အမှား နှင့် အမှန်
Vol. 23 Ch. 320
“နိုင်းခွေ၊ မဟာမြို့ပျက်ထဲ ထွက်ပြေးတော့ရော ဘာတတ်နိုင်သေးလဲ”
လူငယ်က ကျောနောက်လက်ပစ်၍ ကလေးမလေးအား ကာကွယ်ပေးနေသည့် အမျိုးသမီးကို တိုက်ခိုက်နေသော အစစ်အမှန်ကောင်းကင်နန်းတော်၏ ကောင်းကင်နတ်သိုင်းပညာရှင်များကို ကြည့်သည်။ သူက တည်ငြိမ်အေးဆေးစွာ ပြော၏။ “မင်းတို့တွေ ရှုံးနိမ့်သွားလို့ အစစ်အမှန်ကောင်းကင်နန်းတော်က ယွီမိသားစု လက်ထဲ ရောက်သွားပြီ။ ငါ့ကို အသည်းမာလို့ဆိုပြီး အပြစ်မတင်နဲ့။ အလယ်ကမ္ဘာမြေရဲ့ ‘ကျူပင်ခုတ်၊ ကျူငုတ်ပါ မကျန်စေနဲ့’ ဆိုတဲ့ ဆိုရိုးစကားလိုပေါ့။ ကျူငုတ်တွေက နွေဦးလေပြေ တိုက်ခတ်တဲ့အခါ ပြန်အညွှန့်ထွက်လာကြတယ်တဲ့လေ။ အစစ်အမှန်ကောင်းကင်နန်းတော်က မင်းတို့ ရှုန်းမိသားစုနဲ့ မသက်ဆိုင်တော့ဘူး”
လက်ရှိရောက်နေသောနေရာမှာ မဟာမြို့ပျက်၏ အနောက်ကောင်းကင်နန်းတော်မြို့ပျက် ဖြစ်သည့်အတွက် အစစ်အမှန်ကောင်းကင်နန်းတော်၏ သိုင်းသမားများမှာ ကောင်းကင်နတ်သိုင်းများအား ဂရုတစိုက် သုံးနေရသည်။ သူတို့၏ကျင့်စဉ်မှာ အရာရာတိုင်းတွင် ယင်ဝိညာဉ်နှင့် ယန်ဝိညာဉ်ရှိသည်ဆိုသော သဘောတရားကို လက်ကိုင်ကျင့်သုံး၏။ တောင်များတွင် တောင်ဝိညာဉ်၊ ရေတွင် ရေဝိညာဉ်၊ မြက်၊ သစ်ပင်နှင့် သားရဲများတွင်လည်း ဝိညာဉ်ကိုယ်စီရှိကြသည်။ ခြွင်းချက်ဟူ၍ မရှိ။ ကောင်းကင်နတ်သိုင်းတစ်ခု ဖြစ်မလာနိုင်သောအရာဟူ၍ မရှိ။
ထို့ကြောင့် သူတို့သည် မဟာမြို့ပျက်၏ အနောက်ကောင်းကင်နန်းတော်ထဲတွင် အန္တရာယ်အငွေ့အသက်ကို ရနေသည်။ အောက်တစ်နေရာတွင် ရှေးဟောင်းနတ်ဘုရားများ အိပ်စက်နေသကဲ့သို့ ဤနေရာရှိ အရာရာတိုင်းက ပြင်းထန်သောစွမ်းအင်ကို ပိုင်ဆိုင်ထားကြ၏။
သူတို့၏ကောင်းကင်နတ်သိုင်းများသည် ကမ္ဘာလောကထဲရှိ အရာရာတိုင်း၏ ဝိညာဉ်ကို နှိုးကာ တိုက်ခိုက်စေခိုင်းနိုင်သော်လည်း ဤမြို့ပျက်ထဲရှိ နတ်ဘုရားများကို နှိုးမိလျှင် မိမိသေတွင်းမိမိ တူးသကဲ့သို့ ဖြစ်လိမ့်မည်။
ထို့ကြောင့် အန္တရာယ်အငွေ့အသက်ကို မလှုံ့ဆော်မိအောင် သတိထားကာ သိုင်းစွမ်းအင်များကို ထိန်းသိမ်းထားရသည်။ ကံကောင်းထောက်မစွာနှင့် သူတို့အားလုံး ဝိညာဉ်လက်နက်များကို ပြုပြင်မွမ်းမံထားပြီးဖြစ်၏။ သူတို့၏ဝိညာဉ်လက်နက်အများစုက မြက်အသွင်၊ သစ်ပင်အသွင်၊ တောင်အသွင်၊ စီးဆင်းနေသော ရေအသွင်နှင့် အဖြူရောင်တိမ်များအသွင် ရှိကြသည်။ ဝိညာဉ်လက်နက်အဖြစ် သွန်းလုပ်ဖွဲ့တည်ခံထားရသော ဆန်းကြယ်သားရဲအသွင်များလည်း ရှိ၏။ အဆိုပါဆန်းကြယ်သားရဲအသွင် ဝိညာဉ်လက်နက်များကို ချီစွမ်းအင်ဖြင့် အသက်သွင်းလိုက်လျှင် ဆန်းကြယ်သားရဲအကောင်သေးသေးလေးများက အဆတစ်သောင်း ကြီးမားလာပြီး သက်ရှိလူသားတို့အား ဝါးမြိုပစ်တတ်သည်။ ၎င်းကား အလွန်ထူးဆန်းလေသည်။
ထို့ကြောင့် ဤလူများက ကောင်းကင်နတ်သိုင်းမသုံးနိုင်လျှင်တောင်မှ သားအမိနှစ်ယောက်ကို အလွယ်တကူ သတ်ပစ်နိုင်သည်။ သမင်တစ်ကောင်ကလည်း သေ၊ တစ်ကောင်ကလည်း ဒဏ်ရာအပြင်းအထန် ရထားသည့်အတွက် အမျိုးသမီးမှာ သူမကလေးသူမ ကာကွယ်နေရသည်။ မလှုပ်နိုင်၍ သိုင်းကွက်များအား မရှောင်နိုင်လေရာ သူမမှာ ရပ်၍သာ သိုင်းကွက်များအား တောင့်ခံနေရ၏။
အမျိုးသမီးမှာ သွေးအိုင်၍ မြေကြီးပေါ် လဲကျသွားသော်လည်း တွားသွားပြီး ကလေးမလေးကို ကာထားသေးသည်။
“သစ္စာဖောက်”
အမျိုးသမီး၏ အစောင့်အရှောက်အမျိုးသားက သမင်ဖိုအသွင် ပြန်ပြောင်းပြီး သိုင်းကွက်များကို ရင်ဆိုင်ကာ တင်းမာခက်ထန်စွာ အော်သည်။ “နန်းဆောင်သခင်မက မင်းတို့ကောင်တွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးခဲ့တာတောင် မင်းတို့တွေက နန်းဆောင်သခင်မ ကွယ်လွန်သွားတာကို အခွင့်အကောင်းယူပြီး ပုန်ကန်ကြတယ်။ မင်းတို့ လူစိတ်ရော ရှိကြသေးလား။ ဘာလို့ ဒီလောက်ရက်စက်နိုင်ကြတာလဲ”
ဘုန်း ဘုန်း ဘုန်း
တခဏအတွင်း သိုင်းကွက်ပေါင်းများစွာက သူ့ကိုယ်ပေါ် ကျရောက်လာ၍ သူ့မှာ လေထဲတွင်ပင် သေဆုံးသွားသည်။ သို့သော် မသေခင် သူက ရှိရှိသမျှ အားအကုန်စုစည်း၍ ချိုကြီးများဖြင့် လူငယ်အား ထိုးကော်လိုက်သည်။
သမင်နှစ်ကောင်၏ သိုင်းစွမ်းရည်မှာ အလွန်မြင့်မားပြီး နဂါးချီလင်အောက် မနိမ့်ကျပေ။ တစ်ဖက်အင်အားက များလွန်းသဖြင့်သာ ယခုလို သေပွဲဝင်ရခြင်းဖြစ်သည်။
ကောင်းကင်နတ်သိုင်းပညာရှင်တစ်ဒါဇင်ကျော်က လေပေါ်ပျံတက်၍ ချိုများကို ဆုပ်ကိုင်ကြသည်။ တစ်ဒါဇင်ကျော်မှာ မြေပြင်ပေါ်တွင် ဖြစ်သော်လည်း ချို၏ လွှဲရမ်းလိုက်သည့်အားလှိုင်းကြောင့် နောက်တွန်းထုတ်ခံလိုက်ရသည်။ သူတို့ခြေထောက်အောက်ရှိ မြေကြီးများ၊ ကျောက်ခဲများ မြောက်တက်သွားပြီး ချိုများက ပစ်မှတ်ဆီ ဆက်လက်ပြေးဝင်သွား၏။
လူငယ်က မလှုပ်မယှက်သာ ရှိပြီး သရော်တော်တော် ပြုံးလိုက်သည်။ “ရှုန်းမိသားစုက အစစ်အမှန်ကောင်းကင်နန်းတော်ကို စိုးမိုးထားခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ အခုက နန်းဆောင်သခင်မရာထူးကို လက်လျှော့ရမယ့် အချိန်ပဲ။ လူတစ်ယောက်ကို သတ်ရင်၊ ကျူငုတ်တွေ အမြစ်လှန်ရင် သွေးစွန်းကို စွန်းရမှာပဲလေ။ မင်းတို့ ရှုန်းမိသားစုကို တစ်ယောက်မကျန် မသုတ်သင်ရင် ငါတို့ယွီမိသားစုက မင်းတို့ ပြန်ရောက်လာမှာကို တွေးပြီး စိုးရိမ်နေရလိမ့်မယ်”
သူ့အရှေ့တွင် ဆန်းကြယ်သားရဲတစ်ကောင်က ရုပ်သေးရုပ်အရွယ် ဖွဲ့တည်လာပြီး ကမ္ဘာမြေတုန်ဟုန်းစေသော ဟိန်းသံပြုရင်း ရင်ဘတ်ကို လက်နှစ်ဖက်ဖြင့် တဘုန်းဘုန်း ထုသည်။ ဆန်းကြယ်သားရဲကြီးက ပြေးဝင်လာသည့် သမင်ချိုကို လက်နှစ်ဖက်ဆုပ်ကိုင်လိုက်သည့်အခါ ချိုများမှာ ရပ်တန့်သွား၏။
ဘုတ်
သမင်ဖိုအလောင်းက သမင်မအလောင်းဘေးနား ကျလာသည်။
လူငယ်က တဟားဟား ရယ်လိုက်ပြီး ပြောသည်။ “နိုင်းခွေနဲ့ မင်းသမီးလေးကို သတ်လိုက်တော့။ ဒါဆို ငါတို့တာဝန် ပြီးဆုံးပြီ”
အစစ်အမှန်ကောင်းကင်နန်းတော်၏ ကောင်းကင်နတ်သိုင်းပညာရှင်များက လျှောက်လာပြီး သူတို့၏ဝိညာဉ်လက်နက်များ လေပေါ်မြောက်တက်သွားသည်။ အမျိုးသမီးက သူတို့ကို စူးစူးရဲရဲ စိုက်ကြည့်ပြီးနောက် ကလေးမလေးဘက်လှည့်၍ ဖက်လိုက်ပြီး နူးညံ့ညင်သာစွာ ပြောသည်။ “သမီးတော်လေး၊ မြန်မြန်ပြီးသွားလိမ့်မယ်နော်...”
“မယ်မယ်၊ အဘိုးတော်နဲ့ အဘွားတော်ကို တွေ့ရမှာလားဟင်”
အမျိုးသမီး၏နှလုံးသား နာကျင်သွားသည်။ “တွေ့ရမှာပေါ့”
“ခမည်းတော်ကရော” ကလေးမလေး၏ မျက်ဝန်းလေးများက ရွှန်းလဲ့တောက်ပနေသည်။
အမျိုးသမီးမှာ မျက်ရည်များကျလာကာ ပြောလိုက်သည်။ “တွေ့ရမှာပါ သမီးတော်လေးရယ်...”
ကလေးမလေးက အသက်ငယ်ငယ်သာ ရှိသေးသော မိခင်ဖြစ်သူကို တည်ငြိမ်စွာ နှစ်သိမ့်သည်။ “မယ်မယ်။ သမီးတော် မကြောက်ပါဘူး မယ်မယ်လည်း မငိုပါနဲ့။ အဘိုးတော်နဲ့ အဘွားတော်ကို သမီးတော် သတိရတယ်။ ခမည်းတော် မသေခင်တုန်းက သွေးသံရဲရဲနဲ့ ကြောက်စရာကောင်းလွန်းလို့ ခမည်းတော်ကြောင့် သမီးတော် လန့်ပြီး ငိုခဲ့ရပေမယ့် နောက်ပြန်တွေ့ရင် ခမည်းတော် ပြုံးနေမယ်ထင်တယ်နော်...”
ဝှစ်
ကောင်းကင်ထက်တွင် ဝိညာဉ်လက်နက်များက ဝိညာဉ်သစ်ပင်များနှင့် ဆန်းကြယ်သားရဲများအသွင် ဖွဲ့တည်ကာ သားအမိနှစ်ယောက်ကို ခုန်အုပ်လိုက်ကြသည်။ သို့သော် သူတို့အပေါ် ကျရောက်တော့မည့်ဆဲဆဲမှာပင် အလင်းတန်းတစ်တန်း ပြက်ခနဲ လက်သွားပြီး ချင်မူက သားအမိနှစ်ယောက်အရှေ့တွင် ပေါ်လာ၏။ သူ လက်ဖြန့်ကားလိုက်သောအခါ သူ့ကိုယ်ပေါ်ရှိ ရွှေချည်ထိုးဝတ်ရုံက အရှေ့သို့ ပျံထွက်သွားသည်။
လူငယ်က လက်ဝါးဖြင့် ဝတ်ရုံကို ဖြန်းခနဲ ချလိုက်ပြီး ချင်မူ့လက်မောင်းက လည့်သွားသည်။ ရွှေချည်ထိုးဝတ်ရုံက လည်လျက် ကြီးသထက် ကြီးမားလာကာ ကိုက်သုံးဆယ်အဝန်းရှိသော ဝတ်ရုံဖြစ်လာ၏။ အစစ်အမှန်ကောင်းကင်နန်းတော်၏ ဝိညာဉ်လက်နက်များက ဝတ်ရုံကို ဝင်တိုက်သွားပြီး ရစ်ပတ်ခြင်းခံလိုက်ရကာ ဝတ်ရုံနှင့်အတူ ပျောက်ကွယ်သွားသည်။
ထို့နောက် သူတို့ထံမှ ကိုက်သုံးရာအကွာတွင် ဓားရောင်များ တောက်ပလာပြီး ဓားအလက်ရှစ်ထောင်က တစ်ပြိုင်တည်း ပြေးဝင်လာကာ ဝိညာဉ်လက်နက်များနှင့် ဝတ်ရုံကို အပိုင်းပိုင်း ခုတ်ဖြတ်လိုက်ကြသည်။
အားလုံး ပြေးတက်တိုက်ခိုက်ချင်ကြသော်လည်း လူငယ်က အလျင်အမြန် တား၍ သွေးတိုးစမ်းလိုက်သည်။ “အဆွေတော် ဒါက ကျွန်တော်တို့ အစစ်အမှန်ကောင်းကင်နန်းတော်ရဲ့ မိသားစုအတွင်းရေးကိစ္စပါ”
ရွှေချည်ထိုးဝတ်ရုံအကြောင်း တွေးရင်း ချင်မူ ရင်နာနေသည်။ အဝတ်စသည် လျှို့ဝှက်ရေတံခါးမှာတုန်းက အဆိပ်စံအိမ်သခင်နှင့် ဂိုဏ်းခွဲမှူးဟန် လက်ဆောင်ပေးခဲ့သော အစဖြစ်၏။ အဝတ်စကို သူကိုယ်တိုင် အဝတ်ချုပ်ခဲ့ပြီးကတည်းက ဝတ်ရုံသည် သူ့အား ကြိမ်ဖန်များစွာ ကယ်ပေးခဲ့သည်။ ထိုမျှသာမက သူ၏ နေရာရွှေ့ပြောင်းအစီအရင် အမှတ်အသားများကိုလည်း ထိုဝတ်ရုံအပေါ် ခတ်နှိပ်ထားသေးသည်။
ယခုတော့ သူ၏ တောင်တန်းများနှင့် မြစ်ပြင်ကို လျှောက်သွားသော ဓားကြောင့် ဝတ်ရုံမှာ အစစ်အမှန်ကောင်းကင်နန်းတော်မှ သိုင်းပညာရှင်များ၏ ဝိညာဉ်လက်နက်များနှင့်အတူ ခုတ်ပိုင်းခံလိုက်ရပြီဖြစ်ရာ သူ အဘယ်သို့ပြု၍ ရင်မနာမိဘဲ နေမည်နည်း။
‘သူတောင်ကောင်းလုပ်လို့ ဘာအကျိုးအမြတ်မရတာ ငါ သိခဲ့သင့်တယ်။ ကုန်ပါပြီကွာ...’
ချင်မူ ဖြစ်ညစ်ပြုံးလိုက်သည်။ “ဒီက နောင်တော်ကို ဘယ်လိုခေါ်ရမလဲ”
“အစစ်အမှန်ကောင်းကင်နန်းတော်ရဲ့ ယွီပိုချွမ်ပါ”
လူငယ်က အပြုံးပန်းများ ဝေဆာဆာဖြင့် ပြောသည်။ “အဆွေတော်ကြည့်ရတာ မိဘမဲ့ မုဆိုးမတစ်ယောက်ကို မြင်ရတော့ သနားစိတ်ဝင်သွားပြီး ကယ်ပေးချင်တာနဲ့တူတယ်။ ဒါပေမဲ့ ဒီသားအမိက နေ့စဉ်နေ့တိုင်း လူပေါင်းများစွာ သတ်ပစ်ခဲ့ဖူးတာ အဆွေတော် မသိဘူး။ ကျွန်တော်တို့ အနောက်ကမ္ဘာမြေရဲ့ အစစ်အမှန်ကောင်းကင်နန်းတော်က မိသားစုထက် သူတော်ကောင်းတရားကို ရှေ့တန်းတင်ပါတယ်။ ဒါကြောင့် သူတို့တွေကို သုတ်သင်ရှင်းလင်းဖို့ အမိန့်ပေးခဲ့တာပါ”
ချင်မူ တည်ကြည်လေးနက်စွာ ခေါင်းငုံ့လိုက်သည်။ “ဪ အဲဒီလိုလား။ ကျွန်တော် အဆင်အခြင်မဲ့ လုပ်မိသွားတယ်။ စိတ်မရှိပါနဲ့ နောင်တော်ယွီ”
ယွီပိုချွမ်က ပြုံးသည်။ “မသိဘဲ လုပ်မိတာ ပြဿနာမရှိပါဘူး။ နောင်တော် ကျွန်တော်တို့ မျက်နှာထောက်ထားပြီး တာဝန်ကို အပြီးသတ်နိုင်အောင် ခွင့်ပြုပေးလို့ရမလား။ ဒီသူပုန်နှစ်ယောက်ကို သတ်ဖို့ ကျွန်တော်တို့ ညီနောင်တွေ အများကြီး ဆုံးရှုံးခဲ့ရပြီးပြီ”
ချင်မူ မျက်နှာတည်တည်ဖြင့် ပြောလိုက်၏။ “နောင်တော်တို့ကိစ္စက အရေးကြီးတာ ဟုတ်ပေမယ့် တစ်ဖက်စကားကိုပဲ အတည်ယူလို့ မရဘူး။ နောင်တော်ပြောခဲ့သလို ဟုတ်လား သူတို့ကို မေးကြည့်ရဦးမယ်”
ယွီပိုချွမ်က သဘောကောင်းသောအမူအရာဖြင့် ပြုံးသည်။ “အဆွေတော်၊ ကျွန်တော် မင်းကို ပြန်ဆင်းဖို့ လှေကားချပေးပြီးပါပြီ။ ကျွန်တော့်စေတနာကို ကျေးဇူးတင်ဖို့ မမေ့ပါနဲ့”
ချင်မူလည်း သဘောကောင်းသောအမူအရာဖြင့် ပြုံးလိုက်သည်။ “ကောာင်းကင်နတ်ဆိုးဂိုဏ်းသခင်အတွက် ပြန်ဆင်းဖို့ ဘယ်သူမှ လှေကားချပေးစရာ မလိုဘူး။ နောင်တော် ပြောခဲ့တာ မှန်ရင် ကျွန်တော် ဒီတိုင်း လှည့်ထွက်သွားလိုက်မယ်။ သစ္စာဖောက်တွေကို ဆက်ရှင်းပေါ့။ ဒါပေမဲ့ မဟုတ်ရင်တော့....”
“မလိုတော့ဘူး” ယွီပိုချွမ်က လက်မြှောက်၍ သူ၏ လက်ယာရံနှင့် လက်ဝဲရံကို ညွှန်ကြားလိုက်သည်။ “သူ့ကို သတ်ပြီး တာဝန်ကို အဆုံးသတ်မယ်”
“အမိန့်အတိုင်းပါ”
ချီသန့်စင်သူအများစုက အမိန့်နာခံ၍ ချင်မူ့ဆီ တစ်ပြိုင်တည်း ခုန်ဝင်လာကြသည်။ ချင်မူ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သားအမိနှစ်ယောက်ကို ချီကာ လှည့်ပြေးတော့သည်။
ကောင်းကင်နတ်အသွင်အဆင့် သိုင်းသမားတစ်ယောက်က ဒေါကြီးမောကြီး အော်သည်။ “ပြေးနိုင်သေးတယ်လား”
သူ့အနောက်၌ မိုးထိုးနေသော သစ်ပင်ကြီးတစ်ပင် ဖွဲ့တည်လာ၏။ သစ်မြစ်များက အစိမ်းရောင်နဂါးများပမာ ရစ်ခွေနေသည်။ ဤသည်မှာ သူ၏မူလဝိညာဉ်ပင် ဖြစ်သည်။ အနောက်ကမ္ဘာမြေမှ အစစ်အမှန်ကောင်းကင်နန်းတော်၏ ကျင့်စဉ်မှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့် မတူညီပေ။ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ သိုင်းပညာရှင်များ၏ မူလဝိညာဉ်များက နဂါးစိမ်း ၊ ကျားဖြူ ၊ မီးငှက်နှင့် လိပ်နက်တို့ ဖြစ်ကြသည်။ လူတစ်ယောက် ကောင်းကင်နတ်အသွင်အဆင့်အထိ ကျင့်ကြံပေါက်မြောက်သည်နှင့် သူတို့၏မူလဝိညာဉ်များက ကျောနောက်တွင် ပေါ်လာလိမ့်မည်။ များသောအားဖြင့် ဒုက္ခိဘိုးဘွားကျေးရွာရှိ ကျောက်ရုပ်တုအမျိုးအစားလေးမျိုးနှင့် ဆင်တူသော နတ်ဘုရားအသွင်ဖွဲ့ပြီးထားသည့် မဟာဝိညာဉ်ခန္ဓာကိုယ်တစ်ကိုယ်မဟုတ် တစ်ကိုယ်သာ ဖြစ်လေ့ရှိ၏။
ကွဲပြားမှုရှိလျှင်တောင်မှ သိပ်မကြီးမားပေ။ အကုန်လုံးက အဓိကဝိညာဉ်ခန္ဓာအမျိုးစားလေးမျိုးထဲမှ တစ်မျိုးသာ ဖြစ်သည်။
အစစ်အမှန်ကောင်းကင်နန်းတော်မှ သိုင်းသမားများ၏ မူလဝိညာဉ်များက တမူဆန်းပြားသည်။ ထိုကောင်းကင်နတ်အသွင်အဆင့် သိုင်းသမားက နဂါးစိမ်းသွေးဆက်ဖြစ်ဟန်တူသော်လည်း သူ၏မူလဝိညာဉ်က သစ်ပင်တစ်ပင်အသွင် ရှိသည်။ ဤကဲ့သို့ မြင်ရလေ့မရှိပေ။
သစ်မြစ်များနှင့် သစ်ကိုင်းများက နဂါးစိမ်းများသဖွယ် ကောင်းကင်ထဲတွင် လူးလွန့်ကခုန်ပြီးနောက် ချင်မူ့နောက်ကျောဆီ ပြေးဝင်လာသည်။ အမြန်နှုန်းက ကြောက်စရာကောင်းလောက်အောင် မြန်၍ ကောင်းကင်တစ်လျှောက် အစိမ်းရောင်အလင်းတန်းများ ပြိုးပြက်လက်သွား၏၊
အခြားတစ်ဖက်တွင် လူနှစ်ယောက်ကို သယ်ထားရသည့်တိုင် ချင်မူ၏ခြေလှမ်းများက အလွန်မြန်နေသည်။ သူက လျှပ်စီးလက်သွားသကဲ့သို့၊ အရိပ်ဖြတ်ပြေးသွားသကဲ့သို့ သူ၏အမြန်နှုန်းက အသံ၏အမြန်နှုန်းထက်ပင် မြန်သွားရာ ဂျိန်းခနဲ မိုးခြိမ်းသံပေါက်ကွဲထွက်ပေါ်လာသည်။
ထော့ကျိုး၏ ကောင်းကင်ခိုးယူနတ်ခြေသိုင်းက တစ်လောကလုံးတွင် နံပါတ်တစ်ခြေသိုင်း ဖြစ်သော်လည်း ချင်မူမှာ အရပ်ခြောက်မျက်နှာအဆင့်တွင်သာ ရှိသေးသည့်အတွက် ထော့ကျိုးကို မမှီပေ။ ထိုမျှသာမက ကောင်းကင်နတ်အသွင်အဆင့် သိုင်းသမားတို့၏ သိုင်းစွမ်းရည်ကလည်း အင်မတန် အားပြင်းလွန်းသည်။ မျက်စိတစ်မှိတ်အတွင်း အမြစ်များက ချင်မူ့ကို လိုက်မှီလာပြီး သူ၏ကျောနောက်ဆီ ထိုးစိုက်လိုက်၏။
သို့သော် ထိုအခိုက်အတန့်တွင် ပတ်ဝန်းကျင်၌ ဓားရောင်များ ထပ်မံလင်းလက်သွားပြီး ဓားအလက်ရှစ်ထောင်က မုန်တိုင်းသဖွယ် ထကြွသောင်းကျန်းလိုက်၏။ ချင်မူ့အနောက်၌ တောင်တန်းများနှင့် မြစ်ပြင်များ၏ ပန်းချီတစ်ချပ် ပေါ်လာပြီး တိုးဝင်လာသော သစ်မြစ်သစ်ကိုင်းများနှင့် ဓားများ ထိတိုက်သွားသံများ ဆူညံသွားသည်။
ဓားပန်းချီ၏စွမ်းအားက အလွန်ထူးခြားသည့်အပြင် ချင်မူ၏ဓားများမှာ အကောင်းဆုံးသတ္ထုများဖြင့် သွန်းလုပ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် မူလသစ်ပင်ဝိညာဉ်၏ အမြစ်များနှင့် အကိုင်းအတော်များများ ခုတ်ထွင်ခံလိုက်ရ၏။
သို့သော် ကောင်းကင်နတ်အသွင်အဆင့်သည် ကောင်းကင်နတ်အသွင်အဆင့်ပင် ဖြစ်သေး၏။ မူလသစ်ပင်ဝိညာဉ်က ကမ္ဘာမြေတုန်ဟည်းသွားစေသော အားကြီးဖြင့် ဓားပန်းချီအား ဝင်ဆောင့်လိုက်သည်။ ဓားပန်းချီမှာ ရုတ်ခြည်း ကြေမွသွားပြီး ဓားအလက်ရှစ်ထောင်လုံး တကွဲတပြား လွင့်ထွက်သွားသည်။
“ဖက်တီးနဂါး” ချင်မူ ကျယ်ကျယ်အော်လိုက်သည်။
ဖက်တီးနဂါးက အရှေ့မှ အပြေးရောက်လာသည်။ “ဂိုဏ်းသခင်တော့ ဂြိုဟ်မွှေပြန်ပြီ”
နဂါးချီလင်၏ ခန္ဓာကိုယ်က ကြီးသထက် ကြီးလာကာ မူလသစ်ပင်ဝိညာဉ်ကို တိုက်ချလိုက်၏။ အစစ်အမှန်မီးလျှံများက သူ့ကိုယ်ပတ်ပတ်လည်တွင် တဟုန်းဟုန်းတောက်နေ၍ အလွန်မြင့်မားလှသော မီးအရှိန်က မူလသစ်ပင်ဝိညာဉ်အား မီးလောင်တိုက်သွင်းနေသည်။
ကောင်းကင်နတ်အသွင်အဆင့်သိုင်းသမားက သူ၏မူလဝိညာဉ်ကို အလျင်အမြန် ပြန်ခေါ်လိုက်ပြီး လူသန်ကြီးတစ်ယောက်က ရှေ့ပြေးတက်လာ၏။ သူ့အနောက်၌ အနှိုင်းမဲ့ခွန်အားကြီးမားသော သူ၏ တောင်နတ်ဘုရားမူလဝိညာဉ်ဖြစ်သည့် ကျောက်ဘီလူးကြီးတစ်ကောင် ဖွဲ့တည်လာ၏။ သူ၏လက်သီးတစ်ချက်ဖြင့် နဂါးချီလင် လွင့်ထွက်သွားသည်။
နဂါးချီလင်မှာ ဒလိမ့်ခေါက်ခွေး လိမ့်သွားသည်။ သူက အဝလွန်နေသည့်အတွက် မီးလျှံတိမ်တိုက်များကို မထိန်းချုပ်နိုင်သည့်အခါ လှမ်းအော်သည်။ “ဖုညီအစ်ကိုတို့”
အမွှေးဖြူလင်းနို့နှစ်ကောင်က တောင်ပံတဖတ်ဖတ် ခတ်လျက် ရောက်လာပြီး ကြိမ်နှုန်းမြင့်အသံလှိုင်းများကို ထုတ်လွှတ်ကြသည်။ ထိုအသံလှိုင်းများက အစစ်အမှန်ကောင်းကင်နန်းတော်မှ သိုင်းသမားများအား ဖရိုဖရဲ ဖြစ်သွားစေ၏။
နဂါးချီလင်မှာ မြေကြီးနှင့် မိတ်ဆက်သွားပြီး ခေါင်းထောင်ကာ ဒေါသတကြီး လှမ်းအော်သည်။ “ငါ့ကို ဖမ်းပေးဖို့ မင်းတို့ကို လှမ်းခေါ်တာကွ”
အမွှေးဖြူလင်းနို့နှစ်ကောင်က အောက်မှသိုင်းကွက်များကို ရှောင်တိမ်းရင်း လူနှစ်ယောက်ကို ဖမ်းဆွဲလိုက်ပြီး သစ်ပင်တစ်ပင်၌ ခိုကာ သွေးစုပ်ကြ၏။ သို့သော် သစ်ပင်က သိုင်းသမားတစ်ယောက်၏ မူလဝိညာဉ်ဖြစ်နေ၍ အမွှေးဖြူလင်းနို့နှစ်ကောင်အား ခပ်တင်းတင်း ဖမ်းချုပ်လိုက်သည်။
ချင်မူ အရိုးဖြူတူကြီးတစ်လက် ထုတ်၍ အသာအယာ ခါလိုက်သည်။ တခဏအတွင်း အရိုးခေါင်းဖြူ၏ မျက်တွင်း၊ နား၊ ပါးစပ်နှင့် နှာခေါင်းတို့မှ အရိုးခေါင်းများ ထွက်ကျလာကာ ကောင်းကင်အပြည့် ဖုံးသွားသည်။ အရိုးခေါင်းများက ထူးဆန်းစွာ အော်ဟစ်ပြီး သိုင်းသမားများအပေါ် ခုန်အုပ်၍ အသားများကို ကိုက်ဖြတ်ကာ ခန္ဓာကိုယ်ထဲ ထိုးဖောက်ဝင်သွားကြသည်။
နဂါးချီလင်က အပြေးရောက်လာပြန်ပြီး အစိမ်းရောင်သစ်ပင်ကြီးဆီ မီးမှုတ်ထုတ်ကာ အမွှေးဖြူလင်းနို့နှစ်ကောင်အား ကယ်လိုက်၏။
ယွီပိုချွမ်က အခြေအနေကို မြင်လျှင် ကပျာကယာ အော်သည်။ “ဆုတ်ကြ၊ ဒီနေရာမှာ ငါတို့သိုင်းကွက်တွေ ထုတ်လို့မရဘူး။ အပြင်မှာ တိုက်ခိုက်ရမယ်”