မင်းမသတ်ရင် ငါသတ်မယ်
Vol. 60 Ch. 836
အခန်း (၈၃၆) မင်းမသတ်ရင် ငါသတ်မယ်
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ လက်သည်းရှည်များက ငယ်ရွယ်သောဘုန်းတော်ကြီးကို ကာကွယ်ပေးထားသည့် ဗုဒ္ဓအလင်းရောင်ကို အတင်းအကျပ် ဆုတ်ဖြဲပစ်လိုက်သည်။
ဘုန်တော်ကြီးက ခဏမျှတုန်လှုပ်သွားသော်လည်း ချက်ချင်းပင် ပြန်လည်တည်ငြိမ်သွားသည်။
သူက လက်အုပ်ချီလိုက်ပြီး လက်ချောင်းများကို အသာဖြန့်ကားလျှက် ကြာပန်းပွင့်လာသည့်အသွင် ပြုလုပ်လိုက်၏။ ဗုဒ္ဓအလင်းတန်းက ရွှေရောင်ကြာပန်းအဖြစ်ပြောင်းလဲသွားပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားထံသို့ ဖြာကျသွားသည်။
ဘုန်းတော်ကြီးကို ကာကွယ်ပေးထားသည့် ဗုဒ္ဓအလင်းတန်းက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ တိုက်ခိုက်မှုကို တားဆီးနိုင်သည်ကို ကြည့်ခြင်းအားဖြင့် ထိုအလင်းတန်းက သိုင်းသူတော်စင် ဆဋ္ဌမအဆင့်နှင့် ညီမျှသော ကျင့်ကြံခြင်းစွမ်းအားရှိကြောင်း ပြသနေသည်။
ဤအဆင့်သို့ရောက်အောင် ကျင့်ကြံနိုင်သော ဗုဒ္ဓဘာသာကျင့်ကြံသူတစ်ယောက်သည် သူ၏ပင်ကိုယ်စရိုက်မည်မျှပင်ရှိစေကာမူ ၊ အရည်အချင်းနှင့် ဉာဏ်ပညာမည်မျှပင် ရှိစေကာမူ သူ၏ယုံကြည်ကိုးကွယ်မှု စိတ်စွမ်းအားက အလွန်ခိုင်မာကြောင်း သိရှိနိုင်၏။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ရုတ်တရက်တိုက်ခိုက်မှုနှင့် တန်ခိုးစွမ်းအားကို ရင်ဆိုင်ရသဖြင့် သေခြင်းရှင်ခြင်းအခြေအနေကို ရင်ဆိုင်လိုက်ရသော်လည်း ဤဘုန်းတော်ကြီးက အသင့်တော်ဆုံး တုံ့ပြန်မှုကို ချက်ချင်းပြုလုပ်နိုင်ခဲ့သည်။
သို့ပေသိ သူ၏အမြန်နှုန်းက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် မယှဉ်နိုင်သလို သူ့ကိုအကာအကွယ်ပေးထားသော ဗုဒ္ဓအလင်းရောင်မှာလည်း မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ တိုက်ခိုက်မှုအောက်တွင် ကြာရှည်မခံခဲ့ပေ။
ရွှေရောင်ကြာပန်းမှ ဗုဒ္ဓအလင်းရောင်ဖြာကျလာသည့်အခါ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား ခဏမျှ တုံ့ဆိုင်းသွားသည်။ ထိုခဏတွင် သူ၏လျှင်မြန်ခြင်းက လုံးဝ အားသာချက် မရှိတော့ပေ။
ထိုအခွင့်အရေးကို အပြည့်အဝအသုံးချပြီး ရွှေရောင်ကြာပန်းက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားထံသို့ ဝင်ရောက်သွားကာ ရွှီမီစန်းတောင်ပြိုကျသည့်အလား ကြီမားသောဖိအားဖြင့် ဖိနှိပ်ထားလိုက်သည်။
ထိုအရှိန်အဟုန်က အလွန်ကြောက်စရာကောင်းပြီး လေးလံလှသဖြင့် တောင်ထွတ်တစ်ခုပမာ ကြီးမားလွန်းသော ဆင်ဖြူကြီးထက်ပင် ကြီးမာသယောင်ထင်မှတ်ရသည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ရွှေရောင်ကြာပန်းကိုတစ်ချက်ကြည့်လိုက်ပြီး ရယ်မောလိုက်သည်။
ထို့နောက် သူ၏ဘယ်ဘက်လက်ကို နောက်ပြန်ဆုတ်လိုက်ပြီး အပေါ်ဘက်မှလေထုကိုပင့်တင်လိုက်၏။ ထိုအခါ ပင်လယ်ထဲမှ အစစ်အမှန်နဂါးတစ်ကောင်ထွက်ပေါ်လာပြီး ကောင်းကင်ကိုးထပ်ဆီသို့ ပစ်လွှတ်ပျံသန်းသွားသည်။
နဂါးပုံရိပ်နှင့် ရွှေရောင်ကြာပန်းတို့ ရိုက်ခတ်မိသွားပြီး နဂါးပုံရိပ်ကြီး တစ်စစီကွဲကြေသွားသလို ရွှေရောင်ကြာပန်းသည်လည်း ကြေမွသွားသည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ လှံရှည်တစ်လက်ပမာ ထက်ရှလှသောလက်သီးချက်ကာ ဘုန်းတော်ကြီး၏ ရင်ဝသို့ တည့်တည့်မတ်မတ် ထိုးဖောက်ဝင်ရောက်သွားသည်။
ငယ်ရွယ််သောဘုန်းတော်ကြီးက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏လက်သီးချက်ကို လက်ဖဝါးနှစ်ဖက်ဖြင့် တားဆီးလိုက်သည်။
ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီးနောက် သူ၏အမူအရာ အနည်းငယ်ပြောင်းလဲသွားကာ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ လက်သီးချက်အားတားဆီးရန် သူ၏ခန္ဓာကိုယ်ထက်မှ နောက်ဆုံးအရံအတားတစ်ခုဖြစ်သော ဝတ်ရုံဆီမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။
ရွှေရောင်အလင်းတန်းက ပြင်းထန်သော မိုးစက်မုန်တိုင်းများအလယ်မှ မီးအိမ်ပမာ တုန်လှုပ်သွားလေသည်။
ဤ ဗုဒ္ဓဘာသာနှင့်ပတ်သက်သော အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းကသာ သူ့ကို အချိန်မီမကာကွယ်နိုင်လျှင် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ လှံရှည်နှင့်တူသောလက်သီးချက်က သူ၏ရင်ဝသို့ ထိုးဖောက်ဝင်ရောက်သွားပေမည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ လက်သီးချက်ကို အတင်းအကျပ်တားဆီးလိုက်ရသဖြင့် ငယ်ရွယ်သောဘုန်းတော်ကြီးမှာ နောက်သို့လွင့်ထွက်သွားသည်။
သို့သော် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကလည်း ချက်ချင်းပင် နောက်ထပ်လက်သီးချက်တစ်ချက် ပစ်သွင်းလိုက်၏။ ဘုန်းတော်ကြီးငယ်က လက်သီးချက်ကို တွန်းလှန်ရင်း အဆက်မပြတ် နောက်ဆုတ်သွားသည်။
လက်ရှိတွင် တန်ပြန်တိုက်ခိုက်ရန် မဖြစ်နိုင်ဘဲ ခံစစ်အနေအထာတွင်သာ ရှိနေခဲ့သည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အဆက်မပြတ် လက်သီးဖြင့်ထိုးနှက်ပြီး ရန်သူကို လုံးဝဖိနှိပ်ထားသည်။
ထို့နောက် သူ၏ရုပ်သွင်က လက်ခနဲတောက်ပသွားပြီး ချက်ချင်းပင် ဘုန်းတော်ကြီး၏အနောက်ဘက်သို့ ရောက်ရှိသွားသည်။
ဘုန်းတော်ကြီးနောက်ကျောဘက်ရှိ သွေးကြောဆုံချက်နေရာကို လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်လိုက်ပြီး သူ၏လက်ဖဝါးထက်တွင် တွင်းနက်ကြီးတစ်ခုပေါ်လာပြီး ရန်သူ၏တန်ခိုးစွမ်းအားကို အတင်းအကျပ် စုပ်ယူပစ်လိုက်သည်။
ဘုန်းတော်ကြီးငယ်မှ ကျောပြင်တစ်ခုလုံးထုံကျင်လာသလို ခံစားလိုက်ရပြီး သူ၏ တန်ခိုးစွမ်းအား ၊ ကြယ်တာရာချီစွမ်းအားအနှစ်သာရနှင့် ဗုဒ္ဓအလင်းရောင်များ လျှင်မြန်စွာ ပျောက်ကွယ်သွားနေကြောင်း ခံစားလိုက်ရသည်။
သူက ထိတ်လန့်တုန်လှုပ်သွားသော်လည်း တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး...
“ဗုဒ္ဓအလင်းတန်းဆိုတာ ဗုဒ္ဓပေးသနားတဲ့အရာပဲ ၊ အဲဒါကို ဆုံးရှုံးသွားရင် ကုသိုလ်တရားပျက်သွားတယ်လို့ ပြောလို့ရတယ် ၊ ဒါပေမဲ့ ဒကာလေးရဲ့ခန္ဓာကိုယ်ထဲကို အဲဒါဝင်ရောက်သွားရင်တော့ အလိုလိုနေရင်း ဗုဒ္ဓကိုဦးညွှတ်ရလိမ့်မယ်”
သို့သော် သူကြည့်နေစဉ်မှာပင် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ပုံမှန်အတိုင်းတည်ငြိမ်စွာပင်ရှိနေပြီး ဗုဒ္ဓအလင်းတန်းက သူ့ကိုထိခိုက်စေခြင်း မရှိခဲ့ပေ။
သို့သော် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ဦးခေါင်းထက်တွင် ကြယ်တာရာခှီစွမ်းအားအနှစ်သာရများ မြင့်တက်လာပြီး ခွန်ဖိန်သတ္တဝါနှင့် နဂါးအစစ်အမှန်တို့ထွက်ပေါ်မလာဘဲ တောင်းတျဲသတ္တဝါထွက်ပေါ်လာသည်ကို တွေ့ရသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း ငယ်ရွယ်သောဘုန်းတော်ကြီး အလွန်စိတ်ဓာတ်ကျသွားသည်။
တောင်းတျဲသတ္တဝါဆိုသည်က ကောင်းကင်ကိုမျိုချ ကမ္ဘာမြေကိုဝါးမျိုပစ်နိုင်သော ထူးခြားစွမ်းရည်ကိုပိုင်ဆိုင်သည့် သားရဲတစ်ကောင်ဖြစ်လေရာ သာမန် တန်ခိုးစွမ်းအားစုပ်ယူသည့် မိစ္ဆာသိုင်းပညာများနှင့် တူညီခြင်း မရှိပေ။
ထို့ကြောင့် တောင်းတျဲ၏စွမ်းအားဖြင့် ဗုဒ္ဓအလင်းတန်းကို ဝါးမျိုလိုက်သည့်အခါ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို အလွယ်တကူ ထိခိုက်စေခြင်း မရှိခဲ့ပေ။
စောစောက ပန်ပန်သည်လည်း ဆင်ဖြူကြီးနှင့်တိုက်ခိုက်ရာတွင် အလားတူ တောင်းတျဲတန်ခိုးစွမ်းအားကိုပင် အသုံးပြုခဲ့ခြင်း ဖြစ်၏။
ငယ်ရွယ်သောဘုန်းတော်ကြီး၏ဝတ်ရုံထက်မှ ဗုဒ္ဓအလင်းတန်းတောက်ပလာပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ တန်ခိုးစွမ်းအားကို တားဆီးရန် ကူညီပေးနေသည်။
သို့သော် မြောက်ပိုင်းသမုဒ္ဒရာ၏ခန္ဓာကိုယ်ထက်တွင်ဝတ်ဆင်ထားသည့် အလယ်ဆင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းမှ အလင်းတန်းများထွက်ပေါ်လာပြီး ဘုန်းတော်ကြီး၏ဝတ်ရုံမှ တန်ခိုးစွမ်းအားများကို ဖိနှိပ်ထားလိုက်သည်။
ဤ ငယ်ရွယ်သောဘုန်းတော်ကြီးက သူ၏လက်ကျန်တန်ခိုးစွမ်းအားများကို အတင်းထုတ်ယူပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ဖမ်းဆီးထားခြင်းမှ လွတ်မြောက်ရန် ကြိုးစားနေသည်။
အခြားသော ဗုဒ္ဓဘာသာကျင့်ကြံသူများက ထိုင်ကြည့်မနေနိုင်တော့ဘဲ ရန်ကျောက်ကဲ ၊ မြောက်ပိုင်းသမုဒ္ဒရာကိုဘ်ပွားနှင့် ပန်ပန်တို့ဆီသို့ ဝင်ရောက်တိုက်ခိုက်လိုက်ကြသည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် ပန်ပန်တို့က ရန်သူများနှင့် ကိုယ်စီရင်ဆိုင်နေရသဖြင့် ဝင်ရောက်တိုက်ခိုက်လာသော ထိုသူများကို အာရုံမစိုက်နိုင်ပေ။
ရန်ကျောက်ကဲက လက်ထဲတွင် ကမ္ဘာမြေဖျက်ဆီးကောင်းကင်ဝါးမျိုဓားသေတ္တာကို ထိန်းချုပ်ထားပြီး ထိုသူများ၏ တိုက်ခိုက်မှု တန်ခိုးစွမ်းအားများအားလုံးကို ဝါးမျိုစုပ်ယူပစ်လိုက်သည်။
ဒါကိုမြင်တော့ ကောင်းချင်တို့အုပ်စုကိုတိုက်ခိုက်နေသည့် ဗုဒ္ဓဘာသာကျင့်ကြံသူများက တိုက်ခိုက်ခြင်းကိုရပ်တန့်လိုက်ပြီး ရန်ကျောက်ကဲအား ဝင်ရောက်တိုက်ခိုက်လိုက်ကြသည်။
ရန်ကျောက်ကဲမျက်ဝန်းများက ခံစားချက်ကင်းမဲ့နေပြီး သူက ကောင်းကင်ဝါးမျို ကမ္ဘာမြေဖျက်ဆီးဓားသေတ္တာကို ပေါ့ပေါ့ပါးပါးလက်ဖြင့်ပုတ်လိုက်ရာ မရေမတွက်နိုင်သော ဓားချီများ ထွက်ပေါ်လာပြီး မိုးမြေတစ်ခွင်ကိုလွှမ်းခြုံကာ ဗုဒ္ဓဘာသာကျင့်ကြံသူများထံသို့ ကျရောက်သွားသည်။
ရန်ကျောက်ကဲက ငယ်ရွယ်သည့်ဘုန်းတော်ကြီးကိုလှမ်းကြည့်ကာ ပြုံးလိုက်ရင်း...
“ငါ့အတွက် ဆရာတော်ရှိနေပြီပဲ ၊ ကျန်တဲ့လူတွေ အရှင်ထားစရာမလိုဘူး”
ထိုအချိန် စန့်ချင်အဆက်အနွယ်တစ်ယောက်က အမြန်လှမ်းအော်ပြောလိုက်သည်။
“သူတို့ကို မသတ်ပါနဲ့ ...”
ထိုစကားကိုကြားတော့ ရန်ကျောက်ကဲက စွန်းကျုန်းတာ့ပြောခဲ့သည့်စကားများကို သတိရသွားပြီး မျက်ခုံးတစ်ချက်ပင့်လိုက်သည်။
“တကယ်လို့ ဗုဒ္ဓဘာသာကျင့်ကြံသူတွေနဲ့တွေ့ရင် ချက်ချင်းပြန်ဆုတ်သင့်တယ် ၊ ဒါမှမဟုတ် ချက်ချင်းလှုပ်ရှားပြီး သတ်ဖြတ်ပစ်သင့်တယ် ၊ ဒါပေမဲ့ သူတို့ကိုသတ်ပြီးတာနဲ့ မြန်နိုင်သမျှမြန်မြန် အပြာရောင်ခရီးရှည်နန်းတော်ကို ပြန်ရမယ် ၊ မဟုတ်လို့ကတော့ သူတို့ဘက်က အဆင့်မြင့်တန်ခိုးစွမ်းအားရှင်တွေ အချိန်တိုအတွင်းရောက်လာပြီး တိုက်ခိုက်ကြလိမ့်မယ်”
စန့်ချင်အဆက်အနွယ်များ၏ တပည့်များက တူညီသောသဘောထားကို ရှင်းရှင်းလင်းလင်း ဆုပ်ကိုင်ထားကြသည်။ ဤသည်ကို ရန်ကျောက်ကဲက စောစောကပင် သတိထားမိပြီးသား ဖြစ်၏။
စန့်ချင်အဆက်အနွယ်မှတပည့်များဖြစ်သော ကောင်းချင်တို့အုပ်စုမှာ တတ်နိုင်သမျှ ထွက်ပြေးသည့်တိုင် သူတို့နောက်လိုက်လာသည့် ဗုဒ္ဓဘာသာကျင့်ကြံသူများနှင့် ပက်ပင်းတိုးခဲ့ကြသည်။
သူတို့က ထိုဗုဒ္ဓဘာသာကျင့်ကြံသူများနှင့် ထိပ်တိုက်တွေ့ပြီးမှာ သူတို့နောက်မှလိုက်လာသော အခြားရန်သူများနှင့် ဆက်လက်တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။
ကောင်းချင်တို့အုပ်စုသည်လည်း ကြောက်မက်ဖွယ်ရာတန်ခိုးစွမ်းအားများကို ပိုင်ဆိုင်သူများ ဖြစ်ကြသည်။ သူတို့က သူတို့နှင့်တိုက်ခိုက်ပြီး ဒဏ်ရာရသွားသော ဗုဒ္ဓဘာသာကျင့်ကြံသူများကို တစ်လျှောက်လုံး ဖမ်းဆီးလာခဲ့ကြသည်။
သို့သော် သူတို့နောက်သို့ ဗုဒ္ဓဘာသာကျင့်ကြံသူများ တစ်လျှောက်လုံး ဝိုင်းဝန်းတိုက်ခိုက်ကြသဖြင့် အတော်လေး အခက်တွေ့ကြရသည်။
နောက်ဆံး ဖမ်းဆီးထားသော ဗုဒ္ဓဘာသာကျင့်ကြံသူများကို လွှတ်ပေးလိုက်တော့မှ လွတ်လပ်စွာလှုပ်ရှားနိုင်ပြီး တိုက်ပွဲတွင် ပြန်လည်အသာစီးရခဲ့ကြ၏။
သို့သော် သူတို့က ဗုဒ္ဓဘာသာကျင့်ကြံသူများကို သတ်ဖြတ်ခြင်းမရှိဘဲ ဒဏ်ရာအပြင်းအထန်ရရှိရုံသာ တိုက်ခိုက်ပြီး အရှင်ဖမ်းဆီးခဲ့ကြသည်။
စန့်ချင်အဆက်အနွယ်များက သူတို့ကိုမသတ်နိုင်ခြင်း မဟုတ်ပေ။
အကယ်၍ သူတို့သာ ထိုဗုဒ္ဓဘာသာကျင့်ကြံသူများကို သတ်ဖြတ်ပြီး အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့ ချက်ချင်းမပြန်နိုင်ပါက သူတို့ကိုတိုက်ခိုက်ရန် အခြားသော တန်ခိုးစွမးအားရှင် ဗုဒ္ဓဘာသာကျင့်ကြံသူများ ထပ်မံရောက်ရှိလာမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
စန့်ချင်အဆက်အနွယ်တပည့်က ရန်ကျောက်ကဲအားကြည့်ရင်း...
“ငါတို့ပြောတာကိုယုံပါ ၊ ဒါက ငါတို့အကြီးအကဲတွေ မရေမတွက်နိုင်တဲ့အတွေ့အကြုံတွေကိုစုစည်းပြီး ရရှိထားတဲ့သင်ခန်းစာတစ်ခုပဲ”
သူက ဘုန်းတော်ကြီးများကို လက်ညှိုးညွှန်ပြရင်း...
“ဘုရားလောင်းရဲ့အဆင့်ကမြင့်မားလွန်းလို့ သူတို့ကိုတော့ အရေးစိုက်မိမှာ မဟုတ်ဘူး ၊ ဒါပေမဲ့ ဘုရားလောင်းဘေးမှာ တခြားဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေ အများကြီးရှိသေးတယ် ၊ ဒီလူတွေသေတနာနဲ့ အဲဒီတန်ခိုးစွမ်းအားရှင်တွေက တည်နေရာကိုရှာဖွေပြီး အမြန်ဆုံးရောက်လာကြလိမ့်မယ်”
သူက ဆက်ပြောသည်။
“အဲဒီလူတွေက ကျင့်ကြံခြင်းအဆင့်မြင့်မားလေ ဒီနေရာကို အမြန်ဆုံးရောက်လာနိုင်လေပဲ”
ထိုအချိန် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ထိန်းချုပ်ခြင်းခံထားရသော ငယ်ရွယ်သည့်ဘုန်းကြီး၏မျက်နှာက သုန်မှုံနေသော်လည်း တည်ငြိမ်စွာဖြင့် စကားဆိုလိုက်သည်။
“မလုပ်ခင် (၃)ကြိမ်ပြန်စဉ်းစားပါ ဒကာလေး ၊ မျက်ကန်းတစ္ဆေမကြောက် မာနကြီးမနေပါနဲ့”
သူက ဆက်ပြောသည်။
“ဒကာလေးရဲ့ဓားကိုရုတ်သိမ်းပြီး ဗုဒ္ဓဆီခိုလှုံပါ ၊ ဒကာလေးက အခု အယူမှားတဲ့တာအိုကျင့်ကြံသူတစ်ယောက်အဆင့်ပဲ ရှိပါသေးတယ် ၊ ဒါပေမဲ့ အမှားတွေ တစ်ခုပြီးတစ်ခုဆက်လုပ်နေမယ်ဆိုရင်တော့ မိစ္ဆာတာအိုလမ်းစဉ်ဘက်ကို ရောက်ရှိသွားနိုင်တယ်”
“အဲဒီအချိန်ရောက်ရင် နောင်တရဖို့ အရမ်းနောက်ကျသွားလိမ့်မယ် ၊ တို့များရဲ့ဗုဒ္ဓက ကရုဏာတရားကြီးမားတယ်ဆိုပေမယ့် ငါတို့ကတော့ မိစ္ဆာလမ်းစဉ်နဲ့ နတ်ဆိုးတွေကို သုတ်သင်ပစ်ရမှာပဲ”
ရန်ကျောက်ကဲက ရယ်မောရင်း...
“ဆရာတော်ကတော့ ငါ့ကို ‘တရားအလင်းပြ’ မယ်ဆိုပြီး ငါကတော့ ဆရာတော့်လူတွေကို သတ်လို့မရဘူးလား”
စန့်ချင်အဆက်အနွယ်မှတပည့်တစ်ယောက်က လျှင်မြန်စွာဖြင့်...
“အထက်ဘုံကမ္ဘာကလူတွေက ဒီလိုပြဿနာမှာပါဝင်ပတ်သက်ရတာကို မကြိုက်ကြဘူးနော် ၊ မင်း သူ့ကိုတကယ်ဒေါသထွက်တယ်ဆိုရင် သူ့ကိုဖမ်းဆီးပြီး အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကိုပဲ ခေါ်လာသင့်တယ် ၊ ဟိုရောက်မှာ မင်းသူ့ကို အရေခွံစုတ်ပစ်လည်း ဘာမှမဖြစ်ဘူး”
သူ့စကားမဆုံးခင် ရန်ကျောက်ကဲက ဖြတ်ပြောလိုက်သည်။
“အခုအရေခွံစုတ်လည်း ဘာပြဿနာမှမရှိပါဘူး”
ပြောပြီးသည်နှင့် သူက လက်ဖဝါးတစ်ဖက်ပင့်မြှောက်လိုက်ပြီး ဘုန်းတော်ကြီးတစ်ပါးအား ရိုက်ချလိုက်လေတော့သည်။