အကယ်၍
Vol. 39 Ch. 537
ဟူး... ဟူး...
ပုံရိပ်တစ်ခုမှာ အလွန် လျှင်မြန်သော အရှိန်ဖြင့် ရွေ့လျားနေ၏။ သူ၏ ခြေတစ်လှမ်းချင်းစီတိုင်းက မီတာ ရာချီကို ဖြတ်ကျော်သွားကာ အောက်ရှိ မြေပြင်မှာ အရှိန်အဟုန်နှင့် ကွဲကြေသွားသည်။ သူက အနက်ရောင် ကိုယ်ကြပ် ဝတ်စုံကို ဝတ်ဆင်ထားကာ မူလ ခံ့ညားထည်ဝါမှုများကို ပြန်လည် ရရှိနေခဲ့ပြီ ဖြစ်သည်။
ထိုပုံရိပ်မှာ ဝေ့ဝူယင်ပင် ဖြစ်ပြီး သူက ပျက်သုဥ်းခြင်း နယ်မြေကို ဖြတ်သန်းကာ ဟင်းလင်းပြင် ဂိတ်တံခါး တစ်ခုရှိနိုင်သည့် အနီးဆုံးမြို့သို့ ခရီးနှင် နေခြင်းပင် ဖြစ်သည်။ လက်ရှိ၌ သူ၏ ဟင်းလင်းပြင် နဂါးသွေးမျိုးဆက်မှာ ဒဏ်ရာ ရရှိနေသလို လောကပင်လယ်များမှာလည်း ခမ်းခြောက် နေခဲ့ပြီ ဖြစ်သည်။ လောကကို ဖြတ်သန်းရန် အတွက် ရုပ်ပိုင်းဆိုင်ရာ ခွန်အား တစ်ခုသာလျှင် သူ့ထံ၌ ကျန်ရစ်ခဲ့ပေသည်။
ဝေ့ဝူယင်မှာ ငယ်ရွယ် အားနည်းစဥ် အခါတုန်းက လေ့ကျင့်ရေးကွင်းတွင် ပြေးလွှားနေခဲ့ရသည့် ဘဝကို ပြန်လည်၍ပင် အမှတ်ရလိုက်မိ၏။ ထူးထူးခြားခြားပင် သူ့စိတ်က ကြည်လင်ကာ လန်းဆန်း တက်ကြွလာသည်။ နေပူဒီးဒီးအောက်ရှိ ချွေးသံ တရဲရဲနှင့် လူငယ်လေး တစ်ယောက်က နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက်တွင် အမှောင် ဟင်းလင်းပြင်ကိုပင် ဖြတ်သန်း ခရီးဆက်နိုင်လိမ့်မည် ဟု မည်သူက တွေးခဲ့မိလိမ့်မည်နည်း။
“ခင်ဗျားပြောတာ သေချာရဲ့လား...”
ဝေ့ဝူယင်က တည်ငြိမ်စွာပင် မေးလိုက်၏။ အကယ်၍ သူ့နေရာတွင် အခြားလူ တစ်ယောက်သာ မကြာခင် ကမ္ဘာပျက်တော့မှာ ဖြစ်ကြောင်း သိရှိရပါက သွေးပျက် ခြောက်ချားကာ စိတ်ဓာတ်များ ကျဆင်းသွားလိမ့်မည် ဖြစ်သည်။ နေစရာ နေရာပင် ရှိလိမ့်အံ့ မထင်ချေ။
သို့သော်လည်း ဝေ့ဝူယင်ကတော့ နေ့စဥ်နေ့တိုင်းပင် ငရဲ၏ ကပ်ဘေးများနှင့် ရင်ဆိုင်ရမည် ဆိုသည့် ဖိအားကို ခံစားနေရသူ ဖြစ်သည်။ ထို့ကြောင့်ပင် ဖိအားများ အပေါ် သူ၏ ကိုင်တွယ်နိုင်စွမ်းမှာ အသက်အရွယ်နှင့် မလိုက်အောင် မြင့်မားလှပေသည်။ ဝမ်ယုထျန်းပင်လျှင် သူ၏ တည်ငြိမ်မှုကို ကြည့်ကာ ဆွံ့အ ရ၏။
ထိုလူငယ်မှာ ချောမော ဉာဏ်ကောင်းကာ ပါရမီ အလွန် မြင့်မားရုံမျှသာမက ဖိအားများ အပေါ် တုန့်ပြန်နိုင်စွမ်းမှာလည်း အထင်ကြီးစရာ ကောင်းလှသည်။ အသက်နှင့် တစ်ကိုယ် ဝေ့ဝူယင်လို အဖက်ဖက်မှ ပြည့်စုံသည့်လူမျိုး သူ တစ်ခါမှ မတွေ့မမြင်ခဲ့ချေ။
“သေချာတာပေါ့...”
လူအိုကြီးက လေးနက်သည့် အမူအရာနှင့် ခေါင်းညိတ်လိုက်၏။
ဝေ့ဝူယင်က မျက်လုံးများကို မှိတ်လိုက်ရင်း ခန္ဓာကိုယ်သို့ တိုးဝင်လာသည့် လေရူးသုန်သုန်ကို ခံစားလိုက်သည်။ အသက်ကို လေးပင်စွာဖြင့် လေးငါးကြိမ် ရှူသွင်း၊ ရှူထုတ်လိုက်ပြီးနောက် သူ့မျက်လုံးများက ခိုင်မာသော ဆုံးဖြတ်ချက်တို့ဖြင့် ပြန်လည် ပွင့်လာခဲ့သည်။
“ကျုပ်တို့ ထွက်သွားကြတာပေါ့...”
အကယ်၍ ဝမ်ယုထျန်း ပြောတာ အမှန်သာ ဆိုပါက တစ်ခုတည်းသော ရွေးချယ်စရာက ထွက်သွားရန် ဖြစ်သည်။
“ထရီလျံနဲ့ချီတဲ့ အသက်တွေကိုတော့ ဒီတစ်ကြိမ်မှာ မင်း ကယ်နိုင်တော့မှာ မဟုတ်ဘူးနော်”
ဝမ်ယုထျန်းက ထပ်မံ သတိပေးလိုက်၏။ အစွန်းလေးဖက် ကုန်းမြေတိုက်ကြီး တစ်ခုလုံးအား ကယ်တင်ခဲ့ပုံကို ထောက်ချင့်ပါက ဝေ့ဝူယင်မှာ တစ်ကိုယ်ကောင်းစိတ် မရှိသူ တစ်ယောက် မဟုတ်ကြောင်း ထင်ရှားပေသည်။
ကောင်းကင်ပြို ကပ်ဘေးမှာ သူ လောကနယ်မြေ အမြုတေကို ဖျက်ဆီးခဲ့သည့် အကျိုးဆက်ကြောင့် ဖြစ်ပါ်လာခဲ့သည် ဆိုသော်လည်း သာမန်လူ တစ်ယောက်ဆိုပါက ကိုယ်လွတ်ရုန်းကာ ထွက်ပြေလိမ့်မည် ဖြစ်သည်။ ကုန်းမြေတိုက်ကြီး တစ်ခုလုံးပေါ်ရှိ အသက်များကို သည်အတိုင်း လျစ်လျူထားခဲ့ပေလိမ့်မည်။ သို့သော်လည်း ဝေ့ဝူယင်ကတော့ ထိုကဲ့သို့ မလုပ်ခဲ့ချေ။ အဆုံးစွန်သော ခွန်အားကို သုံးကာ ကုန်းမြေတိုက်ကြီး တစ်ခုလုံးကိုပါ ဘေးကင်းလွတ်ရာ နေရာသို့ သယ်ဆောင်လာခဲ့သည်။
သို့သော်လည်း ယခုတစ်ကြိမ်က ကြယ်တာရာ နယ်မြေ ပျက်စီးရတော့မည့် ကပ်ဘေး ဖြစ်သည်။ သူက အလွန် ပါရမီမြင့်မားကာ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်သော်လည်း အလင်းပြန်ခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်သည်။ ထရီလျံနှင့် ချီသော အသက်များကို သူ ဘယ်လိုနည်းနှင့်မှ ကယ်တင်နိုင်လိမ့်မည် မဟုတ်ပါချေ။
ဝေ့ဝူယင်ကလည်း ထိုအရာကို နားလည်ရာ ခေါင်းညိတ်လိုက်၏။ အကယ်၍ ကပ်ဘေးက ဝမ်ယုထျန်း ပြောသလို တားဆီး၍ မရနိုင်ဘူး ဆိုလျှင် အရေးအကြီးဆုံးလူများကို ခေါ်ဆောင်၍ ကိုယ်လွတ်ရုန်းယုံမှ တစ်ပါး ဘာမှ တတ်နိုင်လိမ့်မည် မဟုတ်ပါချေ။
ဝေ့ဝူယင်က ပြေးလွှားနေရာမှ အရှိန်ကို လျှော့ချလိုက်ရင်း ခြေလှမ်းများကို ရုတ်တရက် ရပ်လိုက်၏။ ခြေထောက်အောက် မြေပြင်ဆီမှ ပေါက်ကွဲသံ ခပ်အုပ်အုပ် တစ်ချက် ထွက်ပေါ်လာကာ သူက ကောင်းကင်ကို မော့ကြည့်လိုက်သည်။
လွန်ခဲ့သည့် နှစ်အနည်းငယ် ဝိညာဥ်ဆင်းတု အဆင့်တွင် ရှိခဲ့စဥ်က သူ အမှန်တရား မျက်လုံးများဖြင့် ကြယ်တာရာ နယ်မြေ၏ အပြောင်းအလဲများကို ကြည့်ရှုခဲ့သည်။ အလုံးစုံ ပျက်သုဥ်းခြင်း တည်းဟူသော ကံကြမ္မာကို သူ မြင်တွေ့ခဲ့ရသည်။
သို့သော်လည်း... မည်သည့် အချိန်တွင် မည်ကဲ့သို့ ဖြစ်မည်ကိုတော့ သူ နားမလည်ခဲ့ချေ။ ၎င်းက လောကနယ်မြေ စစ်ပွဲ တစ်ခု အသွင်ဖြင့် လာမည်လော။ သို့တည်းမဟုတ် နယ်မြေခြားတို့၏ ကျူးကျော်မှုလော။ နေသုံးစင်းထဲမှ တစ်စင်းစင်း ပေါက်ကွဲမည်လော။ သူ ဘာကိုမှ မခန့်မှန်းနိုင်ခဲ့ချေ။
တိကျသေချာသော အချက်အလက် ကင်းမဲ့မှုကြောင့် မည်ကဲ့သို့ တုန့်ပြန်ရမည်မှန်းလည်း သူ မသိချေ။ သို့သော်... အလင်းပြန်ခြင်း အဆင့်ကို ရောက်ရှိပြီးနောက်တွင်တော့ သူ တစ်စုံတစ်ရာကို ပိုမို သိမြင်လာနိုင်ခဲ့သည်။ ထိုအရာကား အချိန်ပင် ဖြစ်လေသည်။ မည်သည့် အချိန် ဖြစ်မည်ကို သူ မြင်နိုင်ခဲ့ပြီ ဖြစ်သည်။
ဆယ့်သုံးရက်...
လာမည့် နှစ်ပတ် အတွင်း ကြယ်တာရာ နယ်မြေတစ်ခုလုံးနှင့် မှီတင်း နေထိုင်သူ အားလုံးမှာ ဆိုးရွား ပြင်းထန်လွန်းလှသည့် ထိုကံကြမ္မာ ကပ်ဘေးကြီးနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။
“မင်း ဘာလုပ်ဖို့ စီစဥ်ထားလဲ...”
ဝမ်ယုထျန်းက မေးလိုက်၏။
“တကယ်လို့ ကျုပ် ဒီနေရာက ထွက်သွားဖြစ်ခဲ့မယ် ဆိုရင် ကြယ်တာရာ နယ်မြေရဲ့ အပြင်ဘက်ကို ပို့ဆောင်ပေးနိုင်တဲ့ ရှေးဟောင်း ဂိတ်တံခါး တစ်ခု အကြောင်း ကျုပ်သိထားတယ်”
ဝေ့ဝူယင်က လည်ပင်း၌ ဆွဲထားသည့် လခြမ်း သဏ္ဌာန် ဆွဲသီးလေးကို ပွတ်သပ်ရင်း ပြောလိုက်သည်။ သူ ထိုပစ္စည်းလေးကို လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက ရရှိထားခြင်း ဖြစ်ကာ ယခုတွင်တော့ ၎င်းမှာ အသက်ရှင်သန်ရေး မျှော်လင့်ချက်တွင် လက်ချိုးရေတွက်နိုင်သည့် အနည်းငယ်သော ရွေးချယ်စရာများထဲမှ တစ်ခု ဖြစ်လာခဲ့သည်။
“အဲဒီ ဆွဲသီးလား... အဲဒါက အလုပ်မဖြစ်...”
ဝမ်ယုထျန်းမှာ ပြောမလို့ ပြင်လိုက်ပြီးမှ တစ်ဝက်တစ်ပျက်ဖြင့် ရပ်တန့်သွား၏။
“နေဦး... မင်း ခုနက ဘာပြောလိုက်တာလဲ... တကယ်လို့ ဒီနေရာက ထွက်သွားဖြစ်ခဲ့ရင် ဟုတ်လား...”
ဝေ့ဝူယင်က အသက်ကို လေးပင်စွာဖြင့် ရှူသွင်းရင်း ခေါင်းညိတ်လိုက်သည်။
“ရှေးဟောင်း ဂိတ်တံခါး အပေါ်မှာ ကျုပ် အားလုံး ပုံအောမထားပါဘူး... အဲဒါက အလုပ်ဖြစ်မယ်ဆိုရင် ဆိုရင်တောင် အုံလိုက်ကျင်းလိုက်တော့ ပို့ဆောင်ပေးနိုင်မယ် ကျုပ် မထင်ဘူး... ကန့်သတ်ခံ ဂိတ်တံခါးတွေ အကြောင်း အဂ္ဂိရတ် အစည်းအရုံးရဲ့ အခြေစိုက် စခန်းထဲမှ ကျုပ် ဖတ်ဖူးတယ်... ကျုပ်အထင် အဲဒီကြယ်တာရာ နယ်မြေက လျှို့ဝှက် ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ပုံပဲ”
“အမှန်အတိုင်း ဝန်ခံရရင် ကျုပ် မွေးရပ်မြေကို မစွန့်ခွာချင်ဘူး... တကယ်လို့ အဲဒီ ကပ်ဘေးကို မတားဆီးနိုင်ခဲ့ရင်တောင်မှ အနည်းဆုံး ကျုပ် ကြိုးစားကြည့်ချင်သေးတယ်... ဒီကြယ်တာရာ နယ်မြေကြီးက ကျုပ် မိဘတွေ မေတ္တာသက်ဝင်ခဲ့တဲ့ နေရာ...ကျုပ်အကိုနဲ့ တိုင်လင်းတို့ ခေါင်းချခဲ့တဲ့ နေရာ... ပိုင်လင် ပြန်လာမယ့် နေရာ... ဒီနေရာကို စွန့်ပစ်ပြီး အခြား နေရာတစ်ခုကို ထွက်ခွာသွားဖို့ ဆိုတာက ကျုပ် အတွက်တော့...”
သူ ကျင့်ကြံရသည့် အကြောင်းရင်းက ရှင်သန်ဖို့ ဖြစ်သည်။ လွတ်မြောက်ဖို့ မဟုတ်ချေ။ ကျင့်ကြံခြင်း နှလုံးသား ဘယ်လောက်ပင် ခိုင်မာစေကာမူ သူက ခံစားချက်များ ရှိသည့် လူသား တစ်ယောက်သာ ဖြစ်သည်။
“ငါပြောတာကို မင်း နားမလည်ဘူးလား... ခု လာနေတဲ့ ကပ်ဘေးက အရမ်း ကြောက်ဖို့ ကောင်းတယ်... သေမျိုးတွေ ဘယ်လိုမှ ရင်ဆိုင်နိုင်တဲ့ အရာ မဟုတ်ဘူး... လျှို့ဝှက် အာဏာရှင် အဆင့်တွေတောင် တော်ရုံ လက်ရှောင်ကြတယ်”
ဝမ်ယုထျန်းက စိတ်မရှည်ဟန်ဖြင့် ပြောလိုက်၏။
“ကျုပ် သိပါတယ်...”
ဝေ့ဝူယင်က ဖြူရော်စွာ ပြုံးရင်း ကောင်းကင်သို့ မော့ကြည့်လိုက်၏။ သူ၏ ငွေရောင် မျက်လုံးများက ဝူယုဂြိုဟ်၏ ကောင်းကင်အလွှာများကို ဖြတ်သန်းကာ ကြယ်တာရာ နယ်မြေ အပြင်ဘက် ရောက်သည် အထိ ထွင်းဖောက်သွားသည်။
“မင်း ဘာလုပ်ဖို့ စီစဥ်နေတာလဲ...”
ဝမ်ယုထျန်းက ထိုမေးခွန်းကို ဒုတိယ အကြိမ်မြောက် မေးလိုက်၏။ သို့သော်လည်း ဝေ့ဝူယင်က မဖြေချေ။ သူ့ မျက်လုံးများမှာ ငွေရောင် အလင်းများဖြင့် တဖျပ်ဖျပ် လက်နေကာ အမျိုးမျိုးသော ပုံရိပ်များကို ရောင်ပြန်ဟပ် နေခဲ့၏။
“ .... ”
ရုတ်တရက် အလွန် ကြောက်မက်ဖွယ် ကောင်းသော အတွေးတစ်ခုနှင့် အတူ သူ့နှလုံးသားက တုန်ရီသွားခဲ့၏။ အကယ်၍...
အကယ်၍ အလုံးစုံ ပျက်သုဉ်းခြင်းက သူ့အမှားကြောင့် ဖြစ်ခဲ့လျှင်ရော။
...
“အဲဒါက အရေးကြီးလို့လား... စီနီယာ အမ...”
လင်းမင်က စိတ်လှုပ်ရှားမှုနှင့် နားမလည်မှုတို့ ပြည့်နှက်နေသည့် လေသံဖြင့် မေးလိုက်၏။ စီနီယာ အမလင်း၏ အမူအရာ ထိုမျှလေးနက်နေသည်ကို သူ တစ်ခါမှ မမြင်ခဲ့ဖူးချေ။
ထိုအခိုက်အတန့်၌ သူတို့မှာ စီနီယာ အမလင်း၏ သယ်ဆောင်မှုနှင့် အတူ ဝူယုဂြိုဟ် အပြင်ဘက်သို့ ထွက်ခွာနေကြခြင်း ဖြစ်သည်။ သူမက အလွန်အမင်း လျှင်မြန်ကာ အမှောင် ဟင်းလင်းပြင်ကိုပင် တိုက်ရိုက် ဖြတ်သန်းကာ ပျံသန်းနေ၏။
“ဟုတ်တယ်...”
သူမက တိုတိုတုတ်တုတ်ပင် ဖြေလိုက်၏။
“ ... “
လင်းမင်က ထိုထက် ပိုမိုသည့် အဖြေတစ်ခု ရလိုရငြား နံဘေးရှိ မိန်းကလေးကို လှမ်းကြည့်လိုက်သည်။ ပိုင်ယုရှီမှာ ထိုအကြည့်ကို သတိထားမိရာ သက်ပြင်းတစ်ချက် ချရင်း ရှင်းပြလိုက်၏။
“ဒီအမှောင် ဟင်းလင်းပြင်က အရမ်း ကြောက်ဖို့ကောင်းတဲ့ တည်ရှိမှုတွေ၊ ထူးဆန်းတဲ့ ဖြစ်စဉ်တွေနဲ့ ပြည့်နှက်နေတာ... အဲဒီထဲက တစ်ခုက ကြယ်ဝါးမျိုသူတွေပဲ... သူတို့က အမျိုးအစား အများကြီး ရှိတယ် ဆိုပေမဲ့ ဒီတစ်မျိုးကိုတော့ ထန်ဂိုလို့ ခေါ်ကြတယ်... အဲဒါက နှစ်ပေါင်း မရေမတွက်နိုင်တဲ့ ရှင်သန်ပြီးတဲ့ တည်ရှိမှု တစ်ခု ဖြစ်ပြီးတော့ အရမ်းကို ကြောက်ဖို့ကောင်းတယ်... သူ့အတွက် ကြယ်တရာ နယ်မြေက အိမ်ဖြစ်ပြီးတော့ နေတွေက စားစရာပဲ”
“ဒီစကြဝဠာထဲမှာ နေတွေကို စားတဲ့ ဖြစ်တည်မှုတွေ တကယ် ရှိနေတာလား... ဖြစ်ရော ဖြစ်နိုင်လို့လား”
လင်းမင်၏ မျက်လုံးများမှာ မယုံကြည်နိုင်မှု၊ ကြောက်လန့်မှုတို့ဖြင့် ပြည့်နှက်လာ၏။
ပိုင်ယုရှီက အသာအယာပင် ခေါင်းညိတ်လိုက်သည်။
“အဲဒါက နေတွေကို စားရုံတင် မဟုတ်ဘူး.... အစာချေနေတဲ့ အချိန်မှာ အရမ်းကို ကြီးမားတဲ့ စွမ်းအင်လှိုင်းတွေကို စွန့်ထုတ်သေးတယ်... အနီးအနားမှာ ရှိသမျှ ဂြိုဟ်တွေ၊ ကုန်းမြေတိုက်ကြီး အားလုံး ဘယ်လိုမှ ပြေးလို့ မလွတ်တော့ဘူး... ထန်ဂို ဖျက်ဆီးမှုကို မှတ်တမ်းတင်ထားတဲ့ ရုပ်သံတစ်ခု ငါ ကြည့်ဖူးတယ်... အဲဒါက...”
ပိုင်ယုရှီမှာ ဆက်မပြောတော့ပဲ ရပ်တန့်သွား၏။ အကယ်၍ လင်းမင်သာ မျက်နှာဖုံးနောက်ရှိ မိန်းကလေး၏ မျက်နှာကို တွေ့မြင်နိုင်မည် ဆိုပါက ထိုအခိုက်၌ အလွန်အမင်း ဖြူရော်နေသည်ကို သတိထားမိလိမ့်မည် ဖြစ်သည်။
“ ... “
လင်းမင်မှာ အချိန် အကြာကြီး တိတ်ဆိတ်နေခဲ့၏။
“တကယ်လို့ အဲဒါက ကြယ်တွေကို စားတယ် ဆိုရင် ဘယ်လိုလုပ်ပြီး အသက်ရှင်နေနိုင်သေးတာလဲ... အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ ခေါင်းဆောင်ကြီးတွေက သေမျိုး အကန့်အသတ်ကို ကျော်လွန်ပြီးကြတဲ့ လူတွေချည်းပဲ မဟုတ်ဘူးလား... သူတို့က အဲဒီ သတ္တဝါကြီးကို မသတ်နိုင်ဘူးလား”
“သူ့ကို သတ်ဖို့...”
စီနီယာ အမလင်းက ဖြူရော်စွာ ပြုံးရင်း ခေါင်းခါလိုက်သည်။
"ငါတို့ရဲ့ ခေါင်းဆောင်ကြီးတွေတောင် သူ့ကို မသတ်နိုင်ကြဘူး"
"အဲဒီကောင်ကြီးက တစ်နေ့ကျရင် အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေရဲ့ နေတွေကိုပါ စားမပစ်နိုင်ဘူးလား"
လင်းမင်က မျက်မှောင်ကြုတ်ရင်း ထပ်မံ မေးခွန်းထုတ် လိုက်၏။
ပိုက်ယုရှီက ဖြည်းညင်းစွာပင် ခေါင်းခါ လိုက်သည်။
"ထန်ဂူက ရန်လိုပြီး အကြမ်းဖက်တတ်တဲ့ တည်ရှိမှုမျိုး မဟုတ်ဘူး… လူတွေ အာဟာရ ဖြစ်စေဖို့ အစား စားသလိုမျိုးပဲ သူက နေတွေကို စားတာ… သူက ဘယ်သူ့ကို ပျက်စီးပါစေ ဆိုပြီး ရည်ရွယ်တာမျိုး မဟုတ်ဘူး… ဥပမာ ပြောရရင် ငါတို့ စားတဲ့ အစားအစာတွေထဲမှာ မရေမတွက်နိုင်တဲ့ ဘက်တီးရီးယားတွေ ပါနေသလိုမျိုးပေါ့"
"ပြောရရင် ထန်ဂူတွေက ရိုးရှင်းတဲ့ စိတ်ထား ရှိပြီး ကိုင်တွယ်ရ လွယ်ကူပါတယ်… နောက်ပြီး သူ့ကို ထိန်းချုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိသေးတယ်… ဥပမာ တစ်ခု ပြောရရင် သူက နေတွေထဲမှာတောင် သတ်မှတ်ချက် တစ်ခု ရှိတဲ့ နေတွေကိုပဲ စားတာ… အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေရဲ့ နေကြယ်မှာ ဆိုရင် လျှို့ဝှက် စွမ်းအင် ပတ်လမ်းတစ်ခု ရှိတယ်… အဲဒါက ထန်ဂူတွေ အတွက်တော့ သံမဏိ အခွံပါတဲ့ သစ်သီးတစ်လုံးလိုပဲ… သူတို့က အဲဒါကို စားသုံးဖို့ အတွက် ရှောင်ရှားကြတယ်"
"လျှို့ဝှက် စွမ်းအင် ပတ်လမ်း… အဲဒါက ဘာလဲဗျ"
လင်းမင်က စိတ်ဝင်တစားဖြင့် မေးလိုက်၏။ ထန်ရှင်းယွင် ချန်ရစ်ထားခဲ့သည့် အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ အကြောင်း အချက်အလက် များထဲတွင် ထိုနာမည်ကို သူ မမြင်ဖူးချေ။
ပိုင်ယုရှီက စိတ်ရှည်လက်ရှည်ပင် ရှင်းပြ လိုက်၏။
"လျှို့ဝှက် စွမ်းအင် ပတ်လမ်း ဆိုတာက နေကြယ်ကို လှည့်ပတ်နေတဲ့ စွမ်းအင် ကွင်းကြီးကို ပြောတာ… လျှို့ဝှက် အာဏာရှင် အဆင့်တွေ စုပေါင်းပြီး ဖန်တီးထားတဲ့ ထုတ်ကုန် တစ်ခုပေါ့… အဲဒါက လျှို့ဝှက် ရည်ရွယ်ချက်ရဲ့ စွမ်းအင်တွေနဲ့ ဆက်သွယ်ပြီး ကြယ်တာရာ နယ်မြေ တစ်ခုလုံးကို လျှို့ဝှက် အလင်းရောင် ရအောင် ဆောင်ကျဉ်းပေးတယ်… ကြယ်တာရာ နယ်မြေကို ရောက်ရင် နင် နားလည်လာမှာပါ"
လင်းမင်က တစ်ခဏမျှ စဉ်းစားပြီးနောကိ ခေါင်းတစ်ချက် ညိတ်လိုက်၏။ ပိုင်ယုရှီ ပြောသည့် အရာကို ရှင်းရှင်းလင်းလင်း သိပ်နားမလည်သည့်တိုင် ကျင့်ကြံခြင်း အတွက် အလွန် အထောက်အကူ ပြုနိုင်သည့် အရာ တစ်ခု ဖြစ်ကြောင်း အကြမ်းဖျဉ်း သူ ခန့်မှန်းနိုင်ပေသည်။ သို့သော်လည်း သူ နားမလည်နိုင်သည့် အရာတစ်ခုတော့ ရှိနေသေးဆဲပင်။
"ဒါပေမဲ့ ထန်ဂူက ဘာလို့ ဒီနေရာကို ရောက်လာရတာလဲ"
***