← Chapters

ဝူယုဂြိုဟ်သို့

Vol. 39 Ch. 539

ဝူယုဂြိုဟ်သို့

Vol. 39 Ch. 539

ဝူပိုင်ကျိုး၏ နောက်တွင်လည်း လက်အောက်ငယ်သား အချို့ လိုက်ပါလာ၏။ လွန်ခဲ့သည့် နှစ်နှစ်အတွင်းတွင် ဝူပိုင်ကျိုးမှာလည်း ကမ္ဘာ့ ရွေးချယ်ခံနှင့် ‌ကောင်းကင် နိုဘယ်များ ပါဝင်သည့် ကိုယ်ပိုင် ဗာကီရီ အဖွဲ့ကို ဖွဲ့စည်းပြီး ဖြစ်သည်။

ရွှယ်ရီဖေးနှင့် ခြားနားစွာပင် ဝူပိုင်ကျိုး၏ အဖွဲ့အတွင်း၌ ယောက်ျားနှင့် မိန်းမများ အပါအဝင် မျိုးနွယ် ပေါင်းစုံ ရောနှော ပါဝင်နေသည်။ သို့သော်လည်း အဖွဲ့ဝင် တစ်ယောက်ချင်းစီတိုင်းမှာ ဝူပိုင်ကျိုး ကိုယ်တိုင် သေချာ စီစစ် ရွေးချယ်ကာ  ပြုစုပျိုးထောင် ပေးထားသူများ ဖြစ်သည်။ ဝူပိုင်ကျိုး၏ ဗာရီကီ အဖွဲ့ခွဲဝင်များမှာ သူတို့အားလုံးမှာ ‌ရွှေရောင်နှင့် အဖြူရောင် ‌ရောနှောသည့် တူညီ သံချပ်ကာ ဝတ်စုံကို ဝတ်ဆင်ကြကာ တစ်သွေး၊ တစ်သံ၊ တစ်မိန့် ဝိညာဥ်ကို တစ်ညီတစ်ညွှတ်တည်း ပိုင်ဆိုင်ကြပေသည်။

လူအုပ်ကြီးမှာ ဝူပိုင်ကျိုးကို ကြည့်ကာ အုတ်အုတ်ကျက်ကျက် ဖြစ်သွားကြ၏။ သူမမှာ လွန်ခဲ့သည့် နှစ်ပေါင်း ထောင်ချီ ကာလအတွင်း ပေါ်ထွက်ခဲ့သည့် တစ်ဦးတည်းသော အမျိုးသမီး မဟာ ဧကရာဇ် သွေးမျိုးဆက် ဖြစ်သည်။ သို့သော်လည်း သူမ၏ စွမ်းဆောင်ရည်များက လုံချန်အပါအဝင် မဟာ မင်းသားတိုင်းထက် ပိုမို၍ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။

မဟာ မင်းသမီးတစ်ပါး ဖြစ်လာခဲ့သည့် တစ်နှစ် အတွင်းမှာပင် ဝူပိုင်ကျိုးမှာ အာဏာရှင်များ အဖွဲ့၏ ကျောထောက်နောက်ခံနှင့် အတူ အနန္တ ဧကရာဇ်ဂိုဏ်း၏ များစွာသော ဆုံးရှုံးခံ နယ်မြေများကို သိမ်းပိုက်ခဲ့သည်။ နံရံတိုင်းတွင် သူမ၏ နာမည်ကို သွေးဖြင့် ထွင်းထုခဲ့သည်။ ဝူပိုင်ကျိုး ဆိုသော နာမည်ကို ကြားတိုင်း မရေမတွက်နိုင်‌သော ရန်သူများမှာ မိစ္ဆာ တစ်ကောင်လို ကြောက်ရွံ့ကြရသည်။ အနန္တ ဧကရာဇ်ဂိုဏ်းသားများက နတ်ဘုရားမ တစ်ပါးလို ကိုးကွယ်ကြသည်။ ဝူပိုင်ကျိုး တိုက်ရိုက် အစားထိုး နေရာယူထားသည့် မဟာ မင်းသား လုံချန်ကို အားလုံး မေ့လုနီးနီးပင် ဖြစ်နေကြပြီ ဖြစ်သည်။

ဝူပိုင်ကျိုးကလည်း ဦးတစ်ချက် ညွှတ်ကာ ထို့ပိဟန်ကို လေးစားမှု ပြန်လည် ပြသလိုက်၏။ ထို့နောက် သူမက ရွှယ်ရီဖေးကို ကြည့်ကာ ပြုံးပြလိုက်သည်။ သို့သော်လည်း သူမ၏ မျက်လုံးများက ယှဥ်ပြိုင်လိုစိတ်များဖြင့် တဖျပ်ဖျပ် တောက်ပနေခဲ့၏။

သူတို့ နှစ်ယောက်စလုံးမှာ ဗာကီရီ အဖွဲ့ဝင်များ ဖြစ်ကြသည့်တိုင် မတူကွဲပြားသည့် အမြင်နှင့် ခံယူချက် ရှိကြသူများ ဖြစ်ပေသည်။ မိမိ၏ လက်ငါးချောင်းပင် မညီလေရာ တစ်ယောက်နှင့် တစ်ယောက် ထပ်တူညီရန် မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။ သို့သော်လည်း သူတို့ အားလုံး၏ ရည်မှန်းချက်ကတော့ တစ်သွေးတစ်သံတည်း ဖြစ်ကာ အမြင့်မားဆုံးသော အင်အားကို ထူထောင်ရန် ဖြစ်သည်။

ဝူပိုင်ကျိုး အတွက်တော့ ဗာကီရီ အဖွဲ့ဝင် တစ်ယောက်ချင်းစီတိုင်းမှာ ရန်သူ မဟုတ်ကြသော်လည်း ပြိုင်ဘက်များ ဖြစ်နေသေးဆဲ ဖြစ်သည်။

မိတ်ဆွေစစ်၊ မိတ်ဆွေမှန် ဆိုသည်မှာ မှာ ပူးပေါင်းသင့်သည့် အချိန်အခါတွင် ပူးပေါင်းရမည် ဖြစ်သလို ပြိုင်ဆိုင်သင့်သည့် အခါတွင်လည်း မှန်ကန်သော နည်းလမ်းဖြင့် ယှဥ်ပြိုင်ရမည် ဖြစ်သည်။ ထိုအရာက ဝေ့ဝူယင် ကိုယ်တိုင် ဆုပ်ကိုင်ထားသည့် အတွေးအမြင်နှင့် ခံယူချက် ဖြစ်သည်။

ရွှယ်ရီဖေးနှင့် ဝူပိုင်ကျိုးတို့ ရောက်ရှိပြီး နောက်တွင် ထို့ပိဟန်က လူအုပ်ကို တစ်ချက် ဝှေ့ကြည့်လိုက်၏။ ဟုန်ရု၊ ရှောင်ပင်း၊ လင်းကျိရန်နှင့် နာ့ရှင်းရီတို့ အပါအဝင် အခြား ဗာကီရီ အဖွဲ့ဝင်များမှာ တံခါးပိတ် ကျင့်ကြံကာ ဝိညာဥ်ဆင်းတု အဆင့်ကို တက်လှမ်းနေကြောင်း သူ အစောကြီးကတည်းက သတင်း ရရှိပြီး ဖြစ်သည်။ သို့ဖြစ်လေရာ သူတို့မှာ လာလိမ့်မည် မဟုတ်ပါချေ။

အင်ပါယာ ဆင့်ခေါ်မှု အမိန့် အဆုံးမသတ်ခင်မှာပင် အခြား အဖွဲ့အချို့ ထပ်မံ ရောက်ရှိလာကြ၏။ သူတို့မှာ အခြားဂြိုဟ်များ၊ ကုန်းမြေတိုက်ကြီးများသို့ ရောက်ရှိနေသဖြင့် နောက်ကျနေကြခြင်း ဖြစ်သည်။

သတ်မှတ်ထားသည့်လူ အကုန်စုံသည်နှင့် ထို့ပိဟန်က ကောင်းကင်ထက်သို့ အနည်းငယ် ပျံတက်လိုက်ရင်း ကြေညာလိုက်၏။

“ငါတို့ ဝူယုဂြိုဟ်ကို သွားကြမယ်... မင်းတို့ လုပ်ရမှာက ကိုယ့်ကိုယ်ကို အဆုံးစွန်ထိ ပြင်ဆင်ထားဖို့ပဲ... အဲဒီနေရာမှာ ငါတို့တွေထက် အများကြီး ပိုအစွမ်းထက်တဲ့ ကျင့်ကြံသူ‌တွေ ရှိကောင်း ရှိနိုင်တယ်... ဒီခရီးကို စစ်ပွဲ တစ်ခုလို စိတ်ထဲမှာ သဘောထားပါ... အချိန်မရွေး တိုက်ခိုက်ဖို့ အတွက် အသင့်ပြင်ထားကြပါ”

ထို့ပိဟန်၏ အမိန့်က လူအုပ်ကြီးကို အံ့သြ သွားစေခဲ့၏။ သို့သော်လည်း သူတို့ အားလုံးမှာ တည်ငြိမ်စွာဖြင့် တိတ်ဆိတ် နေကြဆဲ ဖြစ်သည်။ အနန္တ ဧကရာဇ်ဂိုဏ်းသား တစ်ယောက်ချင်းစီတိုင်းမှာ စစ်ပွဲတွင် အသက်စွန့်ရန် အသွေးခံထားရသည့် ဓားများ ဖြစ်သည်။ သူတို့၏ စိတ်က အမြဲလိုလို စိတ်ပွဲကို ဆာလောင်သည်။ မည်သည့် ရန်သူမျိုးကိုမှ သူတို့ ကြောက်လိမ့်မည် မဟုတ်ပါချေ။

ထို့ပိဟန်က အားလုံး၏ တုန့်ပြန်မှုကို ကြည့်ကာ ခေါင်းတစ်ချက် ညိတ်လိုက်၏။ ထို့နောက် သူက ရွှယ်ရီဖေးနှင့် ဝူပိုင်ကျိုးတို့ကို လှမ်းကြည့်လိုက်သည်။

“သူဌေးလေးလည်း အဲဒီနေရာမှာ ရှိနေလိမ့်မယ် ထင်တယ်”

ထို့ပိဟန်ထံမှ သတင်းစကားက မိန်းကလေးနှစ်ယောက်စလုံး၏ မျက်နှာကို မတူကွဲပြားသည့် ခံစားချက်များဖြင့် ပြည့်နှက်သွားစေ၏။ ရွှယ်ရီဖေး၏ အမူအရာက ချက်ချင်းပင် ချစ်ခြင်း အလင်းရောင်တို့ဖြင့် ပွင့်လန်း တောက်ပလာကာ ဝူပိုင်ကျိုး၏ မျက်လုံးများကတော့ လေးစားသော အငွေ့အသက်တို့ဖြင့် ပြည့်နှက်လာသည်။ ထို့ပိဟန်မှာ မိန်းကလေးနှစ်ယောက်၏ တုန့်ပြန်မှုကို ကြည့်ကာ စိတ်ထဲမှ ပြုံးလိုက်မိ၏။

“ကဲ... ငါတို့ စထွက်လိုက်ရအောင်”

ထို့နောက် သူက လက်တစ်ဖက်ကို‌ ဝှေ့ယမ်းရင်း ဟင်းလင်းပြင် တံခါးကို စတင် အသက်သွင်းလိုက်၏။ မကြာခင်မှာပင် ရောင်စုံတောက်ပသည့် အလင်းရောင်များမှာ တံခါးမှ ထွက်ပေါ်လာကာ စတင် ထွက်ခွာရန် အသင့် ဖြစ်နေခဲ့ပြီ ဖြစ်လေသည်။

...

အစွန်းလေးဖက် နယ်မြေသားများမှာ ဖြည်းညင်းစွာပင် ပတ်ဝန်းကျင် အသစ်နှင့် အသားကျလာကာ  လောကကြီး၏ အပြောင်းအလဲများကို စတင် စိတ်ဝင်စားလာကြ၏။ သူတို့ အတွက် အသိသာဆုံး အပြောင်းအလဲက ကောင်းကင်တွင် ထွန်းလင်းနေသည့် နေသုံးသင်း ဖြစ်သည်။ မကြာခင်မှာပင် ကုန်းမြေတိုက်ကြီး အတွင်း စိမ့်ဝင်နေသည့် စွမ်းအင် အမတေများမှာ တဖြည်းဖြည်း လျော့နည်းလာ‌ကြောင်း သူတို့ သတိထားမိလိုက်၏။

အသက်ဓာတ် အားလုံးကို ခမ်းခြောက်စေသည့် ပျက်သုဥ်းခြင်း စွမ်းအင်များ၊ ပြင်းထန်သည့် အက်စစ်ဓာတ် ပါဝင်နေသည့် အဆိပ်အတောက်ရေများ၊ ကောင်းကင်တစ်ခုလုံး ပြည့်နေသည့် ပြာမှုန်များ၊ ဓားတစ်စင်း ကဲ့သို့ ထက်ရှသည့် လေရူးများ၊ လျှပ်စီးတန်းများနှင့် မိုးအလား ရွာသွန်းနေသည့် နှင်းခဲမှုန်ကြီးများမှာလည်း လျှင်မြန်စွာပင် ပျောက်ကွယ်လာသည်။

ကြည့်ရသည်က ကောင်းကင်ပြို ကပ်ဘေးတွင် သူတို့ အသက်ရှင်ခဲ့သည့်တိုင် အပျက်သဘောဆောင်သည့် ရိုက်ချက်များမှာလည်း ပြင်းထန်လှပုံပင်။

ဘာသာရေး အယူသီးသူများက သူတို့ ကိုးကွယ် ကိုင်းညွှတ်သည့် နတ်ဘုရားများကို တိုင်တည်ကာ ဆုတောင်း  နေကြစဥ်တွင် လက်တွေ့သမားများကတော့ လက်နက်များကို ကိုင်ဆောင်ကာ အဖြေရှာရန် ကြိုးပမ်းနေကြ၏။ အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးက မည်သည့် နေရာသို့ ရောက်ရှိနေသနည်း။

လောကသခင်နှင့် အချိန်သခင်များကတော့ သူတို့၏ နတ်ဘုရား အာရုံဖြင့် ပတ်လည်မှ ဝန်းရံနေသည့် ‌ရေထုကြီးကို တွေ့မြင်နေကြရသည်။ ရဲတင်းသည့် လောကသခင် တစ်ပါးမှာ အထက် တည့်တည့်သို့ ပျံတက်ကြည့်ရာ တစ်ခါမှ မကြုံဖူးသည့် ကောင်းကင်အလွှာများနှင့် အမှောင် ဟင်းလင်းပြင်ကို တွေ့မြင်လိုက်ရ၏။ လောကနယ်မြေကို ထုတ်ဖော်ကာ အဆုံးမဲ့ အအေးဓာတ်ကို တွန်းဖယ်ခြင်းဖြင့် ထိုနေရာ၌ အသက်ရှင်သန်နိုင်သည်ကို သူ တွေ့မြင်ရသည်။ ထိုရှာဖွေတွေ့ရှိမှုက သူတို့ အတွက်တော့ ‌ရေတွင်း အပြင်ဘက်ကို ရောက်ရှိလာသည့် ဖားသူငယ်လိုပင် ဖြစ်သည်။

တစ်နာရီခန့် အတောအတွင်းမှာပင် အခြား လောကသခင်များမှာလည်း ကောင်းကင်သို့ ပျံတက်လာကာ အမှောင် ဟင်းလင်းပြင်ကို စူးစမ်းဖို့ ကြိုးစားကြတော့၏။ သူတို့သည် ရောက်ရှိနေသည့် ဂြိုဟ်ကြီးထက် အမှောင် ဟင်းလင်းပြင်ကို ပိုမို စိတ်ဝင်စားနေကြပေသည်။

ဝေ့ဝူယင်မှာ ထိုအရာကို မျှော်လင့်ထားပြီး ဖြစ်သည်။ သက်ရှိများမှာ အမြဲတမ်း လိုလို စူးစမ်းတတ်သည့် သက်ရှိများ ဖြစ်သည်။ သူတို့ကို ခုန်နိုင်စွမ်း ပေးလျှင် ခုန်မည် ဖြစ်သည်။ လမ်းလျှောက်နိုင်စွမ်း ပေးလျှင် လမ်းလျှောက်မည် ဖြစ်သည်။

သူတို့က ရရှိလာသည့် စွမ်းရည်ကို အကန့်အသတ်ထိ ရောက်အောင် သုံးကာ လောကကို စိုးမိုးရန် ကြိုးစားကြလိမ့်မည် ဖြစ်သည်။ ထို့‌ကြောင့်ပင် ထိန်းချုပ်မှုအောက်မှ လွတ်ထွက်မသွားစေရန် အတွက် ဝေ့ဝူယင်မှာ တော်ဝင်မျိုးနွယ်ကြီး နှစ်ခုကို တစ်ဖက်လှည့်ဖြင့် ဖြုတ်ချကာ အစွန်းလေးဖက် လောကနယ်မြေ၏ အစွမ်းထက် ကျင့်ကြံသူ ဦးရေကို လျှော့ချခဲ့ခြင်း ဖြစ်သည်။

တစ်ချိန်တည်း၌ သူက အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးပေါ်တွင် အခိုင်မာဆုံးသော အင်အားစုကို စုစည်းခဲ့ပြီး ဖြစ်သည်။ သူ့လက်အောက်တွင် အချိန်သခင် နှစ်ယောက်နှင့် လောကသခင်များစွာ ရှိကာ သူတို့ အားလုံးမှာ တော်ဝင် သားတော်အတွက် လိုအပ်လျှင် အသက်စွန့်ရန် အဆင်သင့် ဖြစ်နေကြသူများ ဖြစ်သည်။

ထို့အပြင် သုံးလွှာ ကြယ်တာရာ နယ်မြေကို နဂါးများ ပြန်လည် တိုက်ခိုက်ဖို့ ကြိုးပမ်းလျှင် ဆိုသည့် ကဏ္ဍအတွက်လည်း သူ အဆင်သင့် ပြင်ဆင်ပြီး ဖြစ်သည်။ ဝေ့ဝူယင် သူတို့ကို လွှတ်ပေးခဲ့သည့် ရည်ရွယ်ချက်မှာ ကြယ်တာရာ နယ်မြေကို ပြန်လည် တိုက်ခိုက်ရန် မဟုတ်ချေ။ အဆုံးစွန်သော နှိပ်စက်မှုများကို မခံစားစေလိုခြင်း တစ်ခုတည်းအတွက် ဖြစ်သည်။ အကယ်၍ သူတို့က ရန်လိုလျှင် သူ့ဘက်ကလည်း တူညီစွာ ပြန်လည် ဆက်ဆံရလိမ့်မည် ဖြစ်သည်။

လက်ရှိ၌ ဝေ့ဝူယင်မှာ ပျက်သုဥ်းခြင်း နယ်မြေ မဟာငလျင်မြို့တော်တွင် ရောက်ရှိနေခဲ့သည်။ ထိုအရာက အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးပေါ်သို့ ရောက်ရှိပြီးနောက် သူ သိမ်းပိုက်ခဲ့သည့် ပထမဆုံးမြို့ ဖြစ်သလို စွန့်စားခန်းများ စတင်ခဲ့ရာ မြို့လည်း ဖြစ်သည်။

သူ မြို့တော် ဂိတ်တံခါးဆီသို့ သွားရောက်ကာ အတွင်းပိုင်း လုပ်ဆောင်ချက်များကို စစ်ဆေးခဲ့ပြီး ဖြစ်သည်။ ပထမ သူ၏ ရည်ရွယ်ချက်က ထိုဂိတ်တံခါးကို အသုံးပြုကာ အနန္တ ဧကရာဇ်ဂိုဏ်းသို့ ပြန်ရန် ဖြစ်သည်။ သို့သော်လည်း ကံဆိုးစွာပင် ဂိတ်တံခါး အားလုံးမှာ အမှောင် ဟင်းလင်းပြင် အတွင်း ဖြတ်သန်းမှု အကျိုးဆက်ကြောင့် ကျိုးပျက်သွားခဲ့ပုံ ပေါ်သည်။ ၎င်းက အံ့အားသင့်ဖွယ် တွေ့ရှိမှု တစ်ရပ် ဖြစ်ပြီး သူ ကိုယ်တိုင်ပင် မည်ကဲ့သို့ ရှင်းပြရမည်မှန်း မသိချေ။

ဂိတ်တံခါးများကို ပြန်လည် ပြင်ဆင်ရန်လား။ ရှင်းလင်းစွာပင် ထိုအရာက သူ ကျွမ်းကျင်သော အလုပ် မဟုတ်ချေ။ သူက အဂ္ဂိရတ် ပညာရပ်တွင် အလွန် ထူးချွန်သည့်တိုင် ပန်းပဲဖို ပညာရပ် နယ်ပယ်တွင်တော့ အခြေခံ အဆင့်သာ ရှိပေသည်။

ပြန်လည် တည်ဆောက်နိုင်သူကို ရှာဖွေရန်လား။ အစွန်းလေးဖက် လောကနယ်မြေတွင် ၎င်းကို ပြန်လည် ပြင်ဆင်နိုင်သည့် ထိပ်သီး ကျွမ်းကျင်သူများစွာ ရှိကောင်း ရှိနိုင်သည့်တိုင် အနည်းဆုံး ဤမြို့တော်နှင့် အနီးအနားတစ်ဝိုက်၌ မရှိသည်က သေချာသည်။ ဂိတ်တံခါးအား ပြန်လည် ပြင်ဆင်နိုင်စွမ်း မရှိလေရာ သူ့အတွက် လုပ်စရာ တစ်ခုသာ ရှိပေတော့သည်။

သွေးမျိုးဆက် ရင်းမြစ်ကို ပြန်လည် ပြုပြင်ရန်ပင်။

***

All Chapters