← Chapters

ရိုးရှင်းလွယ်ကူစွာ နေထိုင်ခြင်း

Vol. 23 Ch. 321

ရိုးရှင်းလွယ်ကူစွာ နေထိုင်ခြင်း

Vol. 23 Ch. 321

အစစ်အမှန်ကောင်းကင်နန်းတော်၏ သိုင်းသမားများက အလျင်အမြန် ဆုတ်ခွာကာ ပျောက်ကွယ်သွားကြသည်။ တိုက်ပွဲကွင်းပြင်မှာ ဖရိုဖရဲဖြင့် ကျန်ခဲ့၏။

ချင်မူ မျက်မှောင်အနည်းငယ် ကြုတ်မိလိုက်သည်။ ယွီပိုချွမ်ဆိုသော ဤလူငယ်သည် ရက်စက်ခက်ထန်ပြီး သူ၏ဆုံးဖြတ်ချက်များက တွန့်ဆုတ်တွေဝေခြင်းအလျဉ်းမရှိဘဲ ခိုင်မာပြတ်သားသည်။ ထိုကဲ့သို့ထူးချွန်သော လူငယ်တစ်ဦးအား ဤခေတ်ကာလတွင် မြင်ရခဲချေသည်။

‘သိပ်ထူးချွန်တဲ့ လူငယ်ပဲ” ချင်မူ သူ့အား လေးစားသွားပြီး သားအမိအား ချပေးလိုက်သည်။

နဂါးချီလင်က လျှောက်လာပြီး ဗျစ်တီးဗျစ်တောက် ပြောသည်။ “ဂိုဏ်းသခင်၊ ပျားအုံ တုတ်နဲ့ ထိုးမိတာ သိလား။ အခုတော့ အဲဒီလူတွေနဲ့ ရန်ငြိုးရှိသွားပြီ။ ဒီချိုင့်ဝှမ်းရဲ့ အပြင်မှာသာ တိုက်ခိုက်လို့က‌တော့ ဘယ်တောင်ကိုမဆို တောင်ဘီလူးကြီးအသွင် ပြောင်းပစ်ပြီး ကျွန်တော်တို့ကို ဖိသတ်လိမ့်မယ်”

“ဒါက မဟာမြို့ပျက်၊ အနောက်ကမ္ဘာမြေမဟုတ်ဘူး” ချင်မူ ခေါင်းယမ်းကာ ပြောလိုက်သည်။ “ငါ့ပိုင်နက်မှာ ငါနဲ့ တိုက်ခိုက်မယ်တဲ့လား။ သူတို့ဘယ်လိုသေကြမလဲတောင် မသိနိုင်ဘူး။ ဒါ့အပြင် သူတို့သားအမိရဲ့ သံယောဇဉ်ကြောင့် ငါ ခံစားရတယ်။ ငါသာ ရိုးရိုးရှင်းရှင်း မနေထိုင်ရင် လမ်းလွဲသူ ဖြစ်မသွားဘူးလား”

နဂါးချီလင်က သူ့ကို ငေးကြောင်ကြောင် ကြည့်သည်။ ရိုးရှင်းလွယ်ကူစွာ နေထိုင်၍ သဘာဝတရား၏ လမ်းပြရာနောက် လိုက်ရမည်ဆိုသည်မှာ မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာ၏အနှစ်ချုပ်ကို အကောင်းမွန်ဆုံး အဓိပ္ပါယ်ဖွင့်လိုက်ခြင်းပင် ဖြစ်သည်။ နောက်စာကြောင်းက ‘ဤသည်က တာအို၏အဓိပ္ပါယ်ဖြစ်သည်’ ဟုရေးထားသည်။

ဤသည်ကား တာအို၊ ဤသည်ကား လမ်းစဉ်ပင် ဖြစ်ချေ၏။

“ဒါကမှ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းသခင်ပဲ” နဂါးချီလင်က သက်ပြင်းချလိုက်သည်။

ချင်မူ၏အပြုအမူများကို သူ နားမလည်သော်လည်း ချင်မူ လုပ်လိုက်သည့် လှုပ်ရှားမှုတိုင်း၊ အပြုအမူတိုင်းက ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၏ အယူအဆများနှင့် ကိုက်ညီနေသည်။ ရိုးရှင်းလွယ်ကူစွာ နေထိုင်၍ သဘာဝတရား၏ လမ်းပြရာနောက် လိုက်ရမည်၊ ဤသည်က တာအို၏အဓိပ္ပါယ်ဖြစ်သည်။ ချင်မူသည် ဤသဘောတရားကို ကောင်းစွာသဘောပေါက်ထား၍ သူ့လမ်းသူ စလျှောက်ခဲ့ချေပြီ။ လူငယ်ဂိုဏ်းချုပ် သူ့အား ဂိုဏ်းသခင်အဖြစ် ရွေးချယ်ခဲ့သည်မှာ အံ့ဩစရာမရှိပေ။ ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၏ စံအိမ်သခင်များနှင့် ဂိုဏ်းစောင့်အကြီးအကဲများ သူ့အား လိုလိုလားလား လက်ခံခဲ့သည်မှာလည်း အံ့ဩစရာမရှိ။

ချင်မူ မိန်းကလေး၏ဒဏ်ရာများကို ကြည့်ရှုပြီး မေးလိုက်သည်။ “မိန်းကလေးရဲ့ နောက်ခံက ဘာများလဲ။ ဘာလို့ အနောက်ကမ္ဘာမြေရဲ့ အစစ်အမှန်ကောင်းကင်နန်းတော်ကလူတွေ မိန်းကလေးတို့အသက်ကို လိုချင်နေကြတာလဲ”

မိန်းကလေးက အသက်မျော့မျော့သာ ကျန်သော်လည်း ခေါင်းထောင်လာသည်။ “ကျွန်မက အစစ်အမှန်ကောင်းကင်နန်းတော်ရဲ့ နိုင်းခွေပါ...”

ချင်မူ နဂါးချီလင်ကို လှည့်မေးလိုက်သည်။ “နိုင်းခွေက ဘာအဓိပ္ပါယ်တုံး”

“နိုင်းခွေဆိုတာ မင်းသမီးမယ်တော်လို့ ခေါ်တယ်။ အနောက်ကမ္ဘာမြေရဲ့ အစစ်အမှန်ကောင်းကင်နန်းတော်မှာ မိသားစုကို ဦးစီးတာက မိန်းမတွေပဲ။ သူတို့က ယောက်ျားသားတွေနဲ့ အငှားလက်ထပ်တတ်ကြတယ်။ ညဆိုရင် ပျော်ပွဲရွှင်ပွဲတွေ ကျင်းပမယ်။ သီချင်းတွေဆို၊ ကခုန်ပြီးလို့ နှစ်ဦးနှစ်ဖက် သဘောကျပြီဆို မိန်းကလေးအိမ် လိုက်သွားပြီး ချစ်တင်းနှောကြတာပေါ့” နဂါးချီလင်က ရှင်းပြသည်။

“မနက်ရောက်ရင်တော့ ယောကျ်ားသားက ထွက်သွားရတယ်။ အဲဒီတိုင်း မိန်းကလေးဘက်က ကိုယ်ဝန်မရမချင်း ညတိုင်း အတူတူအိပ်ကြတယ်။ မွေးလာတဲ့ကလေးက များသောအားဖြင့် သူတို့အမေကိုပဲ သိကြတာ။ အဖေက ဘယ်သူဘယ်ဝါမှန်း မသိကြဘူး။ ဂိုဏ်းချုပ်လည်း အဲဒီမှာ သွားအိပ်ဖူးသေးတယ်။ အဲဒီအဘိုးကြီးကလေ....”

ချင်မူ သူ့ကို စိုက်ကြည့်လိုက်သည်။ “ဂိုဏ်းချုပ်အကြောင်း မကောင်းမပြောနဲ့။ အရေးကြီးတဲ့ကိစ္စကို ပြော”

ချင်မူ့ရင်ထဲတွင် ဂိုဏ်းချုပ်သည် အလွန်လေးစားရသောလူတစ်ယောက် ဖြစ်၏။ သူနှင့်သက်တူရွယ်တူ လူငယ်တစ်ယောက်ပုံစံရှိသော်လည်း ချင်မူ့အတွက် ခြောက်ပြစ်သလဲကင်းစင်သော လူတစ်ယောက်ဖြစ်သည့်အတွက် သူ၏လေးစားမှုကို အစွန်းအထင်းမခံနိုင်ပေ။

“ဂိုဏ်းချုပ်က အရင်တုန်းကဆို ဘာမှဂရုမစိုက်တဲ့ အဘိုးကြီး။ အနောက်ကမ္ဘာမြေက နေရာတိုင်းမှာ ဝင်ရောနိုင်အောင် လူမျိုးစုပေါင်းစုရဲ့ ရိုးရာဝတ်စုံတွေ ဝတ်တယ်။ ပြီးတော့ တာဝန်တောင် မယူဘူး။ အဲဒီအဘိုးကြီးက ဟိုနား သွားအိပ်လိုက်၊ ဒီနား သွားအိပ်လိုက်နဲ့ ပျော်ဖို့ပဲ သိခဲ့တာ...”

ထို့နောက် နဂါးချီလင်မှာ ချင်မူ မှုန်ကုပ်နေသည်ကို မြင်လိုက်၍ ကမန်းကတန်း စကားလမ်းကြောင်း လွှဲလိုက်သည်။ “အစစ်အမှန်ကောင်းကင်နန်းတော်ရဲ့ သခင်မလည်း အငှားလက်ထပ်ဖို့ လိုတယ်။ အစစ်အမှန်ကောင်းကင်နန်းတော်ရဲ့ နန်းဆောင်သခင်မက ကိုယ်ဝန်ရလို့ မွေးလာတဲ့ကလေးက သမီးမိန်းကလေးဆိုရင် မင်းသမီးဖြစ်လာပြီး နန်းဆောင်သခင်မအရိုက်အရာကို ဆက်ခံရတယ်။ သားယောက်ျားလေးဆိုရင် နန်းတွင်းထဲ မနေရဘူး။ ကလေးရှိတဲ့ အစစ်အမှန်ကောင်းကင်နန်း‌တော်သခင်မကို မင်းသမီးမယ်တော်လို့ ခေါ်တယ်။ အနောက်ကမ္ဘာမြေရဲ့ ဘာသာစကားအရဆိုရင် နိုင်းခွေပေါ့

“နိုင်းခွေရဲ့ သိုင်းစွမ်းရည်က ပုံမှန်ဆို ကြောက်စရာကောင်းလောက်အောင် မြင့်မားတယ်။ သူတို့ရဲ့ကျင့်စဉ်ကလည်း အရာရာတိုင်းတွင် ယင်ဝိညာဉ်နှင့် ယန်ဝိညာဉ်ရှိသည်ဆိုတဲ့ သဘောတရားမဟုတ်လား။ ဒီကျင့်စဉ်နယ်ပယ်မှာ မိန်းမတွေက ယောက်ျားသားတွေထက် ပိုပေါက်မြောက်ကြတယ်”

ချင်မူ ထိုင်လိုက်ပြီး အမျိုးသမီး၏ ခန္ဓာကိုယ်တွင် ငွေအပ်များ စိုက်လိုက်သည်။ သူက သိချင်စိတ်များဖြင့်‌ မေးကြည့်သည်။ “မိန်းကလေးက အစစ်အမှန်ကောင်းကင်နန်းတော်ရဲ့ နန်းဆောင်သခင်မဆိုရင် ဘယ်လိုလုပ် ဒီလိုအခြေအနေဖြစ်သွားတာလဲ။ ကောင်းကင်တံတားအဆင့် သိုင်းပညာရှင်မဟုတ်ဘူးလား”

ထို့နောက် သူက ပရဆေးပင်တချို့ ထုတ်၍ အမျိုးသမီး၏ ဒဏ်ရာကို ကုသဖို့ စွမ်းအင်ဆေးလုံးများ ဖော်လိုက်သည်။

“အားကုန်ခံမနေပါနဲ့” အမျိုးသမီးက ခေါင်းယမ်းသည်။ “ကျွန်မဒဏ်ရာတွေက ကုမရတော့ပါဘူး။ သိုင်းသာ ကျင့်နိုင်သေးရင် အခုလိုအခြေအနေဖြစ်မှာ မဟုတ်ဘူး။ နာမည်ကြီး အဆိပ်ဆရာမ မုယင်ရွှယ်ရဲ့ အဆိပ်ခတ်တာ ခံထားရတာပါ။ သူ သုံးခဲ့တဲ့အဆိပ်က ပိုးချည်ရစ်ခွေအဆိပ်တဲ့”

နဂါးချီလင်က ခပ်တိုးတိုး ရယ်သည်။ “စိတ်မပူပါနဲ့ ဂိုဏ်းသခင်သာ မင်းကို မသေစေချင်ရင် မြေအောက်ဘုံအရှင်သခင်တောင် မင့်ဝိညာဉ်ကို လာခေါ်လို့မရဘူး”

ချင်မူ၏လက်ဟန်နည်းစနစ်များ ပြောင်းလဲသွားပြီး သူက စွမ်းအင်ဆေးလုံးများကို ကျွမ်းကျွမ်းကျင် ဖော်ရင်း ခေါင်းယမ်းလိုက်သည်။ “မကြွားနဲ့ နည်းနည်းပါးပါး နှိမ့်ချတတ်စမ်းပါ။ ငါ့ဆေးပညာက တစ်လောကလုံးမှာ နံပါတ်တစ်မဟုတ်ဘူး။ နံပါတ်နှစ်ပဲ ရှိသေးတာ။ အဆိပ်ပညာမှာတော့ နံပါတ်သုံး။ ဟိုလူ အဆိပ်ဘုရင်ငယ်က ငါ့ထက် နည်းနည်းသာနေသေးတယ်”

ချင်မူ၏ ကုသပေးမှုကြောင့် မိန်းကလေးမှာ ပိုမိုသက်တောင့်သက်သာ ဖြစ်လာပြီး စိတ်ရှုပ်ထွေးစွာ ပြောလိုက်သည်။ “ကျွန်မမယ်တော်က နန်းဆောင်သခင်မပါ။ သူ ကွယ်လွန်တော့ အစစ်အမှန်ကောင်းကင်နန်းတော်က ကျွန်မကို ဆက်ခံသူအဖြစ် တင်မြှောက်ခဲ့တယ်။ ကျွန်မသိုင်းအဆင့်ကလည်း မဆိုးတော့ အခက်အခဲတွေကြားကနေ လက်ခံနိုင်ခဲ့ပေမယ့် နန်းတက်ပွဲနေ့မှာ မထင်ထားတဲ့ဖြစ်ရပ် ဖြစ်ခဲ့တယ်။ မုယင်ရွှယ်က ကျွန်မကို အဆိပ်ခတ်လိုက်လို့ ကျွန်မသိုင်းအခြေခံက သုံးစားမရတော့ဘူး။ ကျွန်မတို့ ရှုန်းမိသားစုတစ်စုလုံး အဲဒီအတိုင်းပဲ။ အဲ့ဒါနဲ့ ယွီမိသားစုက အခွင့်ကောင်းယူပြီး ရှုန်းမိသားစုတစ်စုလုံးကို သုတ်သင်ခဲ့တယ်။ သမီးတော်လေးကိုပဲ ခေါ်ထုတ်လာနိုင်ခဲ့တာ...”

ချင်မူ ကြေကွဲစွာ သက်ပြင်းချရင်း ဆေးစွမ်းအင်ကို သန့်စင်လိုက်သည်။ “မိန်းကလေးတို့ အစစ်အမှန်ကောင်းကင်နန်းတော်ရဲ့ စီမံအုပ်ချုပ်ပုံက မှားနေတယ်”

မိန်းကလေးက အတန်ငယ် ဒေါသထွက်သွားပြီး မေးသည်။ “ကျွန်မတို့က ဘယ်နေရာမှာ မှားနေလို့လဲ”

ချင်မူ ဆေးစွမ်းအင်ကို စုစည်း၍ ဆေးလုံးတစ်လုံး ဖွဲ့တည်လိုက်သည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ မဟာမိုးခြိမ်းသံကျောင်းတော်၊ တာအိုဂိုဏ်းနဲ့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းဆိုပြီး အထွတ်အမြတ်နယ်မြေကြီး သုံးခု ရှိတယ်။ ငါက ‌ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ ဂိုဏ်းသခင်ပါ။ ငါ ဂိုဏ်းသခင်နေရာကို ဆက်ခံတုန်းက ဓာတ်ကြီးငါးပါးအဆင့်ပဲ ရှိသေးပေမယ့် ဘယ်သူမှ ငါ့ကို မပုန်ကန်ခဲ့ဘူး။ တာအိုဂိုဏ်းရဲ့ တာအိုသခင်အသစ် လင်းရွှမ်ကလည်း ငါ့နဲ့သိုင်းအဆင့် တူတယ်။ သူ့ကိုလည်း တာအိုဂိုဏ်းက ဘယ်သူမှ မပုန်ကန်သလို၊ ရာထူးက ဖယ်ရှားချင်တာမျိုးလည်း မရှိကြဘူး။ မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ တထာဂတ ထွက်သွားတော့ တထာဂတနေရာက လစ်လပ်နေပေမယ့် သံဃာတော်တွေအကုန်လုံး သင့်သင့်မြတ်မြတ် နေကြဆဲပဲ။ ဘယ်သူမှ တထာဂတရဲ့ ထိုင်ခုံကို မလုကြဘူး။ ငါ့ရဲ့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းကို ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ကောင်းကင်နတ်ဆိုးဂိုဏ်းလို့ ခေါ်ကြတယ်။ ဒါပေမဲ့ ငါတို့က ရက်စက်ကြမ်းတမ်းရင်တောင်မှ ငါတို့ရဲ့အမွေဟာ စည်းကမ်းနဲ့အညီ တည်မြဲနေဆဲပဲ။ ငါတို့နဲ့ ယှဉ်လိုက်ရင် မင်းတို့ အစစ်အမှန်ကောင်းကင်နန်းတော်က နိမ့်ကျနေတယ်။ ဒါကြောင့် မင်းတို့ရဲ့ စီမံအုပ်ချုပ်ပုံက မှားနေတယ်လို့ ငါ ပြောတာပဲ”

မိန်းကလေးက သူ့ကို ငိုင်တွေတွေ ကြည့်နေသည်။ ပြန်ပြောချင်သော်လည်း သူမ မည်သည်ကိုပြောရမှန်း မသိပေ။

ချင်မူက သူမပါးစပ်ကို ဖွင့်၍ စွမ်းအင်ဆေးလုံးတစ်လုံး ကျွေးသည်။ သူ့လက်နှစ်‌ချောင်းက သူမ၏လည်ချောင်းဝထဲ လျှောဆင်းလာပြီး သူ့လက်ချောင်းထိပ်ရှိ ချီစွမ်းအင်က စွမ်းအင်ဆေးလုံးကို သူမ၏ဝမ်းဗိုက်ထဲအထိ သယ်ဆောင်ပေးသွားသည်။ ထို့နောက် သူက စွမ်းအင်ဆေးလုံး၏ ဆေးစွမ်းအင်ကို ချေဖျက်လိုက်၏။

သူ့အင်္ကျီလက်အိုးများ တဖတ်ဖတ် လှုပ်သွားပြီး မိန်းကလေးမှာ အပေါ်မြောက်တက်သွားသည်။ သူ၏လက်ဆယ်‌ချောင်းက သူမခန္ဓာကိုယ်ကို အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ထိကာ ကိုယ်ထဲရှိ ဆေးစွမ်းအင်ကို လှုံ့ဆော်ပေးနေသည်။

သူ ရပ်လိုက်သည့်အခါ မိန်းကလေးက အောက်ပြန်ကျလာသည်။ သူမမှာ ယိမ်းယိုင်သွားသော်လည်း သူမ၏ကိုယ်တွင်းအင်္ဂါများက လျင်မြန်စွာ သက်သာနေ၏။

ချင်မူက ချစ်စရာကောင်းသော ကလေးမလေးကို လှည့်ကြည့်လိုက်သည်။ ကလေးမလေးသည် အသက်လေးနှစ်၊ ငါးနှစ်မျှ ရှိမည်ထင်ရပြီး ကျစ်ဆံမြီးလေးနှစ်ချောင်း ကျစ်ထား၏။ သူမကိုယ်ပေါ်တွင် ရွှေငွေ‌ကျောက်မျက်ရတနာများစွာ ရှိပြီး အကုန်လုံးက အတော်လေး အရည်အသွေးမြင့်သော ဝိညာဉ်လက်နက်များ ဖြစ်ကြသည်။

ကလေးမလေးကို စမ်းသပ်လိုက်သည့်အခါ အပေါ်ယံဒဏ်ရာများသာ ရထားကြောင်း ချင်မူ တွေ့လိုက်ရသည်။ ဒဏ်ရာကြီးကြီးမားမား မရထား၍ နဂါးသွားရည်တချို့သာ သုတ်လိမ်းပေးလိုက်၏။

“ညီမတော် နာမည်က ဘယ်လိုခေါ်လဲ” ချင်မူ မေးလိုက်သည်။

ကလေးမလေးက ရွှန်းလဲ့နက်မှောင်နေသော မျက်ဝန်းလေးများကို ပုတ်ခတ်လိုက်ပြီး ကျယ်လောင်ပြတ်သားစွာ ပြောသည်။ “ရှုန်းချီအာပါ ရှင့်။ မယ်မယ်က ရှုန်းရှီယွီလို့ ခေါ်ပါတယ်”

ချင်မူ ပြုံးလိုက်သည်။ “ညီမတော်ရဲ့ မယ်တော်က အစစ်အမှန်ကောင်းကင်နန်းတော်ရဲ့ နန်းဆောင်သခင်မဆိုတော့ နာမည်တပ်ခေါ်လို့ မရဘူး။ နန်းဆောင်သခင်မလို့ပဲ ခေါ်ရမှာ။ ညီမတော်ကိုတော့ ချီအာလို့ ခေါ်မယ်။ ငါ့နာမည်က ချင်မူပါ”

မိန်းကလေးရှုန်းရှီယွီက ကပျာကယာ ပြောသည်။ “ဦးရီးတော်ချင်ကို ဂါဝရပြုလိုက်”

ချင်မူ့မျက်နှာ မည်းသွားပြီး ရှုန်းရှီယွီကို ပြောလိုက်သည်။ “ကျွန်တော်က ဆယ့်ငါးနှစ်ပဲ ရှိသေးတာပါဗျ။ အစ်ကိုတော်လို့‌ ခေါ်လည်း ရပါတယ်”

ရှုန်းရှီယွီက အခက်တွေ့သွားဟန်ဖြင့် ပြောသည်။ “အစ်ကိုတော်ချင်....”

ချင်မူ ကမန်းကတန်း ဝင်ပြောလိုက်ရသည်။ “ချီအာကို ခေါ်ခိုင်းတာ။ နန်းဆောင်သခင်မကို ခေါ်ခိုင်းနေတာမဟုတ်ဘူး”

ရှုန်းရှီယွီ၏မျက်နှာမှာ အရှက်သည်းကာ နီရဲသွားသည်။

ချင်မူ တဟားဟား ရယ်ပြီး သူမလက်ကို ဆန့်စေလိုက်သည်။ ထို့နောက် လက်ချောင်းတစ်ချောင်း ရွေးကာ သွေးတစ်စက် ဖောက်ထုတ်၏။ သူ့လက်ချောင်းများကို ဖြန့်ကားလိုက်သည့အခါ သွေးစက်က ရုတ်ခြည်း အဆတစ်သောင်း ပြန့်ကားကြီးမားလာပြီး သွေးဆဲလ်ကြီးတစ်ခု ဖြစ်သွားသည်။

ချင်မူ၏သူငယ်အိမ်က အလွှာလေးထပ်ဖွဲ့ကာ စိမ်းပြာရောင်ကောင်းကင်မျက်လုံးကို ဖွဲ့တည်လိုက်သည်။ သွေးဆဲလ်ကို အသေးစိတ် ကြည့်ရှုပြီးနောက် သူက ပြောလိုက်၏။ “ဒါက ချီစွမ်းအင်အပေါ် သက်ရောက်တဲ့ အဆိပ်ပဲ။ ခန္ဓာကိုယ်အပေါ် သက်ရောက်မှု များများစားစား မရှိဘူး။ နန်းဆောင်သခင်မ ခွင့်လွှတ်ပါ၊ ကျွန်တော် သခင်မကိုယ်ထဲ ဝင်ပြီး ကောင်းကင်ရတနာတွေကို စစ်ဆေးရလိမ့်မယ်”

ရှုန်းရှီယွီမှာ တစ်ခုခုပြောချင်သော်လည်း မပြောနိုင်ခင် ချင်မူက အရိပ်မည်းမည်းအသွင်ပြောင်းကာ သူမ၏မျက်ခုံးနှစ်ဖက်ကြားမှ ဝင်သွားသည်။

သူမ၏မျက်ခုံးနှစ်ဖက်ကြား နေရာ ဖောင်းကြွလာသည်ကို ရှုန်းရှီယွီ ခံစားလိုက်ရသည်။ ထို့နောက် လူသေးသေးတစ်ယောက် သူမကိုယ်ထဲတွင် ဟိုဟိုသည်သည် သွားလာနေသကဲ့သို့ သူမနှလုံးသားနေရာလည်း ဖောင်းလာ၏။

ချင်မူက ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာမှ ကောင်းကင်နတ်အသွင်ကောင်းကင်ရတနာအထိ တစ်လျှောက်လုံး စစ်ဆေးသွားသည်။ သေခြင်းရှင်ခြင်းကောင်းကင်ရတနာသို့ ရောက်သောအခါ သူ အံ့ဩမဆုံးဖြစ်သွား၏။ ထိုကောင်းကင်ရတနာက ပွင့်နေလေသည်။

‘သူက သေခြင်းရှင်ခြင်းအဆင့် သိုင်းပညာရှင်ဖြစ်နိုင်မလား’

ချင်မူ အရိပ်မည်းမည်းအသွင် ပြောင်း၍ ရှုန်းရှီယွီ၏ ကောင်းကင်တံတားကောင်းကင်ရတနာထဲ ဝင်လိုက်သည့်အခါ ရင်ထဲတွင် ပြင်းပြင်းထန်ထန် လှုပ်ခတ်သွား၏။ ဤအမျိုးသမီး၏ ကောင်းကင်တံတားကောင်းကင်ရတနာက အမှန်တကယ် ပွင့်နေချေသည်။

‘ငါ ဂိုဏ်းသခင်အဆင့် အမျိုးသမီးသိုင်းပညာရှင်တစ်ယောက်ကို ကယ်ခဲ့မိတယ်။ ပြီးတော့ သူက ငါ့ကို အစ်ကိုတော်တဲ့...’

ချင်မူ စိတ်လှုပ်ရှားလာသော်လည်း ဟန်မပျက်ထိန်းကာ ရှုန်းရှီယွီ၏ကိုယ်ထဲမှ ထွက်လိုက်သည်။ ကောင်းကင်တံတားအဆင့် ဖြစ်နေသည့်အတွက် အစစ်အမှန်ကောင်းကင်နန်းတော်၏ နန်းဆောင်သခင်မဖြစ်လာသည်မှာ အံ့ဩစရာမရှိပေ။

ရှုန်းရှီယွီက အနေရမခက်တော့သဖြင့် ရုတ်ခြည်း မေးသည်။ “ဂိုဏ်းသခင် ကျွန်မကိုယ်ထဲက အဆိပ်က...”

“အဆိပ်က ချီစွမ်းအင်လှည့်ပတ်မှုကနေတစ်ဆင့် ကောင်းကင်ရတနာတွေထဲ ဝင်သွားပြီး ကောင်းကင်ရတနာတွေကို ဖျက်စီးနေတာ” ချင်မူ တခဏကြာ တွက်ချက်ကြည့်ပြီးနောက် ပြောလိုက်သည်။ “နန်းဆောင်သခင်မသာ ကောင်းကင်ရတနာတွေကို ချက်ချင်း ပိတ်လိုက်ရင် အဆိပ်သိပ်မပြန့်‌နိုင်လို့ အလွယ်တကူ ဖယ်ရှားနိုင်မှာ။ ဒါပေမဲ့ အခုတော့ ကောင်းကင်ရတနာတွေထဲ ဝင်သွားပြီဆိုတော့ ဖြေဖို့ နည်းနည်းအခက်တွေ့လိမ့်မယ်”

ရှုန်းရှီယွီ ဖျော့တော့သွားသည်။ “မုယင်ရွှယ်ရဲ့ ပိုးချည်ရစ်ခွေအဆိပ်က တစ်လောကလုံးမှာ ပြိုင်ဘက်ကင်းပဲ။ ကျွန်မ အချိန်ကြာကြာဆွဲထားလေလေ၊ ကျွန်မရဲ့ ချီစွမ်းအင်တွေ ပိုမိုကုန်ခမ်းလာပြီး သိုင်းအဆင့်က ဒီထက်ပိုကျဆင်းသွားတော့မှာ။ သိပ်မကြာခင် သုံးစားမရတော့တဲ့လူ ဖြစ်မှာ စိုးမိပါတယ်...”

“တစ်လောကလုံးမှာ ပြိုင်ဘက်ကင်းတဲ့လား” ချင်မူ ပြုံး၍ ပြောလိုက်သည်။ “ကျွန်တော်တောင်မှ ကိုယ့်ကိုကိုယ် တစ်လောကလုံးမှာ နံပါတ်သုံးလို့ပဲ ခေါ်ဝံ့တာ။ သူက ဘယ်လိုလုပ် သူ့ကိုယ်သူ နံပါတ်တစ်လို့ ဆိုရတာလဲ။ မပူပါနဲ့ နန်းဆောင်သခင်မ သိုင်းအဆင့်မကျအောင် ကျွန်တော် အဆိပ်ကို ဖိနှိပ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ဆေးပင်မလောက်လို့ နည်းနည်းပါးပါး ထပ်ရှာရဦးမယ်”

ရှုန်းရှီယွီ၏ ရင်ထဲတွင် မျှော်လင့်ချက်ရောင်ခြည်လေး ပေါ်လာသည်။ သူမက ကုန်းရုန်းထပြီး သမီးဖြစ်သူ၏လက်ကို ဆုပ်ကိုင်သည်။ “ဂိုဏ်းသခင်ချင် ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ မနေ့ညတုန်းက ပြောခဲ့တဲ့စကားက ဂိုဏ်းသခင်ချင်ရဲ့ စိတ်ကိုဆွဖို့ တမင်တကာ ပြောခဲ့တဲ့စကားပါ....”

ချင်မူ စိတ်မကွက်ဘဲ လက်ခါလိုက်ပြီး ပြုံးလိုက်သည်။ “သူတော်ကောင်းဆိုတာလား။ ကျွန်တော်က သူတော်ကောင်းမဟုတ်ပါဘူး။ အမှန်တိုင်းပြောရရင် ကျွန်တော့်ဂုဏ်သတင်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာက သမာသမတ်ဘက်တော်သားတွေရဲ့ မျက်လုံးထဲမှာ သိပ်မကောင်းလှပါဘူးဗျာ။ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ ဂိုဏ်းသခင်ချင်က သူတော်ကောင်းတစ်ယောက်ပါလို့ သူတို့ကို သွားပြောလိုက်ရင် ရယ်ရလွန်းလို့ သေသွားကြလိမ့်မယ်”

သူက ရှုန်းချီအာကို ပွေ့ချီ၍ နဂါးချီလင်ကျောပေါ် တင်လိုက်သည်။ “သွားစို့”

ရှုန်းရှီယွီက ကပျာကယာ ပြောသည်။ “ယွီပိုချွမ်နဲ့ ကျန်တဲ့လူတွေ...”

“ဒါက မဟာမြို့ပျက်၊ အနောက်ကမ္ဘာမြေမဟုတ်ဘူး” ချင်မူက‌ အေး‌အေးလူလူ ပြောသည်။ “မဟာမြို့ပျက်ကို လာတယ်ဆိုတာ ကျွန်တော့်ရဲ့အိမ်ကို လာတာနဲ့တူတူပဲ။ ဒီနေရာမှာ လှည့်ကွက်တွေ အသုံးမဝင်ဘူး”

ရှုန်းရှီယွီမှာ စိတ်ပူနေသော်လည်း သူ့နောက်မှသာ လိုက်လာသည်။ သူမ တွေးကြည့်သည့်အခါ သူနှင့်စကားပြောနေစဉ် သူမ၏ဒဏ်ရာများ သက်သာလာပြီး ခြေလှမ်းများ တဖြည်းဖြည်း ပေါ့ပါးလာကြောင်း သတိထားမိလိုက်သည်။

သူတို့ ချိုင့်ဝှမ်းအပြင် ရောက်သည့်အခါ သူမ၏ဒဏ်ရာများက ပျောက်ကင်းသွားချေပြီ။

ချင်မူက ပရဆေးပင်များကို ပတ်ရှာနေသည်။ ဆေးပင်တစ်ပင်တွေ့တိုင်း နှုတ်တတ်၏။ ချိုင့်ဝှမ်းအပြင်ရောက်သည့်အခါ ဆေးပင်တစ်ရာကျော် သူ စုမိသွားပြီဖြစ်သည်။ သူက ခူးလည်းခူး၊ ဆေးလည်း ဖော်နေ၏။ ရှုန်းရှီယွီမှာ ချင်မူ့ကို ကြည့်ရင်း စိတ်ရှုပ်ထွေးနေသည်။ ချင်မူက ဆေးပင်ပေါင်းများစွာကို ဖော်စပ်နေသော်လည်း ထောင်ကျယ်အိတ်ထဲ သိပ်ထည့်နေသည့်အတွက် သူ မည်သည့်ဆေးကို ဖော်စပ်ခဲ့ကြောင်း သူမ မသိရပေ။

သူတို့ တောင်ကုန်းများရှိသည့် နယ်မြေသို့ ရောက်လာပြီး ချင်မူ မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။ ပတ်ဝန်းကျင်တွင် စိမ်းစိမ်းစိုစို တောင်ကုန်းများနှင့် ပြာလဲလဲ့ရေကန်များ ရှိရာ ရှုခင်းသည် အလွန်မျက်စိပသာဒ ရှိလှ၏ သို့သော် ဆန်းကြယ်သားရဲတစ်ကောင်တစ်မြီးမှ မတွေ့ရပေ။ ငှက်သေးသေးလေးများပင် ပျံဝဲနေခြင်းမရှိ။

“မူမမှန်ဘူး”

ဤအခိုက်အတန့်တွင် အရှေ့မှ သီချင်းသံများ ကြားလိုက်ရသည်။ သီဆိုနေသောသူများ၏ အသံများက နှလုံးသားအား အသာအယာလေး လာတို့ထိနေသကဲ့သို့ နူးညံ့ပြီး တိမ်းမက်ယစ်မူးဖွယ်ကောင်း၏။

ချင်မူ အမွှေးဖြူလင်းနို့နှစ်ကောင်ကို လှမ်းကြည့်လိုက်ရာ သူတို့က ချက်ချင်း အသံလာရာနေရာသို့ ပျံသန်းသွားကြသည်။ တအောင့်ကြာသော် အမွှေးဖြူလင်းနို့နှစ်ကောင် ပြန်ရောက်လာပြီး ပြော၏။ “အရှေ့မှာ ကန်တစ်ကန်ရှိတယ်။ အဲဒီမှာ ကိုယ်လုံးတီးချွတ် ရေချိုးနေကြတဲ့ မိန်းကလေးတွေ အများကြီးပဲ”

All Chapters