“တံတိုင်း” ရဲ့ အခြားတစ်ဖက်ကို ဘယ်လိုပြန်မလဲ
Vol. 60 Ch. 839
အခန်း (၈၃၉) “တံတိုင်း” ရဲ့ အခြားတစ်ဖက်ကို ဘယ်လိုပြန်မလဲ
သို့ဆိုလျှင် လင်ဟန့်ဟွာနှင့် ကောင်းချင်တို့က ဆက်နွယ်မှု ရှိနေပါသလား တွေးစရာဖြစ်လာသည်။
ရုပ်ရည်သွင်ပြင်အရ ကြည့်မည်ဆိုလျှင်တော့ လင်ဟန့်ဟွာနှင့် ကောင်းချင်က များစွာဆင်တူခြင်း မရှိပေ။
အဆက်အနွယ်တစ်ခုတည်းမှဆင်းသက်လာသော်လည်း မျိုးဆက်များစွာဖြတ်သန်းခဲ့ပြီးသည့်နောက် သွေးမနီးတော့သဖြင့် အသွင်အပြင်လည်း ကွဲပြားသွားခြင်း ဖြစ်နိုင်သည်။
ယခုဆိုလျှင် ဆက်စပ်မှုပင်မရှိသလောက်ဖြစ်ကာ ဆွေမျိုးတော်စပ်ကြောင်းပြောဆိုရန်ပင် အလွန်တရာခဲယဉ်းသွားပြီ ဖြစ်၏။
သို့သော် သူတို့၏ပတ်သက်မှုကိုအခြေခံပြီး ဂရုတစိုက် စုံစမ်းရှာဖွေမည်ဆိုပါက သဲလွန်စအချို့ အနည်းနှင့်အများ တွေ့ရှိနိုင်ပေမည်။
ဤသည်က ရန်ကျောက်ကဲတို့အုပ်စု စိတ်ထင်ရာတွေးခြင်းမဟုတ်ဘဲ သေသေချာချာ စဉ်းစားသုံးသပ်ပြီးမှ ကောက်ချက်ဆွဲထားခြင်း ဖြစ်သည်။
ရန်ကျောက်ကဲ၏ လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင် တစ်စုံတစ်ယောက်ကို ခဏမျှလေ့လာလိုက်ရုံဖြင့် အသေးစိတ်အချက်အလက်များကို စီစစ်သိရှိနိုင်၏။
“ငါ သိချင်တာက အထက်ဘုံကမ္ဘာနဲ့ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကြား ပဋိပက္ခဖြစ်ရတဲ့အကြောင်းရင်းက ဘာလဲဆိုတာပဲ”
ရန်ကျောက်ကဲ စဉ်းစားလိုက်သည်။
“ကြည့်ရတာ ဗုဒ္ဓဘာသာကျင့်ကြံသူတွေနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲကြတာ ဖြစ်နိုင်တယ်”
အားဟူက...
“သခင်လေး... ဒီ ကျဲရှင်ကမ္ဘာကထွက်သွားနိုင်ဖို့ နည်းလမ်းရှာတွေ့ပြီလား”
ရန်ကျောက်ကဲ...
“ဘယ်လိုထွက်သွားရမလဲဆိုတာ အကြမ်းဖျင်းတော့ နားလည်နေပြီ ၊ ဒါပေမဲ့ အောင်မြင်နိုင်မလားဆိုတာ မသေချာဘူး ၊ စမ်းကြည့်ကြတာပေါ့”
ဗုဒ္ဓဘာသာကျင့်ကြံသူများကို သတ်ဖြတ်ပြီး သတင်းပေးပို့ဆက်သွယ်ပြီး စစ်ကူများရယူရန် တားဆီးနိုင်ခဲ့သော်လည်း ဤကမ္ဘာတွင် အချိန်အတန်ကြာနေထိုင်ခြင်းက အန္တရယ်ရှိနေဆဲ ဖြစ်သည်။
ရန်ကျောက်ကဲ သတ်ဖြတ်ခဲ့သည့် ဗုဒ္ဓဘာသာကျင့်ကြံသူများ အချိန်အတန်ကြာပျောက်ဆုံးနေသည်ကို အခြားသူများ ရိပ်မိသွားသည့်အခါ သူတို့ကို လိုက်လံရှာဖွေကြပေမည်။
ပြီးတော့ ဤကမ္ဘာက ဗုဒ္ဓဘာသာနယ်မြေဖြစ်ပြီး သူတို့အုပ်စုက “တံတိုင်း” ကိုဖြတ်ကျော်ပြီး ဤနေရာသို့ ကျူးကျော်လာခြင်းဖြစ်လေရာ တစ်ဖက်လူက သေချာပေါက် အမျက်ရှပေလိမ့်မည်။
ဗုဒ္ဓဘာသာကျင့်ကြံသူများနှင့် စကားစမြည်အနည်းငယ်ပြောဆိုပြီးနောက် ရန်ကျောက်ကဲ စိတ်ထဲ မရေရာသောအတွေးအချို့ ဖြစ်တည်လာသည်။
အထက်ဘုံကမ္ဘာနှင့် ဗုဒ္ဓဘာသာကျင့်ကြံသူများကြား တိတ်တဆိတ်နားလည်မှု (သို့မဟုတ်) သဘောတူညီမှုတစ်ခုခု ရှိနေနိုင်သည်။
အထက်ဘုံကမ္ဘာက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ စန့်ချင်အဆက်အနွယ်များ ခြေမချစေရန် တင်းတင်းကျပ်ကျပ် တားမြစ်ထားသလို ဗုဒ္ဓဘာသာကမ္ဘာများတွင်လည်း တာအိုကျင့်ကြံသူများ ဝင်ရောက်မလာစေရန် တင်းကျပ်စွာ တားမြစ်ထား၏။
သို့သော် ဘုရားလောင်းက သက်ရှိထင်ရှား ရပ်တည်နေချိန်တွင် တာအိုဝါဒမှ အကြီးအမှူးတန်ခိုးစွမ်းအားရှင်များကတော့ ပျောက်ဆုံးနေသည်လား ၊ သေဆုံးသည်လား မသိရပေ။ ဤသို့သောအခြေအနေအောက်တွင် ဗုဒ္ဓဘာသာသည် တာအိုဝါဒထက် ပိုမိုအားကောင်းမည်မှာ မလွဲဧကန်ပင်။
အချို့သော အကြောင်းတရားများနှင့် သဘောတူညီချက်များကြောင့် ဗုဒ္ဓဘာသာကျင့်ကြံသူများက အထက်ဘုံကမ္ဘာနှင့် လက်အောက်ခံကမ္ဘာများဖြစ်သော အစွန်းရောက်ရှစ်ပါးကမ္ဘာ ၊ ယွမ်ဖူကမ္ဘာ ၊ သမုဒ္ဒရာကမ္ဘာ စသောကမ္ဘာများကို ထိပါးခဲ့ခြင်း မရှိပေ။
သို့သော် အထက်ဘုံကမ္ဘာ၏ အကာအကွယ်အပြင်ဘက်သို့ရောက်သွားသည့် တာအိုကျင့်ကြံသူများအနေဖြင့် ဗုဒ္ဓဘာသာကျင့်ကြံသူများ၏ ပစ်မှတ်ထားခြင်းကို ခံရပေလိမ့်မည်။
သို့မဟုတ် ‘တရားအလင်းပြခြင်း’ ခံရမည့် ပစ်မှတ်များ ဖြစ်လာပေမည်။
ဤ ကျဲရှင်ကမ္ဘာက လုံးဝသာမန်ဟု ထင်မှတ်ရသော်လည်း အတော်လေးထူးခြားသော နေရာဖြစ်သည်။
တထာဂတဿစကြာမုနိဗုဒ္ဓ လောကကိုကျော်လွန်သွားခဲ့ပြီး ‘အနောက်သို့ခရီးသွားမှတ်တမ်း’ သည်လည်း ဒဏ္ဍာရီပမာ ဖြစ်သွားခဲ့သည်။
သို့သော် ဒြပ်စင်ငါးပါးတောင် (သို့မဟုတ်) သူတော်စင်ဗုဒ္ဓတောင်ဟုခေါ်ဆိုသည့် တောင်မြင့်ကြီးကတော့ ထင်ရှားစွာ တည်ရှိနေဆဲပင်။
ယနေ့ ဗုဒ္ဓဘာသာဂိုဏ်းသားများက ထိုတောင်ကို သိပ်ပြီးအရေးမစိုက်ကြသော်လည်း လုံးဝဥပေက္ခာပြုထားခြင်း မရှိပေ။
သူတို့က ဤနေရာကို “တားမြစ်နယ်မြေ” ဟုပင် သတ်မှတ်ထားကြသည်။
ရန်ကျောက်ကဲ၏ လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့် ‘သူတော်စင်ဗုဒ္ဓတောင်’ သို့ မတက်ရောက်နိုင်သေးသဖြင့် သူ့အနေဖြင့် ဤနေရာတွင်ဆက်နေရန် အကြောင်းမရှိတော့ပေ။
ကျဲရှင်ကမ္ဘာတည်နေရာကို မှတ်သားထားပြီး အချိန်တန်သည့်အခါမှ နောက်တစ်ခေါက် ပြန်လာရန်ကြံစည်ရမည်။
လောလောဆယ် ဤနေရာမှ မည်သို့ထွက်ခွာရမည်နည်း ၊ “တံတိုင်း” တစ်ဖက်မှ အထက်ဘုံကမ္ဘာသို့ပြန်ရန် ရန်ကျောက်ကဲအနေဖြင့် အစီအစဉ်ဆွဲနည်းလမ်းရှာရန် လိုအပ်နေသေးသည်။
အမှန်တော့ ဤသည်က သူ့ဘဝတွင် ပထမဆုံးအကြိမ် “တံတိုင်းကိုဖြတ်ကျော်ခြင်း” ဖြစ်သဖြင့် အတွေ့အကြုံနှင့် သဲလွန်စများမရှိသဖြင့် ဖြည်းဖြည်းချင်း စဉ်းစားရန် လိုအပ်သည်။
ဗလာနယ်အာကာသဆိုင်ရာ အပြောင်းအလဲများကို သူက အခြားသူများထက် ပိုမိုနက်ရှိုင်းစွာနားလည်သော်လည်း ယခုမှ စတင်ရှာဖွေရမည်ဖြစ်သဖြင့် အချိန်တော့ယူရပေမည်။
ရန်ကျောက်ကဲကလည်း အလျင်စလိုမရှိပေ။
ခန်းဖင်း ၊ လော့ကျီးထောင်နှင့် အခြားသူများ က သဘာဝပသာဒနယ်မြေမှ ရုန်းထွက်လာနိုင်ရန် အချိန်တစ်ခုလိုအပ်နေသေးသည်။
ထို့ကြောင့် ကြီးကြီးမားမား အရှုတ်အထွေးမရှိနိုင်ဘဲ အခြေအနေက တည်ငြိမ်နေဆဲ ဖြစ်သည်။
ရန်ကျောက်ကဲ၏ တစ်ခုတည်းသော စိုးရိမ်မှုမှာ တောင်ပိုင်းထိပ်တန်းအရှင်သခင် ကျွမ်းရှန် လှုပ်ရှားမှု ပြုလုပ်လာမည်လား ဆိုသည့်အချက် ဖြစ်သည်။
လောလောဆယ်မှာတော့ ရန်ကျောက်ကဲက ဗုဒ္ဓဘာသာနယ်မြေများကို ဖြတ်ကျော်ရင်း “တံတိုင်း” ၏ အခြားတစ်ဖက်သို့ မည်သို့ပြန်သွားရမည်ကို စူးစမ်းလေ့လာနေခဲ့သည်။
ကျဲရှင်ကမ္ဘာမှထွက်ခွာလာပြီးနောက် နောက်ထပ်ဗုဒ္ဓဘာသာကမ္ဘာအနည်းငယ်ကို တွေ့ရသေးသည်။
အချိန်က ရပ်တန့်ခြင်းမရှိဘဲ မြန်ဆန်စွာစီးဆင်းသွားလေရာ မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ဝက်ခန့် ကုန်ဆုံးသွားခဲ့၏။
“သခင်လေး... စောစောကသာသိရင် ကျွန်တော်တို့တွေ ဟို စန့်ချင်အဆက်အနွယ်တွေနဲ့အတူ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို လိုက်သွားပါတယ်ဗျာ ၊ သူတို့ဆီကနေ အထက်ဘုံကမ္ဘာကိုပြန်မယ်ဆိုရင် ပိုပြီးလွယ်မယ်ထင်တယ်”
ဗုဒ္ဓဘာသာကမ္ဘာတစ်ခုမှ ထွက်ခွာလာပြီးနောက် အားဟူက သက်ပြင်းချရင်း ညည်းညူနေခြင်းပင်။
“သူတို့နဲ့သာလိုက်သွားမယ်ဆိုရင် အခုနေ အထက်ဘုံကမ္ဘာကိုပြန်ရောက်နေလောက်ပြီ ၊ ဟုတ်တယ်မလား”
ရန်ကျောက်ကဲက ပြုံးရင်း...
“အချိန်လည်းမရှိဘူး အခြေအနေလည်းမကောင်းဘူးဆိုရင်တော့ မြန်မြန်ပြန်နိုင်လေ ကောင်းလေပေါ့ ၊ ဒါပေမဲ့ အခု အချိန်ရနေတာပဲ ၊ ဒီလိုရှားပါးအခွင့်အရေးကိုအသုံးချပြီး လျှောက်လေ့လာရတာ ကောင်းပါတယ်”
ပေါ့ပေါ့ပါးပါးပင် သူက ဆက်ပြောသည်။
“ထူးခြားတဲ့အသိအမြင်နဲ့ ကျကျနန အစီအစဉ်ဆွဲနိုင်တယ်ဆိုတာ သတင်းအချက်အလက်အပေါ် မူတည်တယ် ၊ ရန်သူဘက် မိတ်ဆွေဘက် သတင်းအညီအမျှရမှ ဒီလိုလုပ်ဖို့ အဆင်ပြေနိုင်တယ်”
“ဓားသွေးတယ်ဆိုတာ ထင်းခုတ်တာကို ကြန့်ကြာဖို့မဟုတ်ဘူး ၊ ပိုပြီးလျှင်မြန်စေဖို့ပဲ ၊ ငါတို့ ဒီမှာ အချိန်နည်းနည်းဖြုန်းပြီး သတင်းအချက်အလက်စုဆောင်းလိုက်ရင် အနာဂတ်မှာ အသုံးဝင်လာနိုင်တယ်”
ရန်ကျောက်ကဲက ခဏနားပြီး ဆက်ပြောသည်။
“ပြီးတော့ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက စန့်ချင်အဆက်အနွယ်တွေ နေထိုင်တဲ့ကမ္ဘာပဲ ၊ ငါတို့အတွက် နိဗ္ဗာန်ဘုံတစ်ခု ဖြစ်လာမလားဆိုတာ မသေချာဘူး”
အားဟူက ခေါင်းတစ်ချက်ကုတ်ရင်း...
“သခင်လေး... ကျွန်တော်ကတော့ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက အထက်ဘုံကမ္ဘာထက် ပိုပြီးအဆင်ပြေမယ်လို့တောင် ခံစားရတယ်”
“ကြည့်လေ... အထက်ဘုံကမ္ဘာမှာ အလယ်ဆင့်ကျင့်ကြံသူတွေနဲ့ အဆင့်နိမ့်ကျင့်ကြံသူတွေ ဗုဒ္ဓဘာသာတည်ရှိနေတဲ့အကြောင်းကိုတောင် မသိကြဘူး ၊ မြောက်ပင်လယ်ဓားခန်းမက ခန်းမသခင်’ကု’ ၊ ကြေးနီကျွန်းသခင် ‘ကုန်းစွန်း’နဲ့ ယိုးမင်ဂိုဏ်းချုပ် ‘ကျိုးဟောက်ရှန်း’ တို့လိုလူမျိုးတွေတောင် ဒီကိစ္စကို မသိကြဘူး”
“အရှင်သခင် (၁၀)ပါး အဆင့်ရှိတဲ့သူတွေလောက်ပဲ ဒီဗုဒ္ဓဘာသာကျင့်ကြံသူတွေအကြောင်းကို သိမလားဆိုတာ စိုးရိမ်မိတယ်”
အားဟူက နှုတ်ခမ်းများတွန့်ကွေးရင်း...
“ဗုဒ္ဓဘာသာကျင့်ကြံသူတွေက ယုံကြည်မှုခိုင်မာပြီး သဲလွန်စရတာနဲ့ တာအိုဝါဒကလူတွေကို သတ်ဖြတ်ပစ်နေတာ ၊ အထက်ဘုံကမ္ဘာက ဒီလိုမလုပ်သင့်ဘူးလေ ၊ ဒါက သူတို့အန္တရယ်မကျရောက်အောင်လို့ လူတိုင်းကို အိမ်ရှေ့ကနှင်းတွေ လှည်းကျင်းခိုင်းသလို ဖြစ်မနေဘူးလား”
ရန်ကျောက်ကဲက...
“မင်းပြောတာလည်း မမှားပါဘူး ၊ ဒါပေမဲ့ လူတိုင်းက အတွေးမတူနိုင်ကြဘူးလေ”
“မဟာကပ်ဘေးကြီးပြီးဆုံးတဲ့နောက် တာအိုဝါဒက အတော်လေးကျဆင်းသွားတယ် ၊ ဒီလိုဖြစ်ရတာ ဗုဒ္ဓဘာသာဂိုဏ်းဝင်တွေနဲ့ ပတ်သက်နေနိုင်တယ် ၊ ကြည့်ရတာ... စန့်ချင်အဆက်အနွယ်တွေက ဒီကိစ္စကို ကျေနပ်ကြဟန် မတူဘူး”
“အထက်ဘုံကမ္ဘာကတော့ အဆက်မပြတ်တိုးတက်လာအောင်ကြိုးစားပြီး တည်ငြိမ်မှုရှာဖွေချင်ပုံရတယ် ၊ ပြီးမှာ ဗုဒ္ဓဘာသာဂိုဏ်းဝင်တွေကို ရန်ငြိုးအတွက်လက်စားချေဖို့ ရွေးချယ်ထားတာပဲ”
ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်ရင်း...
“ဒါပေမဲ့ မငြင်းနိုင်တဲ့အချက်ကတော့ အခု ဗုဒ္ဓဘာသာက အရမ်းအင်အားကြိးနေတယ် ၊ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံလို သွားပြီးထိပ်တိုက်ရင်ဆိုင်မယ်ဆိုရင် အထက်ဘုံကမ္ဘာအနေနဲ့ လွယ်လွယ်လေး ပျက်ဆီးသွားလိမ့်မယ်”
“ဖုထင်နဲ့ ကောင်းချင်ပြောတဲ့စကားတွေအရ... ဒီနှစ်တွေအတွင်းမှာ အထက်ဘုံကမ္ဘာက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံထက် အင်အားကောင်းလာတယ်”
“ဒါပေမဲ့ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံရဲ့လုပ်ရပ်ကိုလည်း မှားတယ်လို့သွားပြောလို့မရဘူး ၊ လူတိုင်းမှာ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်ရှိတာဆိုတော့ ဘယ်သူမှားတယ် ဘယ်သူမှန်တယ်ဆိုတာ ပြောဖို့ခက်ပါတယ်”
အားဟူက ပြုံးရင်း...
“ဟုတ်ပါတယ်လေ ၊ ဒါပေမဲ့ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံရဲ့ခံယူချက်က ကျွန်တော့်ခံယူချက်နဲ့ ပိုပြီးနီးစပ်တယ်”
ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်ရင်း...
“အတူတူပဲ... ငါ့ခံယူချက်နဲ့လည်းနီးစပ်တယ် ၊ ဒါပေမဲ့ မမြင်နိုင်တဲ့နောက်ကွယ်မှာ ဘာတွေရှိမလဲ မသိနိုင်ဘူးလေ”
“အထက်ဘုံကမ္ဘာနဲ့ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကြား ပဋိပက္ခကတော့ ရှေးရိုးစွဲ ဒါမှမဟုတ် အစွန်းရောက်လွန်းလို့ ဖြစ်သွားတာနေမယ်”
ရန်ကျောက်ကဲက စကားဆိုရင်း အသင်္ချေနဂါးနန်းတော်ထဲတွင် တင်ပျဉ်ခွေထိုင်လိုက်သည်။
နဂါးအစစ်ချီစွမ်းအားစီးကြောင်းများနှင့် မွှေးပျံ့သောဆေးရနံ့များက သူ့ခန္ဓာကိုယ်မွေးညင်းပေါက်များအတွင်းမှ ထွက်ပေါ်လာသည်။
ရန်ကျောက်ကဲက သူ၏ကြယ်တာရာချီစွမ်းအားအနှစ်သာရကို လုံးဝရုတ်သိမ်းခြင်းမပြုဘဲ ခန္ဓာကိုယ်ပြင်ပသို့ အပြည့်အဝ ထုတ်လွှတ်လိုက်သည်။
သူ၏မျက်ဆံများထဲတွင် မထင်မရှားလူရိပ်တစ်ခုပေါ်လာပြီး များပြားလှစွာသော နက်ရှိုင်းသည့် အင်းသင်္ကေတများက ထိုသူ၏ခန္ဓာကိုယ်ထက်တွင် အလင်းခန္ဓာတစ်ခုပမာ တောက်ပလင်းလက်လျှက် ရှိသည်။