← Chapters

မိသားစုအတွင်းရေးကိစ္စ

Vol. 23 Ch. 319

မိသားစုအတွင်းရေးကိစ္စ

Vol. 23 Ch. 319

ချင်မူ မျက်မှောင်ကြုတ်သွားသည်။ ပန်ကုန်းစုန်က သူကိုယ်တိုင် ဖော်ထားသော မှော်ဆရာအဆိပ်ကို ကြောက်သဖြင့် မတိုက်ခိုက်ရဲဘဲ ဆုတ်ခွာသွားသည်။ သို့သော် သူ ဒေါသထွက်သွားတုန်းက သုံးခဲ့သည့် ဝိညာဉ်ဂါဝရပြုမှော်ဆရာအစီအရင်မှာ အမှန်တကယ် ကြောက်စရာကောင်း၏။

ပန်ကုန်းစုန်သည် အရပ်ခြောက်မျက်နှာအဆင့်သာ ရှိ‌သေးသော်လည်း ခုနစ်စဉ်ကြယ်အဆင့်သိုင်းသမားများမှာ ဂါဝရပြုမိရုံလေးနှင့် သေဆုံးခဲ့ကြရ၏။ မိစ္ဆာဘုန်းကြီးသုံးပါး၏ သိုင်းစွမ်းရည်က အလွန်မြင့်မားသည့်အပြင် ကျင့်ကြံပေါက်မြောက်ထားသည့် ဆန်းကြယ်သားရဲများဖြစ်ကြသည်။ သို့ထိတိုင် မည်သို့မျှ မတတ်နိုင်ဘဲ ဇီဝိန်ချုပ်သွားခဲ့ကြရသည်။

ရွှေတောင်ပံဂဠုန်အမျိုးအစားသည် မဟာမြို့ပျက်တွင် ကျော်ကြားသည့် ဆန်းကြယ်သားရဲအမျိုးအစားဖြစ်ပြီး အလွန်သန်မာကြ၏။ သူတို့၏ရုပ်ခန္ဓာများက မောကြောကြသည့်အတွက် မိုးခြိမ်းသံကျောင်းတော်ငယ်၏ ဓမ္မကျင့်စဉ်ကို အားထုတ်ခြင်းခြင့် သူတို့၏မူလဝိညာဉ်များက အခြေခိုင်မာကြသည်။

ဂါဝရပြုရုံလေးဖြင့် ‌ရွှေတောင်ပံဂဠုန်သုံးကောင်ကို တစ်ပြိုင်တည်း သတ်နိုင်ခဲ့သော ကောင်းကင်နတ်သိုင်းကား သားသတ်သမားကို အမှန်စင်စစ် ခြောက်လှန့်နိုင်သည်။

ယခင်တုန်းက ပန်ကုန်းစုန်သည် သီလစင်ကြယ်သော ကျောင်းတော်သားတစ်ယောက်သဖွယ် သည်းခံခဲ့သည်။ သို့သော် ချင်မူ့လက်ချက်ကြောင့် မကြာခဏ အထိနာခဲ့ပြီးနောက် ရှက်ရမ်းရမ်းပြီး သည်းမခံနိုင်တော့ပေ။

ဤတစ်ကြိမ်တွင် ဂါဝရပြုရုံဖြင့် မိုးခြိမ်းသံကျောင်း‌တော်ငယ်၏ မိစ္ဆာဘုန်းကြီးသုံးပါးကို သတ်ခဲ့သော်လည်း နောက်တစ်ကြိမ်ကျလျှင် ချင်မူ့ဘေးရှိ လူများအပေါ် ပစ်မှတ်ထားလိမ့်မည်။

မည်သူက သူ၏ဂါဝရပြုမှုကို ခံနိုင်လိမ့်မည်နည်း။

‘ဒါပေမဲ့ ဒီကိုယ်တော်သုံးပါးကို ဂါဝရပြုပြီးတော့ ပန်ကုန်းစုန်လည်း အတွင်းဒဏ်ရာပြင်းပြင်းထန်ထန် ရသွားပုံပဲ။ ဒီကောင်းကင်နတ်သိုင်းရဲ့ တန်ပြန်သက်ရောက်မှုက တော်တော်လေး ကြီးလိမ့်မယ်။ ဒါကြောင့် သူ မဆင်မခြင် မသုံးခဲ့တာနေမှာ’

ချင်မူ၏မျက်ကြောများ မပြေလျော့သေးပေ။ တန်ပြန်သက်ရောက်မှုက ကြီးမားသည့်တိုင် ထိုကဲ့သို့ကောင်းကင်နတ်သိုင်းတစ်ခုအား ရင်ဆိုင်ရန် ခက်ခဲသည်။

“ဒီကိုယ်တော်သုံးပါးကို မြေမြုပ်ရအောင်။ အလောင်းတွေကို ဒီတိုင်း ထားလို့မဖြစ်ဘူး”

သူတို့ ရွှေတောင်ပံဂဠုန်အလောင်းများကို မြုပ်ပြီးနောက် ချင်မူက ဂါဝရပြုရင်း သက်ပြင်းချလိုက်သည်။ “အေးအေးချမ်းချမ်း အနားယူပါ ကိုယ်တော်တို့ ။ တစ်နေ့နေ့ကျ တပည့်တော် ပန်ကုန်းစုန်ကို မီးလောင်တိုက်သွင်းပြီး ကိုယ်တော်တို့ကို ပူဇော်ပသပေးပါ့မယ်။ သွားကြစို့ ... ခဏ”

နဂါးချီလင်က တုံ့ခနဲ ရပ်လိုက်ပြီး ချင်မူ မျက်လုံးများပိတ်လိုက်သည်။ တခဏကြာသော် မျက်လုံးပြန်ဖွင့်၍ စုတ်တံ၊ မှင်၊ မှင်သွေးကျောက်နှင့် စက္ကူများကို ထုတ်လိုက်သည်။ သူ၏ချီစွမ်းအင်က ထွက်ပေါ်လာပြီး စက္ကူကို လေလယ်တွင် ဖြန့်လိုက်၏။

ချင်မူ စုတ်တံကို မှင်တို့ပြီး လေထဲတွင် ပန်းချီဆွဲလိုက်သည်။ များမကြာခင် ယဇ်ပလ္လင်အပေါ်၌ ရပ်နေသော မိစ္ဆာ၏ ရုပ်ပုံအား ရေးဆွဲပြီးသွားသည်။

ချင်မူ နောက်ဆုံးစုတ်ချက်ကို ဆွဲရန် ပြင်လိုက်သော်လည်း ရပ်လိုက်သည်။ သူ၏တံဆိပ်ကို ပန်းချီအပေါ်တွင် ခတ်နှိပ်ပြီးနောက်မှ နောက်ဆုံးစုတ်ချက်အား ဆွဲလိုက်၏။

‘ပန်ကုန်းစုန် မှော်ဆရာအစီအရင်နဲ့ ဝိညာဉ်ကို ဂါဝရပြုနိုင်တဲ့ သော့ချက်က ဒီမိစ္ဆာပေါ် မူတည်လိမ့်မယ်’

ချင်မူ ပန်းချီကို အပေါ်အောက်ကြည့်ရင်း မှားယွင်းစွာ မဆွဲမိကြောင်း သေချာအောင် စစ်ဆေးလိုက်သည်။ နားကန်း သူ့ကို သင်ကြားပေးခဲ့သော ပန်းချီနှင့် လက်ရေးလှရေးနည်းတွင် ပန်းချီက အသွင်အပြင်၊ စိတ်အခြေအနေနှင့် အဟန့်အထည်ကို အမိအရဖမ်းဆုပ်ရန် အသားပေးဂရုစိုက်ရသည်။ ချင်မူ နားကန်းနှင့်အတူ မကြာခဏ ရွာပြင်ထွက်ကာ ပစ္စည်းမျိုးစုံ လိုက်စုပြီး တူအောင် ရေးဆွဲခဲ့ရသည်။ ပန်ကုန်းစုန်၏ ကျောနောက်ရှိ မိစ္ဆာက အချိန်ကြာကြာ မပေါ်လာခဲ့သော်လည်း ၎င်း၏အဟန့်အထည်နှင့် အသွင်အပြင်ကို အကြမ်းဖျင်း ဖမ်းဆုပ်မိခဲ့၍ မိစ္ဆာပုံစံကို သူ အတိအကျ ရေးဆွဲနိုင်ခဲ့သည်။

‘ဒီမိစ္ဆာကို ငါ မသိပေမယ့် မဟာမြို့ပျက်ထဲမှာ နတ်ဘုရားရုပ်တု၊ မိစ္ဆာရုပ်တုအများကြီး ရှိတယ်။ ရွာလူကြီးနဲ့ ဘိုးဘိုးမာတို့တွေက ပိုအတွေ့အကြုံရှိတော့ သိလောက်တယ်။ ငါ အခု မဟာမြို့ပျက်ထဲ ရောက်နေပြီဆိုတော့ ရွာကိုပဲ ပြန်ပြီး သူတို့ကို မေးလိုက်တော့မယ်။ သူတို့မသိဘူးဆိုရင်တောင် ကောင်းကင်တန်ခိုးရှင်ဂိုဏ်းနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ရှိသေးတာပဲ။ တစ်ယောက်မဟုတ် တစ်ယောက်တော့ သိလိမ့်မှာပါ’

ချင်မူ ပန်းချီကို သိမ်း၍ သူ့ဘာသာသူ တွေးလိုက်သည်။ ‘ဒီမိစ္ဆာကို သိတဲ့လူ တစ်ယောက်ရှိနေသရွေ့ ပန်ကုန်းစုန်ရဲ့ မှော်ဆရာအစီအရင်ကို ချိုးဖျက်နိုင်လိမ့်မယ်။ မဟုတ်လို့ကတော့ ဘာအကျိုးဆက်ကိုမှ ဂရုမစိုက်ဘဲ သူ့သတ်လိုက်ရုံပဲ ရှိတော့တယ်”

အကျိုးဆက်များအား ဂရုမစိုက်ခြင်းဆိုသည်မှာ လိုလန်ရွှေနန်းတော်ကို တိုက်ခိုက်ခြင်းဟု ဆိုလိုသည်။ သို့သော် လိုလန်ရွှေနန်းတော်ကို မထိခင် ထိုနေရာသွားဖို့ မြက်ခင်းလွင်ပြင်တစ်လျှောက်ရှိ နိုင်ငံများအား သုတ်သင်ချေမှုန်းရလိမ့်မည်။

မည်မျှခက်ခဲမည်ကို ကောင်းကောင်း စိတ်ကူးကြည့်နိုင်၏။

တခြားနည်းမရှိတော့လျှင် နောက်ဆုံးနည်းလမ်းက ဧကရာဇ်ကို သိမ်းသွင်းပြီး ဧကရာဇ်၏ စစ်သည်များကို မြက်ခင်းလွင်ပြင်လွှတ်ကာ လိုလန်ရွှေနန်းတော်အား ချေမှုန်းစေခိုင်းရလိမ့်မည်။ လောလောဆယ်တွင် ကောင်းကင်တန်ခိုးရှင်ဂိုဏ်းတစ်ဂိုဏ်းတည်းက ထိုမျှအင်အားမတောင့်တင်းသေးပေ။

နဂါးချီလင်က ရှေ့ဆက်လျှောက်သွားပြီး ချင်မူလည်း အမွှေးဖြူလင်းနို့များကို ဒဏ်ရာများကုပေးရန် လှမ်းခေါ်လိုက်သည်။ သူတို့၏ဒဏ်ရာများ ပျောက်ကင်းသွားသောအခါ သူက မြေပြင်အနေအထားကြည့်ရှုရန် အမွှေးဖြူလင်းနို့နှစ်ကောင်၏ အကာအကွယ်ဖြင့် ‌ကောင်းကင်ပေါ် တက်လိုက်သည်။

တခဏကြာသော် သူ ပြန်ဆင်းလာပြိး အတန်ငယ် မျက်မှောင်ကြုတ်မိသွား၏။ မာန်ဟုန်မြစ်ကို မတွေ့ရ‌ပေ။

မာန်ဟုန်မြစ်ကို မြင်လျှင် တည်နေရာကို ခန့်မှန်းနိုင်သော်လည်း ယခုတော့ မမြင်ရသည့်အတွက် နေရာအတိအကျကို ဆုံးဖြတ်ရခက်နေသည်။

အရှေ့အရပ်သို့ မိုင်တစ်ရာလျှောက်ပြီးသော် ချင်မူ လေပေါ်ပျံတက်ပြီး မြေပြင်အနေအထားကို ထပ်ကြည့်ကာ သူမှတ်ထားသည့် မြေပုံနှင့် ယှဉ်ကြည့်လိုက်၏။

ထိုအတိုင်း မကြာခဏ နှိုင်းယှဉ်ကြည့်ခြင်းဖြင့် နောက်ဆုံးတွင် တောင်ကြားလမ်းတစ်လမ်းအရ သူတို့၏တည်နေရာကို ဆုံးဖြတ်နိုင်သွားသည်။

“ငါတို့နေရာက အနောက်ကောင်းကင်နန်းတော်နဲ့ နီးတယ်။ အနောက်ကမ္ဘာမြေနဲ့ သိပ်မဝေးဘူး”

ချင်မူ အရပ်မျက်နှာကို ဆုံးဖြတ်ပြီးနောက် စိတ်အေးလက်အေး ဖြစ်သွားသည်။ မြေကြီးပေါ် ပျံဆင်း၍ သူ နဂါးချီလင်အား လမ်းကြောင်းပြောပြလိုက်၏။ အရှေ့သို့ နောက်ထပ်မိုင်တစ်ရာကျော် သွားပြီးသောအခါ မဟာမြို့ပျက်၏မြေပုံပေါ်တွင် အနောက်ကောင်းကင်နန်းတော်ဟု မှတ်ထားသည့် နေရာနှင့် နီးနေပြီဖြစ်ကြောင်း ချင်မူ သတိပြုမိလိုက်သည်။ ပတ်ဝန်းကျင်အနေအထားကို ကြည့်ရှုပြီးသည့်အခါ လမ်းကြောင်းက ပိုမိုထင်ရှားလာသည်ကို သူ မြင်တွေ့ရ၏။

ခပ်ဝိုင်းဝိုင်း အပြားတစ်ပြားပုံသဏ္ဍာန်ရှိသော မြေထုကြီးတစ်ခုက မဟာမြို့ပျက်၏ မြေကြီးထဲ ဒေါင်လိုက် စိုက်ဝင်နေသည်။ ယင်းမြေထုသည် ပတ်ဝန်းကျင်ရှိ တောင်များထက်ပင် ပိုမိုမြင့်မားပြီး အပြင်အာကာသမှ ပြုတ်ကျလာခဲ့ဟန်တူ၏။

နဂါးချီလင်က ခြေလှမ်းများကို ရပ်လိုက်၍ ချင်မူ ဤမြေထုကြီးကို ကြည့်လိုက်သည်။ သစ်ပင်ချုံနွယ်များ သိပ်သည်းထူပြောစွာ ပေါက်ရောက်နေသည့်အတွက် မြို့ပျက်တစ်ခုပမာ ဖြစ်နေကြောင်း ချင်မူ မြင်လိုက်ရသည်။

မြေသားတချို့က ပက်ကြားအက်နေပြီး အက်ကွဲကြောင်းများထဲမှ သတ္တုရောင်လက်နေသည်။ မြေကြီးအောက်တွင် သတ္တုဖြင့် သွန်းလုပ်ထားသော တစ်စုံတစ်ခု မြုပ်နေလေသည်။

ကြီးမြတ်ခံ့ညားသော နတ်ဘုရားရုပ်များလည်း ရှိကြသည်။ တချို့က မားမားမတ်မတ် ရပ်နေကြသော်လည်း တချို့က မြေကြီးပေါ်တွင် လဲနေကြ၏။

ချင်မူတို့အုပ်စုလည်း ဤမြေအပေါ်တွင် လှည့်ပတ်စူးစမ်းရင်း အံ့အားသင့်နေကြသည်။ သူတို့အရှေ့တွင် ခပ်ပြားပြားမြေလွှာများ ပြန့်ကြဲနေသည့် ချိုင့်ဝှမ်းတစ်ခု ရှိသည်။ မြေအပြားတချို့က မြေကြီးထဲ စိုက်နေပြီး တချို့က အစိတ်စိတ်အမြွှာမြွှာ ကွဲနေသည်။ သီးသန့်မြို့ပျက်တစ်မြို့ပမာ ဖြစ်နေသော အပြားတချို့လည်း ရှိကြ၏။ ဆန်းကြယ်သားရဲတချို့က မြို့ပျက်များအကြား သွားလာနေကြပြီး တချို့အကောင်များက ကြောက်မက်ဖွယ်ရာ ဟိန်းသံကြီးများ ပြုကာ သူတို့၏ပိုင်နက်အနား ကပ်လာသော သတ္တဝါများကို ခြောက်လှန့်နေကြသည်။

အပြားများ ကွာကျနေသောနေရာတွင် ရှည်မျောမျော သတ္တုထည်ပေါ်နေသည်။ သတ္ထုထည်၏ပတ်ပတ်လည်တွင် အရွယ်အစားမျိုးစုံရှိသော သတ္တုပိုက်များရှိနေပုံရ၏။

ချိုင့်ဝှမ်းတစ်လျှောက် လေတိုက်သွားသည့်အခါ ဤသတ္ထုထည်များက သာယာနာပျော်ဖွယ်ကောင်းစွာ အသံမြည်တတ်သည်။

‘ဒီလောက်ခမ်းနားကြီးကျယ်တဲ့ လူမျိုးစုတစ်စုက ဘယ်လိုကြောင့် ဒီအခြေအနေဆိုက်ခဲ့တာလဲ”

အဝေးကို အတန်ကြာ ကြည့်နေပြီးနောက် ချင်မူ အကြည့်လွှဲလိုက်သည်။ ဤနေရာသည် အမှောင်ထု မကျူးကျော်နိုင်သော နေရာတစ်နေရာ ဖြစ်၍ ပတ်ဝန်းကျင်တွင် ဆန်းကြယ်သားရဲများစွာ ကျက်စားနေကြ၏။ ယခုလိုနေရာမျိုးတွင် ဖြတ်သွားချင်လျှင် ချင်မူတို့ အတိုင်းထက်အလွန် ဂရုစိုက်မှ ဖြစ်မည်။

ကွေ့ရှောင်သွားလျှင် တစ်ရက်ခန့် ကြာမည်ဖြစ်ရာ ရှေ့ဆက်သာ သွားနိုင်သည်။

ချင်မူ နဂါးချီလင်၏ ကျောပေါ်မှ ခုန်ဆင်းပြီး ရှေ့မှဦးဆောင်သွားလိုက်သည်။  သူသည် ငယ်ငယ်ကတည်းက မဟာမြို့ပျက်တွင် ကြီးပြင်းလာသူဖြစ်သည့်အတွက် ဆန်းကြယ်သားရဲများ၏အကျင့်ကို ကောင်းစွာ သိသည်။ နဂါးချီလင် သို့မဟုတ် အမွှေးဖြူလင်းနို့နှစ်ကောင်ကိုသာ ဦး‌ဆောင်သွားခိုင်းလျှင် သေချာပေါက် ဒုက္ခရောက်လိမ့်မည်။

ချင်မူ ချိုင့်ဝှမ်းအတွင်း ရောက်သည့်အခါ ရထားလုံးတစ်လုံး၏ အစအနများကို မြင်လိုက်ရသည်။ အစအနများသည် အနောက်ကမ္ဘာမြေ၏ အစစ်အမှန်ကောင်းကင်နန်းတော်မှ ရထားလုံး၏အစအနများ ဖြစ်လိမ့်မည်။ နောက်မှ လိုက်သွားသည့် ကောင်းကင်နတ်သိုင်းပညာရှင်များ၏ ရှုပ်ရှုပ်ယှက်ယှက် ခြေရာတချို့လည်း ရှိသည်။

သူတို့က ဤနေရာသို့ ဝိုင်းဒိုင်းကြဲ ဝင်သွားခဲ့ကြောင်း သိသာသော်လည်း ခြေလှမ်းများအရ လမ်းမှားမှ သွားခြင်းမရှိရာ မဟာမြို့ပျက်၏ စည်းမျဉ်းများကို သိထားလိမ့်မည်။

သို့သော် အနောက်ကမ္ဘာမြေ၏ အစစ်အမှန်ကောင်းကင်နန်းတော်မှ ကောင်းကင်နတ်သိုင်းများသည် အရွယ်အစားကြီးမားပြီး နေရာယူ၏။ ဤနေရာတွင် သိုင်းကွက်များ ထုတ်ဖော်ခဲ့လျှင် နယ်မြေအပိုင်စားအဆင့် ဆန်းကြယ်သားရဲများကို အလွယ်တကူ ရန်စမိလိမ့်မည်။

‘ငါတို့ သူတို့လမ်းအတိုင်း လိုက်သွားရင် တည့်တည့်တိုးတော့မှာပဲ’

ချင်မူ နောက်တစ်လမ်းရှာကြည့်သော်လည်း ဤချိုင့်ဝှမ်းကို အန္တရာယ်ကင်းကင်း ဖြတ်သွားနိုင်သော လမ်းဆို၍ ဤတစ်လမ်းသာ ရှိသည်။ ‌ရှောင်သွားပါက ကန်ကြီးတစ်ကန်အား ဖြတ်ရလိမ့်မည်။

ချင်မူ ကန်ကို ကြည့်လိုက်သည့်အခါ ရုတ်တရက် ရေများလှုပ်လာ၏။ ဧရာမမိကျောင်းလူသားကြီးတစ်ယောက် ထလာပြီး ကန်ရေပြင်ထက်တွင် ရပ်နေသည်။ သူ့နှာခေါင်းမှ မီးခိုးငွေ့များကို တထောင်းထောင်း မှုတ်ထုတ်နေပြီး သူက လက်သည်းများကို သွေးနေပြီဖြစ်သည်။

ဤနယ်မြေအပိုင်စားအဆင့် ဆန်းကြယ်သားရဲကား သဘောကောင်းမည့်ပုံမပေါ်ရာ သူ ဤလမ်းမှမသွားလျှင် သေမင်းကို ဖိတ်ခေါ်နေသည်နှင့် တူလိမ့်မည်။

အခြားတစ်ဖက်တွင်မူ မြို့ပျက်တစ်ခုရှိသည်။ အထဲတွင် ကြိုးကြာဖိုနှင့် ကြိုးကြာမက ဓားသိုင်းလေ့ကျင့်နေကြ၏။ သူတို့၏တောင်ပံများ လှုပ်ခါသွားတိုင်း ဓားရောင်များ ကောင်းကင်တွင် လင်းလက်သွားပြီး စက်ဝိုင်းသဏ္ဍာန် ဖွဲ့တည်သွားသည်။ ထိုဓားရောင်များ၏ အမြန်နှုန်းအရ ဤကြိုးကြာဖိုနှင့် ကြိုးကြာမက မိကျောင်းသားရဲထက်ပင် ပို၍အန္တရာယ်များလေသည်။

‘ဒီတစ်လမ်းပဲ ရှိတယ်’

ချင်မူ ယိုင်နွဲ့နွဲ့ သက်ပြင်းချပြီး ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “အနောက်ကမ္ဘာမြေရဲ့ အစစ်အမှန်ကောင်းကင်နန်းတော်က မိသားစုကိစ္စကို ငါ ဝင်ပါလို့မဖြစ်ဘူး။ ငါက သူများကိစ္စထဲ ဝင်ပါပြီး ကိုယ့်ဒုက္ခကိုယ်ရှာနိုင်တဲ့ လူမဟုတ်ဘူး။ သူတို့ဘေးကနေပဲ လျှောက်သွားကြမယ်...”

ချိုင့်ဝှမ်း၏အလယ်တွင်တော့ တုတ်တုတ်ခိုင်ခိုင် ချိုကြီးများဖြင့် ကြံ့ကြီးလေးကောင် ကျက်စားနေကြသည်။ သူတို့၏ခန္ဓာကိုယ်ကြီးများက အညစ်အထေးတစ်စုံတရာ မစွန်းထင်းဘဲ ဖြူဆွတ်နေ၏။ သူတို့၏ကျဉ်းမြောင်းသော မျက်လုံးများသည် သတိထားအနေအထားဖြင့် ချင်မူနှင့် သူ့အနောက်ရှိ နဂါးချီလင်ကို ကြည့်၏။ ငြိမ်ငြိမ်မနေဘဲ ဟိုဟိုသည်သည် ပျံသန်းရင်း သစ်ပင်များကို တွဲခိုနေသော အမွှေးဖြူလင်းနို့နှစ်‌ကောင်ကိုလည်း အကဲခတ်သည်။

ကြံ့မတစ်ကောင်က လူစကားဖြင့် ပြောသည်။ “ဒီခွေးကြီးက ဝက်တစ်ကောင်နီးနီး ဝနေတာတောင် လမ်းလျှောက်နိုင်သေးတယ်နော်”

ခေါင်းဆောင်နေရာရှိ ကြံ့ကြီးက မျက်နှာဖြူဆုတ်သွားပြီး ချက်ချင်း မြေပေါ်လှိမ့်ကာ ကြံ့ခေါင်း၊ လူကိုယ်အသွင် ပြောင်းလိုက်သည်။ သူ၏အရိုးချပ်ဝတ်တန်ဆာအောက်မှ ကြွက်သားများက အမြှောင်းမြှောင်း ထနေပြီး သူက ကိုယ့်ကိုကိုင်းကာ ချင်မူ့အား ပြောသည်။ “တာအိုရောင်ရင်း၊ ကျွန်တော့်မိန်းမက ပေါက်ကရတွေ လျှောက်ပြောတတ်လို့ပါ။ ဗွေမယူပါနဲ့”

ချင်မူ ပြုံးလိုက်သည်။ “ရပါတယ်ဗျာ။ ဖက်တီးနဂါးက တကယ်လည်း ဝနေတာကိုး”

ကြံ့ခေါင်းဆောင်မှာ စိတ်သက်သာရာသွားပြီး ကြံ့မသုံးကောင်ကို ခေါ်၍ ထွက်သွားကာ ဆူနေသည်။ “မင်းတို့ မမြင်ဘူးလား။ အဲဒီလူတွေက ရက်စက်တယ်ကွ။ တစ်ယောက်ချင်းစီတိုင်းက ကြမ်းတယ်။ အထူးသဖြင့် ဟိုလူနဲ့ အမွှေးဖြူလင်းနို့နှစ်ကောင်။ သူတို့ဘေးမှာ လူသေဝိညာဉ်တွေ အများကြီး ဝိုင်းနေတာလေ မမြင်ဘူးလား”

ချင်မူ အံ့အားသင့်သွားပြီး နဂါးချီလင်က ပြောလိုက်သည်။ “ကြံ့ဖြူတွေက ငရဲပြည်နဲ့ လူသေဝိညာဉ်တွေကို မြင်နိုင်လို့ စိတ်မမှန်ဘူး ပြောကြတယ်။ တကယ်အံ့ဩစရာပဲ။ ဒါပေမဲ့ သူတို့ရဲ့ ဝေဖန်သုံးသပ်နိုင်စွမ်းက နိမ့်ကျနေသေးတယ်။ ကျွန်တော်က ခွေးကြီးလည်းမဟုတ်ဘူး။ ဝလည်း မဝပါဘူး။ ထွားရုံလေး ထွားတာကို...”

အရှေ့မှ ကောင်းကင်နတ်သိုင်းချင်း တိုက်ခတ်သံများ၊ ဝိညာဉ်လက်နက်ချင်း ထိတွေ့သံများ ကြားလိုက်ရသည်။ ထိုနေရာတွင် တိုက်ပွဲပြင်းထန်နေပုံပေါ်၏။ ချင်မူ အမွှေးဖြူလင်းနို့နှစ်ကောင်ကို ခေါ်ကာ ဂရုတစိုက် ဆက်သွားလိုက်သည်။

များစွာမလျှောက်လိုက်ရဘဲ သူတို့အရှေ့တွင် တိုက်ပွဲကွင်းပြင်တစ်ခု ပေါ်လာသည်။ ဒဏ်ရာဒဏ်ချက်များ ရထားသည့် အစစ်အမှန်ကောင်းကင်နန်းတော်၏ သိုင်းပညာရှင်များက ရထားလုံးအား ဝိုင်းထားကြ၏။

အစစ်အမှန်ကောင်းကင်နန်းတော်၏ သိုင်းသမားများက သူတို့ရောက်လာသည်ကို မြင်လျှင် တိုက်ခိုက်နေသည်ကို ရပ်လိုက်ကြပြီး သူတို့ကို လှည့်ကြည့်ကြ၏။

“အဆွေတော်” လူငယ်တစ်ယောက်က သိုင်းသမားကြားမှ ထွက်လာပြီး ချင်မူ့ကို နှုတ်ဆက်သည်။ “မိသားစုအတွင်းရေးကိစ္စပါ”

ချင်မူလည်း ပြန်နှုတ်ဆက်လိုက်သည်။ “ကျွန်တော်လည်း ဖြတ်သွားရုံပါ”

လူငယ်က ပြုံးပြပြီး လက်ဝှေ့ယမ်းလိုက်၏။ “လမ်းဖွင့်ပြီး ဖြတ်သွားခွင့်ပေးလိုက်ကြ”

ချင်မူ ပြန်ပြုံးပြပြီး သူ၏ရည်ရွယ်ချက်ကို ပြသရန် နှစ်ဖက်လုံးအား ဦးညွှတ်အရိုအသေပေးးပြီးနောက် နဂါးချီလင်နှင့် အမွှေးဖြူလင်းနို့နှစ်ကောင်ကို‌ ခေါ်လိုက်သည်။ သူတို့အရှေ့တွင် ရထားလုံးမှာ ဘီးများကျွတ်ထွက်၍ ခေါင်းမိုးလည်း လှန်ကာ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲနေချေပြီ။ သမင်တစ်ကောင်က ရထားလုံးအပျက်၏ဘေးတွင် လဲနေပြီး တစ်ယောက်ကတော့ လူအသွင်ဖြင့် ဖြစ်သည်။ ကျန်တစ်ကောင်မှာ ဒဏ်ရာအပြင်းအထန် ရထား၍ လူပုံစံမပြောင်းတော့ဟန်တူ၏။

သမင်နှစ်ကောင် စောင့်ရှောက်နေသော သားအမိက ရထားလုံးအပြင် ရောက်နေပြီဖြစ်သည်။ မိခင်မှာ သွေးအလိမ်းလိမ်းနှင့် အသက်မနည်းရှူကာ ကလေးကို သူ့နောက်၌ ကာကွယ်ထားသည်။

“သူတော်ကောင်းလေး...”

သမင်ဖိုယောက်ျားက ရုတ်တရက် ချင်မူ့အင်္ကျီကို လှမ်းဆွဲသည်။ သူက နောက်ဆုံးထွက်သက်ကို မရှူထုတ်သေးဘဲ ခေါင်းကို ခက်ခက်ခဲခဲ မော့လိုက်သည်။ “သူတော်ကောင်းလေး ကျေးဇူးပြုပြီး...”

ချင်မူ အင်္ကျီကို ပြန်ဆွဲပြီး ရှေ့ဆက်လျှောက်သွားသည်။

သမင်မဘေးမှ ဖြတ်သွားသည့်အခါ သူ အတန်ငယ် မှင်သက်သွား၏။ သူမကား အသက်မရှိတော့ပေ...

ချင်မူ အကြည့်လွှဲ၍ ရှေ့ဆက်လျှောက်သွားသည်။ ရုတ်တရက် ‘နိုင်းခွေ’ ဆိုသော အမျိုးသမီးက သူ့လက်ကို အားကိုးတကြီး လှမ်းဆွဲပြီး အက်ကွဲနေသည့်အသံဖြင့် တောင်းတောင်းပန်ပန် ပြော၏။ “ကလေးကို ခေါ်သွားပေးပါ သူတော်ကောင်း‌လေးရယ်။ သူ့ကိုတော့ ကယ်ပေးပါ...”

ချင်မူ ရပ်လိုက်သည့်အခါ သူ့အနောက်ရှိ အစစ်အမှန်ကောင်းကင်နန်းတော်မှ လူငယ်က အော်သည်။ “အဆွေတော် ဒါက ကျွန်တော်တို့ အစစ်အမှန်ကောင်းကင်နန်းတော်ရဲ့ မိသားစုအတွင်းရေးပါ”

ချင်မူ အမျိုးသမီး၏လက်ကို ရုန်းပြီး ရှေ့ဆက်လျှောက်သွားသည်။ သူက ဘေးဘယ်ညာရှိ ကောင်းကင်နတ်သိုင်းပညာရှင်များအား ပြုံးပြပြီး နဂါးချီနှင့် အမွှေးဖြူလင်းနို့နှစ်ကောင်ကို ဦးဆောင်ကာ တိုက်ပွဲကွင်းပြင်မှ ထွက်လိုက်သည်။

နဂါးချီလင်က ချင်မူ့အနောက် အမှီလိုက်ပြီး သူ့မျက်နှာကို ကြည့်သည်။ “ဂိုဏ်းသခင်...”

ချင်မူက မျက်နှာသေဖြင့် ပြောလိုက်၏။ “သူများမိသားစုအတွင်း‌ရေးကို ငါတို့ ဝင်မပါသင့်ဘူး”

“ဟုတ်တာပေါ့ ဝင်ပါတာမကောင်းဘူး။ ဂိုဏ်းသခင်က ဂြိုဟ်မွှေရတာ တော်တော်ကြိုက်ကြိုက်လို့ ဂိုဏ်းချုပ် ပြောခဲ့ဖူးပေမယ့် ကြည့်ရတာ လူကြီးဖြစ်သွားပြီထင်ပါတယ်”

ချင်မူ အရှေ့ကို ငိုင်တွေတွေ ကြည့်နေသည်။ “လူကြီးဖြစ်သွားပြီ။ ဒါက လူကြီးဖြစ်သွားတာလား”

“ကောင်းကျိုးနဲ့ ဆိုးကျိုးနဲ့ ဘယ်လိုချင့်ချိန်ရမလဲ နားလည်သွားပြီဆိုတော့ လူကြီးဖြစ်ပြီဆိုရမှာပေါ့။ ဂိုဏ်းသခင်က စဉ်းစားတတ်လာပြီပဲ” နဂါးချီလင်က ရှင်းပြလိုက်သည်။ “အရင်တုန်းက ဘာမှမစဉ်းစားတတ်ဘူးလေ။ ဘယ်သူ့ရန်စမိမလဲ မကြောက်ဘဲ ဟိုနား တိုက်ခိုက်လိုက်၊ ဒီနား တိုက်ခိုက်လိုက်နဲ့။ အဲဒီလပိုင်းလောက်လေးအတွင်း ဂိုဏ်းချုပ်ခမျာ ဂိုဏ်းသခင်ရဲ့ အရှုပ်ထုပ်တွေကို တော်တော် ရှင်းခဲ့ရသေးတယ်”

အနောက်မှ အော်ဟစ်သံများ ကြားလိုက်ရသဖြင့် ချင်မူ တိတ်ဆိတ်သွားသည်။

“ဒါက လူကြီးဖြစ်တာဆိုရင်လည်း... ငါ လူကြီးမဖြစ်ချင်တော့ဘူး”

ချင်မူ တဟားဟား ရယ်၍ ဆက်လျှောက်နေသည်။ ဓားသေးသေးလေးများက သူ၏ထောင်ကျယ်အိတ်ထဲမှ တိတ်ဆိတ်စွာ ပျံထွက်သွားပြီး ပတ်ဝန်းကျင်သို့ ဖြာထွက်သွား၏။ မြေတွင် စိုက်ဝင်လာသော ဓားပျံအရေအတွက် များပြားလာသည်နှင့်အမျှ ဓားဝင်္ကပါတစ်ခုအား တည်ခင်းပြီးဖြစ်သွားသည်။

သူက ‌ရှေ့ဆက်လျှောက်နေပြီး ဓားအလက်ရှစ်ထောင်က သူ့အရှေ့ရှိ မြေကြီးထဲ ဆက်လက်စိုက်ဝင်နေသည်။

တောင်တန်းများနှင့် မြစ်ပြင်ကို ဖြတ်လျှောက်သွားသော ဓား

ဓားများက မြေကြီးထဲ စိုက်ဝင်ပြီး တောင်တန်းများ၊ မြစ်ပြင်များ အသွင် ဖွဲ့တည်နေကြလေသည်။

ဒုတ်ခနဲ နောက်ဆုံးဓား စိုက်သွားသည်။

ချင်မူ ရပ်လိုက်ပြီး လက်ဝါးအား ဖိချလိုက်၏။ ဓားအလက်ရှစ်ထောင်လုံး မြေကြီးထဲ တစ်ပြိုင်တည်း ဝင်ရောက်သွားပြီး ချင်မူက ဝတ်ရုံကို ခြုံကာ ဖျတ်ခနဲ ပျောက်ကွယ်သွားတော့သည်။

“မင်းပထွေး ငါက ဒီလိုပုံစံမျိုးနဲ့ လူကြီး ဖြစ်မလာချင်ဘူးကွ”

All Chapters