မဟာမင်းသမီး
Vol. 39 Ch. 538
"ဒါပေမဲ့ ထန်ဂူက ဘာလို့ ဒီနေရာကို ရောက်လာရတာလဲ"
လင်းမင်က မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။ ပိုင်ယုရှီမှာ ထိုမေးခွန်းကို မဖြေတတ်ရာ စီနီယာ အမလင်းကို လှည့်ကြည့်လိုက်သည်။ သူမထက် စာလျှင် ထိုဆရာတူ အမမှာ ထန်ဂူများနှင့် ပတ်သက်သည့် ဗဟုသုတ ပိုရှိသူ ဖြစ်သည်။
စီနီယာ အမလင်းက သက်ပြင်းချလိုက်၏။
"ဘာကြောင့်လဲ ဆိုတာတော့ ငါလည်း သေချာ မသိဘူး… အကြမ်းဖျဉ်း ပြောရရင် လွန်ခဲ့တဲ့ သုံးနှစ်လောက် တုန်းက သူ့ရဲ့ လမ်းကြောင်းက ရုတ်တရက် ပြောင်းသွားခဲ့တာ… ပုံမှန်ဆိုရင် ထာဝရ အစည်းအရုံးက ဒီကြယ်တာရာ နယ်မြေကို ထန်ဂူ အာရုံမခံမိအောင် ဝင်္ကပါ တစ်ခုနဲ့ ကာကွယ်ထားတာ... အနီးအနားကနေ ဖြတ်သွားရင်တောင် ဘာအန္တရာယ်မှ ဖြစ်လာမှာ မဟုတ်ဘူး... အရင်တုန်းကလည်း အကြိမ်ကြိမ် ဖြတ်သွားဖူးခဲ့တာပဲ”
“ဒါပေမဲ့ ခုက ဘာလို့လဲ...”
စီနီယာ အမလင်းက ခေါင်းခါလိုက်၏။
“တကယ်လို့ ထန်ဂူ ဒီကြယ်တာရာ နယ်မြေကို သတိထားမိတာ မသေချာဘူး ဆိုရင် ထာဝရ အစည်းအရုံးက လှုပ်ရှားမှာ မဟုတ်ဘူး... အဲဒါက တိုက်ဆိုင်မှုတစ်ခုလား ဆိုတာ ရအောင် သူတို့က နှစ်ချီ စုံထောက်နေတာ... သုံးနှစ် ကြာပြီးတဲ့ နောက်မှာ ထန်ဂူရဲ့ ပစ်မှတ်က ဒီကြယ်တာရာ နယ်မြေနဲ့ နေသုံးစင်းဆိုတာ သူတို့ လုံးဝ သေချာနေပြီ”
ထို့နောက် ပတ်ဝန်းကျင်မှာ ပြန်လည် တိတ်ဆိတ် သွား၏။ ဤကြယ်တာရာ နယ်မြေတွင် ထန်ဂူကို ဆွဲဆောင်နိုင်သည့် အရာ တစ်ခုခု ရှိနေသည်လော။ ထိုအရာ အဘယ်နည်း။ ထာဝရ အစည်းအရုံး ကိုယ်တိုင် ထိုမေးခွန်းကို အဖြေရှာရန် သံတမန်များ စေလွှတ်ခဲ့သေးသည် ဟုဆိုသည်။ သို့သော်လည်း ဘာသဲလွန်စမှ မရခဲ့။ ၎င်းက အချိန် ဖြုန်းတီးမှု သက်သက်သာလျှင် ဖြစ်ခဲ့သည်။
“အခြား အင်အားစုတွေကရော ဘာမှ မလှုပ်ရှားဘူးလား... သူတို့က ဘာလုပ်နေတာလဲ”
သုံးလွှာ ကြယ်တာရာ နယ်မြေမှာ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေရှိ အချို့ ထိပ်သီး အင်အားစုများ အတွက် အဓိပ္ပာယ် ရှိကြောင်း လင်းမင် သတိပြုမိထားသည်။ အစစ်အမှန် ဒြပ်စင်ဂိုဏ်း ပင်လျှင် ဤနေရာ၌ အစပြုခဲ့သည်။ သူတို့ထံတွင် သုံးလွှာ ကြယ်တာရာ နယ်မြေကို မပျက်သုဉ်းစေလိုသည့် ဆန္ဒရှိမည်ဟု လင်းမင် ယုံကြည်မိသည်။
“အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေမှာ အစစ်အမှန် ဒြပ်စင်ဂိုဏ်းနဲ့ ထာဝရ အစည်းအရုံးတို့ပဲ ဒီကြယ်တာရာ နယ်မြေနဲ့ အဆက်အသွယ် ရှိတာ... နောက်ပြီး ဘယ်နေရာမှာ ရှိလို့ရှိမှန်း မသိတဲ့ အာကာသ ဝေဟင်ဂိုဏ်းက လွဲလို့ ဘယ်အင်အားစုကမှ ထန်ဂူကို တိုက်ခိုက်ပြီး သူတို့ ရင်းမြစ်တွေကိ ဖြုန်းတီးချင်မှာ မဟုတ်ဘူး”
စီနီယာ အမလင်းက သက်ပြင်းချရင်း ရှင်းပြလိုက်၏။ ထန်ဂူမှာ သာမန် အားထုတ်မှု အနည်းငယ်လောက်ဖြင့် ဖျက်ဆီးပစ်နိုင်သည့် တည်ရှိမှုတစ်ခု မဟုတ်ချေ။ မည်သူမဆို ၎င်းအား တိုက်ခိုက်ရန် ဝန်လေးကြလိမ့်မည်သာ ဖြစ်သည်။
“ထာဝရ အစည်းအရုံးက ဘာမှ မလုပ်ဘူးလား... သူတို့ စပြီး လှုပ်ရှားနေပြီ ဆိုလား စီနီယာ အမပြောတာ ကျွန်တော် ကြားလိုက်တယ်... သူတို့က ဘာလုပ်ဖို့ စီစဥ်နေတာလဲ ”
လင်းမင်က မေးလိုက်၏။ ထာဝရ အစည်းအရုံး၏ အင်အားကို သူ မသိသော်လည်း သေချာတာ တစ်ခုက သူတို့မှာ အားတော့နည်းလိမ့်မည် မဟုတ်ချေ။
စီနီယာ အမလင်းက လင်းမင်ကို တစ်ချက် ပြန်ကြည့်လိုက်၏။
“သူတို့က နေရာပြောင်းဖို့ လုပ်နေတာ”
“နေရာပြောင်းဖို့...”
ပိုင်ယုရှီနှင့် လင်းမင် နှစ်ယောက်စလုံးမှာ မျက်လုံးများ ပြူးသွားကြ၏။ ထိုအရာက ဘာအဓိပ္ပာယ်နည်း။ ကြယ်တာရာ နယ်မြေကြီးတွင် နေထိုင်သည့် သက်ရှိ အရေအတွက်မှာ ထရီလျံ ရာပေါင်းများစွာ အထိ ရှိသည်။ ထိုမျှ များပြားလွန်းသည့် အရေအတွက်ကို မည်ကဲ့သို့ နေရာပြောင်းမည်နည်း။
“ဟုတ်တယ် နေရာပြောင်းမှာ... ဒီနေရာမှာ ရှိတဲ့ လူသား၊ အယ်ဗန်နဲ့ နတ်ဆိုးတိုင်းကို နေရာပြောင်းဖို့ သူက အမိန့်ထုတ်ပြီးပြီ”
စီနီယာ အမလင်း၏ လေသံက အနည်းငယ် အုံ့မှိုင်းနေကာ စိတ်လှုပ်ရှားသည့် အငွေ့အသက် အချို့ဖြင့် လွှမ်းခြုံနေပေသည်။
လင်းမင်မှာ ထာဝရ အစည်းအရုံးက မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်း တွေးတောရင်း အတွေးများ အတွင်း နစ်မြောသွားခဲ့သည်။ သို့သော်လည်း... ကံမကောင်းစွာပင် စီနီယာ အမလင်း၏ စကားထဲတွင် လျစ်လျူထားခဲ့သည့် သက်ရှိ နှစ်မျိုးကိုတော့ သူ သတိမပြုမိခဲ့ချေ။
၎င်းတို့ကား သားရဲများနှင့် ရှို့ရန်များပင်။
...
ထိုအချိန်၌ အနန္တ ဧကရာဇ်ဂိုဏ်း အတွင်း၌ ...
ကမ္ဘာဗိုလ်ချုပ် အဆင့် အကြီးအကဲများ၊ ကောင်းကင် ဗိုလ်ချုပ်များ၊ အင်ပါယာ သူတော်စင်များ၊ မူလ အင်ပါယာ သူတော်စင်များနှင့် မဟာ အင်ပါယာ သူတော်စင် ထို့ပိဟန်တို့မှာ ဧကရာဇ်တောင်တွင် စုဝေး ရောက်ရှိနေကြ၏။ သူတို့ အားလုံးမှာ တောင်ခြေ၌ တစ်ညီတစ်ညွှတ်တည်းပင် ရပ်နေကြကာ ဂိတ်တံခါး တည်ရှိရာ အရပ်ကို မျက်နှာမူ နေကြသည်။
ထို့ပိဟန်မှာ ခါတိုင်းလိုပင် မီးခိုးရောင် ခပ်ပွပွ ဝတ်စုံကို ဝတ်ဆင်ထားကာ ခင်မင် ဖော်ရွေတတ်သည့် မျက်နှာ အမူအရာကို ဆင်မြန်းထား၏။ သို့သော်လည်း မည်သူ တစ်ဦးတစ်ယောက်မှ သူ့ကို အထင်သေးရဲခြင်း၊ မလေးမစား ဆက်ဆံရဲခြင်း မရှိပါချေ။ သူက ဂိုဏ်း၏ တစ်ဦးတည်းသော မဟာ အင်ပါယာ သူတော်စင်၊ ပြိုင်ဘက်ကင်း လောကသခင် တစ်ပါး ဖြစ်ပေသည်။ ထပ်ပေါင်းပြောရလျှင် သူက အဂ္ဂိရတ် အင်ပါယာ တစ်ယောက်ကလည်း ဖြစ်ပေသေးသည်။
“မဟာ သူတော်စင်...”
အုပ်စုတစ်ခုမှာ ထပ်မံ ရောက်ရှိလာကာ ဦးညွှတ် နှုတ်ဆက်လိုက်၏။ ထိုအဖွဲ့အား ခေါင်းဆောင်လာသူက အလွန် လှပကာ အသက်ရှူ မှားလောက်သည့် မိန်းကလေး တစ်ဦးပင် ဖြစ်သည်။
သူမက သာမန် တိုက်ပွဲဝင် ဖျင်ကြမ်းဝတ်စုံကို ဝတ်ဆင်ထားကာ ထွားကျိုင်းသော ရင်သား၊ အဆီအပို ကင်းမဲ့သော ခါးတို့နှင့် မိုးမခ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထား၏။ သူမ၏ နှုမ်းကလေးများက နှင်းဆီရောင် သမ်း၍ နူးညံ့ စိုစွတ်နေကာ ညိုနီဖျော့ရောင် မျက်လုံးလေးများမှာ မျက်တောင် ကော့ညွှတ်နေသည့် မျက်တောင်များနှင့် အတူ တဖျပ်ဖျပ် တောက်ပနေ၏။
သူမကား လှပခြင်းနှင့် ဆွဲဆောင်မှု ရှိခြင်း တည်းဟူသော ဝေါဟာရ နှစ်ခု၏ အဓိပ္ပာယ်ကို အဆုံးစွန်ထိ ရောက်အောင် တစ်ပြိုင်နက်တည်း ဖွင့်ဆိုနေကာ ပုရိသတိုင်းကို အမြင်အာရုံများပင် ဝေဝါးသွားအောင် ပြုစားနိုင်စွမ်း ရှိသူ တစ်ယောက် ဖြစ်သည်။
ထို့ပိဟန်က မိန်းကလေး ဘက်သို့ လှည့်ကြည့်ရင်း ဖြူရော်စွာ ပြုံးလိုက်၏။
“ညည်းက ငါ့ကို ဦးညွှတ်တယ် ဆိုတာ သူဌေးလေးသာ သိရင် ဘယ်လိုတွေးနေမယ် ထင်လဲ”
တစ်ချိန်တည်း၌ သူက သိမ်မွေ့သည့် စွမ်းအင် တစ်ခုကို လွှတ်ထုတ်ကာ မိန်းကလေးအား ဦးမညွှတ်နိုင်စေရန် တားဆီးလိုက်၏။
အခြားလူများမှာ မိန်းကလေးကို လှည့်ကြည့်ရင်း ထို့ပိဟန်၏ စကားနှင့် အပြုအမူတို့က တရားမလွန် ဟု ခံစားလိုက်ကြရသည်။ အကယ်၍ ထို့ပိဟန် နေရာတွင် သူတို့ ဆိုပါကလည်း ထိုကဲ့သို့ပင် ပြုလုပ်လိမ့်မည် ဖြစ်သည်။
အဘယ်ကြောင့်နည်း။ အဖြေက မေးစရာ မလိုအောင် ရှင်းလင်းလှသည်။ သူမက အာရုဏ်ဦး အာဏာရှင် ဧကရာဇ်၏ တစ်ဦးတည်းသော တရားဝင် ကိုယ်လုပ်တော် ရွှယ်ရီဖေးမှ ဖြစ်နေသောကြောင့်ပင်။ တစ်ချိန်တည်း၌ သူတို့မှာ မိန်းကလေး၏ အလှတရားကို ကြည့်ကာ စိတ်ထဲမှ ကြိတ်ချီးကျူးလိုက်မိ၏။ ဝေ့ဝူယင်ကဲ့သို့ ထူးချွန်သည့် လူငယ် တစ်ယောက်ကို ပိုင်ဆိုင်ရခြင်းက ရွှယ်ရီဖေး အတွက် ကံကောင်းခြင်း ဖြစ်သလို ထိုကဲ့သို့ ပြည်တန် မိန်းမလှလေးမျိုးကို ပိုင်ဆိုင်ထားခြင်ကလည်း ဝေ့ဝူယင် အတွက်တော့ ကံကောင်းခြင်းပင် ဖြစ်သည်။
“မဟာ သူတော်စင်... သူ စိတ်ထဲထားမှာ မဟုတ်ပါဘူး...”
ရွှယ်ရီဖေးက ထိုကဲ့သို့ ပြောလိုက်သော်လည်း နောက်တစ်ဖန် ဦးညွှတ်ခြင်းတော့ မပြုတော့ချေ။ သူမ၏ နောက်တွင်တော့ သူမ ကိုယ်တိုင် ဉီးဆောင် ဖွဲ့စည်းထားသည့် ဗာကီရီ အဖွဲ့ခွဲဝင် ဆယ့်ငါးယောက် ပါရှိ၏။
လွန်ခဲ့သည့် နှစ်နှစ်နီးပါးခန့် အတောအတွင်း၌ ရွှယ်ရီဖေး အပါအဝင် မိန်းကလေး အားလုံးမှာ ဗာကီရီ အဖွဲ့ကို ဖွဲ့စည်းခဲ့ကြသည်။ ဗာကီရီ အဖွဲ့၏ ဖွဲ့စည်းပုံက ဝေ့ဝူယင်၏ အကြုံပေးချက် အရ အာဏာရှင်များ အဖွဲ့ အတိုင်းပင် ဖြစ်သည်။
ဝေ့ဝူယင်သည် အာဏာရှင် အဖွဲ့ကို ပုံံစံနှစ်မျိုးဖြင့် ဖွဲ့စည်းခဲ့ပြီး သီးသန့် ကိုယ်ရံတော် အဖွဲ့နှင့် အာဏာရှင် စစ်တပ်တို့ ဟူ၍ ဖြစ်သည်။ ဟုန်ချွင်းဟွာမှာ အာဏာရှင် စစ်တပ်၏ ပထမ ဗိုလ်ချုပ် ဖြစ်ကာ ကျူးဟိုင်တို့မှာ ဝေ့ဝူယင်၏ သီးသန့် ကိုယ်ရံတော် အာဏာရှင်များ ဖြစ်ကြသည်။
ဗာကီရီ အဖွဲ့ဝင် တစ်ယောက်ချင်းစီမှာ ကိုယ်ပိုင် အဖွဲ့ခွဲကို ဖွဲ့စည်းရမည် ဖြစ်ပြီး ထိုအရာက သူတို့ ကိုယ်ပိုင် အင်အားစု ဖြစ်လာလိမ့်မည် ဖြစ်သည်။ သူတို့က ထိုအဖွဲ့ကို ကိုယ်ပိုင် နည်းလမ်းများဖြင့် ပြုစုပျိုးထောင်ရမည် ဖြစ်ကြီး အကယ်၍ ဆန္ဒ ရှိပါက နောင်တစ်ချိန်တွင် ဂိုဏ်းများအဖြစ် တိုးချဲ့နိုင်ပေသည်။
ရွှယ်ရီဖေး အပါအဝင် မိန်းကလေးတိုင်း မှာ ဝေ့ဝူယင် ဗာကီရီ အဖွဲ့ကို ဖွဲ့စည်းခိုင်းခြင်း၏ ရည်ရွယ်ချက်ကို သဘောပေါက်ပေသည်။ သူက “ငါမရှိတဲ့ အချိန်မှာ မင်းတို့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ကိုယ်ပိုင်အဖွဲ့ ဖွဲ့ထားကြ” ဟု တစ်နည်းအားဖြင့် ညွှန်ကြားလိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် သူတို့အားလုံးမှာ အချိန်မဖြုန်းတီးခဲ့ကြချေ။
ရွှယ်ရီဖေကလည်း သွေးပန်းပဲဖို နဂါး ဆိုသည့် ကိုယ်ပိုင် အဖွဲ့တစ်ဖွဲ့ကို ဖွဲ့ခဲ့သည်။ သူမ၏ အဖွဲ့အတွင်း လက်ရှိ ပါဝင်သူများမှာ မိန်းကလေးများသာ ဖြစ်သည်။ သို့သော်လည်း မည်သူ တစ်ဦးတစ်ယောက်မျှ အားနည်းကြသူများ မဟုတ်ကြချေ။ သူတို့အားလုံးမှာ ကြယ်တာရာ အမြုတေ အဆင့် ကျင့်ကြံသူများ ဖြစ်ကြကာ ရွှေရီဖေး၏ ပံ့ပိုးမှုနှင့် အတူ အဆင့်တူ ကျင့်ကြံသူ အများစုထက် ပိုမို၍ အစွမ်းထက်ကြသူများ ဖြစ်သည်။
လွန်ခဲ့သည့် နှစ်နှစ် နီးပါးခန့် အတွင်း ရွှယ်ရီဖေးနှင့် သွေးပန်းပဲဖို နဂါး အဖွဲ့ဝင်တို့ ပြသခဲ့သည့် အရည်အချင်းကို ထို့ပိဟန် ကိုယ်တိုင်ပင် ချီးကျူး ခဲ့ရသည်။ အော်ရစ်ပင်လယ် အတွင်း နေထိုင်နေသည့်တိုင် ထို့ပိဟန်မှာ နေ့စဉ်နေ့တိုင်းလိုပင် အနန္တ ဧကရာဇ်ဂိုဏ်းမှ သတင်း အချက်အလက်များကို လက်ခံ ရရှိခဲ့သည်။ ရွှယ်ရီဖေးနှင့် သူမ၏ အဖွဲ့မှာ တည်ထောင်ပြီး သိပ်မကြာခင်ကတည်းကပင် ကုန်းမြေတိုက်ကြီး တစ်ခုကို သိမ်းပိုက်နိုင်ခဲ့သည်။ ထိုအရာက ကြီးကျယ်ခမ်းနားသော အောင်မြင်မှု တစ်ခု ဖြစ်ပြီး ရွှယ်ရီဖေး၏ တိုက်ခိုက်ရေး ဗျူဟာနှင့် တိုက်ပွဲဝင် စွမ်းရည်တို့က ပြောစမှတ် တွင်ကျန်အောင် ပြောင်မြောက်လွန်းလှသည်။
ပြောရလျှင် ရွှယ်ရီဖေးမှာ လှပမှု၊ ဥာဏ်ရည်ဉာဏ်သွေး၊ ပါရမီနှင့် ခွန်အားတို့တွင် ခြွင်းချက် မရှိအောင် ဘက်ပေါင်းစုံမှ ပေါင်းစပ်ထားသည့် ရှာမှရှား မိန်းကလေး တစ်ယောက်ပင်။
“မဟာ သူတော်စင်... ဘာလို့ ကျွန်မတို့ကို ဒီနေရာ ဆင့်ခေါ်ရတာလဲ”
ရွှယ်ရီဖေးက လူတိုင်း သိချင်နေသည့် မေးခွန်းကို မေးလိုက်၏။ ပုံမှန်အားဖြင့် ဆိုလျှင် ယခုလို အင်ပါယာ ဆင့်ခေါ်မှုမျိုးကို စစ်ကြေညာသည့် အခါမျိုးတွင်မှ အသုံးပြုလေ့ ရှိသည်။ ထို့အပြင် ထို့ပိဟန်မှာ အော်ရစ်ပင်လယ်တွင် ဂိတ်တံခါးကို စောင့်ကြပ်နေသည် မဟုတ်ပါလော။ သူက အဘယ်ကြောင့် ပြန်လာခဲ့သနည်း။
“လူစုံရင် ငါရှင်းပြပါ့မယ်”
ထို့ပိဟန်က တုန့်ပြန်လိုက်၏။ ရွှယ်ရီဖေးက ခေါင်းညိတ်လိုက်ရင်း သူမ၏ အဖွဲ့သားများကို ခေါ်ကာ နေရာလွတ် တစ်ခုတွင် သွားရောက် နေရာယူလိုက်သည်။
မကြာခင်မှာပင် အခြားအုပ်စုတစ်ခု ထပ်မံ ရောက်ရှိလာခဲ့၏။ သလင်းကျောက်ကဲ့သို့ ကြည်လင်နေသည့် မျက်ဝန်း တစ်စုံမှာ ကောင်းကင်မှ ဆင်းသက်ကာ လူအုပ်ရှေ့သို့ ကျဆင်းလာသည်။ ချက်ချင်းပင် လူများမှာ မင်းမျိုးမင်းနွယ် တစ်ယောက်၏ အရှိန်အဝါနှင့် ထိတွေ့သလိုမျိုး ဖိနှိပ်မှုကို ခံစားလိုက်ရ၏။ သူမက မက်မွန်သီး နှုတ်ခမ်းများနှင့် အနက်ရောင် ဆံနယ်ကို ပိုင်ဆိုင်ထားကာ ရွှယ်ရီဖေးနှင့် နှိုင်းယှဥ်နိုင်လုနီးပါး လှပသူ ဖြစ်သည်။ သူမ၏ လည်ပင်းထက်တွင်တော့ အနက်ရောင် လက်စွပ်ကလေး တစ်ကွင်းကို ကြိုးဖြင့်သိုင်း၍ ဆွဲထားကာ ၎င်းမှာ ထွားကြိုင်းသော ရင်သားနှစ်မြွာ အကြားတွင် သက်တောင့်သက်စွာ တွဲလောင်း ကျနေခဲ့၏။
မိန်းကလေးကို မြင်သည်နှင့် ထို့ပိဟန်၏ အမူအရာက ပြောင်းလဲသွားကာ လေးစားသည့် အရိပ်အငွေ့ အချို့ဖြင့် ယှက်သမ်းသွား၏။
“မဟာ မင်းသမီး...”
သူက အနည်းငယ် ဦးညွှတ်လိုက်၏။ ထိုအရာက မဟာ အင်ပါယာ သူတော်စင် တစ်ပါး၏ လေးစားမှုကို အမြင့်မားဆုံးသော နည်းဖြင့် ဖော်ပြလိုက်ခြင်းပင် ဖြစ်သည်။
ထိုကဲ့သို့ လေးစားမှုမျိုးအား ခံယူထိုက်သူမှာ မဟာ ဧကရာဇ် သွေးမျိုးဆက် ပိုင်ရှင်၊ မဟာ မင်းသမီး ဝူပိုင်ကျိုးမှ လွဲ၍ မည်သူ ဖြစ်နိုင်ပါမည်နည်း။
***