← Chapters

အတိတ်မှ အမှန်တရား

Vol. 39 Ch. 546

အတိတ်မှ အမှန်တရား

Vol. 39 Ch. 546

“အားလုံးက မင်းအမှားပဲ ဝေ့ဝူယင်...”

လုံချန်၏ မျက်လုံးများက အဆုံးမဲ့သော ရူးသွပ်မှု၊ သတ်ဖြတ်လိုမှုများနှင့် ပြည့်နှက်လာ၏။ ထိုလူငယ်အား စတင် တွေ့ခဲ့သည့်နေ့... ထိုနေ့ကစ၍ ကံကြမ္မာဆိုးများမှာ တစ်ခုပြီး တစ်ခု သူ့ဘဝ အတွင်း ဝင်ရောက် လာခဲ့ခြင်း ဖြစ်သည်။

“ငါ မင်းကို အဲဒီနေ့တည်းက သတ်ပစ်ခဲ့သင့်တာ...”

ဝေ့ဝူယင် လုံချန်ကို ငေးကြည့်နေခဲ့မိ၏။ သူ၏ မျက်လုံးများက တည်ငြိမ်နေသည့်တိုင် အထဲတွင် ဆန်းကြယ်သော ခံစားချက် တစ်ခု ရှိနေခဲ့သည်။

လွန်ခဲ့သည့် နှစ်ပေါင်းများစွာ၊ နေသွေးနီနီဂိုဏ်းတွင် နေထိုင်ခဲ့စဥ် ကာလက အရူး လူငယ်နှင့်သာ မတွေ့ဆုံခဲ့ပါက ယနေ့တွင် လုံချန် မည်ကဲ့သို့ ဖြစ်နေမည်ကို သူ တွေးတော နေခဲ့မိသည်။

ချင်ချူးမူမှာ ဝူပိုင်ကျိုး၏ ဘေးနားသို့ ရောက်လာကာ လုံချန်ကို စူးရဲစွာ ကြည့်လိုက်သည်။

“လုံချန်... စောစောက နင်ပြောတဲ့ စကားတွေက တရားလွန်...”

“နင့် သောက်ပါးစပ်ကို ပိတ်ထား...”

လုံချန်က အသံကုန် အော်ဟစ်လိုက်ရာ မြေပြင်မှာ ငလျင် လှုပ်သလို တုန်ဟီးသွား၏။ ထို့နောက် သူက ချင်ချူးမူ ဘက်သို့ လှည့်ကာ လက်ခလည်ကို ထောင်ပြလိုက်သည်။

“တရားလွန် ဟုတ်လား... နင့်လင်ကို တရားလွန်ရမှာလား... နင့်မှာ ငါ့ကို အဲဒီလို စကားပြောဖို့ အဆင့် ရှိလား...”

လုံချန်၏ လေသံက ရူးသွပ် မုန်းတီးမှုများနှင့် ပြည့်နှက်နေ၏။ သူ နှစ်နှင့်ချီ၍ မြိုသိပ်ထားသမျှ ခံစားချက် အားလုံးကား မထိန်းချုပ်နိုင်အောင် ပေါက်ကွဲနေချေပြီ ဖြစ်သည်။

ချင်ချူးမူမှာ ဘာပြန်ပြောရမှန်း မသိအောင် ဆွံအ သွားခဲ့၏။ သူမ ရီဝေစွာဖြင့် ဆယ်စုနှစ် တစ်ခုကျော် ကြာအောင် အတူတကွ တိုက်ခိုက်ခဲ့သည့် ထိုလူငယ်ကို ငေးကြည့်လိုက်မိသည်။ တောက်ပသည့် အပြုံး၊ ခိုင်မာသည့် ခံယူချက်တို့ကို ပိုင်ဆိုင်ထားကာ ပေးခဲ့သည့် ထိုလူငယ်ကို သူမ အမှတ်ရမိသေးသည်။

မည်မျှ ဆိုးရွားသည့် အခြေအနေတွင် ဖြစ်စေကာမူ... သူက အမြဲ တည်ငြိမ်ခဲ့သည်။ မည်သည့် ပြဿနာကို မဆို အေးဆေးစွာ ဖြေရှင်းနိုင်ခဲ့သည်။ သို့သော်လည်း ယခုတွင်တော့...

“လုံချန်... နင် ဘာတွေ ဖြစ်နေတာလဲဟင်... ဘာဖြစ်လို့ အခြေအနေမှန်ကို မမြင်နိုင်ရတာလဲ”

“အခြေအနေမှန် ဟုတ်လား... ငါ အခြေအနေမှန် အားလုံးကို မြင်နေတာပဲ... နင်တို့ ဘယ်လို ခွေးဇာတ်ခင်းနေတာတွေ... ငါ့ အပေါ် သစ္စာမရှိတာတွေ... အားလုံး... အားလုံး”

လုံချန် ကောင်းကင်ကို မော့ကြည့်ရင်း ရယ်မောလိုက်သည်။ သူ့အသံက အထီးကျန်ခြင်း၊ နာကျည်းခြင်းများနှင့် ပြည့်နှက်နေ၏။

“နောက်ဆုံး လျဲ့ယုတောင်...”

လုံချန်၏ အသံက အနည်းငယ် တိမ်ဝင်သွား၏။

“နောက်ဆုံး အချိန်မှာ လျဲ့ယုက ဘယ်သူ့ကို တမ်းတခဲ့လဲ နင်တို့ သိလား”

သူက နာကျင်စွာ ရယ်မောရင်း ဝေ့ဝူယင်ကို လက်ညိုးထိုးပြလိုက်၏။

“ဝေ့ဝူယင် တဲ့လေ...”

“မင်း မှားနေပြီ...”

ဝေ့ဝူယင်က တည်ငြိမ်စွာပင် ခေါင်းခါလိုက်၏။

“အော်ရစ်ပင်လယ်က အဖြစ်အပျက်ကို မှတ်မိတယ် မလား... အဲဒီတုန်းက သူ့ အသက်ကို ကယ်ဖို့ အတွက် ငါ့ရဲ့ ကိုယ်ပိုင် အော်ရာ တစ်စိတ်တစ်ပိုင်းကို သူ့ခန္ဓာကိုယ်နဲ့ ပေါင်းစပ်ခဲ့ရတယ်... သူက သေခါနီး နောက်ဆုံး အခိုက်အတန့်မှာ အဲဒီ အော်ရာက ပြန်ထွက်ပေါ်လာတဲ့ အတွက် သူ ငါ့ကို မှတ်မိပြီးသွားတာ... အဲဒါကြောင့်ပဲ အံ့သြပြီး ငါ့နာမည်ကို ရေရွတ်ခဲ့တာပဲ”

“ ... “

လုံချန်မှာ ဆွံ့အသွား၏။ အော်ရစ်ပင်လယ်မှ အဖြစ်အပျက်ကို သူ မမေ့ပါချေ။ ထို့အပြင် ဝေ့ဝူယင် သူမကို ကယ်တင်ခဲ့သည်ကလည်း အမှန်ပင် ဖြစ်သည်။ ဤသို့ဆိုလျှင်... နောက်ဆုံး အခိုက်အတန့်တွင် လျဲ့ယု ဝေ့ဝူယင်၏ နာမည်ကို ရေရွတ်ခဲ့သည်က အော်ရာကြောင့် အံ့အားသင့်ခဲ့ခြင်း သက်သက်လော။

လင်းမင်မှာ နေရာတွင်ပင် ကြောင်အစွာ ရပ်နေမိ၏။ တစ်ချိန်တည်း၌ သူ ပျော်ရွှင်သလို ခံစားလိုက်ရသည်။ လျဲ့ယုက သူ့ကို ချစ်ခဲ့သည်။ သူမက ဝေ့ဝူယင်ကို မချစ်ခဲ့။ ထိုအရာက အံ့အားသင့်ဖွယ် ‌ကောင်းလှသည်။ အဆုံးသတ်ချိန် အထိ သူမက သူ့ကို ထားမသွားခဲ့ချေ။

“နောက်ပြီးတော့ ငါ မင်းကို ထပ်ပြီး ရှင်းပြချင်တဲ့ အမှန်တရား တစ်ခု ရှိသေးတယ်”

ဝေ့ဝူယင်က စကားဆက်လိုက်လေ၏။

“အမှန်တရား...”

လူတိုင်း၏ မျက်လုံးများက ဝေ့ဝူယင်ထံသို့ ရောက်ရှိသွား၏။ ချင်ချူးမူနှင့် ဝူပိုင်ကျိုးတို့ကလည်း တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြသည်။ ထိုအခိုက်၌ ဝေ့ဝူယင်၏ အမူအရာက ပုံမှန်နှင့် မတူပဲ ထူးဆန်းနေသလို သူတို့ ခံစားနေရ၏။

“အမှန်တရား ဟုတ်လား...”

လုံချန်က မျက်မှောင်ကြုတ်ရင်း ဝေ့ဝူယင်ကို ကြည့်လိုက်၏။ လျဲ့ယု အကြောင်း အဖြစ်မှန်ကို သိရှိပြီးဖြစ်သည့်တိုင် ဝေ့ဝူယင် အပေါ် သူ့ အမုန်းတရားများနှင့် သတ်ဖြတ်လိုစိတ်များက အထွတ်အထိပ် ရောက်အောင် မြင့်တက်နေဆဲ ဖြစ်ပေသည်။

“ဟုတ်တယ် အမှန်တရား...”

ဝေ့ဝူယင်က ရှေ့သို့ ခြေတစ်လှမ်း တိုးရင်း ခေါင်းညိတ်လိုက်၏။ တစ်ချိန်တည်း၌ သူ၏ ငွေရောင် မျက်လုံးများက တစ်စုံတစ်ရာကို ဆုံးဖြတ်ပြီးဟန်နှင့် ပိုမို၍ တောက်ပလာနေခဲ့သည်။

“ငါ မင်းကို ပထမဆုံး စတွေ့တဲ့ နေ့က ငါ သေတာကို မြင်ခဲ့ရတယ်... မင်းရဲ့ ဓားက ငါ့လည်ပင်းကို ဖြတ်ပြီး ငါ့ အသက်ကို နှုတ်သွားခဲ့တယ်... အဲဒီတုန်းက ဘာကြောင့် မင်းလက်ထဲမှာ သေရမယ် ဆိုတာ ငါ နားမလည်ခဲ့ဘူး...  ဘာကြောင့် ရှေ့ကို မဆက်နိုင်ခဲ့လဲ ဆိုတာ နားမလည်ဘူး...”

ဝေ့ဝူယင်က ရှေ့ကို ခြေတစ်လှမ်း ထပ်မံ တိုးလိုက်၏။

“ဒါပေမဲ့ လုံချန်... မင်းက ငါ့ဘဝရဲ့ အကြီးမားဆုံး ရန်သူတော့ ဖြစ်မလာခဲ့ဘူး... ငါ ‌ကောင်းကင်ရဲ့ ရန်ငြိုးဖွဲ့မှုကို ရင်ဆိုင်ခဲ့ရတယ်... ငရဲရဲ့ ပြစ်ဒဏ်ကနေ အသက်ရှင်ခဲ့တယ်... မြစ်ဝါမြစ်ကို ငါ မြင်ခဲ့တယ်... ကံကြမ္မာကို ပြောင်းလဲနိုင်ခဲ့တယ်... သူတို့နဲ့ ယှဥ်ရင် မင်းက ဘာမလို့လဲ”

ဝေ့ဝူယင်က နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်သည်။

“အရိုးသားဆုံး ဝန်ခံရရင် အနန္တ ဧကရာဇ်ဂိုဏ်းကို ဝင်ပြီးတဲ့နောက်မှာ ငါ မင်း အကြောင်း စဥ်းတောင် မစဥ်းစားမိတော့ဘူး... နောက် မင်း ထိခိုက်ခံစားရသမျှ အရာအားလုံးကိုလည်း ငါ ဘာတစ်ခုမှ ရည်ရွယ်ချက် ရှိရှိ လုပ်ခဲ့တာ မဟုတ်ဘူး”

“ ... “

လုံချန်မှာ နေရာတွင်ပင် ရပ်ကာ သတ်ဖြတ်လိုစိတ် ပြည့်နှက်နေသည့် မျက်လုံးများနှင့် တရွေ့ရွေ့ တိုးလာနေသည့် ဝေ့ဝူယင်ကို ကြည့်နေခဲ့၏။ အကယ်၍ အကြည့်ဖြင့်သာ လူသတ်နိုင်မည် ဆိုပါက ဝေ့ဝူယင်မှာ အပိုင်းပိုင်း၊ အစစ ဖြစ်နေလောက်ပြီ ဖြစ်သည်။

ဝေ့ဝူယင်က ခြေတစ်လှမ်း တိုးလိုက်ရင်း စကားဆက်လိုက်သည်။

“မင်းဘေးနားက မိန်းကလေး တစ်ယောက်ပြီး တစ်ယောက် ထွက်သွားခဲ့တာလည်း မင်း အမှားတွေပဲ... တကယ်လို့ မင်းသာ သူတို့ကို လုံလုံလောက်လောက် ကာကွယ်နိုင်ခဲ့မယ် ဆိုရင် သူတို့ မင်း ဘေးနားကနေ ထွက်သွားမယ် ထင်လား... လင်းကျိရန်၊ နာ့ရှင်းရီ၊ ရှောင်ပင်း... သူတို့တွေက အဲဒီလို ကံကြမ္မာဆိုးတွေနဲ့ ထိုက်တန်တယ်လို့ မင်းက တွေးနေတာလား...”

ဝေ့ဝူယင်က နောက်တစ်လှမ်း လိုက်ကာ ဆွံ့အစွာ ရပ်နေသည့် မိန်းကလေး နှစ်ယောက်ကို ကျော်ဖြတ်လိုက်၏။

“သူတို့က ကိုယ်ပိုင် ဘဝကို ပိုင်ဆိုင်ထားတဲ့ လူတွေ... လူတိုင်းက ကိုယ့်ဘဝ အတွက် ကိုယ်တိုင် ရွေးချယ်ခွင့် ရှိတယ်... သူတို့ကို ဘာလုပ်ပါ ဆိုပြီး မင်းမှာ အမိန့်ပေးနိုင်ခွင့် မရှိဘူး”

“မင်းစကားကို ခွေးပဲ ယုံမယ်...”

လုံချန်က ခေါင်းခါလိုက်၏။

“မင်းမှာ ငါ့ကို ထိခိုက်စေဖို့ ရည်ရွယ်ချက် မရှိဘူး ဟုတ်လား... မင်း ပြောသမျှကို ယုံရအောင် ငါက ကလေးလား... မင်းတင် မဟုတ်ဘူး... မင်းရဲ့ ဖန်တီးခြင်း တောင်ထိပ်ကလည်း ငါ့ကို ဆန့်ကျင်ခဲ့တာပဲ... မင်းရဲ့ ဒီဂိုဏ်းစုတ်ဂိုဏ်းပြတ်ကလည်း ငါ့ကို ဆန့်ကျင်ခဲ့တာပဲ....”

လုံချန်၏ အသံက ပိုမို၍ ပေါက်ကွဲလာ၏။

ဝေ့ဝူယင် ဒါတောင် မင်းက ကိုယ့်ကိုယ်ကို အပြစ် မရှိဘူး တွေးနေတာလား... လင်းကျိရန်ကို စိတ်ပြောင်းအောင် လုပ်တာလည်း မင်းပဲ... နာ့ရှင်းရီကို မဒိန်းကျင့်ခဲ့တာကလည်း မင်းပဲ... ဟုန်ရုနဲ့ ရှောင်ပင်းကို ငါ့ဆီက ကြောင်တောင်နှိုက်ပြီး ခေါ်သွားတာလည်း မင်းပဲ... “

လုံချန်၏ အနက်ရောင် မျက်လုံးများထဲမှ သတ်ဖြတ်လိုစိတ်မှာ ပိုမို၍ ခိုင်မာလာ၏။

“ဒါပေမဲ့ ကိစ္စမရှိပါဘူး... မင်း သေရင် အရာအားလုံး ပြီးသွားလိမ့်မယ်... သူတို့တွေ အမှန်တရားကို နားလည်ပြီး ငါ့ဆီ ပြန်လာလိမ့်မယ်”

ဝေ့ဝူယင်က ခြေစုံရပ်ကာ လုံချန်ကို ကြည့်လိုက်သည်။ သူတို့နှစ်ယောက်ကြားတွင် မီတာ ဒါဇင် ဂဏန်းခန့်သာ ကွာဝေးပေတော့သည်။ ထိုအရာက အဆင့်မြင့် ကျင့်ကြံသူ နှစ်ယောက် အတွက် တိုက်ပွဲတစ်ခု အချိန်မရွေး စတင်နိုင်သည့် အကွာအဝေး ဖြစ်ပေသည်။

“လုံချန်... ဒီနေ့က မင်းသေရမယ့် နေ့ပဲ...”

***

All Chapters