← Chapters

ငါတို့ ရောက်ပြီ

Vol. 39 Ch. 534

ငါတို့ ရောက်ပြီ

Vol. 39 Ch. 534

အမှောင် ဟင်းလင်းပြင် တစ်နေရာ၌ ဝေ့ဝူယင်မှာ မိုင်သန်းနှင့်ချီ ကျယ်ပြန့်သည့် နယ်မြေကြီးကို သယ်ဆောင်ရင်း အတောင်ပံ နှစ်ဖက်ကို ဖြည်းညင်းစွာ ခတ်ကာ ပျံသန်းနေခဲ့၏။

"မင်းရဲ့ လုပ်ရပ်က တော်တော်လေး အန္တရာယ်များတာပဲကွ… ငါလို အဘိုးကြီးကိုတောင် ရင်ခုန်အောင် လုပ်နိုင်တယ်"

ဝမ်ယုထျန်းက ရယ်မောရင်း ပြောလိုက်သည်။ ဝေ့ဝူယင် အပေါ် သူ ဘယ်တုန်းကမှ မစိုးရိမ် ခဲ့သော်လည်း ယခုလို စွမ်းဆောင်မှုမျိုးကတော့ တကယ် အံ့အားသင့်စရာ ကောင်းလွန်းသည်။ ပို၍ အံ့အားသင့်စရာ ကောင်းသည့် အချက်က ကြယ်တာရာ သခင်များပင် မတတ်နိုင်သည့် အရာကို ဝေ့ဝူယင်က အလင်းပြန်ခြင်း အဆင့်ဖြင့် လုပ်ဆောင်ပြခဲ့ခြင်း ဖြစ်သည်။

ကုန်းမြေတိုက်ကြီး တစ်ခုကို ဖျက်ဆီးရသည်မှာ မခက်ခဲသော်လည်း ရွှေ့ပြောင်းရသည်က အလွန့် အလွန်ကို ခက်ခဲသည်။ ပြောရလျှင် ဖန်တီးရသည်ထက်ပင် သာ၍ ခက်ခဲသေးသည်။ နေရာ ချထားရန် သင့်တော်မည့် နေရာတစ်ခုကို ကြိုတင် ရှာဖွေ ထားရန် လိုအပ်သလို ရွှေ့ပြောင်းနေသည့် အတောအတွင်း ထိခိုက် ပျက်စီးမှုများ မကြီးမားစေရန် ကြယ်တာရာ အင်အားနှင့် စွမ်းအင်ကို အချိုးကျကျ အသုံးပြုရန်လည်း လိုအပ်သေးသည်။

"အားလုံးက အစီအစဉ် အတိုင်းပါပဲဗျာ…"

ဝေ့ဝူယင်က တည်ငြိမ်စွာပင် ပြန်လည် ပြောလိုက်၏။

"အစီအစဉ်အတိုင်း…"

ဝမ်ယုထျန်း၏ ဝိညာဉ် အသွင်မှာ ဖြူရော်စွာဖြင့် ပြုံးလိုက်မိ၏။ ဤသို့ဆိုလျှင် ထိုလူငယ်မှာ ပထမဆုံးနေ့တည်းက လောကနယ်မြေ၏ အမြုတေကို ဖျက်ဆီး၍ ကုန်းမြေတိုက်ကြီးအား နေရာရွှေ့ပြောင်းရန် စီစဥ်နေခဲ့သည်လား။ ထိုအရာက ကြောက်မက်ဖွယ် ကောင်းသည့် ယုံကြည်မှု အဆင့်မျိုးပင်။

“တကယ်လို့ ဒီအစီအစဥ်က အလုပ်မဖြစ်ဘူး ဆိုရင် မင်း ဘာလုပ်မလဲ...”

ဝမ်ယုထျန်းမှာ သိချင်စိတ်ကို ထိန်းမထားနိုင်လေရာ မေးလိုက်မိ၏။  လွန်ခဲ့သည့် နှစ်နှစ်ကျော်ခန့် အတောအတွင်း လေ့လာခဲ့ရသလောက် ဝေ့ဝူယင်မှာ အရာအားလုံးကို ကြိုတင်တွက်ချက်ထားပုံ ပေါ်သည်။ မြို့တစ်မြို့ကို ပြန်ပေးဆွဲခြင်းမှ အစ တော်ဝင် ကလေးငယ်များကို ဖြုတ်ချကာ ရွေးချယ်ခံ တစ်ယောက် ဖြစ်လာသည် အထိ သူက အားလုံးကို နိုင်နင်းစွာ ကိုင်တွယ်နိုင်ခဲ့သည်။ အကယ်၍ လျှို့ဝှက် အာဏာရှင် တစ်ယောက်သာ ဝင်ရောက် မစွက်ဖက်ပါက ဝေ့ဝူယင်မှာ ပြီးပြည့်စုံသည့် စမ်းသပ်ပွဲ လမ်းကြောင်းတွင် တစ်ကိုယ်တည်းပင် ပြေးနိုင်လိမ့်မည် ဖြစ်သည်။ ကြောက်မက်ဖွယ်ကောင်းသည့် အရာတစ်ခုကို ထပ်ပေါင်း ဖော်ပြရလျှင် သူက ဒြပ်စင်နှလုံးသား ရည်ရွယ်ချက်ကို နားလည်ခဲ့သည်။ အကယ်၍ သူသာ အစစ်အမှန် ဒြပ်စင်ဂိုဏ်း အတွင်း ဝင်ရောက်ပါက သူ၏ အနာဂတ်က လျှို့ဝှက် အာဏာရှင် အဆင့် အစောပိုင်း အဆင့်များထက်ပင် ပိုမို တောက်ပနိုင်မှာ သေချာသည်။

“နောက်ထပ် အစီအစဥ်လား...”

ဝေ့ဝူယင်က ဖြူရော်စွာ ပြုံးလိုက်၏။

“မင်းမှာ မရှိဘူးလား...”

ဝမ်ယုထျန်းမှာ အံ့အားသင့်သွားခဲ့သည်။ ထိုအရာက ဝေ့ဝူယင်နှင့် မတူချေ။ ဝေ့ဝူယင်က ခေါင်းကို ခါရင်း အတောင်ပံများကို ဖြည်းညင်းစွာ ခတ်ကာ လမ်းကြောင်းကို အနည်းငယ် ပြောင်းလဲ လိုက်၏။

“ကျုပ်မှာ အခြား အစီအစဥ်တွေ အများကြီး ရှိပါတယ်.... အဲဒါက ကျုပ်ရဲ့ အလေ့အကျင့်ပဲ... ဒါပေမဲ့ ဒီတစ်ခုက လွဲလို့ ဘယ်အစီအစဥ်ကမှ အစွန်းလေးဖက် ကုန်းမြေတိုက်ကြီး မပျက်စီးပါဘူးလို့ အာမ မခံနိုင်ဘူး...  အကျိုးဆက် အနေနဲ့ ကျုပ်က လွဲရင် အားလုံး သေချင်လည်း သေသွားနိုင်တယ်လေ... ကျုပ် အဲဒီ အစီအစဥ်တွေ အကြောင်း ပြန်မတွေးချင်တော့ဘူး”

ဝေ့ဝူယင်က ပြောလိုက်ရင်း အစွန်းလေးဖက် ကုန်းမြေတိုက်ကြီး ပေါ်ရှိ သက်ရှိများ၏ အသက်များကို ထိန်းသိမ်းရန် အတွက် စွမ်းအင်များကို ထပ်မံ ထုတ်လွှတ်လိုက်သည်။

ဝမ်ယုထျန်းမှာ တိတ်ဆိတ်နေ၏။ သို့သော်လည်း သူ စိတ်ထဲမှ ခေါင်းညိတ်ကာ တုန့်ပြန် နေမိသည်။ လောက အမြုတေ တစ်ခု ပေါက်ကွဲခြင်းမှာ နက္ခတ္တဗေဒ ဖြစ်စဥ်တစ်ခု ဖြစ်သည့် ကြယ်အစုအဝေး ပေါက်ကွဲခြင်းနှင့် ဆင်တူသည်။ သန်းထောင်နှင့်ချီသော လူများ မဆိုထားနှင့် ကိုယ်နှင့် အရင်းနှီးဆုံး လူများကိုပင် ကယ်တင်ရန် ခက်ခဲလွန်းလှသည်။

“ကျုပ်ရဲ့ ဒုတိယ အစီအစဥ်က လွဲလို့ ပေါ့လေ...”

ကုန်းမြေတနိက်ကြီးပေါ်ရှိ သက်ရှိများ အတွက် စွမ်းအင်များကို လုံလောက်အောင် ထုတ်လွှတ်ပြီးနောက်တွင် ဝေ့ဝူယင်က ပြုံးရင်း စကားဆက်လိုက်သည်။

“ဟမ်...”

ဝမ်ယုထျန်းမှာ နားမလည်နိုင်အောင် ဖြစ်သွားခဲ့၏။

“တကယ်လို့ ဒီအစီအစဥ် အလုပ်မဖြစ်ခဲ့ဘူး ဆိုရင်... ကျုပ် ကိုယ်တိုင်ကလည်း ကိုယ့်ကိုယ်ကို စတေးဖို့ ဆန္ဒရှိတယ် ဆိုရင် ဆေဘာကို ကိုင်ပြီး ကောင်းကင်ပြိုတာကို ရင်ဆိုင်ရုံပဲပေါ့...”

ဝေ့ဝူယင်က ရှင်းပြလိုက်သည်။

"ဖျက်းဆီးခြင်း စွမ်းအင်တွေကို မင်းက ဆေဘာနဲ့ ရင်ဆိုင်ဖို့ ကြိုးစားမှာလား”

ဝမ်ယုထျန်းမှာ မယုံကြည်နိုင်အောင် ဖြစ်သွားခဲ့၏။

ဝေ့ဝူယင်က ခေါင်းညိတ်လိုက်သည်။

“ဓားချက် တစ်ချက်က အလုပ် မဖြစ်ဘူး ဆိုရင် နှစ်ချက်... နှစ်ချက်က အလုပ်မဖြစ်ဘူးဆိုရင် သုံးချက်ပေါ့... အဲဒါကို အဆုံးမသတ်နိုင် မချင်း ကျုပ် ဆက်ခုတ်နေမှာပဲ”

“ ... “

ဝမ်ယုထျန်းမှာ ဆွံ့အသွားခဲ့၏။ ကြယ်ပေါက်ကွဲမှု တစ်ခုကို ဆေဘာတစ်ဖက်ဖြင့် ရင်ဆိုင်ရန် အသင့်ဖြစ်နေခြင်းကား သေမျိုးများ တွေးပင် မတွေးရဲသည့် ယုံကြည်ချက် အဆင့်မျိုး ဖြစ်သည်။ သို့သော်လည်း ဝေ့ဝူယင်ကတော့ တစ်ချက်ပင် တုန့်ဆိုင်းခြင်း မရှိပဲ ထိုစကားများကို ပြောဆိုခဲ့သည်။ ထိုကဲ့သို့ ပြင်းပြသည့် စိတ်စွမ်းအားမျိုးကို အနေဖြင့် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သည့် အတောအတွင်း သေမျိုး တစ်ယောက်ထံမှ သူ ပထမဆုံး အကြိမ် တွေ့မြင်ဖူးခြင်း ဖြစ်သည်။

သူတို့ နှစ်ယောက် အကြားတွင် မိနစ်ပေါင်း များစွာ တိတ်ဆိတ်ပြီးနောက် ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများမှာ တောက်ပသော အလင်းရောင်များဖြင့် ပြည့်နှက် သွားခဲ့၏။ ပင်ပန်းနွမ်းနယ်နေသော်လည်း သူက စိတ်လှုပ်ရှားသော အပြုံးနှင့် ကြေညာလိုက်သည်။

“ငါတို့ ရောက်ပြီ...”

စကားအဆုံး၌ သူ့ခန္ဓာကိုယ် တစ်ခုလုံးမှာ တုန်ရီလာကာ အတောင်ပံများမှာ ငွေရောင် အလင်းများ အဖြစ် ပေါက်ကွဲကာ ပျောက်ကွယ် သွားတော့၏။ ထို့နောက် ၎င်းတို့က မူလ ရှစ်မီတာ အရွယ်အစား အဖြစ် ပြန်လည် ပေါ်လာကြကာ မောပမ်းနွမ်းနယ်နေသည့် အလား လျှင်မြန်စွာပင် ကျောရိုးများထဲသို့ ပြန်လည် တိုး ဝင်သွားခဲ့တော့သည်။

...

အားနည်းမှုနှင့် ပင်ပန်း နွမ်းနယ်မှုလှိုင်းများမှာ ဝေ့ဝူယင်၏ တစ်ကိုယ်လုံးကို ပြင်းထန်စွာ ပျံ့နှံ့နေ၏။ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို အကန့်အသတ်အထိ ရောက်အောင် အသုံးပြုပြီးနောက်တွင် သူ၏ သွေးမျိုးဆက် ရင်းမြစ်မှာ နောက်တစ်ကြိမ် ထပ်မံ ထိခိုက်သွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ကံကောင်းထောက်မစွာပင် ပြန်လည် ဖြည့်တင်းရန်  သူ့တွင် လုံလောက်သော နဂါးသွေး စွမ်းအင်များ ရှိပေသည်။

ဝေ့ဝူယင် အသက်ကို လေးပင်စွာ ရှူထုတ်လိုက်မိ၏။ အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးမှာ  တကယ်တမ်းတွင် အလွန် ကြီးမားသည့် ကုန်းမြေထုကြီး တစ်ခုသာ ဖြစ်သည်။ ကိုယ်ပိုင် အမြုတေနှင့် လည်ပတ်နေသည့် ကမ္ဘာပြား တစ်ခု မဟုတ်ချေ။ ထို့ကြောင့်ပင် ဝမ်ယုထျန်းမှာ ၎င်းကို ကုန်းမြေထု ဟုသာ အစဥ်အမြဲ ရည်ညွှန်း သုံးနှုန်းခဲ့ခြင်း ဖြစ်သည်။

ရှင်းရှင်းပြောရလျှင် ၎င်းမှာ မိုင်ပေါင်း သန်းချီ ကျယ်ဝန်းသည့် ကျောက်တုံးကြီး တစ်ခု ဖြစ်သည်။ လောကနယ်မြေ၏ အမြုတေနှင့် အမျိုးမျိုးသော ဝင်္ကပါများက ထိုကျောက်တုံးကြီးကို ကုန်းမြေတိုက်ကြီး တစ်ခု ဖြစ်အောင် ဖန်တီးထားခြင်းသာ ဖြစ်သည်။ ယခု၌ လောကနယ်မြေ၏ အမြုတေ မရှိတော့လေရာ ၎င်းမှာ သာမန် ကုန်းမြေထုကြီး တစ်ခု ပြန်ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

သို့ဖြစ်လေရာ ဝေ့ဝူယင် အနေဖြင့် ၎င်းကို ကုန်းမြေတိုက်ကြီး တစ်ခု အဖြစ် ဆက်လက် ထိန်းသိမ်းပေးနိုင်သည့် ပတ်ဝန်းကျင်မျိုးတွင် နေရာချပေးရန် လိုအပ်သည်။ ထို့အပြင် ငလျင် ကဲ့သို့သော ကပ်ဘေးများနှင့် ထိခိုက် ပျက်စီးမှုများ မဖြစ်ပေါ်စေရန် အတွက် နေရာချထားမည့် နေရာမှာ ကုန်းမြေထု မဖြစ်ရန်လည်း လိုအပ်သည်။ အကောင်းဆုံးသော ရွေးချယ်မှုက ငါးနှင့် အခြား ရေနေ သတ္တဝါများမှ လွဲ၍ သက်ရှိ နေထိုင်မှုများ မရှိသည့် ပင်လယ် သမုဒ္ဒရာ ‌ရေထုသာလျှင် ဖြစ်သည်။

ဝူယုဂြိုဟ်...

ကျွင်းနာဂြိုဟ် ကဲ့သို့ပင် ဝူယုဂြိုဟ်မှာလည်း တောရိုင်း တိရစ္ဆာန်များ ကျက်စား နေထိုင်သည့် နေရာ တစ်ခုပင် ဖြစ်သည်။ မည်သည့် ကျင့်ကြံမှု အဖွဲ့အစည်းမှ မရှိပါချေ။ ထို့အပြင် ဂြိုဟ်ကြီး၏ ရှစ်ဆယ် ရာခိုင်နှုန်းခန့်ကို ရေထုက လွှမ်းခြုံထားသည်။  အကယ်၍ အစွန်းလေးဖက် ကုန်းမြေထုကြီးကို ထိုရေပြင်ကျယ်ကြီးပေါ်သို့ ဂရုတစိုက် နေရာချထားမည်ဆိုပါက မည်သည့် ကပ်ဘေးနှင့် ပျက်စီးမှုကို မဆို ရှောင်တိမ်းနိုင်လိမ့်မည် ဖြစ်သည်။ ဂြိုဟ်ပေါ်ရှိ ရေနေ သတ္တဝါများ အနည်းနှင့် အများ ထိခိုက်နိုင်သည် ဆိုသော်လည်း ဘီလျံနှင့် ချီသော အသက်များကို ကယ်တင်နိုင်မည် ဖြစ်လေရာ ထိုအရာက ထိုက်တန်ပေသည်။

ဗွမ်း...

ကုန်းမြေထုကြီးမှာ ညင်သာစွာပင် ဝူယုဂြိုဟ်ကြီး၏ ရေမျက်နှာပြင်ပေါ်သို့ ကျဆင်းသွား၏။ အနည်းငယ် ယိမ်းနွဲ့ လှိုင်းခတ်မှု အပြီးတွင် ၎င်းမှာ ပြီးပြည့်စုံစွာပင် ဝူယုဂြိုဟ်နှင့် အံဝင်ခွင်ကျ ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင်မှာ တာဝန်ကြီး ပြီးမြောက်သွားပြီ ဖြစ်လေရာ အသက်ကို ပြင်းပြစွာ ရှူသွင်းလိုက်မိ၏။ သူ၏ ‌လောကပင်လယ် လေးခုလုံးမှာ ခမ်းခြောက်နေခဲ့ပြီ ဖြစ်ကာ ပင်ပန်း နွမ်းနယ်မှု လှိုင်းများမှာ သူ့တစ်ကိုယ်လုံးကို ပျံ့နှံ့ နေခဲ့၏။ သို့သော်လည်း သူ့လက်ရှိ အခြေအနေက မဆိုးဟု ဆိုနိုင်ပေသည်။ အချိန်တစ်ခုယူကာ ပြန်လည် ကုစားလိုက်သည်နှင့် အထွတ်အထိပ် အခြေအနေကို လျှင်မြန်စွာပင် ပြန်လည် ရောက်ရှိနိုင်ပေသည်။

ခြေလက်များကို မြေကြီး အတွင်းမှ ပြန်လည် ဆွဲထုတ်ရင်း ဝေ့ဝူယင် ကောင်းကင်ကို မော့ကြည့်လိုက်၏။ နေသုံးစင်းမှာ အလွန် တောက်ပစွာ ထွန်းလင်းနေချေသည်။ သုံးနှစ်ခန့် ကြာပြီးနောက်တွင် မွေးရပ်မြေကို သူ တရားဝင် ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ တောက်ပစွာ ပြုံးလိုက်ရင်း ဝေ့ဝူယင် မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်၏။  ထိုအခိုက်အတန့်လေးကို သူ တန်ဖိုးထား ပျော်ရွှင်ချင်ပေသည်။

“ဝေ့ဝူယင်...”

ရုတ်တရက် ဝမ်ယုထျန်းက ခေါ်လိုက်၏။

“ ...”

ဝေ့ဝူယင် သူ့ကို လျစ်လျူထားလိုက်သည်။ ရှားရှားပါးပါး ပျော်ရွှင်နေသည့် လတ်တလော သူ့ စိတ်ခံစားချက်လေးကို အပျက်မခံချင်သေးချေ။

“ဝေ့ဝူယင်...”

ဝမ်ယုထျန်းက နောက်တစ်ကြိမ် ထပ်ခေါ်လိုက်ပြန်၏။ ဝေ့ဝူယင်မှာ စိတ်အနှောက်အယှက် ဖြစ်သွားကာ မျက်မှောင်ကြုတ် လိုက်မိသည်။

“ဝေ့... ဝူ... ယင်...”

ဝမ်ယုထျန်း၏ အသံက ပိုမို၍ လေးနက်လာသည်။

“ဘာလဲဗျ...”

ဝေ့ဝူယင်က ပျော်ရွှင်နေသည့် ခံစားချက်လေး ပျက်စီးသွားဟန်နှင့် မျက်လုံးများကို ဖွင့်ကြည့်ရင်း မကျေမနပ် မေးလိုက်၏။

“ဒီကြယ်တာရာ နယ်မြေက ဆက်ပြီး တည်ရှိတော့မှာ မဟုတ်ဘူး... မင်း ထွက်သွားသင့်တယ်”

“ ... “

ဝေ့ဝူယင်မှာ အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွား၏။

“ခင်ဗျားက နဂါးတွေကို စိုးရိမ်နေတာလား... စိတ်မပူပါနဲ့... သူတို့ကို ကိုင်တွယ်ဖို့ နည်းလမ်း ကျုပ်မှာ ရှိပါတယ်... နောက်ပြီး အစွန်းလေးဖက် လောကနယ်မြေက လောကသခင်တွေ၊ အချိန်သခင်တွေနဲ့ ကြယ်တာရာ သခင်တွေကိုလည်း ကျုပ် ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူး... ကျုပ်မှာ အစီအစဥ်တွေ ရှိပါတယ်”

လွန်ခဲ့သည့် သုံးနှစ်ခန့် လုံးလုံး ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များ အတွက် ဝေ့ဝူယင်  တွေးတောကာ ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သည်။ သို့ဖြစ်လေရာ ထိုအတွက် စိုးရိမ်စရာ လိုလိမ့်မည် မဟုတ်ပါချေ။

“မဟုတ်ဘူး... အဲဒါတွေ မဟုတ်ဘူး... ဒီနေရာကို သေဆုံးဖို့ အတွက် သတ်မှတ်ပြီးသွားပြီ... အဲဒါကို ဘယ်လိုနည်းနဲ့မှ မင်းမတားနိုင်တော့ဘူး”

ဝမ်ယုထျန်း၏ အသံက အလွန်အမင်း တည်ငြိမ်နေကာ ဝေ့ဝူယင် တစ်ခါမှ မကြားဖူးသည့် တည်ကြည် လေးနက်မှုတို့နှင့် ပြည့်နှက် နေ၏။

“ခင်ဗျား ဘာကို ပြောနေတာလဲ...”

ဝေ့ဝူယင်က မေးလိုက်သော်လည်း ထိတ်လန့် ကြောက်ရွံ့ဖွယ် ကောင်းလွန်းသည့် ခံစားချက် တစ်ခုက သူ့စိတ်အတွင်း တဖြည်းဖြည်း ပျံ့နှံ့ လာနေခဲ့သည်။ သူ ခေါင်းကို မော့ရင်း အမှောင်ဟင်းလင်းပြင်ကို ကြည့်လိုက်သည်။ သူ၏ ကောင်းကင်ဘုံ နတ်မျက်လုံးများက  နတ်ဘုရားတို့၏ ဝိညာဥ်အလင်းဖြင့် တလက်လက် တောက်ပနေသည်။ အမှန်တရား မျက်လုံးများမှာ ကြယ်တာရာ နယ်မြေတစ်ခုလုံးကို လွှမ်းခြုံကာ လေ့လာနေ၏။ မကြာခင်မှာပင် သူ၏ အကြည့်တို့က ပိုမို နက်မှောင်လာကာ မျက်လုံးများမှာ အပ်ပေါက်များ ကဲ့သို့ ကျဥ်းမြောင်းသွားခဲ့တော့၏။

***

All Chapters