← Chapters

အဇူရာ နဂါး

Vol. 39 Ch. 536

အဇူရာ နဂါး

Vol. 39 Ch. 536

ဟီး… ဟီး… ဟီး…

ဟီး… ဟီး… ဟီး…

အော်ဟစ်ပင်လယ် အောက်ခြေမှ ထွက်ပေါ်လာသည့် စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်ခြင်း အော်ဟစ်သံများမှာ ပိုမို၍ ကျယ်လောင် လာခဲ့၏။ ၎င်းတို့က သုံးလွှာ ကြယ်တာရာ နယ်မြေ တစ်ခုလုံးကိုပင် လှုပ်ခါစေကာ အော်ဟစ် ပင်လယ်အား တည်ငြိမ်အောင် ထိန်းသိမ်းထားသည့် အခြေခံကိုပင် ဖြည်းညင်းစွာ အက်ကွဲ လာစေခဲ့၏။

လောကနယ်မြေ၏ အမြုတေ ပံ့ပိုးမှု မရှိတော့လေရာ အော်ရစ်ပင်လယ်၏ ထူးခြားသော မြေဆွဲအားမှာလည်း ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။ ရေထု တစ်ခုလုံးမှာ လျှင်မြန်စွာပင် အငွေ့ပျံ ပျောက်ကွယ်နေကာ အောက်ရှိ တည်မှုများအား ကန့်သတ်ထားသည့် အချုပ်အနှောင်များမှာလည်း လျှင်မြန်စွာပင် ကျိုးပျက် လာနေခဲ့၏။

အော်ရစ်ပင်လယ် အနီး၊ အစစ်အမှန် ဒြပ်စင်ဂိုဏ်းနှင့် အနန္တ ဧကရာဇ်ဂိုဏ်း တို့၏ နယ်စပ် တစ်နေရာ၌ 'အသစ် ထွန်းလင်းခြင်း' ဟု အမည်ရသော ကုန်းမြေတိုက်ကြီး တစ်ခု ရှိ၏။

ယနေ့၌ ထိုကုန်းမြေတိုက်ကြီးမှာ ငလျင်ကြီး တစ်ခု လှုပ်ခတ်သွားခဲ့ကာ မြေကြီးအတွင်း နစ်မြုပ်နေသည့် တည်ရှိမှုကြီး တစ်ခုမှာ ကြီးမားသော မျက်လုံးကြီးများကို ဖြည်းညင်းစွာ ဖွင့်လာခဲ့၏။

ထိုမျက်လုံးကြီးများက ရွှေရောင် ပင်လယ် တစ်ဆင်းနှင့် ဆင်တူကာ ကမ္ဘာတစ်ခု အလား ကျယ်ဝန်းလှ၏။ ထိုကမ္ဘာ အတွင်းတွင်တော့ စိတ်နှလုံးကို တုန်ရီစေကာ ဝိညာဉ်ကိုပင် လွင့်စဉ်သွားအောင် ပြုစားနိုင်စွမ်း ရှိသည့် မျဉ်းကြောင်းများ ရှိနေခဲ့၏။ ထိုမျဉ်းကြောင်းများမှာ သန်းခေါင်ယံ ကဲ့သို့ နက်မှောင်နေသည့် စူးရှရှ သူငယ်အိမ်များထံ ဦးတည် ရွေ့လျားသွား၏။

ကုန်းမြေတိုက်ကြီး တစ်ခုလုံးကို တုန်ခါ သွားစေသည့် ဟိန်းဟောက်သံနှင့် အတူ ဧရာမ မျက်လုံးပိုင်ရှင်ကြီးမှာ အောက်ကမ္ဘာကို စိုက်ကြည့် လိုက်၏။

အကယ်၍ ဝေ့ဝူယင်မှာ ဤနေရာတွင် ရှိနေပါက ထိုမျက်လုံးကြီးများကို ချက်ချင်းပင် မှတ်မိလိမ့်မည် ဖြစ်ပေသည်။ နောက်ဆုံး ဆုံတွေ့ခဲ့သည့် အချိန်က ဆယ်စုနှစ် တစ်ခုနီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်သည့်တိုင် ၎င်းမှာ  သူ ဘယ်တော့မှ မမေ့နိုင်သည့် အမှတ်အသား တစ်ခုအား ချန်ထားခဲ့သူ ဖြစ်သည်။

ထိုသတ္တဝါကြီးကား အဇူရာ အကြေးခွံများနှင့် မိုးပြာရောင် နဂါးကြီး အန်နုပင် ဖြစ်လေတော့သည်။

ဘုန်း… ဘုန်း… ဘုန်း…

အန်နုက လက်သည်းကြီးများကို မြေကြီး အတွင်း နစ်ဝင်အောင် မြှုပ်ရင်း စက္ကူ တစ်စ အလား ထိုးခွဲလိုက်၏။ တစ်ခဏ အတွင်းမှာပင် ကုန်းမြေတိုက်ကြီး အတွင်း အလွန် ကြီးမားသည့် ဥမင်ကြီး တစ်ခု ဖြစ်ပေါ်လာကာ အောက်ကမ္ဘာမှ အမှောင် ဟင်းလင်းပြင်ကို မြင်နိုင်သည် အထိ ပေါက်ထွက် သွားခဲ့တော့၏။

"မင်းတို့ အားလုံး လွတ်လပ်သွားပြီ…"

ဟိန်းဟောက်သံနှင့် အတူ အန်နု၏ ခန္ဓာကိုယ်ကြီးက လှုပ်ရှားလာလေရာ ကုန်းမြေ တိုက်ကြီး တစ်ခုလုံးမှာ စတင် အက်ကွဲလာ၏။ ၎င်းက အလယ် ဗဟို၌ ရှိနေသည့် အမြုတေကိုပင် ထိခိုက်သွားစေကာ အသက် စွမ်းအင်များမှာ တဖြည်းဖြည်း ခမ်းခြောက် သွားသည်။ စိတ်လှုပ်ရှားမှုနှင့် အတူ အန်နုမှာ ဥမင် တစ်လျှောက် တိုးဝင်သွားကာ အပေါက်မှ တစ်ဆင့် အမှောင် ဟင်းလင်းပြင် အတွင်း တိုးဝင် သွားခဲ့တော့၏။

"မင်းတို့တွေ ဒီလောက် မြန်မြန် လွတ်လာလိမ့်မယ် လို့ မထင်ထားဘူး… ဒါပေမဲ့ မင်းတို့ အားလုံးကို ကြိုဆိုဖို့ အဲဒီ နေရာမှာ ငါရှိနေမှ ဖြစ်မှာပေါ့"

ပြင်းထန်သော ဟိန်းဟောက်သံကြီးနှင့် အတူ အန်နု၏ အသံက အမှောင် ဟင်းလင်းပြင် တစ်လျှောက် ပေါက်ကွဲသွား၏။

ဘုန်း… ဘုန်း…

မီတာ သုံးသောင်းကျော် ကြီးမားသည့် ဧရာမ ခန္ဓာကိုယ်ကြီး တစ်ခုမှာ အမှောင် ဟင်းလင်းပြင် အတွင်း အလွန် လျှင်မြန်စွာ ရွေ့လျားနေသည်။ ၎င်း၏ နဂါး မျက်လုံးကြီးများမှာ မီတာ ရာနှင့်ချီ ကျယ်ဝန်းကာ လက်သည်းကြီးများမှာ တောင်တစ်လုံး အရွယ်အစား အထိ ရှိ၏။ ၎င်း၏ ထိပ်ရှိ ရွှေရောင် ဦးချိုကြီးများမှာ ထူးဆန်းသော သင်္ကေတများနှင့် ပြည့်နှက် နေ၏။

၎င်း အသက်တစ်ခါ ရှူလိုက်တိုင်း၌ အနီရောင် သွေးမုန်တိုင်းကြီး တစ်ခုမှာ ကြောက်မက်ဖွယ် အိပ်မက်ဆိုး မြင်ကွင်းတစ်ခုအလား တိုက်ခတ် နေသည်။ ၎င်း၏ ပါးစပ်ကြီးထဲရှိ သွားတန်း တစ်ခုချင်းစီတိုင်းမှာ ဓားတောင်များ အလား ချွန်မြ ထက်မြိနေ၏။ ၎င်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် ပြင်းထန်သော အော်ရာ အောက်တွင် အမှောင် ဟင်းလင်းပြင်ပင်လျှင် မှိန်ဖျော့ နေရ၏။

၎င်း၏ ကျောထက်တွင်တော့ အဇူရာ အကြေးခွံကြီးများ ပြည့်နှက်နေသည့် မဟူရာ တောင်ပံကြီး နှစ်ခု ရှိ၏။ ၎င်းတို့မှာ မီတာ လေးသောင်းခန့် ရှည်လျားလှကာ ဂြိုဟ် တစ်ခုဆီသို့ ဦးတည်၍ ခတ်လိုက်ပါက ပြင်းထန်သည့် မုန်တိုင်းကြီး တစ်ခု ကျိန်းသေ ဖြစ်ပေါ်လာလိမ့်မည် ဖြစ်သည်။

ဝရား…

အတောင်ပံများကို အားကုန် ခတ်ရင်း အန်နုမှာ အော်ရစ် ပင်လယ်အောက်မှ အော်ဟစ်သံများနှင့် ပိုမို နီးကပ် လာခဲ့၏။ နောက်ဆုံး၌ ၎င်းတို့မှာ ကမ္ဘာကြီးကို နောက်တစ်ဖန် ပြန်မြင်နိုင်တော့မည် ဖြစ်သည်။ စိတ်ရှားမှုနှင့် အတူ ကျယ်လောင်သည့် ဟိန်းဟောက်သံများမှာ အမှောင် ဟင်းလင်းပြင်ကို ဖြတ်သန်းကာ ပြည့်နှက် နေခဲ့တော့၏။

နောက်ရှိ အသစ် ထွန်းလင်းခြင်း ကုန်းမြေတိုက်ကြီးကတော့ အပိုင်းပိုင်း အစစ ကွဲအက် သွားခဲ့ပြီ ဖြစ်သည်။ ၎င်းအပေါ်၌ မှီတိုင်း နေထိုင်ကြသူများမှာ ကြောက်မက်ဖွယ် သေခြင်းတရားနှင့် ရင်ဆိုင်ရကာ များစွာမှာ အမှောင် ဟင်းလင်းပြင်၏ ဝါးမျိုမှုကို ခံလိုက်ကြရ၏။

တစ်ခဏအတွင်းမှာပင် အသက်ပေါင်း သန်းဆယ်ချီ ပျက်သုဉ်းသွားခြင်း… ထိုအရာက ဝေ့ဝူယင် ကိုယ်တိုင်ပင် ကြိုတင် မမြင်နိုင်ခဲ့သည့် ငရဲခန်းကြီး တစ်ခုပင် ဖြစ်ပေသည်။

…

လင်းမင်နှင့် စီနီယာ အမလင်းတို့ ဆွေးနွေး နေစဉ်တွင် ပုံရိပ်ကလေးတစ်ခုမှာ သူတို့ တည်ရှိရာ နေရာသို့ ဦးတည်၍ အလွန် လျှင်မြန်စွာ ရွေ့လျား နေ၏။

သူမကား ဒြပ်စင် တိုကင် စမ်းသပ်ပွဲ၏ ဒုတိယမြောက် ကြီးကြပ်သူ ပိုင်ယုရှီပင် ဖြစ်လေသည်။ ကောင်းကင်ပြိုစဉ်၌ သူမမှာ အခြား ဒေသခံများကဲ့သို့ပင် အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးတွင်ပင် ပိတ်မိ နေခဲ့ခြင်း ဖြစ်သည်။ ထွက်ပြေးလွတ်မြောက်နိုင်ရန် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်သည့် ဟင်းလင်းပြင် ဂိတ်တံခါးများမှာလည်း အပျက်အစီးများ ကြားတွင် ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။

လောကနယ်မြေ ဝင်္ကပါများကို အသုံးပြုရန်လား…

အခြေခံ ဝါးမျိုခြင်း နည်းလမ်းကို အသုံးပြုပြီးနောက်တွင် သူမ၏ ကျင့်ကြံခြင်း အခြေခံမှာ ကြီးမားစွာ ထိခိုက်နေခဲ့ပြီ ဖြစ်သည်။ လိုအပ်သည့် စွမ်းအင်ကို စုစည်းရန် သူမတွင် ခွန်အား မရှိဝောာ့ချေ။ အကယ်၍ လုံလောက်သည့် ခွန်အားများ ရှိလျှင်ပင် လောကနယ်မြေ၏ အမြုတေမှာ ပျက်စီး သွားခဲ့ပြီ ဖြစ်သည်။ လောကနယ်မြေ၏ ဝင်္ကပါများမှာ ဘယ်လိုနည်းနှင့်မှ အသုံး မဝင်တော့ချေ။

ထို့နောက်တွင် ဝေ့ဝူယင်၏ အသံကို သူမ ကြားခဲ့ရကာ မီးခိုးရောင် အကြေးခွံများ ကောင်းကင်၌ ပေါ်လာသည်ကို မြင်တွေ့ ခဲ့ရသည်။ မည်သည့် အရာများ ဖြစ်ပျက်ခဲ့ကြောင်း နားမလည်နိုင်သော်လည်း ကုန်းမြေတိုက်ကြီးမှာ ထူးခြား ဆန်းကြယ်သော တစ်နည်းနည်းဖြင့် ရွှေ့ပြောင်း ခံလိုက်ရပုံ ပေါ်ကာ ထိုကပ်ဘေးကြီးမှ သူမ လွတ်မြောက် ခဲ့သည်။

ထို့နောက်… စီနီယာ အမလင်း၏ အော်ရာက ရုတ်တရက် ပေါ်လာခဲ့ရာ သူမမှာ ထိုနေရာ အထိ ရောက်အောင် ပြေးလာခဲ့ခြင်း ဖြစ်သည်။ ထိုဆရာတူ အမထံမှ ကောင်းကင်ပြိုခြင်း၊ တည်နေရာ ပြောင်းလဲသွားခြင်းနှင့် ပတ်သက်၍ အဖြေ တစ်ခုခု သူမ ရကောင်းရနိုင်ပေသည်။

နောက်ပြီး… ဤကြယ်တာရာ နယ်မြေ၏ ပတ်ဝန်းကျင် အခြေအနေကို သူမ မရင်းနှီးချေ။ သူမမှာ အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးကို ရွှေရောင် အသက် နန်းတော်၏ ဟင်းလင်းပြင် ဥမင်မှ တိုက်ရိုက် ရောက်ရှိ လာခဲ့ခြင်း ဖြစ်သည်။ စီနီယာ အမလင်း ကဲ့သို့ ကြယ်တာရာ နယ်မြေများကို ဖြတ်သန်းလာသူ မဟုတ်ချေ။

သိပ်မကြာခင်မှာပင် စီနီယာ အမလင်းနှင့် လင်းမင်တို့ကို သူမ တွေ့လိုက်ရ၏။ ပိုင်ယုရှီမှာ လင်းမင်ကို တွေ့သည်နှင့် ချက်ချင်းပင် နံလေးသို့ ဆင်းသက်ကာ စိုးရိမ်တကြီး မေးလိုက်သည်။

"နင် အဆင်ပြေရဲ့လား…"

စီနီယာ အမလင်းမှာ မိန်းကလေး၏ အပြုအမူကို ကြည့်ကာ အံ့အားသင့် သွားခဲ့၏။ သူမ သိထားသလောက် ထိုမိန်းကလေးမှာ အမြဲလိုလို အေးစက်နေကာ ယောက်ျားများကို စိတ်မဝင်စားသူ ဖြစ်သည်။ သို့သော်လည်း ယခုတွင်တော့ သူမ ဘေး၌ ရှိနေသည်ကိုပင် သတိမထားနိုင်မိလောက်အောင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

"ကျုပ် အဆင်ပြေပါတယ်…"

လင်းမင်က တည်ငြိမ်စွာပင် ဖြေလိုက်၏။ ယခုအချိန်ထိ ပိုင်ယုရှီ၏ အဆင့်အတန်း အစစ်အမှန်ကို မသိသေးချေ။သူက မေးခွန်းထုတ်သည့် အကြည့်မျိုးဖြင့် စီနီယာ အမလင်းကို လှမ်းကြည့်လိုက်၏။

စီနီယာ အမလင်းက ပြုံးရုံသာ ပြုံးလိုက်သည်။

"ဒီကိစ္စကို နောက်မှ ဆက်ပြီး ဆွေးနွေးကြတာပေါ့… လောလောဆယ်တော့ နင်မထိခိုက်စေချင်တဲ့ လူတွေကို တစ်နေရာတည်းမှာ စုစည်းဖို့ လုပ်ရအောင်"

လင်းမင်မှာ နားမလည်နိုင်အောင် ဖြစ်သွားခဲ့၏။

"တကယ် အတည် ပြောနေတာလား စီနီယာ အမလင်း…"

မိန်းကလေးက ခေါင်းညိတ်လိုက်၏။

"ဟုတ်တယ်… စပြီး လှုပ်ရှားရအောင်"

***

All Chapters