← Chapters

ဘယ်တော့မှရောက်မလာတော့သည့် လက်စားချေမှု

Vol. 60 Ch. 837

ဘယ်တော့မှရောက်မလာတော့သည့် လက်စားချေမှု

Vol. 60 Ch. 837

အခန်း (၈၃၇) ဘယ်တော့မှရောက်မလာတော့သည့် လက်စားချေမှု

ရန်ကျောက်ကဲက လက်ဖဝါးကိုပင့်မြှောက်လိုက်ပြီး ဗုဒ္ဓဘာသာကျင့်ကြံသူတစ်ယောက်အား ရိုက်ချလိုက်သည်။

ထိုမြင်ကွင်းကိုကြည့်ရင်း ဗုဒ္ဓဘာသာကျင့်ကြံသူများအားလုံး တုန်လှုပ်သွားပြီး စန့်ချင်အဆက်အနွယ်မှ တပည့်များသည်လည်း အတော်လေးစိတ်ရှုတ်ထွေး ထိတ်လန့်သွားကြသည်။

“ဒီလူက ငါတို့ အကြံပေးတာကိုဘာလို့လက်မခံရတာလဲ”

ရန်ကျောက်ကဲ၏လုပ်ရပ်က သူ့ကိုယ်သူထိခိုက်စေရုံတင်မက ဤနေရာတွင်ရှိနေသည့် စန့်ချင်အဆက်အနွယ်များအားလုံးကိုပင် ထိခိုက်သွားစေနိုင်သည်။

ထိပ်တန်းအဆင့် ဗုဒ္ဓဘာသာကျင့်ကြံသူများ ဤနေရာသို့ရောက်ရှိလာပါက ရန်ကျောက်ကဲသာမက သူတို့အားလုံးပါ ပိတ်ဆို့တိုက်ခိုက်ခံရမည် ဖြစ်သည်။

ရန်ကျောက်ကဲ နှုတ်ခမ်းထောင့်များတွန့်ကွေးသွားပြီး အပြုံးတစ်စထွက်ပေါ်လာကာ ဗုဒ္ဓဘာသာကျင့်ကြံသူတစ်ယောက်၏ဦးခေါင်းတစ်ခုလုံး ကြေမွသွားအောင် ထပ်မံရိုက်ချလိုက်သည်။

ဗုဒ္ဓဘာသာကျင့်ကြံသူ၏ဦးခေါင်း အစိတ်စိတ်အမွှာမွှာအက်ကွဲသွားပြီး သွေးမြူမှုံများအဖြစ် ပြောင်းလဲသွားသည်။

ထိုဘုန်းတော်ကြီး အသက်သေဆုံးသွားသည်နှင့် သူ၏ခန္ဓာကိုယ်မှဗုဒ္ဓအလင်းတန်းထွက်ပေါ်လာပြီး ဗလာနယ်ကိုကျော်ဖြတ်ကာ အဝေးသို့ထွက်ခွာရန် ဦးတည်နေသည်။

ထို ဗုဒ္ဓအလင်းတန်းက တိုက်ခိုက်လိုခြင်းမရှိသလို တန်ခိုးကြီးမားသော စွမ်းအားရောင်ဝါကိုလည်း ထုတ်ဖော်ပြသခြင်း မရှိပေ။

သို့သော် ရန်ကျောက်ကဲ၏ ကောင်းကင်ဝါးမျိုကမ္ဘာမြေဖျက်ဆီးဓားသေတ္တာက ထိုအလင်းတန်းကို လုံးဝ စုပ်ယူနိုင်ခြင်း မရှိခဲ့ပေ။

ကြည့်ရသည်မှာ ထိုအရာ (၂)ခုက မတူညီသောအဆင့်တွင် ရှိနေကြပြီး အချင်းချင်းတွေ့ဆုံမိကြသည့်တိုင် ထိခိုက်မိကြခြင်း မရှိပေ။

ရန်ကျောက်ကဲ၏ စက်ဝန်းသံသရာကောင်းကင်ကျမ်းစာ၏ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်က အလွန်အစွမ်းထက်ပြီး မိုးမြေကိုပင်ပြောင်းပြန်လှန်နိုင်စွမ်းရှိသော်လည်း ထိုအလင်းတန်းကတော့ ရန်ကျောက်ကဲ၏လက်ဖဝါးကို ဖောက်ထွင်းဖြတ်သန်းသွားပြီး တားဆီးနိုင်ခဲ့ခြင်း မရှိပေ။

ကောင်းကင်ဝါးမျိုကမ္ဘာမြေဖျက်ဆီးဓားသေတ္တာ၏ စုပ်ယူနိုင်စွမ်းက ပုံရိပ်ယောင်တစ်ခုကို စုပ်ယူရသကဲ့သို့ဖြစ်နေပြီး ထို ထူးခြားသောဗုဒ္ဓအလင်းရောင်က လက်တွေ့မဆတ်သည့် အိပ်မက်ထဲမှ ပုံရိပ်ယောင်တစ်ခုပမာ ဖြစ်နေသည်။

ရန်ကျောက်ကဲသဘောပေါက်သွားသည်မှာ ဤဗုဒ္ဓအလင်းတန်းကို ဖျက်ဆီး၍မရနိုင်သလို တားဆီး၍လည်းမရနိုင်ဆိုသော အချက်ဖြစ်သည်။

ထိုဗုဒ္ဓအလင်းတန်းကို ထူးကဲယန်စည်းတံဆိပ်ပဲဖြစ်ဖြစ် မိစ္ဆာဓားတောင်းတျဲနှင့်ပဲဖြစ်ဖြစ် ဖျက်ဆီးနိုင်မည် မဟုတ်ပေ။

ထိုအရာကို မထိတွေ့နိုင်သရွေ့ အရာအားလုံးက အချည်းအနှီးပင် ဖြစ်နေပေလိမ့်မည်။

သို့ပေသိ ထိုဗုဒ္ဓအလင်းတန်းက ပုံရိပ်ယောင်တစ်ခု မဟုတ်ပေ။

ထိုဗုဒ္ဓအလင်းတန်းသာ လွင့်မျောသွားပါက ဤနေရာသို့ ပိုမိုစွမ်းအားမြင့်မားသော ဗုဒ္ဓဘာသာကျင့်ကြံသူများ ချက်ချင်းရောက်ရှိလာမည်ဖြစ်ကြောင်း ရန်ကျောက်ကဲ သဘောပေါက်သွားသည်။

ရောက်လာသူက အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်နှင့်တန်ခိုးစွမ်းအားမြင့်မားသော ထိပ်တန်းအဆင့် ဗုဒ္ဓဘာသာကျင့်ကြံသူတစ်ယောက် ဖြစ်နိုင်သည်။

သို့မဟုတ် အမြင့်ဆုံးအဆင့် သိုင်းသူတော်စင်အဆင့်နှင့် တန်ခိုးစွမ်းအားညီမျှသူတစ်ယောက်လည်း ဖြစ်နိုင်သည်။

သို့တည်းမဟုတ် တာအိုဝါဒမှ ဧကရာဇ်နှင့် အုပ်စိုးရှင်များအဆင့် ကျင့်ကြံသူများလည်း ဖြစ်နိုင်ပေသည်။

စွန်းကျုန်းတာ့နှင့် စန့်ချင်အဆက်အနွယ်များ ပြောသည့်စကားအရဆိုလျှင် ပြိုင်ဘက်၏ ကျင့်ကြံခြင်းအဆင့်မြင့်မားလေ ဤနေရာသို့ ချက်ချင်းရောက်ရှိလာရန်မှာ လျှင်မြန်လေ ဖြစ်သည်။

ရန်ကျောက်ကဲက နှုတ်ခမ်းများတွန့်ကွေးလျှက် ပြံးနေဆဲဖြစ်ပြီး သူ၏လက်ဖဝါးထက်မှ တန်ခိုးစွမ်းအားက ရုတ်တရက် ပြောင်းလဲသွားကာ ပရမ်းပတာ ချီစွမ်းအားများ ထွက်ပေါ်လာသည်။

သူက ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကိုလှည့်ပတ်လိုက်ရာ ပရမ်းပတာချီစွမ်းအားများထဲတွင် အချိန်စီးဆင်းမှု ရပ်တန့်သွားပြီး မူလကနဦးမရှိ ၊ အဆုံးမရှိ ၊ အတိတ်မရှိ အနာဂတ်မရှိ အခြေအနေဖြစ်တည်သွားသည်။

ထို့နောက် ရန်ကျောက်ကဲက ဗုဒ္ဓအလင်းတန်းကို ရိုက်နှချလိုက်ရာ ထိုအလင်းတန်း အက်ကွဲသွားပြီး ပရမ်းပတာ ချီစွမ်းအားများအလယ် သဲလွန်စမရှိ ပျောက်ကွယ်သွားသည်။

ဘာဖြစ်သွားသည်ဆိုသော အသေးစိတ်အချက်ကို ရန်ကျောက်ကဲသာလျှင် သိရှိသည်။

အခြားသူများ၏အမြင်တွင် ရန်ကျောက်ကဲသည် ဗုဒ္ဓဘာသာသိုင်းကျင့်ကြံသူအား လက်ဝါးဖြင့် ရိုက်နှက်သတ်ဖြတ်လိုက်ပြီး ဗုဒ္ဓအလင်းရောင်တောက်ပသွားသည်ဟုသာ တွေ့မြင်ကြရသည်။

စန့်ချင်အဆက်အနွယ်ကျင့်ကြံသူများက နဖူးကိုလက်ဖြင့်အုပ်ရင်း စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်ကြသည်။

“အထက်ဘုံကမ္ဘာကလူတွေက ဗုဒ္ဓဘာသာဂိုဏ်းကလူတွေနဲ့ တစ်ခါမှတိုက်ခိုက်ဖူးတာမဟုတ်ဘူး ၊ အခုတော့ သူက ခဏတာကြွားဝါချင်တာနဲ့ပဲ ငါတို့အားလုံး ဒုက္ခရောက်ကြရတော့မယ်”

သို့သော် ကောင်းချင်ကတော့ ရန်ကျောက်ကဲကို တောက်ပသည့်မျက်ဝန်းများဖြင့်ကြည့်ရင်း...

“ဟာ... သူက အရမ်းပြတ်သားတာပဲ”

ထိုစကားကြားတော့ သူ့နံဘေးမှတပည့်များက မချိပြုံးပြုံးရင်း...

“ဂိုဏ်းတူညီမလေး... သူဒီလို့လုပ်လို့ ငါတို့ပါအချောင်ခံရတော့မယ် ၊ ဒီနေရာကနေ ငါတို့တွေ အမြန်ထွက်သွားပြီး အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို ချက်ချင်းပြန်ရမယ် ၊ ဟိုနေရာကတောင်မြင့်ကြီးရဲ့ ထူးခြားချက်တွေကို စုံစမ်းနေဖို့ အချိန်မရှိတော့ဘူး”

“အခု ဒီကိုရောက်လာတဲ့ ဗုဒ္ဓဘာသာဘက်က ကျင့်ကြံသူတွေက သိပ်ပြီးအဆင့်မမြင့်လို့တော်သေးတယ် ၊ ဒါကြောင့် ငါတို့တွေ ထွက်ပြေးဖို့အခွင့်အရေးရှိသေးတယ်”

သူက ပြောပြီးသည်နှင့် ရန်ကျောက်ကဲက ဗုဒ္ဓဘာသာကျင့်ကြံသူများကို လက်ဝါးရိုက်ချက်ဖြင့် ဆက်လက်သတ်ဖြတ်နေသည်ကို လှမ်းကြည့်လိုက်သည်။ မြင်ကွင်းကိုကြည့်ရင်း စန့်ချင်အဆက်အနွယ်များ ထိတ်လန့်မှုနှင့်အတူ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားကြသည်။

ဗုဒ္ဓဘာသာကျင့်ကြံသူများကတော့ ရန်ကျောက်ကဲကိုတည်ငြိမ်စွာပင် ကြည့်နေကြသည်။ သူတို့၏မျက်နှာအမူအရာများက သေခြင်းတရားကအဆုံးသတ်မဟုတ်ဘဲ ကိုယ်နေထိုင်ရာအိမ်သို့ ပြန်ရမည့်အလား ဖြစ်ကြသည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ထိန်းချုပ်ခြင်းခံထားရသော ငယ်ရွယ်သည့် ဘုန်းတော်ကြီးက...

“ဒီဘုန်းတော်ကြီးနဲ့ တခြားတပည့်တွေက သေရမှာကို မကြောက်ပါဘူး ၊ သေတယ်ဆိုတာ နောက်ထပ်ဘဝအသစ်တစ်ခု ပြန်စတာပဲ ၊ အရာရာက ကံတရားအတိုင်းပဲဖြစ်ပြီး ကံတရားဆိုတာက ထူးဆန်းတဲ့မြေကြီးလိုပဲ ကိုယ်စိုက်သမျှ ကိုယ်ပြန်ပြီး ရိတ်သိမ်းရတယ် ၊ ဒါကပဲ ကျုပ်တို့ကို လူသားဖြစ်ခြင်းဒုက္ခပင်လယ်ကကယ်တင်ပေးနိုင်ပြီး သုခဘုံကိုရောက်စေနိုင်တယ်”

“ဒါပေမဲ့ ဒကာလေး ၊ မင်းကတော့ ကြီးမားတဲ့အပြစ်တွေကိုကျူးလွန်ပြီး မိစ္ဆာတာအိုလမ်းမှနစ်မြုပ်သွားရင် သဘာဝတရားရဲ့အပြစ်ပေးခြင်းကိုခံရလိမ့်မယ်”

ငယ်ရွယ်သော ဘုန်းတော်ကြီး၏မျက်နှာထက်တွင် အပြုံးတစ်စ ထင်ဟပ်လာသည်။

“ဒကာလေး မင်းဝဋ်လည်တော့မယ် ၊ ချက်ချင်းကိုဝဋ်လည်တော့မှာ ၊ လက်တစ်ကမ်းအလိုပဲ ရှိတော့တယ်”

ရန်ကျောက်ကဲက ရယ်မောရင်း...

“ဆရာတော် ငါ့အတွက်စိတ်ပူစရာမလိုပါဘူး ၊ ကိုယ့်အတွက်ကိုယ်ပဲစိတ်ပူစမ်းပါ ၊ တခြားသူတွေကို ငါ ရှင်းပစ်ရတဲ့အကြောင်းရင်းက ဆရာတော်ကို အရှင်လတ်လတ် ဖမ်းထားနိုင်ပြီပဲလေ”

“မင်းဆီက ငါသိချင်တာတွေ ပိုပြီးသိနိုင်မယ်ထင်တယ် ၊ ဒါပေါ့ ဒါပေါ့... ဆရာတော်က လွယ်လွယ်နဲ့ပြောပြမှမဟုတ်ဘူးဆိုတာ ယုံပါတယ်”

ရန်ကျောက်ကဲက ရယ်မောရင်း...

“ဒါလည်း ဘာမှတော့မဖြစ်ပါဘူး ၊ အချိန်တွေအများကြီး ရှိတာပဲလေ ၊ ဆရာတော် စကားပြောလာဖို့ အချိန်တော့ ယူရမှာပေါ့”

ဘုန်းတော်ကြီးက ခေါင်းခါယမ်းရင်း...

“မင်းက စိတ်ကူးယဉ်နေတာပဲ ၊ စန့်ချင်အဆက်အနွယ်တွေလိုပဲ မင်းကိုကြောက်မယ်များထင်နေသလား”

သူက ဖြည်းညင်းစွာဖြင့်...

“ဒကာလေး ဒီဘုန်းကြီးရှေ့မှာပဲ ဝဋ်လည်တော့မယ်ဆိုတာ ယုံကြည်တယ်”

ရန်ကျောက်ကဲက မျက်ခုံးတစ်ချက်ပင့်ရင်း...

“ဟုတ်လား... ဒါဖြင့်လည်း ဝဋ်လည်မှာကို စောင့်ကြတာပေါ့”

ပြောပြီးသည်နှင့် သူက ပေါ့ပေါ့ပါးပါးဖြင့်ပင် ဗုဒ္ဓဘာသာကျင့်ကြံသူတစ်ယောက်၏ဦးခေါင်းကို ရိုက်ချလိုက်ပြန်သည်။

ထိုမြင်ကွင်းကိုကြည့်ရင်း နေရာတွင်ရှိနေသူများအားလုံး မျက်မှောင်ကြုံ့လိုက်ကြသည်။

စန့်ချင်အဆက်အနွယ်မှလူများကတော့ ခေါင်းများခါယမ်းလိုက်ကြပြီး လှည့်ထွက်သွားကြသည်။

သူတို့ ထွက်ခွာသွားကြတော့မည့်အချိန်တွင် ကောင်းချင်က ရန်ကျောက်ကဲထံ လက်တစ်ဖက်ဝှေ့ယမ်းပြရင်း...

“အဲဒီကအစ်ကို... ဘာလို့ ကျွန်မတို့နဲ့ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို မလိုက်ခဲ့တာလဲ ၊ တန်ခိုးစွမ်းအားမြင့်မားတဲ့ ဗုဒ္ဓဘာသာကျင့်ကြံသူတွေရောက်မလာခင် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှာ ခဏနားပြီး ရန်သူကိုမျက်ခြေဖြတ်လိုက်ရင် ပိုကောင်းတာပေါ့”

ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်...

“မိန်းကလေး... စေတနာထားတာ ကျေးဇူးတင်ပါတယ် ၊ ဒါပေမဲ့ ငါ့အတွက် စိတ်မပူပါနဲ့”

ထို့နောက် သူက ကောင်းချင်ကိုကြည့်ရင်း ရုတ်တရက် မေးလိုက်သည်။

“အတင့်ရဲပြီး တစ်ခုလောက်မေးပါရစေ ၊ မင်းရဲ့ဘေးတော် လုန်ချွမ်ဧကရာဇ်က ‘လုန်’ မျိုးနွယ်လား”

ကောင်းချင်က...

“ဟုတ်တယ်လေ”

ရန်ကျောက်ကဲက...

“ဒါဖြင့် ရွှမ်ဟွမ်ဧကရီနဲ့ လုန်ချွမ်ဧကရာဇ်တို့ရဲ့ အဆက်အနွယ်တွေအားလုံးက ရွှမ်ဟွမ်ဧကရီရဲ့ ‘ကောင်း’ မျိုးနွယ်ကိုပဲ ခံယူထားတာလား”

ကောင်းချင်က ခေါင်းခါယမ်းရင်း...

“တကယ်တော့ အဲဒီလိုမဟုတ်ဘူး ၊ ကျွန်မရဲ့ အဘိုးလေးဆိုရင် ဘေးတော်လုန်ချွမ်ရဲ့ ‘လုန်’ မျိုးနွယ်ကို ခံယူထားတာပါ”

ထိုစကားကြားတော့ ရန်ကျောက်ကဲ ငိုရမလားရယ်ရမလားမသိ ဖြစ်သွားသည်။

“ဒါဖြင့် စောစောက ဖုထင်က ရည်ရွယ်ချက်ရှိရှိနဲ့ ရန်စတုန်းက မင်းကဘာလို့ ရှင်းမပြရတာလဲ”

ကောင်းချင်က အံ့အားသင့်သွားပြီး...

“ဟမ်... အစ်မဖုထင်က ရန်စတာလား ၊ ဒါပေမဲ့ သူက ကျွန်မကို ‘ကောင်း’ မျိုးနွယ်လားလို့ပဲ မေးတာလေ ၊ ဒီတော့ ကျွန်မရဲ့အဖေက ‘ကောင်း’ မျိုးနွယ်ခံယူခဲ့တယ် ၊ ကျွန်မအဘိုးကလည်း ဘေးတော်ရွှမ်ဟွမ်ဧကရီရဲ့မျိုးနွယ်ဖြစ်တဲ့ ‘ကောင်း’ မျိုးနွယ်ကိုယူခဲ့တယ်လို့ပြောလိုက်တာပေါ့ ၊ သူက အဘိုးလေးရဲ့မျိုးရိုးနာမည်ကို မေးတာမှမဟုတ်တာ”

“နောက်တော့ သူက ဘေးတော်လုန်ချွမ်ရဲ့ တန်ခိုးစွမ်းအားကို သံသယဝင်သလို ပြောတယ်လေ ၊ ဒါကလည်း အဘိုးလေးရဲ့မျိုးနွယ်နဲ့ ဘာမှမဆိုင်ဘူး”

ကောင်းချင်မျက်နှာက စိတ်မပျော်ရွှင်တော့ဟန် သုန်မှုန်သွားပြီး နှုတ်ခမ်းများကို တင်းတင်းစေ့ထားတော့သည်။

“လက်စသတ်တော့ အစ်မဖုထင်က ကျွန်မကို ရန်စတာကိုး”

သူ့ဘေးနားမှ စန့်ချင်တပည့်များမှာ စိတ်ပူပန်နေကြသည့်တိုင် ကောင်းချင်၏အပြုအမူကြောင့် ပြုံးလိုက်မိကြသည်။ ယခင်တစ်ချိန်က အကြောင်းအရာများစွာရှိခဲ့ကြပြီး လော‌လောဆယ်မှာတော့ ကောင်းချင်နှင့် ဤကိစ္စများပြောဆိုနေရန် အချိန်မရှိပေ။

ထို့ကြောင့် မှုန်ကုပ်ကုပ်ဖြစ်နေသည့် ကောင်းချင်ကိုအတင်းဆဲခေါ်ကာ ထွက်ခွာသွားကြလေတော့သည်။

စန့်ချင်အဆက်အနွယ်များ အဝေးတစ်နေရာသို့ ပျောက်ကွယ်သွားသည်ကိုကြည့်ရင်း ရန်ကျောက်ကဲကတော့ အတွေးထဲနစ်မျောလျှက်ရှိသည်။

ခဏကြာမှ သတိပြန်ဝင်လာပြီး ငယ်ရွယ်သည့်ဘုန်းတော်ကြီးကို လှမ်းကြည့်ရင်း ပြုံးလိုက်သည်။

“ကဲ... အခုတော့ ငါတို့ စကားပြောရမယ့်အချိန်ရောက်ပြီ”

ဘုန်တော်ကြီးက တည်ကြည်သည့် မျက်နှာထားဖြင့်...

“ဒကာလေး... ဒီလိုမျိုးပေါ့ပေါ့ပါးပါးစကားပြောဖို့ မင်းမှာအချိန်ရှိနိုင်ပါ့မလား”

ရန်ကျောက်ကဲက ရယ်မောရင်း...

“ဒါဖြင့်လည်း စောင့်ကြတာပေါ့ ၊ ဒါပေမဲ့ ဒီအတိုင်းစောင့်ရရင်ပျင်းစရာကောင်းတယ် ၊ စကားပြောရင်း စောင့်ကြရအောင်”

ပြောပြီးသည်နှင့် ရန်ကျောက်ကဲက လက်ညှိုးလက်ခလယ်အသုံးပြုကာ ငယ်ရွယ်သောဘုန်းတော်ကြီး၏ မျက်ခုံးနှစ်ခုကြားသို့ ထိုးစိုက်ချလိုက်သည်။

ဘုန်းတော်ကြီး၏မျက်ဝန်းများထဲတွင် နာကျင်သောအရိပ်အယောင်များထွက်ပေါ်လာသည်။ သို့သော် သူက မျက်လုံးများကိုမှေးမှိတ်လိုက်ပြီး နာကျင်မှုကို ကြိတ်မှိတ်သည်းခံလိုက်၏။

ဗုဒ္ဓဘာသာကျင့်ကြံသူများ၏ စိတ်အားထက်သန်မှုနှင့် ခံနိုင်ရည်ရှိမှုက အလွန်ပြင်းထန်ပြီး သာမန်လူများ သည်းမခံနိုင်သော နာကျင်မှုများကိုပင် သည်းခံနိုင်စွမ်း ရှိကြသည်။

သို့သော် သူ ယခုကဲ့သို့ သည်းခံနေနိုင်ခြင်းမှာ “မျှော်လင့်ချက်” ရှိနေသောကြောင့် ဖြစ်၏။

သူသာ ဆက်ပြီးတောင့်ခံထားနိုင်မည်ဆိုလျှင် မကြာခင် သူတို့ဘက်မှ ထိပ်တန်းအဆင့်တန်ခိုးစွမ်းအားရှင်များ ရောက်ရှိလာပြီး ရန်ကျောက်ကဲ သေချာပေါက် သေဆုံးရမည်ဟု ယုံကြည်ထားသည်။

သို့ရာတွင် မထင်မှတ်စရာကိစ္စတစ်ခုဖြစ်လာသည်မှာ စောင့်ဆိုင်းရင်းပင်အချိန်များကုန်ဆုံးသွားပြီး မည်သည့်တန်ခိုးစွမ်းအားရှင်မှ ရောက်ရှိလာခြင်း မရှိပေ။

ငယ်ရွယ်သောဘုန်းတော်ကြီး၏ မျက်နှာထက်တွင် မယုံကြည်နိုင်သောအမူအရာက ထိန်းမနိုင်သိမ်းမရ ထွက်ပေါ်လာသည်။

အမှန်ဆိုလျှင် ဒီလောက်အချိန်မကြာသင့်ပေ။

ဗုဒ္ဓဘာသာသိုင်းကျင့်ကြံသူများသေဆုံးသည့်သတင်းကိုရရှိသည်နှင့် စုံစမ်းစစ်ဆေးရန်အတွက် အဆင့်မြင့်ဗုဒ္ဓဘာသာကျင့်ကြံသူများ အမြန်ဆုံးရောက်လာသင့်သည်ပင်။

ယခုတော့ ဘယ်သူမှရောက်မလာသည်မှာ မည်သို့ဖြစ်နိုင်ပါမည်နည်း။

All Chapters