ရုပ်ဖျက်မှုတစ်ခု
Vol. 59 Ch. 809
ထို အစိမ်းရောင်ဝတ်ရုံနှင့် လူကြီးမှာ နွားခေါင်းမျက်နှာဖုံးတစ်ခုကို တပ်ထားသောကြောင့် သူ၏ ပုံပန်းသွင်ပြင်မှာ ကြောက်မက်ဖွယ်ရာကောင်းနေ၏။ သူ၏ မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသလို သူ၏အကြည့်မှာ အေးစက်လွန်းနေသောကြောင့် သူ၏ ပတ်ပတ်လည်ရှိ အပူချိန်များပင်လျှင် ကျဆင်းသွားရသကဲ့သို့ ဖြစ်နေရသည်။ ထိုအကြည့်ကြောင့် လူတိုင်းမှာ သူ့အား ပြဿနာရှာမိမည်ကို စိုးရိမ်သွားကြပြီး နောက်သို့ ဆုတ်ခွာသွားကြ၏။
ဝမ်ပေါင်လဲ့မှာမူ မျက်စိပေကလပ်ပေကလပ် ဖြစ်သွားပြီး ထိုလူကြီးအား လှမ်းကြည့်မိလိုက်သည်။ သူ သူ၏အကြည့်အား ပြန်လည်မရုပ်သိမ်းနိုင်ခင်မှာပင် ထိုလူကြီးမှာ ဝမ်ပေါင်လဲ့၏ မျက်ဝန်းများကို သတိထားမိသွားသည်။ ထိုလူကြီးမှာ ဝမ်ပေါင်လဲ့ တပ်ထားသည့် ဝက်ခေါင်းမျက်နှာဖုံးအား မျက်စိစပါးမွေးစူးနေသည့်ပုံပင်။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့အား ပြန်၍စိုက်ကြည့်လိုက်ပြီးနောက် လှောင်ပြုံးပြုံးကာ ဆိုလိုက်သည်။
" ငါ ဒီတာဝန်ကို လက်ခံခဲ့တဲ့ နောက်ဆုံးအကြိမ်တုန်းက ဒီ မျက်နှာဖုံး တပ်ထားခဲ့တဲ့ကောင်ကို တော်တော်လေးကို ကြည့်မရလို့ သတ်ပစ်ခဲ့ဝာာ။ မင်းရော သူ့လို ဖြစ်သွားချင်လို့လား "
ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်ခုံးများ ပင့်မိသွားသည်။ သူသည် ယခုမှ ထိုနေရာသို့ ရောက်ရှိလာသည်ဖြစ်ရာ နယ်မြေအနေအထားကို မကျွမ်းကျင်သေးပေ။ သို့ဖြစ်ရာ သူသည် လတ်တလောတွင် တိုက်ခိုက်ချင်စိတ် မရှိသေးပေ။ ထို့အပြင် သူတို့မှာ အချိန်အကန့်အသတ်နှင့် အလုပ်လုပ်နေရသည် မဟုတ်ပါလော။ ထိုသို့သာမဟုတ်ပါက သူ၏ ဒေါသမျိုးနှင့်သာဆိုလျှင် သူသည် ထိုလူကြီး၏ မျက်နှာအား လှမ်းကန်ပြီးနေလောက်ပြီ ဖြစ်သည်။
ထို့အပြင် သူသည် ထိုလူကြီး၏ ကျင့်ကြံခြင်းအဆင့်ကိုလည်း အာရုံခံနိုင်စွမ်းမရှိဘဲ ဖြစ်နေရသည် မဟုတ်ပါလော။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင်သာကျိတ်၍ နှာမှုတ်လိုက်ပြီး စကားတစ်ခွန်းမှမပြောဘဲ ထွက်ခွာသွားတော့သည်။ သူသည် လေပေါ်သို့တစ်ချက် ခုန်တက်သွားလိုက်ပြီးနောက် အဝေးကြီးသို့ ရောက်ရှိသွား၏။
လူသန်ကြီးမှာ ဝမ်ပေါင်လဲ့ ထွက်ခွာသွားသည်ကို မြင်လိုက်ရသောအခါ နှာမှုတ်လိုက်၏။ ထို့နောက် သူသည် အထင်သေးသော မျက်ဝန်းများဖြင့် ဆိုလိုက်တော့သည်။
" သတ္တိမရှိတဲ့... " သူသည် ' သတ္တိမရှိတဲ့ ငကြောက်ကောင် 'ဟု ခေါ်ရန် ပြင်လိုက်ခြင်းဖြစ်ပါသော်လည်း သူ စကားမဆုံးခင်မှာပင် ဝမ်ပေါင်လဲ့မှာ ရုတ်ခြည်းဆိုသလို အရှိန်မြင့်တင်လိုက်၏။ မျက်နှာဖုံးမှာ မိမိ၏ စွမ်းအင် အငွေ့အသက်များကို ကွယ်ဝှက်ပေးနိုင်သဖြင့် အခြားသူများအား မိမိ၏ ကျင့်ကြံခြင်းအဆင့်အား အာရုံခံနိုင်စွမ်းမရှိအောင် တားဆီးပေးနိုင်သည့်တိုင်အောင် လူတစ်ယောက်၏ အမြန်နှုန်းကိုကြည့်၍ သူ၏ ကျင့်ကြံခြင်းအဆင့်ကို မှန်းဆနိုင်သည် မဟုတ်ပါလော။
ထို့အပြင် ဝမ်ပေါင်လဲ့မှာ မြန်နှုန်းမြင့်ခန္ဓာကိုယ်တစ်ုအား ပိုင်ဆိုင်ထားသေးသည်။ သူသည် နှောင်းပိုင်း ဝိညာဉ်ကြားခံနယ်အဆင့်တွင်သာ ရှိသေးပါသော်လည်း သူ ထုတ်လွှတ်လိုက်သည့် အမြန်နှုန်းမှာ ထာဝရဝိညာဉ် ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်နီးပါး မြန်ဆန်နေ၏။ ထို့ကြောင့် နွားခေါင်းမျက်နှာဖုံး တပ်ထားသည့်လူသန်ကြီးမှာ ကြက်သေသေသွားရပြီး ပါးစပ်ပိတ်သွားတော့သည်။
သူတို့၏ ပတ်ပတ်လည်တွင် ရှိနေကြသည့် ကျင့်ကြံသူများမှာလည်း ဝမ်ပေါင်လဲ့၏ အမြန်နှုန်းကြောင့် သူ၏ ကျင့်ကြံခြင်းအဆင့်အား ရိပ်မိသွားကြ၏။ ထို့ကြောင့် သူတို့မှာ မျက်နှာအမူအရာများ ပြောင်းလဲသွားကြပြီး အများစုမှာ ချက်ချင်းဆိုသလိုပင် အဝေးသို့ အသီးသီးဆုတ်ခွာသွားကြတော့သည်။ သူတို့ထဲမှ အနှေးဆုံးကျင့်ကြံသူမှာ အစောပိုင်း ဝိညာဉ်ကြားခံနယ်အဆင့်တွင် ရှိနေ၏။ ထို့အပြင် ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူများကဲ့သို့ မြန်ဆန်နေကြသည့် ကျင့်ကြံသူလေးယောက်လည်း ရှိနေသေးသည်။
ထို ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူလေးယောက်မှာ လူအုပ်ကြီးထဲ၌ တစ်ယောက်တစ်နေရာစီ ကွဲနေကြသည်။ ယခုတွင် သူတို့မှာ ရုတ်တရက်ဆိုသလို သူတို့၏စွမ်းအားများကို ထုတ်ပြလိုက်သည်ဖြစ်ရာ နွားခေါင်းမျက်နှာဖုံးနှင့် လူကြီးမှာ ဇောချွေးများ ပြန်လာရတော့သည်။
" ဒီတစ်ခေါက် ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတွေပါ ပါနေတာပါလားဟ။ ငါ လုံးဝ မျှော်လင့်မထားဘူး " သူသည် မကြာသေးမီတုန်းက ကြွားဝါမိခဲ့သည်ကို နောင်တရသွား၏။ ထို့ကြောင့် သူသည် ထိတ်လန့်ကြောက်ရွံ့သွားရပြီးနောက် ရှက်ကိုးရှက်ကန်းနှင့် အဝေးသို့ ထွက်ခွာသွားတော့သည်။
ထိုနေရာသို့ ရောက်ရှိလာကြသည့် ကျင့်ကြံသူအယောက် နှစ်ရာကျော်မှာလည်း ချက်ချင်းဆိုသလိုပင် လူစုခွဲသွားကြပြီး အဖြူရောင် ကန္တာရကြီးထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားကြ၏။
ထိုနေရာကြီးတစ်ခုလုံးမှာ ခြောက်ကပ်နေပြီး ရှိနေကြသည့် အပင်အများစုမှာလည်း ညှိုးနွမ်းကာ သေဆုံးသွားတော့မည့်ဆဲဆဲ အနေအထားသို့ ရောက်နေကြပြီဖြစ်သည်။ ဤဂြိုဟ်ကြီး၏ အသက်စွမ်းအားများနှင့် ဝိညာဉ်ချီများမှာ အလျင်အမြန် ကုန်ခမ်းသွားနေကြသည့် ပုံပင်။
ဝမ်ပေါင်လဲ့မှာ ကန္တာရကြီး၏ အတွင်းပိုင်းထဲအထိ ရောက်လာပြီးနောက် ဂြိုဟ်ကြီးပေါ်ရှိ ဝိညာဉ်ချီများမှာ တဖြည်းဖြည်းနှင့် လျော့နည်းသွားနေသည်ဖြစ်ကြောင်း ရှင်းလင်းပြတ်သားစွာ အာရုံခံမိလာ၏။ သူသည် မကြာသေးမီကမှ ထိုဂြိုဟ်ပေါ်သို့ ရောက်လာခဲ့ခြင်း ဖြစ်သည်တိုင်အောင် သူရှိနေသည့် အချိန်တိုလေးအတွင်းတွင် ဝိညာဉ်ချီများမှာ သိသိသာသာ လျော့နည်းသွားခဲ့သည်ကို ခံစားမိခဲ့သည်။
" ဒီ အမြန်နှုန်းအတိုင်းသာဆိုရင် နောက် သုံးရက်ကနေ ငါးရက်အတွင်းမှာ ဒိဂြိုဟ်ကြီးက လုံးဝ သေဆုံးသွားတော့မှာပဲ " ဝမ်ပေါင်လဲ့မှာ တုန်လှုပ်ချောက်ချားသွားပြီး အမြန်နှုန်းကို မြှင့်တင်ကာ အဝေးသို့ ဆက်လက်ဦးတည်သွားလိုက်တော့သည်။ သူသည် ထိုနေရာတစ်ဝိုက်အား စစ်ဆေးကြည့်ရှုရန် ပြင်လိုက်စဉ်မှာပင် စကားသံ တိုးတိုးလေးတစ်သံမှာ သူ၏နားထဲ၌ ပဲ့တင်ထပ်သွား၏။
" ကယ်ကြပါဦး... "
၎င်းမှာ အလွန်အင်မတန်မှ အိုမင်းနေသော လူကြီးတစ်ယောက်၏ အသံဖြစ်သည်။ သူသည် သေလုမျောပါး အနေအထားသို့ ရောက်နေပြီး ထိုသို့ အော်ခေါ်နိုင်ရန် အစွမ်းကုန် ကြိုးစားနေရသည်ပုံပင်။
ထိုအခါ ဝမ်ပေါင်လဲ့မှာ အံ့ဩတုန်လှုပ်သွားပြီး မျက်နှာအမူအရာများ ပြောင်းလဲသွားပါသော်လည်း ရပ်တန့်သွားခြင်းမရှိပေ။ သူသည် အရှိန်မြှင့်တင်ကာ အခြားအရက်မျက်နှာ တစ်ဖက်သို့ ဦးတည်သွားလိုက်၏။ သူသည် သူ၏ နတ်ဘုရားအာရုံအား ထုတ်လွှတ်ကာ ၎င်းအား ထိုကမ္ဘာကြီးထဲ၌ ဖြန့်ကြက်လိုက်ပြီး မိုးကောင်းကင်နှင့် မြေပြင်ကြီးတို့ကို ကြည့်ရှုစစ်ဆေးလိုက်သည်။ သို့သော် သူသည် မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ပေ။
ထို အကူအညီ တောင်းနေသည့် အော်ခေါ်သံကြီးမှာ တစ်ကြိမ်သာ ထွက်ပေါ်လာခဲ့ပြီးနောက် ပျောက်ကွယ်သွား၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ချက်ချင်းဆိုသလိုပင် သံသယဝင်သွားရတော့သည်။
" နားကြားမှားတာများလား။ မဖြစ်နိုင်ပါဘူးဟ " ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွား၏။ သူသည် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် ခြောက်သွေ့နေသည့် မြေပြင်ကြီးအား ငုံ့ကြည့်ကာ သူ ကြားခဲ့ရသည့် အသံမှာ ဂြိုဟ်ကြီး၏ အကူအညီတောင်းသံ ဖြစ်နေသည်လောဟု တွေးမိလိုက်သည်။ သူသည် ထိုကဲ့သို့သော အဖြစ်အပျက်များအကြောင်း မကြားဖူးထားပါသော်လည်း အခြားမည်သည့် အရာကိုမှ မစဉ်းစားမိနိုင်ဘဲ ဖြစ်နေ၏။ သို့မဟုတ် ဝမ်ပေါင်လဲ့ထက် အဆပေါင်းများစွာပို၍ အစွမ်းထက်သည့် အစွမ်းထက် ကျင့်ကြံသူကြီးတစ်ယောက်မှာ နေရာတစ်ခုခု၌ ပုန်းကွယ်နေပြီး ထိုကဲ့သို့ လှမ်း၍ အကူအညီတောင်းခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။
မည်သို့ပင်ဆိုစေကာမူ ဝမ်ပေါင်လဲ့မှာ ထိုနေရာတွင် ဆက်ရှိနေရန် ဆန္ဒမရှိပေ။ ထို့ကြောင့် သူသည် ထပ်၍ အရှိန်မြှင့်တင်လိုက်ပြီး ချက်ချင်းထွက်ခွာသွားတော့သည်။ သူသည် ဆယ့်ငါးမိနစ်တိတိ ရှေ့သို့ဆက်သွားလိုက်ပြီးနောက် ကန္တာရကြီး၏ အဆုံးနှင့် ထိုနေရာရှိ အပျက်အစီးများကို မြင်လိုက်ရတော့သည်။
ထို အပျက်အစီးများ၏ ဗိသုကာလက်ရာများမှာ ပြည်ထောင်စုကြီးနှင့် မတူသလို နတ်မျက်လုံးလူမှုအဖွဲ့အစည်းနှင့်လည်း မတူကြပေ။ ၎င်းတို့မှာ ပိရမစ်ပုံစံ အဆောက်အဦများကို အဓိကထားတည်ဆောက်သည့် ဗိသုကာလက်ရာများ ဖြစ်ကြ၏။ တစ်ကိုယ်လုံးခြောက်ကပ်နေကြပြီ ဖြစ်ပါသော်လည်း ကန္တာရကြီး၏ ကြမ်းတမ်းသော ရာသီဥတုကြောင့် ယိုယွင်းပျက်စီးသွားကြခြင်းမရှိသော အရိုးစုများမှာလည်း ပြိုလဲပျက်စီးနေသည့် အဆောက်အဦများ၏ ဘေးပတ်ပတ်လည်တွင် ပြန့်ကျဲနေကြသည်။ ထို အရိုးစုများမှာ လူသားများ၏ အရိုးစုနှင့် ဆင်တူပါသော်လည်း အရွယ်အစား ပို၍ ကြီးမားနေ၏။
သို့ဖြစ်ရာ သူရောက် နေသည့်နေရာမှာ လူအများ နေထိုင်ခဲ့သည့် နေရာတစ်ခု ဖြစ်ရပေမည်။ သို့မဟုတ် ဂိုဏ်းတစ်ဂိုဏ်း၏ တည်နေရာလည်း ဖြစ်နေနိုင်သည်။ သို့သော် သူတို့မှာ အစုလိုက်အပြုံလိုက် နှိမ်နင်းသတ်ဖြတ်ခံခဲ့ရ၏။ ဘေးပတ်ပတ်လည်တွင် ပြန့်ကျဲနေသည့် အရိုးစုများ၏ အနေအထားအရ သူတို့ ထိုကဲ့သို့ သတ်ဖြတ်ခံခဲ့ရသည်မှာ သိပ်မကြာသေးပေ။
" တစ်လလောက်ပဲ ရှိဦးမယ် " ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွား၏။ သူသည် တစ်ခဏမျှ နှုတ်ဆိတ်သွားပြီးနောက် ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုကာ သူ၏ပုံပန်းသွင်ပြင်အား ရုတ်တရက်ဆိုသလို ပြောင်းလဲလိုက်တော့သည်။ ထို့ကြောင့် သူ၏ခန္ဓာကိုယ်ထဲမှ နောက်ထပ် လက်လေးဖက်နှင့် ခေါင်းနှစ်လုံး ထပ်၍ထွက်ပေါ်လာပြီး သူ၏ ဝက်ခေါင်းမျက်နှာဖုံးမှာလည်း အခြားအရာတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။ ထို့ကြောင့် သူသည် တာဝန်အားလက်ခံခဲ့သည့် ကျင့်ကြံသူများနှင့် မတူတော့ဘဲ အဆုံးမဲ့မျိုးနွယ်စုဝင် တစ်ယောက်အဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။
သူသည် အသာအယာ ချောင်းဟန့်လိုက်ပြီးနောက် အဆုံးမဲ့မျိုးနွယ်စု၏ ဘာသာစကားဖြင့် စကားလုံးအချို့အား သူ၏စိတ်ထဲ၌ ရေရွတ်ကြည့်လိုက်၏။ သူသည် အခြားဘာသာစကားတစ်ခုအား ပြောဆိုရသည်ကို ကျင့်သားရသွားသည့် အချိန်မှ ရှေ့သို့ ဆက်သွားလိုက်၏။ ယခုအချိန်တွင်မူ သူသည် ယခင်တုန်းကလို သတိကြီးကြီး ထားမနေတော့ဘဲ ရှေ့သို့ ရဲတင်းစွာ ပြေးသွားလိုက်ပြီး ကန္တာရထဲ၌ ကဆုန်ပေါက်နေလိုက်တော့သည်။ သူသည် လွင်ပြင်များဆီသို့ ရောက်ရှိသွားပြီးနောက် အရှိန်မြှင့်တင်ရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက်ဆိုသလို မျက်ဝန်းများအရောင်လက်သွားပြီး သူ၏ညာဘက်သို့ လှမ်းကြည့်မိလိုက်၏။
ထိုအခါ မိုးကုပ်စက်ဝိုင်းဆီမှ တရွှီးရွှီးမြည်သံများ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ရာ ရယ်မောသံများမှာလည်း လေထဲ၌ ပဲ့တင်ထပ်သွားကြသည်။ ထို့နောက် အဆုံးမဲ့မျိုးနွယ်စုဝင် ခုနစ်ယောက်၊ ရှစ်ယောက်ခန့်မှာ ရယ်ရယ်မောမောနှင့် ရှေ့သို့ပြေးလာနေကြ၏။ သူတို့အဖွဲ့၏ အလယ်တွင် ရှိနေသည့် ကျင့်ကြံသူတစ်ယောက်မှာ ပိန်ပါးပါး လူငယ်လေးတစ်ယောက်အား လက်ဖြင့် ဆွဲခေါ်လာ၏။ သူသည် ထိုလူငယ်အား ခေါင်းမှကိုင်၍ မန္တန်တစ်ခု အသုံးပြုလိုက်သည်။ ထိုအခါ ထိုလူငယ်လေး၏ မျက်လုံးများ၊ နှာခေါင်းပေါက်၊ ပါးစပ်ပေါက်နှင့် နားများထဲမှ အစိမ်းရောင် မီးခိုးငွေ့အမျှင်အတန်းများ ထွက်ပေါ်လာပြီး ထိုအဆုံးမဲ့မျိုးနွယ်စုဝင်၏ လက်ဖဝါးထဲသို့ ဝင်ရောက်သွားကြသည်။ ထိုအခါ ထို အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူ၏ မျက်နှာအမူအရာမှာ ဝင်းလင်တောက်ပသွားပါသော်လည်း သူဖမ်းခေါ်လာခဲ့သည့် လူငယ်လေးမှာမူ မချိတင်ကဲ ဝေဒနာများ ခံစားလိုက်ရသည်။ ထို့နောက် ထိုလူငယ်လေး၏ မျက်နှာပေါ်တွင် သွေးကြောကြီးများ ထင်းခနဲ ပေါ်ပေါက်လာပြီး သူ၏ မျက်ဝန်းများထဲတွင် နာကျင်မှုများနှင့် မုန်းတီးမှု အရိပ်အယောင်များ တောက်ပလာတော့သည်။
ဝမ်ပေါင်လဲ့ သူတို့အား လှမ်းကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် ထိုအဖွဲ့မှာလည်း သူ့အား သတိထားမိသွား၏။ ထို့ကြောင့် သူတို့မှာ ခြေလှမ်းများ ရပ်တန့်သွားကြသည်။ သူတို့ထဲမှတစ်ယောက်မှာ အနည်းငယ်ခန့် သံသယဖြစ်နေသည့် မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့၏ အဝတ်အစားများအား အကဲခတ်ကြည့်ရှုလိုက်ပြီးနောက် အော်မေးလိုက်တော့သည်။
" မင်းက ဘယ်အဖွဲ့ကလဲကွ "
ဝမ်ပေါင်လဲ့မှာ ထိုမေးခွန်းကို ပြန်ဖြေခဲ့ခြင်းမရှိဘဲ ထိုအဖွဲ့အား သေသေချာချာ အကဲခတ်လေ့လာလိုက်၏။ ထိုအခါ သူတို့ခုနစ်ယောက်ထဲမှ နှစ်ယောက်သာလျှင် ဝိညာဉ်ကြားခံနယ်အဆင့်တွင် ရှိနေကြပြီး အခြားသူများမှာ ယွမ်ယင်အဆင့်တွင်သာ ရှိနေကြသည်ဖြစ်ကြောင်း သူက သိလိုက်ရသည်။ သူတို့ထဲမှ အစွမ်းအထက်ဆုံး ကျင့်ကြံသူမှာ သူတို့အဖွဲ့၏ ခေါင်းဆောင်ဖြစ်နေသည့်ပုံပင်။ သို့သော် သူသည်လည်း အလယ်အလတ် ဝိညာဉ်ကြားခံနယ်အဆင့်တွင်သာ ရှိနေသေးသည်။
ထိုအခါ ဝမ်ပေါင်လဲ့မှာ ကျေနပ်အားရသွားသည့် အမူအရာဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် ပြန်ဖြေလိုက်တော့သည် " ငါက မင်းတို့ရဲ့ အဖွဲ့ကလေ "
ထိုကျင့်ကြံသူများ သူ၏စကားကို ကြားလိုက်ရသဖြင့် ဆွံ့အမှင်တက်သွားကြချိန် ဝမ်ပေါင်လဲ့မှာ ချက်ချင်းဆိုသလိုပင် တိုက်ခိုက်လိုက်၏။ သူသည် အံ့ဩမှင်တက်ဖွယ်ရာ အမြန်နှုန်းမျိုးဖြင့် ရှေ့သို့ ပြေးထွက်သွားကာ မြူခိုးများအဖြစ် ပြောင်းလဲသွားပြီးနောက် သူတို့အား လွှမ်းခြုံသွားလိုက်တော့သည်။
သူသည် အလွန်အင်မတန်မှ မြန်ဆန်လွန်းနေသောကြောင့် အဖွဲ့ခေါင်းဆောင်ကြီးတစ်ယောက်သာလျှင် အချိန်မီ တုံ့ပြန်နိုင်ခဲ့ပြီး တုန်လှုပ်ချောက်ချားနေသည့် မျက်နှာအမူအရာဖြင့် နောက်သို့ အလျင်အမြန် ဆုတ်ခွာသွား၏။ အစောပိုင်း ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူကြီး အပါအဝင် အခြားကျင့်ကြံသူများ အားလုံးမှာမူ ထွက်ပြေးချိန်ပင် မရလိုက်ပေ။ သူတို့မှာ ချက်ချင်းဆိုသလိုပင် ထိုမြူခိုးများ၏ လွှမ်းခြုံခြင်းကို ခံလိုက်ရပြီး တစ်ကိုယ်လုံး ခြောက်ကပ်သွားကြတော့သည်။ သူတို့၏ သက်စောင့်စွမ်းအားများမှာ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီး၏ စုပ်ယူခြင်းကို ခံလိုက်ရပြီး သူတို့၏ ဝိညာဉ်များမှာမူ နတ်ဆိုးမျက်လုံးပညာရပ်၏ ဝါးမျိုခြင်းအား ခံလိုက်ရခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့မှာ နာကြည်းစွာ အော်ဟစ်မြည်တမ်းခွင့်ပင် မရလိုက်ဘဲ မြူခိုးများထဲ၌ ပျောက်ကွယ်သွားကြပြီး ဇီဝိန်ချုပ်သွားကြတော့သည်။
အချိန်မီ ဆုတ်ခွာသွားနိုင်ခဲ့ပြီး မြူခိုးများအား ရှောင်တိမ်းနိုင်ခဲ့သည့် အဖွဲ့ခေါင်းဆောင်ကြီးမှာလည်း လွတ်မြောက်သွားခြင်းမရှိပေ။ ထို မြူခိုးများထဲမှ လက်ကြီးတစ်ဖက် ဆန့်ထွက်လာပြီး သူ လူငယ်လေး၏ ဦးခေါင်းအား ဆုပ်ကိုင်ထားသကဲ့သို့ ၎င်းမှာလည်း သူ၏ ဦးခေါင်းအား ဖမ်းဆုပ်လိုက်၏။ ထို့နောက် မြူခိုးများထဲမှ " ဝိညာဉ်ရှာဖွေခြင်း " ဆိုသည့် စကားသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအခါ ထို အဖွဲ့ခေါင်းဆောင်မှာ မျက်လုံးများပြူးသွားပြီး ကြောက်လန့်တကြားနှင့် နာကြည်းစွာ အော်ဟစ်မြည်တမ်းနေလိုက်တော့သည်။
သူသည် တစ်ကြိမ်မျှသာ အော်ဟစ်နိုင်ခဲ့ပြီးနောက် မြူခိုးများ၏ လွှမ်းခြုံခြင်းကို ခံလိုက်ရသဖြင့် လုံးဝ အသံတိတ်သွား၏။ အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးနောက် မြူခိုးများမှာ စုဝေးသွားကြပြီး ဝမ်ပေါင်လဲ့အဖြစ် ပြန်လည်ပြောင်းလဲသွားတော့သည်။ သူ၏ မျက်ဝန်းများမှာ ထူးဆန်းစွာ တောက်ပနေ၏။ သူသည် ထိုဝိညာဉ်ရှာဖွေခြင်း လုပ်ငန်းစဉ်ကြောင့် ဤဂြိုဟ်ကြီးနှင့် ပတ်သက်သည့် အချက်အလက်များကို သိရှိထားပြီ ဖြစ်သည်။
ဤဂြိုဟ်ပေါ်၌ လွန်ခဲ့သည့်တစ်လခန့်က ဖြစ်ပွားခဲ့သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီးပြီးနောက် ဤဂြိုဟ်ပေါ်တွင် တာဝန်ကျနေခဲ့သည့် အဆုံးမဲ့မျိုးနွယ်စုဝင်အများစုမှာ ထွက်ခွာသွားကြပြီဖြစ်ကြောင်း သူက သိရှိလိုက်ရ၏။ ထို့ကြောင့် ယခုတွင် ဤဂြိုဟ်ပေါ်၌ စခန်းတစ်ခုသာ ကျန်ရစ်တော့၏။ ထိုစခန်းထဲတွင် ကျင့်ကြံသူ အယောက်သုံးသိန်းဝန်းကျင်ခန့် ရှိပြီး သူတို့အားလုံးမှာ ရှင်းလင်းရေးလုပ်ငန်းများကို တာဝန်ယူထားရခြင်းဖြစ်သည်။
ထိုစခန်းမှာ ဝမ်ပေါင်လဲ့ လက်ရှိရောက်နေသည့် နေရာနှင့် အတော်အသင့် ကွာဝေးပါသော်လည်း သူ၏အမြန်နှုန်းနဲ့ဆိုလျှင် နှစ်နာရီအတွင်း အရောက်သွားနိုင်ပေသည်။
ထို့အပြင် သူသည် ထိုစခန်းထဲရှိ အဆင့်အမြင့်ဆုံးကျင့်ကြံသူမှာ နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့်တွင် ရှိနေသည့် အဆုံးမဲ့မျိုးနွယ်စုဝင် တစ်ယောက်ဖြစ်ကြောင်းကို သိရှိထား၏။ ထိုမျှသာမက ထိုစခန်းထဲတွင် ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်သာ ရှိကြောင်းကိုလည်း သိရှိထားသေးသည်။ ယခင်တုန်းက ဂြိုဟ်အဆင့်ကျင့်ကြံသူကြီးတစ်ယောက်မှာ ခေါင်းဆောင်ရေးပိုင်းတွင် တာဝန်ယူထားခဲ့ပါသော်လည်း အသက်သေဆုံးသွားပြီဖြစ်သော အဖွဲ့ခေါင်းဆောင်၏ မှတ်ဉာဏ်များအရ ထိုဂြိုဟ်အဆင့် ကျင့်ကြံသူကြီးမှာ ဆောင်ရွက်စရာကိစ္စများ ရှိသောကြောင့် လွန်ခဲ့သည့်တစ်လခန့်ကတည်းက ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။
" စစ်တပ်စခန်းတစ်ခု... " ဝမ်ပေါင်လဲ့မှာ နှုတ်ခမ်းအား လျှာဖြင့်လျက်ကာ သူ၏ လက်ရှိကျင့်ကြံခြင်းအဆင့်အား အကဲခတ်လိုက်၏။ သူ မကြာသေးမီတုန်းက ကျူးလွန်ခဲ့သည့် သတ်ဖြတ်မှုများကြောင့် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ပို၍ အစွမ်းထက်လာပြီဖြစ်သည်။ သူသည် သေလုမျောပါးဖြစ်နေသည့် လူငယ်လေးအား ငုံ့ကြည့်လိုက်သောအခါ သူ၏ မျက်ဝန်းများထဲ၌ ကျေးဇူးတင်လိုသည့် အရိပ်အယောင်များ ပြည့်နှက်နေသည်ကို မြင်လိုက်ရသည်။ သူသည် ဝမ်ပေါင်လဲ့အား စကားပြောနိုင်ရန် ကြိုးပမ်းနေသည့်ပုံဖြင့် ပါးစပ်ဟလိုက်ပါသော်လည်း စကားတစ်ခွန်းမှ မပြောနိုင်ခင်မှာပင် အသက်ပျောက်သွားတော့သည်။
ဝမ်ပေါင်လဲ့မှာ ထိုလူငယ်လေးအား စိုက်ကြည့်နေရင်း သက်ပြင်းချမိသွား၏။ ထို့နောက် သူသည် သူ၏လက်ကို ဝှေ့ယမ်းကာ သဲမှုန်များအား လေပေါ်သို့ မြောက်တက်သွားအောင် လုပ်လိုက်ပြီးနောက် ထိုလူငယ်လေး၏ ခန္ဓာကိုယ်ပေါ်၌ ဖုံးအုပ်ပေးလိုက်၏။ သူသည် ထိုလူငယ်လေးအား မြေမြှုပ်သင်္ဂြိုလ်ပေးလိုက်ပြီးနောက် အခြားတစ်ဘက်သို့ လှည့်ကာ ထွက်ခွာသွားပြန်သည်။ ယခုအကြိမ်တွင်မူ သူသည် အဖွဲ့ခေါင်းဆောင်အဖြစ် ရုပ်ဖျက်လိုက်ပြီး စစ်တပ်စခန်းရှိရာသို့ ဦးတည်သွားနေခြင်း ဖြစ်သည်။