← Chapters

တိုက်ရိုက်ထုတ်လွှင့်မှု 

Vol. 59 Ch. 812

တိုက်ရိုက်ထုတ်လွှင့်မှု 

Vol. 59 Ch. 812

ထိုကဲ့သို့ ဝမ်ပေါင်လဲ့တစ်ယောက် သူ့ကိုယ်သူ လိုက်ဖမ်းနေစဉ် အဆုံးအစမရှိလောက်အောင် ကျယ်ပြောနေသည့် စကြဝဠာကြီး၏ အစွန်းပိုင်းတစ်နေရာတွင် မီးတောက်များဖြင့် ပြည့်နှက်နေသော ကြယ်အဖွဲ့အစည်းတစ်ခု ရှိနေသည်။

ထို ကြယ်အဖွဲ့အစည်းမှာ အံ့ဩမှင်တက်ဖွယ်ရာ ကောင်းလောက်အောင် ကြီးမားကျယ်ပြော၏။ ၎င်းမှာ နတ်မျက်လုံးလူမှုအဖွဲ့အစည်းထက် အဆတစ်သောင်းကျော်အထိ ပို၍ ကြီးမားနေသည်။

ထိုနေရာတွင် မီးတောက်များမှာ ထာဝရ တောက်လောင်နေသည့်ပုံပင်။ ရှေ့သို့ လှမ်းမျှော်ကြည့်လိုက်မည်ဆိုပါက အဆုံးအစမရှိသော စကြဝဠာကြီးမှာ မီးပင်လယ်ကြီးတစ်စင်းကဲ့သို့ ဖြစ်နေသည်ကို မြင်နိုင်ပေသည်။ ထိုမီးပင်လယ်ကြီးထဲတွင် ဂြိုဟ်ပေါင်းမြောက်မြားစွာ ရှိနေကြသည်။ ထိုဂြိုဟ်များမှာ အရွယ်အစားအမျိုးမျိုး ရှိကြပြီး ၎င်းတို့အားလုံးမှာလည်း တစ်လုံးမကျန် လောင်ကျွမ်းနေကြ၏။

အကယ်၍ သေသေချာချာ အကဲခတ်ကြည့်ရှုလိုက်မည်ဆိုပါက ထို လောင်ကျွမ်းနေသည့် ဂြိုဟ်များပေါ်တွင် မရေမတွက်နိုင်လောက်အောင် များပြားသည့် သက်ရှိမျိုးစုံ နေထိုင်နေကြသည်ကို မြင်နိုင်ပေသည်။ အပင်များ၊ တိရစ္ဆာန်များ၊ သာမန်လူများနှင့် ကျင့်ကြံသူများမှာ နေရာအနှံ့တွင် ရှိနေကြသောကြောင့် ထိုဂြိုဟ်ကြီးများမှာ စည်ကားသိုက်မြိုက်နေကြ၏။

ထိုစဉ်တွင် ထို ကြယ်အဖွဲ့အစည်း၏ အလယ်ဗဟို၌ တောင်ကြီးတစ်လုံးမှာ အာကာသထဲ၌ ရစ်ဝဲနေသည်။ ထိုနေရာကြီးမှာ မီးပင်လယ်ကြီး၏ ဗဟိုချက် ဖြစ်နေသည့်ပုံပင်။ ထို့အပြင် ထိုတောင်ကြီးမှာ မီးတောက်များအားလုံး စတင်ပေါ်ထွက်လာသည့်နေရာ ဖြစ်နေသည့်ပုံလည်း ပေါက်နေ၏။ ၎င်းမှာ သွေးရောင်ကဲ့သို့ ရဲရဲနီနေသောကြောင့် ၎င်းအား မြင်လိုက်ရသည့်လူတိုင်းမှာ ကြောက်ရွံ့တုန်လှုပ်သွားရမည်သာ ဖြစ်သည်။

ထို တောင်ထိပ်ပေါ်တွင် တဲအိမ်လေးတစ်လုံး ရှိနေ၏။ ၎င်းမှာ အရုပ်ဆိုးပြီး မြက်များဖြင့် တည်ဆောက်ထားခြင်း ဖြစ်ပါသော်လည်း အလွန်အင်မတန်မှ ပူပြင်းနေသည့်နေရာတွင် ရှိနေသည့်တိုင်အောင် အစိမ်းရောင်အတိုင်း ရှိနေဆဲဖြစ်သလို ခြောက်သွေ့ညှိုးနွမ်းသွားမည့်ပုံလည်း မပေါ်ပေ။ သို့ဖြစ်ရာ ၎င်းမှာ တမူထူးခြားနေ၏။ ထိုတဲအိမ်လေးထဲတွင် အဘိုးကြီးတစ်ယောက်မှာ တင်ပျဉ်ခွေထိုင်နေသည်။

ထို အဘိုးကြီးမှာ အနီရောင်ဝတ်ရုံများ ဆင်မြန်းထားပြီး တစ်ခေါင်းလုံး အနီရောင်ဆံပင်များ ပေါက်နေ၏။ သူသည် ပါးရေနားရေများ တွန့်နေသည့်တိုင်အောင် အလွန်အင်မတန်မှ သန်စွမ်းသည့်ပုံ ပေါက်နေဆဲပင်။ ထို့အပြင် သူသည် မျက်လုံးများကို တစ်ဝက်တိတိ မှိတ်ထားသည့်တိုင်အောင် သူ၏ မျက်ဝန်းများထဲမှ အလင်းရောင်များမှာ ဘေးပတ်ပတ်လည်ရှိ အာကာသကြီးထဲမှ အရောင်များအားလုံးကို မှေးမှိန်ပျောက်ကွယ်သွားအောင် လုပ်နိုင်စွမ်းရှိနေသည့်ပုံ ပေါက်နေသည်။

ထို အဘိုးကြီး၏ရှေ့တွင် နီညိုရောင် မှန်တစ်ချပ် ရှိနေ၏။ ထိုမှန်ထဲတွင် ဝမ်ပေါင်လဲ့ ရောက်နေသည့် ဂြိုဟ်အား မြင်နိုင်ပေသည်။ ထိုအဘိုးကြီး အကဲခတ် ကြည့်ရှုနေစဉ်မှာပင် ထိုမှန်ထဲမှ ပုံရိပ်များမှာ အဆက်မပြတ် ပြောင်းလဲနေကြ၏။ ထို ပုံရိပ်များ ပြောင်းလဲသွားသည့် အချိန်တိုင်း မျက်နှာဖုံးများတပ်ထားသည့် လူရိပ်တစ်ခု ပေါ်ပေါက်လာသည်သာ ဖြစ်သည်။

ထို လူရိပ်များမှာ ဆင်းသက်သူများ ဖြစ်ပေသည်။ ထို အဘိုးကြီးမှာမူ... မီးတောက်ခေါင်းဆောင်ကြီး ဖြစ်ရပေမည်။

ဝမ်ပေါင်လဲ့ အပါအဝင် အခြားသော ဆင်းသက်သူများအားလုံး၏ မျက်နှာဖုံးများမှာ သူတို့အား ကွယ်ဝှက်ပေးနိုင်သည့် စွမ်းအားများနှင့် ရန်သူများပေါ်တွင် အသုံးပြုနိုင်သော ကျိန်စာတစ်မျိုးကိုသာမက နောက်ထပ်ဂုဏ်သတ္တိနှစ်ခုကိုလည်း ပိုင်ဆိုင်ထားသေးသည်။ တစ်ခုမှာ သူတို့ သတ်ဖြတ်ခဲ့သည့် လူအရေအတွက်ကို မှတ်တမ်းတင်ပေးခြင်းဖြစ်ပြီး အခြားတစ်ခုမှာ သူတို့နှင့် ဝေးရာတွင်ရှိနေသည့် မီးတောက်ခေါင်းဆောင်ကြီးအား သူတို့၏ အပြုအမူများအားလုံးကို ရှင်းလင်းပြတ်သားစွာ ကြည့်ရှုနိုင်အောင် ကူညီပေးခြင်းပင် ဖြစ်သည်။

သူသည် ထိုသို့ ကြည့်ရှုရသည်ကို ဝါသနာပါသည်။ ယခင်တုန်းကဆိုလျှင် တာဝန်တစ်ခု စတင်သည့်အချိန်တိုင်း မီးတောက်ခေါင်းဆောင်ကြီးမှာ ထိုမျက်နှာဖုံးများမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုကို ကြည့်ရှုနေသည့်အလား စစ်မြေပြင်ကြီးအား အကဲခတ်ခဲ့၏။ အဆုံးမဲ့မျိုးနွယ်စုဝင်တစ်ယောက် ရုပ်ပျက်ဆင်းပျက်နှင့် သေဆုံးသွားရသည်ကို မြင်ရသည့်အချိန်တိုင်း သူသည် ဝမ်းသာပီတိဂွမ်းဆီထိသွားရသည်သာ ဖြစ်သည်။

ယခုတွင်လည်း သူသည် ထိုကဲ့သို့ လိုက်လံကြည့်ရှုနေသည်။ သူသည် ကျေနပ်အားရစွာဖြင့် မျက်နှာဖုံးများအားလုံးကို တစ်ခုပြီးတစ်ခု လိုက်ကြည့်နေရင်း သိပ်မကြာခင်တွင် ဝမ်ပေါင်လဲ့၏ ပုံရိပ် ပေါ်ပေါက်လာ၏။ ထိုအခါ သူသည် ဝမ်ပေါင်လဲ့အား လိုက်လံဖမ်းဆီးနေသည့် နွားခေါင်းမျက်နှာဖုံး တပ်ထားသည့် လူကြီးနှင့် သနားစဖွယ်ကောင်းစွာ အော်ဟစ်မြည်တမ်းကာ ထွက်ပြေးနေသော ဝမ်ပေါင်လဲ့တို့ကို မြင်လိုက်ရသဖြင့် အံ့အားသင့်သွားရတော့သည်။

ထို့ကြောင့် သူသည် သူ၏ညာဘက်လက်ကိုမြှောက်ကာ ဝှေ့ယမ်းလိုက်ပြီး ဝမ်ပေါင်လဲ့၏ မျက်နှာဖုံးထဲ၌ မှတ်တမ်းတင်ထားသည့် အချက်အလက်များအားလုံးကို ရှာဖွေကြည့်ရှုလိုက်တော့သည်။ ထိုအခါ မီးတောက်ခေါင်းဆောင်ကြီး၏ အမူအရာမှာ တဖြည်းဖြည်းနှင့် အထူးတဆန်း ဖြစ်လာ၏။

" သူ့ကိုယ်သူ လိုက်ဖမ်းနေတာပါလားဟ။ စိတ်ဝင်စားစရာပဲ... ပြီးတော့ ဒီ အသွင်ပြောင်းပညာရပ်ကို ငါ မြင်ဖူးနေလားလို့ပါ... "

" ဒါ ဟို သူငယ်ပြန်နေတဲ့ ချန်ရှင်းဆိုတဲ့ကောင် ဖန်တီးထားတဲ့ ပုံရိပ်ယောင်ပညာရပ်မလား "

" ဒီကောင်လေးက... သူနဲ့ ချန်ရှင်းရဲ့ကြားက ဆက်ဆံရေးက ဘာများလဲ " မီးတောက်ခေါင်းဆောင်ကြီးမှာ မျက်ခုံးများပင့်မိသွား၏။ ချန်ရှင်းမှာ သူ့ထက်ပို၍ အသက်ကြီးပါသော်လည်း အမြဲတမ်း လူငယ်တစ်ယောက်ပုံစံသာ ဟန်ဆောင်နေခဲ့သောကြောင့် သူသည် ချန်ရှင်းအား လုံးဝ မနှစ်မြို့ပေ။ သို့သော် သူသည် ဝမ်ပေါင်လဲ့တစ်ယောက် အဆုံမဲ့မျိုးနွယ်စုဝင်မြောက်မြားစွာအား သတ်ဖြတ်ခဲ့သည်ကို မြင်လိုက်ရသဖြင့် စိတ်ထဲ၌ ပျော်ရွှင်ကျေနပ်သွား၏။

" သူ သရုပ်‌ဆောင်တာ နည်းနည်းလေးတော့ လိုတာထက် ပိုနေပေမဲ့ စိတ်ဝင်စားစရာတော့အကောင်းသားဟ " မီးတောက်ခေါင်းဆောင်ကြီးမှာ ထိုသို့ရေရွတ်လိုက်ပြီးနောက် အခြား မည်သူ့ကိုမှ မကြည့်တော့ဘဲ ဝမ်ပေါင်လဲ့ကိုသာ ဆက်လက်စောင့်ကြည်နေရန် ဆုံးဖြတ်လိုက်သည်။

ထိုအချိန်တွင် ဝမ်ပေါင်လဲ့ ဖန်တီးထားသည့် နွားခေါင်းမျက်နှာဖုံးနှင့် လူကြီးမှာ အသံကုန်အော်ဟစ်လိုက်သည်။

" ရှေ့က ရုပ်ချောချောနဲ့ကောင်လေး။ မပြေးနဲ့ " ထို နွားခေါင်းမျက်နှာဖုံးနှင့် လူကြီး၏ ဒေါသတကြီး အော်ဟစ်သံကြီးမှာ တဲအိမ်လေးထဲတွင်သာမက သူရှိနေသည့် နေရာတစ်ခုလုံးတွင်ပါ ပဲ့တင်ထပ်သွားသည်။ ထိုအော်သံကြီးကြောင့် မီးတောက်ခေါင်းဆောင်ကြီးမှာ မျက်နှာရှုံ့မဲ့သွားရ၏။

" အရှက်မရှိတဲ့ပုံကတော့ ချန်ရှင်းနဲ့ တူတူပါပဲလားကွာ "

မီးတောက်ခေါင်းဆောင်ကြီး ထိုသို့နာမှုတ်လိုက်ပြီး ဆက်လက်ကြည့်ရှုနေစဉ် ထို ပုံရိပ်ထဲရှိ လေထဲ၌ အရှိန်အဟုန်ဖြင့် ပျံသန်းပြေးလွှားနေသော ဝမ်ပေါင်လဲ့မှာမူ နှလုံးသားထဲ၌ ခံစားချက်မျိုးစုံ ပေါ်ပေါက်လာတော့သည်။

" ငါ့ကို လိုက်သတ်နေတဲ့ လူကတောင် ငါ ဘယ်လောက်ချောမှန်း သိနေတာပါလားဟ။ ဘဝကြီးက ခက်ခဲလိုက်တာနော်... " ဝမ်ပေါင်လဲ့မှာ သူ၏ ဟန်ဆောင်မှုထဲ၌ အာရုံအပြည့်စိုက်ထားသောကြောင့် သူတစ်ယောက်တည်းသာ ပြဇာတ်ကနေခြင်း ဖြစ်သည်ကို မေ့သွားသည့်ပုံပင်။ သို့သော် သူသည် ခဏအကြာတွင် မျက်နှာအမူအရာ အနည်းငယ်ခန့်ပြောင်းလဲသွား၏။ သူ၏ရှေ့ရှိ ကောင်းကင်ယံထဲတွင် အဖွဲ့ခွဲနှစ်ခုမှ လူရိပ်များ ပေါ်ပေါက်လာသည်ကို မြင်လိုက်ရခြင်းဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ဝိညာဉ်ကြားခံနယ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက် ပါနေသည့် ထိုအဖွဲ့နှစ်ဖွဲ့ ယခုလို ပူးပေါင်းထားရသည့် အကြောင်းအရင်းကို မသိပါသော်လည်း မျက်လုံးများ မှေးသွားပြီး အော်ဟစ်မြည်တမ်းကာ သူတို့ဆီသို့ ဦးတည်သွားလိုက်ဆဲပင်။

" မင်း တော်တော်ကို တရားလွန်သွားပြီ။ ဒါ အဆုံးမဲ့မျိုးနွယ်စုရဲ့ ပိုင်နက်ကွ။ အဲတာကို မင်းက ဒီနေရာမှာ လာပြီးတော့ မောက်မာဝင့်ကြွားရဲနေတယ်ပေါ့။ ငါ မင်းကို သတ်ပစ်မယ် "

ထိုအခါ သူ၏နောက်တွင်လိုက်လာသော နွားခေါင်းမျက်နှာဖုံးနှင့် လူကြီး၏ စကားများမှာလည်း ချက်ချင်းဆိုသလိုပင်ပြောင်းလဲသွားသည်။

" ရှေ့ကကောင်။ မင်း သေဖို့သာပြင်ထားတော့ "

ခဏအကြာတွင် အဖွဲ့နှစ်ဖွဲ့ထဲမှ အဆုံးမဲ့မျိုးနွယ်စုဝင်များမှာ ထိုမြင်ကွင်းကြီးအား လှမ်းမြင်လိုက်ရသည်။ သူတို့၏ ဝိညာဉ်ကြားခံနယ်ထိပ်ဆုံးအဆင့် ခေါင်းဆောင်ကြီးမှာ သတ်လတ်ပိုင်းလူကြီးတစ်ယောက် ဖြစ်၏။ သူသည် ရေခဲတမျှအေးစက်နေသော မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့အား လှမ်းကြည့်လိုက်ပြီးနောက် သူ၏နောက်တွင် လိုက်လာသော နွားခေါင်းမျက်နှာဖုံးနှင့် လူကြီးအား လှမ်းကြည့်လိုက်သည်။ သူသည် စကားတစ်ခွန်းမှ မပြောသောကြောင့် အခြား အဆုံးမဲ့မျိုးနွယ်စုဝင်များမှာလည်း တိုက်ခိုက်ခြင်းမရှိဘဲ ဝမ်ပေါင်လဲ့နှင့် နွားခေါင်းမျက်နှာဖုံးတပ်ထားသည့် လူကြီးကိုသာ အကဲခတ်နေလိုက်ကြ၏။

နွားခေါင်းမျက်နှာဖုံးနှင့် လူကြီးမှာ ပထမအကြိမ်တုန်းကအတိုင်း အမူအရာပြောင်းလဲသွားပြီး နောက်သို့ထွက်ပြေးရန် ကြိုးစားလိုက်သည့်တိုင်အောင် ဝိညာဉ်ကြားခံနယ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူကြီးမှာ သူ၏ဘေးမှ ကျင့်ကြံသူတစ်ယောက်ကိုသာ ထိုလူကြီးအား လိုက်ဖမ်းရန် ခြေဟန်လက်ဟန်ပြလိုက်၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့အား လျစ်လျူရှုလိုက်ပြီး သူ၏အဖွဲ့အား ဦးဆောင်ကာ ရှေ့သို့ ဆက်လက်ထွက်ခွာသွားတော့သည်။

" အဆုံးမဲ့မျိုးနွယ်စုက တော်တော်လေးကို ရက်စက်တာပဲဟ " ဝမ်ပေါင်လဲ့မှာ ခေါင်းခဲသွားရ၏။ နွားခေါင်းမျက်နှာဖုံးနှင့် လူရိပ်ကြီးမှာ အပေါ်ယံတွင် အစစ်ဟုထင်ရပါသော်လည်း လက်တွေ့တွင်မူ တိုက်ရည်ခိုက်ရည်စွမ်းအား အများကြီးပိုင်ဆိုင်ထားခြင်းမရှိကြောင်း ဝမ်ပေါင်လဲ့က သိထား၏။ သူသည် သိပ်မကြာခင်တွင် တစ်ယောက်ယောက်မှာ တစ်ခုခုလွဲနေကြောင်း ရိပ်မိသွားမည်ဖြစ်ပြီး သူ့အား သံသယဝင်သွားနိုင်ကြောင်း ခန့်မှန်းမိလိုက်၏။ ထို့ကြောင့် သူသည် စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချလိုက်ပြီးနောက် အဆုံးမဲ့မျိုးနွယ်စုဝင်များဆီသို့ ဦးတည်ပျံသန်းသွားလိုက်တော့သည်။

ထိုအချိန်တွင် မီးတောက်ခေါင်းဆောင်ကြီးမှာ ဝမ်ပေါင်လဲ့အား ကြည့်နေရသည်ကို ပျင်းရိလာသောကြောင့် အခြားသူများကို ပြန်ကြည့်ရန်ဆုံးဖြတ်လိုက်သည်။ သို့သော် သူ ထိုသို့ မလုပ်နိုင်ခင်မှာပင် ဝမ်ပေါင်လဲ့မှာ ဆိုလိုက်၏ " ခေါင်းဆောင်ကြီး။ ကျွန်တော် အစီရင်ခံစရာ ရှိလို့ပါ "

ထိုအခါ ထိုပုံရိပ်ထဲရှိ ဝိညာဉ်ကြားခံနယ်ထိပ်ဆုံးအဆင့် အဖွဲ့ခေါင်းဆောင်ကြီးမှာ ဝမ်ပေါင်လဲ့၏ စကားကို ကြားလိုက်ရသဖြင့် နောက်သို့လှည့်လာပြီး သူ့အား စိုက်ကြည့်လိုက်၏။ ထို့နောက် သူသည် စကားပြောရန် ပြင်လိုက်ပါသော်လည်း ရုတ်တရက်ဆိုသလို မျက်လုံးများ မှေးသွားပြီး သူ၏ညာဘက်လက်ကို မြှောက်ကာ ဘေးတွင်ရှိနေသည့် အဆုံးမဲ့မျိုးနွယ်စုဝင်တစ်ယောက်အား လှမ်းဆွဲလိုက်ပြီးနောက် သူ၏ရှေ့တွင် ကာလိုက်၏။

သူ ထိုသို့ လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှာ ပေါက်ကွဲသွားကာ မြူခိုးငွေ့များအဖြစ် ပြောင်းလဲသွားပြီး အံ့ဩမှင်တက်ဖွယ်ရာ အမြန်နှုန်းမျိုးဖြင့် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွား၏။ ထို့နောက် သူသည် ထိုအဖွဲ့ထဲမှ လူများကို ချက်ချင်း လွှမ်းခြုံသွားတော့သည်။ သို့သော် ဝိညာဉ်ကြားခံနယ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူကြီးမှာမူ အချိန်မီ တုံ့ပြန်နိုင်ခဲ့၏။ သူသည် သူ၏ရှေ့တွင်ရှိနေသော ကျင့်ကြံသူကြီးဖြင့် သူ့ကိုယ်သူ ကာကွယ်လိုက်ပြီးနောက် သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို ထို ကျင့်ကြံသူ၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းကာ ၎င်းအား ပေါက်ကွဲသွားအောင် လုပ်လိုက်သည်။ ထို့နောက် သူသည် ထိုပေါက်ကွဲအားကိုအသုံးပြုကာ နောက်သို့ဆုတ်ခွာသွားပြီး ဝမ်ပေါင်လဲ့၏ ဝါးမျိုခြင်းကို ခံရမည့်ဘေးရန်မှ လွတ်မြောက်သွားတော့သည်။

" မင်း ဘယ်သူလဲကွ " ဝိညာဉ်ကြားခံနယ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူကြီးမှာ နောက်သို့ဆုတ်ခွာသွားရင်း မျက်ဝန်းများထဲ၌ သတ်ဖြတ်လိုစိတ်များ တောက်ပလာ၏။ ထို့နောက် သူသည် သူ၏ လက်ခြောက်ဖက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်ပြီးနောက် ရွှေရောင်ကမ္ဗည်းစာလုံးများကို ဖန်တီးကာ ရောင်ခြည်တော်စက်ဝန်းတစ်ခုပုံစံ ပြောင်းလဲလိုက်သည်။ ထိုစက်ဝန်းမှာ စူးရှတောက်ပနေပြီး သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည် တဝီဝီမြည်အောင် လည်ပတ်နေ၏။

ဝမ်ပေါင်လဲ့မှာ ဤဂြိုဟ်ပေါ်သို့ ရောက်ရှိလာခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ယခုကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံတွေ့လိုက်ရခြင်း ဖြစ်၏။ သို့သော် သူသည် ရပ်တန့်သွားခြင်းမရှိပေ။ ထို မြူခိုးများမှာ ချက်ချင်းဆိုသလိုပင် လူးလွန့်သွားကာ ဧရာမဦးခေါင်းကြီးတစ်လုံးအသွင် ပြောင်းလဲသွားပြီး အသံကုန်အော်ဟစ်လိုက်တော့သည်။

" ကျုပ်က ခဗျားရဲ့ ဖေဖေကြီးလေ " ဝမ်ပေါင်လဲ့ ထုတ်လွှတ်လိုက်သည့် စွမ်းအင်လှိုင်းများမှာ နှောင်းပိုင်းဝိညာဉ်ကြားခံနယ်အဆင့်တွင်သာ ရှိပါသော်လည်း ၎င်းတို့ဆီမှ ထွက်ပေါ်နေသည့် ကြောက်မက်ဖွယ်ရာ ဖိနှိပ်ချုပ်တည်းအားများမှာမူ အစောပိုင်း ထာဝရဝိညာဉ်အဆင့်တွင် ရှိနေသည်။ သူသည် နောက်သို့ ထွက်ပြေးဆုတ်ခွာသွားနေသော ဝိညာဉ်ကြားခံနယ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူကြီး၏ နောက်သို့ ချက်ချင်း ပြေးလိုက်သွား၏။

ထို ဝိညာဉ်ကြားခံနယ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူကြီးမှာမူ အံ့အားသင့်နေသည့် မျက်ဝန်းများဖြင့် သူ၏ညာဘက်လက်ကို မြှောက်ကာ တည်နေရာပြောင်းရွှေ့ခြင်း စွမ်းအင်လှိုင်းများထွက်ပေါ်နေသည့် ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ယူလိုက်သည်။ သူသည် ၎င်းအား ခြေမွှရန် ပြန်လိုက်ပါသော်လည်း ထိုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့၏ မျက်ဝန်းများမှာ ဖျတ်ခနဲ အရောင်လက်သွား၏။ သူသည် စိတ်ထဲ၌ အလျင်အမြန် အကဲဖြတ်သုံးသပ်ကြည့်လိုက်ပြီးနောက် သူ၏ ဓမ္မစစ်သင်္ဘောကြီးကိုသာ အသုံးပြုခြင်းမရှိပါက ထိုကျင့်ကြံသူကြီးအား အချိန်မီ တားဆီးနိုင်လိမ့်မည်မဟုတ်ကြောင်း ခံစားလိုက်ရသည်။ ထို့ကြောင့် ရက်စက်ကြမ်းကြုတ်ပြီး ရန်လိုနေသည့်ပုံ ပေါက်နေသည့် မြူခိုးများဖြင့် ဖန်တီးထားသော ခေါင်းကြီးမှာ ရုတ်တရက်ဆိုသလို နောက်သို့လှည့်သွားပြီး ကျောက်စိမ်းပေလွှာထဲမှ စွမ်းအားများအားလုံး ထွက်ပေါ်လာသည့်အချိန်တွင် အဝေးသို့ အလျင်အမြန် ထွက်ပြေးဆုတ်ခွာသွားတော့သည်။

ထိုမြင်ကွင်းကြောင့် ဝိညာဉ်ကြားခံနယ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူကြီးမှာ ဇဝေဇဝါ ဖြစ်သွားရပြီး မီးတောက်ခေါင်းဆောင်ကြီးမှာမူ မျက်ဝန်းများ အရောင်တောက်ပသွား၏။ အဘယ်ကြောင့်ဆိုသော် ဝမ်ပေါင်လဲ့မှာ နောက်သို့ ထွက်ပြေးဆုတ်ခွာသွားနေသည့်တိုင်အောင် အခြားသူများ သူ့အား သံသယဝင်သွားမည်ကို စိုးရိမ်နေသည့်ပုံဖြင့် အစွမ်းထက် အငွေ့အသက်များကို ဆက်လက်ထုတ်လွှတ်ထားနေဆဲ ဖြစ်သောကြောင့်ပင်။

သို့သော် သူ ထိုကဲ့သို့ ပို၍ ပြုမူလေလေ လူများမှာ သူသည် တစ်စုံတစ်ခုအား ကွယ်ဝှက်နိုင်ရန် ကြိုးစားနေခြင်းဖြစ်သည်ဟု ပို၍ သံသယဝင်လာလေလေ ဖြစ်နေ၏။ ဝိညာဉ်ကြားခံနယ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူကြီးမှာလည်း ထိုကဲ့သို့ ခံစားနေရပြီ ဖြစ်သည်။ စစချင်းတွင် သူသည် တစ်ခုခုမှာ လွဲနေကြောင်း ခံစားလိုက်ရပါသော်လည်း စိတ်ထဲတွင် စဉ်းစားတွေးတောလိုက်ပြီးနောက် သူ ကြံရွယ်ထားသည့်အတိုင်း တည်နေရာ ပြောင်းရွှေ့သွားရမည်လော သို့မဟုတ် ဝမ်ပေါင်လဲ့အား လိုက်လံသတ်ဖြတ်ရမည်လော ဝေခွဲမရ ဖြစ်လာရတော့သည်။

အကယ်၍ သူသည် သူ၏နောက်သို့ လိုက်သွားမည်ဆိုပါက ထောင်ချောက်ဆင်ခံလိုက်ရမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။ သို့သော် သူသည် ထိုသို့ မလုပ်မိခဲ့ပါက အခွင့်ကောင်းတစ်ခုအား လက်လွှတ်ဆုံးရှုံးလိုက်ရမည် ဖြစ်သောကြောင့် သူ့ကိုယ်သူ ခွင့်လွှတ်နိုင်မည်မဟုတ်ပေ။ ထို့အပြင် သူ၏ မှန်းဆချက်များအရဆိုလျှင် ဝမ်ပေါင်လဲ့မှာ သူ့ထက် သေချာပေါက် ပို၍ အားနည်းနေသည် မဟုတ်ပါလော။ ထိုသို့သာ မဟုတ်ပါက သူသည် အစကတည်းက ယခုလို ချုံခိုတိုက်ခိုက်ခဲ့မည် မဟုတ်ပေ။

သူ ထိုကဲ့သို့ ဝေခွဲမရဖြစ်နေစဉ်မှာပင် ဝမ်ပေါင်လဲ့မှာ ထွက်ပြေးလွတ်မြောက်သွားတော့မည် ဖြစ်သည်။ သို့သော် သူထုတ်လွှတ်နေသည့် စွမ်းအင်လှိုင်းများမှာမူ လျော့နည်းသွားခြင်း မရှိသည့်အပြင် ပို၍ပင် များပြားလာသောကြောင့် သူသည် လိုက်လံဖမ်းဆီးခံရမည်ကို အလွန်အင်မတန်မှ ကြောက်ရွံ့နေသည့်ပုံစံ ပေါက်နေတော့သည်။ ဝိညာဉ်ကြားခံနယ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူကြီးမှာ ထိုမြင်ကွင်းအား မြင်လိုက်ရသောအခါ မျက်ဝန်းများ အေးစက်စွာတောက်ပသွား၏။

" ဟန်ဆောင်တာတွေ တော်လိုက်တော့ " ဝိညာဉ်ကြားခံနယ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူကြီးမှာ ထိုသို့ကြိမ်းဝါးလိုက်ပြီးနောက် ရုတ်တရက်ဆိုသလို ဝမ်ပေါင်လဲ့၏နောက်သို့ ပြေးလိုက်သွားတော့သည်။

ထို အဆုံးမဲ့မျိုးနွယ်စုဝင်ကြီး ဝမ်ပေါင်လဲ့၏နောက်သို့ လိုက်သွားသည်ကို မြင်လိုက်ရသောအခါ ထိုတိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်အား ကြည့်ရှုနေသည့် မီးတောက်ခေါင်းဆောင်ကြီးမှာ သူ၏ညာဘက်လက်ကိုမြှောက်ကာ ဝှေ့ယမ်းလိုက်၏။ ထို့နောက် သူသည် မီးတောက်သစ်သီးတစ်လုံးကို ထုတ်ယူကာ ပါးစပ်ထဲ ထည့်လိုက်ပြီးနောက် စိတ်အားထက်သန်စွာဖြင့် ဆက်လက်စောင့်ကြည့်နေလိုက်တော့သည်။

All Chapters