ်သာ စားရမည်ဟု တင်းကြပ်ထားခြင်းမရှိသလို၊ မဟာမိုးခြိမ်းသံကျောင်းတော်ကဲ့သည့် ဝိနည်းများစွာလည်း မရှိပေ။ ဤကိုယ်တော်သုံးပါးက ဆန်းကြယ်ငှက်သားရဲများဖြစ်သောကြောင့် ပိုးကောင်များ စားရသည်ကို နှစ်ခြိုက်ကြသေး၏။ သယ်ရပြုရလွယ်ကူရန်အလို့ငှာ ပိုးကောင်များကို ဖိခြေကာ မုန့်ခြောက်လုပ်ထားကြသည်။
တင်းကြွယ်က ပိုးကောင်မုန့်ခြောက်ကို တစ်ခြမ်းခြမ်း၍ ပေးရာ ချင်မူလည်း မြည်းကြည့်လိုက်သည်။ အရာသက သိပ်မဆိုးလှ၊ ချိုချိုအီအီနှင့် ကြွပ်ဆတ်ဆတ်ကလေး ဖြစ်သည်။
ဆန်းကြယ်သားရဲအုပ်ကြီးက နန်းဆောင်ပျက်ထဲမှ အပြင်ထွက်သွားကြသဖြင့် ခရီးသွားအုပ်စုများလည်း အသင့်အနေအထားဖြင့် တစ်ဖွဲ့ကို တစ်ဖွဲ့ ကြည့်ရင်း နောက်မှလိုက်ထွက်ကြသည်။ ချင်မူတစ်ယောက်သာ စိတ်နှင့်ကိုယ်မကပ်ပေ။ ဤနေရာသည် မဟာမြို့ပျက်၏ အနောက်ဘက်နယ်စပ်နှင့် နီး၏။ အမှောင်ထုကြီး မည်သည့်နေရာ၌ ပျောက်ကွယ်သွားသည်လဲ သူ အမှန်တကယ် မြင်ချင်မိသည်။
မဟာမြို့ပျက်၏ အမှောင်ထုသည် အနောက်ဘက်မှ စတင်လွှမ်းမိုးပျံ့နှံ့လာ၍ အနောက်အရပ်က ၎င်း၏ဇစ်မြစ်ဟု ဆိုရနိုင်သည်။ ချင်မူ ထိုနေရာကို ရှာတွေ့လျှင် မဟာမြို့ပျက်တွင် ကပ်ဘေးကြီးကျရောက်ခဲ့သည့် အကြောင်းရင်းကို သိရကောင်းသိရလိမ့်မည်။
ဆန်းကြယ်သားရဲများက မြို့ပျက်၏အပြင်သို့ ထွက်သွားကြပြီး ချင်မူ နောက်တစ်ချက် လှည့်ကြည့်လိုက်သည်။ ရထားလုံး မောင်းလာသည်ကို မြင်ရသော်လည်း အနီရောင်ပန်းပွင့်ပန်ထားသည့် အမျိုးသမီးကိုသော်လည်းကောင်း၊ ခေါင်းတွင် အဖြူရောင်အဝတ်စ ပတ်ထားသည့် အမျိုးသားကိုသော်လည်းကောင်း မမြင်ရတော့ပေ။ ရထားလုံးကို ဆွဲနေသော သမင်နှစ်ကောင်ကိုသာ တွေ့ရသည်။
သမင်ဖို၏ ဦးချိုများတွင် အဖြူရောင်အဝတ်စတစ်စ ချည်နှောင်ထားပြီး သမင်မ၏ နားတွင်တော့ အနက်ရောင်ခေါင်းပေါင်းစအား ညှပ်ထား၏။ သမင်မ၏ရင်အစုံရှေ့တွင် တွဲလောင်းကျနေသော ရွှေကြိုး၊ ငွေကြိုးများ၊ ကျောက်စိမ်းလည်ဆွဲများ ရှိ၏။ ခေါင်းပေါ်တွင်လည်း အနီရောင်ပန်းပွင့်လေးတစ်ပွင့်ကို ပန်ထားပြီး ရှေ့ခြေထောက်နှစ်ချောင်း၌ ရွှေလက်ကောက်၊ ငွေလက်ကောက်၊ ကျောက်စိမ်းလက်ကောက်များ ဝတ်ထားသည်။
“မိစ္ဆာတွေပဲ”
ချင်မူ မျက်တောင်ခတ်လိုက်သည်။ မနေ့ညက ဤလူငယ်စုံတွဲသည် ဆန်းကြယ်သားရဲများ ဖြစ်နေသည်ကို သူ မမြင်ခဲ့ပေ။ သူတို့၏ကိုယ်ပေါ်တွင် မိစ္ဆာအငွေ့အသက်တစ်စုံတရာ မရှိခဲ့၍ သူတို့က လူအသွင်ဖန်ဆင်းနိုင်သည့်အဆင့်အထိ ကျင့်ကြံပေါက်မြောက်ထားသော သမင်နှစ်ကောင်ဖြစ်နေမည်ဟု မထင်ထားခဲ့ပေ။
“ဒီကျင့်စဉ်မျိုးက တော်တော်လေး ထူးခြားတာပဲ။ သမာသမတ်လမ်းစဉ်တစ်ခု ဖြစ်ရမယ်။ သူတို့က အနောက်ကမ္ဘာမြေက ဧည်သည့်တွေလား” ချင်မူ သူ့ဘာသာသူ တွေးနေမိသည်။
ချင်မူ သမင်နှစ်ကောင်ကို လှည့်ကြည့်လိုက်သည့်အခါ ရထားလုံးနောက်မှ တိတ်တဆိတ် လိုက်လာသော ကောင်းကင်နတ်သိုင်းပညာရှင်တစ်ရာကျော်ကို မြင်လိုက်ရသည်။ ရထားလုံး၏ ပြတင်းပေါက်မှ ကျစ်ဆံမြီးနှစ်ချောင်းနှင့် ခေါင်းသေးသေးလေးတစ်ခေါင်း ပြူထွက်လာပြီး အနောက်ကို ကြည့်၏။ ဖွေးဖြူနေသော လက်နှစ်ဖက်က ခေါင်းသေးသေးလေးကို အထဲပြန်ဆွဲပြီး ရထားလုံး၏ ပြတင်းပေါက်အား ပိတ်လိုက်သည်။
ချင်မူ အရှေ့ပြန်လှည့်လိုက်သည်။ သူ နဂါးချီလင်၏ ကျောပေါ်တွင် ထိုင်နေစဉ် ရွှင်ပျော်ပျော်ဓားသည် ဓားအိမ်မှ အချိန်မရွေး ခုန်ထွက်ရန် အဆင့်ဖြစ်နေပြီး ထောင်ကျယ်အိတ်ထဲရှိ ဓားပျံများလည်း ဖြည်းဖြည်းချင်း လှုပ်ရွလာကြ၏။
အမွှေးဖြူလင်းနို့နှစ်ကောင်က တိတ်ဆိတ်စွာ ပျံသန်း၍ သားရဲအုပ်ကို ကျော်လိုက်သည်။ ထိုအချိန်တွင် မိစ္ဆာဘုန်းကြီးသုံးပါး၏ သင်္ကန်းများ တဖတ်ဖတ်လွင့်သွားပြီး သူတို့ခြေထောက်နှင့် မြေပြင်ကို ခြေသည်းများထိလိုက်တိုင်း အကွာအဝေးများစွာ ရောက်သွား၏။
ပန်ကုန်းစုန် အကြည့်များ လှုပ်ခတ်သွားပြီး ဘေးဘီဝဲယာကို အကဲခတ်သည်။ သူတို့ပတ်ပတ်လည်ရှိ သားရဲအုပ်ထဲတွင် ကြောက်မက်ဖွယ်ရာ သန်မာသော ဆန်းကြယ်သားရဲများ ရှိသည်။ ဆန်းကြယ်သားရဲများအကြား စည်းမျဉ်းများရှိသည့်အတွက် သူတို့ ယခုအချိန် တိုက်ခိုက်လိုက်၍ သားရဲအုပ်ကြီး ဒေါသထွက်သွားလျှင် အကုန်လုံး၏ဝိုင်းတိုက်ခိုက်ခြင်း ခံရလိမ့်မည်။
များမကြာခင် သားရဲအုပ်ကြီးသည် ကြဲပါးစပြုလာ၏။
“နိုင်းခွေ မပြေးနဲ့” (မြောင်လူမျိုးဘာသာစကားတွင် နိုင်းခွေက မင်းသမီးမယ်တော်ဟု ဆိုလိုပါသည်)
ချီစွမ်းအင်က ရထားလုံးထဲမှ ပေါက်ကွဲထွက်ပေါ်လာသည်။ ပတ်ဝန်းကျင်ရှိ ပေါင်းမြက်သစ်ပင်များသည် ကြောက်စရာကောင်းလောက်အောင် ရှည်လျားတုတ်ခိုင်လာ၏။ တောအုပ်တစ်အုပ် အသက်ဝင်လာသည့်အလား ထင်ရသည်။
ရှေးဟောင်းသစ်ပင်များက မြေကြီးထဲမှ အမြစ်များကို ဆွဲထုတ်ကာ လမ်းလျှောက်နေသော သစ်ပင်ကြီးများ ဖြစ်လာကြသည်။ သူတို့ ခြေကြွ၍ သူတို့၏အမြစ်များ မြေကြီးပေါ် ကျသောအခါ မြေတစ်ပြင်လုံး တသိမ့်သိမ့် တုန်ခါသွား၏။ ထို့နောက် သစ်ကိုင်းများက အလွန်ကြီးမားသည့် လက်သီးကြီးများအဖြစ် ပြောင်းလဲ၍ လိုက်လာသော ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက်ပြီးတစ်ယောက် လွင့်ထွက်သွားအောင် ထိုးနေသည်။
မဟာမြို့ပျက်ထဲရှိ သစ်ပင်ကြီးများသည် အတိုင်းထက်အလွန် ကြီးမား၏။ အများစုက ကိုက်ပေါင်းတစ်ဒါဇင်ကျော် မြင့်မားသော်လည်း တောင်တစ်လုံးသဖွယ် မြင့်မားသော သစ်ပင်ကြီးများလည်း မနည်းပေ။ ရထားလုံးထဲရှိ အမျိုးသမီး၏ အံ့ဩဖွယ်ရာ ကောင်းကင်နတ်သိုင်းကြောင့် ဤသစ်ပင်ကြီးများက ပိုမိုကြီးမားလာပြီး မာကြောတောင့်တင်းနေ၏။
တောအုပ်ထဲရှိ နွယ်များက မိစ္ဆာများပမာ အသက်ဝင်လာပြီး ကောင်းကင်နတ်သိုင်းပညာရှင်များအား မြွေများသဖွယ် ရစ်ပတ်၍ ဖြစ်ညှစ်သတ်ပစ်ကြသည်။
ဤမြင်ကွင်းကြောင့် ချင်မူ့မျက်ခွံများ လှုပ်နေသည်။ ဤကောင်းကင်နတ်သိုင်းမျိုးအား မြင်ရလေ့မရှိပေ။ ကမ္ဘာမြေမှုန်ဖန်ဆင်းခြင်းပညာနှင့် အတန်ငယ်ဆင်သော်လည်း ပို၍ပင် အင်အားကြီးမား၏။
သစ်ဘီလူးကြီးများ သောင်းကျန်းနေသဖြင့် မြေတစ်ပြင်လုံး လှုပ်ခါနေပြီး တောင်တန်းများ ယိမ်းထိုးနေတော့သည်။
သို့သော် လူမျိုးခြား ကောင်းကင်နတ်သိုင်းပညာရှင်များက လျင်သည်။ သူတို့၏ကောင်းကင်နတ်သိုင်းများအား ထုတ်လွှတ်လိုက်သည်နှင့် သစ်ပင်ကြီးများ၊ နွယ်ပင်များမှ စူးစူးဝါးဝါးအော်သံများ ထွက်လာကြပြီး ယန်ဝိညာဉ်နှင့်မဟုတ်သော ယန်ဝိညာဉ်များ၊ ယင်ဝိညာဉ်မဟုတ်သော ယင်ဝိညာဉ်များကဲ့သို့ အဖြူရောင်အလင်းများ ပျံထွက်လာကြ၏။ ထို့နောက် သစ်ဘီလူးကြီးများ လဲကျသွားပြီး နွယ်စိမ်းများ ခြောက်ကပ်ကုန်သည်။
ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက်က လက်ဝှေ့ယမ်းလိုက်ရာ တောင်တစ်လုံး ဝုန်းခနဲ လှုပ်ခတ်သွားသည်။ မရေမတွက်နိုင်သော ကျောက်ခဲများ လိမ့်ဆင်းကျလာပြီး တောင်သည် ဧရာမလက်သီးကြီးဖြင့် ရထားလုံးအား ထိုးချလိုက်သည့် ကျောက်ဘီလူးကြီးတစ်ကောင် ဖြစ်လာ၏။
ရထားလုံးအရှေ့ရှိ သမင်မက ရှေ့ခြေနှစ်ချောင်းလုံးအား မြှောက်လိုက်ရာ ရွှေကွင်း၊ ငွေကွင်းများ ပျံထွက်သွားပြီး ကျောက်ဘီလူးကြီး၏ လက်သီးကို ချုပ်နှောင်လိုက်၏။ ထို့နောက် ကျောက်ဘီလူးကြီး၏ နောက်လက်သီးတစ်လုံးက သူမကို ထိုးချလိုက်၍ သမင်မ ညည်းတွားလိုက်ရသည်။
သူမ ခြေချောင်းများကို ဆောင့်ချလိုက်သည့်အခါ မြက်ပင်စိမ်းစိမ်းများ ကြီးထွားလာသည်။ မြက်ပင်များက ဓားများသဖွယ် ကျောက်ဘီလူးကြီး၏ ကျောက်တုံးများအကြား ဟနေသောကွက်လပ်များထဲ ထိုးစိုက်သွားကြ၏။ ၎င်းတို့က ကျောက်ဘီလူးကြီး၏ ခန္ဓာကိုယ်ပေါ်တွင် အမြစ်ချ၍ ကြီးမားလာကြရာ ကျောက်ဘီလူးကြီးမှာ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားတော့သည်။
ထိုအခါ သမင်နှစ်ကောင်က ရထားလုံးကို လျင်မြန်စွာ ဆွဲပြေးသွားသည်။
“ဒါ ဘယ်လိုကောင်းကင်နတ်သိုင်းပါလိမ့်”
ချင်မူ အံ့ဩမဆုံးဖြစ်နေမိသည်။ ဤလူများသည် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို ငှားယူကာ သဘာဝတရား၏ စွမ်းအင်ကို ဖွဲ့တည်၍ ကောင်းကင်နတ်သိုင်းများအဖြစ် ပြောင်းလဲလိုက်ပုံရ၏။ ဤကျင့်စဉ်မျိုးက ထာဝရငြိမ်းချမ်းရေးနယ်မြေ၏ ကျင့်စဉ်ဖြင့်သော်လည်းကောင်း၊ အိမ်နီးချင်းနိုင်ငံများ၏ ကျင့်စဉ်ဖြင့်သော်လည်းကောင်း ကွဲပြားနေသည်။
“အနောက်ကမ္ဘာမြေရဲ့ အစစ်အမှန်ကောင်းကင်နန်းတော်က ကောင်းကင်နတ်သိုင်းတွေပဲ” နဂါးချီလင်က ခပ်တိုးတိုး ပြောသည်။ “ကျွန်တော် ဂိုဏ်းချုပ်နဲ့ အနောက်ကမ္ဘာမြေကို တစ်ခါ သွားဖူးတယ်။ အစစ်အမှန်ကောင်းကင်နန်းတော်က အဲဒီနေရာရဲ့ အထွတ်အမြတ်နယ်မြေပဲ။ သူတို့က အရာရာတိုင်းမှာ ယန်ဝိညာဉ်နဲ့ ယင်ဝိညာဉ်ရှိတယ်လို့ ယုံကြည်ကြတယ်။ မြက်ဖြစ်ဖြစ်၊ သစ်သားဖြစ်ဖြစ်၊ ကျောက်တုံးဖြစ်ဖြစ် ဝိညာဉ်ရှိတယ်တဲ့လေ။ အဲဒီလူတွေ မျက်လုံးထဲမှာတော့ အရာရာတိုင်းက ကိုယ်ပိုင်ယန်ဝိညာဉ်နဲ့ ကောင်းကင်ရတနာတွေ ရှိကြတယ်တဲ့။ ဒါကြောင့် သူတို့လမ်းစဉ်က လူတိုင်း၊ အရာရာတိုင်းတွင် ယန်ဝိညာဉ်နှင့် ယင်ဝိညာဉ်ရှိသည် ဆိုတဲ့ လမ်းစဉ်ပဲ။ ဂိုဏ်းချုပ်ကတော့ သူတို့က မဆိုးဘူးပြောတယ်”
“အရာရာတိုင်းမှာ ယန်ဝိညာဉ်နဲ့ ယင်ဝိညာဉ်ရှိတယ်တဲ့လား”
ချင်မူ တလေးတစား ရေရွတ်လိုက်မိသည်။ အနောက်ကမ္ဘာမြေ၏ ကောင်းကင်နတ်သိုင်းများသည် လူတိုင်းနှင့် မတူကွဲပြားနေသော လမ်းစဉ်ကို ကျင့်သုံးပြီး အမှန်တကယ် လေ့လာသင့်ယူသင့်သော အရာဖြစ်ပေ၏။ လူငယ်ဂိုဏ်းချုပ် သူတို့အား မဆိုးဘူးဟု ချီးမွမ်းခဲ့ပုံထောက်လျှင် အစစ်အမှန်ကောင်းကင်နန်းတော်သည် အထွတ်အမြတ်နယ်မြေအဖြစ် ခေါ်ထိုက်လိမ့်မည်။
ကောင်းကင်နတ်သိုင်းသုံး၍ ကျောက်ဘီလူးကြီးတစ်ကောင် ဖန်ဆင်းခြင်းဆိုသည်မှာ အံ့အားသင့်ဖွယ်ရာပင် ဖြစ်၏။ တောင်တစ်လုံး အသက်ဝင်လာပြီး ဘီလူးကြီးတစ်ကောင်ပမာ တိုက်ခိုက်နိုင်ခြင်းက တစ်ကမ္ဘာလုံးအား တုန်လှုပ်သွားစေနိုင်သည်။ ဤလမ်းစဉ်တွင် ဖျက်စီးခြင်းအားလှိုင်းနှင့် စပ်လျဉ်း၍ တွေးမကြည့်နိုင်သော သဘောတရားများ ပါဝင်နေရာ ချင်မူ၏အမြင်ကို ပိုမိုကျယ်သွားစေသည်။
‘ဒီလမ်းစဉ်ရဲ့ ဖျက်စီးခြင်းအားလှိုင်းက ကြီးမားလွန်းတယ်” မဟာဂိုဏ်းသခင်ချင် စိတ်လှုပ်ရှားလာသည်။ ‘အနောက်ကမ္ဘာမြေမှာ မပြိုသေးတဲ့ အိမ်အကောင်းတွေရော ရှိရဲ့လား မသိဘူး။ တောင်တစ်လုံးတောင် ရှိပါ့မလား။ ငါ ဒီကျင့်စဉ်ကို လေ့လာနိုင်ရင် တောင်တွေ ဖြိုပြီး လမ်းဖောက်နိုင်ပြီ’
“တိုက်”
ရုတ်တရက် ပန်းကုန်စုန်က အမိန့်ပေးလိုက်၍ သူ့လက်အောက်ငယ်သားအားလုံး တစ်ပြိုင်တည်း လှုပ်ရှားကြသည်။ ဓားမစက်လုံးများ ကောင်းကင်တွင် ပြည့်သွားပြီး ဓားရောင်များက ချင်မူ့အပေါ် ရွာကျလာ၏။ တစ်ချိန်တည်းမှာပင် မှော်ဆရာဘုရင်သုံးဦးက အမွှေးဖြူလင်းနို့နှစ်ကောင်ကို မှော်ဆရာအစီအရင်များဖြင့် အောက်ဆွဲချလိုက်သည်။
ချင်မူ တဟားဟား အော်ရယ်လိုက်ပြီး သူ့ကိုယ်သူ ဝတ်ရုံစဖြင့် အုပ်ကာ ပျောက်ကွယ်သွားသည်။ ထို့နောက် အဆင့်မြင့်မှော်ဆရာများနှင့် မန်သီလူရိုင်းနယ်မြေ၏ စစ်သည်များဘေးတွင် ပြန်ပေါ်လာ၏။ ရွှင်ပျော်ပျော်ဓား ထွက်သွားသည်နှင့် သူ၏ထောင်ကျယ်အိမ်ထဲမှ ဓားရောင်များ ဖြာထွက်လာပြီး အရပ်လေးမျက်နှာသို့ တဟုန်ထိုး ပျံထွက်သွားကြသည်။
ဝှစ်
ဓားအလက်ရှစ်ထောင်က ကိုက်သုံးရာနယ်မြေကို စိုးမိုးလျက် ပျံဝဲနေသည်။ ဓားသွားများမှ သွေးတို့ စက်လက်စက်လက် ကျနေပြီး ခုနစ်စဉ်ကြယ်အဆင့် အဆင့်မြင့်မှော်ဆရာနှစ်ဦးသာ အသက်ရှင်လွတ်မြောက်သွား၏။ သူတို့က ဓားရောင်များ နှလုံးသားကို ထိုးဖောက်မသွားအောင် ခုခံနိုင်ခဲ့သော်လည်း အကြောက်မပြေသေးပေ။
‘ဝတ်ရုံခြုံနေရာရွှေ့ပြောင်းနည်း’
ပန်ကုန်းစုန် အံ့အားသင့်သွားသည်။ ချင်မူ လှုပ်ရှားသွားသည်က မြန်လွန်း၏။ သူက နေရာရွှေ့ပြောင်းခြင်းမှတစ်ဆင့် သူတို့ဘေးတည့်တည့် ရောက်လာကာ အသေသိုင်းကွက်ကို ထုတ်ဖော်ခဲ့သည်။
သူ၏လက်ချောင်းအား မြှောက်လိုက်သည့်အခါ ရွှင်ပျော်ပျော်ဓား မြောက်တက်လာပြီး ဓားရောင်များက ရွှင်ပျော်ပျော်ဓားကို လှည့်ပတ်ပျံဝဲကာ ခုနစ်စဉ်ကြယ်အဆင့်မှော်ဆရာတစ်ယောက်ထံ ပိုင်းချလိုက်သည်။
မှော်ဆရာ၏ကျောနောက်တွင် ရွှေတောင်ပံတစ်စုံ ပေါက်လာပြီး တဖတ်ဖတ် ခတ်လိုက်သည်။ မရေမတွက်နိုင်သော ရွှေရောင်ငှက်မွှေးများ ပျံထွက်လာကာ ဓားပျံတို့အား တချွမ်ချွမ် ဝင်တိုက်ကြ၏။ ချင်မူ အရေးနိမ့်သွား၍ နောက်လွင့်ထွက်သွားသည်။ ထိုအချိန်တွင် သူက ဝတ်ရုံခြုံကာ ပျောက်ကွယ်သွားသည်။
ထို့နောက် စောစောက မှော်ဆရာ၏အနောက်တွင် ချင်မူ ပြန်ပေါ်လာပြီး လက်ချောင်းငါးချောင်းအား ဖြန့်ကားလိုက်သည့်အခါ ရွှင်ပျော်ပျော်ဓားနှင့် ကျန်ဓားအလက်ရှစ်ထောင်က တဝှီးဝှီး ပျံသန်းလာကြ၏။
ဤအခိုက်အတန့်တွင် ပန်ကုန်းစုန်က ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး သူလည်း ပျောက်ကွယ်သွားသည်။
နဂါးချီလင်နှင့် မိစ္ဆာဘုန်းကြီးသုံးပါး ပြေးဝင်လာသဖြင့် ခုနစ်စဉ်ကြယ်အဆင့် အဆင့်မြင့်မှော်ဆရာနှစ်ယောက်က ကောင်းကင်ပေါ် ပျံတက်လိုက်ကြသည်။ မိစ္ဆာဘုန်းကြီးသုံးပါးက ခန္ဓာကိုယ်များကို လှုပ်ခါ၍ ရွှေတောင်ပံဂဠုန်ငှက်များအသွင် ပြောင်းကာ သူတို့အား ခုန်အုပ်လိုက်ကြ၏။
နဂါးချီလင်က ပါးစပ်၍ ဟိန်းကာ ပန်ကုန်းစုန်ဆီ မီးမှုတ်လိုက်သည်။
ပန်ကုန်းစုန်မှာ မီးလှိုင်းနှင့် ထိပ်တိုက်မတွေ့ဝံ့သဖြင့် ဖျတ်ခနဲ ပျောက်ကွယ်ကာ မှော်ဆရာဘုရင်သုံးဦး၏ ဘေးတွင် ပေါ်လာသည်။
မှော်ဆရာဘုရင်သုံးဦးက အမွှေးဖြူလင်းနို့နှစ်ကောင်ကို သဲသဲမဲမဲ ထိုးနှက်နေသော်လည်း အမွှေးဖြူလင်းနို့နှစ်ကောင်က အကြောမာလေသည်။ သေခြင်းရှင်ခြင်းအဆင့် မှော်ဆရာဘုရင်တစ်ယောက်၊ ကောင်းကင်နတ်အသွင်အဆင့် နှစ်ယောက်၏ တိုက်ခိုက်ခြင်းခံနေရသော်လည်း ခုန်ဆွခုန်ဆွ သွားနေနိုင်သေး၏။ သူတို့ကား အမှန်တကယ် အရေထူလှသည်။
“ကောင်းမူ၊ မင်း ဒီအမွှေးဖြူလင်းနို့နှစ်ကောင်ကို ထိန်းလိုက်။ ကျန်တဲ့မှော်ဆရာဘုရင်တွေက အဲဒီခေါင်းတုံးသုံးကောင်ကို သွားသတ်” ပန်ကုန်းစုန်က အလေးအနက်လေသံဖြင့် ပြောသည်။ “ငါတို့ သူတို့ကို ရအောင် သတ်ရမယ်”
မှော်ဆရာဘုရင်ကောင်းမူသည် သေခြင်းရှင်ခြင်းအဆင့် သိုင်းပညာရှင်ဖြစ်သည့်အတွက် အမွှေးဖြူလင်းနို့နှစ်ကောင်အား တစ်ယောက်တည်း ထိန်းနိုင်သည်။ သေအောင် မရိုက်သတ်နိုင်သော်လည်း ချင်မူ့ကို သူတို့မကူညီနိုင်အောင် တားထားနိုင်၏။
ကောင်းကင်နတ်အသွင်အဆင့် မှော်ဆရာဘုရင်နှစ်ယောက်နှင့် ခုနစ်စဉ်ကြယ်အဆင့် အဆင့်မြင့်မှော်ဆရာနှစ်ယောက်က ကောင်းကင်နတ်အသွင်အဆင့်မရောက်သေးသော မိစ္ဆာဘုန်းကြီးသုံးပါးနှင့် နဂါးချီလင်ကို သတ်ရန် လုံလောက်သည်ထက် ပိုသည်။
ပန်ကုန်းစုန် အမိန့်ပေးပြီးသည့်အချိန်မှာပဲ ချင်မူ သူ၏ထောင်ကျယ်အိတ်ထဲမှ အနက်ရောင်ခရားတစ်ခရား ထုတ်လိုက်သည်ကို မြင်လိုက်ရ၍ ခေါင်းကြိမ်းသွားသည်။ သူက အလျင်စလို အော်လိုက်၏။ “နောက်ဆုတ်ကြ မြန်မြန်”
နေရာရွှေ့ပြောင်းအစီအရင်ကို အသက်သွင်းလိုက်၍ သူက ရုတ်ခြည်း ပျောက်ကွယ်သွားသည်။ ပန်ကုန်းစုန်သည် အရပ်ခြောက်မျက်နှာအဆင့်အထိ သိုင်းကျင့်ပြီးသည့်တိုင် ဝေးဝေးလံလံ နေရာမရွှေ့ပြောင်းနိုင်သေးပေ။ ကိုက်နှစ်ထောင်ခန့်သာ သွားနိုင်၏။
ပန်ကုန်းစုန် နောက်ပြန်လှည့်ကြည့်လိုက်သည့်အခါ ချင်မူက အနက်ရောင်ခရားက ရိုက်လိုက်ပြီးကြောင်း မြင်လိုက်ရသည်။ မနှိုင်းယှဉ်နိုင်လောက်အောင် သိပ်သည်းသော အနက်ရောင်အခိုးအငွေ့များက အရပ်လေးမျက်နှာတွင် ပျံ့နှံ့လာပြီး ကိုက်ပေါင်းများစွာကို ရုတ်ခြည်း လွှမ်းခြုံသွားသည်။
မှော်ဆရာဘုရင်ကောင်းမူနှင့် ကျန်မှော်ဆရာဘုရင်နှစ်ယောက်က အလျင်အမြန် ရှောင်ပြေးနိုင်လိုက်၍ အနက်ရောင်အခိုးအငွေ့များထဲ ရောက်မသွားပေ။ သို့ထိတိုင် အကြောက်မပြေကြသေး။
ဒေါသကြောင့် ပန်ကုန်းစုန်၏မျက်လုံးထောင့်စွန်းများ တွန့်သွားသည်။ ဤသည်မှာ အတိတ်ဘဝတုန်းက သူ ဖော်ခဲ့သော မှော်ဆရာအဆိပ်ဖြစ်ပြီး အာနိသင်က ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် ပြင်းထန်၏။ ယင်ဝိညာဉ်ဖြစ်စေ၊ ယန်ဝိညာဉ်ဖြစ်စေ အငွေ့ကို ရှူမိလိုက်လျှင် ဝိညာဉ်မှာ အဆိပ်၏တိုက်စားမှုကြောင့် ပျက်စီးလာပြီး မူလဝိညာဉ်လည်း ဆွေးမြည့်သွားလိမ့်မည်။ သေခြင်းရှင်ခြင်းအဆင့် သိုင်းပညာရှင်များပင် အသက်ဆုံးရှုံးပြီး အဝါရောင်စမ်းချောင်းသို့ ရောက်သွားလိမ့်မည်။
ခရားကို ရိုက်လိုက်သော ချင်မူ၏အပြုအမူက အကုန်လုံးကို တစ်ပြိုင်တည်းသတ်ပစ်ရန် ဖြစ်ကြောင်း ထင်ရှားသည်။
‘မဟုတ်သေးဘူး။ ဒီအနက်ရောင်အခိုးအငွေ့တွေက ငါ ဖော်ထားတဲ့ မှော်ဆရာအဆိပ်မဟုတ်ဘူး’
ပန်ကုန်းစုန် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ ဤအနက်ရောင်အခိုးအငွေ့များသည် သူ၏မှော်ဆရာအဆိပ်နှင့် တူသော်လည်း သူက မှော်ဆရာအဆိပ်တွင် ဆရာတစ်ဆူဖြစ်၏။ လှည့်ကွက်ကို လျင်မြန်စွာ မြင်လိုက်၍ အနက်ရောင်အခိုးအငွေ့များက အခိုးအငွေ့များသာ ဖြစ်ပြီး မှော်ဆရာအဆိပ်မဟုတ်ကြောင်း သိသွားသည်။
မနေ့ညက ချင်မူ ပျင်းရိပျင်းတွဲ အိပ်မနေခဲ့ကြောင်း သိသာသည်။ သူက အနက်ရောင်ခရားတစ်ခုကို ခိုးကြောင်ခိုးဝှက် သွန်းနေခဲ့ပြီး အနက်ရောင်အခိုးအငွေ့တချို့အား ခရားထဲ ထည့်ထားခဲ့၏။
သူ့တွင် ထောင်ကျယ်အိတ်နှစ်လုံး ရှိသည့်အတွက် တစ်လုံးထဲတွင် တစ်စုံတစ်ခုလုပ်နေလျှင် မည်သူမှ သူ လုပ်နေသောအရာကို မြင်ရမည်မဟုတ်ပေ။
“သေစမ်း ငါတို့ လှည့်စားခံလိုက်ရပြီ”
ပန်ကုန်းစုန်၏ အမူအရာ မည်းမှောင်သွားပြီး ပြန်သွားချင်သော်လည်း ခုနစ်စဉ်ကြယ်အဆင့် အဆင့်မြင့်မှော်ဆရာနှစ်ယောက်အား မိစ္ဆာဘုန်းကြီးသုံးပါးက ဖယ်ရှားပြီဖြစ်သည့်အပြင် အမွှေးဖြူလင်းနို့နှစ်ကောင်မှာလည်း အားပြန်ပြည့်သွားခဲ့ချေပြီ။
သူ ထပ်တိုက်ခိုက်ချင်သော်လည်း ချင်မူ ထောင်ကျယ်အိတ်ထဲမှ အနက်ရောင်ခရားနောက်တစ်ခု ထုတ်လိုက်သည်ကို မြင်လျှင် တွန့်ဆုတ်သွားပြန်သည်။
ချင်မူက တဟားဟား အော်ရယ်ကာ လှမ်းပြောသည်။ “နောင်ကြီးပန်၊ နှုတ်ဆက်ရတော့မလား”
ပန်ကုန်းစုန် သရော်တော်တော် ပြုံး၍ အင်္ကျီလက်အိုးများအား ခါလိုက်သည်။ သူက မိစ္ဆာဘုန်းကြီးသုံးပါးကို ကြည့်ရင်း ကျယ်လောင်စွာ လှမ်းခေါ်၏။ “တင်းမင်ကိုယ်တော်”
ရွှေတောင်ပံဂဠုန်များက တောင်ပံများကို ပြန်ချ၍ မိစ္ဆာဘုန်းကြီးသုံးပါးအသွင် ပြန်ပြောင်းကာ မြေပြင်ဆင်းသက်လိုက်ကြသည်။ သူတို့တွင် လူသားကိုယ်၊ ငှက်ခြေသည်းများရှိပြီး သင်္ကန်းများက လျော့တိလျော့ရဲ ဖြစ်နေသည်။ တင်းမင်ကိုယ်တော်က ခေါင်းမော့ကာ ပြန်ထူးသည်။ “ဒီမှာ ရှိတယ်”
ပန်ကုန်းစုန်က ခေါင်းငုံ့ အရိုအသေပေးလိုက်သည်။ ရုတ်တရက် သူ့ကျောနောက်၌ ယဇ်ပလ္လင်အပေါ် ရပ်နေသော မိစ္ဆာတစ်ကောင်၏ပုံရိပ် ပေါ်လာ၏။ ထိုမိစ္ဆာကလည်း ခေါင်းငုံ့ကာ အရိုအသေပေးသည်။
တင်းမင်ကိုယ်တော်က အထိတ်တလန့် အော်လိုက်ပြီး သူ၏ခန္ဓာကိုယ်က ရွှေတောင်ပံဂဠုန်အသွင် ပြန်ပြောင်းသွား၏။ သူ့ကိုယ်ထဲမှ တဖျောက်ဖျောက် မြည်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး သူ၏ယန်ဝိညာဉ်သုံးခု၊ ယင်ဝိညာဉ်ခုနစ်ခုကား ကွဲထွက်သွားချေပြီ။ တင်းမင်ကိုယ်တော်မှာ မြေကြီးပေါ် ဘုန်းခနဲ လဲကျသေဆုံးသွား၏။
ချင်မူ ကြက်သီးထသွားသည်။ တင်းမင်ကိုယ်တော်သည် ခုနစ်စဉ်ကြယ်အဆင့် သိုင်းပညာရှင်တစ်ဦးဖြစ်သော်လည်း ဂါဝရပြုမိ၍ ပျံလွန်တော်မူသွား၏။ ဤသည်မှာ ရန်သူ၏နာမည်ကို သိလျှင် သတ်ပစ်နိုင်သော မှော်ဆရာသခင်၏ ကောင်းကင်နတ်သိုင်းဖြစ်သည်။ သားသတ်သမား သူ၏နာမည်အရင်းကို ထုတ်မပြောရဲသည့်အကြောင်းရင်းမှာ ဤနတ်သိုင်းကြောင့်ပင် ဖြစ်၏။
‘ဒါက ငါ ဘယ်လိုရင်ဆိုင်ရမလဲ’
ချင်မူ တွေးနေစဉ် မဆိုစလောက် မျက်နှာဖြူလျော့နေသော ပန်ကုန်းစုန်က စကားထပ်ပြောသည်။ “တင်းကျစ်ကိုယ်တော်”
တင်းကျစ်ကိုယ်တော်က ပါးစပ်ပိတ်ထားပြီး မည်သည်ကိုမျှ ပြန်မဖြေပေ။ သို့သော် ပန်ကုန်းစုန်က သူ့ကို အရိုအသေပေးလိုက်၍ ယဇ်ပလ္လင်ထက်ရှိ မိစ္ဆာကလည်း အရိုအသေပေးသည်။ ထို့နောက် တင်းကျစ်ကိုယ်တော်မှာ အားခနဲ အော်ပြီး ထူးဆန်းစွာ သေဆုံးသွား၏။
ပန်းကုန်စုန် နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာပြီး သရော်တော်တော် ပြုံးလိုက်သည်။ သူ တင်းကြွယ်ကိုယ်တော်ကို ကြည့်သည့်အခါ တင်းကြွယ်ကိုယ်တော်မှာ ကျောစိမ့်သွားပြီး ထွက်ပြေးရန် တောင်ပံဖြန့်လိုက်၏။
“တင်းကြွယ်”
ပန်ကုန်းစုန် အရိုအသေပေးပြီးသည့်အခါ တင်းကြွယ်၏ ယန်ဝိညာဉ်များနှင့် ယင်ဝိညာဉ်များ ပြိုကွဲသွားသည်။ ရွှေတောင်ပံဂဠုန်အလောင်းက ကောင်းကင်ထက်မှ ပြုတ်ကျလာ၏။
ပန်ကုန်းစုန် သွေးတစ်ပွက်အန်၍ ချင်မူ့ကို အငြှိုးကြီးကြီး ကြည့်ကာ လှည့်ထွက်သွားသည်။ “မင်း နာမည်အတု မသုံးထားသရွေ့ ငါ မင်းကို အလွယ်လေး သတ်ပစ်လို့ရတယ်”
မှော်ဆရာဘုရင်သုံးယောက်က ပန်ကုန်းစုန်နောက် ကပျာကယာ လိုက်သွားပြီး တောအုပ်ထဲ ဝင်ရောက်ပျောက်ကွယ်သွား၏။