← Chapters

ကြာပန်းနီ ဘယ်မှာလဲဆိုတာ သိပြီ

Vol. 52 Ch. 712

ကြာပန်းနီ ဘယ်မှာလဲဆိုတာ သိပြီ

Vol. 52 Ch. 712

မိုဝူကျိက ဓားစွမ်းအင်မြစ်မှ နောက်ဆုံး ထွက်လာသူ ဖြစ်၏။ သူ ရေးဆွဲလိုက်သော ကူးသန်းရေး သင်္ကေတများမှာ ထိုနေရာ၌ပင် သင်ယူလိုက်ခြင်း ဖြစ်သောကြောင့် အင်မတန် အားပျော့နေပေ၏။ မိုဝူကျိ ထွက်သွားပြီ သိပ်မကြာခင်တွင် အစီအရင်မှာ အစီအရင် ဂိတ်နှင့်အတူ အစအနမရှိ ပျောက်ပျက်သွားတော့သည်။

…………

မိုဝူကျိ ခြေထောက်က မြေကြီးနှင့် ထိသည်နှင့် တစ်ခုခု လွဲမှားနေကြောင်း ခံစားမိလိုက်သည်။ သူ့စိတ်ထဲ လေးလံမိသွားသည်။

သူက ဓားအကျဉ်းထောင်ထဲ ပြန်လည် ကူးပြောင်းခံလိုက်ရတာလား ….

သူက ဘေးပတ်လည်၌ ဓားစွမ်းအင်များကို ခံစားမိနေဆဲ ဖြစ်သည်။

မဟုတ်သေးဘူး …. အတိအကျဆိုရလျင် ဤနေရာရှိ ဓားစွမ်းအင်မှာ ဓားအကျဉ်းထောင်ထဲရှိ ဓားစွမ်းအင်လောက် ကြောက်စရာ မကောင်းပေ။ ဓားစွမ်းအင်အတွင်းရှိ ဓားအငွေ့အသက်က ပို၍ ထင်ရှားပြတ်သားပေသည်။

“ ဂိုဏ်းချုပ် … ”

မိုဝူကျိ ထွက်လာသည်နှင့် အားလုံးက ရောက်လာကြသည်။

“ ကျုပ်တို့တွေ ဓားအကျဉ်းထောင်ထဲမှာ ရှိနေတုန်းပဲ။ ဓားစွမ်းအင်တွေ ရှိနေသေးတယ် ” နျဲ့ချုံးအန်းက လေးလေးနက်နက် ပြောလိုက်သည်။

“ ခင်ဗျား ဘာလို့ ထွက်မသွားသေးတာလဲ ” မိုဝူကျိက နျဲ့ချုံးအန်း စကားကို ပြန်မတုံ့ပြန်သေးဘဲ ပိုင်ယဲ့အား ကြည့်ကာ မေးလိုက်၏။

ပိုင်ယဲ့က လက်နှစ်ဖက် ယှက်ကာ

“ ဂိုဏ်းချုပ်မို …. ကျုပ်တို့တွေ ဓားအကျဉ်းထောင်မှာ ရှိနေတုန်း ထင်တယ်။ ဒီနေရာက ဓားစွမ်းအင်က အားနည်းပြီး‌တော့ ထိခိုက်နိုင်နှုန်းက ဘေးကင်းနွယ်တောင်ထက်တောင် အားပျော့နေတယ် ”

မိုဝူကျိက စိတ်စွမ်းအားကို ဖြန့်ကျက်ထားပြီးသား ဖြစ်၏။ ဤနေရာတွင် စိတ်စွမ်းအား ကန့်သတ်ချက် ရှိသော်လည်း ဓားအကျဉ်းထောင််နှင့် ကွဲပြားပေသည်။ ဤနေရာရှိ စိတ်စွမ်းအား အတားအဆီးမှာ အင်မတန် အားပျော့နေသည်။

“ ဂိုဏ်းချုပ် … ကျုပ်တော့ ဓားအကျဉ်းထောင်ထဲမှာလို့ မထင်ဘူး ” ထိုစဉ် ဝေကျီတောက်က ရုတ်တရက် ပြောလိုက်သည်  “ တကယ်လို့ ကျုပ်တို့တွေ ဓားအကျဉ်းထောင်ထဲမှာ ဆိုရင် ဓားအဆောင်ကို ဖယ်နိုင်ဦးမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျုပ် ဒီကို ရောက်ရောက်ချင်း ဓားအဆောင်ကို ဖယ်လိုက်နိုင်တယ် ”

“ ကျုပ်ရောပဲ ” ကျန့်မင်ချန်းက မြန်မြန် ဝင်ပြော၏။

နျဲ့ချုံးအန်းလည်း ရှက်ရှက်ဖြင့် “ ကျုပ်လည်း အခုလေးတင် ဖယ်လိုက်တာ ”

ပိုင်ယဲ့ မျက်နှာအမူအယာမှာ ပြောင်းလဲသွားလေ၏။ ယခင် မိုဝူကျိကြောင့် ဒဏ်ရာ ရလာခဲ့ကတည်းမှ သူကမ္ဘာဦးစိတ်ဝိညာဉ်မှာ ဝေကျီတောက်တို့လောက် ပြန်မကောင်းသေးပေ။ ယခုအချိန်အထိ သူက ဓားအဆောင်ကို မဖယ်ရှားနိုင်သေးပေ။

ဝေကျီတောက်တို့ ဓားအဆောင် ဖယ်ရှားနိုင်သည်ကို ကြားပြီး မြန်မြန် လက်နှစ်ဖက် ယှက်၍ “ ဂိုဏ်းချုပ်မိုရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်။ ကျုပ် အခု သွားလိုက်ပါဦးမယ် ”

ထိုသို့ ပြောပြီးနောက် ပိုင်ယဲ့ ပုံရိပ်မှာ ဖြတ်ခနဲ ပျောက်ကွယ်သွားလေ၏။

မိုဝူကျိက ပိုင်ယဲ့နောက်ကို လိုက်မသွားပေ။ သူက ပိုင်ယဲ့နှင့် ရန်ကြွေးကြီးကြီးမားမား မရှိပေ။ သူတို့က တစ်ဦးနှင့် တစ်ဦး အပြန်အလှန် အကျိုးပြုကာ မှီခိုနေသူများသာ ဖြစ်၏။ ကိစ္စများက အဆုံးသတ်သွားပြီ ဖြစ်၍ သူတို့က ကိုယ့်လမ်းကို လျှောက်ကြမည် ဖြစ်၏။

“ ညာလက်ရုံး ဝေ ပြောတာ မှန်တယ်။ ဒါက ဓားအကျဉ်းထောင် မဟုတ်တော့ဘူး။ ကျုပ် မမှားရင် ဒါက မဟာဓားလမ်းစဉ်ဂိုဏ်းရဲ့ လေ့ကျင့်ရေးကွင်း ဖြစ်လိမ့်မယ်။ ကျုပ် နောက်က လိုက်ခဲ့ကြပါ ….”  မိုဝူကျိက ပြောလိုက်၏။

သူ သေချာနေသည့် အကြောင်းအရင်းမှာ သူက မဟာဓားလမ်းစဉ်ဂိုဏ်း ပြင်ပ၌ ခင်းကျင်းထားသော ကူးသန်းရေး အစီအရင်များကို ခံစားမိနေ၍ ဖြစ်သည်။

“ ကျုပ်တို့က မဟာဓားလမ်းစဉ်ဂိုဏ်းမှာလား ” ဝေကျီတောက်က သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာ၏။ သူက ဓားအကျဉ်းထောင်ထဲ အဖမ်းခံထားရသည်မှာ မဟာဓားလမ်းစဉ်ဂိုဏ်းကြောင့်သာ ဖြစ်၏။ မိုဝူကျိကြောင့်သာ မဟုတ်လျှင် ဓားအကျဉ်းထောင်၌ပင် သေဆုံးလောက်ရသည်။ ထိုရန်ကြွေးကို မည်သို့ သည်းခံထားရမည်နည်း။

ဝေကျီတောက်သာလျှင် မကဘဲ အားလုံးလည်း သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာကြသည်။ သူတို့အားလုံးမှာလည်း ဝေကျီတောက်နှင့် ရည်ရွယ်ချက် အတူတူ  ဖြစ်ပြီး ဂိုဏ်းချုပ်သာ ခွင့်ပြုသည်နှင့် ဤနေရာမှ ထွက်ကာ သွေးချောင်းစီးအောင် သတ်ပစ်ကြမည့်သူများ ဖြစ်ကြ၏။

မိုဝူကျိက သတ်ဖြတ်ငွေ့များကို ခံစားမိသောအခါ အားလုံး၏ ခံစားချက်များကို သိလိုက်သည်။ လက်တွေ့၌ သူလည်း မဟာဓားလမ်းစဉ်အပေါ် ရန်ကြွေးအကြီးကြီး ရှိလေသည်။ သို့သော်လည်း ဤအချိန်ကာ လက်တုံ့ပြန်ရမည့် အချိန် မဟုတ်ကြောင်း ကောင်းကောင်း သိပေ၏။

သူက လက်ဝေ့ပြကာ

“ လက်စားချေဖို့ အချိန် သေချာပေါက် ရောက်လာလိမ့်မယ်။ အခုတော့ မဟုတ်သေးဘူး။ အားလုံးက ဓားအကျဉ်းထောင်အတွင်းမှာ အချိန်အတော်ကြာ နေလာခဲ့တာဆိုတော့  ဝိညာဉ်စွမ်းအား သိပ်သည်းတဲ့နေရာကို သွားလိုက်ရင် မြန်မြန် အဆင့်တက်နိုင်သွားလောက်တယ်။

အားလုံးရဲ့ စွမ်းရည်တွေ သေချာတဲ့ အဆင့်တစ်ခုအထိ ရောက်ပြီးတဲ့နောက် ဖင်းဖန်ကို တည်ထောင်ပြီးတော့  ဒီကို အရောက်ပြန်လာပြီး  လက်စားချေကြမယ် … ”

သူက သူတို့၏ လက်ရှိစွမ်းရည်များကို ရှင်းရှင်းလင်းလင်း သိထားပြီး မဟာဓားလမ်းစဉ်ဂိုဏ်းကို အကြီးအကျယ် ပျက်စီးစေနိုင်သော်လည်း မဟာဓားလမ်းစဉ်ဂိုဏ်းတစ်ခုလုံးကို ဖျက်စီးပစ်နိုင်မည် မဟုတ်သေးပေ။ ထို့အပြင် သူ့သတင်းသာ ထွက်သွားခဲ့လျှင် လျှပ်စီးဂိုဏ်း၊ ကျယ်ပြောပင်လယ် အင်မော်တယ်ကျောင်းနှင့် အနှောင်အဖွဲ့ကင်းနန်းတော်လည်း ပါဝင်လာနိုင်သည်။

သူက ဤအင်အားများကို စုစည်းဖို့ရာ အခက်အခဲ အမျိုးမျိုး ကြုံတွေ့ခဲ့ရသည်။ သူက ထိုအရာကို ဖြုန်းတီးပစ်မည် မဟုတ်ပေ။ သူ့ လက်ရှိနှုန်းဖြင့် မဟာဧကရာဇ် ဖြစ်လာဖို့ရာ နှစ်မည်မျှ ကြာမြင့်မည်မှန်း မသိပေ။ သို့သော် ယခုတွင် သူ့ဘေး၌  အင်မော်တယ် ဧကရာဇ် သုံးယောက်နှင့် ဧကရာဇ် တပိုင်းအဆင့် တစ်ယောက် ရှိနေသည်။ ထိုအင်အားစုမှာ ဖင်းဖန် ဖွဲ့စည်းဖို့ရာ အခြေခံ အုတ်မြစ် ဖြစ်၏။

ထို့အပြင် မိုဝူကျိ လိုချင်သည့် လက်စားချေခြင်းမှာ မဟာဓားလမ်းစဉ်ဂိုဏ်းရှိ အဆင့်မြင့် ကျင့်ကြံသူများကို သတ်ဖြတ်ရုံလေးမျှ မဟုတ်ပေ။ သူက မဟာဓားလမ်းစဉ်ဂိုဏ်းနှင့် အမွေအနှစ်များ အားလုံးကို အဆုံးသတ်ပစ်လိုခြင်း ဖြစ်၏။ သူက လက်စားချေမည် ဖြစ်သောကြောင့် ရက်စက်သင့်ပေသည်။ သူတို့အနေနှင့် အခြားသော အင်မော်တယ်ဂိုဏ်းများမှ ဖိအားများ ရင်ဆိုင်ရနိင်လေ၏။

အကယ်၍ သူတို့သာ အားမကောင်းလျှင် ……

ဝေကျီတောက်တို့ စိတ်ကူးအရ သူတို့က စိတ်ကြိုက် သတ်ဖြတ်ပစ်လိုခြင်း ဖြစ်၏။ သို့သော်လည်း မိုဝူကျိက ယခု လှုပ်ရှားဖို့ရာ ဆန္ဒ မရှိပေ။

“ ဂိုဏ်းချုပ် ပြောတဲ့အတိုင်း လုပ်ကြတာပေါ့ ” ဝေကျီတောက် က မဟာဧကရာဇ် တစ်ယောက် ဖြစ်ပြီး ဤနေရာ၌ အားအကောင်းဆုံး ဖြစ်သော်လည်း မမောက်မာပေ။

“ ဒီလိုဆိုမှတော့ အားလုံး ကျုပ်နောက်ကို လိုက်လာကြပါ ”

မိုဝူကျိ၏ ခန့်မှန်းချက်မှာ မမှားယွင်းပေ။ ဤနေရာမှာ မဟာဓားလမ်းစဉ်ဂိုဏ်း၏ လေ့ကျင့်နေသည့် နေရာ ဖြစ်ပြီး တပည့်အများစုက ဓားစွမ်းအင်မှ တဆင့် ဉာဏ်အလင်းပွင့်လာစေရန် ရောက်လာကြသည်။

သို့သော်လည်း ဤနေရာရှိ ဓားစွမ်းအင်မှာ  မိုဝူကျိတို့ တွေးထားသကဲ့သို့ ထိခိုက်စေမှု  မရှိခြင်း မဟုတ်ပေ။ လက်တွေ့၌ အင်မော်တယ်ဘုရင်အဆင့်ပင် ဂရုမစိုက်မိပါက သေဆုံးသွားနိုင်လေ၏။

သို့သော်လည်း မိုဝူကျိတို့ အဖွဲ့မှာ ဓားအကျဉ်းထောင်ထဲတွင် အချိန်ကြာကြာ နေခဲ့ရသောကြောင့် ဤနေရာရှိ ဓားစွမ်းအင်လောက်ကို မမှုပေ။ ထို့ကြောင့် သူတို့တွေ ဤနေရာသို့ ရောက်လာသည့်အခါ အန္တရာယ်များလှသည်ဟု မခံစားရခြင်း ဖြစ်၏။

တစ်နာရီအကြာတွင် မိုဝူကျိက သူ့အဖွဲ့အား ခေါ်၍ လေ့ကျင့်ရေးကွင်းမှ ပွင့်လင်းမြင်သာ ထွက်ခွာသွားလေ၏။ သူတို့က ထိုနေရာကို စောင့်နေသော အစောင့်နှစ်ယောက်ကို အလွယ်လေး သတ်ပစ်လိုက်ကြပြီး သာမာန်ပုံစံကျသည့် သင်္ဘောပျံကို ထုတ်ကာ မဟာဓားလမ်းစဉ်ဂိုဏ်းမှ အလွယ်လေး ထွက်သွားကြသည်။

……….…

ကျိုးပျက်ကမ္ဘာ လေးလွှာမြောက် အပြင်ဘက်၌

အထက်ဘုံ၏ ကျင်းယူ အပါအဝင် မဟာဧကရာဇ်များစွာလည်း ရှိနေသည်။ အဝင်ဝ အပြင်ဘက်၌ စောင့်နေကြသော ကုန်သည်အိမ်တော်များလည်း ရှိနေကြ၏။ အကြောင်းမှာ ကျိုးပျက်ကမ္ဘာကို အတင်းကျပ် ဖွင့်ထားသောကြောင့် အင်မော်တယ်ဘုရင်နှင့်အထက် အဆင့်များကား တစ်နှစ်ပြည့်သွားသော်လည်း မဝင်နိုင်သေးပေ။

အားလုံး မျှော်လင့်ထားသည့်အတိုင်း ဤနှစ်ကျော်လွန်သွားသည်နှင့် လေးလွှာမြောက်၌ ရတနာများစွာ တွေ့ရှိထားကြသည်။ လော့ကျမ်းစာရွက် တစ်ရွက် တွေ့ရုံသာမက အစစ်အမှန် ကမ္ဘာ တစ်ခုကိုပါ တွေ့ထားကြပြီး  မီးဓာတ် သဘာဝ အမြုတေ ရရှိသွားသည့် အကြောင်းပါ သတင်းထွက်လာလေ၏။

ထိုသတင်များ ကြားရခြင်းက ကျင်းယူအား စိတ်ပျောက်မိသော်လည်း မျက်မှောင်ကျုတ်ထားလျက် ရှိသေး၏။ အထက်ဘုံ၏ အဆင့်မြင့် ကျင့်ကြံသူများ ကောက်ချက်ချမှုအရ တတိယအလွှာအတွင်းမှ ရွှေရောင်အိမ်ကြီးရှိ ရတနာများမှာ အမှန်တကယ် အစစ်အမှန် ဖြစ်နေသည်။ ထို့နောက် ကျင့်ကြံသူများစွာက ကျိုးပျက် မြို့ဟောင်းအတွင်း ဝင်ရောက်သွားကြသော်လည်း ရွှေရောင်အိမ်ကြီးမှာ ပျောက်ကွယ်သွားပြီ ဖြစ်၏။

ထိုရတနာများမှာ လေးလွှာသို့ ရောက်ရှိသွားပြီး ကံကြမ္မာကြာနီမှာလည်း ထိုထဲမှ တစ်ခု ဖြစ်နေသည်။ ကံကြမ္မာကြာနီမှာ တကယ့် ထိပ်တန်း ရတနာတစ်ခု ဖြစ်၏။ လေးလွှာမြောက်တွင် ပေါ်လာသည်နှင့် ချက်ချင်း တွေ့ရှိပေလိမ့်မည်။ သို့သော်လည်း ဘာအကြောင်းမှ မကြားရသေးပေ။

ကံကြမ္မာ ကြာနီ ပေါ်လာသည်နှင့်  သဘာဝတရား ပြောင်းလဲမှု ဖြစ်လာလိမ့်မည်။ ထိုသို့မျိုး ရတနာ ပေါ်လာသည်နှင့် အင်မော်တယ် ဝိညာဉ်စွမ်းအားများ အပြောင်းအလဲ ဖြစ်သွားပေလိမ့်မည်။

ကျင်းယူက တစ်ခုခု တွေးမိဟန်ဖြင့် အကယ်၍ ကံကြမ္မာကြာနီသာ ပေါ်လာခဲ့လျှင်  ဘေးပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအားများကို အသည်းအသန် စုပ်ယူထားပေလိမ့်မည်။

ထိုသို့ ဖြစ်လာလျှင် ဘေးပတ်လည်ရှိ အင်မော်တယ် ဝိညာဉ်စွမ်းအားများမှာ အလွန်အားဖျော့သွားလိမ့်မည်။ အဆင့်မြင့် အင်မော်တယ်ဆေးပင်အချို့အတွင်းမှ ဝိညာဉ်စွမ်းအားများကိုပင် စုပ်ယူသွားမည် ဖြစ်သောကြောင့် ညိုးနွမ်းသွားလိမ့်မည်။

လေးလွှာမြောက် ဖွင့်လိုက်သည်နှင့် လူ အားလုံးက ဝိညာဉ်စွမ်းအား အပေါကြွယ်ဝဆုံး နေရာကိုသာ ဦးတည်သွားတတ်ကြသည်။

ဝိညာဉ်စွမ်းအား အားအနည်းဆုံး နေရာကို ပထမဆုံး ရောက်လာသူက ကံကြမ္မာကြာနီကို ရှာတွေ့သူသာ ဖြစ်လိမ့်မည်။

ကျင်းယူက အသက်ပြင်းပြင်းရှုကာ ပြောလိုက်သည်  “ လေးလွှာမြောက်ကနေ ထွက်လာတဲ့ လူတစ်ယောက်ကို သွားခေါ်ချည် …. သူနဲ့ စကားပြောရမယ် ”

ကျင်းယူက အထက်ဘုံမှ မဟာဧကရာဇ် ဖြစ်သည့်အပြင် လေးလွှာမြောက်ကို ဖွင့်ဖို့ရာ တာဝန်ယူထားသည်လည်း ဖြစ်၏။ ထို့အပြင် အထက်ဘုံမှ လူရွေးချယ်ပွဲကို ဦးစီပေးနေသည့် တမန်တော်လည်း ဖြစ်ပေသည်။ သူက စကားတစ်ခွန်း ပြောလိုက်သည်နှင့် ကျန်းမာသန်စွမ်းပုံ ပေါက်သည့် အမျိုးသားမှာ  သူ့ရှေ့ ခေါ်လာခြင်း ခံလိုက်ရသည်။

ထိုသူမှ ကျိုးပျက်ကမ္ဘာ လေးလွှာမြောက်မှ ထွက်လာသော မဟာကျီရှန်းအဆင့် ကျင့်ကြံသူ ဖြစ်၏။ သူက အံ့အားသင့်လောက်စရာ အင်မော်တယ်အသီး ရရှိထားပြီ ဖြစ်ရာ  မဟာလော့ရှန်းအဆင့် အဖြစ် တက်လှမ်းလိုလေ၏။ ထို့ကြောင့် လေးလွှာမြောက်မှ မြန်မြန် ပြန်ထွက်လာခြင်း ဖြစ်၏။

“ မင်းနာမည် ဘယ်သူလဲ … ဘယ်ဂိုဏ်းကလဲ ” မဟာကျီရှန်းအဆင့် ကျင့်ကြံသူ ရောက်လာသည်နှင့် ကျင်းယူက ချက်ချင်း မေးမြန်းလိုက်သည်။

ကျင်းယူကို မည်သူက မသိဘဲ နေမည်နည်း။

မဟာကျီရှန်းအဆင့် ကျင့်ကြံသူက တမန်တော်၏ မေးခွန်းများကို ကြားသောအခါ ခေါင်းငုံ့ထား၍ လေးလေးစားစား ဖြေလိုက်သည်

“ဂျုနီယာနာမည်က  တုံဟွေ့ပါ။ ယုံရင်အင်မော်တယ်နယ်မြေရဲ့ ဓားကြီးတောင်ဂိုဏ်းကပါ ”

ကျင်းယူက ခေါင်းညိတ်လိုက်ပြီး “ ကောင်းပြီ …. မင်း လေးလွှာမြောက်ထဲ ဝင်သွားတုန်းက ဝိညာဉ်စွမ်းအား သိသိသာသာ အားနည်းနေတဲ့ နေရာကို ခံစားမိလိုက်လား ”

တုံဟွေ့က တုန်လှုပ်မိသွားသည်။

 ထိုအရာကို မည်သူက သိမည်နည်း။

သူ ဝင်ပြီးနောက် ဝိညာဉ်စွမ်းအား ပေါကြွယ်ဝဆုံး နေရာကိုသာ ရွေးချယ်၍ သွားခဲ့လေရာ  မည်သည့်နေရာ၌ ဝိညာဉ်စွမ်းအား အားနည်းနေကြောင်း မည်သို့ သိမည်နည်း။

ကျင်းယူက တုံဟွေ့ အမူအယာကို မြင်သည့်အခါ တုံဟွေ့မှာ သေချာပေါက် မသိကြောင်း သိလိုက်မိသည်။ ထိုစဉ် သူက ဒီ အသုံးမကျသည့်အရူးကို ခြေမွပစ်ချင်မိ၏။ အင်မော်တယ် တစ်ယောက်အနေနှင့် လျို့ဝှက်နယ်မြေတစ်ခုသို့ ဝင်ရောက်သည့်အခါ ရတနာကို ချက်ချင်း ပြေးယူမည့်အစား ပတ်ဝန်းကျင်ကို လေ့လာသင့်ပေသည်။ ထိုသို့ မလုပ်ဆောင်နိုင်လျှင် ထိုလူတွင် သေချာပေါက် တောက်ပသည့် အနာဂတ် ရှိမည် မဟုတ်ပေ။

“ အဲဆို လူအနည်းဆုံးသွားတဲ့နေရာကိုရော သတိပြုမိလား ” ကျင်းယူက နောက်တစ်ခု မေးလိုက်သည်။

“ ကျတော် သိပါတယ်။ အဲဒါက ဘယ်ဘက်ပါ။ အဲနေရာကို တစ်ယောက်မှ မသွားကြဘူး ” တုံဟွေ့က မြန်မြန် ပြောလိုက်သည်။ ထိုသို့ ပြောပြီးနောက် တစ်ခုခု တွေးမိသွားဟန်ဖြင့်

“ ဟုတ်တယ် ဘယ်ဘက်ပါ။ အဲဘက်မှာ ဝိညာဉ်စွမ်းအားက အားနည်းနေတာ ”

“ ကောင်းပြီ ” ကျင်းယူက တုံဟွေ့ ပခုံးကို ပုတ်ပေးကာ “ အဲဆို အခု ဝိညာဉ်စွမ်းအား နည်းနေတဲ့ ဘယ်ဘက်ကို သွားပြီးတော့ ငါ့ကို ပစ္စည်းတစ်ခု ရှာပေးရမယ်။ မင်း ရှာတွေ့တယ်ဆိုရင် မင်းကို အထက်ဘုံဆီ ခေါ်သွားပေးမယ် …. ”

“ အာ …” တုံဟွေ့က ထိုကတိစကားကို ကြားလိုက်ရသည့်အခါ ကြောင်အမ်းသွားလေ၏။ ထို့နောက် ပျော်ရွင်မှုအပြည့် ဖြစ်သွားသည်။ အထက်ဘုံ …. လူတိုင်း၏ အိပ်မက်နေရာတစ်ခု ဖြစ်ပေသည်။

သူ ကျိုးပျက်ကမ္ဘာ လေးလွှာမြောက်ကို ရောက်လာစဉ်က ကံစမ်းကြည့်ရန် ရောက်လာခြင်းသာ ဖြစ်၏။  အရည်အချင်းအရ ဖြစ်စေ၊ အခြားအရာအရ ဖြစ်စေ သူက အထက်ဘုံ၏ ရွေးချယ်ခြင်းကို ခံရမည် မဟုတ်ပေ။ သို့သော် ယခုတွင် အထက်ဘုံ၏ တမန်တော် အကြီးအကဲ ကျင်းယူက သူ့အား အထက်ဘုံသို့ ခေါ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောနေလေ၏။ ထိုအခွင့်အရေးကို လက်လွှတ်လိုက်လျှင် သူက အရူးသာ ဖြစ်လိမ့်မည်။

“ စီနီယာ ဘယ်လိုအရာများလဲ ” တုံဟွေ့က အလောတကြီး မေးလိုက်၏။

ကျင်းယူက လက်ကာခါကာ “ မေးဖို့ မလိုဘူး။ မင်း ကျိုးပျက်ကမ္ဘာထဲ ဝင်ပြီးတော့ ဝိညာဉ်စွမ်းအားနည်းတဲ့ဘက်ကို သွားလိုက်တာနဲ့ သိလာလိမ့်မယ် ”

“ ဟုတ်ကဲ့ ဂျုနီယာ အခု ချက်ချင်း သွားလိုက်ပါ့မယ် ” တုံဟွေ့က ဦးညွှတ်လိုက်ပြီးနောက် ကျိုးပျက်ကမ္ဘာ လေးလွှာမြောက်သို့ အလျှင်အမြန် ပြေးဝင်သွားခဲ့သည်။

သူက ကျင်းယူသည် သူ့အပေါ် စိတ်ဝိညာဉ် အမှတ်အသား ထားလိုက်ကြောင်း မသိပေ။ သူ ကံကြမ္မာကြာနီ တွေ့သည်နှင့် ကျင်းယူလည်း ချက်ချင်း သိပေလိမ့်မည်။

တုံဟွေ့ ပျောက်ကွယ်သွားသည်ကို မြင်ပြီး ကျင်းယူက သက်ပြင်းချလိုက်၏။ သူ့စွမ်းရည်များမှာ ကန့်သတ်ချက်ရှိနေသည်မှာ ကံဆိုးလှပေသည်။ သူက ကျိုးပျက်ကမ္ဘာ လေးလွှာမြောက်အတွင်းရှိ လူတိုင်းပေါ်၌ အမှတ်အသား လိုက်ထား၍ မရပေ။ အကယ်၍ သူသာ လုပ်နိုင်လျှင် ဤမျှ ဒုက္ခ ခံစရာ မလိုလောက်ပေ။

All Chapters