← Chapters

မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် သေဆုံးခြင်း

Vol. 60 Ch. 838

မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် သေဆုံးခြင်း

Vol. 60 Ch. 838

အခန်း (၈၃၈) မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် သေဆုံးခြင်း

စိတ်ထဲတွင် မျှော်လင့်ချက်အပြည့်ရှိနေသဖြင့် ရန်ကျောက်ကဲ၏ နာကျင်အောင်နှိပ်စက်မှုကို ဘုန်တော်ကြီးက ထူးခြားစွာ တောင့်ခံထားနိုင်ခဲ့သည်။

ရန်ကျောက်ကဲ၏နှိပ်စက်မှုနည်းလမ်းက ဝေဒနာထင်ရှားစွာဖြင့် နာကျင်ခံစားရသော်လည်း ငယ်ရွယ်သည့် ဘုန်းတော်ကြီး၏ စိတ်အစဉ်ကတော့ ကြည်လင်လျှက်ရှိနေဆဲပင်။

ထို့ကြောင့် သူ့ခေါင်းထဲတွင် မေးခွန်းပေါင်းများစွာ ပြေးလွှားလျှက် ရှိသည်။

သူက နာကျင်မှုကို ဇွဲမလျှော့ဘဲ အံကြိတ်ခံရင်း အေးဆေးတည်ငြိမ်သောစိတ်အစဉ်ဖြင့် မြန်မြန်ဆန်ဆတ်ပင် စဉ်းစားနေသည်။

“ဒါက စန့်ချင်အဆက်အနွယ်က နတ်ဘုရားအဆုံးသတ်ဓားသိုင်းများလား... အဲဒါနဲ့လည်းမတူဘူး”

“ငါတို့ ဗုဒ္ဓဘာသာကျင့်စဉ်နဲ့လည်း မတူဘူး...”

“မိစ္ဆာလမ်းစဉ်လိုက်ပြီး နတ်ဆိုးတွေ ၊ မိစ္ဆာနတ်ဘုရားတွေကိုယုံကြည်တဲ့သူရဲ့ ကျင့်ကြံခြင်းမျိုးလည်း မဟုတ်ဘူး”

“ယွိချင်အဆက်အနွယ်တွေရဲ့ ကောင်းကင်ဘုံကျမ်းစာ (၁၀)အုပ်ထဲက ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာများလား... ဒါပေမဲ့ ဒီကျမ်းစာက ဖြတ်တောက်ခံလိုက်ရတာကြာလှပြီ ၊ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

“မြစ်ဝါကားချပ်ကျမ်းစာရဲ့ နက္ခတ်ပညာလား ၊ ဒါမှမဟုတ် ထိုက်ချင်အဆက်အနွယ်တွေရဲ့  ရှန်းထျန်းဝူထိုက်ပညာက ထိုက်ယိလက်သီးသိုင်းလား ၊ ငရဲကိုးထပ်က သဏ္ဌန်မဲ့မိစ္ဆာကျမ်းစာလား”

ငယ်ရွယ်သောဘုန်းတော်ကြီးက ဖြစ်နိုင်ခြေရှိသည်များကို အလျှင်အမြန် စဉ်းစားနေသည်။

“ဒါပေမဲ့ အဲဒီသိုင်းပညာတွေက ပျောက်ဆုံးနေတာကြာပြီပဲ ၊ အသစ်တစ်ခု ထပ်ပြီးတီထွင်လိုက်တာမျိုး ဖြစ်နိုင်မလား”

သို့သော် ထိုသိုင်းပညာက မည်သည့်သိုင်းပညာဖြစ်စေကာမူ ပြောင်းလဲမသွားသည့် အချက်တစ်ချက်ရှိသည်။

ထိပ်တန်းအဆင့် ဗုဒ္ဓဘာသာကျင့်ကြံသူများသာလျှင် ထူးခြားသောချွင်းချက်ကိစ္စများရှိမှသာ ဗုဒ္ဓအလင်းရောင် ထွက်ခွာသွားခြင်းကို ရပ်တန့်နိုင်စွမ်းရှိသည်။ သို့သော် ယခု ရန်ကျောက်ကဲသည်လည်း ဗုဒ္ဓအလင်းရောင်ကို တားဆီးနိုင်စွမ်း ရှိနေသည်။

ထို့ကြောင့် သူ၏တပည့်အဖော်များ သုတ်သင်ခံရသည့်အကြောင်းကို ထိပ်တန်းအဆင့် ဗုဒ္ဓဘာသာကျင့်ကြံသူများ သိရှိရန် နည်းလမ်းမရှိပေ။

တည်နေရာကိုမသိရှိနိုင်သဖြင့် ရန်ကျောက်ကဲ လက်ချက်ဖြစ်သည်ကို သိရှိနိုင်ကြမည် မဟုတ်ပေ။ သူတို့အားလုံးသေဆုံးသွားသည့်တိုင် သူ့အရှေ့မှ လူငယ်ကတော့ လွတ်မြောက်သွားမည် ဖြစ်၏။

ထိုသို့တွေးမိသည့်အခါ စိတ်ဓာတ်ခိုင်မာသော ဘုန်းတော်ကြီးမှာ ချက်ချင်းပင် စိတ်ပျက်လက်ပျက် ဖြစ်သွားတော့သည်။

“သူ စောစောက ငါနဲ့တိုက်ခိုက်တုန်းကတော့ ဒီပျောက်ကွယ်နေတဲ့သိုင်းပညာတွေ အသုံးပြုတာ သဲလွန်စတစ်ချက်တောင် မတွေ့ခဲ့ရဘူး”

သူက တွေးလိုက်သည်။

ထိုစဉ် ရန်ကျောက်ကဲက ဘုန်းတော်ကြီးကို တည်ငြိမ်စွာကြည့်ရင်း...

“ဆရာတော်... ကြည့်ရတာ ဒီ ‘ရန်’ က ဘာအပြစ်မှမရှိဘူးထင်တယ် ၊ အခုထိ ဝဋ်မလည်သေးဘူး ၊ သေချာတာတော့ ငါ ဝတ်လည်တာကို ဆရာတော် မြင်ရတော့မှာ မဟုတ်ဘူး”

“ငါ့မှာ ဆရာတော်နဲ့စကားပြောဖို့ အချိန်တွေအများကြီး ရှိပါတယ် ၊ ဆရာတော် ဘယ်လောက်တောင့်ခံနိုင်မလဲ ကြည့်ကြတာပေါ့”

ထိုစကားကြားတော့ ဘုန်းတော်ကြီးက နှာခေါင်းတစ်ချက်ရှုံ့လိုက်သည့်တိုင် မျက်လုံးများထဲမှာတော့ စိတ်ဓာတ်ကျသည့်ခံစားချက်များ ပြည့်နက်နေကြောင်း တွေ့ရလေသည်။

သူက...

“ဒကာလေး... မင်း ဘုန်းကြီးဆီက ဘာမှသိရမှာမဟုတ်ဘူး”

စကားဆုံးသွားသည်နှင့် ဘုန်းတော်ကြီး၏ ခန္ဓာကိုယ်အတွင်းမှ စိမ်းပြာရောင်ဗုဒ္ဓအလင်းတန်း တောက်ပလာသည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ချက်ချင်းပင် ခုခံရန်ကြိုစားလိုက်သော်လည်း ငယ်ရွယ်သောဘုန်းတော်ကြီး၏ ခန္ဓာကိုယ်အတွင်းမှ ဗုဒ္ဓအလင်းရောင်က သူ့ကိုတိုက်ခိုက်ရန် ထုတ်လွှတ်လိုက်ခြင်းမဟုတ်ကြောင်း သိလိုက်ရသည်။

ရန်ကျောက်ကဲ၏မျက်ဝန်းများ လက်ခနဲတောက်ပသွားပြီး ဘုန်းတော်ကြီး၏ရင်ဘတ်ထက်သို့ လက်ဖဝါးဖြင့် ဖိနှိပ်ကာ ပရမ်းပတာချီစွမ်းအားကို ထုတ်လွှတ်လိုက်ပြီး ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို လှည့်ပတ်ကာ ဗုဒ္ဓအလင်းရောင်ကို ပျက်ဆီးစေလိုက်သည်။

သို့သော် ဗုဒ္ဓအလင်းရောင်က အပြင်သို့ထွက်မလာဘဲ ဘုန်းတော်ကြီး၏ ခန္ဓာကိုယ်ထဲမှာပင် မှေးမှိန်ပျောက်ကွယ်သွားသည်။

သန့်စင်အေးချမ်းသော အလင်းရောင်သည် ယခုတော့ တိတ်ဆိတ်စွာဖြင့် သေဆုံးသွားသည်။

ငယ်ရွယ်သော ဘုန်းတော်ကြီးက တိုးလျစွာ ရေရွတ်လိုက်၏။

“ဗုဒ္ဓက ကရုဏာတရားကြီးမားလှပါတယ်”

ထို့နောက်မှာတော့ စကားသံထပ်မံထွက်ပေါ်လာခြင်းမရှိတော့ဘဲ မျက်ဝန်းများက မှေးမှိတ်သွားပြီး သူ၏ပုံစံက ရုပ်တုတစ်ခုပမာ ပြောင်းလဲသွားသည်။

သူ၏အရေပြားမျက်နှာပြင်ပေါ်တွင် ရွှေရောင်အလင်းအလွှာတစ်ခုထွက်ပေါ်လာပြီး ရွှေချထားသည့် ရုပ်တုတစ်ခုနှင့်ဆင်တူသည်။

သို့သော် အသက်ရှူခြင်းမရှိတော့ဘဲ လုံးဝ သေဆုံးသွားပေပြီ။

ရန်ကျောက်ကဲက သူ့အရှေ့မှ ဘုန်းတော်ကြီးအား တအံ့တသြဖြင့်ကြည့်နေစဉ် ရွှေရောင်ရုပ်တုအဖြစ်ပြောင်းလဲသွားသော ရုပ်ခဣ်ဓာက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားထံသို့ ဖြည်းဖြည်းချင်း ပြိုကျသွားသည်။

“ဒါက ပြီးပြည့်စုံတဲ့နည်းလမ်းနဲ့ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးလိုက်တာပေါ့ ၊ ဒါဆို ဒီဘုန်းကြီးဆီက ဘာမှစုံစမ်းမေးမြန်းလို့ရမှာ မဟုတ်တော့ဘူး”

ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း...

“ကျင့်ကြံခြင်းအဆင့်တစ်ခုအထိ မြင့်မားတဲ့ ဗုဒ္ဓဘာသာကျင့်ကြံသူတွေသာ ဒီလိုမျိုးနည်းလမ်းနဲ့ ကိုယ့်ကိုယ်ကိုယ် အဆုံးသတ်လို့ရတာလား ၊ ဒါမှမဟုတ် ဗုဒ္ဓဘာသာကျင့်ကြံသူတိုင်း ဒီနည်းလမ်းအသုံးပြုလို့ရသလား မသိနိုင်ဘူး”

“ငါ အတော်သတိလက်လွတ်ဖြစ်သွားတာပဲ ၊ ဒီလိုဖြစ်မယ်မှန်းသာသိရင် စောစောကလူတွေကို အကုန်မသတ်ဘဲ တစ်ယောက်လောက်ချန်ထားလိုက်ပါတယ် ၊ အခုတော့ တစ်ယောက်မကျန် သတ်လိုက်မိပြီ”

ရန်ကျောက်ကဲက ဘုန်းတော်ကြီး၏ရုပ်ကြွင်းကို ငေးစိုက်ကြည့်ရင်း...

“သူ့ရဲ့ ဗုဒ္ဓအလင်းတန်းက လုံးဝပျက်ဆီးသွားပြီ ၊ ဒါကြောင့် တန်ခိုးစွမ်းအားပိုပြီးမြင့်မားတဲ့ ဗုဒ္ဓဘာသာကျင့်ကြံသူတွေကို ဒီနေရာမှာ ဘာဖြစ်နေလဲဆိုတာ လမ်းပြလို့မရနိုင်တော့ဘူး ၊ ပြီးတော့ ဒီလိုလုပ်လိုက်တာက သူ့အတွက် နောက်ဆုံး‌ရွေးချယ်မှု ဖြစ်နိုင်တယ် ၊ မျှော်လင့်ချက် လုံးဝမဆုံးရှုံးသရွေ့ သူ ဒီလမ်းကိုရွေးချယ်မှာ မဟုတ်ဘူး”

“ကိုယ့်ကိုယ်ကိုယ် အဆုံစီရင်ဖို့ဆိုတာ တော်ရုံသတ္တိ ၊ ဆုံးဖြတ်ချက်ခိုင်မာရုံနဲ့ မရနိုင်ဘူး ၊ ဒါပေမဲ့ အစွန်းရောက်အယူဝါဒရှိတဲ့သူတွေအတွက်တော ပြောရခက်တယ်”

ရန်ကျောက်ကဲက သက်ပြင်းချရင်း ဘုန်းတော်ကြီး၏ရုပ်ကြွင်းကို သေးငယ်သောအသွင်ဖန်ဆင်းကာ သိမ်းဆည်းလိုက်သည်။

ထို့နောက် နောက်ဆုံးအကြိမ်အဖြစ် ‘သူတော်စင်ဗုဒ္ဓတောင်’ ရှိရာသို့ လှမ်းကြည့်လိုက်၏။

“ဒီနေရာကို သေချာမှတ်ထားရမယ် ၊ နောက်ပိုင်း အချိန်တန်ရင် ပြန်လာကြည့်ရမယ်”

ဘာကြောင့်မှန်းမသိ ၊ ရန်ကျောက်ကဲ ဤနေရာအတွက် အနည်းငယ် စိတ်ပူပန်နေခဲ့သည်။

ကြီးမားသည့်ဆင်ဖြူကြီးမှာလည်း ပန်ပန်ကြောင့် အသက်ပျောက်သွားပေပြီ။

ယခု ပန်ပန်၏ခန္ဓာကိုယ်က ပုံမှန်အရွယ်အစား ပြန်လည်ရောက်ရှိသွားပြီး ရန်ကျောက်ကဲ ၊ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားတို့နှင့်အတူ အသင်္ချေနဂါးနန်းတော်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားသည်။

ရန်ကျောက်ကဲက သူ့လက်ထဲမှ ဘုန်းတော်ကြီးရုပ်ကြွင်းကိုကြည့်ရင်း...

“အခု သေသွားပြီဆိုတော့ စောစောက ငါသတ်လိုက်တဲ့ ဗုဒ္ဓဘာသာကျင့်ကြံသူတွေလိုပဲ ဘာမှလုပ်လို့မရတော့ဘူး”

ဗုဒ္ဓအလင်းတန်းက ရန်ကျောက်ကဲလက်ဖဝါးထက်မှ ပရမ်းပတာချီစွမ်းအားအတွင်းဝင်ရောက်ကာ အလုံးစုံပျက်သုဉ်းသွားသဖြင့် ဆက်လက်တည်ရှိနိုင်ခြင်း မရှိတော့ပေ။

အသင်္ချေနဂါးနန်းတော်ထဲတွင် ဖန်းယွင်ရှန်းက ရန်ကျောက်ကဲကိုကြည့်ရင်း...

“သူတို့တွေ ထပ်ပြီးရောက်မလာနိုင်တော့ဘူး မဟုတ်လား”

ရန်ကျောက်ကဲက...

“ဒီ ဗုဒ္ဓဘာသာကျင့်ကြံသူတွေက ဒီကျဲရှင်ကမ္ဘာမှာနေထိုင်တဲ့ ကျင့်ကြံသူတွေဖြစ်ရမယ် ၊ စောစောက သူ့ကိုယ်သူ အဆုံးစီရင်သွားတဲ့ ဘုန်းတော်ကြီးက ဒီကမ္ဘာက အဆင့်အမြင့်ဆုံးကျင့်ကြံသူဖြစ်နိုင်တယ်”

“ဒီထက်အဆင့်မြင့်တဲ့ ဗုဒ္ဓဘာသာကျင့်ကြံသူတွေကတော့ အခြေအနေတစ်ခုလုံးကို မသိနိုင်ဘူးဆိုရင် ၊ ဒီနေရာမှာဖြစ်ပျက်ခဲ့တာတွေကို မသိနိုင်ဘူးဆိုရင် ဒီနေရာကို အချိန်မီရောက်လာနိုင်မှာမဟုတ်ဘူး”

ထိုအခါမှ ဖန်းယွင်ရှန်း စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်သည်။

ပြီးမှ သူမက စူးစမ်းလိုစိတ်ဖြင့်...

“ဒါဆိုရင် စန့်ချင်အဆက်အနွယ်တွေပြောသလို ဗုဒ္ဓဘာသာကျင့်ကြံသူတစ်ယောက်ကိုသတ်လိုက်တာနဲ့ ပိုပြီးစွမ်းအားမြင့်မားတဲ့သူတွေ ချက်ချင်းရောက်လာမယ်ဆိုတာ မဟုတ်ဘူးပေါ့ ၊ ဒါက တစ်ခုခုနားလည်မှုလွဲတာများလား”

ရန်ကျောက်ကဲက...

“မဟုတ်ဘူး... အဲဒီလိုမဟုတ်ဘူး ၊ သူတို့ပြောတာတကယ့်အမှန်တရားပဲ ၊ မင်းတို့တွေလည်း နောင်အနာဂတ်မှာ ဗုဒ္ဓဘာသာကျင့်ကြံသူတွေနဲ့ ရင်ဆိုင်ရမယ်ဆိုရင် ဒီအချက်ကို အထူးသတိထားရမယ်”

“ငါ သူတို့ကိုသတ်လိုက်နိုင်တဲ့အဓိကအကြောင်းရင်းက... ‘သဏ္ဌန်မဲ့မိစ္ဆာကျမ်းစာ’ ကိုအသုံးပြုတိုက်ခိုက်လိုက်တာကြောင့်ပဲ ၊ အဲဒီတန်ခိုးစွမ်းအားက သူတို့သေသွားရင် သူတို့ထက်စွမ်းအားကြီးမားသူတွေနဲ့ ဆက်သွယ်ပေးနိုင်တဲ့ ထူးဆန်းတဲ့အလင်းတန်းကို ဖြတ်တောက်ပစ်နိုင်တယ်”

“ဒီ မိစ္ဆာကျမ်းစာက လူတစ်ယောက်ရဲ့စိတ်အာရုံကို ရှုတ်ထွေးစေနိုင်တဲ့ ထိပ်တန်းမိစ္ဆာကျင့်စဉ်တစ်ခုပဲ ၊ လုံးဝမကျင့်ကြံသင့်တဲ့ ကျင့်စဉ်တစ်ခုလည်း ဖြစ်တယ် ၊ ဒါပေမဲ့  သူတို့ဘက်က ထူးခြားတဲ့နည်းလမ်းကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် မဖြစ်မနေ ဒီတန်ခိုးစွမ်းအားကို အသုံးပြုဖို့ လိုတယ်လေ”

ရန်ကျောက်ကဲက ဆက်ရှင်းပြသည်။

“နောက်ပိုင်းကျရင် မင်းတို့တွေကိုလည်း ဒီပညာသင်ပေးမယ် ၊ ဒါပေမဲ့ ဒီပညာကြောင့်တော့ မင်းတို့ရဲ့ ကျင့်ကြံခြင်းအခြေခံ ပျက်ဆီးသွားတာမျိုးတော့ မဖြစ်စေချင်ဘူး ၊ လိုအပ်ရင်သုံးရမယ့် ပညာတစ်ခုအနေနဲ့ပဲ သင်ယူထားစေချင်တယ်”

“သဏ္ဌန်မဲ့မိစ္ဆာကျမ်းစာ” ကျမ်းစာဆိုသည်က “သဏ္ဌန်မဲ့မိုးကောင်းကင်မိစ္ဆာ” ထံမှ ဆင်းသက်လာခြင်း ဖြစ်သည်။ “သဏ္ဌန်မဲ့မိုးကောင်းကင်မိစ္ဆာ” ဆိုသည်က ငရဲကိုးထပ်တွင် အစွမ်းအထက်ဆုံး မဟာမိစ္ဆာကြီးများထဲမှ တစ်ယောက်ဖြစ်ပြီး ဒဏ္ဍာရီလာ ထိပ်တန်းမိစ္ဆာတစ်ယောက်လည်း ဖြစ်၏။

ဤမိစ္ဆာပညာက ကောင်းကင်ဘုံနန်း‌တော်ရှိ စာကြည့်တိုက်ထဲတွင် သိမ်းဆည်းထားသော မိစ္ဆာတာအိုများထဲမှ အကောင်းဆုံးပညာတစ်ရပ်လည်း ဖြစ်သည်။

မိစ္ဆာစွမ်းအား အလွန်ပြင်းထန်လှသဖြင့် လူသားတို့၏ စိတ်အာရုံကို ပျက်ဆီးစေပြီး စိတ်ဝိညာဉ်ကို လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်း ရှိသည်။

ဖန်းယွင်ရှန်းနှင့် အခြားသူများ ခေါင်းညိတ်လိုက်ကြသည်။

အားဟူက နှုတ်ခမ်းတစ်ချက်သပ်လိုက်ရင်း...

“လုန်ချွမ်ဧကရာဇ်ရဲ့မျိုးနွယ်က ‘လုန်’ မျိုးနွယ်လို့ ကောင်းမိန်းကလေးက ပြောခဲ့တယ်နော်...”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“မင်းတို့မှတ်မိသေးလား ၊ ဟိုတလောတုန်းက ငါ့ကို ဆရာဘိုးဘိုး’လုန်’ ရဲ့အဆက်အနွယ်လားဆိုပြီးတော့ စွန်းကျုန်းတာ့ မေးဖူးတယ်လေ ၊ ကြည့်ရတာ အဲဒီ ဆရာဘိုးဘိုး’လုန်’ ဆိုတဲ့သူက လုန်ချွမ်ဧကရာဇ်ရဲ့မျိုးနွယ်ကိုဆက်ခံခဲ့တဲ့သူ ဖြစ်နိုင်တယ် ၊ ကြည့်ရတာ ကောင်းမိန်းကလေးပြောတဲ့ အဘိုးလေးဆိုတဲ့သူများ ဖြစ်နေမလားပဲ”

သူက စွန်းကျုန်းတာ့စကားကို သတိရသဖြင့် ကောင်းချင်ကို မေးခွန်းထုတ်ခဲ့ခြင်း ဖြစ်သည်။

လုန်ချွမ်ဧကရာဇ်က အထက်ဘုံကမ္ဘာမှထွက်ခွာလာပြီးနောက် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင်သာ နေထိုင်ခဲ့သည်။

ကောင်းချင်၏စကားများအရ လုန်ချွမ်ဧကရာဇ်က ရွှမ်ဟွမ်ဧကရီလောက် တန်ခိုးစွမ်းအားမြင့်မားခြင်းမရှိသော်လည်း သူတို့နှစ်ယောက် အလွန်ချစ်ခင်သံယောဇဉ်ရှိသော ဇနီးမောင်နှံများ ဖြစ်ကြသည်။

ထို့ကြောင့် ရွှမ်ဟွမ်ဧကရီအနေဖြင့် မည်မျှတန်ခိုးစွမ်းအားမြင့်မားပါစေ လုန်ချွမ်ဧကရာဇ် အရှက်ရစေမည့်လုပ်ရပ်မျိုးကို မည်သို့လုပ်ဆောင်ပါမည်နည်း။

အထက်ဘုံကမ္ဘာနှင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက သင့်မြတ်ခြင်းမရှိသဖြင့် လုန်ချွမ်ဧကရာဇ်က ရွှမ်ဟွမ်ဧကရီကို ရှုံးနိမ့်သည့်အခါ စန့်ချင်အဆက်အနွယ်များ၏ စစ်သုံ့ပန်းတစ်ယောက် ဖြစ်လာနိုင်သည်။ သို့သော် ယခုက စစ်သုံ့ပန်းတစ်ယောက်မဟုတ်ဘဲ ရွှမ်ဟွမ်ဧကရီ၏ ခင်ပွန်းဖြစ်လာသည့်အခါ အခြေအနေက ပြောင်းလဲသွားသည်။

ဤသို့ အဆင့်အတန်းမြင့်မားသော ဧကရာဇ်အဆင့်တန်ခိုးစွမ်းအားရှင်များကြားတွင် အပြန်အလှန်လေးစားသည့် ဆက်ဆံရေးတစ်ခု ရှိနေမည်ဆိုလျှင် ရွှမ်ဟွမ်ဧကရီအနေဖြင့် သားသမီးများအား သူမ၏မျိုးရိုးအမည်ကို အတင်းအကျပ် ဆက်ခံခိုင်းခြင်းကဲ့သို့ လုန်ချွမ်ဧကရာဇ်အရှက်ရစေမည့်လုပ်ရပ်မျိုးကို လုပ်ဆောင်ပါမည်လား။

လုန်ချွမ်ဧကရာဇ်သည် အထက်ဘုံကမ္ဘာမှ ယွိချင်အဆက်အနွယ်တစ်ယောက်ဖြစ်သဖြင့် သူ၏မျိုးဆက် သားမြေးတစ်ယောက်တလေသည် အထက်ဘုံကမ္ဘာသို့ ပြန်မသွားဘူးဆိုသည်မှာရော ဖြစ်နိုင်ပါမည်လား။

သို့သော် လုန်ချွမ်ဧကရာဇ်၏သားမြေးတစ်ယောက် အထက်ဘုံကမ္ဘာသို့ လာရောက်ခဲ့လျှင် ထိုသူကို လက်ခံမည်လား ၊ လက်မခံဘူးလားဆိုသည်ကတော့ အထက်ဘုံကမ္ဘာမှ အကြီးအကဲများ၏ ဆုံးဖြတ်ချက်အပေါ်တွင်သာ မူတည်လေသည်။

***

(မှတ်ချက် - ဤ ရှန်းရှစာစဉ်မှ ဗုဒ္ဓ ၊ ဘုရားလောင်း ၊ ဗုဒ္ဓဘာသာ ၊ ဗုဒ္ဓဘာသာကျင့်ကြံသူ ဆိုသည့်အသုံးအနှုန်းများမှာ မဟာယာနဗုဒ္ဓဘာသာကို ရည်ညွှန်းခြင်းဖြစ်ပြီး ထေရဝါဒဗုဒ္ဓဘာသာနှင့်သက်ဆိုင်ခြင်းမရှိပါကြောင်း - ဘာသာပြန်သူ)

All Chapters