ရှုပ်ထွေးမှုများကို အခွင့်ကောင်းယူခြင်း
Vol. 59 Ch. 810
အနီရောင် ကောင်းကင်ယံကြီး၏ အောက်ရှိ အဖြူရောင် ကန္တာရကြီးပေါ်တွင် ဝမ်ပေါင်လဲ့မှာ အဆုံးမဲ့မျိုးနွယ်စု အဖွဲ့ခေါင်းဆောင်အဖြစ် ရုပ်ဖျက်ထားပြီး ရှေ့သို့ ပြေးလွှားနေ၏။ သူသည် မောက်မာဝင့်ကြွားမှု အပြည့်ရှိသောအမူအရာဖြင့် ပြေးလွှားနေပြီး သူ၏နောက်တွင် တရွှီးရွှီးမြည်သံများ ကျန်ရစ်ခဲ့သည်သာ ဖြစ်သည်။ ထို့နောက် သူသည် အရှိန်မြှင့်တင်ကာ မိုးကောင်းကင်ကြီးအား ထိုးခွင်းသွားပြီး စစ်တပ်စခန်းဆီသို့ ဦးတည်သွားနေတော့သည်။
သူ ထိုစခန်းသို့ ရောက်ရန် ဆယ့်ငါးမိနစ်ဝန်းကျင်ခန့်သာ လိုတော့သည့်အချိန်တွင် အခြားအဖွဲ့တစ်ဖွဲ့မှ အဆုံးမဲ့မျိုးနွယ်စုဝင်များမှာ သူ၏ရှေ့၌ ပေါ်ပေါက်လာသည်။ သူတို့မှာ ဝမ်ပေါင်လဲ့အား မြင်လိုက်ရသောအခါ ရပ်တန့်သွားကြ၏။ ထို့နောက် သူတို့မှာ သူ့အား လှမ်းကြည့်လိုက်ကြပြီး သူသည် သူတို့၏ မိတ်ဆွေဖြစ်နေကြောင်း သိလိုက်ရသောအခါ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ဂါရဝပြုလိုက်ကြတော့သည်။
ဝမ်ပေါင်လဲ့မှာမူ မျက်စိပေကလပ်ပေကလပ် ဖြစ်သွား၏။ ယခုတွင် သူတို့မှာ စခန်းနှင့် အလွန်အင်မတန်မှ နီးကပ်နေပြီ မဟုတ်ပါလော။ သူ၏တာဝန်မှာ အဆုံးမဲ့မျိုးနွယ်စုဝင်များကို သတ်ဖြတ်ရန်ဖြစ်ပါသော်လည်း စခန်းထဲသို့ ခိုးဝင်ပြီးမှ စတင်သတ်ဖြတ်ပါက သူ့အတွက် ပိုအကျိုးရှိနိုင်ပေသည်။ ထိုသို့သာဆိုလျှင် သူသည် ပုံရိပ်ယောင်ပညာရပ်အား အသုံးပြုကာ သူ၏သရုပ်မှန်အား ဖုံးကွယ်ထားနိုင်မည် မဟုတ်ပါလော။ သို့သော် ဤနေရာတွင် တိုက်ခိုက်လိုက်မည်ဆိုလျှင် မလိုလားအပ်သည့် စုံစမ်းစစ်ဆေးမှုများ ပေါ်ပေါက်လာနိုင်ပေသည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏ သတ်ဖြတ်လိုစိတ်များကို ချုပ်တည်းကာ ထိုအဖွဲ့အား အေးတိအေးစက် မျက်ဝန်းများဖြင့်သာ တစ်ချက်ကြည့်လိုက်ပြီးနောက် အရှိန်လျော့ကျသွားခြင်း မရှိဘဲ သူတို့၏ဘေးမှ ဖြတ်သွားလိုက်၏။
ဝမ်ပေါင်လဲ့မှာ လမ်းတစ်လျှောက်တွင် ထိုအဖွဲ့ တစ်ဖွဲ့တည်းနှင့်သာ ကြုံခဲ့ရသည်မဟုတ်ပေ။ သူသည် နောက်ထပ် ဆယ့်ငါးမိနစ်အတွင်းတွင် အဖွဲ့ ခုနစ်ဖွဲ့၊ ရှစ်ဖွဲ့ခန့် ထပ်၍ကြုံတွေ့ခဲ့ရ၏။ အချို့သော အဖွဲ့များမှာ သူ့အား နှုတ်ဆက်ခဲ့ကြပါသော်လည်း အခြား အဖွဲ့များမှာမူ သူ့အား လျစ်လျူရှုခဲ့ကြသည်သာ ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ သူတို့အား တိုက်ခိုက်ချင်စိတ် မရှိသောကြောင့် ဝိညာဉ်ရှာဖွေခြင်း လုပ်ငန်းစဉ်ထဲမှ ရရှိထားသည့် မှတ်ဉာဏ်များအတိုင်း ရှေ့သို့ ဆက်သွားနေလိုက်၏။ ထိုသို့ဖြင့် နောက်ဆုံးတွင် ထိုစခန်းမှာ သူ၏ရှေ့၌ ပေါ်ပေါက်လာတော့သည်။
ထို အဆုံးမဲ့မျိုးနွယ်စုစခန်း၏ ပုံစံမှာ တမူထူးခြားနေ၏။ မြေပြင်အထက်တွင် ဧရာမ စက်လုံးကြီးကိုးလုံးမှာ လေထဲ၌ မျောလွင့်နေကြပြီး အနက်ရောင်အလင်းတန်းများကို ထုတ်လွှတ်နေကြသည်။ အဝေးမှ ကြည့်လိုက်ပါက ၎င်းတို့မှာ အာကာသတွင်းနက်ကြီး ကိုးခုနှင့် တူနေပြီး ဘေးပတ်ပတ်လည်မှ အလင်းရောင်များကို စုပ်ယူနေသည့်ပုံ ပေါက်နေသည်။
" မှတ်ဉာဏ်တွေထဲကအတိုင်း ဆိုရင်တော့ အဲဒီ စက်လုံးကိုးလုံးထဲမှာ တသီးတခြားစီ ကွဲနေတဲ့ နယ်မြေကိုးခု ရှိတယ်... " ဝမ်ပေါင်လဲ့မှာ ထို စက်လုံးကြီးကိုးလုံးထဲသို့ အဝင်အထွက် လုပ်နေကြသည့် အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူများကို ကြည့်ကာ မျက်လုံးများမှေးသွား၏။ ထို့နောက် သူသည် အမြင့်ဆုံးတွင် ရှိနေသည့် စက်လုံးကြီးအား အာရုံစိုက်လိုက်သည်။ သူသည် ထို စက်လုံးကြီးထဲမှ အားပျော့သော ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်လာနေသည်ကို အာရုံခံမိနေသည်။
ဝမ်ပေါင်လဲ့မှာ သူ၏အကြည့်အား ပြန်လည်ရုပ်သိမ်းလိုက်ပြီးနောက် ခြေတစ်လှမ်းလှမ်းကာ ပဉ္စမမြောက် စက်လုံးကြီးဆီသို့ ဦးတည်သွားလိုက်၏။ ၎င်းမှာ အသက်သေဆုံးသွားပြီဖြစ်သည့် အဖွဲ့ခေါင်းဆောင် တာဝန်ကျနေသည့် နေရာ ဖြစ်ပေသည်။ သူ ထို စက်လုံးကြီးထဲသို့ ဝင်ရောက်သွားသောအခါ မန္တန်အစီအရင်တစ်ခု၏ စွမ်းအားများမှာ သူ၏ ခန္ဓာကိုယ်အား လွှမ်းခြုံသွားပြီး သူ၏ အသိအမှတ်ပြု တံဆိပ်ပြားနှင့် ဝိညာဉ်အငွေ့အသက်များကို စစ်ဆေးလိုက်၏။ ထိုကဲ့သို့ စစ်ဆေးပြီးသွားသောအခါ ထိုစွမ်းအားများမှာ ပျောက်ကွယ်သွားသည်။ ဝမ်ပေါင်လဲ့မှာ ထိုစစ်ဆေးမှုအား အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့၏။
" ဂိုဏ်းတူအစ်ကိုကြီးရဲ့ ပုံရိပ်ယောင်ပညာရပ်က တော်တော်လေးကို အသုံးဝင်တာပဲ " ဝမ်ပေါင်လဲ့မှာ ကျေနပ်အားရစွာဖြင့် စက်လုံးကြီးထဲရှိ နယ်မြေထဲသို့ ဝင်သွားလိုက်၏။ သူ၏ရှေ့တွင် တောင်စဉ်တန်းများဖြင့် ပြည့်နှက်နေပြီး အလွန်အင်မတန်မှ ကျယ်ပြောသော နယ်မြေကြီးတစ်ခု ရှိနေသည်။ ထိုနယ်မြေထဲတွင် နေမင်းတစ်စင်းမှ မရှိသည့်တိုင်အောင် မှောင်မိုက်နေခြင်း မရှိပေ။ ကောင်းကင်ယံကြီးမှာ အလင်းရောင်များကို ထုတ်လွှတ်ပေးနိုင်စွမ်း ရှိနေသည်။ တောင်စဉ်တန်းများထဲတွင်မူ ရိုးရှင်းစွာတည်ဆောက်ထားသည့် ခန်းမကြီးများ ရှိနေကြ၏။ ၎င်းတို့၏ တည်နေရာများမှာ အဓိပ္ပါယ်တစ်ခုခု ရှိနေသည့်ပုံပင်။ ထို ခန်းမကြီးများထဲမှ အော်ဟစ်အားပေးသံများ မကြာခဏဆိုသလို ထွက်ပေါ်လာနေသည်ကို ကြားနိုင်ပေသည်။
" တကယ်တော့ အဆုံးမဲ့မျိုးနွယ်စု စစ်စခန်းတစ်ခုမှာ စစ်တပ်ကိုးခု တာဝန်ကျနေတာပဲ။ စက်လုံး တစ်လုံးချင်းစီထဲမှာ စစ်တပ်တစ်ခုစီ ရှိနေပြီးတော့ စစ်တပ်တစ်ခုချင်းစီကို အဖွဲ့ငယ်လေးတွေ တစ်ရာကျော်အထိ ခွဲထားတာ။ အဲဒီ အဖွဲ့တစ်ဖွဲ့ချင်းစီတိုင်းကလည်း သူတို့ရဲ့ ကိုယ်ပိုင်ခန်းမတွေကို အခြေစိုက်စခန်းအနေနဲ့ အသုံးပြုကြတာ " ဝမ်ပေါင်လဲ့မှာ သူ၏ရှေ့တွင်ရှိနေသည့် မြင်ကွင်းအား အကဲခတ် ကြည့်ရှုလိုက်ပြီးနောက် လက်ရှိအခြေအနေကြီးအား စိတ်ထဲတွင် သုံးသပ်လိုက်၏။ သူသည် သေဆုံးသွားခဲ့ပြီဖြစ်သော အဖွဲ့ခေါင်းဆောင်အဖြစ် ရုပ်ဖျက်ထားသည်ဖြစ်ရာ ယခုတွင် ပဉ္စမမြောက်စစ်တပ်ထဲ၌ တာဝန်ကျနေခြင်းဖြစ်သည်။ ထို အဖွဲ့ခေါင်းဆောင်မှာ အခြားသော အဖွဲ့ခေါင်းဆောင်များထက် စွမ်းဆောင်ရည် ပိုမိုမြင့်မားပြီး ပဉ္စမမြောက်စစ်တပ်၏ အစွမ်းအထက်ဆုံး ကျင့်ကြံသူဆယ်ယောက်ထဲတွင် ပါပေသည်။ ထို့ကြောင့်လည်း လမ်းတစ်လျှောက်တွင် အချို့သော အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူများမှာ သူ့အား တရိုတသေ နှုတ်ဆက်ခဲ့ကြခြင်းဖြစ်သည်။
" ဒီလိုဆိုမှတော့လည်း... ပဉ္စမမြောက်စစ်တပ်နဲ့ပဲ စလိုက်ကြတာပေါ့ " ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အေးစက်စွာတောက်ပသွား၏။ ထို့နောက် သူသည် ရှေ့သို့ ပြေးထွက်သွားလိုက်ပြီးနောက် သူ၏ ပုံပန်းသွင်ပြင်မှာလည်း သိသိသာသာ ပြောင်းလဲသွားတော့သည်။ သူသည် ခြင်တစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး မည်သူမှ သတိမထားနိုင်ခင်မှာပင် အနီးအနားရှိ ခန်းမကြီးတစ်ခုထဲသို့ ဝင်သွားလိုက်၏။
သူသည် ထိုခန်းမကြီးထဲသို့ ရောက်ရှိသွားသည်နှင့် လေထုထဲ၌ ရယ်မောသံများ ပဲ့တင်ထပ်နေသည်ကို ကြားလိုက်ရသည်။ ထို ခန်းမထဲတွင် အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူ တစ်ဒါဇင်ခန့် ရှိနေကြသည်။ သူတို့မှာ အော်ဟစ်ရယ်မောနေကြပြီး ခြေလက်များ ဖြတ်တောက်ခံထားရသည့် ဒေသခံ အမျိုးသား ကျင့်ကြံသူနှစ်ယောက်အား ဝိုင်းထားကြသည်။ ထို ကျင့်ကြံသူနှစ်ယောက်မှာ အသိစိတ်မရှိသည့် သားရဲကြီးများကဲ့သို့ မျက်လုံးနီကြီးများဖြင့် တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်နေကြသည်။
ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းကို မြင်လိုက်ရသည့်တိုင်အောင် နှလုံးသားထဲ၌ မည်သည့်ခံစားချက်မှ ပေါ်ပေါက်လာခြင်းမရှိပေ။ သူသည် ထိုမျှလောက် စာနာသနားတတ်သည့် လူစားမျိုး မဟုတ်ပေ။ ထို့အပြင် သူသည် ပြည်ထောင်စုကြီးထဲ၌ ရောက်နေခြင်းမဟုတ်သောကြောင့် ဤ ကမ္ဘာကြီးနှင့် ၎င်း၏ဒေသခံများအား ကာကွယ်ပေးရန် တာဝန်ရှိသည်ဟုလည်း မှတ်ယူထားခြင်း မရှိချေ။ မည်သို့ပင်ဆိုစေကာမူ သူ၏မျက်ဝန်းများထဲမှ သတ်ဖြတ်လိုစိတ်များမှာမူ အနည်းငယ်ခန့်ပို၍ အားကောင်းသွား၏။ သူသည် ထိုအဖွဲ့ရှိရာသို့ ဦးတည်းပျံသန်းသွားလိုက်ပြီးနောက် အဆုံးမဲ့မျိုးနွယ်စုဝင်တစ်ယောက်၏ နားထဲသို့ အလျင်အမြန် ဝင်ရောက်သွားလိုက်သည်။ ခဏအကြာတွင် သူသည် နောက်ထပ် နားတစ်ဖက်ထဲမှ အရှိန်အဟုန်ဖြင့် ပြန်ထွက်လာသောကြောင့် သူ၏နောက်တွင် သွေးအမျှင်အတန်းများ ကျန်ရစ်ခဲ့၏။ ထို့နောက် သူသည် နောက်ထပ်တစ်ယောက်ဆီသို့ ထပ်၍ ဦးတည်သွားလိုက်တော့သည်။
သူသည် အလွန်အင်မတန်မှ မြန်ဆန်နေသောကြောင့် အချင်းချင်း တိုက်ခိုက်နေကြသည့် ကျင့်ကြံသူနှစ်ယောက် သတိမထားမိခင်မှာပင် သူတို့၏ ဘေးပတ်ပတ်လည်ရှိ အဆုံးမဲ့မျိုးနွယ်စုဝင်များအားလုံးမှာ ဆတ်ခနဲ တုန်ရီသွားကြ၏။ ထို့နောက် ထို အဆုံးမဲ့မျိုးနွယ်စုဝင် တစ်ယောက်ချင်းစီတိုင်းမှာ နားထဲမှ သွေးများပန်းထွက်လာကြသဖြင့် မျက်လုံးများပြူးသွားကြပြီး ကြက်သေသေသွားကြတော့သည်။ တစ်အောင်ခန့်အကြာတွင် သူတို့၏ ခန္ဓာကိုယ်များမှာ ကျင့်ကြံသူနှစ်ယောက်၏ ရှေ့၌ ချက်ချင်းဆိုသလိုပင် ခြောက်ကပ်သွားကြ၏။ နောက်ဆုံးတွင် သူတို့မှာ မြေကြီးပေါ်သို့ လဲကျသွားကြပြီး အရိုးစုများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
သူတို့ ထိုသို့လဲကျသွားသောအခါ မျက်လုံးဖြင့်မမြင်နိုင်သည့် စွမ်းအားတစ်မျိုးမှာ သူတို့၏ အရိုးစုများအား လွှမ်းခြုံသွားလိုက်ပြီးနောက် ၎င်းတို့အား တစ်စစီ ခြေမွှပစ်လိုက်၏။ ထို့ကြောင့် သူတို့မှာ ပြာပုံဘဝသို့ ရောက်သွားရပြီး ခန်းမကြီးထဲ၌ လွင့်စင်ပျောက်ကွယ်သွားတော့သည်။
ဒေသခံ ကျင့်ကြံသူနှစ်ယောက်မှာ ထိုမြင်ကွင်းအား ဆွံ့အမှင်တက်စွာနှင့် စိုက်ကြည့်ရင်း တုန်လှုပ်ချောက်ချားသွားရတော့သည်။ ထို့နောက် သူတို့မှာ အမြင်အာရုံများ ဝေဝါးသွားပြီး သတိလစ်သွားကြ၏။
ဝမ်ပေါင်လဲ့မှာ သူတို့နှစ်ယောက်၏ ဘေးတွင် ပေါ်ပေါက်လာပြီးနောက် သူ၏ ပုံပန်းသွင်ပြင်အား သူ သတ်ဖြတ်ခဲ့သည့် အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူများထဲမှ တစ်ယောက်၏ ပုံစံအဖြစ် ပြောင်းလဲလိုက်သည်။ ထို့နောက် သူသည် သူ၏ ဝတ်ရုံများကို ဖုန်ခါလိုက်ပြီးနောက် ခန်းမကြီး၏ အပြင်ဘက်သို့ ထွက်လာပြီး နောက်ထပ် ခန်းမကြီးတစ်ခုရှိရာသို့ ဦးတည်သွားလိုက်တော့သည်။
သူသည် ကျင့်ကြံခြင်းအဆင့် မြင့်မားနေပြီး ပုံရိပ်ယောင်ပညာရပ်ကိုလည်း ပိုင်ဆိုင်ထားသည်ဖြစ်ရာ နာရီဝက်အတွင်းတွင် ခန်းမအခုသုံးဆယ်ကျော်ထဲရှိ အဆုံမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူများအားလုံးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့၏။ သူသည် ခန်းမတစ်ခုထဲရှိ ကျင့်ကြံသူများအား သုတ်သင်ရှင်းလင်းပြီးတိုင်း အခြားကျင့်ကြံသူတစ်ယောက်အဖြစ် ရုပ်ဖျက်ကာ နောက်ထပ် ခန်းမတစ်ခုဆီသို့ ဦးတည်သွားလိုက်သည်သာ ဖြစ်သည်။
သူသည် လူပေါင်းများစွာ သတ်ဖြတ်ခဲ့သောကြောင့် သူ၏ နတ်ဆိုးမျက်လုံးပညာရပ်မှာလည်း အသက်ဝင်လာ၏။ ၎င်းမှာ သတ်ဖြတ်လိုစိတ်များနှင့် ဆာလောင်မွတ်သိပ်မှု အငွေ့အသက်များကို ထုတ်လွှတ်နေပြီဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ထိုပညာရပ်အား ချုပ်တည်းထားရန် ကြိုးပမ်းနေခြင်းမရှိပေ။ ထိုပညာရပ် နိုးနိုးကြားကြား ဖြစ်နေမှသာလျှင် သူသည် သူ၏ ကျင့်ကြံခြင်းအဆင့် တိုးတက်နှုန်းအား မြှင့်တင်နိုင်မည်ဖြစ်သလို နောက်ထပ်တစ်ဆင့်သို့ ဖောက်ထွက်နိုင်မည်လည်း ဖြစ်သည်။
သို့သော် သူသည် ယခုကဲ့သို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်နေခြင်းကြောင့် မကြာခင်တွင် အလိမ်ပေါ်သွားနိုင်သည်ဖြစ်ကြောင်း သိထား၏။ သူ၏ ရန်သူများမှာ သူ့အား နောက်ယောင်ခံလိုက်ကာ သူ၏ တည်နေရာအား အလွယ်တကူ ရှာတွေ့သွားနိုင်ပေသည်။ ထို့ကြောင့်လည်း သူသည် အခြားတစ်ယောက်ပုံစံ ရုပ်ဖျက်လိုက်ပြီးနောက် ထို စက်လုံးကြီးထဲမှ ထွက်ခွာလာပြီး အခြား စက်လုံးကြီးတစ်ခုဆီသို့ ဦးတည်သွားလိုက်ပြန်သည်။
လတ်တလောအတွင်းတွင် အဆုံးမဲ့မျိုးနွယ်စုမှာ နေ့ရက်တိုင်းအား တည်ငြိမ်အေးချမ်းစွာ ဖြတ်သန်းခဲ့ကြသည့် ပုံပင်။ သူတို့မှာ ဤဂြိုဟ်ပေါ်ရှိ သူပုန်တပ်ဖွဲ့များအားလုံးကို သုတ်သင်ရှင်းလင်းခဲ့ပြီး ဖြစ်သောကြောင့် စိတ်အေးလက်အေး ဖြစ်နေခဲ့ကြ၏။ ထို့ကြောင့်လည်း သူတိုမှာ ယခုကဲ့သို့ ရုတ်ခြည်းဆိုသလို ပေါ်ပေါက်လာသည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို အလျင်အမြန် တုံ့ပြန်နိုင်ခဲ့ခြင်းမရှိပေ။ နှစ်နာရီတိတိ ကုန်ဆုံးသွားပြီး ဝမ်ပေါင်လဲ့တစ်ယောက် ရှိသမျှ စက်လုံးအားလုံးနီးပါးထဲမှ အဖွဲ့ပေါင်းမြောက်မြားစွာကို သုတ်သင်ရှင်းလင်းပြီးသွားသော အခါမှသာ သူတို့မှာ တစ်ခုခုမှာ လွဲနေပြီဖြစ်ကြောင်း သတိထားမိသွားကြတော့သည်။
ထို့ကြောင့် သူတို့မှာ ချက်ချင်းဆိုသလိုပင် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လိုက်ကြပြီးနောက် ဖြစ်ကြောင်းကုန်စင်အား သိရှိသွားကြ၏။ ထိုအခါ စခန်းတစ်ခုလုံးမှာ အုတ်အော်သောင်းနင်း ဖြစ်သွားကြပြီး လေထဲ၌ အချက်ပေးခေါင်းလောင်းသံများဖြင့် ဆူညံသွားသလို ကျင့်ကြံသူများအားလုံးမှာလည်း တုန်လှုပ်ချောက်ချားသွားတော့သည်။ စခန်းထဲသို့ အပြင်လူတစ်ယောက် ကျူးကျော်ဝင်ရောက်လာခဲ့ပြီး သူတို့၏ စစ်သည်တော် အမြောက်အမြားကို သတ်ဖြတ်သွားခဲ့သည်ဆိုသော သတင်းများမှာ တောမီးမျာကဲ့သို့ ပျံ့နှံ့သွား၏။
ထိုသတင်းများ ပျံ့နှံ့သွားချိန်တွင် ဝမ်ပေါင်လဲ့မှာ ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက်အဖြစ် ရုပ်ဖျက်ထားပြီး တတိယစက်လုံးထဲ၌ ရှိနေသည်။ သူသည် သူတာဝန်ကျရာ အဖွဲ့၏ ခန်းမဆီသို့ သွာနေခြင်းဖြစ်၏။ သူသည် ထိုခန်းမထဲသို့ ရောက်ရှိသွားသည်နှင့် ထို ခန်းမထဲရှိ အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူများမှာ မျက်နှာအမူအရာများ တည်ကြည်နေကြသည်ကို သတိထားမိလိုက်သည်။ သူတို့ထဲမှ တစ်ယောက်မှာ စိုးရိမ်တကြီး ဖြစ်နေသည့် အမူအရာဖြင့် ဆိုလိုက်၏။
" အပြင်လူတစ်ယောက်က ငါတို့စခန်းထဲ ခိုးဝင်လာပြီးတော့ ငါ့တို့ရဲ့ မျိုးနွယ်စုဝင်တွေကို သတ်ဖြတ်နေတာတဲ့ဟ "
" ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ရတာလဲ။ စခန်းထဲမှာရှိတဲ့ မန္တန်အစီအရင်က ဘာကိုမှ အာရုံမခံမိခဲ့ပါဘူးဟ "
ဝမ်ပေါင်လဲ့မှာ ထိုစကားများကို ကြားလိုက်ပြီးနောက် သူတို၏ အသံလွှင့် ကျောက်စိမ်းပေလွှာများ စတင်တုန်ရီလာကြသည်ကို သတိထားမိလိုက်သည်။ ထို့ကြောင့် သူသည်လည်း အံ့ဩတုန်လှုပ်သွားသည့် မျက်နှာအမူအရာဖြစ် သူ၏ ကျောက်စိမ်းပေလွှာအား အလျင်အမြန် ထုတ်ယူလိုက်ပြီးနောက် ၎င်းမှာလည်း တုန်ရီနေသည့်ပုံစံ ဟန်ဆောင်နေလိုက်သည်။ ထို့နောက် သူသည် ပင့်သက်များရှိုက်မိသွားပြီး နားမလည်နိုင်လောက်အောင်ဖြစ်ကာ အမျက်ချောင်းချောင်းထွက်နေသည့် မျက်ဝန်းများဖြင့် သူ၏ဘေးမှ အဆုံးမဲ့မျိုးနွယ်စုဝင်များ ကြားရအောင် လေသံကျယ်ကျယ်ဖြင့် ကြိမ်းဝါးလိုက်တော့သည် " ကျွန်တော်လည်း အကြောင်းကြားစာတစ်စောင် ရထားတယ်။ တောက်ကွာ။ ဘယ်လိုလုပ်ပြီး ဒီလိုတွေ ဖြစ်သွားရတာလဲဗျ။ ဘယ်ကောင်တွေက ဒီလောက်အထိ အတင့်ရဲလွန်းနေရတာလဲ။ အသက်ရှင်နေသေးတဲ့ ဒေသခံတွေများလား "
သူနှင့် ရာထူးအဆင့်အတန်း အတူတူတွင်ရှိကြသည့် အခြားကျင့်ကြံသူများမှာလည်း မည်သည့်အရာကိုမှ သံသယဝင်နေခြင်းမရှိဘဲ အံ့ဩတုန်လှုပ်ကာ မယုံကြည်နိုင်လောက်အောင်ဖြစ်နေသည့် အမူအရာများဖြင့် ထိုကိစ္စအား ဆက်လက်ဆွေးနွေးနေကြ၏။ ထိုအချိန်တွင် သူ၏ခန်းမအား တာဝန်ယူထားရသည့် အဖွဲ့ခေါင်းဆောင်ဖြစ်သော ဝိညာဉ်ကြားခံနယ်အဆင့် အဘိုးကြီးတစ်ယောက်မှာ မျက်မှောင်ကြုတ်ကာ အော်ဟစ်လိုက်၏ " ဘာတွေ ဆူညံပွက်လောရိုက်နေကြတာလဲကွ။ သူတို့က အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ဒေသခံတွေပဲကို။ ဘာထပ်လုပ်နိုင်မှာ မလို့လဲ "
သူ၏ စကားသံကြီးနှင့်အတူ သူ၏ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံခြင်းစွမ်းအားများ ထွက်ပေါ်လာသောကြောင့် ခန်းမကြီးထဲရှိ လူတိုင်းမှာ ချက်ချင်းဆိုသလိုပင် တိတ်ဆိတ်ငြိမ်သက်သွားကြ၏။ ထိုအချိန်တွင် အမျက်ဒေါသများဖြင့် ပြည့်နှက်နေသည့် အံ့ဩမှင်တက်ဖွယ်ရာ အငွေ့အသက်ကြီးတစ်ခုမှာ ဂြိုဟ်ပေါ်၌ ပေါက်ကွဲထွက်ပေါ်လာ၏။ ၎င်းမှာ နဝမမြောက် စစ်တပ်စက်လုံးကြီးထဲမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ထို့နောက် ထာဝရဝိညာဉ်အဆင့် စွမ်းအားတစ်မျိုးမှာ ဝမ်ပေါင်လဲ့ ရှိနေသည့် ခန်းမကြီး အပါအဝင် စစ်စခန်းတစ်ခုလုံးအား လွှမ်းခြုံသွားပြီး သတ်ဖြတ်လိုစိတ် အငွေ့အသက်များ ကိန်းအောင်နေသည့် အဘိုးကြီးတစ်ယောက်၏ စကားသံတစ်သံမှာ လူတိုင်း၏အသိစိတ်ထဲ၌ ပဲ့တင်ထပ်သွားတော့သည်။
" စခန်းတစ်ခုလုံးကို အဝင်အထွက် ပိတ်လိုက်တော့။ အဲဒီတရားခံကို မတွေ့တွေ့အောင် မြေလှန်ပြီး ရှာကြစမ်း။ ဘယ်လိုကောင်မျိုးက ဒီလောက်အထိ သတ္တိကောင်းနေတာလဲဆိုတာ ငါ သိချင်တယ် "
ထိုအဘိုးကြီး၏ အမိန့်ပေးသံကြီး ထွက်ပေါ်လာသည်နှင့် ဂြိုဟ်ကြီးထဲ၌ မိုးခြိမ်းသံများ ပဲ့တင်ထပ်သွား၏။ ထို့နောက် သူတို့မှာ စခန်းတစ်ခုလုံးအား ချက်ချင်း အဝင်အထွက်ပိတ်လိုက်ကြသည်။ ခန်းမကြီးများထဲရှိ ကျင့်ကြံသူများမှာမူ သတ်ဖြတ်လိုစိတ်အပြည့် ကိန်းအောင်းနေသည့် မျက်ဝန်းများဖြင့် ပြေးထွက်လာကြပြီး တရားခံအား လိုက်လံရှာဖွေနေကြတော့သည်။
ဝမ်ပေါင်လဲ့မှာလည်း သူတို့ထဲတွင် ပါပေသည်။ သူသည် အမျက်ချောင်းချောင်း ထွက်နေသည့်အမူအရာဖြင့် အခြားသော အဆုံးမဲ့မျိုးနွယ်စုဝင်များနှင့် ပူးပေါင်းကာ စိတ်အားထက်သန်စွာ လိုက်လံရှာဖွေနေတော့သည်။ သူသည် အားသွန်ခွန်စိုက် ကြိုးစားနေသည့်ပုံပင် ပေါက်နေ၏။ ခဏအကြာတွင် သူသည် ထောင့်တစ်ထောင့်အား လက်ညှိုးထိုးကာ အော်ပြောလိုက်သည်။
" အဖွဲ့ခေါင်းဆောင်ကြီး။ ဒီနေရာက တစ်ခုခုလွဲနေလားလို့။ စွမ်းအင်အငွေ့အသက်တွေက ပရမ်းပတာ ဖြစ်နေပြီးတော့ ကျွန်တော်တို့ အဆုံးမဲ့မျိုးနွယ်စုဝင်တွေရဲ့ စွမ်းအင်အငွေ့အသက်နဲ့လည်း မတူဘူး ဖြစ်နေတာ။ ကျွန်တော့်အထင် တရားခံက ဒီနေရာကနေ ဖြတ်သွားတာပဲ ဖြစ်ရမယ် "