← Chapters

တွေ့ဆုံခြင်း

Vol. 39 Ch. 541

တွေ့ဆုံခြင်း

Vol. 39 Ch. 541

တစ်ချိန်တည်း၌ ဝူပိုင်ကျိုး အပါအဝင် အခြားလူများကတော့ လက်နက်များကို အသင့်ပြင်ကာ ပတ်ဝန်းကျင်ကို လေ့လာ နေကြ၏။ ဆန်းကြယ်သည့် ကုန်းမြေထု အသစ်နှင့် အတူ ရန်သူများမှာ အချိန်မရွေး ထွက်ပေါ်လာနိုင်စွမ်း ရှိသည်။ အလစ်အငိုက် ချောင်းကာ တိုက်ခိုက်ခံရသည့် အဖြစ်မျိုး သူတို့ မကြုံတွေ့ လိုကြချေ။

ထို့ပိဟန်ကိုယ်တိုင်ပင် သတိအပြည့်ဖြင့် ဝိညာဥ်အာရုံကို ဆန့်ထုတ်လိုက်၏။ သိပ်မကြာခင်မှာပင် မိုင်ရာဂဏန်းခန့် အကွာ၌ မြို့တော် တစ်ခုနှင့် အော်ရာတစ်ခုကို သူ သတိထားမိလိုက်သည်။ အော်ရာကို သေချာ ဆန်းစစ်ပြီးသည်နှင့် သူ့မျက်လုံးများမှာ ငြိမ်းချမ်းသည့် အမူအရာမှ အလွန်အမင်း လေးနက်သွား၏။ ထိုအော်ရာမှာ သူကဲ့သို့ပင် လောကသခင် အဆင့်၌ ရှိနေခဲ့သည် မဟုတ်ပါလား။ ကုန်းမြေတိုက်ကြီး အသစ်တစ်ခု သယ်ဆောင်လာကြောင်း ဝေ့ဝူယင်ထံမှ သတင်းစကားကို လက်ခံ ရရှိပြီး ဖြစ်သည့်တိုင် ထိုအပေါ်တွင် လောကသခင်များ ပါဝင်နေလိမ့်မည်ဟု ထင်မှတ် မထားခဲ့သည်ကတော့ အမှန်ပင် ဖြစ်သည်။

ထို့အပြင် ထိုလောကသခင်၏ အော်ရာက အလွန်အမင်း တည်ငြိမ်ကာ အခြေခိုင်မာသည်။ အတုအယောင် အရိပ်အငွေ့ လုံးဝ မပါရှိချေ။ ဆိုလိုသည်က ထိုပုဂ္ဂိုလ်မှာ သူ့ကဲ့သို့ပင် ကြယ်တာရာ အမြုတေ အဆခုနစ်ကို ခြေချပြီးသည့် အစစ်အမှန် လောကသခင် တစ်ပါး ဖြစ်သည်။

“ဟမ်..”

ရုတ်တရက် ဘေးနားမှ အာမေဋိတ်သံ တစ်ခု ထွက်ပေါ်လာရာ ထို့ပိဟန်မှာ လှည့်ကြည့်လိုက်၏။ အသံပိုင်ရှင်မှာ မြိစိမ်းရောင် ဆံပင်များနှင့် ပိန်ပါးသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် အသက်လတ် အယ်ဗန် မိန်းမကြီး တစ်ဦးပင် ဖြစ်သည်။ သူမကို ချင်ချူးမူ၏ ဘိုးဘေး အဒေါ်များထဲမှ တစ်ဦး အဖြစ် ယူဆနိုင်ပေသည်။ သူမ၏ နာမည်က မဟာ သူတော်စင် ချင်ကျူး ဟူ၍ ဖြစ်သည်။

“ချင်လေးကို ကျွန်မ အာရုံခံလိုက်မိလို့... ချင်ချူးမူကို ပြောတာပါ မဟာ သူတော်စင်”

ထို့ပိဟန်၏ မေးခွန်းထုတ်သည့် အကြည့်ကို သတိထားမိလေရာ ချင်ကျူးက ကပျာကယာပင် ရှင်းပြလိုက်၏။

ထို့ပိဟန်က ခေါင်းတစ်ချက် ညိတ်လိုက်သည်။ မည်မျှ တိုက်ဆိုင်လိုက်သနည်း။

...

ဟူး... ဟူး...

ထိုအခိုက်၌ ချင်ချူးမူမှာ ဝေ့ဝူယင် ရှိနေနိုင်သည့် နေရာများကို မှန်းဆကာ အမြင့်ဆုံး အမြန်နှုန်းဖြင့် လိုက်လံ ရှာဖွေနေ၏။ လက်ရှိ၌ ဝေ့ဝူယင်မှာ ကုန်းမြေတိုက်ကြီးတစ်ခုကို သယ်ဆောင်ကာ နေရာ ရွှေ့ပြောင်းခြင်းကြောင့် အကြီးအကျယ် ဒဏ်ရာ ရရှိနေခြင်းမျိုးပင် ဖြစ်နိုင်ချေ ရှိသည်။ လက်ရှိတွင် သူက သူမ အကူအညီကို လိုကောင်း လိုနိုင်ပေသည်။

သို့သော်လည်း ထိုအခိုက်တွင် ဝိညာဥ်ဆက်သွယ်မှု တစ်ခုကို လက်ခံ ရရှိလိမ့်မည်ဟု ချင်ချူးမူ မျှော်လင့် မထားခဲ့ချေ။ ထို့အပြင်... ၎င်းက သူမ ဘိုးဘေး ချင်ကျူးထံမှ ဖြစ်သည်။ ချင်ချူးမူမှာ ပျံသန်းရင်းကပင် ဆက်သွယ်ရေး သလင်းကျောက်ကို ထုတ်ယူလိုက်၏။ သိပ်မကြာခင်မှာပင် သူမ၏ အမူအရာက ပြောင်းလဲသွားကာ အရှေ့အရပ်ကို လှမ်းကြည့်လိုက်သည်။

ရင်းနှီးနေသည့် ပုံရိပ်များကို တွေ့မြင်လိုက်ရသည်နှင့် ချက်ချင်းပင် သူမ၏ မျက်လုံးများက ပျော်ရွှင်မှုများဖြင့် တောက်ပ သွားခဲ့တော့၏။ ဂိုဏ်း၏ အခြား အဖွဲ့ဝင်များ ရောက်ရှိလာပြီ ဖြစ်လေရာ ဝေ့ဝူယင်ကို ရှာဖွေရေးမှာ ယခင်ကထက် ပိုမို လွယ်ကူသွားခဲ့ပြီ ဖြစ်သည်။ သူမက ချက်ချင်းပင် ဦးတည်ချက်ကို ပြောင်းလိုက်ကာ အရှေ့အရပ်ကို ဦးတည်လိုက်တော့၏။

...

တစ်ချိန်တည်း၌ မဟာငလျင် မြို့တော်ကို အနောက်အရပ်မှ ချည်းကပ် လာနေသည့် အနက်ရောင် ဝတ်စုံဝတ် ပုံရိပ်က ခြေလှမ်းများကို ရုတ်ချည်း ရပ်တန့်လိုက်ရင်း အရှေ့ဘက်ကိုလှမ်းကြည့် လိုက်သည်။ တစ်ခဏမျှ ကြာပြီးနောက် သူ၏ မျက်ဝန်းအိမ်များမှာ ကျဥ်းမြောင်းသွား၏။

“ဆရာ...”

လူငယ်၏ အသံက ပျော်ရွှင်ခြင်း၊ အံ့အားသင့်ခြင်း၊ စိတ်လှုပ်ရှားခြင်းတို့နှင့် ပြည့်နှက်နေ၏။ ထို့နောက် သူက တစ်ချက်ပင် မစဥ်းစားပဲ လမ်းကြောင်း ပြောင်းကာ ထိုအော်ရာ ရှိရာ အရပ်သို့ ဦးတည်လိုက်တော့သည်။

အရှိန်အဟုန်နှင့် ပျံသန်းလိုက်သည်နှင့် ထိုလူငယ်၏ အနက်ရောင် ခေါင်းစွပ်မှာ လေနှင့် အတူ လွင့်သွားကာ အမာရွတ်များနှင့် ပြည့်နှက်နေသည့် ချောမောသည့် မျက်နှာတစ်ခု ပေါ်ထွက်လာခဲ့၏။ သူက အနန္တ ဧကရာဇ်ဂိုဏ်း၏ မဟာ မင်းသားဟောင်း လုံချန်မှ လွဲ၍ မည်သူ ဖြစ်နိုင်တော့မည်နည်း။

...

တစ်ချိန်တည်း၌ မဟာငလျင် မြို့တော်၏ အကာအကွယ် ဝင်္ကပါများမှာ အပြည့်အဝ အသက်ဝင် လာခဲ့ပြီ ဖြစ်သည်။ ဟောင်ပို့ချင်မှာ အနည်းငယ် စိတ်သက်သာရာ ရသွားကာ သက်ပြင်းတစ်ချက် ချလိုက်မိ၏။ သူက ကောင်းကင်သို့ ပျံတက်ကာ အသစ် ‌ရောက်ရှိလာသူများနှင့် တွေ့ဆုံရန် စတင် ထွက်ခွာလိုက်သည်။ တစ်ခုခု မလှုပ်ရှားခင် အရင်ဆုံး သူတို့၏ သဘောထားနှင့် ရည်ရွယ်ချက်များကို လေ့လာဖို့ လိုအပ်သည် မဟုတ်ပါလား။

...

"သတိထားကြ…"

ထို့ပိဟန်က ဝိညာဉ်အာရုံကို အနန္တ ဧကရာဇ် ဂိုဏ်းသားများထံ ဖြန့်ကျက်၍ အော်ဟစ်လိုက်၏။

ဝှစ်… ဝှစ်…

ချက်ချင်းပင် ထောင်ပေါင်း များစွာသော ဂိုဏ်းသားများမှာ ကြယ်တာရာ အင်အားများကို ထုတ်ဖော်ကာ အမျိုးမျိုးသော ခုခံ ကာကွယ်ရေး  ပုံစံများသို့ ပြောင်းလဲ လိုက်ကြသည်။

ရွှယ်ရီဖေး၏ မျက်လုံးများက နဂါး တစ်ကောင် ကဲ့သို့ ဒေါက်လိုက် ကျဉ်းမြောင်း သွားကာ နတ်ဆိုး အလင်းရောင်များဖြင့် တောက်ပလာ၏။

ဝှစ်… ဝှစ်…

တစ်ချိန်တည်း၌ သွေးပန်းပဲဖို နဂါး အဖွဲ့ဝင်များမှာ သူမကို ထူးဆန်းသော တြိဂံ သဏ္ဌာန် ဝင်္ကပါဖြငိ့ ဝန်းရံ လိုက်ကြသည်။ သူတို့အားလုံးမှာ မတူညီသည့် အရပ်မျက်နှာတိုင်းသို့ မျက်နှာမူနေကာ ထောင့်တိုင်းကို လွှမ်းခြုံ ဖုံးအုပ်ထား၏။

အခြား တစ်ဖက်၌ ဝူပိုင်ကျိုး၏ ဝင်္ကပါမှာ ပိုမို ရိုးရှင်းကာ တိုက်ရိုက်ဆန်လှသည်။ အဖွဲ့သားများက ဆဋ္ဌဂံ သဏ္ဌာန်ဖြင့် ဖြန့်ကျက်ထားကာ ဝူပိုင်ကျိုးက ထိပ်ဆုံးတွင် နေရာယူသည်။ မဟာ ဧကရာဇ် ဖြစ်လာမည့် ဂိုဏ်းဝင် တစ်ယောက် အနေဖြင့် သူမ၏ အလုပ်က လုံခြုံသည့် နေရာတွင် ပုန်းကွယ်နေရန် မဟုတ်ချေ။ ထိပ်ဆုံး၌ ဦးဆောင်ကာ ရန်သူများမှာ သုတ်သင်ရန် ဖြစ်သည်။ သူမ၏ ကျင့်ကြံခြင်း အခြေခံက အဖွဲ့ဝင်များ အကြားတွင် အမြင့်ဆုံး မဟုတ်သည့်တိုင် အသန်မာဆုံးတော့ ဖြစ်နေသေးဆဲ ဖြစ်သည်။

ဟူး… ဟူး…

အားလုံး မျက်တောင် မခပ် စောင့်စား နေကြစဉ်တွင် လောကသခင် အော်ရာမှာ အလွန် လျှင်မြန်သော အရှိန်ဖြင့် ချဉ်းကပ် လာခဲ့၏။ ကြောက်မက်ဖွယ် ကောင်းသည့် လောကဖိအား တစ်ခုက ပတ်ဝန်းကျင် တစ်ခွင်လုံးသို့ စိမ့်ဝင်ကာ အားလုံးထံ ရိုက်ခတ် လာသည်။

ဟောင်ပို့ချင်မှာ လူစိမ်းတို့၏ ခုခံကာကွယ်ရန် လုပ်ဆောင်များကို တွေ့မြင်နေရ၏။ သို့သော်လည်း သူက တုန့်ဆိုင်းခြင်း မပြုချေ။ စက္ကန့်ပိုင်း အတွင်းမှာပင် သူက အနန္တ ဧကရာဇ် ဂိုဏ်းသားများနှင့် အကြမ်းဖျဉ်း မီတာ နှစ်ရာ့ငါးဆယ်ခန့် အကွာကို ရောက်ရှိလာကာ ရပ်တန့်လိုက်သည်။ ထို့နောက် သူက ဝိညာဉ်အာရုံကို ဖြန့်ကျက်ရင်း အော်ဟစ် လိုက်၏။

"မင်းတို့ရဲ့ နာမည်နဲ့ ရည်ရွယ်ချက်ကိုပြော…"

ဟောင်ပို့ချင်၏ လေသံက ဓားသွား တစ်စင်းအလား ထက်နေကာ ကြီးကျယ် ခမ်းနားသော မြို့တော်သခင် တစ်ပါး၏ ဩဇာအာဏာတို့ အပြည့်အဝ သယ်ဆောင် ထား၏။

သို့သော်လည်း သူ၏ အတွင်းစိတ်ကတော့ အရှေ့ရှိ ပုံရိပ်များကို ကြည့်ရင်း ပြိုလဲမတတ် တုန်လှုပ်နေခဲ့သည်။ ထိုအုပ်စုထဲတွင် မွန်းစတားများ ပါဝင်နေသည် မဟုတ်ပါလား။ သူတို့က ထူးဆန်းသည့် ပုံပန်း သဏ္ဌာန်များ ရှိကာ အရောင်အသွေး စုံလင်သော အရေပြားများကို ပိုင်ဆိုင်ထားသည်။ သူတို့ထဲတွင် တိရစ္ဆာန်တို့၏ ဝိသေသ လက္ခဏာများကို ပိုင်ဆိုင်ထားသူများပင် ပါရှိသည်။

သူတို့၏ အော်ရာများက အလွန်အမင်း ဆန်းကြယ်လေရာ သူ ပင်လျှင် ၎င်းတို့၏  ဇစ်မြစ်ကို ခန့်မှန်းနိုင်စွမ်း မရှိပါချေ။ သို့သော်လည်း ထိုအုပ်စုထဲတွင် အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးမှ လူသားနှင့် အယ်ဗန် မျိုးနွယ်များလည်း ပါဝင်နေပေသည်။ ထိုအကြောင်းကြောင့်ပင် သူ ချက်ချင်း မတိုက်ခိုက်သေးပဲ စုံစမ်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးတွင် မွေးဖွားကြီးပြင်း လာခဲ့သူ တစ်ယောက် အနေဖြင့် ဟောင်ပို့ချင်မှာ နတ်ဆိုးနှင့် ရှို့ရန်များကို တစ်ခါမှ မမြင်ခဲ့ဖူးချေ။ အချို့သော သုတေသန ပညာရှင်များမှာ လူသားနှင့် သားရဲများကို မျိုးစပ်ရန် ကြိုးပမ်းခဲ့သေးသော်လည်း မအောင်မြင် ခဲ့ကြချေ။ အလွန့် အလွန် နည်းပါးလှသော ရာခိုင်နှုန်းခန့်သာလျှင် အောင်မြင်ခဲ့သော်လည်း မွေးဖွားလာသမျှက ထူးဆန်းကာ အားနည်းသော ပါရမီများနှင့် ဘီလူးလေးများသာ ဖြစ်သည်။

သူတို့၏ ကျင့်ကြံခြင်း အမြန်နှုန်းမှာလည်း ရွံရှာဖွယ် ကောင်းအောင်ပင် နိမ့်ပါးလွန်းလှသည်။

သို့သော်လည်း ထိုအရာက သူတို့ကို လူသားနှင့် အယ်ဗန်များ ကဲ့သို့ အတင်းအကြပ် ကျင့်ကြံခိုင်းခြင်းကြောင့်သာ ဖြစ်သည်။ လူသား အယ်ဗန်များနှင့် ခြားနားစွာပင် ရှို့ရန်များ၏ စွမ်းအင် ဆုံးမှတ်က ထျန်းတျန်တွင် မဟုတ်ပဲ နှလုံးသားများ၌သာ တည်ရှိကြသည်။

သို့သော်လည်း အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးသားများမှာ ထိုအရာကို မသိကြချေ။ သူတို့က ရှို့ရန်များကို နတ်ဘုရားများ၏ ပြစ်ဒဏ် တစ်ခု အဖြစ် စတင် သတ်မှတ်ကာ သတ်ဖြတ် ရှင်းလင်း ပစ်ခဲ့ကြသည်။ ဤသို့နှင့် သားရဲနှင့် လူသား မျိုးစပ် စမ်းသပ်မှုများမှာ ငုပ်စမြုပ်စတိအောင် ပျောက်ကွယ် သွားခဲ့တော့သည်။

ထို့နည်းတူစွာပင် နတ်ဆိုးများမှာလည်း အစွန်းလေးဖက် လောကနယ်မြေတွင် မတည်ရှိနိုင်သည့် ဖြစ်တည်မှုများ ဖြစ်သည်။ ထို့ကြောင့်ပင် ဟောင်ပို့ချင်မှာ ၎င်းတို့၏ ပုံပန်း သဏ္ဌာန်များကို ကြည့်ကာ စိတ်နှလုံး တုန်လှုပ်ခဲ့ခြင်း ဖြစ်သည်။

ထို့ပိဟန်က ဟောင်ပို့ချင်ကို စူးစမ်းလိုက်၏။ ထိုလူသား ကျင့်ကြံသူ၏ ကျင့်ကြံခြင်း အခြေခံက သူနှင့် အတူတူပင် ဖြစ်သည်။ သို့သော်လည်း အစစ်အမှန် ခွန်အားကိုတော့ သူလည်း မခန့်မှန်းနိုင်ချေ။

ကျင့်ကြံသူ တစ်ယောက် ဘယ်လောက် အစွမ်းထက် သနည်း ဆိုသည့် အရာကို အကြည့်တစ်ချက်ဖြင့် ဆုံးဖြတ်နိုင်စွမ်း မရှိချေ။ ထူးဆန်းသည့် အစီအရင်များနှင့် ဝေ့ဝူယင် ကဲ့သို့ ကြောက်မက်ဖွယ် ဝိညာဉ် အာရုံကို ပိုင်ဆိုင်ထားမှသာ ပြုလုပ်ကောင်း ပြုလုပ်နိုင်လိမ့်မည် ဖြစ်သည်။

ထို့ပိဟန်က ဝိညာဉ်အာရုံကို အမြင့်မားဆုံး အဆင့်ထိ ရောက်အောင် မြှင့်တင်လိုက်ရင်း ဟောင်ပို့ချင်နှင့် ပြန်လည် ဆက်သွယ်လိုက်၏။

"ကျုပ်က အနန္တ ဧကရာဇ်ဂိုဏ်းရဲ့ မဟာ အင်ပါယာ သူတော်စင် ထို့ပိဟန်ပါ… ကျုပ်တို့ အဖွဲ့ ဒီကို လာရတဲ့ ရည်ရွယ်ချက်ကတော့ ထူးထူးဆန်းဆန်း ရောက်ရှိလာတဲ့ ဒီကုန်းမြေတိုက်ကြီးကို စစ်ဆေးဖို့ပဲ"

ဟောင်ပို့ချင်၏ အမူအရာက ပြောင်းလဲခြင်း မရှိချေ။ သို့သော်လည်း သူ၏ အတွင်းစိတ်တစ်ခုလုံးမှာမူ မရေမတွက်နိုင်သည့် သီအိုရီများဖြင့် ရိုင်းစိုင်းလျှက် ရှိ၏။ အနန္တ ဧကရာဇ်ဂိုဏ်း... နောက် အသစ် ရောက်ရှိလာသည့် ကုန်းမြေတိုက်ကြီး။

ဟောင်ပို့ချင်က ရှေ့၌ ပုံရိပ်များကို စစ်ဆေးကြည့်လိုက်ရာ သူတို့ အားလုံးမှာ အလယ်အလတ် အဆင့်၊ သို့မဟုတ် အဆင့်နိမ့် ကြယ်တာရာ အမြုတေ အဆင့်များတွင် ရှိနေသည်ကို သတိထားမိလိုက်သည်။ သူတို့ထဲ၌ အချိန်သခင် တစ်ယောက်မှ မပါဝင်သလို ဒုတိယမြောက် လောကသခင်ပင် မရှိချေ။

ဟောင်ပို့ချင်မှာ အချိန် အတန်ကြာအောင် ငြိမ်သက်နေကာ ထို့ပိဟန်၏ စကားလုံးများကို ပြန်လည် စဥ်းစား နေခဲ့၏။ ကြည့်ရသည်က စောစောက သူ့ကိုယ်သူ ထို့ပိဟန်ဟု မိတ်ဆက်ခဲ့သည့် မီးခိုးရောင်ဝတ် လူအိုကြီးမှာ ထိုအုပ်စု၏ ခေါင်းဆောင် ဖြစ်ဟန် ရသည်။ ထို့အပြင် လောကသခင် တစ်ဦးသာ ပါဝင်နေခြင်းနှင့် တိရစ္ဆာန် တစ်ပိုင်း၊ လူတစ်ပိုင်းများ ရောနှောနေခြင်းကို ထောက်ချင့်ပါက သူတို့မှာ ဤလောကမှ အားနည်းသော အဖွဲ့တစ်ခု ဖြစ်နိုင်ချေ ရှိသည်။ အကယ်၍ သူတို့ကို ဖမ်းဆီးကာ ယခု ရောက်ရှိနေသည့် နေရာ အကြောင်း မေးမြန်းပါက အကောင်းဆုံး ဖြစ်လိမ့်မည် ဖြစ်သည်။

အတွေးများကို အဆုံးသတ်လိုက်ပြီးနောက် ဟောင်ပို့ချင်၏ မျက်လုံးများက တောက်ပသွား၏။ သူက ယဥ်ကျေးစွာပင် လက်နှစ်ဖက်ကို ယှက်လိုက်ရင်း ပြောလိုက်သည်။

“ခင်ဗျားတို့က ဒီလောကက ဧည့်တွေ ထင်တယ်... ကျုပ်နာမည်က ဟောင်ပို့ချင်ပါ... မဟာငလျင်ရဲ့ မြို့တော်သခင် ဆိုရင်လည်း မှန်ပါတယ်... တကယ်လို့ စိတ်မရှိဘူး ဆိုရင် ခင်ဗျားတို့ကို မိတ်ဆွေ အနေနဲ့ မြို့တော်ထဲကို ဖိတ်ခေါ်ပါရစေ... ကျုပ်တို့ အပြန်အလှန် အချက်အလက်တွေ ဖလှယ်နိုင်တာပေါ့... အမှန်အတိုင်း ပြောရရင် ကျုပ်တို့လည်း ဒီအဖြစ်အပျက်ကို နားမလည်နိုင်အောင် ဖြစ်နေတာ”

ဟောင်ပို့ချင်၏ သရုပ်ဆောင် စွမ်းရည်မှာ ထိပ်တန်း အဆင့်၌ ရှိနေသည်ဟု ဆိုနိုင်ပေသည်။ ထို့ပိဟန် ပင်လျှင် ထိုလူစိမ်း လောကသခင်မှာ စိတ်သဘောထား မဆိုးဟု ခံစားလိုက်ရသည်။ သို့သော်လည်း သူတို့ မြို့တော်ထဲကိုတော့ ဝင်လိမ့်မည် မဟုတ်ပါချေ။ အကယ်၍ သူတို့ ဘက်မှ ဆန္ဒရှိလျှင် သတင်း အချက်အလက်များကိုတော့ ဖလှယ်နိုင်ပေသည်။

သို့သော်လည်း ရွှယ်ရီဖေးမှာ သူမ၏ နဂါးမျက်လုံးများဖြင့် ‌ဟောင်ပို့ချင်ကို တစ်ချိန်လုံး စိုက်ကြည့် နေခဲ့၏။ ထူးဆန်းသည့် အကြောင်းပြချက် အချို့ကြောင့် အစောကြီးတည်းကပင် လူစိမ်းထံမှ မူမမှန်မှု အငွေ့အသက်များကို သူမ ခံစား နေခဲ့ရသည်။ အချိန်ကြာလာသည်နှင့် အမျှ ထိုခံစားချက်မှာ ပိုမို၍ ပြင်းထန် လာကာ သူမ၏ နှလုံးသား ပင်လျှင် တဒိတ်ဒိတ် ခုန်လာခဲ့၏။ သူမက မျက်မှောင်ကြုတ်ရင်း အော်ဟစ် သတိပေးလိုက်သည်။

“မဟာ သူတော်စင်...”

“မဟာ သူတော်စင်...”

ရွှယ်ရီဖေးနှင့် တစ်ချိန်တည်းတွင်ပင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသည့် အသံတစ်ခု ထွက်ပေါ်လာ၏။ ဝူပိုင်ကျိုးမှာလည်း သူမ၏ ကိုယ်ပိုင် နည်းလမ်းများဖြင့် ဟောင်ပို့ချင်၏ မူမမှန်မှုကို သတိထားမိနေခဲ့ပြီ ဖြစ်လေတော့သည်။

***

All Chapters