တစ်ယောက်မှ အရှင်မထား
Vol. 60 Ch. 844
အခန်း (၈၄၄) တစ်ယောက်မှ အရှင်မထား
တိမ်တိုက်တောင် ၊ ဖန်သားသလင်းကျောင်းတော်မှ အရှေ့ပိုင်းထိပ်တန်းအဆက်အနွယ်များကျင့်ကြံသောသိုင်းပညာကို ‘ချန်စန်းသိုင်းပညာ’ ဟု လူသိများသည်။
ထိုပညာရပ်မှာ ယခင်တစ်ချိန်က တာအိုဝါဒ၏ ဧကရာဇ် (၄)ပါးဖြစ်သော ‘တောင်ပိုင်းချန်စန်းဧကရာဇ်’ မှ တိုက်ရိုက်ဆင်းသက်လာသော ပညာရပ် ဖြစ်၏။
‘ချန်စန်းသိုင်းပညာ’ ကို ကျင့်ကြံသူများ တန်ခိုးစွမ်းအားမြင့်မားလာသည်နှင့်အမျှ အဆုံးမဲ့အသက်ဓာတ်စွမ်းများ ပြည့်လျှံလာကာ အသက်ရှည်ခြင်းအကျိုးကျေးဇူးကိုခံစားရပြီး သက်တမ်းလည်းတဖြည်းဖြည်း ပိုရှည်လာမည် ဖြစ်သည်။
သူတို့၏ အစစ်အမှန်သိုင်းဝိညာဉ်နှင့် ကြယ်တာရာချီစွမ်းအားအနှစ်သာရက အကန့်အသတ်မဲ့အသက်စွမ်းအားကို ဖြည့်တင်းပေးနိုင်ပြီး အကန့်အသတ်မရှိသော သက်ရှိပုံစံချီစွမ်းအားအဖြစ်သို့ ပြောင်းလဲပေးနိုင်သည်။
ထိုသို့ ရှင်သန်ခြင်းစွမ်းအားများကြောင့်ပင် တိမ်တိုက်တောင်က ထူးခြားသောနေရာတစ်ခုအဖြစ် နာမည်ကြီးသည်။ ထိုတောင်ပေါ်တွင် ဝိညာဉ်ဆေးပင်များစွာပေါက်ရောက်ကြပြီး အထက်ဘုံကမ္ဘာတစ်ဝှမ်းလုံးတွင် ဆေးပင်အများဆုံးပေါက်ရောက်ရာနေရာအဖြစ် ကျော်ကြားသည်။
အရှေ့ပိုင်းထိပ်တန်းအရှင်သခင်နှင့် အရှေ့တောင်ထိပ်တန်းအရှင်သခင်တို့က အိမ်နီးချင်းပြည်နယ်များတွင်နေထိုင်ကြပြီး သူတို့ (၂)ယောက်လုံက မိုးမြေတစ်ခွင်တွင် အဂ္ဂိရတ်ပညာကျွမ်းကျင်မှုဖြင့် ကျော်ကြားကြသည်။
သို့ပေသိ သူတို့နှစ်ယောက်၏ ခြားနားချက်မှာ အရှေ့တောင်ထိပ်တန်းအရှင်သခင် ‘ချောင်ကျယ်’ ၏ အဂ္ဂိရတ်ပညာကျွမ်းကျင်မှုက သူ၏ကိုယ်ပိုင်အရည်အချင်းတစ်ခုဖြစ်ပြီး သူ၏အမွေကိုဆက်ခံနိုင်သော တပည့်အနည်းငယ်မျှသာ ရှိသည်။
အရှေ့ပိုင်း ထိပ်တန်းအရှင်သခင်၏ တပည့်များတွင်တော့ ဆေးဖော်စပ်မှုနှင့် အဂ္ဂိရတ်ပညာကျွမ်းကျင်သူ များစွာရှိသည်။
ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာတစ်ခုလုံးတွင် ဖန်သားအလင်းကျောင်းတော်မှ တပည့်များ၏ ဆေးလုံးပညာနှင့် အဂ္ဂိရတ်ပညာက အခြားသူများ လိုက်မမီနိုင်အောင် မြင့်မားလွန်းသည်။
ဤသို့ဖြစ်ရသည်မှာ တိမ်တိုက်တောင်၏ ထူးခြားသော ပတ်ဝန်းကျင်အနေအထားကြောင့်ဖြစ်သလို ချန်စန်းသိုင်းပညာ၏ အကျိုးကျေးဇူးကြောင့်လည်း ဖြစ်၏။
သို့သော် ဖန်သားအလင်းကျောင်းတော်မှ တပည့်များက ဆေးလုံးပညာနှင့် အဂ္ဂိရတ်ပညာသာကျွမ်းကျင်ပြီး တိုက်ခိုက်ရေးဘက်တွင် အားနည်းသည်ဟု မဆိုနိုင်ပေ။
ယခု လူရွယ်ထုတ်ဖော်အသုံးပြုလိုက်သော သိုင်းပညာမှာ ချန်စန်းသိုင်းပညာမှ ဒုတိယမြောက်သိုင်းပညာဖြစ်သော သစ်သားစိမ်းမိုးကြိုးလက်ချောင်းသိုင်းပညာဖြစ်သည်။
မိုးကြိုးစွမ်းအားဆိုသည်က များပြားလှစွာသော သက်ရှိများကို အာဟာရဖြစ်တည်စေပြီး ကမ္ဘာမြေကြီးကို ဖန်ဆင်းနိုင်သော စွမ်းအားတစ်မျိုးဖြစ်သလို ၊ စစ်မှန်သော မရဏစွမ်းအားပါဝင်သည့် အဖျက်စွမ်းအားတစ်မျိုးလည်း ဖြစ်သည်။
ယခု ရန်ကျောက်ကဲထံဝင်ရောက်လာသည့် ‘သစ်သားစိမ်းမိုးကြိုး’ စွမ်းအားက ပြင်းထန်သောအဖျက်စွမ်းအားများနှင့် ပြည့်နက်နေသည်။
ရန်ကျောက်ကဲကို စတင်တိုက်ခိုက်လိုက်သည်နှင့် လူရွယ်က စွမ်းအားအပြည့်အသုံးပြုကာ တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
သူက ညဘက်လက်ချောင်းဖြင့် ရန်ကျောက်ကဲကိုထိုးညွှန်ထားစဉ် ဘယ်ဘက်လက်ဖဝါးကိုလည်း ရုတ်တရက် ပင့်မြှောက်လိုက်၏။
ထိုအခါ လေထုအလယ်တွင် အလင်းရောင်တစ်ချက်တောက်ပသွားပြီး ကြီးမားသောအလံရှညတစ်ခု ကောင်းကင်ထက်သို့ လွင့်ပျံတက်သွားပြီး အလင်းမိုးစက်များ ရန်ကျောက်ကဲထံသို့ စီးဆင်းလာသည်။
အလင်းမိုးစက်များဖြင့် လွှမ်းခြုံခံလိုက်ရသည်နှင့် ရန်ကျောက်ကဲ မျက်တောင်တစ်ချက်ခတ်လိုက်သည်။
ခဏမျှ အာရုံခံပြီးသည့်နောက် ထိုအလံရှည်က မည်သို့သောပစ္စည်းဖြစ်သည်ကို ချက်ချင်းသိရှိသွားသည်။
“... ဒီအလံက ငါ ရတနာပစ္စည်းတွေအသုံးပြုလို့မရအောင် ဖိနှိပ်ချင်တာလား”
သက်လတ်ပိုင်းလူရွယ်၏ မျက်ဝန်းများက အေးစက်နေသည်။
ဤ ကြီးမားသည့်အလံရှည်က တစ်ကြိမ်သာအသုံးပြုနိုင်ခြင်းရှိပြီး ရွှယ်ချူးချင်ကိုဖမ်းဆီးရန်အတွက် ပြင်ဆင်လာခြင်း ဖြစ်၏။ သို့သော် ရွှယ်ချူးချင်က ထွက်ပေါ်မလာဘဲ ရန်ကျောက်ကဲထွက်ပေါ်လာခဲ့သည်ဖြစ်ရာ ဤလူငယ်အတွက်သာ အသုံးပြုရပေတော့မည်။
လက်ရှိတွင် ရန်ကျောက်ကဲက ကျော်ကြားသူတစ်ယောက်ဖြစ်သော်လည်း သူ့အကြောင်း လူသိပ်မသိကြသေးပေ။ အထူးသဖြင့် အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်အပြင်ဘက်မှလူများက ရန်ကျောက်ကဲ၏တန်ခိုးစွမ်းအားအကြောင်း သိရှိခြင်း မရှိကြပေ။
သို့သော် ထူးကဲယန်စည်းတံဆိပ်ကိုတော့ မည်သူမှ လျစ်လျူရှုမထားဝံ့ပေ။
ထူးကဲယန်စည်းတံဆိပ်ကဲ့သို့သော ရတနာပစ္စည်းမျိုးကို ဤထူးဆန်းသည့်အလံရှည်က ကြာမြင့်စွာ ထိန်းချုပ်ထားနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် သက်လတ်ပိုင်းလူရွယ်က သိုင်းသူတော်စင် ဆဋ္ဌမအဆင့်ဖြစ်ပြီး ရန်ကျောက်ကဲက သိုင်းသူတော်စင် တတိယအဆင့်ဖြစ်သည့်တိုင် ကျင့်ကြံခြင်းအဆင့်ကွာခြားမှုကိုအရေးမစိုက်နိုင်တော့ဘဲ မျက်နှာပြောင်စွာဖြင့်ပင် ပွဲသိမ်းတိုက်ခိုက်မှုကို ဆင်နွှဲလိုက်ခြင်း ဖြစ်၏။
ဖန်သားအလင်းကျောင်းတော်မှ အခြားသောကျင့်ကြံသူများကလည်း ရန်ကျောက်ကဲကို အတူတကွ ဝိုင်းရံလိုက်ကြသည်။
ရန်ကျောက်ကဲက သူ၏အသက်အရွယ်အမှန်ကို ဖုံးကွယ်ထားခြင်းမရှိသဖြင့် အသက်ငယ်ငယ်ဖြင့် သိုင်းသူတော်စင် တတိယအဆင့်သို့ရောက်နေသည်က သူတို့အတွက် အလွန်တရာ အံ့အားသင့်စရာ ဖြစ်ခဲ့သည်။
ကမ္ဘာဖြတ်လမ်းကြောင်းဝင်ပေါက်တွင် စောင့်နေသူများထဲတွင် နတ်ဘုရားသိမြင်ခြင်းအလယ်ဆင့် ၊ သိုင်းသူတော်စင် ပဉ္စမအဆင့်ကျင့်ကြံသူတစ်ယောက် ပါဝင်သည်။
သို့သော် ရန်ကျောက်ကဲက ဤနေရာအထိ ဝင်ရောက်လာနိုင်သည်ကိုကြည့်ခြင်းအားဖြင့် သူ့လူများ မည်သို့အခြေအနေရှိသည်ကို မပြောနိုင်ပေ။ ထို့ကြောင့် ဤနေရာတွင်ရှိနေသော ဖန်သားအလင်းကျောင်းတော်မှ ကျင့်ကြံသူများက ရန်ကျောက်ကဲကို ပေါ့ပေါ့တန်တန် သဘောမထားဝံ့ခဲ့ကြပေ။
ရန်ကျောက်ကဲက သူ၏ အာရုံငါးပါးကိုထိန်းချုပ်နိုင်စွမ်းရှိသော အစိမ်းရောင်မိုကြိုးတိုင်လုံးကြီးကို လုံးဝအရေးမစိုက်ပေ။
သူ့အရှေ့တွင် ပုံရိပ်တစ်ခု ရုတ်တရက်ပေါ်လာပြီး အလင်းရောင်တစ်ချက်လက်ခနဲတောက်ပသွားကာ လက်သီးဖြင့်ထိုးစိုက်ချလိုက်ပြီး ကြီးမားသော မိုးကြိုးစွမ်းအားအလင်းတိုင်ကြီးကို ဖျက်ဆီးပစ်လိုက်သည်။
လက်သီးစွမ်းအားထုတ်ဖော်လိုက်သူက အခြားသူမဟုတ် ၊ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားပင် ဖြစ်၏။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ပုံရိပ် လက်ခနဲလှုပ်ရှားသွားပြီး သိုင်းသူတော်စင် ဆဋ္ဌမအဆင့် လူရွယ်ရှေ့သို့ ချက်ချင်း ရောက်ရှိသွားသည်။
ပြင်းထန်သောလက်သီးချက်ကို မြင်လိုက်ရသဖြင့် လူရွယ်၏ မျက်ဝန်းများပင် တုန်ခါသွားသည်။
“ဒီတန်ခိုးစွမ်းအားရှင်က ဘယ်ကရောက်လာတာလဲ ၊ သိုင်းသူတော်စင် ပဉ္စမအဆင့်ကျင့်ကြံသူတစ်ယောက်ပဲ”
နတ်ဘုရားသိမြင်ခြင်း အလယ်အဆင့် တန်ခိုးစွမ်းအားရှင်တစ်ယောက်က ဤကဲ့သို့လွှမ်းမိုးနိုင်စွမ်းမြင့်မားသည့် တန်ခိုးစွမ်းအားမျိုး မည်သို့ပိုင်ဆိုင်နိုင်ပါသနည်း။
ဂိုဏ်းတူအစ်ကို’လောင်’ ကမ္ဘာဖြတ်လမ်းကြောင်းဝင်ပေါက်ကို ကာကွယ်ရန် ပျက်ကွက်ခဲ့ခြင်းမှာ အံ့သြစရာမဟုတ်တော့ကြောင်း မသိစိတ်မှ နားလည်လိုက်ကြသည်။
ရန်ကျောက်ကဲက ထူးကဲယန်စည်းတံဆိပ်ကဲ့သို့ ရတနာပစ္စည်းမျိုးကိုသာ အားကိုးခြင်းမဟုတ်ကြောင်း သိလိုက်ကြသည်။
သူတို့စိတ်ထဲတွေးနေစဉ်မှာပင် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက လှုပ်ရှားလိုက်သလို ရန်ကျောက်ကဲကလည်း လှုပ်ရှားလိုက်သည်။
ညကောင်းကင်ယံ၏ များပြားလှသော ကြယ်စင်များကဲ့သို့ သူ၏ခန္ဓာကိုယ်သွေးကြောဆုံချက်များမှ အလင်းတန်းများထွက်ပေါ်လာသည်။
ဒါကိုမြင်တော့ ဖန်သားအလင်းကျောင်းတော်မှတပည့်များ တုန်လှုပ်သွားပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။
“သူက သွေးကြောစုံချက်တွေအားလုံးကို နတ်ဘုရားသိမြင်ခြင်းအဖြစ် သန့်စင်ပြီးသွားပြီလား ၊ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ထို့နောက်မှာတော့ ဤသည်က မဖြစ်နိုင်ကြောင်း သူတို့ သဘောပေါက်လိုက်ကြသည်။
“ဒါက ပုံရိပ်ယောင်ကိုယ်တွင်းစကြာဝဠာပဲ... တကယ့်စကြာဝဠာနဲ့ပဲ့တင်ထပ်တာမဟုတ်ဘူးပဲ”
သူတို့စိတ်သက်သာရာမရနိုင်ခင်မှာပင် ရန်ကျောက်ကဲက ခြေတစ်လှမ်းတည်းဖြင့် သူတို့ရှေ့သို့ ရောက်ရှိလာပြီ ဖြစ်သည်။
ထို့နောက် သူ၏ လက်ဖဝါးတစ်ဖက် မြင့်တက်သွားပြီး ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ရန်ကျောက်ကဲက သိုင်းသူတော်စင် စတုတ္ထအဆင့် ကျင့်ကြံသူတစ်ယောက်ရှေ့သို့ရောက်လာပြီး လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
သူ၏လက်ဝါးရိုက်ချက်က ကောင်းကင်ဝါဒလက်ဝါးသိုင်းနှင့်ဆင်တူသည်ဖြစ်ရာ ရန်သူက ထိုလက်ဝါးရိုက်ချက်ကို သေချာပေါက် ခုခံနိုင်မည်ဟု ယုံကြည်လိုက်သည်။
နတ်ဘုရားသိမြင်ခြင်း ကနဦးအဆင့် သိုင်းသူတော်စင်က အေးစက်စွာနှာတစ်ချက်မှုတ်လိုက်ပြီး လက်တစ်ဖက်ကို ရင်ဘတ်ရှေ့တွင်ထားကာ ကျန်တစ်ဖက်ကို ပင့်မြှောက်ရင်း လက်ဝါးရိုက်ချက်ကို တုံ့ပြန်လိုက်၏။
သူ၏လက်ဝါးရိုက်ချက် ထုတ်ဖော်လိုက်သည်နှင့် အစိမ်းရောင်သစ်ပင်တစ်ပင် လေထဲတွင် ချက်ချင်းထွက်ပေါ်လာပြီး မိုးမြေတစ်ခွင်ချိတ်ဆက်ပေးထားသည့် နတ်သစ်ပင်တစ်ပင်အလား ဖြစ်သည်။
ရန်ကျောက်ကဲ၏လက်ဝါးရိုက်ချက်ကတော့ မိုးပြိုသည့်အလား ပြင်းထန်စွာကျဆင်းလာ၏။
ရန်သူ၏ “သစ်သားစိမ်းကောင်းကင်မျှော်စင်လက်ဝါးသိုင်း” က ပြိုကျလာသည် မိုးကောင်းကင်ကိုထောက်ထားသည့် မြင့်မားသောသစ်ပင်တစ်ပင်ပမာ ဖြစ်သည်။
ဒါကိုကြည့်ရင်း ရန်ကျောက်ကဲက ရယ်မောလိုက်သည်။
လက်ဖဝါးနှစ်ဖက် ထိတွေ့လိုက်သည်နှင့် ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက မိုးမြေတစ်ခွင် ပြောင်းပြန်လန်သွားနိုင်သော ကြီးကျယ်ခမ်းနားသည့်တန်ခိုးစွမ်းအား ထွက်ပေါ်လာကာ စိမ်းလန်းသောသစ်ပင်ကို အပိုင်းပိုင်း ကျိုးပဲ့သွားစေသည်။
အက်ကွဲသံများနှင့်အတူ နားကွဲလောက်သည့် ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာသည်။
ဖန်သားအလင်းကျောင်းတော်မှ တပည့်ဖြစ်သူ လက်တစ်ဖက်လုံးအပိုင်းပိုင်းကျိုးပျက်သွားပြီး ရန်ကျောက်ကဲလက်ဝါးရိုက်ချက်ကတော့ ရပ်နားခြင်းမရှိ ဆက်တိုက်ဆိုသလို ဝင်ရောက်လာသည်။
ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချကက ရန်သူ၏ဦးခေါင်းဆီသို့ကျရောက်သွားပြီး ဦးခေါင်းတစ်ခုလုံးအစိတ်စိတ်အမွှာမွှာ ကွဲကြေသွားကာ နောက်ထပ်ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်။
ဖန်သားအလင်းကျောင်းတော်မှ အခြားသောတပည့်များမှာ ရန်ကျောက်ကဲ ဤမျှကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု မျှော်လင့်မထားကြသဖြင့် မျက်လုံးအပြူးသား ပါးစပ်အဟောင်းသားဖြစ်သွားကြ၏။
ကိုယ်ခွဲပေါင်းစပ်ခြင်း နှောင်းပိုင်းအဆင့် သိုင်းသူတော်စင်တစ်ယောက်က သွေးကြောဆုံချက်များသန့်စင်ပြီးသားဖြစ်သော နတ်ဘုရားသိမြင်ခြင်းကနဦးအဆင့် သိုင်းသူတော်စင်တစ်ယောက်ကို လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်ပစ်ခဲ့သည်တဲ့လား။
သိုင်းသူတော်စင် စတုတ္ထအဆင့်ရှိသော သိုင်းသူတော်စင်မှာ တစ်ချက်လေးပင် လှုပ်ရှားလိုက်နိုင်ခြင်း မရှိခဲ့ပေ။
တိမ်တိုက်တောင် ၊ ဖန်သားအလင်းကျောင်းတော်မှ တပည့်များသင်ယူထားသော သိုင်းပညာက သာမန်သိုင်းပညာ မဟုတ်ပေ။
ဖန်သားအလင်းကျောင်းတော်၏ သာမာန်တပည့်များသည်ပင်လျှင် အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်နှင့် အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ်မှ တူညီသော ကျင့်ကြံခြင်းအဆင့်ရှိသူများအလယ်တွင် ထိပ်တန်းအဆင့် ရပ်တည်သူများ ဖြစ်ကြသည်။
သို့သော် ယခုတော့ သူတို့ထဲမှတစ်ယောက်မှာ နတ်ဘုရားသိမြင်ခြင်းအဆင့်သို့ပင် ရောက်ရှိခြင်းမရှိသေးသော ရန်ကျောက်ကဲလက်ချက်ဖြင့် အသက်ပျောက်သွားပြီ ဖြစ်၏။
အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်မှ သတင်းများအရ ရန်ကျောက်ကဲက ထိတ်လန့်တုန်လှုပ်ဖွယ်ရာ တန်ခိုးစွမ်းအားများ ပိုင်ဆိုင်ထားသော်လည်း ၊ သူတို့က ကိုယ်တိုင် ထိပ်တိုက်ရင်ဆိုင်ရခြင်းမျိုးမရှိသဖြင့် ဤလူငယ်က ဤမျှအထိ အစွမ်းထက်ပြီး ကြောက်စရာကောင်းလိမ့်မည်ဟု မည်သူမှ ထင်မထားခဲ့ကြပေ။
ယခုဖြစ်ရပ်က လူတိုင်းမျှော်လင့်ထားသည်ထက်ကျော်လွန်သွားပြီး အခြားသူများမှာ သူတို့၏ဂိုဏ်းတူတပည့်အသတ်ခံရသည်ကို မည်သို့မှမတတ်နိုင်စွာ ကြည့်နေကြရသည်။
ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်...
“ငါ့ကိုများဖမ်းမလို့တဲ့ ၊ ငါကလည်းမင်းတို့ကိုဖမ်းမလိုပဲ ၊ မင်းတို့ကို မေးစရာတွေရှိတယ်”
သို့သော် မေးစရာရှိသည်များမေးပြီးလျှင်တော့ ရန်ကျောက်ကဲက ထိုသူများကို တစ်ယောက်မှအရှင်မထားဖို့ ဆုံးဖြတ်ထားသည်။
ပထမဆုံးရန်သူကို စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ် လက်ဝါးရိုက်ချက်ဖြင့် သတ်ဖြတ်ပြီးသည့်နောက် ရန်ကျောက်ကဲက ရှေ့သို့ခြေတစ်လှမ်းလှမ်းလိုက်ပြီး အခြားသူများကို ဆက်လက်တိုက်ခိုက်ရန် ဦးတည်လိုက်လေ၏။