တောင်းပန်ခြင်း
Vol. 39 Ch. 544
အသံက တည်ငြိမ်ကာ ရေတံခွန် တစ်ခု၏ စီးဆင်းမှု ကဲ့သို့ ငြိမ့်ညောင်းလှ၏။ ၎င်းတွင် မည်သည့် ဒေါသနှင့် သတ်ဖြတ်လိုမှု အငွေ့အသက်မှ မပါဝင်ချေ။ သို့သော်လည်း အနန္တ ဧကရာဇ်ဂိုဏ်းသားများမှာ ထိုအသံကို ကြားသည်နှင့် ချက်ချင်းပင် မှတ်မိလိုက်ကြပေသည်။
"ဝေ့ဝူယင်…"
"အာဏာရှင် အင်ပါယာ…"
"သူလည်း ဒီကို ရောက်နေတာလား…"
အာမေဍိတ်သံများမှာ အနန္တ ဧကရာဇ်ဂိုဏ်းသားများ ကြားမှ ထွက်ပေါ်လာ၏။ သူတို့က စိတ်လှုပ်ရှားစွာဖြင့် မဟာငလျင် မြို့တော်ဆီသို့ လှမ်းငေးကြည့်လိုက် မိကြသည်။ ဝေ့ဝူယင်၏ အသံမှာ ထိုနေရာမှ ထွက်လာခဲ့ခြင်း မဟုတ်ပါလား။
"ဘာလဲ… မင်းက… အား…"
ဆက်တိုက်ဆိုသလိုပင် ဒေါသတကြီး အော်ငေါက်သံများနှင့် နာကျင်စွာ မြည်တမ်းသံများ ထပ်မံ ထွက်ပေါ်လာ၏။ ထို့နောက် အရာအားလုံး တိတ်ဆိတ်သွားကာ အနက်ရောင် အလင်းတန်း တစ်ခုမှာ မဟာငလျင် မြို့ထဲမှ ကောင်းကင်သို့ ထိုးတက်လာ၏။
ဘုန်း…
ထိုအလင်းတန်းက မျက်တောင်တစ်ခပ်စာ အတွင်းမှာပင် အနန္တ ဧကရာဇ်ဂိုဏ်းသားများ အရှေ့သို့ ကျဆင်းလာကာ ပုံရိပ်တစ်ခု အဖြစ် ထင်ရှားစွာ ပေါ်လွင်လာခဲ့၏။ မြင့်မြတ် ထည်ဝါသည့် အာဏာရှင် တစ်ပါး အရှိန်အဝါတို့ဖြင့် ချောမော ခန့်ညားလှသည့် ထိုပုံရိပ်ကား…
ဝေ့ဝူယင်…
တိတိကျကျ ဆိုရလျှင် ဟောင်ပို့ချင်၏ လည်ပင်းကို ကြက်တစ်ကောင်ကို ဆုပ်ကိုင်ကာ သယ်ဆောင်လာသည့် ဝေ့ဝူယင်ပင်။
"ဘာလဲ…"
ထို့ပိဟန် အပါအဝင် လူတိုင်းမှာ ထိုမြင်ကွင်းကို ကြည့်ကာ ကြက်သေသွားကြ၏။ မည်သို့မည်ပုံ ဖြစ်ပျက်ခဲ့သည်ကို မသိသော်လည်း အာဏာရှင် အင်ပါယာမှာ လူစိမ်း လောကသခင်ကို စက္ကန့်ပိုင်း အတွင်းမှာပင် အနိုင်ယူကာ ဖမ်းဆီး လာခဲ့ပုံ ပေါ်သည်။ အနန္တ ဧကရာဇ်ဂိုဏ်းသားများ မယုံကြည်နိုင်စွာဖြင့် ကြောင်အ နေကြစဉ်တွင် ဟောင်ပို့ချင်မှာ နှလုံးသားထဲမှ ထိတ်လန့် ခြောက်ခြားစွာ အော်ဟစ် နေခဲ့မိ၏။
အခြား လူများ ဝေ့ဝူယင်မသိလျှင်ပင် သူက မှတ်မိပေသည်။ ထိုလူငယ်မှာ ပျက်သုဉ်းခြင်း နယ်မြေ၏ တော်ဝင် သားတော် ဖြစ်သည်။ အစွန်းလေးဖက် ကုန်းမြေတိုက်ကြီး တစ်ခုလုံး၏ အစစ်အမှန် တော်ဝင် သားတော်၊ နတ်ဘုရားတို့၏ ရွေးချယ်ခံပင် ဖြစ်နိုင်ချေ ရှိသည်။
သို့သော်လည်း သူ့အား ထိတ်လန့် စေသည်က ထိုလူငယ်၏ အဆင့်အတန်း မဟုတ်ချေ။ မဟာငလျင် အစီအရင်၏ အကွာအကွယ် အတွင်း ရှိနေသည့် သူ့ကို စက္ကန့်ပိုင်း အတွင်းမှာပင် အနိုင်ယူကာ ဖမ်းဆီးနိုင်သည့် စွမ်းအား ဖြစ်ပေသည်။
လက်ရှိ၌ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ ဝေ့ယူယင်၏ ဝိညာဉ် အစီအရင် ကန့်သတ်မှု အောက်၌ ကျရောက်နေပေသည်။ ထျန်းတျန် အတွင်းရှိ မည်သည့် ကြယ်တာရာ အင်အားကိုမှ သူ မထုတ်ဖော်နိုင်သလို လောကနယ်မြေမှာလည်း တင်းကြပ်စွာ ဖိနှိပ်ခံထားရသည်။
သို့သော်လည်း လှုပ်ရှားနိုင်ခဲ့လျှင်ပင် ဘာအကျိုးထူးလိမ့်မည်နည်း။ သူ့လည်ပင်းကို ဆုပ်ကိုင်ထားသည့် ဝေ့ဝူယင်၏ လက်ချောင်းများမှာ သူ့ အသက်နှင့် ဝိညာဉ်ကို အချိန်မရွေး နှုတ်ယူပစ်နိုင်စွမ်း ရှိနေသည် မဟုတ်ပါလား။
ထိုအခိုက်၌ ဟောင်ပို့ချင်မှာ စိတ်ရောကိုယ်ပါ နှစ်ခုစလုံး ချုံးချုံးကျအောင် ရှုံးနိမ့်မှုကို ခံစားနေရ၏။ နာမည် ကျော်ကြားသည့် အတိုင်းပင် ပျက်သုဥ်းခြင်း နယ်မြေ တော်ဝင် သားတော်မှာ ကြောက်မက်ဖွယ် ကောင်းအောင် အစွမ်းထက် လွန်းသည်။ သူက အချိန်သခင် နှစ်ပါးကိုပင် မယားများ အဖြစ် သိမ်းပိုက်ထားသူ ဖြစ်သည်။ ထိုကဲ့သို့သော လူတစ်ယောက်ကို သူမည်ကဲ့သို့ ရန်စခဲ့မိသနည်း။
ရွှယ်ရီဖေးမှာ တိတ်တဆိတ်ပင် အနက်ရောင် ဝတ်စုံနှင့် အရပ် ရှည်မားသည့် ပုံရိပ်ကို ငေးကြည့်နေခဲ့မိ၏။ သူမ၏ ရင်အစုံက အဆက်မပြတ် တဒိန်းဒိန်း တုန်ရီနေကာ အမျိုးအမည် မသိသော ခံစားချက်တို့နှင့် ပြည့်နှက်နေသည်။ တစ်ချိန်တည်း၌ "သူ ငါ့ယောက်ျား၊ ငါ့လူ" ဆိုသော အတွေးနှင့် အတူ ဂုဏ်ယူ ဝံ့ကြွားမှု လှိုင်းလုံးများက သူမ၏ နှလုံးသားထဲတွင် မွေးဖွားလာကာ ခန္ဓာကိုယ် တစ်ခုလုံးကို ပျံ့နှံ့ သွားနေခဲ့၏။
အားလုံးထဲ၌ ထို့ပိဟန်မှာ အံ့ဩ မှင်သက်မှုများမှ ပထမဆုံး ပြန်လည် နိုးထ လာနိုင်ခဲ့သူ ဖြစ်သည်။ ထိုကဲ့သို့ ဖြစ်ရပ်မျိုးအား မျှော်လင့် မထားသည့်တိုင် သူဌေးလေး ကဲ့သို့ သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက်ကို သာမန် စံချိန် စံနှုန်းများဖြင့် တိုင်းတာ၍ မရနိုင်ကြောင်း သူ နားလည်သည်။ သူက စိတ်တည်ငြိမ်မှုကို ပြန်လည် ရရှိကာ ကောင်းကင်တွင် ပျံဝဲလျှက် ဝေ့ဝူယင်၏ ရှေ့ကို အပြုံးနှင့် ဆင်းသက် လာခဲ့၏။
"အင်ပါယာလေး…"
သူက အနည်းငယ် ဦးညွှတ်ရင်း နှုတ်ဆက် လိုက်၏။ ဝေ့ဝူယင်က သူ့ကို တစ်ချက် ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
ထို့ပိဟန်နှင့် ဟောင်ပို့ချင်တို့၏ တိုက်ပွဲကို အစောကြီးတည်းက သူ သတိထားမိနေခဲ့ခြင်း ဖြစ်သည်။ သူ ဝင်ရောက် မစွက်ဖက်ခဲ့သည့် တစ်ခုတည်းသော အကြောင်းရင်းမှာ ထို့ပိဟန်ကို လောကသခင် အဆင့် တိုက်ပွဲ အတွေ့အကြုံ ရစေရန် အတွက်ပင် ဖြစ်သည်။
ဘုန်း…
ဝေ့ဝူယင်က ဟောင့်ပိုချင်၏ ခန္ဓာကိုယ်ကို ပစ်ချလိုက်၏။ ရွယ်ရီဖေးမှာ ဝေ့ဝူယင်က သူ့အား ရှေ့ထွက်လာရန် ခေါ်နေသည့် အကြည့်ကို သတိထားမိလိုက်သည်။ သူမ၏ မျက်လုံးများက ပျော်ရွှင်မှုဖြင့် တောက်ပသွားကာ ကြယ်တာရာ အင်အားကို အသုံးပြု၍ ခန္ဓာကိုယ်တွင် ကပ်နေသည့် ဖုန်များနှင့် သွေးစ သွေးနများကို သန့်စင် လိုက်၏။ သူမ၏ လှုပ်ရှားမှုများက အလွန်အမင်း လျှင်မြန်လှကာ တစ်ခဏ အတွင်းမှာပင် မူလ လှပ တင့်တယ်မှုများကို ပြန်လည် ရရှိလာသည်။ ဘာပဲဖြစ်ဖြစ် အဝေးမှ ပြန်လည် ရောက်ရှိလာသည့် လင်ယောက်ျားကို အလှပဆုံး ကြိုဆိုလိုသည်က မိန်းမများ၏ သဘာဝ မဟုတ်ပါလား။
ရွှယ်ရီဖေးက ရှေ့သို့ လမ်းလျှောက်ထွက်လာကာ မကြာခင်မှာပင် ဝေ့ဝူယင် အနားသို့ ရောက်ရှိ လာခဲ့၏။ ဝေ့ဝူယင်က သူမကို ချစ်မြတ်နိုးစွာ ပြုံးပြလိုက်ရင်း သူမ၏ ဆံနွယ်စ အချို့ကို ညင်သာစွာ သပ်တင် ပေးလိုက်၏။ ထို့နောက် သူမ၏ လက်ကလေးကို တယုတယပင် ဆုပ်ကိုင်လိုက်၏။ သူတို့ နှစ်ယောက် အတူ ရှိသည့် အချိန်က သိပ်မကြာမြင့်လှသေးသည့်တိုင် စတင် တွေ့ဆုံခဲ့သည့် နေ့ကတည်းက ဝေ့ဝူယင်တွင် သူမ အပေါ် ခံစားချက်များ ရှိပေသည်။
အခြားတစ်ဖက်၌ မိန်းကလေး နှစ်ယောက်မှာ ထိုမြင်ကွင်းကို မတူညီသည့် ခံစားချက်များဖြင့် ငေးမော ကြည့်နေခဲ့မိကြသည်။
ပထမ တစ်ယောက်က ဝူပိုင်ကျိုး ဖြစ်ကာ သူမမှာ စိတ်ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေခဲ့၏။ သူမနှင့် ရွှယ်ရီဖေးမှာ အဆင့်အတန်းချင်း မတူသလို အခြေအနေချင်းလည်း မတူညီပေ။ ရွှယ်ရီဖေးမှာ ဝေ့ဝူယင်၏ တရားဝင် ကိုယ်လုပ်တော် ဖြစ်ကာ သူမကတော့ သာမန် လက်အောက်ငယ်သား တစ်ယောက်သာ ဖြစ်သည်။ ထိုအရာက သူမတို့၏ အနာဂတ်ကို နောင်တစ်ချိန်တွင် ကွဲပြားစေမည်လား မသိနိုင်ပါချေ။
အခြား တစ်ယောက်ကတော့ လောကသခင် နှစ်ယောက်၏ တိုက်ပွဲကြောင့် ဘေးကင်း လုံခြုံသည့် တစ်နေရာတွင် ပုန်းအောင်း စောင့်ကြည့်နေခဲ့သည့် ချင်ချူးမူပင် ဖြစ်သည်။ ပထမ ဝေ့ဝူယင် အန္တရာယ် တစ်စုံတစ်ရာ မရှိပဲ ပြန်လည် ပေါ်လာခဲ့သည်ကို မြင်တွေ့ခဲ့ရသော အခိုက်၌ သူမ ပျော်ရွှင်ကာ စိတ်သက်သာရာ ရခဲ့ရသည်။ ထိုအရာက အရင်းနှီးဆုံး မိတ်ဆွေတစ်ယောက် အတွက် အရိုးသားဆုံးသော ခံစားမှုလည်း ဖြစ်ပေသည်။
သို့သော်လည်း ဝေ့ဝူယင် အခြား မိန်းကလေး တစ်ယောက်၏ လက်အား ဆုပ်ကိုင်လိုက်သည်ကို မြင်လိုက်ရသော အခိုက်တွင်တော့ ထူးဆန်းသော ခံစားချက် တစ်မျိုးမှာ သူမ နှလုံးသား အတွင်း မွေးဖွား လာခဲ့သည်။ ထိုခံစားချက်က အလွန် ရှုပ်ထွေးကာ သူမ ကိုယ်တိုင်ပင် နားလည်နိုင်စွမ်း မရှိပါချေ။ လုံချန် အပါအဝင် အခြား ဘယ်ယောက်ျားနှင့်မှ ထိုကဲ့သို့ ခံစားချက်မျိုးကို သူမ မခံစားဖူးချေ။
ဝှစ်...
ဝေ့ဝူယင်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ဟောင်ပို့ချင်မှာ မြေပြင်ပေါ်တွင် လဲကျနေရာမှ ဒူးထောက်လျှက်သား ဖြစ်သွားခဲ့၏။ သူ၏ မျက်လုံးများက ထိတ်လန့် ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေကာ ဝေ့ဝူယင်နှင့် ရွယ်ရီဖေးတို့ကို တစ်လှည့်စီ ကြည့်နေမိခဲ့သည်။ တစ်ချိန်တည်း၌ သူ ရွှယ်ရီဖေး၏ ရုပ်ရည် သွင်ပြင်ကို ကြည့်ကာ စိတ်ထဲမှ အံ့သြနေခဲ့မိ၏။ သူမက သူတွေ့ဖူးသမျှ ထဲတွင် အလှဆုံး လူသား မိန်းကလေး ဖြစ်သည်။ ထိုမျှ လှပသည့် မိန်းကလေးကို အဘယ်ကြောင့် ယခုမှ သတိထားမိရသနည်း။
“ငါ့မိန်းမကို အန္တရာယ်ပြုဖို့ ကြိုးစားခဲ့တဲ့ ပြစ်မှု အတွက် အပြစ်ဒဏ်ကို မင်းဘာသာမင်း ဆုံးဖြတ်ချေ”
ဝေ့ဝူယင်က အေးဆေးစွာပင် အမိန့်ပေးလိုက်၏။ ဟောင်ပို့ချင်မှာ ပါးနပ်သူ တစ်ယောက် ဖြစ်ရာ ဝေ့ဝူယင်က သူ့ကို လွတ်မြောက်ရန် အခွင့်အရေးပေးနေပြီ ဖြစ်ကြောင်း တန်းကာ သိလိုက်သည်။
“ဟုတ်ကဲ့... ဟုတ်ကဲ့ပါ တော်ဝင်သားတော်... ကျုပ် ကျူးလွန်ခဲ့တဲ့ ပစ်မှုက ခွင့်မလွှတ်နိုင်လောက်အောင် ကြီးမားလှပါတယ်... ဒီပြစ်မှုအတွက် ကျုပ်တစ်ဘဝလုံး မြှုပ်နှံပြီး ပြန်ပေးဆပ်လိုပါတယ်”
ဟောင်ပို့ချင်က ချက်ချင်းပင် သူ့ကိုယ်ကို ပြင်းထန်စွာ ပြစ်ဒဏ် ချမှတ်လိုက်၏။ သူက အနည်းငယ်ပင် တုန့်ဆိုင်းခြင်း မရှိချေ။
ဝေ့ဝူယင်က ပြုံးကာ ခေါင်းတစ်ချက် ညိတ်လိုက်သည်။ ဘာပဲဖြစ်ဖြစ်... လောကသခင် အဆင့် ကျေးကျွန် တစ်ယောက် ရှိခြင်းက မဆိုးလှချေ။
ထို့နောက် သူက အသာအယာပင် ရွှယ်ရီဖေးဘက်သို့ လှည့်လိုက်သည်။
“သူ့ကို အစေခံ အနေနဲ့ လိုချင်ရဲ့လား... တကယ်လို့ ယူမယ် ဆိုရင် သူ့မူလယန်ကို ချိတ်ပိတ်ပြီး တစ်ခါတည်း ဝိညာဥ်ကျိန်ဆိုခိုင်းလိုက်မယ်... သူ့ခွန်အား၊ သူ့ဉာဏ်ရည်နဲ့ ဆိုရင် သိပ်တော့ မဆိုးပါဘူး”
ရွှယ်ရီဖေးမှာ သူ့ ကိုယ်လုပ်တော် ဖြစ်ရာ ယောက်ျား တစ်ယောက်ကို ဘေးနား၌ မထားလိုသည်က အမှန်ပင် ဖြစ်သည်။ ထိုအရာက မလိုလားအပ်သော သွားပုပ်လေလွင့် စကားများကို ဖိတ်ခေါ်နိုင်စွမ်း ရှိသည်။
လူတိုင်းမှာ ဝေ့ဝူယင်နှင့် ဟောင်ပို့ချင်တို့၏ စကားများကို ကြားလိုက်ရရာ ပါးစပ် အဟောင်းသား ဖြစ်သွားကြ၏။ လောကသခင် တစ်ပါးကို အစေခံ အဖြစ် ထားရှိခြင်း... ထိုအရာက...။
သူတို့ ဆွံ့အနေကြစဥ်မှာပင် ဟောင်ပို့ချင်က ခေါင်းကို ငုံ့လိုက်ရင်း ရွှယ်ရီဖေးကို ဦးညွှတ်လိုက်၏။
“စောစောက ကျုပ်ရဲ့ ရိုင်းပြတဲ့ လုပ်ရုပ် အတွက် သခင်မလေးကို တောင်းပန်ပါတယ်... အသက်နဲ့ ကိုယ် မြဲနေသမျှ ကာလပတ်လုံး ကျုပ် ဟောင်ပို့ချင် သခင်မလေး အပေါ် အကြွင်းမဲ့ သစ္စာစောင့်သိသွားမယ် လို့ ကျိန်ဆိုပါတယ်... ကျေးဇူးပြုပြီး ကျုပ်ရဲ့ တောင်းဆိုမှုကို လက်ခံပေးပါ”
ရွှယ်ရီဖေးမှာ ပထမ၌ တုန့်ဆိုင်းနေခဲ့သေးသော်လည်း ဝေ့ဝူယင်က မူလယင် ချိတ်ပိတ်ပေးမည်ဟု ပြောသောအခါ၌ အနည်းငယ် စိတ်ဝင်စားသွားခဲ့သည်။ သူမမှာ ရုပ်ရည်သွင်ပြင် အပေါ် အလွန် သတိထားရသည်။ အကယ်၍ ယွမ်လုံရှီနှင့် အမည်မသိ လူအိုကြီးတို့၏ ကာကွယ်မှုကြောင့်သာ မဟုတ်ပါက သူမ၏ ဘဝမှာ အစောကြီးကတည်းက ကျင့်ကြံသူများ၏ လိင်ဖျော်ရေး ဘဝသို့ ကျရောက်နေလောက်ပြီ ဖြစ်သည်။
ရွှယ်ရီဖေးက ဝေ့ဝူယင်အား ကြည့်လိုက်ရာ သူ့ငွေရောင် မျက်လုံးများထဲတွင် လက်ခံစေလိုသည့် အရိပ်အယောင် အချို့ကို သတိထားလိုက်မိ၏။ သူမက အနည်းငယ် ပြုံးလိုက်ရင်း ခေါင်းတစ်ချက် ညိတ်ကာ လက်ခံ လိုက်သည်။
“ဝေ့ဝူယင်...”
ထိုအခိုက်တွင်ပင် ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်များနှင့် ပြည့်နှက်နေသည့် အသံတစ်ခု ထွက်ပေါ်လာခဲ့တော့၏။
***