ပန်ဒိုရာဓားအက
Vol. 6 Ch. Chapter 35
ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V6 Chapter 35 - ပန်ဒိုရာဓားအက
လီရာနဲ့လီနာတို့ ကားပေါ်က ဆင်းလာပြီးတာနဲ့ ဆိုဗီယက်ခေတ်အဆောက်အဦးဟောင်းလေးထဲမှာ ဖွင့်ထားတဲ့ စားသောက်ဆိုင်လေးထဲကို ဝင်လိုက်တယ်။
လော့ခ်မာရှယ်က လူရှင်းတဲ့စားပွဲဝိုင်းတစ်ခုမှာထိုင်နေပြီး သူတို့ကိုလက်ပြလိုက်တာကြောင့် အမြွှာတွေလည်း ဝင်ထိုင်ကြတာပေါ့။ လော့ဒ်မာရှယ်ကတော့ သူတို့ကိုပြုံးပြနေတုန်းပဲ။ သူက စားသောက်ဆိုင်မီနူးကို အမြွှာနှစ်ယောက်ရှေ့တွန်းပေးလိုက်ပြီး ပြောပါတယ်။
"မင်းတို့နှစ်ယောက် မှာချင်တာရှိရင် မှာကြလေ။" အမြွှာနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး မီနူးကိုဖတ်ကြည့်ပေမဲ့ နားမလည်နိုင်စွာနဲ့ခေါင်းခါပြလေရဲ့။ လော့ဒ်မာရှယ်လည်းရယ်လိုက်ပြီး သူတို့နှစ်ယောက်ကိုပြောလိုက်တယ်။
"နင်တို့နှစ်ယောက်က စမ်းသပ်ခန်းထဲက ကြွက်မကလေးတွေဆိုတာ ငါမေ့နေတာပဲ။ တကယ့်လူတွေစားတဲ့ အစားအစာတွေဘယ်မြင်ဖူးမှာလဲ။"
အဲဒီနောက် လော့ဒ်မာရှယ်က ဆိုင်ရှင်ကိုလှမ်းပြီးအော်လိုက်တယ်။ "Bliniသုံးပွဲချဟေ့။" မကြာခင်မှာပဲ စားပွဲထိုးက ပန်ကိတ်အလုံးလေးတွေပါတဲ့ဟင်းပွဲတွေ လာချပေးတယ်။
လော့ဒ်မာရှယ်က မုန့်တွေကို ခက်ရင်းနဲ့ထိုးပြီးစစားပေမဲ့ ကောင်မလေးနှစ်ယောက်ကတော့ စားဖို့စိုးရွံနေကြပုံပဲ။ လော့ဒ်မာရှယ်လည်း ရယ်လိုက်ပြီးတော့ ဖန်ခွက်ထဲ ရေနည်းနည်းငှဲ့ကာ မော့သောက်လိုက်ပါတယ်။
"မင်းတို့ ဘာမှစိုးရိမ်စရာမလိုဘဲ စားလို့ရပါတယ်။ စစ်ပွဲနှင်းဆီနဲ့မတူတဲ့အချက်က ငါဟာဘယ်တော့မှ လူတစ်ယောက်ကို ခိုးကြောင်ခိုးဝှက်နည်းတွေနဲ့ အနိုင်မယူတတ်ဘူး။"
ဒီတော့မှကောင်မလေးနှစ်ယောက်လည်း စစားရဲကြတယ်။ နောက်တော့ လီနာက ပန်ကိတ်လုံးလေးတစ်ခုကို ပါးစပ်ထဲပစ်ထည့်လိုက်ပြီး ပြုံးလိုက်တယ်။
"ချိုလိုက်တာ၊ ပါမောက္ခကြီးရဲ့ချောကလက်လိုပဲနော်။"
လော့ဒ်မာရှယ်က အကြံပါပါပြုံးရယ်လိုက်တယ်။ ကလေးမလေးနှစ်ယောက် ပန်းကန်ထဲမှာပါတဲ့ မုန့်တွေအကုန်လုံး စားလို့ပြီးတဲ့အချိန်ရောက်မှ သူက စကားပြောစပါတယ်။
"ဒီတော့ မင်းတို့ပါမောက္ခကြီး ပြန်လာတာကို စောင့်နေကြသေးတာလား။"
ကောင်မလေးနှစ်ယောက်ရဲ့မျက်နှာပေါ်က အပြုံးတွေပျောက်သွားပြီး ခေါင်းညိတ်လိုက်ကြတယ်။ သူတို့အတွက် ပါမောက္ခကြီးက သူတို့အဖေလိုပါပဲ။ လော့ဒ်မာရှယ်က ရယ်မောလိုက်ပြီး အခုလိုမျိုးပြောလိုက်လေရဲ့။
"ဒါဆိုရင်တော့ မင်းတို့တွေကို ဒီအတိုင်းစောင့်မနေတော့ဘဲ သူ့အကြောင်းမေ့လိုက်ဖို့ပြောချင်တယ်။ သူဘယ်တော့မှ ပြန်မလာနိုင်တော့ဘူး။"
လော့ဒ်မာရှယ်ကလည်း စားနေတာကို ရပ်လိုက်ပါတယ်။ သူ့ပန်းကန်ထဲမှာ စားစရာမကုန်သေးပေမဲ့ ပန်ကိတ်ချိုချိုတွေက သူ့အကြိုက်မဟုတ်တာ အသိသာချည်းပဲမဟုတ်လား။ အမြွှာနှစ်ယောက်ထဲက လီရာက မျက်မှောင်ကြုတ်လိုက်ပြီး လော့ဒ်မာရှယ်ရဲ့လက်ကို ဖမ်းဆွဲလိုက်တယ်။
"ရှင်က ပါမောက္ခဖိုးဖိုးဘယ်သွားလဲဆိုတာ သိနေတာလား။"
လော့ဒ်မာရှယ်ကလည်း သူ့အကွက်ထဲဝင်လာပြီဆိုတဲ့ မျက်နှာထားမျိုးနဲ့ပြုံးလိုက်ပြီး ကောင်မလေးလက်ကို ဆွဲဖယ်လိုက်တယ်။ သူ့ကိုအဲဒီကောင်မလေးတွေ လာကိုင်တာကို မကြိုက်တဲ့ပုံစံမျိုး။
"ငါက သိတာထက်ကိုပိုပါတယ်။ မင်းတို့အနေနဲ့ အဖြစ်မှန်ကို သိချင်လား၊ ဒါမှမဟုတ် စမ်းသပ်ခန်းထဲက ကြွက်ကလေးတွေလိုပဲ သူများခိုင်းတဲ့အတိုင်း ဆက်လုပ်ချင်နေတုန်းပဲလားဆိုတာပဲ ဆုံးဖြတ်ဖို့လိုတာပါ။"
ကောင်မလေးနှစ်ယောက်က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီး ပြိုင်တူခေါင်းညိတ်လိုက်ကြတယ်။ အဲဲဒီနောက် သူတို့က လော့ဒ်မာရှယ်ဘက်ကို လှည့်ကြည့်လိုက်ကြပြီး ဆုံးဖြတ်ချက်ပြတ်သားတဲ့လေသံနဲ့ ပြောတယ်။
"ကျွန်မတို့သိချင်ပါတယ်။" လော့ဒ်မာရှယ်လည်း ပြုံးလိုက်ပြီး ခုံကနေထတယ်။ အဲဲဒီနောက် လက်ကိုလက်ကိုင်ပဝါနဲ့သုတ်လိုက်ပြီး စားသောက်ဆိုင်ထဲကနေ ဖြည်းဖြည်းချင်းလှမ်းထွက်ရင်း အမြွှာတွေကိုအခုလိုပြောပါတယ်။
"ငါ့နောက်က လိုက်ခဲ့ကြ။"
....
အမြွှာနှစ်ယောက်နဲ့အတူ လော့ဒ်မာရှယ်က မြစ်ကမ်းနားဘေးမှာရပ်နေတယ်။ သူက ခွဲစိတ်ခန်းသုံး မျက်နှာဖုံးတစ်ခုဝတ်ထားပြီးတာတောင်မှ ရွံရှာဟန်နဲ့ သူ့နှာခေါင်းကိုလက်နဲ့ကာထားသေးတယ်။
မြစ်ကမ်းဘေးမှာတော့ ရေဝင်ပြီးဖောင်းပွနေတဲ့ အလောင်းတစ်လောင်းရှိနေပါတယ်။ အလောင်းက ကိုယ်အင်္ဂါတောင်မစုံတော့ဘဲ လက်တွေခြေတွေကို ငါးတွေစားထားတယ်။ ဒါပေမဲ့ အမြွှာနှစ်ယောက်အတွက်တော့ အဲဒီသူကိုသေချာမှတ်မိနေကြတုန်းပဲ။
"ပါ... ပါမောက္ခဖိုးဖိုး။" လီနာက စိတ်မထိန်းနိုင်တော့ဘဲ သူ့ခေါင်းကို လီရာရဲ့ရင်ခွင်မှာအပ်ပြီး စတင်ငိုကြွေးတော့တယ်။ လီရာရဲ့မျက်လုံးတွေထဲမှာတော့ အရင်ကရှိမနေဖူးတဲ့ ခံစားချက်တစ်ခုရှိနေပြီး လက်ကိုကျစ်ကျစ်ပါအောက်ဆုပ်ထားတယ်။ လက်သည်းတွေက သူ့အသားထဲကို နစ်ဝင်နေတဲ့အတွက် သွေးတွေတောင် စီးကျလာနေပါပြီ။
"စစ်ပွဲနှင်းဆီက မင်းတို့အဲဲဒီနေ့ညက သူ့ဆီကထွက်လာပြီးပြီးချင်း သူ့ကိုသတ်ပစ်လိုက်တာပဲ။ ဘာကြောင့် သတ်ပစ်လိုက်လဲဆိုတာတော့ ငါလည်းမသိဘူး။ မင်းတို့ဘာသာဆုံးဖြတ်ကြပေါ့။" လော့ဒ်မာရှယ်ပြောလိုက်တယ်။
သူတို့ရှေ့က မြင်ကွင်းက သူတို့နှစ်ယောက်ရဲ့ကမ္ဘာကြီးတစ်ခုလုံး ပြိုလဲကျသွားသလိုခံစားရစေတယ်။ လီနာက ရှိုက်ကြီးတငင်ငိုကြွေးနေဆဲဖြစ်ပေမဲ့ လီရာရဲ့မျက်လုံးတွေထဲမှာတော့ အငြိုးအတေးတွေ စတင်အမြစ်တွယ်လာတယ်။ လော့ဒ်မာရှယ်ကတော့ ဒါကိုကြည့်ရင်း ပြုံးကာ ရှေ့ကိုတက်လာပါတယ်။ အဲဒီနောက် သူ့ခါးမှာချိတ်ထားတဲ့ ဘီယာပုလင်းကိုဖွင့်လိုက်ပြီး ရူးဒေါ့ဖ်ရဲ့အလောင်းပေါ်ကို လောင်းချလိုက်တယ်။
"အို၊ ချစ်မိတ်ဆွေကြီးရူးဒေါ့ဖ်။ ခင်ဗျားရဲ့စွမ်းရည်တွေနဲ့ ကျုပ်တို့အဖွဲ့အစည်းကို အကျိုးပြုခဲ့တဲ့အတွက် ခင်ဗျားကောင်းရာမွန်ရာရောက်မှာပါ။ ဘုရားသခင်ရဲ့ရင်ခွင်မှာ ထာဝရအိပ်စက်နားခိုနိုင်ပါစေ။" နောက်ဆုံးအနေနဲ့ လော့ဒ်မာရှယ်က ယမ်းမီးခြစ်ကိုထုတ်လိုက်ပြီး မီးခြစ်ဆံကိုမီးရှို့ကာ ရူးဒေါ့ဖ်ရဲ့အရက်တွေစိုရွဲနေတဲ့ အလောင်းပေါ်ကို ပစ်ချလိုက်တယ်။
အမြွှာနှစ်ယောက်ရှေ့မှာပဲ ရူးဒေါ့ဖ်ရဲ့ခန္ဓာကိုယ်ကို မီးတောက်တွေက စတင်ဝါးမျိုလာတယ်။ လီရာနဲ့လီနာတို့က ကောင်းကင်အထိမြင့်တက်လာတော့မယ်ထင်ရတဲ့ မီးတောက်တွေကိုကြည့်ရင်း ခံစားချက်တွေရောထွေးနေတယ်။
လီနာကတော့ အခုထိရှိုက်ငိုနေတုန်းဖြစ်ပေမဲ့ လီရာရဲ့မျက်လုံးတွေကတော့ ပိုပြီးတောက်ပနီရဲလာနေပါတယ်။ လော့ဒ်မာရှယ်ကတော့ သူ့တပည့်တွေကို လှမ်းခေါ်လိုက်တယ်။ ကြေးစားစစ်တပ်အဖွဲ့ဝင်တွေက ရူးဒေါ့ဖ်ရဲ့ခန္ဓာကိုယ် ဘာမှမရှိတော့တဲ့အထိ လောင်ကျွမ်းစေဖို့အတွက် ဓာတ်ဆီတွေလောင်းပြီး ကူညီပေးတယ်။
ရူးဒေါ့ဖ်ကို မီးရှို့သဂြိုဟ်ပေးပြီးတဲ့နောက် လီရာက လော့ဒ်မာရှယ်ကို မော့ကြည့်လိုက်တယ်။ လော့ဒ်မာရှယ်ကလည်း သူတို့နှစ်ယောက်ကိုပြုံးပြလိုက်လေရဲ့။
"အခုထိဘာလုပ်လို့လုပ်ရမှန်း မသိသေးဘူးလား။ ဟုတ်ပြီ၊ အခုလိုအခြေအနေမှာ ရွေးစရာနှစ်ခုရှိတယ်။"
လော့ဒ်မာရှယ်က လက်ချောင်းတစ်ချောင်းစထောင်ပြပြီး ရှင်းပြပါတယ်။ "ပထမတစ်ခုက ဘာမှမသိချင်ယောင်ဆောင်ပြီး စစ်ပွဲနှင်းဆီလက်အောက်မှာဆက်နေဖို့။ မင်းတို့စွမ်းအားနဲ့ဆိုရင် စစ်ပွဲနှင်းဆီက မင်းတို့ကို သေချာပေါက်ကောင်းကောင်းထားမှာပဲ။ မင်းတို့သူ့ဘက်မှာပါနေသ၍ သူ့အတွက်အကျိုးရှိတယ်လေ။"
လီနာရောလီရာရော ခေါင်းခါပြလိုက်ကြတယ်။ ရူးဒေါ့ဖ်မရှိတော့ကတည်းက စစ်ပွဲနှင်းဆီနဲ့သူတို့နှစ်ယောက်က ကမ္ဘာမကျေရန်သူတွေဖြစ်ပြီးကြပါပြီ။ ဘယ်သူက ကိုယ့်အဖေကိုသတ်လိုက်တဲ့ရန်သူနဲ့ တစ်မိုးအောက်မှာနေမှာလဲ။
"ဟဟ... သိပ်ကောင်းတယ်။ ဒါဆိုရင် တစ်နည်းပဲကျန်တော့တာပေါ့။ စစ်ပွဲနှင်းဆီကို အမဲဖျက်ဖို့လေ။"
လော့ဒ်မာရှယ်က လက်ခုပ်တီးလိုက်တယ်။ သူ့သစ္စာခံကြေးစားစစ်တပ်ခေါင်းဆောင်တွေက လက်နက်သေတ္တာတချို့ကိုယူလာပြီး အမြွှာနှစ်ယောက်ရှေ့မှာ ချလိုက်တယ်။
"ကြိုက်တာရွေးကြ၊ အကုန်လုံးက ပန်ဒိုရာဂီယာတွေချည်းပဲ။ ပြီးတာနဲ့ အဲဒီခွေးမကိုသွားသတ်ကြတာပေါ့။"
ပန်ဒိုရာဂီယာတွေက သုံးရခက်တဲ့ ဟီးရိုးအကူပစ္စည်းတွေအဖြစ် နာမည်ကြီးပါတယ်။ ဒဏ္ဍာရီလာမြူတန့်လက်နက်ပညာရှင်ပန်ဒိုရာတီထွင်ခဲ့တာဖြစ်ပြီး ရှေးဟောင်းမှော်လက်နက်တွေကို လေ့လာပြီးတီထွင်ခဲ့တာပါ။ မှော်လက်နက်တွေနဲ့တူညီတဲ့စွမ်းအားမျိုးမရှိပေမဲ့ အသုံးပြုသူရဲ့စွမ်းအားကိုစုပ်ယူပြီး သိပ်ကိုကြီးမားတဲ့အစွမ်းကို ထုတ်ပေးနိုင်ပါတယ်။ ဒါပေမဲ့စွမ်းအားကိုထိန်းချုပ်ရခက်လွန်းလို့ ဟီးရိုးတွေက ဒီလက်နက်တွေကို လူသတ်လက်နက်အဖြစ်မြင်ပြီး သိပ်မသုံးကြပါဘူး။ ပန်ဒိုရာကိုယ်တိုင်လည်း ဒီလက်နက်တွေထဲကတစ်ခုကြောင့် သေခဲ့ရတယ်။
စုစုပေါင်းလေးဆယ့်ကိုးလက်ပဲရှိတာဖြစ်ပြီး လော့ဒ်မာရှယ်က ငါးလက်ကိုထုတ်ပြလာတယ်။ ဒါကတင် သူ့ရဲ့ကြီးမားကျယ်ပြန့်တဲ့ ကွန်ယက်ကို ဖော်ပြနိုင်စွမ်းရှိပါတယ်။
....
အမြွှာနှစ်ယောက်က ကားပေါ်ကနေ ထပ်ဆင်းလိုက်ကြတယ်။ ဒါပေမဲ့ သူတို့ဝတ်ထားတဲ့ အဝတ်အစားတွေကတော့ ကွဲပြားသွားပါပြီ။ သူတို့နှစ်ယောက်လုံးက အနီရောင်နဲ့အပြာရောင် ဟီးရိုးတိုက်ပွဲကူချပ်ဝတ်တွေကို ဝတ်ဆင်ထားပြီး သူတို့ခါးတွေမှာတော့ ဓားတစ်ယောက်တစ်ချောင်းဆီ ချိတ်ထားတယ်။ နှစ်ယောက်လုံးက ဆံပင်ကိုစုချီထားပြီး သူတို့မျက်လုံးတွေက ကြယ်တွေလိုတောက်ပနေတယ်။
လော့ဒ်မာရှယ်ရဲ့စစ်တပ်တွေကလည်း သူတို့နောက်မှာပါလာတယ်။ အကုန်လုံးက Cအဆင့် ပလာဒင်နည်းပညာချပ်ဝတ်တွေကိုဝတ်ထားပြီး အင်အားအနေနဲ့တစ်ထောင်လောက်ရှိပါတယ်။ လော့ဒ်မာရှယ်ကတော့ အကောင်းဆုံးနည်းပညာချပ်ဝတ်ကိုဝတ်ထားပြီး စက်သေနတ်ကြီးကိုပခုံးပေါ်မှာထမ်းကာ အားလုံးရှေ့မှာရပ်နေပါတယ်။
"ကံကောင်းတာက ဌာနချုပ်မှာ အစောင့်တပ်သားနည်းနည်းပဲရှိတာပဲ။ ဒီတော့ ငါ့လူနည်းနည်းနဲ့တင် မင်းတို့နှစ်ယောက်ရဲ့သွေးကြေးကို ကူဆပ်ပေးလို့ရတယ်။" လော့ဒ်မာရှယ်က ဟန်လုပ်ပြီးပြောတာဖြစ်ပေမဲ့ အမြွှာနှစ်ယောက်ကတော့ သိပ်ပြီးဂရုမစိုက်ပါဘူး။ အဲဒီအစား ဓားရိုးပေါ်ကိုလက်တင်ပြီး စခန်းဆီကို ပြိုင်တူပြေးသွာကြတယ်။ လော့ဒ်မာရှယ်လည်း ခေါင်းညိတ်ပြီး သူ့တပ်သားတွေကို အမိန့်ပေးလိုက်တယ်။
"ချီတက်ကြ...." အဲဒီနောက်တော့ လော့ဒ်မာရှယ်ရဲ့တပ်တွေက ကြေးစားစစ်တပ်ဌာနချုပ်ဆီကို ပြေးဝင်လာကြတယ်။ ဌာနချုပ်အစောင့်တပ်ကလည်း သူတို့လိုပဲ ယူနီဖောင်းဝတ်ထားတဲ့ ကြေးစားတပ်သားတွေက သူတို့ကိုပြန်တိုက်ခိုက်နေတာကြောင့် တုန်လှုပ်ကုန်တယ်။
"ဘာတွေဖြစ်ကုန်တာလဲ၊ ဒီကောင်တွေ အဖွဲ့သားအချင်းချင်းပြန်ချတော့မလို့လား။"
ဌာနချုပ်အစောင့် အရာရှိတစ်ယောက်က ရှေ့ထွက်လာပြီး အံ့ဩစွာနဲ့ပြောလိုက်တယ်။ ဒါပေမဲ့ မကြာခင်မှာပဲ သူ့နဖူးအလယ်တည့်တည့်မှာ အစင်းကြောင်းတစ်ခုပေါ်လာပြီး သူ့ခန္ဓာကိုယ်က နှစ်ခြမ်းကွဲထွက်သွားတယ်။
သွေးတွေပတ်ဝန်းကျင်ကို ပြန့်နှံသွားပြီးတဲ့နောက်မှာ
အစောင့်တပ်သားတွေလည်း အသိဝင်ပြီး တရားခံရှာကြတယ်။ ဒါပေမဲ့ သိပ်ကြိုးစားစရာမလိုလိုက်ဘူး။ သူတို့ရှေ့မှာပဲ သတ္တုစပ်ဓားကိုကိုင်ထားတဲ့ အမြွှာနှစ်ယောက်က ရပ်နေတယ်။ လီရာက သူတို့ကိုဝိုင်းထားတဲ့ ကြေးစားတပ်သားတွေကိုကြည့်ပြီး လီနာပြောလိုက်တယ်။
"သတ်...." အဲဒီနောက်တော့ အမြွှာနှစ်ယောက်ရဲ့ဓားတွေက အကတစ်ခုလိုလှုပ်ရှားသွားပြီး ငွေအလင်းတွေ ထွက်ပေါ်လာတော့တယ်။
"အား...."
"ကယ်ကြပါ...." စက္ကန့်ပိုင်းအတွင်းမှာပဲ ဌာနချုပ်ရှေ့မှာ အလောင်းတွေပုံထပ်ကုန်ပါတယ်။ အမြွှာတွေကတော့ သွေးပင်လယ်ကြားထဲမှာ ကခုန်နေကြဆဲ။
"ပြေးကြ၊ ပြေးကြ။" ကြေးစားစစ်သည်တွေက အမြွှာနှစ်ယောက်ကို ရင်မဆိုင်ရဲတော့ဘဲ ထွက်ပြေးဖို့ကြိုးစားကြတယ်။ ဒါပေမဲ့ မြေပြင်ပေါ်ကသွေးတွေက အသက်ဝင်လာသလိုမျိုးလှုပ်ရှားလာပြီး သူတို့ကိုဖမ်းထားလိုက်တယ်။
လီရာက စိတ္တဇအပြုံးမျိုးနဲ့ပြုံးလိုက်ပြီး ထွက်ပြေးတဲ့သူတွေကို သူ့အနားပြန်ဆွဲယူလိုက်တယ်။ "နင်တို့မသိကြဘူးလား၊ သွေးထဲမှာလည်း ရေပါတယ်လေ။"
လီရာရဲ့စကားသံက ကြေးစားစစ်သားတွေအတွက်သေမိန့်ကျလာသလိုပဲ။ နောက်တော့ လီရာလက်ထဲကဓားက လှုပ်ရှားသွားပြီး ကြေးစားစစ်သည်တစ်ဒါဇင်လောက်ရဲ့ခေါင်းတွေ လေပေါ်မြောက်တက်လာပြီး အေးစက်စက်ကြမ်းပြင်ပေါ် ပြုတ်ကျသွားတော့တယ်။
....
ဌာနချုပ်ရဲ့အမိန့်ပေးစင်တာမှာတော့ စစ်ပွဲနှင်းဆီက မျက်မှောင်ကြုတ်ပြီး CCTVမှတ်တမ်းတွေကို ကြည့်နေပါတယ်။ အမြွှာနှစ်ယောက်ရဲ့သွေးစွန်းဓားအကကို သူတို့သေချာမြင်နိုင်တယ်။
ဌာနချုပ်မှာ တပ်သားသုံးထောင်ကျော်ပဲရှိတာ။ ဒါပေမဲ့ အဲဒီပမာဏကို နည်းတယ်လို့တော့ပြောလို့မရဘူး။ ရှိသမျှတပ်သားတိုင်းက သေရဲသတ်ရဲတဲ့လက်ရွေးစင်တွေဖြစ်ပြီး ကြေးစားဌာနချုပ်ဟာ ရုရှားစစ်မြေပြင်ရှေ့တန်းစခန်းတွေရဲ့နောက်မှာမလို့ရန်သူအလွယ်တကူတိုက်နိုင်တဲ့ နေရာမျိုးလည်းမဟုတ်ဘူး။ ဒါပေမဲ့ လော့ဒ်မာရှယ်က ရှေ့တန်းစခန်းတွေကို အင်အားသုံးဖြတ်လာစရာမလိုဘူးလေ။
ဂွမ်က စိုးရိမ်စွာနဲ့ပြောလိုက်တယ်။ "မာရှယ်၊ ကျွန်မတို့ဆုတ်ကြမလား။"
လောလောဆယ် သူတို့ဘက်က လော့ဒ်မာရှယ်ထက် တပ်သားအရေအတွက်မှာသာပေမဲ့ လော့ဒ်မာရှယ်မှာက S rankအဆင့်နှစ်ယောက်ရှိနေတယ်။ စစ်ပွဲနှင်းဆီက သာမန်ထောက်ပံရေးS rankမလို့ သူတို့ကိုယှဥ်လို့မရသေးဘူး။
"မဟုတ်ဘူး၊ ငါအခုနေဆုတ်ပြေးသွားရင် တခြားတပ်မှူးတွေက လော့ဒ်မာရှယ်ကို သူတို့ခေါင်းဆောင်အသစ်အဖြစ် လက်ခံလိမ့်မယ်။"
ကြေးစားစစ်တပ်မှာ စွမ်းအားကသာ အာဏာပါ။ စစ်ပွဲနှင်းဆီသာ အခုတိုက်ပွဲကိုရှုံးသွားရင် ကြေးစားစစ်တပ်အတွင်းက သူ့နေရာကိုပါ ဆုံးရှုံးလိုက်ရလိမ့်မယ်။ ဂွမ်ကတော့ စိုးရိမ်နေတာကို မရပ်နိုင်သေးဘူး။
"ဒါပေမဲ့၊ ကျွန်မတို့အင်အားချင်းတအားကွာနေပြီမဟုတ်လား။"
စစ်ပွဲနှင်းဆီက ဂွမ်ကိုခက်ကြမ်းကြမ်းတစ်ချက်ကြည့်လိုက်ပြီးနောက် ဂွမ်စကားသံတိတ်သွားတယ်။ စစ်ပွဲနှင်းဆီက ဒီတော့မှဆက်ပြောတယ်။
"အခုဌာနချုပ်မှာ တပ်မှူးဘယ်နှစ်ယောက်ရှိလဲ။"
"လေးယောက်ပါ၊ ဒါပေမဲ့ အင်အားကွာနေတာသိရင် သူတို့က မာရှယ်ကိုကူမှာမဟုတ်ဘူး။"
ဒါပေမဲ့ စစ်ပွဲနှင်းဆီက ပြုံးရုံလေးပြုံးပြီး အခုလိုအမိန့်ပေးလိုက်ပါတယ်။ "ဒါဖြင့် သူတို့တွေကို ဒီခေါ်ခဲ့လိုက်။ ဘာအကြောင်းပြချက်မှပေးတာ မလိုချင်ဘူးနော်။"
မကြာခင်မှာပဲ ကြေးစားစစ်တပ်ရဲ့SSအရာရှိစတိုင်ဝတ်စုံဝတ်ထားတဲ့ လူလေးယောက်အခန်းထဲဝင်လာကြတယ်။ ဒါပေမဲ့ သူတို့ပုံစံက အနှောင့်အယှက်ခံရလို့ စိတ်မကြည်ဖြစ်နေတဲ့ပုံစံမျိုးပါ။ ဂွမ်ပြောတဲ့အတိုင်းပဲ စစ်ပွဲနှင်းဆီကို နည်းနည်းလေးမှကူမယ့်ပုံမပေါ်ဘူး။
"စစ်ပွဲနှင်းဆီ၊ မင်းငါတို့ကိုခေါ်တာ ဘာကိစ္စလဲ။" သူတို့က တွေ့တွေ့ချင်းမှာပဲ မကြောက်တဲ့ပုံစံနဲ့ပွင့်ပွင့်လင်းလင်းပြောလာတယ်။
စစ်ပွဲနှင်းဆီကတော့ မျက်ခုံးပင့်ပြီး သူတို့ကိုကြည့်တယ်။ အမြောက်ဆန်တစ်ခုက ဌာနချုပ်အဆောက်အဦးကို လာမှန်တဲ့အတွက် စခန်းတစ်ခုလုံးတုန်ခါသွားပြီး မျက်နှာကျက်ကနေ ဖုန်တချို့ကျဆင်းလာတယ်။
"ရှင်တို့မမြင်ဘူးလား၊ ဌာနချုပ်ကို လော့ဒ်မာရှယ်သစ္စာဖောက်ပြီး လာတိုက်နေပြီလေ။ နည်းနည်းပါးပါး ခုခံဖို့လုပ်ကြပါလား။"
ဒါပေမဲ့ တပ်မှူးတွေက စစ်ပွဲနှင်းဆီရဲ့စကားကို ဟာသလိုပဲမြင်ကြတယ်။ သူတို့ထဲက ဆံပင်ဖြူတွေထိုးထိုးထောင်ထောင်နဲ့ လူလတ်ပိုင်းအရာရှိဆိုရင် ရယ်တောင်ရယ်လိုက်သေးတယ်။
"မာရှယ်ဟောင်းဖြစ်ခါနီးကြီးရဲ့၊ မင်းဘာသာမင်းရှာထားတဲ့ပြဿနာကြောင့် လော့ဒ်မာရှယ်က ဟိုကြွက်မလေးနှစ်ယောက်နဲ့ မင်းကိုလာတိုက်တာလေ။ ငါတို့နဲ့ဘာမှမဆိုင်ဘူး။ မသေချင်ရင် လက်နက်ချလိုက်လေ။ လွယ်လွယ်လေးပဲဥစ္စာ။"
ဂွမ်ပြောသလိုပဲ တပ်မှူးတွေက အမြွှာလေးတွေနဲ့စစ်ပွဲနှင်းဆီရဲ့ကိစ္စကို သိထားပြီးကြပုံပဲ။ သတင်းဖုံးဖို့ကြိုးစားခဲ့ပေမဲ့ လော့မာရှယ်က အကြောင်းစုံသိပြီးသားမလို့ သတင်းဖြန့်ပစ်ခဲ့ပုံပဲ။ စစ်ပွဲနှင်းဆီကတော့ အခုထိအပြုံးမysက်သေးဘူး။
"ဪ၊ ဒီတော့ရှင်တို့က ကျွန်မကိုမကူညီချင်ဘူးပေါ့လေ။" သူပြုံးလိုက်ပြီး သူတို့လေးယောက်ကို သေချာကြည့်လိုက်တယ်။ နောက်သူ့လက်ချောင်းလေးတွေကို လှုပ်ရှားလိုက်တယ်။ ငွေဖြူကြိုးတွေက လေထုထဲမှာတင်ပြန့်နှံသွားပြီး တပ်မှူးတွေရဲ့ခန္ဓာကိုယ်ကို ဖောက်ထွက်သွားတယ်။
"ရှင်တို့ဒီအခန်းထဲဝင်မလာခင်ကတည်းက ကျွန်မစွမ်းအားအကြောင်းကို ပြန်စဥ်းစားသင့်တာ။" တပ်မှူးတွေက စစ်ပွဲနှင်းဆီကျဆုံးတော့မယ်လို့တွေးပြီး သူ့ရဲ့မြူတန့်အစွမ်းကို ထည့်မတွက်ခဲ့ကြပုံပဲ။
ဂွမ်ကတော့ အခုထိတုန်လှုပ်နေတုန်းပဲ။ "ဒါပေမဲ့ သူတို့က A rankတွေပဲလေ။ သူတို့က ကြွက်မလေးတွေကို ထိန်းနိုင်ပါ့မလား။"
စစ်ပွဲနှင်းဆီက ဂွမ့်စကားကိုကြားတာတော့ ပြုံးလိုက်ပြီး သူ့အင်္ကျီအိတ်ထဲမှာ ဖွက်ယူထားတဲ့ ဆေးပုလင်းလေးတွေကို ထုတ်ပြီးပြောလိုက်ပါတယ်။ "ဒီအတွက်ငါပြင်ဆင်ထားပြီးသား။"
နောက်တော့ စစ်ပွဲနှင်းဆီက CCTVကို ထပ်ကြည့်လိုက်တယ်။ အမြွှာလေးနှစ်ယောက်က သူတို့နဲ့နီးလာနေပြီ။ သူတို့မှာအချိန်သိပ်မရတော့ဘူး။ သူက ဂွမ်ကိုကြည့်ပြီးပြောလိုက်ပါတယ်။ "ငါတို့အမြန်လုပ်ရအောင်။"
....
လီရာနဲ့လီနာက လမ်းမှာတွေ့သမျှအစောင့်တွေကို မညှာမတာဘဲ အကုန်သတ်ပစ်ခဲ့တယ်။ သူတို့ဓားတွေထဲမှာစီးဝင်နေတဲ့ မြူတန့်စွမ်းအားက သိပ်ကိုကြီးမားလွန်းလို့ ပလာဒင်ချပ်ဝတ်တွေတောင်မှ သာမန်စက္ကူစတွေလိုထင်ရတယ်။
သူတို့တွေတဖြည်းဖြည်းနဲ့ ဌာနချုပ်ရဲ့ထိန်းချုပ်ခန်းနဲ့နီးလာကြပြီ။ ထိန်းချုပ်ခန်းရှေ့ကိုရောက်တော့ အနည်းဆုံးရှစ်လက်မလောက်ထူတဲ့ စစ်သင်္ဘောသုံးသံချပ်ကာနဲ့ပြုလုပ်ထားတဲ့ ဧရာမတံခါးချက်ကြီးက ပိတ်ဆို့နေတာကို သူတို့မြင်လိုက်ရတယ်။ ဒီတံခါးတွေက အမြောက်နဲ့ပစ်ရင်တောင် ဖျက်ဆီးနိုင်ဖို့ခက်ပါတယ်။
"အတူလုပ်ကြတာပေါ့။" လီရာနဲ့လီနာက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး ဓားတွေကို ဆုပ်ကိုင်လိုက်တယ်။
ဒိန်း.... ဒိန်း.... ဒိန်း.....
အမြွှာတွေရဲ့သုံးချက်ဓားချက်က တံခါးပေါ်ကို ကျဆင်းသွားပြီးတဲ့နောက် သတ္တုစပ်တွေက တောင့်ခံမထားနိုင်တော့ဘဲ တစ်စစီပျက်စီးသွားတယ်။ သူတို့နှစ်ယောက်က ထိန်းချုပ်ခန်းထဲကို တစ်လှမ်းချင်းဝင်လာကြတယ်။
"ရောက်လာကြပြီပေါ့၊ ငါက နင်တို့နှစ်ယောက်ကို စောင့်နေတာ။" စစ်ပွဲနှင်းဆီက ရုံးသုံးစုံလည်ကုလားထိုင်ပေါ်မှာထိုင်နေရင်း သူတို့ကိုစိုက်ကြည့်နေတယ်။ စစ်ပွဲနှင်းဆီရဲ့နောက်မှာတော့ ဂွမ်ကခါတိုင်းလိုပဲ ရှိနေပြီး ထွက်ပြေးမယ့်ပုံမပေါ်ဘူး။ အရာရှိလေးယောက်ကတော့ စိတ်ဝိညာဥ်ကင်းမဲ့နေတဲ့ပုံစံမျိုးနဲ့ အခန်းထဲမှာရပ်နေကြလေရဲ့။