သေချင်ယောင်ဆောင်တဲ့သူ
Vol. 60 Ch. 845
အခန်း (၈၄၅) သေချင်ယောင်ဆောင်တဲ့သူ
ရန်ကျောက်ကဲက ပထမဆုံးရန်သူကို လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်ပစ်လိုက်ပြီး အခြားသူများဘက်သို့ လှည့်ကြည့်လိုက်သည်။
သူက မေးမြန်းစရာများရှိသည့်အတွက် ရန်သူကို အရှင်ဖမ်းဆီးချင်သော်လည်း သူတကယ်တမ်းပစ်မှတ်ထားသည်က သိုင်းသူတော်စင် ဆဋ္ဌမအဆင့် ကျင့်ကြံသူသာ ဖြစ်သည်။
ထိုသူက အကြောင်းအရာများကို အခြားသူများထက်သိရှိမည်မှာ ထင်ရှားသည်။
ထိုခဏတွင် မည်သူမှ ရတနာပစ္စည်းများအသုံးမပြုနိုင်ကြသဖြင့် သူတို့၏ ကျင့်ကြံခြင်းအဆင့်ကိုသာ အသုံးပြုတိုက်ခိုက်ကြသည်။
ရန်ကျောက်ကဲ၏ တန်ခိုးစွမ်းအားက ထိတ်လန့်ဖွယ်ရာ မြင့်မားလွန်းသည်ကို သဘောပေါက်သွားပြီးသည့်နောက် သိုင်းသူတော်စင် ဆဋ္ဌမအဆင့် လူရွယ်က ရန်ကျောက်ကဲကို ကိုယ်တိုင်တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။
သို့သော် သူ့ထက်လျှင်မြန်ပြီး သူ့ထက်စွမ်းအာကြီးမားသော မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ရှေ့သို့ရောက်ရှိလာပြီး အဆက်မပြတ် ထိုးစစ်ဆင်ကာ သူ့ကို မောပန်းနွမ်းနယ်သွားအောင် ပြုလုပ်လိုက်သည်။
ဖန်သားအလင်းကျောင်းတော်မှ ကျန်ရှိသောတပည့်များ၏ မျက်နှာအမူအရာများက တည်ကြည်လေးနက်သွား၏။
“ဒီ ရန်ကျောက်ကဲက ဘယ်လိုလူစားမျိုးလဲ ၊ သူက ကြာပန်းနီဒေဝီ ‘ဖုထင်’ ထက်တောင် စွမ်းအားမြင့်မားနေသေးတယ်”
ရန်ကျောက်ကဲကတော့ ရန်သူများကို တစ်ယော်ကပြီးတစ်ယောက် ရင်ဆိုင်လိုက်သည်။
ပထမဆုံးရန်သူတစ်ယောက်ကိုသတ်ဖြတ်ပြီးသည့်နောက် နောက်ထပ် နတ်ဘုရားသိမြင်ခြင်း ကနဦးအဆင့် သိုင်းသူတော်စင်တစ်ယောက်ကို ဦးတည်ပစ်မှတ်ထားလိုက်သည်။
ထိုသူက ပိန်ပိန်ပါးပါးနှင့် အသက် (၃၀)ဝန်းကျင်ခန့် အသွင်အပြင်ရှိသည်။
သူက ရန်ကျောက်ကဲကို ကြောက်ရွံ့ထိတ်လန့်စွာဖြင့် ကြည့်လိုက်ပြီး ချက်ချင်းပင် ထွက်ပြေးရန် ကြံရွယ်လိုက်သည်။
သို့သော် ဖန်သားအလင်းကျောင်းတော်မှ သိုင်းပညာက လျှင်မြန်ခြင်းမရှိလှပေ။ သိုင်းသူတော်စင် စတုတ္ထအဆင့်ကျင့်ကြံသူများပင်လျှင် အရှိန်အဟုန်တွင် ရန်ကျောက်ကဲထက်သာလွန်နိုင်သူ မရှိပေ။
ရန်ကျောက်ကဲက ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ပြီး ချက်ချင်းပင် ထိုသူ၏နောက်ဘက်သို့ ရောက်ရှိသွားသည်။ ထို့နောက် လက်ညှိုးလက်ခလယ်အား ဓားသွားပါမာအသုံးပြုပြီး ထက်ရှသောဓားဝိညာဉ်ဖြင့် ထိုသူ၏နောက်ကျောကို ထိုးစိုက်ချလိုက်၏။
လူငယ်က အသံတစ်ချက်ပင်မထွက်နိုင်ဘဲ လဲကျသွားပြီး အောက်ဘက်မှ မြေပြင်ထက်သို့ ပြုတ်ကျသွားသည်။
ယခု ကျန်ရှိနေသည့် ဖန်သားအလင်းကျောင်းတော်မှ နတ်ဘုရားသိမြင်ခြင်းအလယ်ဆင့်တန်ခိုးစွမ်းအားရှင်က ရန်ကျောက်ကဲထံသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာသည်။
သူ၏လက်ဝါးထက်တွင် ယင်နှင့်ယန်ဖြစ်တည်လာပြီး တစ်ခုက အရှေ့ တစ်ခုက အနောက် ၊ တစ်ခုကပုံရိပ်ယောင် ၊ တစ်ခုက အစစ်အမှန် ဖြစ်သည်။
သူ၏လက်ဖဝါးများအလယ်တွင် အစစ်အမှန်ကြယ်တာရာချီစွမ်းအားများမြင့်တက်လာပြီး ပုံရိပ်ယောင်မှ အစစ်အမှန်သို့ ပြောင်းလဲသွားသည်။
ကြည်လင်သောကြယ်တာရာချီစွမ်းအားစီးကြောင်းများက လေထုထဲတွင် စုစည်းသွားပြီး မျှော်စင်တစ်ခုပမာမြင့်မားသည့် သစ်ပင်ကြီးတစ်ပင် ဖြစ်တည်လာစေသည်။
ထို့နောက် သစ်သားကမီးကိုမွေးဖွား ၊ မီးကမြေကြီးကိုမွေးဖွား ၊ မြေကြီးကရွှေကိုမွေးဖွား ၊ ရွှေကရေကိုမွေးဖွား ၊ ရေကသစ်သားကို တစ်ဖန်ပြန်လည်မွေးဖွားသည်။
ဒြပင်စင်ငါးပါးတစ်လှည့်စီပြောင်းလဲပြီး မကြာမီ စူးရှထက်မြက်သောရွှေရောင်အလင်းတန်းများ ၊ မြင့်မားသောသစ်ပင်များ ၊ ပြင်းထန်သောရေများ ၊ မီးတောက်မီးလျှံများ ၊ ကြီးကျယ်ခမ်းနားသော တောင်တန်းများ သူ၏လက်ဖဝါးထက်တွင် တစ်လှည့်စီ ဖြစ်ပေါ်လာသည်။
ဒြပ်စင်ငါးပါးစွမ်းအားများလည်ပတ်နေပြီး တဖြည်းဖြည်းအားကောင်းလာကာ နောက်ဆုံး ဝဲဂယက်တစ်ခု ဖြစ်တည်လာသည်။
ထိုဝဲဂယက်က ပတ်ဝန်းကျင်ကမ္ဘာရှိ ဒြပ်စင်ငါးပါးစွမ်းအားကို စုပ်ယူမျိုချပြီး ပိုမိုလျှင်မြန်လာသည်။
ချန်စန်းသိုင်းပညာကျင့်ကြံခြင်းမှ ရရှိသော စွမ်းအားမြင့်မားသည့် အသက်ဓာတ်စွမ်းအားကို ထိုဝဲဂယက်အတွင်းပေါင်းစပ်စီးဝင်စေလိုက်သည့်အခါ အသက်ရှူရန်ပင်မဖြစ်နိုင်တော့အောင် ကြောက်မက်ဖွယ်ရာ ကောင်းပြီး မျှော်လင့်ချက်ကင်းမဲ့ခြင်းများ ပြည့်နက်နေသည့် အဆုံးမဲ့မရဏရောင်ဝါတစ်ခု ထွက်ပေါ်လာသည်။
ဒြပ်စင်စွမ်းအား (၅)မျိုးက အသက်ဓာတ်စွမ်းအားဖြင့် ပေါင်းစည်းသွားသည့်အခါ ဝဲဂယက်က ပိုမိုအားကောင်းလာပြီး လည်ပတ်နှုန်းမြန်ဆန်လာသည်။
ဝဲဂယက်ပိုမိုအားကောင်းလာလေ ရှင်သန်ခြင်းမှ သေခြင်းတရားသို့ပြောင်းလဲသွားသော မရဏစွမ်းအားက ပိုမိုခိုင်မာပြင်းထန်လာလေ ဖြစ်၏။
ဤသည်က...
ဒြပ်စင်ငါးပါးပြောင်းပြန်လှန်ခြင်း ၊ သေခြင်းရှင်ခြင်း ပြောင်းပြန်လှန်ခြင်း။
ဤသည်က တိမ်တိုက်တောင် ၊ ဖန်သားအလင်းကျောင်းတော်မှ လက်ဆင့်ကမ်းခဲ့သော ထူးခြားသောသိုင်းပညာတစ်မျိုးဖြစ်ပြီး “ဒြပ်စင်ငါးပါးသံသရာစက်ဝန်း” ဟု ခေါ်ဆိုသည်။
ရန်ကျောက်ကဲက ထိုသိုင်းပညာကိုတွေ့တော့ ကျယ်လောင်စွာ ရယ်မောရင်း...
“လာစမ်းပါ...”
ထို့နောက် သူက လက်ကိုဆန့်တန်းပြီး ညွှန်ပြလိုက်ရာ လက်ချောင်းထိပ်တ်ွင် အဖြူရောင်နှင့်အနက်ရောင် ချီစွမ်းအားစီးကြောင်း (၂)ခု ဖြစ်ပေါ်လာပြီး ထိုက်ကျိယင်ယန်အဖြစ်ပြောင်းလဲလှည့်ပတ်သွားသည်။
အဖြူရောင်နှင့်အနက်ရောင်ချီစွမ်းအားများထွက်ပေါ်လာသည်နှင့် ယင်နှင့်ယန် ပြောင်းပြန်ရောယှက်သွားပြီး လေထုထဲတွင် တဟုန်ထိုးစွမ်းအားတစ်ခု ထွက်ပေါ်လာသည်။
ဤသည်က ယင်ယန်ကောင်းကင်ကျမ်းစာမှ ‘ယင်ယန်လက်ချောင်းသိုင်းကွက်’ ပင် ဖြစ်ပြီး ထိုခဏတွင် မိုးမြေတစ်ခွင်မှ အခြေခံမူဝါဒများ အံ့သြဖွယ်ရာပြောင်းလဲသွားသည်။
“ဒြပ်စင်ငါးပါး သံသရာစက်ဝန်း” လက်ဝါးသိုင်း၏ ပြင်းထန်သောလက်ဝါးရိုက်ချက်သည် ရန်ကျောက်ကဲထံသို့ ကျရောက်မလာတော့ဘဲ ဘေးသို့သွေဖယ်သွားပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် တိုက်ခိုက်နေသော သိုင်းသူတော်စင် ဆဋ္ဌမအဆင့်ကျင့်ကြံသူထံ ဝင်ရောက်သွားသည်။
ရန်ကျောက်ကဲနှင့် တိုက်ခိုက်နေသော သိုင်းသူတော်စင်မှာ သူကိုယ်တိုင်ပင် မသိလိုက်ဘဲ ကိုယ့်လူအချင်းချင်း ပြန်လည်တိုက်ခိုက်သည့်ပမာ ဖြစ်သွားရသည်။
ကံကောင်းသည်မှာ သိုင်းသူတော်စင် ဆဋ္ဌမအဆင့်ကျင့်ကြံသူသည်လည်း ‘ဒြပ်စင်ငါးပါးသံသရာစက်ဝန်း’ လက်ဝါးသိုင်းနှင့် အလွန်ရင်းနှီးကျွမ်းဝင်သူ ဖြစ်နေခြင်းပင်။
ကြောက်မက်ဖွယ်ရာ မရဏချီစွမ်းအား ချဉ်းကပ်လာသည်နှင့် သူကချက်ချင်းပင် တွန်းလှန်လိုက်ပြီး ရုတ်တရက်ဝင်ရောက်လာသော လက်ဝါးရိုက်ချက်ကို ရှောင်တိမ်းနိုင်ခဲ့သည်။
သို့သော် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ဤအခွင့်အရေးကို အသုံးချပြီး သူ၏ရင်ဘတ်ထက်သို့ ပြင်းထန်သည့် လက်သီးတစ်ချက် ပစ်သွင်းလိုက်လေရာ သိုင်းသူတော်စင် ဆဋ္ဌမအဆင့် ကျင့်ကြံသူမှာ သွေးတစ်ပွက်အန်ပြီး နောက်သို့ လွင့်ထွက်သွားသည်။
ချန်စန်းသိုင်းပညာကို ကျင့်ကြံသူဖြစ်သဖြင့် အစွမ်းထက်သော အသက်ဓာတ်စွမ်းအားကို ပိုင်ဆိုင်လေရာ ဒဏ်ရာရရှိပါက လျင်မြန်စာ ပြန်လည်ကောင်းမွန်နိုင်သော တုနှိုင်းမဲ့စွမ်းအားကို ပိုင်ဆိုင်ထားသည်။
ထို့ကြောင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ လက်သီးချက်က ထိုသူကို တစ်ချက်တည်းဖြင့် သေစေနိုင်ခြင်း မရှိပေ။
သို့ပေသိ နဂိုကပင် အသာစီးမရသောတိုက်ပွဲအခြေအနေသည် ယခုတော့ ပို၍ပင် အန္တရယ်များလာတော့သည်။
ဤသို့ဖြစ်ပျက်ပြီးသည့်နောက်မှာတော့ သိုင်းသူတော်စင် ဆဋ္ဌမအဆင့် လူရွယ်ကျင့်ကြံသူသည် တိုက်ပွဲတွင်အသာစီးမရတော့ဘဲ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ဖိနှိပ်တိုက်ခိုက်မှုများကို ဆက်တိုက် ခုခံနေရတော့၏။
သူ၏ဒဏ်ရာများ သက်သာလာလိုက် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ဒဏ်ရာရအောင်ထပ်မံတိုက်ခိုက်လိုက်ဖြင့် တိုက်ပွဲက သံသရာလည်နေတော့သည်။
ရန်ကျောက်ကဲရှေ့တွင် ရှိနေသောကျင့်ကြံသူကတော့ သူ၏ ဒြပ်စင်ငါးပါးသံသရာစက်ဝန်းလက်ဝါးရိုက်ချက် လွဲချော်သွားသဖြင့် အနည်းငယ်မျက်နှာပျက်သွားသည်။
ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါးရယ်မောလိုက်ပြီး လက်ညှိုးလက်ခလယ်ကို ဓားဝိညာဉ်အဖြစ်အသွင်ပြောင်းကာ ထိုသူကို ထိုးစိုက်ချလိုက်သည်။
ဤဓားချက်က နတ်ဘုရားအဆုံးသတ်ဓားသိုင်းစွမ်းအားများပါဝင်နေသဖြင့် ဓားဝိညာဉ်က ရက်စက်ကြမ်းကြုတ်လွန်းသည်။
ပြီးတော့ ဓားဝိညာဉ်က ပတ်ဝန်းကျင်မိုးမြေတစ်ခွင်နှင့်လည်း ဆက်စပ်နေလေရာ လက်ရှိပတ်ဝန်းကျင်က ကြောက်စရာကောင်းလေ ကမ္ဘာ့အဆုံးသတ်မြင်ကွင်းမျိးကို ထုတ်လွှတ်ပေးနိုင်သည်အထိ အားကောင်းလာလေ ဖြစ်သည်။
တစ်ဖက်လူ၏ ဒြပ်စင်ငါးပါးသံသရာစက်ဝန်းသိုင်းပညာက ရှင်သန်ခြင်းကို သေခြင်းတရားသို့ ပြောင်းလဲထားသဖြင့် မရဏချီစွမ်းအားများက တဟုန်ထိုးထွက်ပေါ်လျှက် ရှိသည်။
သို့ပေသိ မရဏချီစွမ်းအားတစ်ခုတည်းဖြင့်ဆိုလျှင် ကမ္ဘာဖျက်ကပ်ဘေးကြီး ဖြစ်ပေါ်လာသည်အထိ စွမ်းအားပြင်းထန်နိုင်ခြင်း မရှိပေ။
ကမ္ဘာလောကအဆုံးမသတ်သေးသည့်တိုင် သေခြင်းတရားဆိုသည်က ရှိနှင့်ပြီးဖြစ်လေရာ မရဏချီစွမ်းအားတစ်ခုတည်းက ထင်သလောက် အဖျက်စွမ်းအား မကြီးမားပေ။
သို့ရာတွင် ထိုမရဏချီစွမ်းအားက နတ်ဘုရားအဆုံးသတ်ဓားဝိညာဉ်ဖြင့် ပေါင်းစည်းသွားသည့်အခါ ကမ္ဘာလောကတစ်ခုလုံး အဆုံးသတ်တော့မည့်အနေအထားအတိုင်း အညှာအတာကင်းမဲ့လွန်းသည့် အခြေနေသို့ ရောက်ရှိသွား၏။
ရန်ကျောက်ကဲ၏ နတ်ဘုရားသုတ်သင်ဓားသိုင်းက မရဏချီစွမ်းအားများအတွင်း ရောက်ရှိသွားသည့်အခါ ဓားဝိညာဉ်က ကြောက်မက်ဖွယ်ရာ တောက်လောင်လာသည်။
သိုင်းသူတော်စင် ပဉ္စမအဆင့် ကျင့်ကြံသူက သူ့လက်ဖဝါးထက်တွင် ပြောင်းပြန်လှည့်ပတ်နေသည့် ရှင်သန်ခြင်းအသက်ဓာတ်စွမ်းအားမှ သေခြင်းတရား မရဏချီအဖြစ်ပြောင်းလဲထားခြင်းကို မရဏချီစွမ်းအားမှ အသက်ဓာတ်စွမ်းအားအဖြစ် ပြန်လည်ပြောင်းလဲရန် ကြိုးစားလိုက်သည်။
ဒြပ်စင်ငါးပါးသံသရာစက်ဝန်းသိုင်းပညာကို အချိန်ကြာမြင့်စွာကျင့်ကြံခဲ့သော သိုင်းသူတော်စင်တစ်ယော်ကအတွက် ထိုသို့ပြောင်းလဲရန်မှာ ခက်ခဲခြင်း မရှိပေ။ အသက်တစ်ချက်ရှူမျှ အချိန်အတွင်း ပြုလုပ်နိုင်ပေသည်။
သို့သော် ရန်ကျောက်ကဲက သူ့ထက်ပိုမိုလျှင်မြန်သည်။
ဒြပ်စင်ငါးပါးသံသရာစက်ဝန်း ပြောင်းလဲမှု မထင်ရှားချိန်မှာပင် ဓားဝိညာဉ်က ရန်သူ၏လက်ဖဝါးကို ထိုးဖောက်သွားခဲ့ပြီး သူ၏ရင်ဘတ်သို့ပါ စိုက်ဝင်သွားသည်။
ထိုသူထံမှ အော်ညည်းသံသဲ့သဲ့ထွက်ပေါ်လာပြီး ရင်ဘတ်မှ သွေးများစီးဆင်းကျလာသည်။
ရန်ကျောက်ကဲက အဆုံးသတ်တိုက်ပွဲအတွက် ပြင်ဆင်လိုက်ချိန် သူ့စိတ်ထဲ ရုတ်တရက် လှုပ်ရှားသွားသည်။
"ဟမ်... မသေသေးဘူးလား"
သူ ရုတ်တရက် ခေါင်းငုံ့ကြည့်လိုက်၏။
စောစောက သူသတ်ခဲ့သော ဖန်သားအလင်းကျောင်းတော်မှ ဒုတိယမြောက်လူ၏အလောင်းက ထိုနေရာတွင် ရှိနေဆဲပင်။ ရန်ကျောက်ကဲ ငုံ့ကြည့်လိုက်တော့ မလှုပ်မယှက်ငြိမ်သက်နေသည့် ထိုသူ၏အလောင်းကိုပင် တွေ့မြင်ရသည်။
သို့သော် ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာကို ကျင့်ကြံထားသည့် ရန်ကျောက်ကဲအတွက် ထိုသူ၏ရုပ်အလောင်းတွင် အသက်ဓာတ်စွမ်းအား တည်ရှိနေကြောင်းကို သတိထားမိသည်။
ရုပ်အလောင်းတစ်ခုလုံးကို မရဏချီက လွှမ်းခြုံထားသော်လည်း ထိုမရဏချီအောက်တွင် အသက်ဓာတ်စွမ်းအားတစ်ခု ဖုံးကွယ်ထားသည်ကို အာရုံခံမိသည်။
ဒီလူ မသေသေးဘူး။
တစ်ချိန်တည်းမှာပင် တစ်ဖက်လူကလည်း သူမသေသေးကြောင်း ရန်ကျောက်ကဲရိပ်မိသွားသည်ကို သတိပြုလိုက်မိသည်။
အစပိုင်းတွင် မလှုပ်မယှက်ဖြစ်နေသော "သေဆုံးနေသောအလောင်း" သည် မြေပြင်မှခုန်တက်ကာ အဝေးသို့ ထွက်ပြေးသွားတော့၏။
“ငါ သူ့ကိုအခုပဲသတ်လိုက်တာပါ ၊ ထူးဆန်းလိုက်တာ...”
ရန်ကျောက်ကဲ တွေးလိုက်သည်။
သူမျက်နှာက ခံစားချက်ကင်းမဲ့နေပြီး သိုင်းသူတော်စင် ပဉ္စမအဆင့်ကျင့်ကြံသူကို ဆက်လက်တိုက်ခိုက်ခြင်း မရှိတော့ဘဲ သေချာင်ယောင်ဆောင်ကာ ထွက်ပြေးသွားသည့် နတ်ဘုရားသိမြင်ခြင်း ကနဦးအဆင့် သိုင်းသူတော်စင်နောက်သို့ လိုက်ပါသွားသည်။
သိုင်းသူတော်စင် ပဉ္စမအဆင့် ကျင့်ကြံသူကလည်း ဤအခွင့်အရေးကိုအသုံးချပြီး ထွက်ပြေးရန်မကြိုးစားဘဲ ရန်ကျောက်ကဲနောက်သို့ အဆက်မပြတ်လိုက်ပါသွားသည်။
ရန်ကျောက်ကဲက ယင်ယန်လက်ချောင်းသိုင်းဖြင့် ထွက်ပြေးသွားသောလူငယ်ကို တိုက်ခိုက်လိုက်သည်။ ထိုအခါ ထွက်ပြေးသွားသော သိုင်းကျင့်ကြံသူက တစ်ချက်အော်ဟစ်လိုက်ပြီး နောက်တစ်ကြိမ် လဲကျသွားသည်။
ရန်ကျောက်ကဲက သူ့ရှေ့ရောက်လာပြီး လက်ဖဝါးကိုမြှောက်ကာ နောက်ထပ် စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ကို ထုတ်လွှတ်လိုက်သည်။
သေချင်ယောင်ဆောင်ခဲ့သော ပိန်ပိန်ပါးပါးလူငယ်က ရုတ်တရက်နောက်သို့လှည့်လိုက်ပြီး ရန်ကျောက်ကဲ၏ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ကို ထိပ်တိုက်ရင်ဆိုင်လိုက်၏။
ရုတ်တရက် သူ့ပါးစပ်ကိုဟလိုက်ပြီး အတွင်းမှ တောက်ပသောအလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။
ယခု သီးခြားနယ်မြေထဲတွင် ဖြန့်ကျက်ပြီး ရတနာပစ္စည်းအသုံးမပြုနိုင်ရန် တားဆီးထားသော ဝိညာဉ်အလံရှည်မှ အလင်းမိုးစက်များ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ထို့ကြောင့် လူငယ်က ရတနာပစ္စည်းအသုံးပြုနိုင်ခြင်း ဖြစ်ပြီး သူ၏ပါးစပ်အတွင်းမှ ခရမ်းရောင်စက်ဝန်းတစ်ခုက ရန်ကျောက်ကဲဆီသို့ ထိုးဖောက်ဝင်ရောက်သွားလေသည်။