ထိပ်တန်းအရှင်သခင်နှစ်ယောက်၏တိုက်ပွဲ
Vol. 60 Ch. 848
အခန်း (၈၄၈) ထိပ်တန်းအရှင်သခင်နှစ်ယောက်၏တိုက်ပွဲ
အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ်နှင့် အရှေ့မြောက် မင်ထျန်းကောင်းကင်ပြည်နယ်ကြား နယ်နိမိတ်အဖြစ် တည်ရှိနေသောတောင်တန်းကြီး၏ ထက်ကောင်းကင်ယံက သီးခြားကမ္ဘာနှစ်ခုပမာ တုန်လှုပ်ဖွယ်ရာ နှစ်ပိုင်းကွဲသွားသည်။
တောင်တန်းကြီး၏တောင်ဘက်ကောင်းကင်က အစိမ်းရောင်သမ်းနေပြီး ကြည်လင်သောကြယ်တာရာချီစွမ်းအားများ မြင့်တက်လာကာ မိုးကုတ်စက်ဝိုင်းထိတိုင် ထိုးဖောက်ဝင်ရောက်သွားသည်။
မြင့်မားသော အစိမ်းရောင်သစ်ပင်ကြီးတစ်ပင် ကောင်းကင်ထက်သို့ မြင့်တက်လာပြီး အကိုင်းကိုးခက်က ပတ်ဝန်းကျင်သို့ ထိုးဖောက်သွားကာ လေထုထဲတွင် လွင့်မျောတည်ရှိနေသည်။
ထူထဲစိမ်းလန်းသောသစ်ရွက်များမှ မိုးခြိမ်းသံများထွက်ပေါ်နေပြီး လျှပ်စီးကြောင်းများတလက်လက်တောက်ပနေကြောင်း တွေ့မြင်ရသည်။
ထိုလျှပ်စီးကြောင်းများတွင် သက်ရှိများအားလုံးကို ပျိုးထောင်ပေးနိုင်သော အသက်ဓာတ်စွမ်းအားများပါဝင်နေသလို အရာအားလုံးကို ဖျက်ဆီးပစ်နိုင်စွမ်းရှိသည့် ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအားများလည်း ပါဝင်နေသည်။
တောင်တန်း၏မြောက်ဘက်မှာတော့ ကောင်းကင်တစ်ခုလုံး ခရမ်းရောင်သမ်းလျှက်ရှိပြီး မိုးကြိုးစွမ်းအားတစ်ခုတည်းကိုသာ တွေ့မြင်ရသည်။
တောင်တန်း၏ မြောက်ဘက်တစ်ခွင် ကောင်းကင်ပြင်မှာ မိုးကြိုးလျှပ်စီးပင်လယ်အဖြစ် လုံးလုံးပြောင်းလဲသွားသည်။
တောင်ဘက်ရှိ အကိုင်းကိုးခက် ရှေးဟောင်းသစ်ပင်၏ ပင်စည်ထက်တွင် လူရိပ်တစ်ခုရှီနေပြီး မြောက်ဘက်မိုးကြိုးပင်လယ်အလယ်ဗဟိုတွင်လည်း ပုံရိပ်တစ်ခု ရှိနေသည်။
ထိုပုံရိပ် (၂)ခုသည် ကောင်းကင်ထက်မှ ကြယ်စင်များပမာ တောက်ပနေပြီး သူတို့ခန္ဓာကိုယ်အတွင်းမှ စကြာဝဠာက ခန္ဓာကိုယ်ပြင်ပမှ စကြာဝဠာနှင့် တစ်သားတည်းကျ ပေါင်းစပ်ထားသည်။
သူတို့ကိုကြည့်ရသည်မှာ လူသားခန္ဓာကိုယ်ထဲမှ ကြယ်ရောင်စုံသော တကယ့်စကြာဝဠာအလား ထင်မှတ်ရ၏။
ကြည်လင်သောအစိမ်းရောင်ချီစွမ်းအားနှင့် ခရမ်းရောင်မိုးကြိုးစွမ်းအားတို့ အဆက်မပြတ်ထိပ်တိုက်ရင်ဆိုင်ပြီးနောက် တစ်ပြိုင်တည်းပင် ငြိမ်သက်သွားကြသည်။
ကြည်လင်သောအစိမ်းရောင်ချီက ပိုမိုလျှင်မြန်သော်လည်း ခရမ်းရောင်မိုးကြိုးစွမ်းအားကတော့ ပိုမိုကြီးမားသောစွမ်းအားကို ပိုင်ဆိုင်ထားသည်။
ကြည့်ရသည်မှာ ဤပုဂ္ဂိုလ် (၂)ယောက်က လက်ရည်ညီနေဟန်ပင်။
သို့သော် ထိုတန်ခိုးစွမ်းအားရှင် (၂)ယောက်မှ ထုတ်လွှတ်လိုက်သော စွမ်းအားများက အချို့နေရာများတွင် ဆက်စပ်နေပုံရ၏။
မြောက်ဘက် မိုးကြိုးပင်လယ်အတွင်းမှ အသံတစ်သံ ပဲ့တင်ထပ်ထွက်ပေါ်လာသည်။
“မင်းက ဒီနေရာထိလာပြီး ကိုယ်တိုင်ဝင်ပါဖို့ ဆုံးဖြတ်ထားတာလား”
တောင်ဘက်ရှိ အကိုင်းကိုးခက်ပါ သစ်ပင်ထက်မှ ပုံရိပ်က တည်ငြိမ်သည့်လေသံဖြင့်...
“ဒီလိုမျိုး ဥပဒေနဲ့မညီတဲ့အလုပ်တွေကို လူအများကြီးကသာ လုပ်မနေဘူးဆိုရင် ဒီနေ့ဒီအချိန် ဒီလိုအခြေအနေမျိုးတွေ ဖြစ်လာမှာတောင် မဟုတ်ဘူး”
မိုးကြိုးသွားပင်လယ်အတွင်းမှ မိုးမြေတစ်ခွင်ကိုတုန်လှုပ်စေသောအသံက အနိမ့်အမြင့်မရှိ ထွက်ပေါ်လာသည်။
“လူတိုင်းက တူညီတဲ့ရင်းမြစ်က ဆင်းသက်လာတယ်ဆိုတာကို အသာထား ၊ မင်းတစ်ယောက်တည်းရဲ့ အတွေးအမြင်နဲ့လုပ်ရပ်တွေကိုကြည့်ရတာ... မင်းက တာအိုဝါဒကိုသစ္စာဖောက်နေတာလား”
ရှေးဟောင်းသစ်ပင်မြင့်ကြီးထက်မှ ပုံရိပ်က...
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
တစ်ဖက်လူက ခြေလှမ်းတစ်လှမ်းချင်း နီးကပ်လာပြီး...
“အဲဒီလိုမဟုတ်ဘူးဆိုရင်... မင်းခေါင်းမာနေရတဲ့ရည်ရွယ်ချက်က ဘာများလဲ”
ရှေးဟောင်းသစ်ပင်ကြီးထံမှ တည်ငြိမ်သောအသံတစ်သံထွက်ပေါ်လာသည်။
“တိဟွမ်မြေကမ္ဘာဧကရာဇ်ရဲ့ရပ်တည်ချက်က မှန်ကန်တယ်လို့ ယုံကြည်တယ် ၊ သူယုံကြည်တာကို ငါကထောက်ခံပြီး ညှိနှိုင်းမှု ပြုလုပ်ချင်တယ်”
ခရမ်းရောင်မိုးကြိုးပင်လယ်ထက်မှလူက ခဏမျှတိတ်ဆိတ်သွားပြီးမှ ဖြည်းညင်းစွာဖြင့်...
“တိဟွမ်မြေကမ္ဘာဧကရာဇ်က ဒီကိစ္စနဲ့ပတ်သက်လို့ ဘာမှမပြောခဲ့ဘူးလေ”
သူက ဆက်ပြောသည်။
“ကောင်မလေးက မှန်တဲ့အလုပ်ကိုလုပ်နေခဲ့တာပဲ ၊ ရေရှည်ရှုထောင့်ကြည့်ရင် သူ့လုပ်ရပ် မှန်တယ်ဆိုတာ ရှင်းနေတာပဲ မဟုတ်လား”
စကားဆုံးသွားသည်နှင့် မိုးကြိုးသွားပင်လယ်အတွင်းမှ အရပ်မြင့်မြင့်လူတစ်ယောက် ထွက်ပေါ်လာသည်။
သူ၏ခါးတွင် ကျောက်စိမ်းခါးစည်းကြိုးစည်းနှောင်ထားပြီး ဦးခေါင်းထက်တွင် ခရမ်းရောင်သရဖူဆောင်းထားသည်။ ထိုသူက ခရမ်းနီရောင်မျက်နှာရှိပြီး ငွေရောင်ဆံပင်များပိုင်ဆိုင်ထားသော အဘိုးအိုတစ်ယောက် ဖြစ်၏။
သူ၏ ခြေလှမ်းတိုင်းတွင် ပေါက်ကွဲနေသော မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံမြည်ဟည်းနေပြီး မိုးမြေတစ်ခွင် ပဲ့တင်ထပ်ကာ ဗလာနယ်ကိုပင် လှုပ်ခတ်သွားစေသည်။
အထက်ဘုံကမ္ဘာက အောက်ဘုံကမ္ဘာများထက်ဆာလျှင် ပိုမိုတည်ငြိမ်သည့်တိုင် ဤအဘိုးအို၏ခြေလှမ်းများကြောင့် တုန်ခါသွားသည့်အလားထင်မှတ်ရသည်။
ခရမ်းရောင်သရဖူဆောင်းထားသောအဘိုးအို၏ တန်ခိုးစွမ်းအားက အထက်ဘုံကမ္ဘာကိုပင်သက်ရောက်မှုရှိသည်မှာ ထင်ရှားလေသည်။
သူက တောင်ဘက်ရှိ အကိုင်းကိုးခက်ရှိသော သစ်ပင်ကိုစူးစိုက်ကြည့်ရင်း နက်ရှိုင်းသည့်အသံဖြင့် အော်ဟစ်လိုက်သည်။
“ပြန်သွားစမ်း ၊ ဒီနေရာက နယ်ခြားဒေသဆိုပေမယ့် သေချာတွက်ကြည့်မယ်ဆိုရင် ငါ့ရဲ့ အရှေ့မြောက်မင်ထျန်းကောင်းကင်ပြည်နယ်ထဲမှာပါဝင်တယ်”
အကိုင်းကိုးခက်ရှိသော ရှေးဟောင်းသစ်ပင်ထက်မှလူက ထိုအော်သံကြောင့် မည်သည့်သက်ရောက်မှုမှမရှိဟန် တည်ငြိမ်စွာဖြင့်...
“အရင်တုန်းက မင်း သူ့ကိုလျှို့ဝှက်ပြီးကူညီတယ် ၊ အခုတော့ ဒီမိန်းကလေးကို ကာကွယ်ပေးနေတယ်ဆိုတာ ရှင်းနေပြီပဲ”
ခရမ်းရောင်သရဖူဆောင်းထားသည့် အဘိုးအို၏မျက်နှာအမူအရာက ပြောင်းလဲသွားခြင်း မရှိပေ။
“အဲဒီတော့ ဘာဖြစ်လဲ ၊ မင်းလူတွေကို မင်းမကူညီဘူးဆိုရင် ငါကလည်း ဒီနေရာက တခြားသူတွေကို လာကူညီမယ်များ ထင်သလား”
“တကယ်လို့ သူတို့သာ လုံလောက်တဲ့ ထျန်းယွမ်ကျောက်တုံးတွေစုစည်းထားရင် မင်းရောငါရော အခုလို အေးအေးဆေးဆေး နေနိုင်မှာမဟုတ်ဘူး ၊ ငါတို့အားလုံး အကျိုးအမြတ်ကို အတူတူခံစားခဲ့ကြတာပဲ ၊ မင်းအနေနဲ့ မကူညီရင်တောင် မနှောက်ယှက်သင့်ဘူး”
စကားဆုံးသွားသည်နှင့် ခရမ်းရောင်သရဖူဆောင်းထားသည့်အဘိုးအို၏ မျက်နှာထက် ဒေါအရိပ်အယောင်များထင်ဟပ်လာသည်။
အကိုင်းကိုးခက်ရှိသော ရှေးဟောင်းသစ်ပင်ထက်မှ လူရိပ်က အစိမ်းရောင်ဝတ်ဆင်ထားသည့် စာပေသမားလူရွယ်တစ်ယောက်အသွင် ထင်ရှားထွက်ပေါ်လာသည်။
သူက ဖြည်းညင်းသည့်လေသံဖြင့်...
“ကံဆိုးရာကနေ ကံကောင်းသွားနိုင်သလို ကံကောင်းရာကနေလည်း ကံဆိုးသွားနိုင်တယ် ၊ ဒီကိစ္စက ရေရှည်မှာ မှန်တယ်လို့ဆိုနိုင်ပေမယ့် အချိန်တိုအတွင်းမှာ ကပ်ဘေးတစ်ခုဖြစ်သွားနိုင်တယ် ၊ အခုမဟုတ်သေးဘူးဆိုရင်တောင် အနာဂတ်မှာ ဖြစ်လာရင် ဘယ်လိုလုပ်မလဲ”
စာပေသမားဝတ်စုံဝတ်ဆင်ထားသည့် လူရွယ်က သက်ပြင်းချရင်း ခေါင်းတစ်ချက်ခါယမ်းလိုက်သည်။
ခရမ်းရောင်သရဖူဆောင်းထားသည့် အဘိုးအိုက အေးစက်စွာဖြင့်...
“လောကမှာ အလုံးစုံမှန်တယ်ဆိုတာ ဘယ်နေရာမှာမှမရှိဘူး ၊ အားလုံးက ကိုယ့်စိတ်ထဲကောင်းမယ်ထင်တာကိုလုပ်ကြတာပဲ ၊ ဘယ်သူ့ကိုမှ အတင်းဖိအားပေးလို့မရဘူး”
“ပြီးတော့ လူငယ်တွေကိစ္စကို ငါ စိတ်မဝင်စားဘူး ၊ ကောင်မလေး ရှင်သန်နိုင်ဖို့ဆိုတာ သူ့ကံတရားအပေါ်ပဲ မူတည်တယ် ၊ ဒါပေမဲ့ မင်းကိုယ်တိုင် ဝင်ပါမယ်ဆိုရင်တော့ ဒီအဘိုးကြီးလက်ထဲကဓားက သဘောတူမလားဆိုတာ အရင်မေးရလိမ့်မယ်”
အဘိုးအို၏လက်ထဲတွင် ဓားကိုင်ထားခြင်း မရှိပေ။
သို့သော် ရုတ်ချည်းပင် အဘိုးအို၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင် လျှပ်စီးကြောင်းများ မြင့်တက်လာပြီး ဓားသွားများအဖြစ် ပြောင်းလဲသွားသည်။
"မင်းကိုအနိုင်ယူဖို့ ငါ့အတွက်မလွယ်ဘူး ၊ ဒါပေမယ့် မင်းငါ့ကိုအနိုင်ယူဖို့က ပိုခက်တယ် ၊ မင်းဘက်က အပြင်းအထန်တိုက်ခိုက်ရင်တောင် ဒီတိုက်ပွဲက အများဆုံးသရေကျနိုင်ခြေပဲရှိတယ်”
ခရမ်းရောင်သရဖူဆောင်းထားသော အဘိုးအို၏ ဓားသွားလှုပ်ရှားမှုများက အေးခဲသွားပြီး ပတ်ဝန်းကျင်ရှိ အချိန်နှင့်နေရာက ပုံပျက်သွားသည်။
စာပေသမားဝတ်စုံဝတ်ဆင်ထားသော လူရွယ်က တည်ငြိမ်စွာဖြင့်...
“ငါတို့အားလုံးက ဂိုဏ်းတွေကွဲပြားပေမယ့် တူညီတဲ့မူလရင်းမြစ်က ဆင်းသက်လာကြသူတွေပါ ၊ တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိကြပါတယ် ၊ လောလောဆယ်မှာ ငါက မင်းထက်ညံ့တယ်ဆိုတာမှန်ပါတယ် ၊ ဒါပေမဲ့ မင်းက ထက်မြက်လွန်းတဲ့အတွက် ကျင့်ကြံခြင်းနိယာမတွေကို သွေဖယ်သွားတယ် ၊ ဒါကြောင့် ကျင့်ကြံခြင်းတစ်ဆို့တာကိုဖြတ်သန်းဖို့ ငါ့ထက်ပိုပြီး ခက်ခဲနိုင်တယ်”
ခရမ်းရောင်သရဖူဆောင်းထားသည့် အဘိုးအိုက...
“အမှန်ပဲ ၊ မင်းက အသက်ငယ်ပေမယ့် ဒီအဘိုးအကြီးကို ခြေရာတိုင်းနိုင်နေပြီ ၊ ဒါပေမဲ့ သောက်ကြီးသောက်ကျယ်တွေ ပြောချင်တယ်ဆိုရင်တော့ ဒီအဘိုးကြီးထက်သာအောင်လုပ်ပြီးမှ ပြန်လာပြောလှည့်...”
စာပေသမားဝတ်စုံဝတ်ဆင်ထားသောလူရွယ်က ခေါင်းညိတ်ရင်း...
“ကောင်းပြီလေ ၊ ဒါပေမဲ့ မင်းကိုအကြံပေးလိုက်မယ် ၊ မင်း သူ့ကို ခဏတော့ကာကွယ်ပေးလို့ရလိမ့်မယ် ၊ အမြဲတမ်းတော့ ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး”
သူက ဆက်ပြောသည်။
“ဒီတစ်ခါတော့ မင်း သူ့ကိုကာကွယ်ပေးတာ ဘာမှမဖြစ်ဘူး ၊ ဒါပေမဲ့ ဆက်ပြီးကာကွယ်ပေးနေမယ်ဆိုရင်တော့ မင်းရဲ့ အရှေ့မြောက်မင်ထျန်းကောင်းကင်နယ်မြေတစ်ခုလုံးအတွက် ကပ်ဘေးကြီးဆိုက်လိမ့်မယ်”
ပြောပြီးသည်နှင့် စာပေသမားဝတ်စုံဝတ်ဆင်ထားသော လူရွယ်က လှည့်ထွက်သွားသည်။
တောင်ပိုင်းကောင်းကင်ကို ဖုံးလွှမ်းထားသည့် အကိုင်းကိုးခက်ပါ ရှေးဟောင်းသစ်ပင်သည်လည်း တဖြည်းဖြည်း မှေးမှိန်သွားကာ နောက်ဆုံးတွင် ပျောက်ကွယ်သွားခဲ့သည်။
ခရမ်းရောင်သရဖူဆောင်းထားသည့် အဘိုးအိုက တိုးတိတ်စွာဖြင့်...
"ဒီအဘိုးကြီး ဘာဆက်လုပ်ရမလဲဆိုတာ မင်း စိတ်ပူနေစရာမလိုဘူး"
အဝေးသို့ထွက်ခွာသွားသည့် စာပေသမားဝတ်စုံဝတ်ဆင်ထားသည့် လူရွယ်ကလည်းတစ်ချိန်တည်းမှာပင် ပြောလိုက်သည်။
“ငါ့တပည့်တွေက အမိန့်အတိုင်းလုပ်ရတာပါ ၊ သူတို့ကိုအခက်တွေ့အောင် မလုပ်ပါနဲ့”
ခရမ်းရောင်သရဖူဆောင်းထားသည့် အဘိုးအိုက...
“ဒီအဘိုးကြီးက သူတို့ကိုအခက်တွေ့အောင် မလုပ်ပါဘူး ၊ လူငယ်တွေချင်းချင်း တိုက်ခိုက်တာကိုလည်း အရေးမစိုက်ဘူး ၊ ဒါပေမဲ့ မင်းတပည့်တွေ နယ်နိမိတ်ကိုဖြတ်ပြီး ငါ့ရဲ့ အရှေ့မြောက် မင်ထျန်းကောင်းကင်ပြည်နယ်ထဲ ဝင်လာလို့ကတော့ အကျိုးဆက်လှမယ်မထင်နဲ့”
စာပေသမားဝတ်စုံဝတ်ဆင်ထားသည့် လူရွယ်၏ပုံရိပ်ပျောက်ကွယ်သွားသည်။
ခရမ်းရောင်သရဖူဆောင်းထားသည့်အဘိုးအိုက လေထုထဲတွင် အချိန်အတန်ကြာ ငြိမ်သက်စွာ မတ်တတ်ရပ်နေလေသည်။
အတန်ကြာမှ ကောင်းကင်ထက်မော့ကြည့်ကာ သက်ပြင်းချရင်း ခေါင်းခါယမ်းလိုက်သည်။ ထို့နောက် ကမ္ဘာဖြတ်လမ်းကြောင်းကို ဖြတ်ကျော်ကာ သီးခြားနယ်မြေအတွင်း ဝင်ရောက်လာ၏။
သီးခြားနယ်မြေအတွင်းရောက်သည်နှင့် မျက်မှောင်ကြုံ့ထားသည့် အဘိုးအို၏မျက်ခုံးများ ပြေလျော့သွားသည်။ သို့သော် ချက်ချင်းပင် မျက်မှောင်ပြန်ကြုံ့သွားပြန်သည်။
“ကောင်မလေး မရှိတော့ဘူးလား ၊ ဒီဆို အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ်က တပည့်တွေက ဘယ်သူနဲ့ တိုက်ခိုက်နေတာလဲ”
ထို့နောက် အဘိုးအို၏ စူးရှသောမျက်ဝန်းများက ရန်ကျောက်ကဲထက်သို့ ကျရောက်သွားသည်။
“ဒီအဘိုးကြီးက လျိုကျန်းကူပါ ၊ မင်းက ဘယ်သူများလဲ”
ရန်ကျောက်ကဲက ပြုံးလျှက် အဘိုးအိုကို ဦးညွှတ်ရင်း...
“ကျွန်တော်က ‘ရန်’ မျိုးနွယ်ပါ ၊ နာမည်က ရန်ကျောက်ကဲလို့ခေါ်ပါတယ် ၊ အရှေ့မြောက်ထိပ်တန်းအရှင်သခင်ကို နှုတ်ဆက်ပါတယ်”
အရှေ့မြောက် မင်ထျန်းကောင်းကင်ပြည်နယ်၏ ထိပ်တန်းအရှင်သခင် ‘လျိုကျန်းကူ’ ဆိုသည်က ချင်းရှောင်းတောင် ၊ ကွေလေနန်းတော်မှဖြစ်ပြီး အထက်ဘုံကမ္ဘာရှိ အရှင်သခင် (၁၀)ပါးထဲတွင် တစ်ယောက်အပါအဝင် ဖြစ်သည်။
“ရန်ကျောက်ကဲ... ဒီနာမည် ကြားဖူးနေသလိုပဲ...”
လျိုကျန်းကူက ရန်ကျောက်ကဲကိုတစ်ချက်အကဲခတ်ရင်း သူ့မျက်ဝန်းများ လှုပ်ရှားသွားသည်။
“နေပါဦး... မင်းရဲ့ ရုပ်သွင်က...”