မျှော်လင့်မထားသည့် ဆက်နွယ်မှု
Vol. 60 Ch. 843
အခန်း (၈၄၃) မျှော်လင့်မထားသည့် ဆက်နွယ်မှု
သူ၏မိခင်ရွှယ်ချူးချင်က စစ်ခုန်ချင်းအပါအဝင် သူမနှင့်ဆင်တူသောအခြားသူများနှင့် မည်သို့ဆက်စပ်နေပါသနည်း။
ရန်ကျောက်ကဲက စစ်ခုန်ချင်းနှင့် ပထမဆုံးအကြိမ်တွေ့ဆုံခဲ့သောအချိန်နှင့် သူတို့ (၂)ယောက် အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် နေထိုင်ကြီးပြင်းခဲ့သည်များကို ရုတ်တရက် ပြန်လည်စဉ်းစားလိုက်သည်။
စစ်ခုန်ချင်းနှင့် ဆင်တူသူများအားလံးသည် မတူညီသောအချိန်စီးဆင်းမှုရှိသည့် ကမ္ဘာပေါင်းများစွာတွင် နေထိုင်ခဲ့ကြသည်။ သူတို့၏အသက်အရွယ်ကို အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် နေထိုင်ခဲ့သောအချိန်ကို အခြေခံထားပြီး တွက်ချက်နိုင်သည်။
အစွန်းရောက်ရှစ်ပါးကမ္ဘာမှ အချိန်ကာလကိုပြန်စဉ်းစားမည်ဆိုလျှင် ရန်ကျောက်ကဲက စစ်ခုန်ချင်းထက် (၄)နှစ် (၅)နှစ်ခန့် ပိုပြီးအသက်ကြီးသည်။
သို့ဖြစ်ရာ ရန်ကျောက်ကဲ လမ်းလျှောက်တတ်နေပြီဖြစ်သောအချိန်တွင် စစ်ခုန်ချင်းကတော့ (၁)နှစ်သမီးခန့် ရှိပေပြီ။ ပြီးတော့ ထိုအချိန်ကာလက ရွှယ်ချူးချင် အစွန်းရောက်ရှစ်ပါးကမ္ဘာမှ ပျောက်ကွယ်သွားသောအချိန်နှင့် ကိုက်ညီနေ၏။
“ဒါက တိုက်ဆိုင်တာ မဖြစ်နိုင်ဘူး”
ရန်ကျောက်ကဲ ရေရွတ်လိုက်သည်။
ရွှယ်ချူးချင်နှင့် စစ်ခုန်ချင်းက သွေးသားရင်းချာ ဆွေမျိုးတော်စပ်ခြင်းမရှိသည်မှာ သေချာသည်။
သို့သော် စစ်ခုန်ချင်း၏ ပုံမှန်မဟုတ်သော အခြေအနေက ရွှယ်ချူးချင်နှင့် ပတ်သက်ဆက်နွယ်နေပုံရသည်။
အထက်ဘုံကမ္ဘာအပါအဝင် ကမ္ဘာအသီးသီးတွင် အချိန်စီးဆင်းမှုမတူညီကြသဖြင့် စစ်ခုန်ချင်း ၊ ယွဲ့ပေါင်ချီ ၊ ချွိယန်နင် ၊ ချန်လီနှင့် အခြားသူများ၏အသက်အရွယ်များ တူညီခြင်း မရှိကြပေ။
သို့သော် သူတို့၏အသက်များကို အစွန်းရောက်ရှစ်ပါးကမ္ဘာမှ အချိန်စီးဆင်းမှုဖြင့် အခြေခံတွက်ချက်လိုက်မည်ဆိုလျှင် သူတို့အားလုံး၏ အသက်အရွယ်များက အတူတူပင် ဖြစ်ပေလိမ့်မည်။
ရန်ကျောက်ကဲက ရပ်တန့်ခြင်းမရှိဘဲ သူ၏ခြေလှမ်းများကိုအရှိန်တင်ကာ အရှေ့ဆီမှ မိုးကြိုးအလင်းတန်းများရှိရာနေရာသို့ ဦးတည်လိုက်သည်။
မကြာမီ ထိုနေရာသို့ ရန်ကျောက်ကဲ ရောက်ရှိလာသည်။
မလှမ်းမကမ်းတွင် ခရမ်းပြာရောင်မိုးကြိုးစွမ်းအား အလင်းတိုင်လုံးကြီးတစ်ခု ခမ်းနားစွာ တည်ရှိနေပြီး များပြားလှစွာသော အစိမ်းရောင် လျှပ်စီးမြွေများက တစ်ခုနှင့်တစ်ခု ရစ်ခွေလျှက် ဖိအားများဆက်တိုက် ဖြစ်ပေါ်နေစေသည်။
များပြားလှစွာသော ကြောက်မက်ဖွယ်ရာလျှပ်စီးကြောင်းများက ဗလာနယ်ထဲတွင် ကူးလူးလှည့်ပတ်နေပြီး သီးခြားနယ်မြေတစ်ခုလုံးက မိုးကြိုးသွားပင်လယ်ကြီးအဖြစ် ပြောင်းလုမတတ် ထင်မှတ်ရသည်။
အဆုံးသတ်မှာတော့ ခရမ်းပြာရောင်မိုးကြိုးသွားများက နောက်ဆုံးတွင် ဗဟိုချက်သို့ ပြန်လည်ဆုတ်ခွာသွားပြီး တဖြည်းဖြည်း အားပျော့သွားသည်။
ရန်ကျောက်ကဲမျက်ဝန်းများ တစ်ချက်လှုပ်ရှားသွားပြီး...
“ဒီ အလင်းတိုင်လုံးကြီးက အစီအရင် ပုံစံတစ်မျိုး ဖြစ်နိုင်တယ်”
မိုကြိုးအလင်းတန်းများအလယ်မှာတော့ အစိမ်းရောင်မိုးကြိုးစက်ဝန်းများဖြစ်တည်နေပြီး အရံအတားတစ်ခုတည်ဆောက်ကာ ခရမ်းပြာရောင်အလင်းတိုင်လုံးကြီးကို ပိတ်ဆို့ထားသည်။
အလင်းစက်ဝန်းများတဖြည်းဖြည်းအားနည်းလာချိန်တွင် အလင်းတိုင်လုံးကြီးသည်လည်း တဖြည်းဖြည်း အားနည်းလျှက် ပြိုကျလုနီးပါး ဖြစ်လာသည်။
ထိုပတ်ဝန်းကျင်အနားသို့ ရန်ကျောက်ကဲ ရောက်သွားသည်နှင့် အစိမ်းရောင်မိုးကြိုးစက်ဝန်းများထဲတွင် အစိမ်းရောင်ဝတ်ကျင့်ကြံသူတစ်ယောက်စီ ရှိနေကြောင်း တွေ့လိုက်ရသည်။
ထိုအစိမ်းရောင်ဝတ်သိုင်းသမားအားလုံး၏ အင်္ကျီလက်များတွင် အကိုင်းကိုးခက်ပါသော ရှေးဟောင်းသစ်ပင်သင်္ကေတကို ရေးထိုးထားသည်။
ဤသည်ကိုကြည့်ခြင်းအားဖြင့် ထိုသူများမှာ တိမ်တိုက်တောင် ၊ ဖန်သားအလင်းကျောင်းတော်မှ အရှေ့ပိုင်းထိပ်တန်းအရှင်သခင်၏ တပည့်ရင်းများဖြစ်ကြောင်း သိရှိရ၏။
ခရမ်းပြာရောင် မိုးကြိုးစွမ်းအားတိုင်လုံးကြီး၏စွမ်းအားက တဖြည်းဖြည်းယိုယွင်းလာပြီး လေထုထဲတွင် လှုပ်ရှားနေသည့် လျှပ်စီးစွမ်းအားအနည်းငယ်သာလျှင် ကျန်ရှိတော့သည်။
ဤသီးခြားနယ်မြေ၏ ထူးခြားသောသဘာဝတရားများ ပျက်ဆီးသွားပြီး မိုးကြိုးစွမ်းအားပေါက်ကွဲမှုများကြောင့် အောက်ခြေမြေဆီလွှာသည်ပင် လုံးလုံးလျားလျား ပျက်ဆီးသွားခဲ့ပေပြီ။
ထို့နောက် လေထုထဲတွင် ခရမ်းရောင်အလင်းတန်းများတောက်ပနေသည့် ကြီးမားသော အင်းသင်္ကေတကြီးတစ်ခု ထွက်ပေါ်လာပြီး ထိုအင်းသင်္ကေတသည်လည်း တဖြည်းဖြည်းပျောက်ကွယ်သွားလေသည်။
ပတ်ဝန်းကျင်တစ်ခုလုံး ပြင်းထန်သော မိုးကြိုးလျှပ်စီးစွမ်းအားအနှစ်သာရများဖြင့် ပြည့်နက်နေပြီး မိုးမြေတစ်ခွင်ဝန်းရံထားသည့် ကြောက်မက်ဖွယ်ရာ သံလိုက်စွမ်းအားများက လူတိုင်း၏အာရုံခံနိုင်စွမ်းကို ကြီးမားစွာ ထိခိုက်စေသည်။
ရန်ကျောက်ကဲက သူ၏အမြင်အာရုံစွမ်းရည်ကို အမြင့်ဆုံးအဆင့်ဖြန့်ကျက်လိုက်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို စစ်ဆေးကြည့်လိုက်သည်။
အနီးပတ်ဝန်းကျင်နယ်မြေများတွင် မည်သူမှ ပုန်းကွယ်နေခြင်းမရှိသလို လူအများပုန်းကွယ်နေနိုင်သည့် နေရာများလည်း မရှိပေ။
ပျံ့လွင့်နေသည့် လျှပ်စီးစွမ်းအားများတွင်သာ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ရောယှက်ပါဝင်နေ၏။
အခြေအနေကိုကြည့်ခြင်းအားဖြင့် ဤ မိုးကြိုးလျှပ်စီးစွမ်းအားအစီအရင်ထောင်ချောက်ထဲတွင် လူအများသေဆုံးသွားသည့်လက္ခဏာကို တွေ့မြင်ရသည်။
ရန်ကျောက်ကဲ တွေးလိုက်သည်။
“အမေကတော့ အဖမ်းမခံဘဲ အသေခံသွားတာ မဖြစ်နိုင်ဘူး ၊ ဒါမှမဟုတ် သူနဲ့အတူ ရန်သူတွေကို သေတွင်းထဲခေါ်သွားဖို့ ဆုံးဖြတ်ခဲ့တာများလား”
ရန်ကျောက်ကဲ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြီး ...
“မဟုတ်လောက်ဘူး ၊ အမေ ဒီနေရာမှာ မရှိလောက်တော့ဘူး ၊ သူက အစောကြီးကတည်းက ထွက်ပြေးလွတ်မြောက်သွားပြီ ၊ သူ့ကိုဖမ်းဖို့လာတဲ့သူတွေအတွက် ဒီနေရာမှာ ထောင်ချောက်ဆင်ခဲ့တာပဲ”
ဟုတ်ပေ၏။
ထိုအချိန် လူတစ်ယောက်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
“နှင်းကြိုးကြာ လွတ်သွားပြန်ပြီ...”
“ငါတို့တွေ သူမသိအောင် မသိသာတဲ့ဂမ္ဘီပစ္စည်းတစ်ခု ဒီနေရာမှာထားခဲ့တာပဲ ၊ သူက ဘယ်လိုလုပ်ပြီးလွတ်မြောက်သွားရတာလဲ ၊ ငါတို့ထဲမှာ သူလျှိုများရှိနေသလား မသိဘူး”
စကားသံများထွက်ပေါ်လာရာသို့လှမ်းကြည့်လိုက်တော့ လူ (၄)ယောက်ရှိနေသည်ကို ရန်ကျောက်ကဲတွေ့လိုက်ရသည်။
သူတို့က နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့် သိုင်းသူတော်စင် (၁)ယောက် ၊ နတ်ဘုရာသိမြင်ခြင်း အလယ်ဆင့် သိုင်းသူတော်စင် (၁)ယောက်နှင့် နတ်ဘုရားသိမြင်ခြင်း ကနဦးအဆင့် သိုင်းသူတော်စင် (၂)ယောက်တို့ ဖြစ်ကြသည်။
ရွှယ်ချူးချင်ကိုဖမ်းဆီးရန် ဤသီးခြားနယ်မြေသို့ ဝင်ရောက်လာသော ဖန်သားအလင်းကျောင်းတော်မှ အခြားတပည့်များအားလုံး စောစောက မိုကြိုးလျှပ်စီးတိုင်လုံးကြီးထဲတွင် သုတ်သင်ခံလိုက်ရပြီး ဤ (၄)ယောက်သာလျှင် အသက်ရှင်ကျန်ရစ်ခဲ့သည်မှာ ထင်ရှားသည်။
ဤလူ (၄)ယောက်မှာလည်း တန်ခိုးစွမ်းအားမြင့်မားစွာဖြင့် အချိန်မီတုံ့ပြန်နိုင်ခြင်းသာမရှိခဲ့လျှင် သေချာပေါက် အသက်ပျောက်ကြမည် ဖြစ်သည်။
သူတို့အားလုံးက အရေးကြီးသောအခိုက်အတန့်တွင် မှန်ကန်သောဆုံးဖြတ်ချက် ချမှတ်နိုင်ခဲ့ကြသော်လည်း သူတို့ထက်အားနည်းသောတပည့်များကို မကာကွယ်နိုင်ခဲ့သဖြင့် စိတ်ဖိစီးမှုများစွာကို ခံစားနေကြရသည်။
ထိုအချိန် အဝေးမှချဉ်းကပ်လာသော ရန်ကျောက်ကဲကိုတွေ့ရသည့်အခါ ဖန်သားအလင်းကျောင်းတော်မှ သိုင်းသမားများ ထိတ်လန့်အံ့သြသွားကြသည်။
သူတို့က ချက်ချင်းပင်လှည့်ကြည့်ရင်း...
“မင်းက ဘယ်သူလဲ”
ထို့နောက် ရန်ကျောက်ကဲကိုအကဲခတ်ရင်း သူတို့၏မျက်နှာအမူအရာများ တဖြည်းဖြည်းပြောင်းလဲသွားခဲ့သည်။
သူတို့ထဲမှတစ်ယောက်က တုန်လှုပ်ချောက်ချားပြီး မရေမရာဖြင့် ကျန် (၃)ယောက်ကို အသံပို့လွှတ်စနစ်ဖြင့် စကားဆိုလိုက်သည်။
“သူ့ကိုကြည့်စမ်း... နှင်းကြိုးကြာနဲ့ ရုပ်ချင်းဆင်တူတယ် မဟုတ်လား”
အခြားတစ်နေရာတွင် ရန်ကျောက်ကဲနှင့် ဆုံတွေ့မည်ဆိုပါက တစ်ချက်ကြည့်ရုံဖြင့် သူ့ကို နှင်းကြိုးကြာနှင့်ဆင်တူသည်ဟု ဆုံးဖြတ်နိုင်မည် မဟုတ်ပေ။
သို့သော် ယခုအချိန်တွင် ရန်ကျောက်ကဲကို ရုတ်တရက်မြင်လိုက်ရသောအခါ ဖန်သားအလင်းကျောင်းတော်မှ သိုင်းလေ့ကျင့်သူများသည် တစ်ခုခုမှားနေပြီဟု ချက်ခြင်းခံစားလိုက်ရသည်။
“အနည်းဆုံးတော့ (၄၀)ရာနှုန်းကနေ (၅၀)ရာနှုန်းအထိ ရုပ်ချင်းဆင်တယ် ၊ သူက နှင်းကြိုးကြာရဲ့ ဆွေမျိုးများများလား”
“သူ့အသက်အရွယ်ကိုကြည့်ရရင်... နှင်းကြိုးကြာရဲ့သားများလား”
အပြန်အလှန်စကားပြောဆိုကြရင်း သူတို့အားလုံး မျက်စိမျက်နှာပျက်သွားကြသည်။
နတ်ဘုရားသိမြင်ခြင်းနှောင်းပိုင်းအဆင့် လူရွယ်က ရန်ကျောက်ကဲကို စေ့စေ့ကြည့်ရင်း...
“မင်းက ဘယ်သူလဲ ၊ ဘာလို့ဒီနေရာကို ရောက်လာရတာလဲ”
ရန်ကျောက်ကဲက ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပြီး သူ မမြင်ဘဲ ကျော်သွားသောအရာများ ရှိ မရှိ စစ်ဆေးလိုက်သည်။
အတန်ကြာအောင် ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်ပြီးနောက် မည်သည့်ထူးခြားချက်မှမတွေ့ရသဖြင့် သက်ပြင်းချလိုက်၏။
မိခင်ဖြစ်သူက ဤနေရာမှ အမှန်တကယ်ပင် ထွက်ခွာသွားပြီဖြစ်ပြီး သူမကို ဖမ်းဆီးရန်ကြိုးစားနေသူများအတွက် လက်ဆောင်ကြီးတစ်ခုပင် ချန်ထားခဲ့သေးသည်။
သို့သော် ရွှယ်ချူးချင်က ရန်ကျောက်ကဲ သူမကို ရှာဖွေနေမှန်းသိပါလျှက်ဖြင့် တမင်သက်သက် ရှောင်တိမ်းနေခဲ့ဟန်ပင်။ သူ မည်သို့မှမတတ်နိုင်စွာ သက်ပြင်းချလိုက်မိသည်။
မည်သို့ပင်ဖြစ်စေ မိခင်ဖြစ်သူကို ဖမ်းဆီးရန်ကြိုးစားနေသော ဤသူများထံမှ မိခင်အကြောင်းကို ပိုပြီး စုံစမ်းသိရှိနိုင်ပေသည်။
ရန်ကျောက်ကဲက ထိုသူများကို ပြုံးပြလိုက်ရင်း...
“ငါက ‘ရန်’ မျိုးနွယ် ၊ နာမည်က ‘ရန်ကျောက်ကဲ’”
“ရန်ကျောက်ကဲ” ဆိုသည့်နာမည်ကိုကြားတော့ ထိုသူ (၄)ယောက်ထဲမှ နတ်ဘုရားသိမြင်ခြင်းနှောင်းပိုင်းအဆင့် သိုင်းသူတော်စင်တစ်ယောက်က မျက်ခုံးတစ်ချက်ပင့်လိုက်သည်။
“ဒါဖြင့် မင်းက ရန်ကျောက်ကဲလား”
လောလောဆယ်တွင် ရန်ကျောက်ကဲက အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်တွင် ထင်ရှားလာခဲ့ပြီး မြောက်ပိုင်းတွင်တည်ရှိသည့် အိမ်နီးချင်းပြည်နယ်တစ်ခုဖြစ်သော အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ်တွင်လည်း လူသိများလာခဲ့သည်။
အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ်ကို အုပ်စိုးသူများဖြစ်သော တိမ်တိုက်တောင် ၊ ဖန်သားအလင်းကျောင်းတော်မှ တပည့်များအနေဖြင့် အိမ်နီးချင်းပြည်နယ်တစ်ခုတွင် မကြာခင်ကပေါ်ပေါက်လာသော လူငယ်ပါရမီရှင်တစ်ယောက်ကို အာရုံစိုက်မိသည်မှာ အဆန်းမဟုတ်ပေ။
သူတို့က ရန်ကျောက်ကဲအသွင်အပြင်ကို မတွေ့မြင်ဖူးသော်လည်း နာမည်ကြားဖူးနေသည်ကတော့ ကြာပြီ ဖြစ်သည်။
သို့သော် သူတို့၏မျက်ဝန်းများက အေးစက်သွားကြပြီး...
“မင်းက နှင်းကြိုးကြာနဲ့ပတ်သက်နေမယ်လို့ ထင်မထားမိဘူး”
ရန်ကျောက်ကဲကလည်း သူတို့စကားကို ငြင်းဆန်ခြင်း မပြုပေ။
“အဲဒီတော့ ဘာဖြစ်လဲ”
နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့် သိုင်းသူတော်စင်လူရွယ်က ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး လေးလံသောအသံဖြင့်...
“တစ်လျှောက်လုံးမှာ နှင်းကြိုးကြာဟာ ဘယ်သူနဲ့မှ အဆက်အသွယ် မရှိခဲ့ဘူး ၊ ပြင်ပကမ္ဘာတွေနဲ့ အဆက်အသွယ်ရှိတယ်ဆိုတာလည်း မသေချာဘူး ၊ ဒါကြောင့်ပဲ သူ့ရဲ့တည်နေရာကို ရှာဖွေဖို့ ခက်ခဲခဲ့တယ်”
“ငါတို့ အခု သူ့ကိုလိုက်ရှာနေတာတောင်မှ သူထွက်ပြေးသွားလို့ ဘာမှမတတ်နိုင်ခဲ့ဘူး”
ပြောပြီးသည်နှင့် ထိုသူက ရန်ကျောက်ကဲရှိရာသို့ ပျံသန်းရောက်ရှိလာပြီး...
“ဒါပေမဲ့ မင်းရောက်လပြီဆိုတော့ အခြေအနေတွေက ပြောင်းလဲသွားပြီ ၊ မင်းကိုအသုံးချပြီး နှင်းကြိုးကြာကို ကိုင်တွယ်လို့ရသွားပြီ ၊ သူ့နောက်ကိုအဆက်မပြတ်လိုက်နေမယ့်အစား သူ့ကို ငါတို့အိမ်တံခါးဝရောက်လာအောင် ဆွဲခေါ်လို့ရပြီပေါ့”
ထိုစကားကြားတော့ ရန်ကျောက်ကဲကရယ်မောလိုက်ပြီး သူ့ကိုယ်သူ လက်ညှိုးညွှန်ပြရင်း...
“ဟားဟား... မင်းတို့က ငါ့ကိုအသုံးချမလို့တဲ့လား”
လူရွယ်၏မျက်ဝန်းများက အေးစက်သွားပြီး...
“နှင်းကြိုးကြာလုပ်ခဲ့တဲ့ထောင်ချောက်အစီအရင်ကြောင့် ငါတို့အဆက်အနွယ်တွေ အများကြီး သေကျေကုန်ကြရတယ် ၊ အနည်းဆုံးတော့ သူထွက်မလာရင်တောင် ငါတို့အဆက်အနွယ်တွေအတွက် မင်းအသက်ပြန်ပေးဆပ်ရမယ်”
ပြောပြီးသည်နှင့် သူက လက်ကိုဆန့်တန်းလိုက်ပြီး ရန်ကျောက်ကဲရှိရာသို့ လက်ညှိုးလက်ခလယ်ဖြင့် ထိုးညွှန်တိုက်ခိုက်လိုက်သည်။
သူ၏လက်ညှိုးထက်မှ အစိမ်းရောင်အလင်းတန်းတစ်ခုတောက်ပလာပြီး မိုးခြိမ်းသံများထွက်ပေါ်လာကာ တောင်ထွတ်ကြီးတစ်ခုထက်ပင်ပိုမိုကြီးမားသော မိုးကြိုးစွမ်းအားတိုင်လုံးကြီးတစ်ခု ဖြစ်တည်လာလေသည်။