← Chapters

မဟာငလျင်မြို့တော်

Vol. 39 Ch. 540

မဟာငလျင်မြို့တော်

Vol. 39 Ch. 540

ဝေ့ဝူယင်မှာ သင့်တော်သည့် နေရာတစ်ခုကို ရှာဖွေကာ ပျက်သုဥ်းခြင်း ပုလဲများကို ထုတ်ယူလိုက်၏။  သူက ထိုအထဲတွင် ပါဝင်နေသည့် နဂါးသွေးစွမ်းအင်များကို သန့်စင်ကာ အချိန်တို အတွင်း သွေးမျိုးဆက် ရင်းမြစ်ကို ပြန်လည် သိုမှီးနိုင်ဖို့ ရည်ရွယ်ထားပေသည်။

သို့သော်လည်း ကံမကောင်းစွာပင် ကျင့်ကြံခြင်း အခြေခံ ပိုမို မြင့်မားလာခြင်းနှင့် အတူ သွေးမျိုးဆက် ရင်းမြစ်မှာလည်း သိုမှီးရန် ပိုမို၍ ခက်ခဲလာသည်။ မရပ်မနား ကျင့်ကြံမည် ဆိုလျှင်ပင် အကြမ်းဖျဥ်း သုံးရက်လောက် ကြာမှ အပြည့်အဝ ပြန်လည် ကောင်းမွန်လာဖို့ ရှိသည်။ ပုံမှန်အားဖြင့် သုံးရက်ဆိုသည့် အချိန်က မျက်တောင် တစ်ခပ်စာသာ ဖြစ်သည့်တိုင် ကပ်ဘေးမှာ နောက်ဆယ့်သုံးရက် အကြာတွင် လာမည် ဖြစ်လေရာ ကြီးမားသော အချိန်ဖြုန်းတီးမှု ဖြစ်သည်။

“ဒီအတောအတွင်း လောကပင်လယ်တွေကိုလည်း ငါ ပြန်ပြီး စွမ်းအင် ဖြည့်တင်းရဦးမယ်... နောက်ပြီး ဆယ့်သုံးရက် ဆိုတဲ့ အချိန်က အလင်းပြန်ခြင်း အဆင့်ရဲ့ အကန့်အထိ ရောက်အောင် ကျင့်ကြံဖို့ ဘယ်လိုမှ လုံလောက်မှာ မဟုတ်ဘူး”

ဝေ့ဝူယင်က လက်ရှိ အခြေအနေကို ဝေဖန် ဆန်းစစ်ရင်း အဆင့်ကိုး ထုတ်ကုန် အချို့ကို ထုတ်ယူလိုက်၏။ အလင်းပြန်ခြင်း အဆင့်ကို ရောက်ရှိပြီးကတည်းက အဆင့်ကိုး ဆေးလုံးများဖြင့် ကျင့်ကြံခြင်း အခြေခံကို မြှင့်တင်ရန် သူ့တွင် အချိန် မရှိခဲ့ချေ။ လက်ရှိ သူ ပိုင်ဆိုင်ထားသည့် သုံးဆယ့်နှစ် စင်တီမီတာ ကြယ်တာရာ အမြုတေများမှာ အလင်းပြန်ခြင်း အဆင့်၏ အကန့်အသတ် မဟုတ်ချေ။

ဝေ့ဝူယင် ကျင့်ကြံနေစဥ်မှာပင် နှစ်ရက် ဆိုသည့် အချိန်မှာ လျှင်မြန်စွာ ကုန်ဆုံးသွား၏။ အတောအတွင်း၌ အ‌မှောင်ဟင်းလင်းပြင်ကို စူးစမ်းရန် ကြိုးစားနေကြသည့် လောကသခင် အချို့မှာ အန္တရာယ်များနှင့် ရင်ဆိုင် ကြုံတွေ့နေကြရသည်။ အချို့ဆိုလျှင် ပေါက်ကွဲ သေဆုံးကာပင် သွားကြ၏။ မည်သို့ပင် ဆိုစေ... အမှောင် ဟင်းလင်းပြင်မှာ အကြွင်းမဲ့ အအေးဓာတ် အပြင် အမျိုးမျိုးသော အန္တရာယ်များနှင့် ပြည့်နှက်နေတတ်သည့် နေရာတစ်ခု မဟုတ်ပါလား။

သို့သော်လည်း လူဆိုသည့် သက်ရှိများမှာ အမြဲတမ်း ပိုမို ကောင်းမွန်သော နည်းလမ်းများကို ရှာဖွေတတ်သည့် သတ္တဝါများ ဖြစ်ပေသည်။ သူတို့ထဲမှ အများစုမှာ ရှေးလူများ၏ အမှားများကို ပြင်ဆင်ကာ ရှေ့သို့ ဆက်နိုင်ခဲ့ကြသည်။ ဤသို့နှင့် ကံကောင်းထောက်မသည့် လောကသခင် အချို့မှာ အနီးအနားရှိ ဂြိုဟ်များကို ရှာဖွေ တွေ့ရှိကာ ဝင်ရောက်ရန် ကြိုးစားခဲ့ကြသည်။ သို့သော်လည်း သူတို့ ရရှိခဲ့သည့် အကျိုးအမြတ်က ဂြိုဟ်ဝင်္ကပါများ၏ အလွန် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည့် တုန့်ပြန်မှုသာ ဖြစ်သည်။ ကာလတိုအတွင်း ထိုဝင်္ကပါများကို ထိုးဖောက်ရန် နည်းလမ်းများ ရှာဖွေ တွေ့ရှိကောင်း တွေ့ရှိနိုင်သော်လည်း နှစ်ရက်ဆိုသည့် အချိန်ကတော့ ဘယ်လိုနည်းနှင့်မှ မလုံလောက်ပါချေ။

ထိုနှစ်အတွင်း မီးခိုးရောင် သဲသောင်ပြင် အယ်ဗန်များနှင့် အစစ်အမှန် ပျက်သုဥ်းခြင်း ဘုရားကျောင်းတို့ကတော့ တိတ်ဆိတ် နေခဲ့ကြသည်။ သူတို့က မည်သည့် အဖွဲ့ဝင် တစ်ဦးတစ်ယောက်ကိုမှ ပြင်ပသို့ စေလွှတ်ခြင်း မပြုကြချေ။ သူတို့၏ လုပ်ရပ်ကို သတိပြုမိသူ အချို့ကတော့ ၎င်းမှာ ပျက်သုဥ်းခြင်း တော်ဝင် သားတော်၏ လမ်းညွှန်မှု ဖြစ်နိုင်ကြောင်း သုံးသပ် နေကြသည်။

ထိုကဲ့သို့ ရှုပ်ထွေးသော အဖြစ်အပျက်များ ဆက်တိုက် ဖြစ်ပျက်နေခဲ့ချိန်တွင် ထောင်ချီ ပါဝင်သည့် လူအုပ်ကြီး တစ်ခုမှာ မဟာငလျင်မြို့ အနီးရှိ လေထုထဲတွင် ပေါ်ထွက်လာခဲ့၏။ ထိုလူအုပ်ကြီး အပြင် မဟာငလျင် မြို့တော်ဆီသို့ လျှင်မြန်သော အရှိန်ဖြင့် ချည်းကပ်နေခဲ့သည့် ပုံရိပ်နှစ်ခုလည်း ရှိပေသည်။

ပထမ ပုံရိပ်ကား အသက်ရှူမှားလောက်အောင် လှပသည့် မိန်းမငယ်လေး  တစ်ယောက် ဖြစ်သည်။ သူမက အစိမ်းရောင် ‌တောက်ပသည့် အော်ရာများကို ဝန်းရံကာ ကောင်းကင်တွင် အလွန် လျှင်မြန်စွာ ရွေ့လျားနေခဲ့သည်။ သူမ၏ မြစိမ်းရောင် မျက်လုံးလေးများကတော့ အတွင်းစိတ်ကို ရောင်ပြန်ဟပ်ကာ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေ၏။

အခြားပုံရိပ်တစ်ခုကတော့ ခေါင်းစွပ်ပါသည့် အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ကာ လက်နှစ်ဖက်တွင် ပတ်တီးများ ပတ်ထားသည့် လူငယ် တစ်ယောက် ဖြစ်သည်။ ကြောက်မက်ဖွယ် ကောင်းသည့် လေထုတစ်ခုမှာ ထိုလူငယ်ကို ဝန်းရံထားကာ သူ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း၌ အောက်ရှိ မြေပြင်က ပင့်ကူအိမ်များကို အက်ကွဲသွားသည်။ မဟာ ငလျင်မြို့၏ ပုံရိပ်က မိုးကုပ်စက်ဝိုင်းအောက်တွင် ပိုမို ကြီးမားလာသည်နှင့် အမျှ ထိုလူငယ်၏ အနက်ရောင် မျက်လုံးများမှာ အမျိုးမျိုးသော ခံစားချက်များဖြင့် ပိုမို ပြင်းထန်စွာ လောင်ကြွမ်းလာနေခဲ့၏။

“နောက်ဆုံးတော့ မင်းကို ရှာတွေ့ပြီ...”

မဟာငလျင် မြို့တော် ဂိတ်တံခါးနားသို့ ရောက်သည်နှင့် ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည့် အသံတစ်ခုမှာ ထိုလူငယ်၏ ဝမ်းခေါင်း အတွင်းမှ ထွက်ပေါ်လာခဲ့တော့၏။

…

မဟာငလျင်မြို့တော်...

မဟာငလျင် မြို့တော်မှာ လေးဖက်လေးတန် အလုံပိတ် မြို့တော် ဖြစ်ကာ မြင့်မား ခိုင်ခံ့လှသော နံရံ တံတိုင်းကြီးများ၏ ဝန်းရံမှု အလယ်၌ တည်ရှိသည်။ မြို့တော်အတွင်း နေထိုင်သည့် ကျင့်ကြံသူများနှင့် ဧည့်သည့် ကျင့်ကြံသူများမှာ ပြင်ပ နယ်မြေများနှင့် ဆက်သွယ် သွားလာနိုင်ရန် အတွက် ဟင်းလင်းပြင် ဂိတ်တံခါး အသေးစားလေးများကို အသုံးပြုကြရသည်။

သို့သော်လည်း ယခုတွင်တော့ အမှောင် ဟင်းလင်းပြင် အတွင်း ဖြတ်သန်းခဲ့ခြင်းနှင့် အတူ ဂိတ်တံခါး အားလုံး၏ လုပ်ဆောင်ချက်များမှာ ရပ်တန့်နေခဲ့ပြီ ဖြစ်သည်။ ဂိတ်တံခါးများအား ဖန်တီးခဲ့သည့် လူများပင် ပြန်လည် ပြုပြင် နိုင်စွမ်း မရှိသေးချေ။ မြို့တော်၏ ထိပ်သီး ကျင့်ကြံသူများကတော့ နံရံများကို ဖြတ်ကျော်ကာ အပြင်လောကကို ရှာဖွေရန် ကြိုးပမ်းခဲ့ကြသည်ဟု ဆိုသည်။

မဟာငလျင် မြို့တော် အတွင်း၌ များစွာသော မှီတင်းနေထိုင်သူများမှာ နေရာအသစ်ကို စူးစမ်းရင်း ခေါင်းဆောင်များထံမှ သတင်းစကားကို စောင့်မျှော်နေခဲ့ကြသည်။ ကောင်းကင်တွင် ထွန်းလင်းနေသည့် နေသုံးစင်းကို ကြည့်ရင်း သူတို့၏ နှလုံးသားက စိုးရိမ် ပူပန်မှု၊ ထိတ်လန့် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက် နေခဲ့ကြ၏။

လွန်ခဲ့သည့် နှစ်နှစ် ဝေ့ဝူယင်၏ ကျူးကျော်ခံရ အပြီးတွင် မြိုတော်သခင် နေရာနှင့် မြို့တော် ကာကွယ်သူ နေရာတို့မှာ အစားထိုး ခံခဲ့ရသည်။ လက်ရှိ မြို့တော်သခင် အသစ်မှာ ဟောင်ပို့ချင်ဟု ခေါ်သည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်ကာ သူက ချူရှောင်းယင်နှင့် ကျင့်ကြံခြင်း အခြေခံ အတူတူပင် ဖြစ်သည်။ ဟောင်ပို့ချင်မှာ မြို့တော်သခင် နေရာအပြင် မြို့တော် ကာကွယ် စောင့်ရှောက်သူ နေရာကိုပါ ပူးတွဲ တာဝန်ယူထားသည်။

ထိုအခိုက်အတန့်၌ ဟောင်ပို့ချင်မှာ မြို့တော်သခင် ပလ္လင်ထက်၌ ထိုင်ကာ အမှောင် ဟင်းလင်းပြင်နှင့် အန္တရာယ်များ အကြောင်း ဖော်ပြထားသည့် သတင်း အချက်အလက် အသစ်များကို ဖတ်ရှုနေခဲ့၏။ ဆိုးရွားစွာ သေဆုံးသွားခဲ့သည့် လူများ အကြောင်း တွေ့ရသော အခိုက်၌ သူ့လက်များက အနည်းငယ် တုန်ရီသွားခဲ့သည်။ ‌ရှေးပြေးတပ်ဖွဲ့ အတွင်း မပါဝင်ရသည့် အတွက် ဟောင်ပို့ချင် စိတ်ထဲမှ ကြိတ်ကာ ကျေးဇူတင်လိုက်မိ၏။

တစ်ခဏ ကြာပြီးနောက် ဟောင်ပို့ချင် စာရွက်စာတမ်းများကို ချကာ ဘေးနားတွင် ဦးညွှတ် ရပ်နေသည့် ပုံရိပ်တစ်ခုကို လှည့်ကြည့်လိုက်၏။ ထိုသက်လတ်ပိုင်း အရွယ်ရှိသည့် လူမှာ သူ၏ လက်ထောက်တစ်ယောက် ဖြစ်ကာ ကျင့်ကြံခြင်း လောက၏ တက်သစ်စ ကြယ်တစ်ပွင့်လည်း ဖြစ်သည်။ အကယ်၍ ဝေ့ဝူယင်သာ ဤနေရာတွင် ရှိနေပါက သူ့ကို ကျိန်းသေပင် မှတ်မိလိမ့်မည် ဖြစ်သည်။

သူကား ဝေ့ဝူယင်နှင့် အတူ မီးခိုးရောင် အယ်ဗန်တို့၏ မြေအောက် မြို့တော်မှ လွတ်မြောက်လာခဲ့သည့် ဟောင်ယုပင် ဖြစ်သည်။ ဝေ့ဝူယင် မဟာငလျင် မြို့တော်သို့ ရောက်ရှိလာဖြစ်သည့် အကြောင်းရင်းမှာပင် ထိုဟောင်ယု၏ အကြံပေးချက်ကြောင့်ပင် ဖြစ်သည်။

လွန်ခဲ့သည့် သုံးနှစ်နီးပါးခန့် အကြာ၊ ဝေ့ဝူယင်ထံမှ အဂ္ဂိရတ် ထုတ်ကုန် အချို့ကို လက်ခံ ရရှိပြီးကတည်းက ဟောင်ယု၏ ကျင့်ကြံခြင်း အခြေခံက အပြောင်းအလဲကြီး တစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။ သူက အဆင့်တူများနှင့် ယှဥ်လျှင် အလွန် ငယ်ရွယ်သော အသက်ဖြင့် အာကာသ ပဲ့တင်သံ အဆင့်ကို ရောက်ရှိခဲ့ကာ ကလန်၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။ နောက်ပိုင်းတွင် သူတို့ကလန်၏ အစွမ်း အထက်ဆုံး ဘိုး‌ဘေး ဟောင်ပို့ချင်က သူ့ကို လက်ထောက်အဖြစ်ပါ ခန့်အပ်ခဲ့သည်။

“ဟောင်ယု...”

ဟောင်ပို့ချင်က ခေါ်လိုက်၏။

“အမိန့်ရှိပါ ဘိုးဘေး..”

ဟောင်ယုက မည်သည့် အမိန့်ကို မဆို နာခံရန် အဆင်သင့် ဖြစ်နေသည့် လေသံဖြင့် တုန့်ပြန်လိုက်သည်။ ဟောင်ပို့ချင်က ထိုတုန့်ပြန်မှုကို သဘောကျဟန်ဖြင့် ခေါင်းတစ်ချက် ညိတ်ရင်း ပြောလိုက်သည်။

“အရှင်ကျန်းကို ဝင်္ကပါ အသင့်ပြင်ထားဖို့ ပြောလိုက်... ဂိတ်တံခါး အပြင်ဘက်မှာ အာကာသ စွမ်းအင်လှိုင်း လှုပ်ရှားမှု တစ်ချို့ ရှိနေတာကို အာရုံခံမိတယ်... အဲဒါကို ငါအရင် သွားပြီး စစ်ဆေးကြည့်လိုက်ဦးမယ်”

အမိန့်ပေးပြီးသည်နှင့် ဟောင်ပို့ချင်၏ ခန္ဓာကိုယ်က ငွေရောင် အလင်းများဖြင့် ဝန်းရံလာကာ ပျောက်ကွယ် သွားခဲ့တော့၏။

ဟောင်ယုကလည်း တုန့်ဆိုင်းခြင်း မရှိချေ။ သူက အခန်းအပြင်သို့ ထွက်ကာ မဟာငလျင် အစီအရင် ထိန်းချုပ်သူထံသို့ ပြေးလွှား သွားခဲ့တေ့သည်။

ဝှစ်...

စက္ကန့်ပိုင်း အတွင်းမှာပင် ဟောင်ပို့ချင်မှာ မဟာငလျင် မြို့တော် တံတိုင်း ပေါ်တွင် ပြန်ပေါ်လာခဲ့၏။ သူ၏ ဝိညာဥ် အာရုံက လျှင်မြန်စွာပင် ဖြန့်ကျက်သွားကာ မိုင်ပေါင်း ထောင်သောင်းချီးကို လွှမ်းခြုံသွားသည်။

ထိုအရာက မီးခိုး‌ရောင် အယ်ဗန်များလော။ ကောင်းကင်တွင် ထွန်းလင်းနေသည့် နေသုံးစင်း အပါဝင် ကုန်းမြေတိုက်ကြီးမှာ မျှော်လင့်မထားသည့် အပြောင်းအလဲများကို ကြုံတွေ့နေရသည့်တိုင် သူတို့မှာ ယခုအထိ တိတ်ဆိတ်နေဆဲ ဖြစ်သည်။ ထိုအရာက ပုံမှန် မဟုတ်ချေ။

သို့သော်လည်း ထင်ထားသည်နှင့် ခြားနားစွာပင် သူ တွေ့မြင်လိုက်ရသည်က ထောင်နှင့်ချီသည့် မရင်းနှီးသော ပုံရိပ်များပင် ဖြစ်လေသည်။

...

ဝှစ်... ဝှစ်...

အနန္တ ဧကရာဇ်ဂိုဏ်းသားများမှာ နေရာ ကူးပြောင်းခြင်း အစီအရင်မှ ထွက်ထွက်ချင်းပင် ပြောင်းလဲနေသည့် ပတ်ဝန်းကျင်ကို ကြည့်ကာ အံ့အားသင့် သွားကြ၏။ ဤနေရာက ဝူယုဂြိုဟ် ဆိုတာတော့ ကျိန်းသေသည်။ သို့သော်လည်း... ယခင်က ဂြိုဟ်ပေါ်တွင် ဤကုန်းမြေထုကြီး မရှိချေ။

ရွှယ်ရီဖေးမှာ အသစ်ပေါ်လာခဲ့သည့် ကုန်းမြေထုကို ကြည့်ရင်း စိတ်လှုပ်ရှား နေခဲ့၏။ သူမမှာ ငယ်စဥ်ကတည်းက နက္ခတ် တာရာနှင့် ကုန်းမြေတိုက်ကြီးများ အကြောင်း လေ့လာရသည်ကို သဘောကျသူကလေး ဖြစ်သည်။ သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီးတွင် နေထိုင်စဥ်ကဆိုလျှင် သူမ၏ ဘဝ၏ အချိန်အများစုကို ထိုပညာရပ်နယ်ပယ်တွင် မြှုပ်နှံခြင်းဖြင့်သာ ကုန်ဆုံးခဲ့သည်။

အညိုရောင် ဘက်သို့ သမ်းနေသည့် မီးခိုးရောင် သဲများကို လေ့လာရင်း အမျိုးမျိုးသော သီအိုရီများမှာ သူမ၏ စိတ်အတွင်း  တစ်ခုပြီး တစ်ခု ဖြစ်ပေါ်နေခဲ့၏။ မီးခိုးရောင် သဲသောင်ပြင်ကို ထိကိုင်ကြည့်လိုက်ပြီးနောက် သူမ၏ နီညိုရောင် မျက်ဝန်းများက တောက်ပသွား၏။ သဲပွင့်တစ်ခုချင်းစီတိုင်း၌ ပါဝင်နေသည့် ပျက်သုဥ်းခြင်း စွမ်းအားနှင့် မြေကြီး အမတေများမှာ အလွန် ကြွယ်ဝကာ အာရုဏ်ဦး အင်ပါယာ နယ်မြေ၏ မည်သည့် နေရာထက် မဆို ပိုမို များပြားနေခဲ့သည် မဟုတ်ပါလား။

***

All Chapters