ဒီတစ်ချက်နဲ့မသေရင် နောက်တစ်ချက်ပေါ့
Vol. 60 Ch. 847
အခန်း (၈၄၇) ဒီတစ်ချက်နဲ့မသေရင် နောက်တစ်ချက်ပေါ့
ရန်ကျောက်ကဲက ပြုံးနေသော်လည်း ရှန်းယိယန်နှင့် အခြားသူများ ကျောရိုးထဲစိမ့်သွားမတတ် ခံစားလိုက်ရသည်။
သူက ကျင့်ကြံခြင်းအဆင့်တူညီသူများနှင့် ရင်ဆိုင်ရသည့်အခါ ဘယ်တော့မှ မသေနိုင်သူအဖြစ် ဂုဏ်သတင်းထိန်းသိမ်းထားခဲ့သူ ဖြစ်သည်။
သူ့ထက်ကျင့်ကြံခြင်းအဆင့်နိမ့်ပါးသော ရန်ကျောက်ကဲလက်ချက်ဖြင့် ယနေ့ သေဆုံးသွားခဲ့လျှင် နောင်အနာဂတ်တွင် တူညီသောကျင့်ကြံခြင်းအဆင့်ရန်သူ သတ်ဖြတ်ခြင်းကို ဘယ်တော့မှ မခံရတော့ဘူးဆိုသည့် အဓိပ္ပါယ်ပင် ဖြစ်သည်။
“ဒီလိုအခြေအနေမျိုးမှာ ငါ့ရဲ့လက်ဝါးရိုက်ချက်ကို ခုခံနိုင်တာ ဘယ်လောက်ရှားပါးလိုက်သလဲ ၊ ဂုဏ်ပြုတဲ့အနေနဲ့ မင်းကို အသက်ချမ်းသာပေးလိုက်သင့်တာ”
ရန်ကျောက်ကဲက နှုတ်ခမ်းများကို တွန့်ကွေးရင်း...
“ဒါပေမဲ့... ငါက အဲဒီလိုလုပ်မှာမဟုတ်ဘူး”
“သာမန်ရန်သူဆိုရင် ပြဿနာမရှိပေမယ့် မင်းတို့လိုရန်သူတွေနဲ့ရင်ဆိုင်ရတဲ့အခါ လက်ဝါးရိုက်ချက်နဲ့ပဲ ဖြေရှင်းရမယ် ၊ ဒီတစ်ချက်နဲ့မသေရင် နောက်တစ်ချက်ပေါ့”
ပြောပြီးသည်နှင့် ရန်ကျောက်ကဲက စက်ဝန်းသံသရာကောင်းကင်ကျမ်းစာကို နောက်တစ်ခေါက်လှည့်ပတ်လိုက်ပြီး လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
“ဝုန်း...”
ကျယ်လောင်သည့် ပေါက်ကွဲသံနှင့်အတူ ရှန်းယိယန်သည် ရုန်းကန်ရန်ပင်မတတ်နိုင််တော့ဘဲ လက်ဝါးရိုက်ချက်က နှလုံးသားတည့်တည့်ထိမှန်ကာ အရိုးအသားများပင် ကျန်ရှိခြင်း မရှိတော့ပေ။
ဖန်သားအလင်းကျောင်းတော်မှ သိုင်းသူတော်စင် ပဉ္စမအဆင့်ကျင့်ကင့်ကြံသူမှာ မြင်ကွင်းကိုမကြည့်ရက်ဘဲ ခါးသက်စွာ ခံစားလိုက်ရသည်။
အမှန်တော့ သိုင်းသူတော်စင် ဆဋ္ဌမအဆင့် လူရွယ်ပြီးလျှင် ရှန်းယိယန်သည် သူတို့အုပ်စုတွင် ဒုတိယမြောက် တန်ခိုးစွမ်းအား အမြင့်မားဆုံး ဖြစ်သည်။ သူက ရှန်းယိယန်ထက် ကျင့်ကြံခြင်းအဆင့်မြင့်မားသည့်တိုင် သိုင်းသူတော်စင် စတုတ္ထအဆင့်ရှိသော ရှန်းယိယန်က အမြဲတမ်း သူ့ထက်သာလွန်ခဲ့သည်။
ရှန်းယိယန်က ဖန်သားအလင်းကျောင်းတော်မှ ပါရမီရှင်များကြားတွင် အလားအလာအမြင့်မားဆုံးဟု အရှေ့ပိုင်းထိပ်တန်းအရှင်သခင်ကိုယ်တိုင်က အသိအမှတ်ပြုရသူ ဖြစ်၏။
သူ၏ ကျော်ကြားမှုက ကြာပန်းနီဒေဝီ ‘ဖုထင်’ ကဲ့သို့ ကမ္ဘာကိုကိုင်လှုပ်နိုင်ခြင်းမရှိသော်လည်း ရှန်းယိယန်သည် ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာတွင် ကျော်ကြားသူတစ်ယောက်ဖြစ်သည်မှာ အသေအချာပင်။
အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ်တွင် သူ၏ ထင်ရှားကျော်ကြားမှုက ကြီးမားလွန်းပြီး သူ့အမည်ကို မသိသူ မရှိကြပေ။
သူက တိုက်စစ် ၊ ခံစစစ် ၊ လျှင်မြန်ခြင်းများတွင် မြင့်မားသောအဆင့်တွင် မရှိပေ။
သို့သော် အသက်ဓာတ်စွမ်းအားနှင့် ပြန်လည်ရှင်သန်ခြင်းစွမ်းအားများတွင် ရှန်းယိယန်၏ ‘ခြောက်သွေ့သစ်သားခန္ဓာ’ နှင့် ချန်စန်းသိုင်းပညာကျင့်ကြံမှုက ကျင့်ကြံခြင်းအဆင့်တူညီသူများအလယ်တွင် အထွတ်ထိပ်ဖြစ်သည်ဟု ယူဆနိုင်သည်။
ယခင်ကဆိုလျှင် သူ့ထက်ကျင့်ကြံခြင်းအဆင့်မြင့်မားပြီး တိုက်စစ် ခံစစ်အားကောင်းသူများကိုပင် သူ၏ အစွမ်းထက်သော ပြန်လည်ရှင်သန်ခြင်းစွမ်းအား အသုံးပြုပြီး လဲပြိုရှုံးနိမ့်စေခဲ့သူ ဖြစ်သည်။
ရှန်းယိယန်သည် ရန်ကျောက်ကဲဓားချက်ဖြင့် သေဆုံးခဲ့ခြင်းမရှိဘဲ တမင်သက်သက် လုပ်ကြံဇာတ်လမ်းဆင်ခဲ့သည်။
ထိုကဲ့သို့ အန္တရယ်များသောလှည့်ကွက်ကိုအသုံးပြုပြီး ရန်ကျောက်ကဲ၏ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်၏ ထိုးနှက်ခံရခြင်းက သူ့ဦးခေါင်းထက်ကျရောက်သွားသည်။
စိတ်မကောင်းစရာမှာ သူ၏လှည့်ကွက်ကို ရန်ကျောက်ကဲက သိရှိချေဖျက်လိုက်ခြင်း ဖြစ်၏။
မည်မျှပင် အသက်ဓာတ်စွမ်းအား မြင့်မာပြီး ခံနိုင်ရည်အားကောင်းပါစေ ရန်ကျောက်ကဲ၏ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ထိမှန်ပါက ပြန်လည်ကောင်းမွန်ရန်မှာ မဖြစ်နိုင်ပေ။
ထိုသို့ဖြင့် ရန်ကျောက်ကဲက ဒုတိယအကြိမ် လက်ဝါးရိုက်ချက်ထုတ်ဖော်လိုက်သည့်အခါ ရှန်းယိယန်က မျက်လုံးများမှေးမှိတ်ရင်း သေရမည်ကိုသာ စောင့်နေလိုက်တော့သည်။
တူညီသောကျင့်ကြံခြင်းအဆင့် ၊ သို့မဟုတ် ကျင့်ကြံခြင်းအဆင့်မြင့်မားသူတစ်ယောက်၏ သတ်ဖြတ်ခြင်းကို မခံရဘဲ သူ့ထက် ကျင့်ကြံခြင်းအဆင့်နိမ့်ပါးသော ရန်ကျောက်ကဲလက်ချက်ဖြင့် သေဆုံးရပေတော့မည်။
ရှန်းယိယန်သည် ပြောမပြနိုင်သော နာကျည်းမှုများဖြင့် အသက်ပျောက်သွားခဲ့ရသည်။
တစ်ဆက်တည်းပင် ရန်ကျောက်ကဲက ငြိမ်သက်ငိုက်မျည်းသွားသော မိုးကြိုးဧကရာဇ်အပိုင်းအစကို သိမ်းဆည်းရင်း ရယ်မောလိုက်၏။
“ဒီ မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစက ငါ့ဆီမှာရှိတဲ့ဟာထက်တောင် ပိုကြီးသေးတယ် ၊ ကြည့်ရတာ အပိုင်းအစတွေကို ရှာဖွေပြီး ဖြည်းဖြည်းချင်းစုစည်းထားတာဖြစ်ရမယ် ၊ အင်း.... ဒီ ရတနာပစ္စည်းကို စုစည်းဖို့အတွက် မင်းအတော်လေး အားထုတ်ခဲ့ရမှာပဲ ၊ ဘာပဲဖြစ်ဖြစ် ငါ့အတွက် ကြိုးစားပေးခဲ့တာဖြစ်လို့ တကယ် ကျေးဇူးတင်ပါတယ်ကွာ”
သူက မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစကို သိမ်းဆည်းလိုက်ပြီး သိုင်းသူတော်စင် ဆဋ္ဌမအဆင့် ကျင့်ကြံသူရှိရာသို့ လှည့်ကြည့်လိုက်သည်။
တစ်ဖက်လူက ဆုတ်ခွာထွက်ပြေးရန် စိတ်ကူးထားသော်လည်း အရှိန်အဟုန်က မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားလောက် မြန်ဆန်ခြင်း မရှိပေ။
မိုးမြေတစ်ခွင်တွင် အတိုင်းအဆမရှိ ကြည်လင်တောက်ပသော လရောင်ခြည်တစ်ခု ထွက်ပေါ်လာသည်။
ဖန်းယွင်ရှန်းက ထူးကဲယင်သရဖူကို ကိုင်ဆောင်ပြီး ဖန်သားအလင်းကျောင်းတော်မှ သိုင်းသူတော်စင် ပဉ္စမအဆင့်ကျင့်ကြံသူကို ဖိနှိပ်တိုက်ခိုက်လိုက်သည်။ ယခုတစ်ကြိမ်တိုက်ခိုက်မှုတွင် သူမက နေရိပ်နတ်ဓားကို အသုံးပြုခဲ့ခြင်း မရှိပေ။
ကောင်းကင်ထက်ရှိ တစ်စင်းတည်းသောလမင်းထံမှ အဖြူရောင်နှင့်အနက်ရောင် နဂါးတစ်ကောင်းဆင်းသက်လာပြီး ချက်ချင်းပင် ဖန်သားအလင်းကျောင်းတော်မှ သိုင်းကျင့်ကြံသူကို တားဆီးလိုက်သည်။
ထိုစဉ် ရန်ကျောက်ကဲက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့်ပူပေါင်းပြီး သိုင်းသူတော်စင် ဆဋ္ဌမအဆင့် ကျင့်ကြံသူကို အသာစီးရအောင် ဖိနှိပ်တိုက်ခိုက်နေသည်။
အလင်းမိုးစက်များပျောက်ကွယ်သွားပြီဖြစ်သဖြင့် ရတနာပစ္စည်းများ အသုံးပြုနိုင်ပြီဖြစ်လေရာ ရန်ကျောက်ကဲအတွက် အသာစီးရရန် အခွင့်အရေး ပိုမိုများပြားလာသည်။
ဤနေရာတွင် ကျင့်ကြံခြင်းအဆင့် အမြင့်မားဆုံးဖြစ်သော သိုင်းသူတော်စင် ဆဋ္ဌမအဆင့်ကျင့်ကြံသူအား အသက်ရှင်လျှက် ဖမ်းဆီးရန်သာမကြိုးစားလျှင် တိုက်ပွဲအဆုံးသတ်နေသည်မှာ ကြာပြီဖြစ်၏။
သိုင်းပညာကျင့်ကြံခြင်းနှင့်ပတ်သက်ပြီး ထင်ရှားသည့်ရှုထောင့်မှကြည့်မည်ဆိုလျှင် ချန်စန်းသိုင်းပညာသည် တည်ငြိမ်မှုရှိသော်လည်း အလွန်အမင်းပြင်းထန်ခြင်း မရှိပေ။
ထို့ကြောင့် ရန်ကျောက်ကဲအနေဖြင့် ထိုကဲ့သို့သောရန်သူတစ်ယောက်ကို အလျှင်အမြန် အနိုင်ယူရန် ခက်ခဲသော်လည်း ရှုံးနိမ့်မည်တော့ မဟုတ်ပေ။
ယခုရင်ဆိုင်နေရသူသည် လင်ဟန့်ဟွာ သို့မဟုတ် ဖုထင်တို့ကဲ့သို့ ကျင့်ကြံသူတစ်ယောက် နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့် ရောက်ရှိနေခြင်းမျိုးဖြစ်ပါက ရန်ကျောက်ကဲအနေဖြင့် အလွန်အန္တရယ်များသော သူသေကိုယ်သေ တိုက်ပွဲကို ရင်ဆိုင်ရမည် ဖြစ်သည်။
ရှန်းယိယန်ကတော့ မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစနှင့် ခြောက်သွေ့သစ်သားခန္ဓာကို တစ်ချိန်တည်း အသုံးပြုနိုင်သဖြင့် အလွန်ထူးခြားသည်ဟု ဆိုနိုင်သည်။
သူက အခြားသော ဂိုဏ်းတူညီအစ်ကိုများထက် ပိုမိုအစွမ်းထက်သူ ဖြစ်သည်။
ရန်ကျောက်ကဲက ရှန်းယိယန် စေ့စေ့စပ်စပ် တည်ဆောက်ထားသော ထောင်ချောက်အတွင်းမှ အန္တရယ်မရှိဘဲ ရုန်းထွက်နိုင်ခဲ့သည့်တိုင် အလွန်အန္တရယ်များသည့် အခြေအနေနှင့် ရင်ဆိုင်ခဲ့ရကြောင်းကို ဝန်ခံရပေမည်။
အကယ်၍ ရန်ကျောက်ကဲနေရာတွင် ဖုထင်ဆိုပါက သူမအား အချိန်မီကာကွယ်ရန် ဇာမဏီတောင်ပံကို အသုံးမပြုနိုင်ခဲ့လျှင် သူမသည်ပင် ရှန်းယန်ယိလက်ချက်ဖြင့် အသက်ပျောက်နိုင်ဖွယ်ရာ ရှိသည်။
ဖုထင်အနေဖြင့် ချန်စန်းသိုင်းပညာကျင့်ကြံထားသော သိုင်းသူတော်စင် စတုတ္ထအဆင့် ကျင့်ကြံသူများကို အနိုင်ယူနိုင်မည် ဖြစ်သော်လည်း ရှန်းယန်ယိကြံစည်ထားသည့် လှည့်ကွက်မျိုးဖြင့် ကြုံတွေ့ရပါက အသက်ဆုံးရှုံးလုနီးပါးအခြေအနေ ဖြစ်သွားနိုင်၏။
သို့သော် ဖုထင်သာ နတ်ဘုရားသိမြင်ခြင်း ကနဦးအဆင့် ကျင့်ကြံသူဆိုပါက သူမက ရှန်းယန်ယိထက် ရန်ကျောက်ကဲကို ပိုမိုခြိမ်းခြောက်နိုင်မည် ဖြစ်သည်။
ရန်ကျောက်ကဲက မိစ္ဆာဓားတောင်းတျဲနှင့် ကောင်းကင်ဝါးမျိုကမ္ဘာမြေဖျက်ဆီးဓားသေတ္တာ အကူအညီဖြင့် ရန်သူကို အောင်မြင်စွာနှိမ်နင်းပြီးနောက် ၊ ဖန်သားအလင်းကျောင်းတော်မှ ပဉ္စမအဆင့်သိုင်းသူတော်စင်ကိုထိန်းချုပ်ရန် ဖန်းယွင်ရှန်း ရောက်ရှိလာသည်။
တိုက်ပွဲနောက်ဆုံးအချိန်ရောက်သည်အထိ ရန်ကျောက်ကဲက သတိတစ်ချက်ပေါ့လျော့ခြင်း မရှိပေ။
ကမ္ဘာဖြတ်လမ်းကြောင်းအပြင်ဘက်တွင် လီချန်တို့အုပ်စုနှင့် တိုက်ခိုက်ခဲ့ပြီးသည့်နောက် သီးခြားနယ်မြေအတွင်းသို့မဝင်ရောက်ခင် သူက ထိုနေရာတွင် သေးငယ်သော ယန္တရားတစ်ခုကို ပေါ့ပေါ့ပါးပါပင် တည်ဆောက်ထားခဲ့သည်။
ယခု သူ တည်ဆောက်ထားခဲ့သောယန္တရား ပျောက်ကွယ်သွားသည်ကို ရန်ကျောက်ကဲ စိတ်အာရုံထဲ ထင်ရှားစွာ အာရုံခံလိုက်မိသည်။
ယန္တရားပြုလုပ်ထားသည့်မူလရည်ရွယ်ချက်မှာ သီးခြားနယ်မြေအတွင်းသို့ အခြားသူများဝင်ရောက်လာပါက သိရှိရန် ဖြစ်သည်။
သို့သော် ယခုတော့ ယန္တရားက မည်သည့်သတိပေးချက်မှမရှိဘဲ နေရာတွင်မရှိတော့သည့်ပမာ ပျောက်ကွယ်သွားခဲ့သည်။
ယန္တရားပိုင်ရှင် ရန်ကျောက်ကဲကိုလည်း အသိပေးခြင်းမရှိသလို ရန်သူကိုလည်းနှောင့်နှေးစေခြင်းမရှိပါဘဲ ထူးခြားစွာ အငွေ့ပျံပျောက်ကွယ်သွားခြင်း ဖြစ်၏။
သို့ပေသိ ဤသို့ဖြစ်ရခြင်းက ရန်ကျောက်ကဲကို အရေးကြီးသည့်အကြောင်းအရာများစွာ သတင်းပေးရန် လုံလောက်နေပေပြီ။
ကျင့်ကြံခြင်းအဆင့် အလွန်တရာ မြင့်မားသူတစ်ယောက် ရောက်ရှိလာခြင်းသာပင်။
ရောက်လာသူ၏ ကျင့်ကြံခြင်းအဆင့်က မြင့်မားလွန်းသဖြင့် ကမ္ဘာဖြတ်လမ်းကြောင်းအဝင်ဝတွင် လေထုအပြောင်းအလဲများဖြစ်ပေါ်သွားပြီး ရန်ကျောက်ကဲထားရှိခဲ့သော ယန္တရားမှာ ဆက်လက်တည်ရှိရန် မဖြစ်နိုင်တော့ဘဲ သဘာဝအတိုင်း ပျောက်ကွယ်သွားခြင်းသာ ဖြစ်သည်။
ထိုမျှ တန်ခိုးစွမ်းအားကြီးမားသူသည် အနည်းဆုံး ယင်းစန်းတောင်ဓားဘုရင် ‘လင်ဟန့်ဟွာ’ နှင့် အဆင့်တူညီသူ ဖြစ်နိုင်၏။
သို့ရာတွင် ကျင့်ကြံခြင်းအဆင့် တူညီသူများအလယ်တွင် လင်ဟန့်ဟွာက ပြိုင်ဘက်ကင်းတစ်ယောက်ဖြစ်သည်ကို ထည့်သွင်းစဉ်းစားမည်ဆိုပါက ယခုရောက်ရှိလာသူက လင်ဟန့်ဟွာထက်ပင် ပိုမိုအဆင့်မြင့်မားနိုင်သည်။
ဤသည်က အနိမ့်ဆုံးအဆင့် ခန့်မှန်းခြင်းဖြစ်ပြီး အမြင့်ဆုံးအဆင့်ခန့်မှန်းမည်ဆိုပါက ရောက်လာသူ၏တန်ခိုးစွမ်းအားက အမြင့်တကအမြင့်ဆုံးအဆင့် ဖြစ်နိုင်သည်။
ရန်ကျောက်ကဲက နှုတ်ခမ်းကိုပွတ်သပ်ရင်း...
“ပရမ်းပတာဗလာနယ်ထဲ ထပ်ပြီးမလွင့်မျောချင်ပေမယ့် တခြားနည်းလမ်းမရှိရင်တော့ ဒီအတိုင်းပဲ ထွက်ပြေးရတော့မယ်”
ထိုသို့စဉ်းစားမိတော့ ရန်ကျောက်ကဲက သီးခြားနယ်မြေထဲတွင် အစီအရင်တစ်ခုတည်ဆောက်လိုက်သည်။ ထိုအစီအရင်က တစ်ချိန်က ချီဝေတည်ဆောက်ခဲ့ဖူးသော ခွန်ယွမ်အစီအရင်ကဲ့သို့သော အစီအရင်မျိုးဖြစ်ပြီး အစီအရင်၏သိမ်မွေ့မှုက သွားရောက်ဆင်တူသည်။
အကယ်၍ ဤအစီအစဉ်ကို အားကိုးပြီး ဗလာနယ်ထဲသို့ ထိုးဖောက်ထွက်ရမည်ဆိုပါက ဤသီးခြားနယ်မြေထဲတွင် အက်ကွဲကြောင်းတစ်ခု အတင်းအကျပ် ဆုတ်ဖြဲပြီး ဝင်လာသောလမ်းကြောင်းမှပြန်မထွက်ဘဲ တခြားတစ်နေရာမှ ထွက်ခွာသွားနိုင်မည် ဖြစ်၏။
သို့သော် ရန်ကျောက်ကဲ အစီအရင်တည်ဆောက်နေချိန်တွင် ကမ္ဘာဖြတ်လမ်းကြောင်းအပြင်ဘက်တွင် စွမ်းအားအတက်အကျများဖြစ်ပေါ်လာကြောင်း ခံစားလိုက်ရသည်။
ဤသည်က တစ်စုံတစ်ယောက် ဝင်ရောက်လာခြင်း မဟုတ်ပေ။
ကမ္ဘာဖြတ်လမ်းကြောင်းအပြင်ဘက်ရှိ အထက်ဘုံကမ္ဘာတွင် တန်ခိုးစွမ်းအားရှင်များ တိုက်ပွဲစတင်ခြင်း ဖြစ်လေသည်။
ထိုတိုက်ပွဲက မည်မျှပြင်းထန်သနည်းဆိုပါမူ သီးခြားနယ်မြေအတွင်းမှ လူများသည်ပင် လှိုင်းလုံးကြီးထက်တွင် လွင့်မျောလူးလိမ့်နေသည့် လှေငယ်လေးပမာ ခံစားလိုက်ကြရလေ၏။