← Chapters

ရိုက်ပြီးပြန်ပေးဆွဲမလို့လား

Vol. 60 Ch. 841

ရိုက်ပြီးပြန်ပေးဆွဲမလို့လား

Vol. 60 Ch. 841

အခန်း (၈၄၁) ရိုက်ပြီးပြန်ပေးဆွဲမလို့လား

အရင်တစ်ချိန်က အစွန်းရောက်ရှစ်ပါးကမ္ဘာတွင်လည်း အလားတူအဖြစ်အပျက်မျိုး ရန်ကျောက်ကဲ ကြုံတွေ့ခဲ့ရဖူးသည်။

စစ်ခုန်ချင်းနှင့် ခွဲမရအောင်တူညီသည့် ချွိယန်ချီဆိုသော လူငယ်တစ်ယောက်နှင့် တွေ့ဆုံခဲ့ရဖူးသည်။ မသိလျှင် စစ်ခုန်ချင်း ယောကျ်ားလေးပမာ ဝတ်ဆင်ထားသည်လားဟုပင် ထင်မှတ်ဖွယ်ရာ ရှိသည်။

သို့သော် ထိုလူငယ်က မိန်းကလေးမဟုတ် ၊ တကယ့်ယောကျ်ားလေးအစစ်ပင်။

ထိုအဖြစ်အပျက်ကြုံဆုံပြီးသည်နှင့် စစ်ခုန်ချင်းနှင့် ဆင်တူသူများသည် မိန်းကလေးများသာမက ယောကျ်ားလေးများပါရှိနိုင်ကြောင်း ရန်ကျောက်ကဲ သဘောပေါက်ခဲ့သည်။

ရန်ကျောက်ကဲက ထိုလူငယ်ကို ခြေဆုံးခေါင်းဆုံး အကဲခတ်လိုက်သည်။

ဤလူငယ်၏အသက်အရွယ်က အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ် ၊ ကျူတောပင်လယ်ဒေသရှိ မြောက်ပင်လယ်ဓားခန်းမမှ “ယွဲ့ပေါင်ချီ” နှင့်သက်တူရွယ်တူလောက်ရှိသည်။

သို့ပေသိ လူငယ်၏ကျင့်ကြံခြင်းအဆင့်က ယွဲ့ပေါင်ချီထက်မြင့်မားနေခြင်းမှာ မတူညီသည့်သိုင်းဂိုဏ်းတစ်ခုမှ ပိုမိုမြင့်မားသော သိုင်းပညာကို ကျင့်ကြံထားသောကြောင့် ဖြစ်နိုင်၏။

ထိုလူငယ်ဝတ်ဆင်ထားသော အဝတ်အစားများထံ ရန်ကျောက်ကဲ အကြည့်ရောက်သွားသည်။

လူငယ်က အစိမ်းရောင်အဝတ်အစားများ ဝတ်ဆင်ထားပြီး အင်္ကျီလက်ပေါ်တွင် အကိုင်းကိုးခက်ပါရှိသော ရှေးဟောင်းသစ်ပင်သင်္ကေတကို ရေးထိုးထားသည်။

ရန်ကျောက်ကဲက ထိုသင်္ကေတကို စိုက်ကြည့်နေစဉ် အကိုင်းကိုးခက်ပါသော ရှေးဟောင်းသစ်ပင်က အမှန်တကယ်အသက်ဝင်လာပြီး အစိမ်းရောင်သစ်ရွက်များက လေထဲတွင် ယိမ်းနွဲ့နေသည့်အလား ခံစားရသည်။

သို့သော် ထိုသင်္ကေတကိုအာရုံစိုက်နေသည်က ရန်ကျောက်ကဲတစ်ယောက်တည်းမဟုတ်သဖြင့် ထိုလူငယ်က သတိထားမိခဲ့ခြင်း မရှိပေ။

ပတ်ဝန်းကျင်မှ ဖြတ်သွားဖြတ်လာလူတိုင်းက ထိုသင်္ကေတကို မရှောင်လွှဲနိုင်ဘဲ စူးစူးစိုက်စိုက်ကြည့်မိသည်သာ ဖြစ်သည်။

ဤ သင်္ကေတက အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ်တွင် တိကျသောအဆင့်အတန်းတစ်ခုကို ဖော်ညွှန်းသည်။

ဤသင်္ကေတပါဝင်သော ဝတ်ရုံကိုဝတ်ဆင်သူများမှာ အရှေ့ပိုင်းထိပ်တန်းအရှင်သခင်နေထိုင်ရာနေရာဖြစ်သော တိမ်တိုက်တောင် ၊ ဖန်သားအလင်းကျောင်းတော်မှ တပည့်များသာလျှင် ဖြစ်၏။ ထိုကဲ့သို့ဝတ်ဆင်ထားသူများသည် အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ်တွင် သူတို့စိတ်ကြိုက်ပြုမူနေထိုင်နိုင်ကြသည်။

အင်္ကျီလက်ပေါ်မှသင်္ကေတက သာမန်သင်္ကေတတစ်ခု မဟုတ်ပေ။

အရှေ့ပိုင်း ထိပ်တန်းအရှင်သခင်ကိုယ်တိုင် လွှဲပြောင်းပေးထားသ့ ချီစွမ်းအားနှင့် အစစ်အမှန်သိုင်းဝိညာဉ် ပေါင်းစပ်ပါဝင်နေသည်။ ဖန်သားအလင်းကျောင်းတော်မှ တပည့်များအတွက် သီးသန့်ပြုလုပ်ထားသောသင်္ကေတဖြစ်ပြီး အတုပြုလုပ်ရန်လည်း ခက်ခဲသည်။

ပြီးတော့ ထိုဝတ်ရုံကို အတင်းလုယူဝတ်ဆင်မည်ဆိုလျှင်တောင်မှ အခြားသူများအနေဖြင့် လွယ်လွယ်ကူကူ ဝတ်ဆင်နိုင်မည် မဟုတ်ပေ။

ဤသင်္ကေတက ဖန်သားအလင်းကျောင်းတော်မှတပည့်များ၏ အထောက်အထားသင်္ကေတတစ်ခုမျှသာမဟုတ်ပေ။ ဤဝတ်စားဆင်ယင်မှုက သူတို့၏ ထူးခြားသောအဆင့်အတန်းကိုလည်း ပြသထားသည်။

သူတို့၏ဝတ်ရုံက ရတနာပစ္စည်းလည်းမဟုတ်သလို မှော်ဝင်ပစ္စည်းများလည်းမဟုတ်သော်လည်း အစွမ်းထက်သော ခုခံစွမ်းအားများပိုင်ဆိုင်ထားလေရာ ရှားပါးပစ္စည်းအဖြစ် သတ်မှတ်နိုင်သည်။

ဤဝတ်ရုံက အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ်တွင် လူတိုင်းအသိအမှတ်ပြုထားသော တိမ်တိုက်တောင် ၊ ဖန်သားအလင်းကျောင်းတော်၏ လျှို့ဝှက်ပညာတစ်ခုလည်း ဖြစ်သည်။

အရှေ့ပိုင်းထိပ်တန်းအရှင်သခင်၏တပည့်တစ်ယောက် ဤနေရာတွင် ရုတ်တရက်ပေါ်လာခြင်းက လူတိုင်း၏ အာရုံစိုက်မှုကို ခံရစေသည်။

ရန်ကျောက်ကဲက အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ်သို့ တစ်ခါမှ မရောက်ဖူးပေ။

သို့သော် ယခင်က မုကျွင်း ၊ ချန်ကျိလျန်နှင့် အရှေ့တောင်နေဝန်းကောင်းကင်ပြည်နယ် ၊ ကျင်းထင်တောင်မှ တပည့်များပြောပြချက်အရ ဤပြည်နယ်၏ ယဉ်ကျေးမှုနှင့် ထူခြားချက်များကို သိရှိထားသည်။

အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ်က အရှေ့တောင်နေဝန်းကောင်းကင်ပြည်နယ်နှင့် အိမ်နီးချင်းပြည်နယ် ဖြစ်၏။ ထို့ကြောင့် ရန်ကျောက်ကဲသည်လည်း ဖန်သားအလင်းကျောင်းတော်၏ ထူးခြားသောဓလေ့ထုံးတမ်းများကို အသေးစိတ်နားမလည်သော်လည်း ကြားဖူးနားဝတော့ ရှိထားသည်။

ယခု ဤလူငယ်ဝတ်ဆင်ထားသည့်အဝတ်အစားများကိုကြည့်ရင်း သူခန့်မှန်းမိသည်မှာ...

“အရှေ့ပိုင်း ထိပ်တန်းအရှင်သခင်ရဲ့ တပည့်ရင်းတစ်ယောက် ဖြစ်ရမယ်”

အရှေ့ပိုင်း ထိပ်တန်းအရှင်သခင်ဆိုသည်က အရှေ့ပိုင်း ကျယ်ပြန့်ကောင်းပြည်နယ်ကို အုပ်ချုပ်သူဖြစ်ပြီး အရှေ့တောင်ထိပ်တန်းအရှင်သခင် ‘ချောင်ကျယ်’ နှင့် တောင်ပိုင်းထိပ်တန်းအရှင်သခင် ‘ကျွမ်းရှန်’ တို့နှင့် အဆင့်အတူတူပဲ ဖြစ်သည်။

လူငယ်၏အင်္ကျီလက်တွင်ရေးထိုးထားသော သင်္ကေတကိုကြည့်နေရင်း ရန်ကျောက်ကဲစိတ်ထဲ မြင်ကွင်းအချို့ကို ပြန်လည်သတိရလိုက်၏။

အစိမ်းရောင်ချီစွမ်းအားစီးကြောင်းများက ကောင်းကင်ယံနှင့်ဆက်သွယ်နေပြီး ကြီးမားသော ဧရာမနတ်ဘုရားသစ်ပင်ကြီးတစ်ပင်၏ ပုံရိပ်ဖြစ်သည်။

ထိုနတ်ဘုရားသစ်ပင်ကြီး၏တန်ခိုးစွမ်းအားက သိုင်းသူတော်စင် နဝမအဆင့်ဖြစ်သော အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်များထက်ပင် အဆပေါင်းများစွာ စွမ်းအားမြင့်မား ကြီးကျယ်ခမ်းနားကာ စကြာဝဠာတစ်ခုလုံးကို ထွင်းဖောက်တော့မည့်အလား ထင်မှတ်ရ၏။

ရန်ကျောက်ကဲတို့ ယိုးမင်ဧကရာဇ်ဂူဗိမာန်သို့ သွားရောက်စဉ်က အနောက်ပိုင်းထိပ်တန်းအရှင်သခင်နှင့် အရှေ့ပိုင်းထိပ်တန်းအရှင်သခင်တို့ လှုပ်ရှားခဲ့ကြသည်။

ထိုစဉ်က အရှေ့ပိုင်းထိပ်တန်းအရှင်သခင်၏ လှုပ်ရှားမှုဖြစ်သော ထိုနတ်ဘုရားသစ်ပင်ကြီးကို ရန်ကျောက်ကဲ တွေ့မြင်ခဲ့ရခြင်းပင်။

ယိုးမင်ဂူဗိမာန်ကို ကာကွယ်ထားသောအစီအရင်အလင်းတန်းက သူတို့ကိုတားဆီးခဲ့သောကြောင့်သာ သူတို့က ထိုထိပ်တန်းအဆင့်တန်ခိုးစွမ်းအားရှင်များ ဆက်လက်မစွန့်စားဘဲ နောက်ပြန်ဆုတ်သွားခြင်း ဖြစ်၏။

အရှေ့ပိုင်းထိပ်တန်းအရှင်သခင်က အချိန်ခဏလေးမျှသာ တန်ခိုးစွမ်းအား ပြသလိုက်ခြင်းဖြစ်သော်လည်း ရန်ကျောက်ကဲကတော့ သူ့ကိုအတော်လေး အထင်ကြီးသွားမိသည်။

ထိုပုဂ္ဂိုလ်၏မြင့်မားသောသိုင်းပညာနှင့် ကြွယ်ဝသောရင်းမြစ်ပစ္စည်းများပေါင်းစည်းလိုက်သည့်အခါ သူ့တပည့်များသည် မြောက်ပင်လယ်ဓားခန်းမမှ တပည့်များထက် အခွင့်အရေးပိုမိုသာလွန်သည်မှာ သဘာဝကျသည်။

ထို့ကြောင့် စစ်ခုန်ချင်းနှင့်ဆင်တူသော ဤလူငယ်လေးသည် မြောက်ပင်လယ်ဓားခန်းမမှ ယွဲ့ပေါင်ချီနှင့် ပင်ကိုယ်ပါရမီ တူညီသည့်တိုင် ကျင့်ကြံခြင်းအဆင့်မြင့်မားနေသည်မှာ မထူးဆန်းပေ။

လူငယ်က ပတ်ဝန်းကျင်ကိုငေးမောရင်း မြို့ထဲမှ ထွက်လာပြီး ရန်ကျောက်ကဲတို့အုပ်စုအား သတိမထားမိပေ။

ရန်ကျောက်ကဲက တစ်စုံတစ်ခုစိတ်ဝင်စားစရာကောင်းသည်ဟုတွေးမိပြီး လူငယ်နောက်သို့ တိတ်တဆိတ်လိုက်ပါသွားသည်။

“သခင်လေး... ကျွန်တော်တို့ သူ့ကိုရိုက်ပြီးပြန်ပေးဆွဲသွားမလို့လား”

အားဟူက စိတ်လှုပ်ရှားဟန်ဖြင့် မေးလိုက်သည်။

ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း...

“ပြန်ပေးဆွဲတာထက် ပုံမှန်အတိုင်းဆက်ဆံတာပိုကောင်းမယ်ထင်တယ်”

ထိုစကားကြားတော့ ဖန်းယွင်ရှန်းက ရယ်မောရင်း...

“ရှင်ဆိုလိုတဲ့အဓိပ္ပါယ်က ပုံမှန်အတိုင်းဆက်ဆံလို့မရရင်တော့ ရိုက်ပြီးပြန်ပေးဆွဲမယ်ဆိုတဲ့သဘောလား”

ရန်ကျောက်ကဲက...

“သိတဲ့အတိုင်းပဲလေ ၊ သူက ဖန်သားအလင်းကျောင်းတော်က တပည့်တစ်ယောက်မဟုတ်လား ၊ ပြီးတော့ ဒီနေရာကလည်း အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ်လေ ၊ အနီးပတ်ဝန်းကျင်မှာ သူနဲ့အတူလိုက်လာတဲ့ တခြားတပည့်တွေ ၊ အပေါင်းအဖော်တွေ ရှိနိုင်တာပဲမဟုတ်လား ၊ ဒီတော့ ငါတို့သူ့ကိုရိုက်ပြီးပြန်ပေးဆွဲမယ်ဆိုရင်တောင် ပတ်ဝန်းကျင်အခြေအနေနဲ့ ရင်းနှီးအောင်အရင်လုပ်သင့်တယ်”

ထိုစကားကြားတော့ ရှောင်အိုက်က ဆွံ့အသွားပြီး...

“သခင်လေးကတော့ သခင်လေးပဲနော် ၊ အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ်ကလူတွေက ဖန်သားအလင်းကျောင်းတော်ကတပည့်တွေနဲ့ မိတ်ဆွေဖွဲ့ဖို့ ကြိုးစားနေကြတဲ့အချိန် သခင်လေးကတော့ ရိုက်ပြီးပြန်ပေးဆွဲဖို့စီစဉ်နေတယ်”

ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်ရင်း...

“အစွန်းရောက်ရှစ်ပါးကမ္ဘာကိုသွားတဲ့ ကောင်းကင်အက်ကွဲကြောင်းက အရှေ့တောင်နေဝန်းကောင်းကင်ပြည်နယ်မှာရှိတာလေ ၊ ပြီးတော့ ငါတို့က အဲဒီမှာအခြေစိုက်မယ်ဆိုတော့ ကျင်းထင်တောင်နဲ့ ဆက်ဆံရေးကောင်းရင်တော်ပြီပေါ့”

“အထက်ဘုံကမ္ဘာမှာ ခြေကုပ်ယူပြီးပြီပဲ ၊ တခြားနေရာတွေမှာ ဘယ်လိုပဲလှုပ်ရှားလှုပ်ရှား အဆင်ပြေတယ်”

ပြောပြီးသည်နှင့် ရန်ကျောက်ကဲက ပေါ့‌ပေါ့ပါးပါးပင် ရယ်မောရင်း...

“ပြီးတော့... ပြန်ပေးဆွဲတယ်ဆိုတာက အဆိုးဆုံးအခြေအနေမှ လုပ်ရမှာပါ ၊ ငါတို့ ပထမဆုံးလူချင်းတွေ့ကြည့်လို့ အဆင်ပြေတယ်ဆိုရင် ပြန်ပေးဆွဲစရာမလိုပါဘူး ၊ ငါက သူ့ကိုပြန်ပေးဆွဲချင်နေတယ်လို့တော့ သွားမပြောကြနဲ့ပေါ့”

ဖန်သားအလင်းကျောင်းတော်မှ လူငယ်က ကိုယ်ခွဲပေါင်းစပ်ခြင်း နှောင်းပိုင်းအဆင့် သိုင်းသူတော်စင် ဖြစ်သော်လည်း ရန်ကျောက်ကဲတို့အုပ်စု သူ့အနောက်မှ နောက်ယောင်ခံလိုက်လာသည်ကို ရိပ်မိခြင်း မရှိပေ။

လူငယ်က မြောက်ဘက်သို့ဦးတည်ထွက်ခွာသွားပြီး ရှည်လျားကြီးမားသောတောင်တန်းကြီးတစ်ခုအတွင်း ဝင်ရောက်သွားသည်။

ဤတောင်တန်းကြီးက အရှေ့မြောက်မင်ထျန်းကောင်းကင်ပြည်နယ်နှင့် အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ်ကို ခြားနားထားသော နယ်ခြားတောင်တန်းကြီး ဖြစ်၏။

ရန်ကျောက်ကဲက လူငယ်နောက်သို့ အချိန်အတန်ကြာလိုက်လာပြီးနောက် ရုတ်တရက် ခြေလှမ်းများကို အရှိန်လျှော့လိုက်သည်။ အဘယ်ကြောင့်ဆိုသော အရှေ့ဆီတွင် တန်ခိုးစွမ်းအားရှင်များရှိနေကြောင်း အာရုံခံလိုက်မိသောကြောင့်ပင်။

သူက ထိုသူများကို ကြောက်ရွံ့ခြင်းမရှိပေ။

သို့သော် အရမ်းကာရောရှေ့တိုးသွားသဖြင့် သူ့ကိုတွေ့သွားပါက မလိုလားသည့်ပြဿနာများဖြစ်လာမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

ထိုသူများ၏ စွမ်းအားအတက်အကျကို အာရုံခံကြည့်လိုက်တော့ စစ်ခုန်ချင်းနှင့်ရုပ်ချင်းတူသော လူငယ်ကဲ့သို့ပင် တိမ်တိုက်တောင် ၊ ဖန်သားအလင်းကျောင်းတော်မှ အရှေ့ပိုင်းထိပ်တန်းမျိုးနွယ်များဖြစ်ကြောင်း သိလိုက်ရသည်။

စစ်ခုန်ချင်းနှင့်ဆင်တူသည့်လူငယ်က ထိုနေရာသို့အမြန်သွားလိုက်ပြီး သူ့လူများနှင့် တွေ့ဆုံလိုက်သည်။

အချင်းချင်း စကားစမြည်ပြောဆိုကြပြီးနောက် သူတို့အုပ်စု တောင်တန်းထက်သို့ ဆက်လက်ထွက်ခွာသွားကြသည်။

ရန်ကျောက်ကဲက သူတို့နောက်သို့လိုက်မသွားမီ အနည်းငယ် နောက်ချခဲ့လိုသဖြင့် ခဏမျှစောင့်ဆိုင်းပြီးမှ လိုက်သွားခဲ့သည်။

နေ့ဝက်ခန့်ခရီးနှင်ပြီးသည့်နောက် ထိုသူအုပ်စုက လျှင်မြန်စွာခရီးမနှင်တော့သလို လမ်းကြောင်းတည့်တည့်မတ်မတ်လည်းမသွားတော့ဘဲ တစ်စုံတစ်ခုကို ရှာဖွေသည့်အလား ကွေ့ပတ်သွားလာနေကြသည်။

ဒါကိုမြင်တော့ ရန်ကျောက်ကဲ စိတ်ဝင်စားသွား၏။

သူက စစ်ခုန်ချင်းနှင့်ဆင်တူသည့် သိုင်းသူတော်စင်လူငယ်ထက် ပတ်ဝန်းကျင်မှ လျှို့ဝှက်ဆန်းကျင်မှုများကို ပိုပြီးစိတ်ဝင်စားလာခဲ့သည်။

ရန်ကျောက်ကဲက ရှေ့သို့လူလုံးထွက်ပြပြီး ထိုအုပ်စုနှင့် စကားစမြည်ပြောဆိုရင် ဟန်ပြင်လိုက်ချိန် ထိုအုပ်စု၏ အရှိန်က သိသိသသာသာနှေးကွေးသွားကြောင်း ခံစားလိုက်ရသည်။

ခဏအကြာမှာတော့ အဝေးတစ်နေရာတောင်တန်းများကြားတွင် အက်ကွဲကြောင်းတစ်ခုပေါ်လာပြီး တန်ခိုးစွမ်းအားအတက်အကျများ ဖြစ်ပေါ်လာသည်ကို အာရုံခံလိုက်မိသည်။

အရှေ့ပိုင်းထိပ်တန်းအရှင်သခင်၏တပည့်များက သီးခြားနယ်မြေတစ်ခုသို့ဦးတည်သည့် ကမ္ဘာဖြတ်လမ်းကြောင်းတစ်ခု ဖွင့်လှစ်ထားဟန် တူသည်။

ရန်ကျောက်ကဲက နှုတ်ခမ်းများတွန့်ကွေးရင်း...

“ဒါက လျှို့ဝှက်နယ်မြေတစ်ခုလား ၊ ကြည့်ရတာ ဖန်သားအလင်းကျောင်းတော်ကတပည့်တွေက ရတနာပစ္စည်းတစ်ခုခု ရှာဖွေနေတာလား မသိဘူး”

သူက နောက်မှလိုက်လာရင်း ထိုသူများကို လူလုံးထွက်ပြပြီး ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်ရန် အဆင်သင့် ဖြစ်နေပေပြီ။

ထိုလူအုပ်အနားသို့တိုးကပ်သွားသည်နှင့် ဤနေရာက သာမန်မဟုတ်ကြောင်း ရိပ်မိလိုက်သည်။ ကမ္ဘာဖြတ်လမ်းကြောင်းမှ ပရမ်းပတာစွမ်းအားများနှင့် အေးစက်သောလေပြင်းတိုက်ခတ်သံများ ထွက်ပေါ်လျှက် ရှိသည်။

တန်ခိုးစွမ်းအားအတက်အကျများကြောင့် သိုင်းကျင့်ကြံသူများ၏ အာရုံငါးပါးဖြင့် အာရုံခံနိုင်စွမ်းများ ကျဆင်းသွားရသည်။

ဖန်သားအလင်းကျောင်းတော်မှ ကျင့်ကြံသူများက ကမ္ဘာဖြတ်လမ်းကြောင်းဝင်ပေါက်ကိုစောင့်ကြည့်နေကြပြီး ရန်ကျောက်ကဲ ရောက်လာသည်ကို သတိမပြုမိဘဲ အချင်းချင်း စကားစမြည်ပြောဆိုနေကြသည်။

“နှင်းကြိုးကြာနောက်ကို လိုက်နေတာ နှစ်ပေါင်းအတော်ကြာနေပြီ ၊ အခုမှ ခက်ခက်ခဲခဲနဲ့ သူ့ရဲ့လှုပ်ရှားမှုတွေကို ခြေရာခံနိုင်တော့တယ် ၊ ငါတို့ သူ့ကိုဒီမှာထောင်ချောက်ဆင်နိုင်တာ အရမ်းကောင်းတယ်”

ထိုစကားကိုကြားလိုက်ရသည်နှင့် ရန်ကျောက်ကဲမျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး လှမ်းနေသည့်ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားလေ၏။

All Chapters