← Chapters

ပျောက်ဆုံးသွားသည့် အော်သံများ

Vol. 39 Ch. 533

ပျောက်ဆုံးသွားသည့် အော်သံများ

Vol. 39 Ch. 533

အာရုဏ်ဦး အင်ပါယာ ကြယ်တာရာ နယ်မြေ၊ အော်ရစ်ပင်လယ်ထက်၌…

အင်အားစု လေးခုမှာ သူတို့၏ ပါရမီ တပည့်လေးများ လောကနယ်မြေထဲမှ ပြန်လည် ထွက်အလာကို စောင့်ဆိုင်း နေကြဆဲ ဖြစ်သည်။ သူတို့ သိပ်၍ စိုးရိမ် ပူပန်ခြင်း မရှိကြချေ။ ယခုမှသာ သုံးနှစ် နီးပါးသာ ရှိသေးလေရာ ထို့ပိဟန် သတ်မှတ်ထားသည့် ဆယ်နှစ် သတ်မှတ်ချိန် ပြည့်ရန် ခုနစ်နှစ်ကျော် လိုနေသေးဆဲ ဖြစ်သည်။

လွန်ခဲ့သည့် နှစ်နှစ်ကျော် အတောအတွင်း သူတို့မှာ စိတ်အေးလက်အေးပင် အပန်းဖြေကာ အော်ရစ် ပင်လယ်၏ ထူးဆန်းသော ပတ်ဝန်းကျင်တွင် ကျင့်ကြံ နေခဲ့ကြသည်။ ခေါင်းဆောင်ကြီးများ အကြား၌ အပြန်အလှန် ဆက်သွယ်မှု မရှိသလောက်ပင် ဖြစ်သည်။ ပြင်ပလောက တစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်နေကာ များစွာသော နယ်မြေများမှာ အနန္တ ဧကရာဇ်ဂိုဏ်း၏ သိမ်းပိုက်မှုကို ခံနေရသည့်တိုင် ထိုအရာက သူတို့ အော်ရစ် ပင်လယ်မှ ထွက်ခွာရလောက်သည် အထိ မထိုက်တန်ပါချေ။

နှစ်နှစ်ကျော်ကြာ တစိုက်မတ်မတ် ကုသပြီးနောက်တွင် ချင်းရိုင်၏ ဒဏ်ရာများမှာ ပြန်လည် ကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။ အော်ရစ်ပင်လယ်၏ ထူးဆန်းသော ဆွဲငင်အားမှ လျဲ့ယုမှ ကယ်တင်ရန် အတွက် သူမမှာ ခွန်အားကို အလွန်အကျွံ သုံးခဲ့ရကာ နောက်ဆုံးတွင် ကျင့်ကြံခြင်း အခြေခံ ထိခိုက်သည် အထိ ဒဏ်ရာ ရခဲ့သည်။ သို့သော်လည်း ဝေ့ဝူယင်ကတော့ ထိုပြဿနာကို ချွေးတစ်စက်ပင် မထွက်ပဲ ရှင်းလင်းနိုင်ခဲ့သည်။

ထိုနှစ်များဆီက အဖြစ်အပျက်များကို ပြန်လည် တွေးမိတိုင်း လျဲ့ယုမှာ နောင်တရမှုများကို ခံစားနေရသည်။ မျှော်လင့်ချက် ကင်းမဲ့သော အခြေအနေတွင်ပင် သူမမှာ မာနတရားနှင့် ခေါင်းမာမှုများ အကြား ပိတ်မိနေခဲ့သည်။

ထိုအခိုက်၌ ချင်းရိုင်၏ မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်းနေကာ နှုတ်ခမ်းထက်တွင် ခါးသီးသည့် အပြုံးတစ်ခု ရှိနေခဲ့၏။ သူမ၏ စိတ်တစ်ခုလုံးက ညစ်ထေးမှုများနှင့် ပြည့်နှက်နေခဲ့သည်။  ထို့အပြင် မဆင်မခြင် လုပ်ရပ်များကြောင့် နှစ်ပေါင်း ရာနှင့်ချီ သိုဝှက်ထားသည့် သူမ၏ အသွင်အပြင်ကို တစ်ကမ္ဘာလုံး မြင်တွေ့သွားခဲ့ပြီး ဖြစ်သည်။ ထိုအခိုက်၌ မရေမတွက်နိုင်သည့် အကြည့်များက သူမ အပေါ်သို့ ကျရောက်နေကာ အကြီးအကဲ အချို့ ဆိုလျှင် သူမကို လျှို့ဝှက်ကာ ဆက်သွယ်ရန် ကြိုးပမ်းနေကြ၏။

ထို့ပိဟန်မှာ ချင်းရိုင်၏ စိတ်အခြေအနေကို သတိထားမိလိုက်ရာ သက်ပြင်းတစ်ချက် ချလိုက်၏။

“အဲဒါက မင်း ကိုယ်တိုင် လုပ်ခဲ့တဲ့ ရွေးချယ်မှုပဲလေ... တွေဝေ မနေနဲ့... အနာဂတ်ကိုပဲ ကြည့်”

သို့သော်လည်း ချင်းရိုင်၏ မျက်လုံးများက ဝမ်နည်းပူဆွေးမှုများဖြင့် သာ၍ပင် ပြည့်နှက်လာကာ အောက်နှုတ်ခမ်းကို ကိုက်လိုက်၏။

“ဘယ်အနာဂတ်ကိုလဲ...”

လောကသခင် တစ်ပါး ဖြစ်ရန် လိုအပ်ချက်များကို ထို့ပိဟန်အား သူမ မေးခဲ့ပြီး ဖြစ်သည်။ ထို့နောက် ရရှိလာခဲ့သော အဖြေက သူမ၏ အိပ်မက် အားလုံးကို ရိုက်ချိုးသွားခဲ့သည်။

ကွင်းခုနစ်ကွင်း ဝိညာဥ်ဆင်းတု၊ အာကာသ ပဲ့တင်သံလှိုင်း ခုနစ်ခု၊ မဲနယ်ရောင် မူလ အလင်း၊ နောက် အစွမ်းထက် ရည်ရွယ်ချက် တစ်ခု...

ကံဆိုးစွာပင် သူမ၏ ကျင့်ကြံခြင်း အခြေခံက ထိုသတ်မှတ်ချက်များနှင့် နီးပင် မနီးစပ်ချေ။ သူမတွင် ကွင်းငါးကွင်း ဝိညာဥ် ဆင်းတု၊ အာကာသ ပဲ့တင်သံလှိုင်း ခြောက်ခုနှင့် အစိမ်းရောင် မူလ အလင်းတို့သာ ရှိသည်။ ထို့အပြင် မည်သည့် အဆင့်မြင့် ရည်ရွယ်ချက်ကိုမှ သူမ နားလည်ထားခြင်း မရှိချေ။ ဘဝ တစ်လျှောက်လုံး သူမ နားလည်ထားသည့် ရည်ရွယ်ချက် ဟူ၍ အခြေခံ ဒြပ်စင် ရည်ရွယ်ချက် လေးခုသာ ရှိပေသည်။

အချို့သော နည်းလမ်းများမှာ ပိုမို မြင့်မားသော ကျင့်ကြံခြင်း အခြေခံနှင့် အစွမ်းထက် ရည်ရွယ်ချက်တို့ကို အာမခံနိုင်သော်လည်း သူမတွင် ဘာမှ မရှိပါချေ။ လက်ရှိ အခြေအနေဖြင့် လောကနယ်မြေ အဆင့် ကပ်ဘေးကို ဖြတ်ကျော်ပါက သူမ သေရမည်က ရာနှုန်းပြည့် သေချာသည်။ သူမ၏ ကျင့်ကြံခြင်းမှာ လမ်းဆုံးသွားခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင်မှာ ကံကြမ္မာကို ပြောင်းလဲနိုင်သည့် အခွင့်အရေး တစ်ခု သူမကို ပေးခဲ့သော်လည်း ထိုအခွင့်အရေးမှာ သူမ၏ ခေါင်းမာမှုကြောင့် ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

ထို့ပိဟန်မှာ ပင့်သက်တစ်ချက် ချလိုက်မိ၏။ သူက အများ၏ အမြင်တွင် ကြီးကျယ်ခမ်းနားသည့် လောကသခင် တစ်ပါး ဖြစ်သော်လည်း လက်တွေ့တွင်မူ ဝေ့ဝူယင်၏ လက်အောက်ငယ်သား တစ်ယောက်သာ ဖြစ်သည်။ ဝေ့ဝူယင်၏ ကိုယ်ပိုင် ဆုံးဖြတ်ချက်မှ လွဲ၍ ချင်းရိုင်၏ ကံကြမ္မာကို သူလည်း ပြောင်းလဲပေးနိုင်လိမ့်မည် မဟုတ်ပါချေ။

စိတ်မကောင်းစွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်မိစဥ်မှာပင် ရုတ်တရက် အမှောင် ဟင်းလင်းပြင်ကို မော့ကြည့်ရင်း သူ့ အမူအရာက ပြောင်းလဲသွား၏။ သူ တစ်ယောက်တည်းသာလျှင် မဟုတ်ပဲ စန်းအင်ပါယာကို ဝန်းရံထားသည့် မြူနှင်းများမှာ တစ်စုံတစ်ရာကို သတိထားမိဟန်နှင့် တုန်ရီသွားသည်။ သို့သော်လည်း သူ၏ တုန့်ပြန်မှုက ထို့ပိဟန်ထက် စက္ကန့်အနည်းငယ် နောက်ကျပေသည်။

ထိုအခိုက်တွင်ပင် ချင်းရိုင်မှာ ဝိညာဥ်အာရုံ ဆက်သွယ်မှု တစ်ခုကို ရုတ်ချည်း လက်ခံ ရရှိလိုက်၏။

“အော်ရစ်ပင်လယ်ကနေ ထွက်သွားတော့...”

ချင်းရိုင်မှာ အူကြောင်ကြောင် ဖြစ်သွားကာ မျက်မှောင်ကြုတ်လိုက်မိ၏။ ထိုအသံက ဝေ့ဝူယင်၏ အသံ မဟုတ်ပါလော။ သူမ ချက်ချင်းပင် ဟင်းလင်းပြင် ဂိတ်တံခါး အပါအဝင် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်မိ၏။ ထိုအသံက မည်သည့် နေရာမှ ရောက်ရှိလာသနည်း။

မသေချာ မရေရာမှုများမှာ သူမ၏ စိတ်ကို လွှမ်းခြုံလာ၏။ ထို့ပိဟန်ကို လှမ်းကြည့်လိုက်မိသော အခိုက်၌ တန်ပြန် မေးခွန်းထုတ်သည့် မျက်ဝန်းများကိုသာ သူမ မြင်လိုက်ရသည်။ တစ်ခဏမျှ စဥ်းစားပြီးနောက် ချင်းရိုင်က အံကို တင်းတင်းကြိတ်ကာ ထို့ပိဟန်ကို ဝိညာဥ်အာရုံဖြင့် ဆက်သွယ်လိုက်၏။

“ကျွန်မ ဝေ့ဝူယင်ဆီက ဝိညာဥ်ဆက်သွယ်မှု တစ်ခု ရလိုက်တယ်... သူက ထွက်သွားဖို့ ပြောနေတယ်”

ထို့ပိဟန်က ခေါင်းတစ်ချက် ညိတ်လိုက်ရင်း မျက်နှာထက်၌ တောက်ပသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။ ဝေ့ဝူယင်ထံမှ ဆက်သွယ်မှုကိုလည်း လက်ခံ ရရှိပြီး ဖြစ်သည်။ ချင်းရိုင်အား သူ စောင့်ဆိုင်းနေခဲ့ရသည့် အကြောင်းရင်းမှာ ဝေ့ဝူယင် ချင်ရိုင် အပေါ် ဂရုစိုက်၊ မစိုက် သိလိုခြင်းကြောင့် ဖြစ်သည်။ ယခု ဝေ့ဝူယင်က သူမကိုလည်း ဝိညာဥ်အာရုံဖြင့် ဆက်သွယ်ခဲ့ရာ ထိုအရာက မျှော်လင့်ချက် ရှိသေးသည်ဟု ဆိုလိုပေသည်။

ထို့ပိဟန်က ချက်ချင်းပင် အခြား အကြီးအကဲများကို ဆက်သွယ်ကာ အမိန့်ထုတ်ပြန်လိုက်၏။ ပထမ၌ အကြီးအကဲများမှာ နားမလည်နိုင်အောင် ဖြစ်သွားကြသေးသော်လည်း ဝေ့ဝူယင်ထံမှ တိုက်ရိုက် အမိန့်ဖြစ်ကြောင်း သိလိုက်ရသော အခိုက်၌ မည်သူမှ မေးခွန်း မထုတ်ကြတော့ချေ။

အနန္တ ဧကရာဇ်ဂိုဏ်း၏ အကြီးအကဲ အားလုံးကို တစ်နေရာတည်းတွင် စုစည်းပြီးနောက် ထို့ပိဟန်က အဂ္ဂိရတ် အစည်းအရုံးကိုပါ ဝိညာဥ်အာရုံနှင့် ဆက်သွယ်၍ သတင်းပေးလိုက်၏။ ပြီးသည်နှင့် သူက လက်တစ်ဖက်ကို ဝှေ့ယမ်း၍ ငွေရောင် အလင်းတန်း တစ်ခုကို လွှမ်းခြုံကာ အကြီးအကဲများနှင့် အတူ ထိုနေရာမှ အလျင်စလို ပျောက်ကွယ်သွားတော့သည်။

ချင်ကူးယွင်မှာ ထို့ပိဟန် ထွက်ခွာသွားသည်ကို နားမလည်နိုင်စွာ ကြည့်နေခဲ့မိ၏။ သူ တစ်စုံတစ်ရာ မဆုံးဖြတ်နိုင်ခင်မှာပင် စန်းအင်ပါယာမှာလည်း တမန်တော်များကို ငွေရောင် အလင်းဖြင့် ဝန်းရံကာ ထိုနေရာမှ ပျောက်ကွယ်သွားသည်ကို မြင်တွေ့လိုက်ရသည်။

“ငါတို့လည်း ထွက်ကြမယ်...”

ချင်ကူးယွင်မှာ ဆက်လက် တုန့်ဆိုင်းရဲခြင်း မရှိတော့ချေ။ သူက အကြီးအကဲများ အားလုံးကို အမိန့်ပေးကာ ယာယီ ဂိတ်တံခါးတစ်ခု တည်ဆောက်ရန် လောဆော်လိုက်တော့၏။ အော်ရစ်ပင်လယ်၏ ထူးဆန်းသော ပတ်ဝန်းကျင်မှာ ရေရှည် ဂိတ်တံခါးများအား တည်တံ့မှု မရှိအောင် ဖန်တီးထားသည်။ ထို့ကြောင့်ပင် ယာယီ ဂိတ်တံခါးများကိုသာ အသုံးပြုကြရသည်။

စက္ကန့်ပိုင်းမျှ အတွင်းမှာပင် အဂ္ဂိရတ် အစည်းအရုံး အဖွဲ့ဝင်များမှာ ယာယီ ဂိတ်တံခါးကို ဖန်တီးကာ ထိုနေရာမှ ထွက်ခွာသွားတော့၏။

ဒြပ်စင်ကောင်းကင် နန်တော်မှာ တစ်ဖွဲ့ပြီး တစ်ဖွဲ့ ထွက်ခွာသွားသည်ကို ကြည့်ကာ အူကြောင်ကြောင် ဖြစ်နေခဲ့၏။ ဘာတွေဖြစ်နေမှန်း မသိသော်လည်း လင်းယုရန်မှာ သတိကြီးပြီး အတွေးအခေါ် မြန်ဆန်သည့် ခေါင်းဆောင် တစ်ဦး ဖြစ်သည်။ သူမက ချက်ချင်းပင် အားလုံးကို ထိုနေရာမှ ထွက်ခွာရန် အမိန့်ပေးလိုက်၏။

သူတို့ ယာယီ ဂိတ်တံခါးကို တည်ဆောက်ပြီးလုပြီးဆဲ အခြေအနေမှာပင် ရုတ်တရက် အော်ရစ် ပင်လယ်၏ လေထုအခြေအနေမှာ ပို၍ တင်းမာလာ၏။ ပြင်းထန်သော အရှိန်ဖြင့် ဂိတ်တံခါးမှာ ပေါက်ကွဲသွားသည်။ မျက်တောင်တစ်ခပ်စာ အတွင်းမှာပင် ပတ်ဝန်းကျင် တစ်ခုလုံးမှာ ပရမ်းပတာ အခြေအနေသို့ ကျရောက်သွားကာ ထူးဆန်းသော အလင်းတန်းတို့ဖြင့် ပြည့်နှက်သွားခဲ့တော့၏။

ထိုအခိုက်တွင်ပင် ပြင်းထန်သော အသံများမှာ အော်ရစ်ပင်လယ်ကို ပဲ့တင်ရိုက်ကာ ထွက်ပေါ်လာခဲ့တော့၏။

“ဟီး... ဟီး... ဟီး...”

“ဝူး... ဝူး... ဝူး...”

“ဟား... ဟား... ဟား...”

နဂါးတို့၏ အော်ဟစ်သံများတွင် ဝမ်းနည်း ပူဆွေးမှုများ၊ အဆုံးမဲ့ နာကျင်ခြင်းများ အမြစ်တွယ်နေခြင်း မရှိတော့။ ပြင်းပြသော စိတ်လှုပ်ရှားမှုတို့နှင့်သာ ပြည့်နှက်နေခဲ့တော့၏။

...

ဝေ့ဝူယင်မှာ အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးကို သယ်ဆောင်ကာ ဟင်းလင်းပြင်ကို ဖြတ်သန်း ပျံသန်းရန် အားကုန်သုံးနေရရာ နဖူးထက်၌ သွေးကြောများပင် ထောင်ထနေ၏။ သူ၏ ခြေလက်များမှာ ပျက်သုဥ်းခြင်း နယ်မြေ အတွင်း နစ်ဝင်နေကာ အတောင်ပံများမှာ အဆုံးစွန်သော ခွန်အားနှင့် အတူ ဖြည်းညင်းစွာ ခတ်နေခဲ့၏။ သုံးဆယ့်နှစ် စင်တီမီတာ အရွယ်အစား ရှိသည့် ကြယ်တာရာ အမြုတေ လေးခုမှာ တောက်ပစွာ လင်းလက်နေကာ ဘုရင်၊ အိုရီနှင့် ဧဒင်တို့မှာ သူတို့၏ ကြယ်တာရာ အင်အားများကို ခရာတိုထံသို့ ပေးပို့ နေကြ၏။

ကံ‌ကောင်းထောက်မစွာပင် နဂါးအသွင် ပြောင်းလဲထားသည့် ဝေ့ဝူယင်၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားမှာ အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးနှင့် ၎င်း၏ အပေါ်ရှိ ဖြစ်တည်မှုတိုင်းကို သယ်ဆောင်ရန် လုံလောက်သည့် အပြင် သူ ပိုင်ဆိုင်ထားသည့် ကြယ်တာရာ အင်အားမှာလည်း ကုန်းမြေတိုက်ကြီး တစ်ခုလုံးကို အကြိမ်ပေါင်း ရာချီ ဖုံးအုပ်ရန်ပင် လုံလောက်ပေသည်။

ထိုဖြစ်စဥ်တစ်ခုလုံးတွင် ဝေ့ဝူယင် အတွက် အခက်ခဲဆုံး စိန်ခေါ်မှုက ကုန်းမြေတိုက်ကြီးကို ရွှေ့နေစဥ် လေထု အခြေအနေကို ပြိုကွဲ မသွားအောင် ထိန်းသိမ်းရခြင်း ဖြစ်သည်။ ထို့အပြင်... လူအများ အမှောင်ထု အတွင်း ကျရောက်မသွားစေရန် အတွက် အတောင်ပံများမှ အလင်း စွမ်းအင်များကိုပင် သူ ထုတ်လွှတ်ပေးရ‌သေးသည်။

ကုန်းမြေတိုက်ကြီး ပေါ်ရှိ မှီတင်း နေထိုင်သူများမှာ ကောင်းကင်ကို အုပ်မိုးထားသည့် ကြီးမားသော အကြေးခွံကြီးများကို မော့ကြည့်ရင်း အံ့ဩ အထွေထွေ ဖြစ်နေကြ၏။ ထိုထူးဆန်းသော ဖြစ်တည်မှုကြီးမှာ ကောင်းကင်ပြိုခြင်းကို ကာဆီးကာ သူတို့ကို ဘေးကင်းသည့် နေရာတစ်ခုသို့ ခေါ်ဆောင် သွားနေပုံ ပေါ်သည်။

မရေမတွက်နိုင်သည့် လူသားနှင့် အယ်ဗန်မျိုးနွယ်များမှာ ကောင်းကင်ကို မော့ကြည့်ကာ ၎င်းက မည်သို့သော ဖြစ်တည်မှု ဖြစ်ကြောင်း ဆွေးနွေးနေကြ၏။ ထိုအထဲတွင် ချင်ချူးမူ၏ ပေါင်ပေါ်တွင် ထိုင်နေသည့် အယ်ဗန်မျိုးနွယ် ကလေးမလေးလည်း တစ်ယောက် အပါအဝင် ဖြစ်သည်။

"အဲ့ဒါက မမချင်ရဲ့ သူငယ်ချင်းလား…"

မိန်းကလေးက အပြစ်ကင်းစင်သော မျက်ဝန်းလေးများဖြင့် ချင်ချူးမူကို ကြည့်ရင်း မေးလိုက်၏။

ချင်ချူးမူမှာ ကောင်းကင်ကို ငေးမောကာ မှင်သက် မှင်သက်နေမိဆဲ ဖြစ်သည်။ စောစောက သူမ ပြောခဲ့သည့် စကားများမှာ သည်အတိုင်း စိတ်သက်သာရာ ရလိုရငြား ပြောခဲ့ခြင်းသာ ဖြစ်သည်။ ကောင်းကင်ပြိုမည့်ဘေးမှ အမှန်တကယ်ကြီး လွတ်ကင်းရလိမ့်မည်ဟု မျှော်လင့် မထားခဲ့ရိုး အမှန်ပင် ဖြစ်သည်။

"တကယ်ပဲ သူလား…"

ထိုမေးခွန်း၏ အဖြေကို သူမ ကိုယ်တိုင် ရေရေရာရာ မသိသည့်တိုင် ငွေရောင် အကြေးခွံများမှ ရင်းနှီးသည့် အော်ရာကို ချင်ချူးမူ ခံစား၍ ရနေခဲ့သည်။ အသက်ရှူလိုက်တိုင်း၊ မိနစ်တိုင်း၊ စက္ကန့်တိုင်း၌ ဝေ့ဝူယင်မှာ သူမ နံဘေး၌ ရှိနေခဲ့သယောင်ပင်။

အံ့အားသင့်စွာဖြင့် ငွေရောင် အကြေးခွံများကို ကြည့်နေစဉ်မှာပင် ရုတ်တရက် အတွေး တစ်ခုက သူမ၏ အာရုံအတွင်း ဝင်ရောက် လာ၏။ ထိုအရာကြီးက အတောင်ပံ တစ်စုံ မဟုတ်ပါလော။ ဤသို့ဆိုလျှင် ဝေ့ဝူယင်မှာ…။

အပိုင်းအစများကို ဆက်စပ်မိသည်နှင့် ချက်ချင်းပင် ချင်ချူးမူ၏ မျက်လုံးများက မြစိမ်းရောင် အလင်းများဖြင့် တဖျပ်ဖျပ် တောက်ပသွားခဲ့တော့၏။

"ဟုတ်တယ်… သူပဲ… သူက အရမ်းတော်တယ် မလား"

သူမက အယ်ဗန်မလေးကို ခပ်ဖွဖွ ဖက်ကာ ပြုံးရင်း ပြောလိုက်၏။ မိန်းမငယ်လေးက စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်လိုက်သည်။

"အရမ်းတော်တယ်…"

***

All Chapters