ဟန်ဆောင်မှု တစ်ခုပါပဲ
Vol. 59 Ch. 811
ဝမ်ပေါင်လဲ့၏ စကားများကြောင့် လူအများမှာ စိတ်ဝင်တစား ဖြစ်သွားကြ၏။ ထို့ကြောင့် သူတို့အဖွဲ့မှာ ထိုနေရာတစ်ဝိုက်တွင် သေသေချာချာ စူးစမ်းရှာဖွေကြည့်လိုက်ကြသည်။ သူတို့မှာ မည်သည့်သဲလွန်စကိုမှ ရှာမတွေ့ခဲ့သည့်တိုင်အောင် ဝမ်ပေါင်လဲ့၏ တာဝန်သိစိတ်ကြောင့် အဖွဲ့ခေါင်းဆောင်ကြီးမှာ ခေါင်းတညိတ်ညိတ် ဖြစ်သွားဆဲပင်။
စစ်တပ်စခန်း တစ်ခုလုံးထဲတွင် ထိုကဲ့သို့သော ရှာဖွေမှုများကို ပြုလုပ်နေကြပြီဖြစ်သည်။ ဝိညာဉ်ကြားခံနယ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူအချို့ပင် ပေါ်ပေါက်လာကြပြီး ကူညီအားဖြည့်ပေးနေကြ၏။ ထို့အပြင် ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့် အသိစိတ်ကြီးမှာလည်း တစ်ချိန်လုံး ရှိနေ၏။ ၎င်းမှာ စစ်တပ်စခန်းတစ်ခုလုံးအား ထပ်ခါလဲလဲ စစ်ဆေးနေပြီး တရားခံအား လိုက်လံရှာဖွေနေသည်။
သို့သော် ဝမ်ပေါင်လဲ့၏ တိုက်ကွက်များမှာ မြန်ဆန်နေခဲ့ရုံသာမက သူသည် ပုံရိပ်ယောင်ပညာရပ်ကိုလည်း ပိုင်ဆိုင်ထားသည်မဟုတ်ပါလား။ ထို့ကြောင့် သူသည် သဲလွန်စအချို့ ချန်ရစ်ထားမိခဲ့သည့်တိုင်အောင် သူ့အား အချိန်တိုလေးအတွင်း ရှာတွေ့နိုင်ရန်မှာ လုံးဝမဖြစ်နိုင်ပေ။
ထို့အပြင် ဝမ်ပေါင်လဲ့မှာ ထိုကိစ္စနှင့် ပတ်သက်၍ စိုးရိမ်နေခြင်းမရှိပေ။ သူသည် စစ်တပ်စခန်းဆီသို့ ရောက်မလာခင်ကတည်းက ကြိုတင်စဉ်းစားထားပြီးသားဖြစ်သည်။ စစ်တပ်စခန်းအား အဝင်အထွက် ပိတ်လိုက်လျှင်တောင် အချိန်အကြာကြီး ပိတ်ထားနိုင်မည် မဟုတ်ဟု သူက ယုံကြည်နေ၏။ အဘယ်ကြောင့်ဆိုသော် အဆုံးမဲ့မျိုးနွယ်စု အာရုံစိုက်စရာ လိုအပ်သည့် အခြားကိစ္စရပ်များ ထပ်မံ ပေါ်ပေါက်လာဦးမည် ဖြစ်သောကြောင့်ပင်။ ထိုအချိန်တွင် သူတို့မှာ အာရုံများ ထွေပြားသွားကြမည်ဖြစ်ပြီး သူတို့၏ပစ်မှတ်အား ပြောင်းလဲလိုက်ရမည်သာဖြစ်သည်။
သူ ယုံကြည်ထားသည့်အတိုင်းပင်။ စခန်းအား အဝင်အထွက် ပိတ်လိုက်ပြီးနောက် တစ်နာရီခန့်အကြာတွင် ပြင်ပကမ္ဘာမှ သတင်းများမှာ စစ်တပ်စခန်းထဲသို့ ရောက်ရှိလာ၏။ ထိုအခါ ထိုနေရာအား ကာကွယ်စောင့်ရှောက်နေကြသည့် ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူကြီးနှင့် အဖွဲ့ခွဲများမှ ခေါင်းဆောင်များအားလုံးမှာ အချက်တစ်ချက်အား သိရှိသွားတော့သည်။
ထိုတရားခံမှာ ပြင်ပကမ္ဘာမှ ဤဂြိုဟ်ပေါ်သို့ ကျူးကျော်လာသူတစ်ယောက်ဖြစ်ပြီး အံ့ဩတုန်လှုပ်ဖွယ်ရာ အစွမ်းအများကို ပိုင်ဆိုင်ထားသည်။ သူတို့မှာ ယခုကဲ့သို့သော ဖြစ်ရပ်မျိုးနှင့် ပထမဆုံးအကြိမ်အဖြစ် ကြုံတွေ့ဖူးခြင်းမဟုတ်ပေ။ ထို သတင်းအချက်အလက်များထဲတွင် ပါသည့် ' ဆင်းသက်သူ ' ဆိုသည့်လူများနှင့် သူတို့အားလုံး တပ်ထားကြသည့် မျက်နှာဖုံးများကြောင့် အဆုံးမဲ့မျိုးနွယ်စုထဲမှ အစွမ်းထက်ကျင့်ကြံသူများမှာ မီးတောက်ခေါင်းဆောင်ကြီးအကြောင်း ချက်ချင်း တွေးမိသွားကြတော့သည်။
" မျက်နှာဖုံးတွေ တပ်ထားပြီး တစ်သုတ်ပြီးတစ်သုတ် ရောက်လာကြတာဆိုပဲ... "
" အဲတာ မီးတောက်ခေါင်းဆောင်ကြီးပဲကွ... "
" တောက်ကွာ။ ဘာလို့ မီးတောက်ခေါင်းဆောင်ကြီးက အခုမှ ဒီနေရာကို လာတိုက်ရတာလဲ "
ထိုသတင်းများ ပျံ့နှံ့သွားသည်နှင့် တစ်ပြိုင်နက် အဆုံးမဲ့မျိုးနွယ်စုတစ်ခုလုံးမှာ အုတ်အော်သောင်းနင်း ဖြစ်သွားကြ၏။ သူတို့မှာ ထိုတိုက်ခိုက်မှုအား ကြောက်ရွံ့ခြင်း မရှိပါသော်လည်း မီးတောက်ခေါင်းဆောင်ကြီး ပါနေသည်ဆိုသည့် အချက်ကြောင့် လူအများစုမှာ သူတို့ ယခင်တုန်းက ကြားဖူးထားသည့် ကောလာဟလများကို ပြန်၍ သတိရသွားတော့သည်။
ဝမ်ပေါင်လဲ့မှာလည်း နားစွင့်၍ နားထောင်နေပြီး အခြားသူများကို လိုက်လံမေးမြန်းခဲ့၏။ သူသည် ထိုအချက်အား သိရှိလိုက်ရသောအခါ သူ၏ဘေးမှ လူများနည်းတူ အံ့ဩတုန်လှုပ်သွားသည့်ပုံစံ ဟန်ဆောင်ကာ ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။
ထိုတိုက်ခိုက်မှုကြောင့် စစ်တပ်စခန်းတစ်ခုလုံးမှာ အုပ်အော်သောင်းနင်း ဖြစ်နေရသည်ဖြစ်ရာ နဝမစက်လုံးထဲမှ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူကြီးကိုယ်တိုင် ထွက်ပေါ်လာရတော့သည်။ သူသည် အသက်အရွယ်အိုမင်းကာ ပိန်လှီနေပါသော်လည်း သူ၏မျက်ဝန်းများမှာ အေးစက်နေ၏။ ထို့အပြင် သူ၏ခန္ဓာကိုယ်မှာ ရှုံ့တွနေပြီး သေမင်းအငွေ့အသက်များကိုလည်း ထုတ်လွှတ်နေသေးသည်။ သို့သော် သေသေချာချာ အကဲခတ်ကြည့်ရှုလိုက်မည်ဆိုပါက သူ၏ ခန္ဓာကိုယ်ထဲတွင် ဘေးပတ်ပတ်လည်ရှိ အရာအားလုံးကို ဖိနှိပ်ချုပ်တည်းကာ သတ်ဖြတ်ပစ်နိုင်စွမ်းရှိသည့် ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းများ ကိန်းအောင်းနေသည်ကို အာရုံခံမိနိုင်ပေသည်။
ထို့အပြင် ရက်စက်ကြမ်းကြုတ်မှု အငွေ့အသက်များ ကိန်းအောင်းနေသည့် သူ၏စကားသံကြီးမှာလည်း နေရာတိုင်းတွင် ပဲ့တင်ထပ်သွားသည်။
" ဆင်းသက်သူတွေ ရောက်လာကြပြီဆိုကတော့ သူတို့တွေ ပြန်သွားလို့မရအောင် လုပ်ကြတာပေါ့။ တပ်ဖွဲ့ခွဲတွေအကုန်လုံးကို စုဝေးပြီးတော့ တစ်ဂြိုဟ်လုံး ပိုက်စိပ်တိုက် ရှာကြစမ်း။ မင်းတို့တွေ ရန်သူတစ်ယောက်ကို သတ်နိုင်တိုင်း ငါကိုယ်တိုင် သေချာ မှတ်ထားပေးပြီးတော့ မင်းတို့ကို ဆုချပေးဖို့ စစ်တပ်ခေါင်းဆောင်ကြီးကို ပြောပေးမယ် "
နှောင်းပိုင်းထာဝရဝိညာဉ်အဆင့် အဘိုးကြီးမှာ ထိုသို့ဆိုလိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်အား လှုပ်ရှားကာ အဝေးသို့ ပျံသန်းထွက်ခွာသွား၏။ ဤ ရှာဖွေမှုလုပ်ငန်းစဉ်ထဲတွင် သူကိုယ်တိုင် ပါလာတော့မည့် ပုံပင်။ ထိုစဉ်တွင် စစ်တပ်စက်လုံး တစ်လုံးချင်းစီထဲတွင် ရှိနေကြသည့် ခေါင်းဆောင်များအားလုံးမှာလည်း အမိန့်များထုတ်ပြန်လိုက်ကြသည်။ သူတို့မှာ ဂြိုဟ်ကြီးတစ်ခုလုံးအား နေရာများ ခွဲဝေသတ်မှတ်လိုက်ပြီး အဖွဲ့ခွဲ အသီးသီးအား စေလွှတ်ကာ စတင်ရှာဖွေခိုင်းလိုက်တော့သည်။
ထို အဖွဲ့များထဲတွင် ဝမ်ပေါင်လဲ့လည်း ပါ၏။ သူသည် တပ်ဖွဲ့ခွဲတစ်ခုနောက်မှ လိုက်ကာ စစ်တပ်စခန်းထဲမှ ထွက်ခွာသွားပြီး သတ်မှတ်ထားသော နေရာတစ်ခုဆီသို့ ဦးတည်သွားလိုက်၏။
တပ်ဖွဲ့ခွဲများအားလုံး ထွက်ခွာသွားပြီးနောက် စစ်တပ်စခန်းကြီးမှာ တိတ်ဆိတ်ငြိမ်သက်သွားသည်။ ထိုအချိန်တွင် လေထုထဲ၌ စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်ကို မည်သူကမှ သတိမထားမိလိုက်ပေ။ ထို့နောက် အခြားသူများက ထွက်ခွာသွားပြီဟု မှတ်ယူထားကြသည့် ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူကြီးမှာ ပြန်လည်ပေါ်ပေါက်လာသည်။ သူသည် သုန်မှုန်နေသည့် မျက်နှာအမူအရာဖြင့် လူမရှိတော့သည့် စစ်တပ်စခန်းကြီးအား နောက်ထပ်တစ်ကြိမ်ထပ်၍ ရှာဖွေလိုက်ပြန်သည်။ နောက်ဆုံးတွင် သူ၏ မျက်ဝန်းများထဲ၌ ဇဝေဇဝါဖြစ်နေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာ၏။
" စစ်တပ်စခန်းထဲမှာ လုပ်ကြံသတ်ဖြတ်မှုတွေကို ဆောင်ရွက်ခဲ့တဲ့ တရားခံက ဆင်းသက်သူတွေထဲက တစ်ယောက်ဆိုတာကို ငါ သိထားပြီးသား။ ပြီးရင် လူအများကြီး မဟုတ်တာလည်း သေချာတယ်... တစ်ယောက်တည်းတောင် ဖြစ်ရင် ဖြစ်နေနိုင်တယ် "
" ဒါပေမဲ့... သူက ထွက်ခွာသွားပြီလား... ဒါမှမဟုတ် သူ့ရဲ့ အငွေ့အသက်တွေကို ဖုံးကွယ်နိုင်စွမ်းရှိတဲ့ နည်းလမ်းတစ်ခုကို ပိုင်ဆိုင်ထားတာများလား " ထို အဆုံးမဲ့မျိုးနွယ်စု ကျင့်ကြံသူကြီးမှာ သက်ပြင်းချလိုက်ပြီး သူ၏ ဦးခေါင်းသုံးလုံးစလုံးမှာ မျက်မှောင်ကြုတ်သွား၏။ ထို့နောက် သူသည် မြေပြင်ပေါ်သို့ လှမ်းကြည့်လိုက်ပြီးနောက် စကားပြောရန် ပြင်လိုက်ပါသော်လည်း ရပ်တန့်သွားပြီး ခေါင်းယမ်းလိုက်သည်။
" ငါ အရေးကြီး အခိုက်အတန့်တစ်ခုကို ရောက်နေတဲ့ စစ်တပ်ခေါင်းဆောင်ကြီးကို ဒီကိစ္စလေးကြောင့် သွားပြီးတော့ အနှောင့်အယှက်ပေးမိရင် သူ စိတ်ဆိုးသွားမှာ သေချာတယ်။ အဲဒီအပြင် ပုံမှန်အတိုင်းဆိုရင် မီးတောက်ခေါင်းဆောင်ကြီး ခေါ်လာတဲ့ ဆင်းသက်သူတွေက နှစ်ဆယ့်လေးနာရီပဲ တိုက်ခိုက်ခွင့်ရှိတာ... " ထာဝရဝိညာဉ်အဆင့် အဘိုးကြီးမှာ ထိုသို့တွေးလိုက်ပြီးနောက် နှုတ်ဆိတ်သွား၏။ အခြားသူများအားလုံးမှာ ဂြိုဟ်အဆင့်တွင်ရှိနေသည့် သူတို့၏ စစ်တပ်ခေါင်းဆောင်ကြီးမှာ ထွက်ခွာသွားပြီဖြစ်သည်ဟု ယုံကြည်နေကြ၏။ သို့သော် ထိုအဘိုးကြီးသည် ထိုခေါင်းဆောင်ကြီးမှာ ထွက်ခွာသွားခြင်းမရှိသေးကြောင်း သိထားသည်။ သူသည် အလွန်အင်မတန်မှ အရေးကြီးသော အရာတစ်ခုကို ဆောင်ရွက်နေခြင်းဖြစ်၏။
ထို့ကြောင့် ထိုအဘိုးကြီးမှာ တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် သူ၏အကြည့်ကို ပြန်လည်ရုပ်သိမ်းကာ စစ်တပ်ခေါင်းဆောင်ကြီးအား အနှောင့်အယှက်မပေးရန် ဆုံးဖြတ်လိုက်တော့သည်။ နှစ်ဆယ့်လေးနာရီဆိုသည့် အချိန်မှာ... မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားမည် မဟုတ်ပါလော။ ထို့ကြောင့် ထို အဘိုးကြီးမှာ နောက်ဆုံးတွင် ထိုနေရာမှ အမှန်တကယ်ထွက်ခွာသွားပြီး ရှာဖွေမှုလုပ်ငန်းစဉ်ထဲ၌ ဝင်ရောက်ပူးပေါင်းလိုက်တော့သည်။
ဤ အဖြစ်အပျက်ကြီးမှာ နှစ်ဆယ့်လေးနာရီအတွင်း ပြီးဆုံးသွားလိမ့်မည်ဖြစ်ကြောင်း သူက သိထားပါသော်လည်း ထိုအဘိုးကြီးမှာ သူတို့အား စော်ကားရဲသည့် ဆင်းသက်သူများကို နှစ်မြို့ခြင်းမရှိပေ။ အကယ်၍ သူတို့မှာ လုပ်ကြံသတ်ဖြတ်မှုများဖြင့် သူတို့အား ရန်စခဲ့ခြင်း မရှိပါက အဘိုးကြီးမှာ ဂရုစိုက်နေမည်မဟုတ်ပေ။ သို့သော် သူတို့မှာ သူ၏ စစ်တပ်စခန်းထဲရှိ လူများကို သတ်ဖြတ်ခဲ့သည် မဟုတ်ပါလော။ သို့ဖြစ်ရာ အကယ်၍ သူသာ ထိုဆင်းသက်သူများအား ရှာဖွေကာ သတ်ဖြတ်နိုင်စွမ်းရှိပါက သူ၏ ဒေါသများကို ဖြေဖျောက်နိုင်မည်ဖြစ်သလို အဆုံးမဲ့မျိုးနွယ်စု၏ အကျိုးကို သယ်ပို့ပေးသကဲ့သို့လည်း ဖြစ်သွားမည်မှာ အမှန်ပင်။
အဘိုးကြီးမှာ ထိုသို့တွေးတောလိုက်ပြီးနောက် အရှိန်မြှင့်တင်လိုက်၏။ ထိုစဉ်တွင် ဆင်းသက်သူများမှာ သူတို့ထဲမှ တစ်ယောက် ပျားအိမ်အား တုတ်နှင့် သွားထိုးမိခဲ့သည့် အချက်ကို သိရှိထားခြင်းမရှိဘဲ လူစုခွဲကာ ပစ်မှတ်အသီးသီးကို ရှာဖွေနေကြသည်။ သို့သော် ခဏအကြာတွင် သူတို့ထဲမှ အချို့မှာ တစ်ခုခုလွဲနေကြောင်း သတိထားမိသွားကြတော့သည်။
" ထူးဆန်းတယ်။ ဒီဂြိုဟ်တစ်ခုလုံးပေါ်က ဒေသခံတွေ အကုန်လုံးနီးပါးကို သတ်ပြီးသွားပါပြီဟ။ အဲတာကို ဘာလို့ သူတို့က အင်အားအလုံးအရင်းနဲ့ စုဝေးနေကြတာလဲ "
" ဒါမှမဟုတ် အားကောင်းတဲ့ သူပုန်တပ်ဖွဲ့တစ်ဖွဲ့များ ရှိနေလို့လား "
ဆင်းသက်သူအချို့မှာ နေရာအနှံ့တွင် လူစုကွဲနေကြသည့် အဆုံးမဲ့မျိုးနွယ်စုဝင်များအား လိုက်လံ သတ်ဖြတ်ရန် ရှာဖွေနေကြသည်။ ထိုအချိန်တွင် သူတို့အားလုံးမှာ ကောင်းကင်ယံထဲ၌ အဆုံးမဲ့မျိုးနွယ်စုဝင်များ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ပျံသန်းသွားကြသည်ကို မြင်လိုက်ရ၏။ ထို့ကြောင့် သူတို့မှာ ဦးရေခွံများ ထုံကျဉ်သွားကြပြီး အံ့ဩတုန်လှုပ်သွားကြတော့သည်။
ထို ဆင်းသက်သူများ စိုးရိမ်တကြီး ဖြစ်နေကြစဉ် ဝမ်ပေါင်လဲ့မှာ တတိယစစ်တပ်ထဲမှ တပ်ဖွဲ့ခွဲတစ်ခုထဲ၌ ရှိနေ၏။ သူသည် ရှေ့သို့ လျှောက်လှမ်းလာနေရင်း သူ၏ဘေးတွင်ရှိနေသည့် အဆုံးမဲ့မျိုးနွယ်စုဝင် တစ်ယောက်နှင့် အာလာပသလ္လာပစကားများ ပြောနေသည်။
သူသည် အမှောင်ဂိုဏ်း ဘာသာစကားအား ကျွမ်းကျင်စွာ ပြောဆိုနိုင်စွမ်းရှိနေသောကြောင့် အခြား အဆုံးမဲ့မျိုးနွယ်စုဝင်များမှာ မည်သည့်အရာကိုမှ သံသယမဝင်ခဲ့ပေ။ သို့သော် ဝမ်ပေါင်လဲ့မှာ ထိုသို့စကားပြောဆိုရာမှ အဆုံးမဲ့မျိုးနွယ်စု၏ တင်းကျပ်သော အဆင့်သတ်မှတ်ချက်စနစ်အား သိရှိခဲ့ရသည်။ ဝမ်ပေါင်လဲ့မှာ ထိုအဖွဲ့ထဲ၌ ကျင့်ကြံခြင်းအဆင့် အနိမ့်ဆုံးဖြစ်နေသောကြောင့် အခြားသူများမှာ သူနှင့် စကားပြောဆိုနေကြသည့်တိုင်အောင် သူတို့၏ မျက်ဝန်းများမှာ ရေခဲတမျှ အေးစက်နေကြ၏။
သူတို့မှာ ကျင့်ကြံခြင်းအဆင့်အပေါ် မူတည်၍ ရာထူးအဆင့်အတန်းအား သတ်မှတ်ကြသည့်ပုံပင်။ သူတို့ တပ်ဖွဲ့ခွဲ၏ ခေါင်းဆောင်ကြီးမှာဆိုလျှင် သူ၏ လက်အောက်ငယ်သားများကို ဂရုစိုက်နေခြင်း မရှိပေ။ ဝမ်ပေါင်လဲ့မှာလည်း ထိုကိစ္စနှင့်ပတ်သတ်၍ ခေါင်းရှုပ်ခံနေမည်တော့ မဟုတ်ပေ။ သူသည် လေထဲ၌ အချိန်အတော်အတန်ကြာအောင် ပျံသန်းခဲ့ပြီးနောက် လုံလောက်ပြီဟု မှတ်ယူလိုက်၏။ ထို့ကြောင့် သူသည် ဘေးဘီဝဲယာအား အကဲခတ်လိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်ကြီးမှာ ဆိုင်းမဆင့်ဗုံမဆင့် ပေါက်ကွဲသွားတော့သည်။
သူသည် မြူခိုးများအဖြစ် ပြောင်းလဲသွားပြီး အံ့ဩမှင်တက်ဖွယ်ရာ အမြန်နှုန်းဖြင့် လူတိုင်းအား လွှမ်းခြုံသွားသောကြောင့် ဘေးပတ်ပတ်လည်ရှိ အဆုံးမဲ့မျိုးနွယ်စုဝင်များမှာ တုံ့ပြန်ချိန်ပင် မရလိုက်ပေ။ သူတို့မှာ ရုန်းကန်နိုင်စွမ်း မရှိသလို အော်ဟစ်ခွင့်ပင် မရလိုက်ပေ။ ထိုဖြစ်စဉ်ကြီးတစ်ခုလုံးမှာ အသက်ရှူကြိမ် အနည်းငယ်မျှသာ ကြာမြင့်ခဲ့၏။ တစ်အောင့်ခန့်အကြာ... ထိုမြူခိုးများ ပြန်လည်စုစည်းသွားသည့်အချိန်တွင် အဆုံးမဲ့မျိုးနွယ်စုဝင်များ၏ ရုပ်အလောင်းများကိုပင် မမြင်ရတော့ပေ။ သို့သော် ဝမ်ပေါင်လဲ့မှာမူ အခြား အဆုံးမဲ့မျိုးနွယ်စုဝင်တစ်ယောက်ပုံစံ ပြောင်းလဲသွားပြီ ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ သူ၏ ခန္ဓာကိုယ်ထဲရှိ နတ်ဆိုးမျက်လုံးပညာရပ်၏ စိတ်ဆန္ဒကြီး ပို၍ အားကောင်းလာပြီး အသံကုန် အော်ဟစ်ပစ်ရန် တာစူနေသည်ကို အာရုံခံမိလိုက်သောအခါ မျက်လုံးများမှေးသွား၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်မှာ ပြောင်းလဲသွားသည်။ သူသည် ဦးခေါင်းတစ်လုံးမရှိတော့သလို လက်တစ်ဖက်လည်း ပြတ်နေပြီး တစ်ကိုယ်လုံး ဒဏ်ရာဗရပွနှင့် ဖြစ်နေ၏။ ထို့နောက် သူသည် အဝေးသို့ ပြေးထွက်သွားပြီး သူ့အား လူတစ်ယောက်က လိုက်လံသတ်ဖြတ်နေသောကြောင့် ဒေါသထွက်ကာ ကြောက်ရွံ့တုန်လှုပ်နေသည့် အမူအရာအဖြစ် နောက်သို့ ခဏခဏ လှည့်ကြည့်နေတော့သည်။
ဝမ်ပေါင်လဲ့မှာ အချိန်အတော်အတန် ကြာအောင် ထိုကဲ့သို့ ဟန်ဆောင်နေခဲ့သဖြင့် ထိုမြင်ကွင်းကြီးမှာ အမှန်တကယ် ဖြစ်ပျက်နေသည့်ပုံပင် ပေါက်နေတော့သည်။ သူသည် သူ၏ဘေးတွင် လူတစ်ယောက်တလေပင် ရှိမနေသည့်အချက်ကို ဂရုစိုက်နေခြင်းမရှိသည့်အပြင် မကြာခဏဆိုသလို သွေးများ အန်ထုတ်ပြနေသေးသည်။ သို့သော်လည်း နောက်ဆုံးတွင် သူသည် အားမရသေးသဖြင့် သူ၏ အသက်ဝိညာဉ် တစ်စိတ်တစ်ပိုင်းအား အသုံးပြုကာ သူ၏နောက်တွင် ပုံရိပ်ယောင်တစ်ခု ဖန်တီးလိုက်ပြန်သည်။
ထို ပုံရိပ်ယောင်ကြီးမှာ နွားခေါင်းမျက်နှာဖုံးတစ်ခုကို တပ်ထား၏။ ၎င်းမှာ သူ့အား ရန်စခဲ့သည့် မောက်မာဝင့်ကြွားသောလူကြီး ဖြစ်ပေသည်။ ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူ လိုက်ဖမ်းကာ ထွက်ပြေးနေရသည့်ပုံစံ ဟန်ဆောင်နေတော့သည်။ မိနစ်နှစ်ဆယ်တိတိ ကုန်ဆုံးသွားပြီးနောက် သူသည် အခြား တပ်ဖွဲ့ခွဲတစ်ခုအား လှမ်းမြင်လိုက်ရ၏။
" အားလုံး။ သတိထားကြ။ ဆင်းသက်သူအဖွဲ့တစ်ဖွဲ့က ကျွန်တော်တို့ကို ချုံခိုတိုက်ခိုက်ခဲ့တာ။ ကျွန်တော်တို့ရဲ့ အဖွဲ့ခေါင်းဆောင်ကြီးက တိုက်ပွဲထဲမှာ ကျသွားပြီ။ တခြားသူတွေကလည်း လွတ်တဲ့လူကလွတ်၊ သေတဲ့လူက သေသွားကြပြီ။ ကျွန်တော့်ရဲ့နောက်က နွားခေါင်းမျက်နှာဖုံးနဲ့ လူကြီးဆိုရင် ကျွန်တော့်ကို လိုက်ဖမ်းနေတာ အကြာကြီးရှိနေပြီ " ဝမ်ပေါင်လဲ့မှာ သမားကမား အမူအရာဖြင့် ထိုသို့ အော်ပြောလိုက်ပြီးနောက် ထိုတပ်ဖွဲ့ခွဲဆီသို့ ဦးတည်သွားနေရင်း နောက်ထပ် သွေးတစ်ပွက် ထပ်၍ အန်ထုတ်ပြလိုက်ပြန်သည်။
ထို တပ်ဖွဲ့ခွဲမှ အဖွဲ့ဝင်များအားလုံး သူ့အား အေးစက်စက်မျက်ဝန်းများဖြင့် လှမ်းကြည့်လိုက်ကြစဉ် ဝမ်ပေါင်လဲ့ ဖန်တီးထားသည့် နွားခေါင်းမျက်နှာဖုံးနှင့် ကျင့်ကြံသူကြီးမှာ မျက်နှာအမူအရာများ ပြောင်းလဲသွားပြီး ခြေလှမ်းများရပ်တန့်သွား၏။ ထို့နောက် သူသည် နောက်သို့ ပြန်လှည့်သွားပြီး ထွက်ပြေးရန်ပြင်လိုက်တော့သည်။
သူ ထိုသို့ ထွက်ပြေးရန် ကြိုးစားလိုက်ခြင်းမရှိပါက အဆုံးမဲ့မျိုးနွယ်စုဝင်များမှာ သံသယဝင်သွားကြမည်သာ ဖြစ်သည်။ သို့သော် ထို နွားခေါင်းမျက်နှာဖုံးနှင့်လူကြီး ထွက်ပြေးရန်ကြိုးစားနေသည်ကို မြင်လိုက်ရသောအခါ ထို ကျင့်ကြံသူများမှာ မျက်ဝန်းများ အရောင်တောက်ပသွားကြ၏။ သူတို့၏ ခေါင်းဆောင်ကြီးမှာဆိုလျှင် ဝမ်ပေါင်လဲ့အား တစ်ချက်ပင် မကြည့်ဘဲ သူ၏လက်အောက်ငယ်သားများကို ဦးဆောင်ကာ လိုက်လံဖမ်းဆီးရန် ပြင်လိုက်တော့သည်။
သူတို့အဖွဲ့ ဝမ်ပေါင်လဲ့၏ အနီးသို့ ရောက်ရှိလာသောအခါ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ကြီးမှာ ထပ်၍ ပေါက်ကွဲသွားပြန်သည်။ ထို့နောက် သူသည် မြူခိုးများအဖြစ် ပြောင်းလဲသွားကာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီး လူတိုင်းအား ဝါးမျိုပစ်တော့မည့်ပုံဖြင့် သူတို့၏ ခန္ဓာကိုယ်များကို လွှမ်းခြုံသွားတော့သည်။
တစ်အောင်ခန့်အကြာတွင် ပုံပန်းသွင်ပြင် ပြောင်းလဲသွားပြီဖြစ်သော ဝမ်ပေါင်လဲ့မှာ သူ၏နှုတ်ခမ်းအား လျှာဖြင့်လျက်လိုက်၏။ ထို့နောက် သူသည် စူးရှကျယ်လောင်စွာ အော်ဟစ်မြည်တမ်းကာ သွေးများ အန်ထုတ်ရင်း ဆက်လက် ပြေးလွှားနေလိုက်ပြန်သည်။
" ကယ်ကြပါဦး။ ကျွန်တော့်ကို ကယ်ကြပါဦး "
သူ၏နောက်တွင်မူ ဝမ်ပေါင်လဲ့၏ ထိန်းချုပ်မှုကို ခံထားရသော နွားခေါင်းမျက်နှာဖုံးနှင့် လူကြီးမှာ ရက်စက်ကြမ်းကြုတ်စွာ အော်ဟစ်ရယ်မော်ကာ သူ့အား လိုက်လံဖမ်းဆီးနေဆဲပင်....