အသက်ရှင် လွတ်မြောက်ခြင်း
Vol. 39 Ch. 535
ဗွမ်း...
အစွန်းလေးဖက် ကုန်းမြေတိုက်ကြီး ဝူယုဂြိုဟ် ပင်လယ် ရေမျက်နှာပြင်သို့ ကျရောက်သွားခြင်းနှင့် အတူ လူတိုင်းမှာ တုန်ရီ သွားကြ၏။ သူတို့ ခေါင်းများကို မော့ကြည့်လိုက်ရာ မီးခိုးရောင် အကြေးခွံများမှာ ပျောက်ကွယ် သွားကာ တစ်ခါမှ ရင်းနှီးခြင်း မရှိသည့် ပတ်ဝန်းကျင် အသစ်တစ်ခုကိုသာ တွေ့မြင်လိုက်ကြရ၏။ ထိုနေရာ၌ ကောင်းကင်အလွှာများ အထပ်ထပ် ရှိနေသည့် အပြင် ၎င်းတို့ အလွန်တွင် အရွယ်အစားနှင့် အရောင်အဆင်း မတူညီသည့် နေမင်းကြီး သုံးစင်းကိုလည်း တွေ့မြင်ရသည်။
မသိနားလည်ခြင်းနှင့် ဝေခွဲ မရမှုလှိုင်းလုံးများမှာ ကုန်းမြေတိုက်ကြီး တစ်ခုလုံးကို လွှမ်းခြုံထား၏။ လူသားဖြစ်စေ၊ အယ်ဗန် ဖြစ်စေ၊ အားနည်းသူ ဖြစ်စေ၊ အစွမ်းထက်သူ ဖြစ်စေ... သူတို့ အားလုံးမှာ မသေချာ မရေရာမှုနှင့် ကြောက်ရွံ့ ထိတ်လန့်မှုများကို ခံစားနေကြရ၏။ သို့သော်လည်း ချွင်းချက် အနေဖြင့် အချို့လူများ အတွက်မူ ထိုမြင်ကွင်းက ရင်းနှီးပြီးသား ဖြစ်ပေသည်။
“ဝူယုဂြိုဟ်...”
ချင်ချူးမူက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်း ရေရွတ်လိုက်၏။ သို့သော်လည်း သူမ မျက်ဝန်းထဲ၌ မယုံကြည်နိုင်မှုများက အထင်းသား ဖြစ်သည်။
“ဒါပေမဲ့ ဘယ်လိုမျိုးလဲ...”
ဝေ့ဝူယင်က သူတို့ကို သုံးလွှာ ကြယ်တာရာ နယ်မြေဆီ ပြန်ခေါ်လာခဲ့သည်လား။ သူက တိုက်ကြီး တစ်ခုလုံးကိုပါ သယ်လာခဲ့သည်လား။
မိန်းကလေး၏ နှလုံးသားမှာ ပြင်းထန်စွာ လှုပ်ရှားလာခဲ့၏။ မိုင်ပေါင်း သန်းနှင့်ချီ ကျယ်ဝန်းသည့် ကုန်းမြေတိုက်ကြီး တစ်ခုကို နေရာ ရွှေ့ပြောင်းရသည်က လွယ်ကူသော အလုပ် မဟုတ်ချေ။ ဝေ့ဝူယင်မှာ အစွမ်းထက်သည် ဆိုသော်လည်း အလွန် ငယ်ရွယ်သေးသည်။ ကျင့်ကြံခြင်း အခြေခံမှာလည်း နိမ့်ပါးသေးသည်။ အကယ်၍ သူသာ တစ်ခုခု ဖြစ်သွားခဲ့လျှင် ဆိုသော အတွေးက သူမကို သွေးပျက်စေသည်။
"ငါ သူ့ကို ရှာရမယ်…"
ချင်ချူးမူ ထိုင်ရာမှ ထရပ်ရင်း ပျက်သုဉ်းခြင်း နယ်မြေဆီ ဦးတည်ရန် ပြင်လိုက်၏။
"မမချင်…"
အယ်ဗန် မိန်းမငယ်လေးက ချင်ချူးမူ၏ လက်ကို ဆွဲရင်း ငိုမဲ့မဲ့ဖြင့် ခေါ်လိုက်၏။ သူမမှာ ရုတ်ချည်း ပြောင်းလဲသွားသည့် ပတ်ဝန်းကျင် အသစ်ကြောင့် အသားမကျဖြစ်နေပုံ ပေါ်သည်။
ချင်ချူးမူက ဒူးထောက်ကာ ထိုင်လိုက်ရင်း မိန်းမငယ်လေးကို နှစ်သိမ့်စကား အနည်းငယ် ပြောဆို လိုက်၏။ ထို့နောက် ဆက်လက် အချိန် ဖြုန်းတီးခြင်း မရှိတော့ပဲ ကျင့်ကြံခြင်း အခြေခံကို အကန့်အသတ်ထိ ရောက်အောင် ဖော်ထုတ်ကာ ဝေ့ဝူယင် ရှိနိုင်သည့် နေရာကို ပြေးထွက်သွားခဲ့တော့သည်။
…
တစ်တစ်ချိန်တည်း၌ အိကျူးလင်နှင့် အိယင်တို့မှာ မြေအောက် မြို့တော်များမှ နေ၍ မျက်နှာပြင်ထက်သို့ ရောက်ရှိ နေကြပြီ ဖြစ်သည်။ သူတို့က အံ့အားသင့်မှု၊ ထိတ်လန့်မှုများနှင့် အတူ အထက် ကောင်းကင်ကို မော့ကြည့် နေမိကြ၏။ မည်သည့် အရာများ ဖြစ်ပျက်ကုန်သနည်း။
ထိုအခိုက်၌ ထိပ်သီး ကျင့်ကြံသူများနှင့် သုံးလွှာ ကြယ်တာရာ နယ်မြေခံများမှ လွဲ၍ မည်သူမှ ထိုအပြောင်းအလဲကို နားမလည်နိုင်ကြချေ။ အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးတွင်ပင် မွေးဖွားကာ ကြီးပြင်းလာခဲ့သည့် လူများ အနေဖြင့် သူတို့၏ မိုးကောင်းကင်က ကန့်သတ်ချက်များဖြင့်သာ ပြည့်နှက် နေပေသည်။ အခြားလောက သို့မဟုတ် အခြား ကမ္ဘာ ဆိုသည်မှာ သူတို့တွင် မရှိချေ။
သို့သော်လည်း… သူတို့ မကြိုးစားခဲ့သည်တော့ မဟုတ်။
လွန်ခဲ့သည့် နှစ်ပေါင်းများစွာ အတွင်း မရေမတွက်နိုင်သော အစွန်းလေးဖက် နယ်မြေသားများမှာ နည်းပေါင်းစုံဖြင့် အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးမှ လွတ်မြောက်ရန် ကြိုးစားခဲ့ကြဖူးသည်။ သို့သော်လည်း သူတို့ အားလုံး ကျဆုံးမှုနှင့်သာ ရင်ဆိုင်ခဲ့ကြရသည်။
ဤသို့နှင့် သူတို့ လက်လျှော့ခဲ့ကြသည်။ အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးမှာ တစ်ခုတည်းသော တည်ရှိမှု အဖြစ် စတင် လက်ခံလာခဲ့ကြသည်။
နောက်ပိုင်းနှစ်များတွင် များစွာသော ကျောင်းတော်သားများမှာ စကြဝဠာကြီး၏ တည်ရှိမှုနှင့် ပတ်သက်၍ သီအိုရီများ ထုတ်ခဲ့ကြသည်။ ပြင်ပ ကျင့်ကြံသူများနှင့် တွေ့ဆုံပြီး ချမ်းသာသွားသည် ဆိုသော ပုံပြင်များလည်း မကြာခဏ ထွက်ပေါ်လေ့ ရှိသည်။ ထိုအယူအဆများ၊ ပုံပြင်များကို အများက ဖျော်ဖြေရေး ဇာတ်လမ်းများ အဖြစ် စိတ်ဝင်စားခဲ့ကြသည့်တိုင် မည်သူမှ အရေးတယူ ပြုလုပ်ခဲ့ခြင်း မရှိတော့ချေ။
သို့သော်လည်း ယခုတွင်တော့ ကမ္ဘာသစ် တစ်ခု၊ ကောင်းကင်သစ် တစ်ခုမှာ သူတို့ကို ဆီးကြို နေခဲ့ပြီ ဖြစ်သည်။ ကမ္ဘာခြား အယူအဆနှင့် ပတ်သက်သည့် သီအိုရီများနှင့် ဇာတ်လမ်းများမှာ မှန်ကန်နေခဲ့ပြီ ဖြစ်သည်။ ပြင်းပြသော စိတ်ခံစားချက်များနှင့် အတူ လူတိုင်း လူတိုင်းမှာ ကမ္ဘာသစ်၊ နေရာသစ်ကို ရင်ဆိုင်ရန် စိတ်လှုပ်ရှား နေကြတော့၏။
…
"စန်းယွန်းလီ… ငါတို့ အသက်ရှင်ပြီ…"
မင်ရှုဖုန်းက ကောင်းကင်ကို မော့ကြည့်ရင်း အော်ဟစ်လိုက်၏။ သေဘေးမှ ကင်းလွတ်လာသည့် ခံစားချက်ကြောင့် မျက်ရည်များက သူမ၏ မျက်ဝန်းတွင် စီးကျ လာနေခဲ့သည်။
စောစောကပင် ကောင်းကင် နိမိတ်ဖတ်သူ တစ်ယောက်၏ စွမ်းအင်ကို အကန့်အသတ်ထိ ရောက်အောင် ထုတ်ဖော်ကာ သူမ အနာဂတ်ကို ကြည့်ရှုခဲ့သည်။ အလုံးစုံသော ပျက်သုဉ်းခြင်းကို သူမ မြင်ခဲ့ရသည်။
သို့သော် ယခုတစ်ကြိမ်တွင်လည်း ကောင်းကင် တာအိုမှာ လွဲမှားသွားပုံ ပေါ်သည်။ ၎င်း၏ နိမိတ် ပုံရိပ်များမှာ ဖြစ်ပျက်လာခဲ့ခြင်း မရှိခဲ့။ ဘာပဲဖြစ်ဖြစ်… သည်တစ်ကြိမ် ကောင်းကင်တာအို၏ လွဲမှားမှုကိုတော့ သူမ ဝမ်းသာမိပေသည်။ မျက်ရည်များ ကြားမှပဲ အသက်ရှူမှားစရာ ကောင်းလှသည့် အပြုံး တစ်ခုမှာ သူမ မျက်နှာထက်၌ ပေါ်လာခဲ့လေ၏။
စန်းယွန်းလီက ခေါင်းစွပ်ကို မ, တင်ရင်း ကောင်းကင်ကို မော့ကြည့်လိုက်၏။ တောက်ပ နွေးထွေးသော နေရောင်ခြည်က သူမ၏ မျက်နှာကို ပွတ်သပ်ကာ ကလူကျီစယ် နေသည်။ သူမတို့ ကောင်းကင်ပြိုသည့် ဘေးမှ လွတ်မြောက်ခဲ့ပြီ ဖြစ်သည်။ ဆက်လက် အသက်ရှင်သန် နိုင်ခဲ့ပြီ ဖြစ်သည်။ သို့ပေမဲ့ မည်သို့နည်း။
ထိုမေးခွန်းကို အဖြေရှာမရနိုင်ရာ သူမ ကောင်းကင်လမ်းစဉ် စာအုပ်ကို ထုတ်ကြည့် လိုက်၏။ ၎င်းမှာ မူလ ကံကြမ္မာ အတိုင်း ဆက်လက် စီးဆင်းနေကာ အစစ်အမှန် ဒြပ်စင် အင်ပါယာ၏ ကံကြမ္မာမှာလည်း ဆက်လက် တည်ရှိနေဆံ ဖြစ်သည်။ သူတို့သည်လည်း ဆက်လက် အသက် ရှင်သန်ခဲ့သည်။ ထိုအချက်အလက်များမှာ လောကနယ်မြေ အမြုတေ ဖျက်ဆီးခံရစဉ် အချိန်က အကုန် ပျောက်ကွယ် သွားခဲ့သော်လည်း ယခုတွင်တော့ ပြန်ပေါ်လာနေခဲ့ပြီ ဖြစ်လေသည်။ ထိုချိန်သားကိုက်မှုကား ပြီးပြည့်စုံလှပေသည်။
…
"ဘာတွေဖြစ်သွားတာလဲ…"
လင်းမင်မှာ မူလလှံတံကို တင်းတင်း ဆုပ်ကိုင်ရင်း ပြောင်းလဲသွားသည့် ကောင်းကင်နှင့် နေသုံးစင်းကို မော့ကြည့် လိုက်၏။ ကောင်းကင်ပြိုသည်ကို မြင်တွေ့ရသော အခိုက်၌ ပြင်းပြသော ကြောက်ရွံ့မှု၊ စိတ်ပျက် အားငယ်မှုတို့နှင့် အတူ သေခြင်းတရားမှ လုံးဝ မလွတ်မြောက် နိုင်တော့ကြောင်း သူ ခံစားခဲ့ရသည်။ သို့သော်လည်း ယခုတွင်တော့ သူ ဆက်လက် အသက်ရှင်သန်နိုင်ခဲ့သည့် အပြင် မူလ ကြယ်တာရာ နယ်မြေကိုပါ ပြန်လည် ရောက်ရှိ လာခဲ့သည်။
ဟူး…
လက်ရှိ တည်နေရာကို စစ်ဆေးရန် ဟန်ပြင်လိုက်စဉ်မှာပင် ရုတ်တရက် သူ၏ နဖူးရှိ ကိုးရောင်ခြယ် အစက်က ခပ်ဖြည်းဖြည်း တောက်ပလာကာ ဟင်းလင်းပြင် လှိုင်းတစ်ခု လှုပ်ခတ်သွားသည်ကို သူ ခံစားလိုက်ရ၏။
ဝှစ်…
လင်းမင် မျက်မှောင်ကြုတ် လိုက်စဉ်မှာပင် အနီရောင် ဆံနွယ်များနှင့် မိန်းကလေး တစ်ယောက်မှာ သူ့နံဘေးတွင် ပေါ်လာခဲ့သည်။ သူမမှာ မျက်နှာကို မျက်နှာဖုံးဖြင့် ဖုံးကွယ် ထားသည့်တိုင် ခန္ဓာကိုယ် အော်ရာနှင့် အရောင်အဝါတို့က သူမမှာ အလွန် လှပသော မိန်းကလေး တစ်ယောက် ဖြစ်ကြောင်း ဖော်ပြနေပေသည်။
"စီနီယာ အမလင်း…"
မိန်းကလေးကို မြင်သည်နှင့် လင်းမင်၏ မီးခိုးရောင် မျက်လုံးများက စိတ်လှုပ်ရှားခြင်းများနှင့် ပြည့်နှက် သွား၏။ တစ်ချိန်တည်း၌ သူမ မည်ကဲ့သို့ ရောက်ရှိလာသည်ကို သူ အံ့ဩ နေခဲ့မိသည်။
စီနီယာ အမလင်းက မည်သည့် ကျင့်ကြံခြင်း အဆင့်၌ ရှိနေသနည်း။ မည်သည့် အကြောင်းရင်းက သူမ၏ ဒုတိယမြောက် ပြိုင်ပွဲ ကြီးကြပ်သူ ရာထူးကို အပြောင်းအလဲ ဖြစ်စေခဲ့သနည်း။
"နင် အဆင်ပြေရဲ့လား…"
စီနီယာ အမလင်းက လင်းမင်ကို စိုးရိမ်စွာ ကြည့်ရင်း မေးလိုက်၏။
လင်းမင်က ခေါင်းညိတ် လိုက်သည်။ ယုံကြည်ချက် ရှိသည့် အပြုံး တစ်ခုမှာ သူ၏ နှုတ်ခမ်းထက်၌ ပေါ်နေခဲ့၏။
"ဒါပေါ့… ကျွန်တော် အားလုံး အဆင်ပြေတယ်… အစစ်အမှန် ဒြပ်စင်ဂိုဏ်းရဲ့ ရွေးချယ်ခံ အနေနဲ့ မပြေနိုင်စရာ ဘာရှိရမှာလဲ"
"နင် စမ်းသပ်ပွဲကို အောင်မြင်ခဲ့တယ်ပေါ့… ဟုတ်လား"
မိန်းကလေး၏ လေသံက စိတ်လှုပ်ရှားခြင်း၊ ဝမ်းသာခြင်းများနှင့် ပြည့်နှက် နေသည်။
အာရုဏ်ဦး ဧကရာဇ် ဝေ့ဝူယင်မှာလည်း စမ်းသပ်ပွဲကို ဝင်ရောက်ရန် အရည်အချင်း ပြည့်မှီသူ တစ်ယောက် ဖြစ်ကြောင်း သိရှိရပြီး နောက်တွင် လင်းမင် အတွက် ထိုစမ်းသပ်မှုက အလွန် ခက်ခဲနိုင်ကြောင်း သူမ နားလည်ခဲ့သည်။ သို့သော်လည်း ယခုတွင်တော့ လင်းမင်မှာ လုပ်ပြနိုင်ခဲ့ပြီ ဖြစ်သည်။
ဝှစ်…
လင်းမင်က လက်တစ်ဖက်ကို ဝှေ့ယမ်းရင်း နဝဂံ ဒြပ်စင်တိုကင်ကို ထုတ်ယူလိုက်၏။ ၎င်း၏ အစိတ်အပိုင်း တစ်ခုချင်းစီက မတူကွဲပြားသော အရောင် တစ်မျိုးစီကို ကိုယ်စားပြုနေကာ အဖြူရောင် အစက် တစ်ခုမှာ အလယ်ဗဟို တည့်တည့်တွင် တိတ်တဆိတ် တည်ရှိနေပေသည်။
စီနီယာ အမလင်း၏ မျက်လုံးများက တောက်ပသွား၏။ သူမက ဖြည်းညင်းစွာပင် သွယ်လျသော လက်ချောင်းများကို ဆန့်ထုတ်ကာ တိုကင်ကို စစ်ဆေးလိုက်၏။ အတန်ကြာပြီးနောက် သူမက ခေါင်းတစ်ချက် ညိတ်လိုက်သည်။
ဟင်းလင်းပြင် ဆက်သွယ်ခြင်း စွမ်းရည် အချို့မှာ တိုကင်မှ ပျောက်ကွယ်နေသော်လည်း ထိုအရာက အစစ် ဖြစ်သည်။ ထိုတိုကင်ဖြင့် အစစ်အမှန် ဒြပ်စင်ဂိုဏ်းကို ဝင်ရောက်ပါက ဂိုဏ်းက သူ့ကို ရွေးချယ်ခံ အဖြစ် လက်ခံလိမ့်မည် ဖြစ်သည်။ သူ့ပါရမီ၊ သူ့ အသက်အရွယ်၊ သူ့ အရည်အချင်းဖြင့် ဆိုပါက ဆရာသခင်၏ တပည့်ပင် ဖြစ်လာနိုင်ချေ ရှိသည်။ ထိုအခါကျလျှင် သူ၏ ကျင့်ကြံခြင်း အခြေခံမှာ အကန့်အသတ်ကိုပင် ကျော်လွန်ကာ တိုးတက် လာနိုင်ချေ ရှိပေသည်။
စီနီယာ အမလင်းက စိတ်အာရုံကို ဖြန့်ကျက်ရင်း လင်းမင်ကို စစ်ဆေး ကြည့်လိုက်၏။ လင်းမင်မှာ မိန်းကလေး၏ သဘောထားကို နားလည်လိုက်ရာ နွေးထွေးစွာ ပြုံးလိုက်မိသည်။
"စီနီယာ အမ… ကျွန်တော် အရင်ကထက် ပိုပြီး သန်မာလာတယ်"
သူက ယုံကြည်ချက် ရှိစွာ ပြောလိုက်သည်။ အတုအယောက် လောကနယ်မြေနှင့် အတူ မည်သည့် အာကာသ ပဲ့တင်သံ အဆင့်ကို မဆို ကျော်လွန်ရန် သူ ယုံကြည်ချက် ရှိနေပေသည်။
"နင် ဒဏ်ရာတွေလည်း ရထားတာပဲ… လွန်ခဲ့တဲ့ နှစ်တွေ အတွင်း အတော် ခက်ခဲခဲ့မှာပဲနော်…"
လင်းမင်မှာ အနည်းငယ် ရှက်ရွံ့သွားလေရာ နှာခေါင်းကို ပွတ်သပ်လိုက်မိ၏။
ထိုဒဏ်ရာများမှာ ဝေ့ဝူယင် ဆိုသည့် လူငယ် တစ်ယောက် ဖြစ်တည်းကြောင့် ဖြစ်ပေါ် လာခဲ့ခြင်း ဖြစ်သည်။ ထိုနှစ်များ အတွင်း သူက ထိုလူငယ်နှင့် နှစ်ကြိမ် တိုက်ခိုက်ခဲ့ကာ နှစ်ကြိမ်လုံး ရှုံးနိမ့် ခဲ့သည်။ သို့သော်လည်း ထိုအကြောင်းအရာများကို စီနီယာ အမလင်းကို ပြောပြရန် သူ့တွင် စိတ်ကူး မရှိပါချေ။
"ကျွန်တော်တို့ ဘယ်တော့ ထွက်ကြမှာလဲ…"
တစ်ခဏမျှ စဥ်းစားလိုက်ပြီးနောက် သူက မေးလိုက်၏။
ပိုမို ကြီးကျယ်ခမ်းနားသည့် နေရာတစ်ခုကို ခြေဆန့်ရန် သူ စိတ်လှုပ်ရှားနေချေပြီ ဖြစ်သည်။ ပိုမို ဆန်းသစ်သည့် ဖြစ်တည်မှုများနှင့် စွန့်စားခန်းများကို ဖြတ်ကျော်ရန် သူ အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
စီနီယာ အမလင်းက အနီရောင် ဆံနွယ်များကို သပ်တင်ရင်း ကောင်းကင်ကို မော့ကြည့် လိုက်၏။ သူမ၏ မျက်လုံးများက ထူးခြား ဆန်းကြယ်စွာပင် ရီဝေ နေသည်။
"ငါတို့ အတွက် အချိန်သိပ်မရှိတော့ဘူး... ဒီကြယ်တာရာ နယ်မြေမှာ ဘာတွေ ဖြစ်နေလဲ ဆိုတာ ငါ ဂိုဏ်းကို အစီရင်ခံထားပြီးပြီ… "
လင်းမင်မှာ ထိုစကားကို နားမလည်နိုင်အောင် ဖြစ်သွားခဲ့သည်။
"ဘာဖြစ်လို့လဲ…"
" … "
စီနီယာ အမလင်းမှာ အချိန် အတန်ကြာအောင် တိတ်ဆိတ် နေခဲ့၏။ ပြီးနောက်မှ သူက လင်းမင်ကို သုန်မှုန်သော အမူအရာနှင့် ပြောလိုက်လေသည်။
"ဒီကြယ်တာရာ နယ်မြေကို ကယ်တင်လို့ မရတော့ဘူး… ထာဝရ အစည်းအရုံးက စပြီး လှုပ်ရှားနေပြီ"
"...."
လင်းမင်မှာ မျက်လုံးများ ပြူးသွားကာ နှလုံးခုန်သံ မြန်သွားခဲ့တော့၏။
***