← Chapters

သစ်မြစ်မိစ္ဆာ၏ တိုက်ခိုက်မှု

Vol. 23 Ch. 322

သစ်မြစ်မိစ္ဆာ၏ တိုက်ခိုက်မှု

Vol. 23 Ch. 322

ချင်မူ အတန်ငယ် မှင်သက်သွားမိသည်။ “မိန်းကလေးတွေ ရေချိုးနေကြတာလား။ တောထဲ ရေချိုးတာပဲ ဘာထူးဆန်းလို့လဲ.... နေပါဦး အရင်တုန်းက တောထဲမှာ ရေချိုးနေတဲ့ မိန်းကလေးတွေကို ငါ တွေ့ခဲ့ဖူးတယ်”

ချင်မူ ဖြစ်ရပ်တစ်ခုကို တွေးမိလိုက်၍ တုန်လှုပ်မိသွားသည်။ “ဟိုမိစ္ဆာအဘွားကြီးတော့ မဟုတ်ဘူးမလား။ အဲဒီဘွားတော်ကြီး မဟာမြို့ပျက်ထဲမှာ ဘယ်လိုလုပ်ကြာကြာ အသက်ရှင်နိုင်မှာလဲ။ ငါတွေးတာ လွန်နေပြီ။ ဒါပေမဲ့ ဂရုစိုက်မှဖြစ်မယ်။ ကွေ့သွားရအောင်”

ရုတ်တရက် သူ့အနောက်မှ အသံကျယ်ကျယ်တစ်သံ ကြားလိုက်ရသည်။ “အဆွေတော် ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပဲနော်”

ချင်မူ ခေါင်းလှည့်ကြည့်လိုက်သည့်အခါ သူတို့ကို သတ်ရန် အစစ်အမှန်ကောင်းကင်နန်းတော်၏ ကောင်းကင်နတ်သိုင်းပညာရှင်များအား ဦးဆောင်လာသည့် ယွီပိုချွမ်ကို မြင်လိုက်ရသည်။

အစစ်အမှန်ကောင်းကင်နန်းတော်၏ ကောင်းကင်နတ်သိုင်းပညာရှင်များက အစီအရင်များကို ဖွဲ့တည်၍ အပြေးလာကြနေရာ သစ်ပင်ကြီးများက ထရပ်ပြီး သစ်ဘီလူးကြီးများအသွင် ပြောင်းကာ ခြေလှမ်းကြဲကြဲကြီးများဖြင့် လျှောက်လာကြသည်။

တစ်ချိန်တည်းမှာပင် တောင်ကုန်းများအပေါ်မှ ကျောက်ခဲများ လိမ့်ဆင်းလာပြီး ကျောက်ဘီလူးကြီးများ ဖြစ်လာသဖြင့် မြေပြင်တစ်ခုလုံး ပြင်းပြင်းထန်ထန် လှုပ်ခတ်နေသည်။

ချင်မူ့ခြေထောက်အောက်ရှိ တောင်ကုန်းပင် တုန်ခါလာပြီး မြေကြီးများ လိမ့်ဆင်းစပြုလာ၏။ တောင်ကုန်းထဲရှိ ကျောက်ခဲများက မြောက်တက်လာပြီး ကျောက်ဘီလူးကြီးတစ်ကောင်၏ ရုပ်လုံးပေါ်လာသည်။

“ကြည့်ရတာ ရှေ့ဆက်သွားရတော့မယ်ပုံပဲ။ ဟိုမိစ္ဆာအဘွားကြီး မဟုတ်ပါစေနဲ့”

ချင်မူ စေခိုင်းလိုက်၍ နဂါးချီလင်လည်း အပြေးထွက်သွားသည်။ သူ့ခြေထောက်အောက်ရှိ တောင်ကုန်းက ထရပ်ပြီး ကျောက်ဘီလူးအသွင် ဖွဲ့တည်သွားပြီဖြစ်ရာ နဂါးချီလင်သည် မီးလျှံတိမ်တိုက်ကို နင်း၍ ကျောက်ဘီလူးကြီး၏လက်မောင်းတစ်လျှောက် ပြေးဆင်းသွား၏။

ကျောက်ဘီလူးကြီးက ကျန်လက်တစ်ဖက်ဖြင့် သူတို့ကို လှမ်းရိုက်သည်။ နဂါးချီလင် လေပေါ်ခုန်တက်လိုက်သည့်အခါ သူတို့အနောက်တွင် အုန်းခနဲ မြည်ဟည်းသံကြီး ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ကျောက်ဘီလူးကြီး၏လက်မောင်းနှစ်ဖက်က အချင်းချင်း တိုက်မိသွား၍ ပြိုကွဲသွားလေရာ ကျောက်တုံးကျောက်ခဲများ အရပ်လေးမျက်နှာသို့ လွင့်ထွက်သွားသည်။

ချင်မူ နောက်ပြန်လှည့်ကြည့်လိုက်သည့်အချိန်တွင် မြေပေါ် ကျသွားသည့် ကျောက်တုံးများက ခြေထောက်များပေါက်လာသကဲ့သို့ ကျောက်ဘီလူးကြီး၏ကိုယ်ပေါ် ပြန်လိမ့်တက်သွားသည်။ များစွာမကြာလိုက်ဘဲ လက်မောင်းနှစ်ဖက် ပြန်ဖွဲ့တည်လာ၏။

“နန်းဆောင်သခင်မတို့ အစစ်အမှန်‌ကောင်းကင်နန်းတော်ရဲ့ သိုင်းပညာရပ်တွေက အင်မတန် ထူးခြားပါပေတယ်” ချင်မူ တလေးတစား ချီးကျူးမိလိုက်သည်။

ရှုန်းရှီယွီက လက်ကျန်မှော်စွမ်းအင်များကို စုစည်းကာ လက်ဝါးအား မြှောက်၍ ရိုက်ချလိုက်သည်။ ရုတ်ခြည်းပင် ကျောက်ဘီလူးကြီး၏ ခန္ဓာကိုယ်မှ အားခနဲ အော်သံနက်ကြီး ထွက်လာ၏။ အစိမ်းရောင်အလင်းတန်းများက ကျောက်ဘီလူးကြီးထံမှ ဖြာထွက်လာကာ မှေးမှိန်ကွယ်ပျောက်သွားသည်။

ထို့နောက် ကျောက်ဘီလူးကြီးမှာ ပြိုကျသွားပြီး ကျောက်တုံးကြီးများ လိမ့်ဆင်းကာ တောင်ကုန်းအသွင် ပြန်ဖွဲ့တည်လိုက်ကြသည်။

“ဒီအစီအရင်က တကယ်ပြောင်မြောက်တာပဲ” ချင်မူ မျက်လုံးများ အရောင်တောက်သွားပြီး မေးလိုက်သည်။ “ကျွန်တော့်ကို သင်ပေးလို့ရလား”

ရှုန်းရှီယွီက အတန်ငယ် တွန့်ဆုတ်နေပြီးနောက် ခေါင်းညိတ်လိုက်သည်။ “ဂိုဏ်းသခင်က ကျွန်မတို့ သားအမိရဲ့ ကျေးဇူးရှင်ပါ။ သင်ချင်တယ်ဆိုရင် သင်ပေးရမှာပေါ့”

ချင်မူ ပြုံးကာ ပြောလိုက်သည်။ “အလကားမသင်ပါဘူးဗျ။ အစစ်အမှန်ကောင်းကင်နန်းတော်က အနောက်ကမ္ဘာမြေရဲ့ အထွတ်အမြတ်မြေဆိုတော့ ကျွန်တော်လည်း အထွတ်အမြတ်မြေတစ်မြေရဲ့ ဂိုဏ်းအမွေကျင့်စဉ်နဲ့ အလဲအလှယ် လုပ်ပါ့မယ်။ ဒါပေမဲ့ အခုတော့ ဒီနေရာကနေ အရင်ထွက်ကြဦးစို့”

နဂါးချီလင် မီးလျှံတိမ်တိုက်များကို နင်း၍ အားကုန်ပြေးနေစဉ် အမွှေးဖြူလင်းနို့နှစ်ကောင်က ကြိမ်နှုန်းမြင့်အသံလှိုင်းများဖြင့် ကောင်းကင်နတ်သိုင်းပညာရှင်များအား တိုက်ခိုက်ရင်း လှည့်ပတ်ပျံဝဲနေသည်။ “ဖက်တီးနဂါး မြန်ဦးဟ မြန်ဦး” လင်းနို့နှစ်ကောင်က နဂါးချီလင်ကို‌ လောဆော်သည်။

“ပိတ်ထားစမ်း” နဂါးချီလင်‌ ဒေါသထွက်သွားပြီး ပြန်အော်သည်။ “ငါလည်း အတတ်နိုင်ဆုံး ပြေးနေတာကွ”

သူ့ခန္ဓာကိုယ်က မီးတဟုန်းဟုန်းတောက်လျက် ကြီးသထက် ကြီးလာပြီး ကိုက်တစ်ရာ့နှစ်ဆယ်ကျော်ရှိသော သားရဲကြီးတစ်ကောင် ဖြစ်လာသည်။ သူ ပြေးလိုက်သည့်အခါ လျှပ်စီးပြက်သွားသကဲ့သို့ အလွန်မြန်၏။ အသက်ရှူချိန်အနည်းငယ်အတွင်း သူသည် အရှေ့ရှိ တောင်ကို ဖြတ်ကျော်၍ မိန်းကလေးများ ရေချိုးနေသည်ဟု အမွှေးဖြူလင်းနို့နှစ်ကောင် ပြောခဲ့သော ရေကန်သို့ ရောက်လာကြသည်။

ဤကန်သည် တောင်ရိပ်များအား အလှဖော်ထားသည့် ကျောက်မျက်ရတနာသဖွယ် ကြည်လင်နေ၏။ အပေါ်စီးမှကြည့်ပါက ကိုက်ပေါင်းများစွာအကွာရှိ ကန်ကြမ်းပြင်ကို မြင်ရနိုင်သည်။ ထိုနေရာတွင် မည်သည့်အပင်မှ ပေါက်မနေသလို၊ ငါးများလည်း မရှိပေ။ ကန်က စိတ်ကူးဖြင့် မှန်းဆမကြည့်နိုင်လောက်အောင် သန့်ရှင်းလွန်းနေ၏။

ကန်ပတ်ဝန်းကျင်ရှိ သစ်ပင်များက အစီအစဉ်တကျ ပေါက်ရောက်နေပြီး သစ်ကိုင်းများအပေါ်တွင် အပေါ်အဝတ်ဖြူဖြူ၊ ခါးဝတ်ဘောင်းဘီဖြူဖြူများ လှန်းထားကြသည်။ မြေပြင်ပေါ်တွင် ပျိုနီပန်းအရောင်တောက်တောက်လေးများဖြင့် ထိပ်ကို အလှဆင်ထားသည့် အဖြူရောင်ဖိနပ်များ ရှိကြသည်။

ကန်ထဲတွင် ပျော်ပါးဆော့ကစားနေသော မိန်းမငယ်လေးများ၏ ရယ်သံလွင်လွင်လေးများနှင့် သာယာနာပျော်ဖွယ်သီချင်းသံများက သူတို့နားထဲ ရောက်လာကြသည်။ ဤနေရာသည် သေမျိုးကမ္ဘာထဲရှိ သုခဘုံတစ်ဘုံပမာ တင်စားခေါ်ဝေါ် ထိုက်၏။

နဂါးချီလင်က ဤနေရာသို့ ဝုန်းဒိုင်းကြဲ ဝင်လာပြီး မှင်သက်သွားသည်။ ဤနေရာ၏ ရှုခင်းကို မဖျက်စီးရဲသဖြင့် သူက ကျယ်ကျယ်အော်လိုက်သည်။ “ကန်ထဲက မိန်းကလေးတို့၊ ကန်စပ်ကို မြန်မြန်လာကြပါ”

“အား”

သားရဲကြီးတစ်ကောင် ပြေးဝင်လာသည်ကို မြင်သည့်အခါ ကန်ထဲရှိ မိန်းကလေးအားလုံး အလန့်တကြား ထအော်ကြသည်။ ရဲရဲတင်းတင်းမိန်းကလေးတချို့က ဖြူဖြူသွယ်သွယ် လက်ကလေးများကို မြှောက်၍ တခစ်ခစ် ရယ်ကြသည်။ “အကောင်ကြီး လာကစားလေ”

ချင်မူ ကန်ထဲရှိ မိန်းကလေးများကို ကြည့်ပြီး မျက်နှာဖြူဖပ်သွားသည်။ သူက နဂါးချီလင်ကို လော်ဆော်လိုက်၏။ “ဖက်တီးနဂါး၊ ဒါကြီးက အထီးကျန်တောင်ကြားက ဟိုမိစ္ဆာအဘွားကြီးပဲ။ ပြေး မြန်မြန် ပြေး ငါတို့ ကန်ကို ပတ်သွားကြမယ်”

ယွီပိုချွမ်နှင့် ကျန်သိုင်းသမားများကို သူ မကြောက်သော်လည်း ကောင်းကင်တန်ခိုးရှင်ဂိုဏ်းမှ နှစ်ပေါင်းများစွာ ချုပ်ထားခဲ့သော အထီးကျန်တောင်ကြားမှ သစ်မြစ်မိစ္ဆာကိုတော့ သူ ကြောက်သည်။

“အထီးကျန်တောင်ကြားက မိစ္ဆာအဘွားကြီးဟုတ်လား”

နဂါးချီလင်မှာ ကြောက်လန့်တကြား ထခုန်မိလိုက်သည်။ သူ့ကိုယ်ပေါ်ရှိ နဂါးကြေးခွံများ ထောင်သွားပြီး ရှုန်းချီအာ၏ ခြေထောက်ကိုပင် စူးသွား၏။ နဂါးချီလင် ကန်ကို ပတ်၍ တည့်တည့်ပြေးတော့သည်။ ဤတစ်ကြိမ်တွင် သူ၏အမြန်နှုန်းက ပိုမြန်လေသည်။

သူတို့အနောက်ရှိ တောင်ကြီးက တဝုန်းဝုန်းမြည်လာပြီး ကျောက်ခဲများ ဖြာထွက်သွားသည်။ ယွီပိုချွမ်နှင့် အစစ်အမှန်ကောင်းကင်နန်းတော်၏ သိုင်းပညာရှင်တို့က ဤတောင်ကို သူတို့ကို တိုက်ခိုက်စေခိုင်းရန် ကျောက်ဘီလူးကြီးအသွင် ဖွဲ့နေကြောင်း ထင်ရှားသည်။

ဤတောင်သည် စောစောက တောင်ကုန်းသည် များစွာမြင့်မားသည့်အတွက် ဘီလူးကြီးဖြစ်လာခဲ့လျှင် ချင်မူတို့အုပ်စုကို လိုက်မှီလိမ့်မည်။

ထိုအခိုက်အတန့်တွင် လှပကြော့ရှင်းသော တောင်မှာ ဝုန်းခနဲ ပြိုကွဲသွားပြီး အရိုးဖြူဖြူများ ဝေါခနဲ ကျလာ၏။ သားရဲအရိုးများ၊ လူ့အရိုးများအားလုံး တောင်လိုပုံနေသည်။

အရိုးများက များလွန်းသဖြင့် ၎င်းတို့ကို ဖုံးထားရန် တောင်တစ်တောင်လုံးက အခေါင်းပေါက်ကြီး ဖြစ်နေခဲ့သည်။ ဤမြင်ကွင်းက ယွီပိုချွမ်တို့အား ထိတ်လန့်ကြောက်ရွံ့သွားစေ၏။

“ဘယ်လိုအရာကြီးက ဒီလောက်များတဲ့ လူတွေနဲ့ ဆန်းကြယ်သားရဲတွေကို စားနိုင်တာလဲ” ယွီပိုချွမ်က တွေးမနေဘဲ တင်းမာခက်ထန်စွာ ပြောသည်။ “အရိုးတွေမှာ ဝိညာဉ်ရှိတယ်။ နိုင်းခွေကို သတ်ဖို့ ကောင်းကင်နတ်သိုင်းတွေ ထုတ်ဖော်ကြ”

လူတိုင်း အစီအရင်များ ထုတ်ဖော်လိုက်ကြရာ အရိုးများက တောင်တစ်လုံးတမျှ မြင့်မားသော အဖြူရောင်ဘီလူးကြီးတစ်ကောင်အသွင် ဖွဲ့တည်လာသည်။ အရိုးဘီလူးကြီးက ချင်မူတို့အုပ်စုအား အမှီလိုက်နိုင်မည့် အတိုဆုံးလမ်းဖြစ်သော ရေကန်ဆီ ဦးတည်သွား၏။

ယွီပိုချွမ်နှင့် ကျန်ရှိသူများက လေပေါ် ပျံတက်၍ အရိုးဘီလူးကြီးအပေါ် ဆင်းလိုက်ကြသည်။ ကန်ထဲတွင် ရေချိုးနေသော မိန်းကလေးတချို့မှာ ဘီလူးကြီး၏ခြေထောက်ကို အချိန်မှီမရှောင်လိုက်နိုင်၍ ပြားကပ်သေဆုံးကုန်ကြသည်။

ယွီပိုချွမ်တို့က အရိုးဘီလူးကြီးကို ထိန်းချုပ်၍ ကန်ရေပြင်ကို ဖြတ်ကာ ကရောသောပါး ကွေ့ပြေးနေသော နဂါးချီလင်နောက် လိုက်သည်။ ဤအခိုက်အတန့်တွင် ကန်ရေများ ဆူပွက်လာပြီး မိန်းကလေးတစ်ရာကျော် ပျံထွက်လာသည်။ သူတို့အနောက်၌ မည်းနက်နေသောလက်တံကြီးများ ရှိကြပြီး အကုန်လုံး ပြိုင်တူ အော်ဟစ်ကြသည်။ “ကောင်းကင်တန်ခိုးရှင်ဂိုဏ်းသခင်”

ဖျောက် ဖျောက် ဖျောက်

အမည်းရောင်လက်တံကြီးများက အရိုးဖြူဘီလူးကြီးကို ရစ်ပတ်လိုက်သဖြင့် အရိုးကျိုးသံများ တရစပ် ထွက်ပေါ်လာသည်။ တင်းတင်းကြပ်ကြပ် ဖြစ်ညစ်မှုကြောင့် ဘီလူးကြီးသည် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားပြီး အရိုးစများ လွင့်ထွက်သွား၏။ အရပ်ခြောက်မျက်နှာအဆင့် ကောင်းကင်နတ်သိုင်းပညာရှင်များမှာ သိုင်းအဆင့်နိမ့်သည့်အတွက် အရိုးစများအား မရှောင်နိုင်လိုက်၍ ထုတ်ချင်းဖောက်ခံလိုက်ရကာ ရေထဲ ကျသွားကြသည်။ သိုင်းအဆင့်မြင့်မားသောလူများလည်း လွင့်စင်နေသော အရိုးစများကို ခက်ခက်ခဲခဲ ခုခံကြရပြီး တစ်ယောက်ပြီးတစ်ယောက် သွေးအန်လိုက်ကြရသည်။

ရေထဲ ပြုတ်ကျသွားသော ကောင်းကင်နတ်သိုင်းပညာရှင်များက ပြန်ခုန်ထွက်မည်ပြုကြသော်လည်း ကန်ရေများက ဆူပွက်လာပြီး လက်တံမည်းမည်းကြီးများက စပါးအုံမြွေကြီးများကဲ့သို့ လူးလွန့်ရွေ့လျားလာကာ သူတို့ကို ရစ်ပတ်ချုပ်နှောင်ကာ ကန်အောက် ဆွဲချသွားကြသည်။

ယွီပိုချွမ်တို့ မှင်သက်သွားကြသည်။ သူတို့က ကန်ထဲမှ လေပေါ် ကပျာကယာ ပျံတက်လိုက်ကြသည်။ အေးချမ်းသာယာခဲ့သော ရှုခင်းမှာ မည်သည့်အရာမျှ မယှဉ်နိုင်လောက်အောင် ရုန့်ရင်းဆန်ခတ် ဗြောင်းဆန်နေ၏။ လက်တံများဖြင့် ကိုယ်လုံးတီးမိန်းမပျိုများက ကန်ထဲမှ ထွက်လာပြီး လူများအား အောက်ဆုံးအထိ ဆွဲချသွားကြသည်။

တချို့က ထူးဆန်းသော သစ်မြစ်များကို ထိန်းချုပ်ရန် အစစ်အမှန်ကောင်းကင်နန်းတော်၏ ကောင်းကင်နတ်သိုင်းများအား ရုတ်ခြည်း ထုတ်ဖော်ကြသည်။ အစစ်အမှန်ကောင်းကင်နန်းတော်သည် အရာရာတိုင်းတွင် ယင်ဝိညာဉ်နှင့် ယန်ဝိညာဉ်ရှိသည်ဟု ယုံကြည်ထားသည့်အတွက် သူတို့၏ကောင်းကင်နတ်သိုင်းများက အသက်ရှိသောအရာကိုဖြစ်စေ၊ အသက်မရှိသောအရာကိုဖြစ်စေ ထိန်းချုပ်နိုင်၏။ အရာအားလုံးကို ထိန်းချုပ်ကာ သိုင်းကွက်များအဖြစ် ဖွဲ့တည်နိုင်သည်။ သို့ထိတိုင် ဤထူးဆန်းသောအမြစ်များနှင့် တွေ့သောအခါ သူတို့၏ကောင်းကင်နတ်သိုင်းများမှာ အလုပ်မဖြစ်တော့ပေ။

လူတစ်ဒါဇင်ကျော်မှာ သစ်မြစ်မိစ္ဆာမများ၏ ဖမ်းစားခြင်းခံလိုက်ကြရသည်။ ကန်အောက် ဆွဲချခံရပြီးနောက် သူတို့ သေပြီလား၊ ရှင်သေးလား မည်သူမှ မသိနိုင်ပေ။

“ကောင်းကင်တန်ခိုးရှင်ဂိုဏ်းသခင် နောက်ဆုံးတော့ ငါ နင့်ကို တွေ့ပြီ”

ယွီပိုချွမ်နှင့် ကျန်ရှိသူများက ကန်ထဲမှ ပျံထွက်နိုင်လိုက်၍ မြေပေါ် သက်ဆင်းလိုက်ကြသည်။ သူတို့အသက်ပင် ဝအောင် မရူနိုင်ခင် ကန်စပ်ထဲရှိ သစ်ပင်များ မြောက်လာပြီး နဂါးချီလင်ပြေးသွားသောဘက်သို့ သွေးရူးသွေးတန်း လိုက်သွားသည်ကို မြင်လိုက်ကြရသည်။

ယွီပိုချွမ်တို့လည်း လန့်သွားပြီး ထွက်ပြေးကြသည်။ အစစ်အမှန်ကောင်းကင်နန်းတော်၏ ကောင်းကင်တံတားအဆင့်သိုင်းသမားများက ချက်ချင်း မူလဝိညာဉ်များကို ဖွဲ့တည်၍ ကောင်းကင်နတ်သိုင်းများ ထုတ်လွှတ်ကာ သစ်မြစ်များ၏ တိုက်ခိုက်မှုအား ခုခံကြသည်။

မိုင်တစ်ရာခန့် ပြေးပြီး‌နောက်ဆုံး ထူးဆန်းသောသစ်ပင်ကြီးနှင့် သစ်မြစ်များ သောင်းကျန်းသောစက်ကွင်းထဲမှ သူတို့ လွတ်မြောက်လာကြသည်။

ဖြေးဖြေးမှန်မှန်ဆိုပါက မိုင်တစ်ထောင်သွားရလျှင်တောင်မှ ပင်ပန်းမည်မဟုတ်သော်လည်း အသက်လုပြေးရသည့်အခါ မိုင်တစ်ရာက သူတို့အတွက် ဟောဟဲလှိုက်နေရန် လုံလောက်သည်။

နဂါးချီလင် အရှိန်လျှေ့ာပြီး လျှာတစ်လစ်ဖြစ်နေသည်။ သူက သူတို့နှင့် သိပ်မလှမ်းပေ။

“လွတ်လာပြီထင်တယ်” ချင်မူ စိတ်သက်သာရာသွားပြီး ပြောလိုက်သည်။ “ဒီသစ်မြစ်မိစ္ဆာရဲ့ သစ်မြစ်တွေက မိုင်တစ်ရာကျော်လောက်ပဲ သွားနိုင်တာ... နေပါဦး”

ပတ်ဝန်းကျင်ကို အကဲခတ်ပြီးသည့်အခါ သူ့အမူအရာ တင်းမာခက်ထန်သွားသည်။ သစ်ပင်ဝါးပင်များ ဤနေရာတွင် ထူထဲအုံ့ဆိုင်းနေ၍ အရိပ်ရနေကြောင်း မြင်လိုက်ရသည်။ ဤကဲ့သို့ တောအုပ်မျိုးအား မြင်တွေ့ရလေ့ရှိသော်လည်း ဖြတ်လာသည့်အခါ ချင်မူ တစ်ခါမှ မမြင်ဖူးသည့် အပင်များကို မြင်လာရသည်။

လူအရပ်ရှိသည့် ပန်းပင်ကြီးများ ရှိပြီး သူတို့၏အဖူးများက ပိတ်နေသော်လည်း မတ်မတ် ရပ်နေကြသည်။ ရိုးတံ၏ ဘေးတစ်ဖက်တစ်ချက်စီတွင် သစ်ရွက်တစ်ရွက်စီ ပေါက်နေကြ၏။

ချင်မူသည် ဆေးဆရာဆီမှ ဆေးပညာကို သင်ယူခဲ့ရ၍ အပင်မျိုးစုံ၊ စွမ်းအင်ဆေးပင်မျိုးစုံကို ခွဲခြားနိုင်သော်လည်း ထူးဆန်းသော ဤပန်းမျိုးကိုတော့ မမြင်ခဲ့ဖူးပေ။

ယွီပိုချွမ်နှင့် ကျန်ရှိသူများလည်း ဤပန်းတောထဲ အပြေးအလွှား ဝင်လာပြီး အခြေအနေကို မြင်လျှင် မျက်မှောင်ကြုတ်သွားကြသည်။ သို့သော် သူတို့က ချင်မူတို့နောက် လိုက်လာဆဲပင်။

ရုတ်တရက် အပင်တစ်ပင်မှ ပန်းဖူးကြီးတစ်ဖူးက လှုပ်လာပြီး ပွင့်ချပ်များ ဖြည်းဖြည်းချင်း ပွင့်အာကျလာသည်။ ထိုအဖြူရောင်ပွင့်ချပ်များ၏ အရောင်က မည်းလာပြီး  ပန်းရောင်ဖျော့ဖျော့မှ ပန်းရောင်၊ ပန်းရောင်မှ အနီရောင်တောက်လာသည်။

ပန်းပွင့်သွားသောအခါ အလယ်တွင် ဒူးထောက်နေသော မိန်းမပျိုတစ်ယောက်က တဖြည်းဖြည်း ထလာပြီး ချင်မူ့ကို ကြည့်ကာ စူးစူးဝါးဝါး အော်သည်။ “ကောင်းကင်တန်ခိုးရှင်ဂိုဏ်းသခင်၊ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းက နင့်ကို သနားစရာကောင်းအောင် လုပ်ထားတာပဲ”

ပန်းတောထဲရှိ ပန်းပွင့်ကြီးများအားလုံး ပွင့်လာကြပြီး ပန်းတစ်ပွင့်စီ၏အလယ်တွင် ‌ကျောက်စိမ်းကဲ့သို့ လှပသော မိန်းမပျိုတစ်ယောက်စီ ရပ်နေကြသည်။ သူတို့က ချင်မူ့ကို ကြည့်ကာ စူးစူးဝါးဝါး သရော်ကြ၏။ “သနားစရာကောင်လေး”

ချင်မူ ခေါင်းကြိမ်းလာပြီး နဂါးချီလင်အား လောလိုက်သည်။ “ဖက်တီးနဂါး မီးမှုတ်လိုက်၊ ဖုညီနောင်တို့ အသံလှိုင်းတွေနဲ့ တိုက်ခိုက်”

နဂါးချီလင်က မီးများမှုတ်ထုတ်လိုက်ပြီး အစစ်အမှန်မီးလျှံများက သူ၏ခန္ဓာကိုယ်ကိုလည်း ဝန်းရံထားသည်။ အမွှေးဖြူလင်းနို့နှစ်ကောင်က လေပေါ်ပျံတက်၍ ကြိမ်နှုန်းမြင့်အသံလှိုင်းများ ထုတ်လွှတ်သည်။ ထိုအချိန်တွင် ချင်မူက ရွှင်ပျော်ပျော်ဓားကို ထုတ်လိုက်ပြီး ဓားပျံများက လျှပ်စီးတန်းများပမာ ဟိုဟိုသည်သည် ပြေးလွှားကာ မိန်းမပျိုများ၏ တင်ပါးနှင့် ဆက်နေသော အမြစ်များအား ခုတ်ဖြတ်လိုက်ကြ၏။

ဤတစ်ခေါက်တွင် ကျန်ဓားများအား သုံးစားရမည်မဟုတ်ပေ။ ဤကောင်းကင်နတ်ဓားသာလျှင် အထီးကျန်တောင်ကြားမှ သစ်မြစ်မိစ္ဆာ၏ အမြစ်များကို ခုခံနိုင်လိမ့်မည်။

သို့သော် ဤအရာက မိစ္ဆာအဘွားကြီး၏ ကိုယ်အစစ်ဆိုလျှင် ရွှင်ပျော်ပျော်ဓားပင် တောင့်ခံနိုင်မည်လား ချင်မူ မသိပေ။

“ဒီမိစ္ဆာအဘွားကြီးရဲ့  သိုင်းအဆင့်က တိုးတက်လာပုံပဲ” သူက ရင်‌လေးလေးဖြင့် ပြောလိုက်သည်။

ဝှစ်

မရေမတွက်နိုင်သော မိန်းမပျိုများက ပန်းပွင့်များနှင့် သစ်ရွက်များကို သယ်ဆောင်လျက် လေပေါ်ပျံတက်ပြီး တောထဲ ဝင်လာသည့်လူများအား တိုက်ခိုက်ကြသည်။

အစစ်အမှန်ကောင်းကင်နန်းတော်၏ ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက်က ကျောက်စိမ်းသစ်ပင်တစ်ပင်ကို ဖွဲ့တည်လိုက်သည်။ ကျောက်စိမ်းသစ်ကိုင်းများက မိန်းမပျိုကို တိုက်ခိုက်လိုက်သည့်အခါ သစ်ရွက်ပွင့်ချပ်များက သူမအား ခပ်တင်းတင်း ရစ်ပတ်ထားကြောင်း သူ တွေ့လိုက်ရသည်။

ကောင်းကင်နတ်သိုင်းပညာရှင်က ဝမ်းသာသွားပြီး သူမကို ရစ်ပတ်နေသည့် အမြစ်များနှင့် အကိုင်းများအား ခုတ်ဖြတ်လိုက်သည်။ သို့သော် ပန်းဖူးသည် အတန်ငယ် ချွဲကျိနေပြီး ပန်းဝတ်ဆံက ကောင်းကင်နတ်သိုင်းပညာရှင်၏ ခေါင်းကို ဖောက်ခနဲ ထိုးဖောက်သွား၏။

ယွီပိုချွမ်၏အမူအရာ အကြီးအကဲပြောင်းလဲသွားပြီး အော်လိုက်သည်။ “အထွတ်အမြတ်ရတနာ”

အရပ်တစ်ပေမျှသာ ရှိသော ချိုကားကား မျောက်ဝံရိုင်းပုံစံ ဆန်းကြယ်သားရဲက သူ့ပခုံးပေါ်မှ ခုန်ဆင်းပြီး ရင်ဘတ်ကို လက်ဖြင့်ထုသည်။ ၎င်း၏ခန္ဓာကိုယ်က ကြီးသထက် ကြီးမားလာပြီး ကျယ်လောင်စွာ ဟိန်းလိုက်သည်။ ထို့နောက် ၎င်းပါးစပ်မှ အစိမ်းရောင်အလင်းတန်းနှင့်အတူ ရတနာတစ်ပါး ထွက်လာသည်။

All Chapters