မင်းက သူ့ကို နာကျင်အောင် လုပ်ရဲတယ်ပေါ့
Vol. 39 Ch. 542
“မဟာ သူတော်စင်...”
မိန်းကလေး နှစ်ယောက်ထံမှ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည့် သတိပေးသံကြောင့် ထို့ပိဟန်မှာ ရင်တုန်သွားကာ သတိ အနေအထားသို့ ပြောင်းလဲလိုက်၏။ သူ၏ မျက်လုံးများက ဝိညာဥ်အလင်းများဖြင့် ပေါက်ကွဲသွားကာ လောကနယ်မြေမှာ မျက်တောင်တစ်ခပ်စာ အတွင်း ဖြန့်ကျက်သွား၏။ ၎င်းက သူ့ကို ဗဟိုပြု၍ ပတ်ဝန်းကျင် မီတာ နှစ်ရာ ပတ်လည်ကို အဝန်းဝိုင်း တစ်ခု သဖွယ် ဖုံးအုပ်သွားသည်။
ဟောင်ပို့ချင်မှာ အော်ဟစ် သတိပေးလိုက်သည့် ရွှယ်ရီဖေးနှင့် ဝူပိုင်ကျိုးတို့ကို ကြည့်ကာ မျက်လုံးများ ကျဥ်းမြောင်း သွား၏။ ထိုမိန်းကလေး နှစ်ယောက်က သူ၏ လှည့်စားမှု အစီအရင်ကို သတိထားမိသည်လား။ ဘယ်လိုပဲဖြစ်ဖြစ်... ၎င်းက ကိစ္စ မရှိတော့ချေ။ ထို့ပိဟန်၏ လောကနယ်မြေ အရွယ်အစားကို တွေ့မြင်ပြီးနောက်တွင် ထိုအုပ်စုကို သူ တိုက်ရိုက် ရင်ဆိုင်ရန် ဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်။
ဘုန်း... ဘုန်း...
ချက်ချင်းပင် အပြာရောင် လင်းလက်နေသည့် လောကနယ်မြေမှာ သူ့ကို ဗဟိုပြုကာ စက်ဝိုင်း တစ်ခု သဖွယ် ဖြန့်ကျက်လာ၏။ ၎င်းက ပြင်းထန်သော လောကဖိအားနှင့် အတူ ထို့ပိဟန်၏ လောကနယ်မြေကို ဝင်တိုက်ကာ တစ်ခဏအတွင်းမှာပင် မီတာ ခြောက်ရာ အထိ ရောက်ရှိလာသည်။
ကြယ်တာရာ အမြုတေ အဆင့်ခုနစ်တွင် လောကနယ်မြေတစ်ခု၏ အရွယ်အစားမှာ လောကသခင်၏ ခွန်အားကို ကိုယ်စားပြုနိုင်စွမ်း ရှိသည်။ ပုံမှန်အားဖြင့် ဆိုလျှင် ကျင့်ကြံခြင်း အခြေခံ အနိမ့်ဆုံး ဖြစ်သည့် ကွင်းခုနစ်ကွင်း ဝိညာဥ် ဆင်းတု၊ အာကာသ ပဲ့တင်သံလှိုင်း ခုနစ်ခုနှင့် မဲနယ်ရောင် မူလ အလင်းကို ပိုင်ဆိုင်ကြသူများမှာ မီတာတစ်ရာ အရွယ်အစားသာ ရှိသည့် လောကနယ်မြေများကိုသာ ဖွဲ့စည်းနိုင်ကြသည်။ ထို့ပိဟန်မှာ မီတာ နှစ်ရာ အရွယ်အစားသာ ရှိသည့် လောကနယ်မြေကိုသာ ပိုင်ဆိုင်ထားရာ သူ့ထက် အဆင့် နှစ်ဆင့်၊ သုံးဆင့်ခန့်ပင် ပိုမို နိမ့်ကျသည်ဟု ဆိုနိုင်ပေသည်။
ထိုအကြောင်းရင်း ကြောင့်ပင် ဟောင်ပို့ချင်မှာ ထို့ပိဟန်ကို ထိပ်တိုက် ရင်ဆိုင်ရန် ယုံကြည်ချက် ရှိနေခဲ့ခြင်း ဖြစ်သည်။
ဘုန်း... ဘုန်း...
လောကနယ်မြေနှစ်ခု ထိပ်တိုက် တွေ့ဆုံခြင်းနှင့် အတူ လောကသခင် နှစ်ပါးကြားမှ တိုက်ပွဲမှာ စတင်ရန် အစပျိုး နေခဲ့ပြီ ဖြစ်လေသည်။
ဆက်တိုက်ဆိုသလိုပင် ရွှယ်ရီဖေးနှင့် ဝူပိုင်ကျိုးတို့မှာ သူတို့၏ အဖွဲ့များကို အော်ဟစ် အမိန့်ပေး လိုက်ကြသည်။
“အနန္တ ဝိညာဥ် တွဲဆက်ခြင်း ဝင်္ကပါကို တည်ဆောက်ကြ...”
တစ်ချိန်တည်း၌ သူတို့ နှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။ ထိုအကြည့်၌ ထူးဆန်းသော ချိတ်ဆက်မှုနှင့် တစ်ယောက် သဘောထားကို တစ်ယောက် နားလည်မှုတို့ ပါဝင်နေပေသည်။
ဘုန်း... ဘုန်း...
ချက်ချင်းပင် ချင်ချူးမူနှင့် ဝူပိုင်ကျိုးတို့၏ နောက်မှ အနန္တ ဧကရာဇ်ဂိုဏ်းသားများမှာ လက်ဟန်ချိတ်စည်းများကို ဖန်တီးကာ ဝိညာဥ်အာရုံများဖြင့် တစ်ယောက်ကို တစ်ယောက် ချိတ်ဆက်လိုက်ကြ၏။ လျှပ်တစ်ပြက် အတွင်းမှာပင် သူတို့၏ ဝိညာဥ် အင်အားများက တစ်ခုကို တစ်ခုထပ်လျှက် ပြီးပြည့်စုံစွာ ပေါင်းစပ်သွားသည်။ ဝူပိုင်ကျိုးက လက်ဟန် ချိပ်စည်း တစ်ခုကို ဖော်ထုတ်ကာ ထိုထောင်ချီသော ဝိညာဥ်အင်အားများကို ထိန်းချုပ်လိုက်၏။ ရွှယ်ရီဖေးမှာလည်း အလားတူပင် ပြုလုပ်လိုက်သည်။
ဝိညာဥ်အင်အား အားလုံးကို ပြီးပြည့်စုံစွာ ထိန်းချုပ်ပြီးနောက်၌ ဝူပိုင်ကျိုးက နောက်ထပ် လက်ဟန် ချိပ်စည်း တစ်ခုကို ထပ်မံ ထုတ်ဖော်လိုက်သည်။
အနန္တ ဧကရာဇ် ဝိညာဥ် အစီအရင်... ပေါင်းစည်း ကာကွယ်ခြင်း
ဟူး... ဟူး...
ပြင်းထန်သည့် လေတိုးသံများနှင့် အတူ ပေါင်းစည်းထားသည့် စွမ်းအားများမှာ ဝူပိုင်ကျိုး၏ အရှေ့၌ စုစည်း လာ၏။ ထို့နောက် လျှက်တစ်ပြက် အတွင်းမှာပင် ၎င်းတို့က စိမ်းပြာရောင် ဒိုင်းကာ တစ်ခု အသွင် ပြောင်းလဲသွားကာ အရပ် မျက်နှာတိုင်းကို မီတာ သုံးရာကျော် အထိ ဖုံးအုပ် ရောက်ရှိသွားသည်။ ကြောက်မက်ဖွယ် ကောင်းသည့် ဝိညာဥ်လှိုင်းများမှာ ထိုဒိုင်းကာမှ နေ၍ ထွက်ပေါ်နေ၏။
“နောက်ဆုတ်မယ်...”
ဝူပိုင်ကျိုးက အမိန့်ပေးလိုက်၏။ ဝိညာဥ်အင်အားများ ပေါင်းစပ်နေခြင်းနှင့် အတူ သူတို့ အားလုံးမှာ မည်သူ့ထံမှ အသံထုတ်လွှင့်မှုကို မဆို ကြားနိုင်ပေသည်။ ဝူပိုင်ကျိုးက ရွှယ်ရီဖေးကို တစ်ချက် လှမ်းကြည့်လိုက်၏။ ဝေ့ဝူယင်၏ တရားဝင် ကိုယ်လုပ်တော်ကို အမိန့်ပေးရသည်က သူမ အတွက်တော့ စိန်ခေါ်မှုကြီး တစ်ခု ဖြစ်သည်။ သို့သော်လည်း စိုးရိမ်မိသည်နှင့် ခြားနားစွာပင် ရွှယ်ရီဖေးနှင့် သူမ၏ အဖွဲ့မှာ အနန္တ ဧကရာဇ်ဂိုဏ်း တစ်ခုလုံးကို ဦးဆောင်ကာ စတင် နောက်ဆုတ်နေချေပြီ ဖြစ်လေသည်။
ဟူး... ဟူး...
စက္က့န်ပိုင်းမျှ အတွင်းမှာပင် ထောင်ချီသော အနန္တ ဧကရာဇ်ဂိုဏ်းသားများမှာ တစ်မိုင်ခန့် အကွာသို့ ရောက်ရှိ သွားခဲ့၏။ သို့တိုင်အောင် သူတို့က ရပ်တန့်ခြင်း မရှိပဲ ဆက်လက် ဆုတ်ခွာနေဆဲ ဖြစ်သည်။
ဟောင်ပို့ချင်မှာ ထောင်နှင့်ချီသော ပုံရိပ်များ၏ ဟာကွက်မရှိ လှုပ်ရှားပုံကို ကြည့်ကာ အနည်းငယ် မှင်သက် သွားခဲ့၏။ ၎င်းက အတော်လေး အထင်ကြီးစရာ ကောင်းကာ အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးရှိ နည်းလမ်းများထက်ပင် သာလွန်လှပေသည်။ သို့သော်လည်း ယခုအခိုက်၌ ထို့ပိဟန်ကိုသာ အပြည့်အဝ အာရုံစိုက်ထားဖို့ လိုအပ်ပေသည်။ သူတို့ မိုင်ရာချီ အထိ အကွာအဝေး အထိ ဆုတ်ခွာသွားနိုင်လျှင်ရော ဘာအရေးနည်း။ သူ လွယ်ကူစွာ ခြေရာခံ၍ လိုက်ဖမ်းနိုင်ပေသည်။
ဟောင်ပို့ချင် အတွေးအတွင်း နစ်မြောနေစဥ်မှာပင် ထို့ပိဟန်၏ အမူအရာမှာ စတင် ပြောင်းလဲ လာ၏။ သူ့ ကျောပြင်က ပိုမို၍ ဆန့်တန်းလာကာ ကောင်းကင်ကို မတင်ထားနိုင် သကဲ့သို့ သန်မာလာသည်။ တစ်ချိန်တည်း၌ သူ့ မျက်လုံးထဲရှိ ဝိညာဥ် အလင်းများမှာလည်း မုန်တိုင်းထန်နေသည့် ပင်လယ်ကြီး တစ်စင်း အလား အရှိန်အဟုန်နှင့် ပေါက်ကွဲလာ၏။
ဟောင်ပို့ချင်မှာ ထိုမြင်ကွင်းကို ကြည့်ကာ နားမလည်နိုင်အောင် ဖြစ်သွားစဥ်မှာပင် သူနှင့် ထိပ်တိုက် တွေ့နေသည့် ထို့ပိဟန်၏ လောကနယ်မြေမှာ အရှိန်အဟုန်နှင့် ဖြန့်ကား လာခဲ့တော့၏။
နှစ်ရာ့ ငါးဆယ် မီတာ...
သုံးရာ မီတာ...
ငါးရာ မီတာ...
ခုနစ်ရာ့ သုံးဆယ်မီတာ...
လျှင်မြန်စွာ ကြီးမားလာနေသည့် ထို့ပိဟန်၏ လောကနယ်မြေကို ကြည့်ရင်း ဟောင်ပို့ချင်၏ မျက်လုံးများက အပ်ပေါက်များ ကဲ့သို့ ကျဥ်းမြောင်းသွား၏။ ခုနစ်ရာ့ သုံးဆယ် မီတာ... ထိုအရာက သူ့လောကနယ်မြေထက်ပင် ပိုမို ကြီးမားသည့် အရွယ်အစား ဖြစ်သည်။ ထိုမြေခွေးအိုကြီးက သူ့ကို လှည့်စားရန် အတွက် တမင်မင်သက်သက် လျှိုထားခဲ့ခြင်းလော။
ဟောင်ပို့ချင် အံကို တင်းတင်းကြိတ်လိုက်၏။ တိုက်ပွဲကား စတင်ခဲ့ပြီ ဖြစ်လေရာ နောက်ပြန်လှည့်စရာ လမ်းကြောင်း မရှိတော့ပါချေ။ သူက ထို့ပိဟန် မလှုပ်ရှားရသေးခင် လက်ဦးမှု ရယူကာ လက်ခုပ်တစ်ချက် တီးလိုက်၏။
ဘုန်း...
ပြင်းထန်သည့် ရိုက်ခတ်သံ တစ်နှင့် အတူ ကြယ်တာရာ အင်အားလှိုင်း တစ်ခုမှာ အသံထက် လျှင်မြန်စွာ ပေါက်ကွဲ ထွက်ပေါ်လာ၏။ မျက်တောင်တစ်ခပ်စာမျှ အတွင်းမှာပင် ထိုလှိုင်းမှာ လောကနယ်မြေကို ဖြတ်ကျော်သွားကာ ထို့ပိဟန်ထံ တိုးဝင် သွားသည်။ ထို့ပိဟန်က တည်ငြိမ်စွာပင် လက်တစ်ဖက်ကို ခါယမ်းကာ ကြယ်တာရာ အကွာအကွယ် ထုတ်ဖော်လိုက်၏။
ဘုန်း...
ကြယ်တာရာ အင်အားလှိုင်းက ကြယ်တာရာ အကာအကွယ်နှင့် ထို့ပိဟန်၏ ခန္ဓာကိုယ်ကို တိုက်ရိုက်ပင် ဝင်တိုက်ကာ နောက်သို့ လွင့်ပျံ သွားစေသည်။ ထိုလှိုင်းအတွင်း ပါဝင်နေသည့် ကြောက်မက်ဖွယ် စွမ်းအားက လေထုကိုပါ ရိုက်ခတ်သွားကာ ကောင်းကင်ရှိ တိမ်များမှာ ထပ်ခြမ်းကွဲလျှက် ဂြိုဟ်ကြီး တစ်ခုလုံးပင်လျှင် ငလျင်လှုပ် သကဲ့သို့ တုန်ရီသွား၏။
ထိုအရာကား လောကသခင်တစ်ပါး၏ အစစ်အမှန် စွမ်းအားပင် ဖြစ်သည်။ ဆုတ်ယုတ်မှု ရာသီ၏ ဖိနှိပ်မှုများ မရှိတော့လေရာ သူတို့မှာ အမတေ စွမ်းအင်များနှင့် ကြယ်တာရာ အင်အားများကို လောကနယ်မြေ အတွင်း စိတ်ကြိုက် ပေါင်းစပ်နိုင်စွမ် ရှိနေခဲ့ပြီ ဖြစ်သည်။ သူတို့က လက်ဖျောက်တစ်ချက်ဖြင့်ပင် ကုန်းမြေတိုက်ကြီး တစ်ခုကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်။
ဘုန်း...
ထို့ပိဟန်မှာ အရှိန်အဟုန်နှင့် အတူ ကုန်းမြေတိုက်ကြီး၏ အဆုံးသတ်နား အထိ ရောက်ရှိသွားခဲ့၏။ ဒဏ်ရာ မရရှိသည့်တိုင် ထိုတိုက်ခိုက်မှုကို ခုခံရန် အတွက် သူ ခွန်အား များစွာ သုံးခဲ့ရသည်။ ထိုလူစိမ်း ကျင့်ကြံသူ၏ တိုက်ခိုက်မှုက ထိုမျှလောက် ပြင်းထန်လိမ့်မည်ဟု သူ မျှော်လင့် မထားခဲ့တာ အမှန်ပင် ဖြစ်သည်။ သူ ကိုယ်တိုင်က လောကသခင် အသစ်စက်စက် တစ်ယောက် ဖြစ်ကာ အခြား လောကသခင်များနှင့် တစ်ကြိမ် တစ်ခါမှ မတိုက်ခိုက်ဖူးခြင်းကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
“နေဦး...”
ဟောင်ပို့ချင်၏ ရည်ရွယ်ချက်ကို စဥ်းစားလိုက်မိသည်နှင့် ရုတ်ချည်းပင် ထို့ပိဟန်၏ မျက်လုံးများက ကျဥ်းမြောင်းသွား၏။ သူက ချက်ချင်းကောင်းကင် ကောင်းကင်သို့ ပျံတက်ကာ ငွေရောင် အလင်းတန်း အသွင် ပြောင်းလဲလျှင် ဟင်းလင်းပြင်ကို တိုက်ရိုက် ဖြတ်ကျော်လိုက်၏။
ဝှစ်...
တစ်စက္ကန့်မျှ မကြာသည့် အချိန်ကလေး အတွင်းမှာပင် သူက ပျက်သုဥ်းခြင်း နယ်မြေကို ပြန်လည် ရောက်ရှိ လာကာ ဝူပိုင်ကျိုးတို့၏ အလင်း အကာအရံ စက်ဝန်းကို ဖျက်ဆီးရန် ကြိုးပမ်းနေသည့် ဟောင်ပို့ချင်ကို တွေ့လိုက်ရတော့၏။
ထို့ပိဟန်၏ မျက်လုံးများက အပ်ပေါက်များ ကဲ့သို့ ကျဥ်းမြောင်းသွားကာ လက်သီး တစ်ဖက်ကို ဆန့်ထုတ်လျှက် ဟောင်ပို့ချင်ထံ ဦးတည်၍ ထိုးနှက်လိုက်၏။ ထိုလက်သီချက်၏ အရှိန်အဟုန်တွင် ပြင်းထန်သည့် မုန်တိုင်းများ ဖြစ်ပေါ်လာကာ အစွန်းလေးဖက် ကုန်းမြေတိုက်ကြီး တစ်ခုလုံးပင် တုန်လှုပ်သွားခဲ့၏။
သို့သော်လည်း ဟောင်ပို့ချင်က မမှုပါချေ။ သူက လက်ဟန် ချိပ်စည်း တစ်ခုကို ဖန်တီးကာ လက်သီးဘက်သို့ ဦးတည်၍ ပါးစပ်ကို ဟလိုက်၏။ ချက်ချင်းပင် သူ၏ လောကနယ်မြေက အပြာရောင် အလင်းလှိုင်းများ အဖြစ် ပြောင်းလဲကာ သူ၏ ပါးစပ် အတွင်း ဝင်ရောက်သွားသည်။ မျက်တောင် တစ်ခပ်စာအတွင်းမှာပင် မီတာ ခြောက်ရာကျော် ပြန့်ကားနေသည့် လောကနယ်မြေမှာ ပျောက်ချင်းမလှ ပျောက်သွားခဲ့ချေပြီ ဖြစ်သည်။
ထို့နောက်တွင်ကား...
အူး... ဝူး... ဝူး...
အဆုံးအစမဲ့ ကင်းမဲ့လှသည့် အသံလှိုင်းများမှာ ဟောင်ပို့ချင်၏ ပါးစပ်အတွင်းမှ ထွက်ပေါ်လာကာ လက်သီးထံ တိုးဝင် သွားခဲ့တော့၏။
ဘုန်း... ဘုန်း... ဘုန်း...
ချက်ချင်းပင် လောကတစ်ခုလုံးမှာ အဆုံးအစမဲ့ ပေါက်ကွဲမှုများဖြင့် ပြည့်နှက် သွားခဲ့တော့၏။ အနီးကပ်ဆုံး၌ ရှိနေခဲ့သည့် ပေါင်းစည်း ကာကွယ်ခြင်း အစီအရင်မှာ ပေါက်ကွဲမှု လှိုင်းများ၏ ဝါးမျိုမှုကို ခံလိုက်ရရာ တမုဟုတ်ချင်း ပျက်စီးသွားသည်။
အစွန်အဖျား ရိုက်ခတ်မှုကိုသာ ခံလိုက်ရသည့်တိုင် အနန္တ ဧကရာဇ်ဂိုဏ်းသားများမှာ နှာခေါင်းများ၊ နားများထဲမှ သွေးများ လျှံကျလာခဲ့၏။ ဝူပိုင်ကျိုးနှင့် ရွှယ်ရီဖေးတို့ပင်လျှင် ခြွင်းချက် မဟုတ်ပါချေ။
ရွှယ်ရီဖေး၏ အမူအရာက မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်သွား၏။ ထိုအရာက လောကသခင်များ၏ အစစ်အမှန် စွမ်းအားလော။ ထိုကျင့်ကြံသူ နှစ်ယောက်၏ ရှေ့မှောက်တွင် သူမမှာ ဘာမှမဟုတ်သည့် သေမျိုး တစ်ယောက်လို ခံစားနေရ၏။
တစ်ချိန်တည်း၌ ထို့ပိဟန်မှာလည်း သူ့တိုက်ခိုက်မှုကို ဟောင်ပို့ချင် ခုခံနိုင်သည့် အပေါ် အံ့အားသင့် နေခဲ့မိ၏။ သူက ထပ်မံ တိုက်ခိုက်ချင်နေသော်လည်း အကာအကွယ် ကင်းမဲ့နေသည့် အနန္တ ဧကရာဇ်ဂိုဏ်းသားများ ထိခိုက်မိသွားမှာကို စိုးရိမ် နေခဲ့မိသည်။ သူက အကြပ်ရိုက်နေသည့် ပုံစံဖြင့် မျက်မှောင်ကြုတ် လိုက်မိ၏။
အခြား တစ်ဖက်၌ ဟောင်ပို့ချင်က မျက်မှောင်ကြုတ်လိုက်၏။ ရန်သူ၏ တိုက်ခိုက်ရေး ဗျူဟာနှင့် နည်းလမ်းတို့က သူ့ထက် သိသိသာသာ နိမ့်ကျသည့်တိုင် ခွန်အားချင်း ယှဥ်မည် ဆိုလျှင်တော့ သူ့ထက် သာလွန် နေပေသည်။ သည်အတိုင်းဆိုပါက တိုက်ပွဲတွင် မရှုံးနိမ့်နိုင်သည့်တိုင် အနိုင်ယူရန်လည်း လွယ်ကူလိမ့်မည် မဟုတ်ချေ။
လောကသခင် နှစ်ယောက် တစ်ယောက်ကို တစ်ယောက် အရိပ်အခြေကြည့် နေကြစဥ်တွင် ရွှယ်ရီဖေးက အံကို တင်းတင်းကြိတ်လိုက်၏။ သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီးမှ ထွက်ခွာ လာခဲ့သည့် နေ့မှ စတင်၍ ယခုလို သေရေးရှင်ရေး အခြေအနေမျိုး မကြုံတွေ့ခဲ့ရသည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။ နှလုံးသား အတွင်း နှစ်ပေါင်းများစွာ အနည်ထိုင်နေခဲ့သည့် တိုက်ခိုက်လိုစိတ်များက ပြင်းထန်သော အရှိန်အဟုန်နှင့် ဆူပွက်လာကာ ဝှက်ဖဲတစ်ခုကို ထုတ်ဖော်ရန် ဟန်ပြင်လိုက်စဥ်မှာပင် ဝူပိုင်ကျိုးမှာ ရုတ်တရက် သူမကို ဝိညာဥ်အာရုံနှင့် ဆက်သွယ်လာ၏။
“ခဏစောင့်ဦး...”
ရွှယ်ရီဖေးမှာ နားမလည်နိုင်အောင် ဖြစ်သွားကာ ဝူပိုင်ကျိုးကို လှည့်ကြည့်လိုက်၏။ ထိုအခိုက်တွင်ပင် ပြင်းထန်သည့် ဟိန်းဟောက်သံတစ်ခုမှာ လေထုကို ဖြတ်သန်း၍ ထွက်ပေါ်လာခဲ့လေတော့သည်။
“မင်းက သူ့ကို နာကျင်အောင် လုပ်ရဲတယ်ပေါ့...”
***