← Chapters

ဖင်းဖန်ကို တည်ထောင်ခြင်း

Vol. 52 Ch. 713

ဖင်းဖန်ကို တည်ထောင်ခြင်း

Vol. 52 Ch. 713

“ ဂိုဏ်းချုပ် ကျုပ်တို့ ဖင်းဖန်ရဲ့ အင်မော်တယ်ကျောင်းတော်က ဘယ်မှာရှိတာလဲ ” အဆုံးအစွန်ပင်လယ် အဖျားတွင် ရပ်နေရင်း ဝေကျီတောက်က မသာမယာဖြင့် မေးလိုက်သည်။

ဝေကျီတောက် သာလျှင်မက  နျဲ့ချုံးအန်းနှင့် ကျန့်မင်ချန်းတို့လည်း အတူတူ ဖြစ်ကြသည်။ အင်မော်တယ် အုပ်စိုးသူတချို့နှင့် အင်မော်တယ်ဘုရင်တချို့ပင် မိုဝူကျိအား  နားမလည်စွာ ကြည့်လိုက်ကြသည်။

ဤနေရာမှာ ယုံရင် အင်မော်တယ်နယ်မြေအတွင်း ဖြစ်သည် ဖြစ်စေ၊ မဖြစ်သည် ဖြစ်စေ အားလုံးက စိတ်ထဲ မထားပေ။ ဖင်းဖန်၏ လက်ရှိအင်အားဖြင့် ယုံရင်အင်မော်တယ်နယ်မြေ၏ ကောင်းကင်ဧကရာဇ် ကွေ့ဖုန်းယွင် ရောက်လာလျှင်ပင် သူတို့ကို ဘာမှ လုပ်နိုင်မည် မဟုတ်ပေ။

သူတို့ စိတ်ပူနေသည်က ဤနေရာရှိ အင်မော်တယ်စွမ်းအားများမှာ အလွန်နည်းပါးနေ၍ ဖြစ်သည်။ ဖင်းဖန်ကို ဤနေရာမျိုး၌ မည်သို့ တည်ထောင်ရမည်နည်း။

မိုဝူကျိ မပြောလိုက်သည်က  ဤနေရာမှာ အင်မော်တယ်လောက တစ်ခုလုံး၌ အသိပ်သည်းဆုံး စွမ်းအားများ ရှိနေသည့်အကြောင်း ဖြစ်၏။ အဆုံးအစွန်ပင်လယ်အောက်မှ အင်မော်တယ် ဝိညာဉ်သွေးကြောများကို အခြေခံထားသည့် တော်ဝင်နယ်မြေ တစ်ခု ဖြစ်သောကြောင့် ဖင်းဖန်မှာ နောင်အနာဂတ်၌ ပိုမို အားကောင်းလာပေလိမ့်မည်။

အဆုံးအစွန်ပင်လယ်အောက်ခြေကား မိုးမြေ တာအို၏ စွမ်းအားများ စုစည်းထားသည့် ကုန်းမြေရှိနေပြီး ဖင်းဖန်သာ တည်ထောင်လိုက်သည်နှင့် မိုးမြေကြားမှ အင်မော်တယ်စွမ်းအားများမှာ အဆက်မပြတ် စီးဆင်းလာလိမ့်မည်။ တဖန် ပြန်လည် ထွက်ပေါ်လာမည့် မိုးမြေ၏ အင်မော်တယ်စွမ်းအားများကိုပါ ထည့်တွက်လျှင် ဤနေရာကား အင်မော်တယ်စွမ်းအား ဘယ်တော့မှ ပြတ်တောက်သွားတော့မည် မဟုတ်ချေ။

အင်မော်တယ်လောက တစ်ခုလုံး မပျက်သုန်းသွားခင်အထိ ကြာမြင့်နေမည် ဖြစ်၏။

“ ဟုတ်တယ် … ဒီနေရာမှာ ဖင်းဖန်တည်ထောင်ဖို့ ရွေးချယ်ထားတယ်။ အားလုံးက ဓားအကျဉ်းထောင်ထဲမှာ သွေးသစ္စာ ဆိုထားကြတယ်ဆိုပေမဲ့ တကယ်လို့ နေချင်တဲ့သူ မရှိရင် နောင် ဖင်းဖန်ကို ဘာမှမလုပ်သရွေ့  ထွက်သွားလို့ ရတယ်။  ကျုပ် မိုဝူကျိက ဒီနေရာမှာ နေဖို့ ဘယ်သူကိုမှ အတင်းကျပ် ဖိအား မပေးဘူး” မိုဝူကျိက တည်ငြိမ်စွာ ပြောလိုက်သည်။

ဤနေရာမှာ အင်မော်တယ်လောကတစ်ခုလုံး၏ မြင့်မြတ်တော်ဝင်နယ်မြေ တစ်ခု ဖြစ်လာမည် ဖြစ်ရာ ဖင်းဖန်ကို ဝင်ဖို့ရာ စိတ်ထင့်နေသူများကို မိုဝူကျိက ဆွဲခေါ်မထားချင်ပေ။ ဖင်းဖန်ကို ဘာမှမလုပ်သရွေ့ လက်လွတ်ပေးလိုက်ခြင်းက ဖင်းဖန်အတွက်လည်း ကောင်းပေသည်။

လက်ရှိ အားလုံးက ဖင်းဖန်ကို ဝင်ခြင်းက သူတို့ ကျိန်ဆိုထားသော သွေးသစ္စာများနှင့် သူ့အကူအညီများကို ထည့်တွက်နေ၍ ဖြစ်ကြောင်း သိသည်။ ဖင်းဖန်သာ တရားဝင် တည်ထောင်ပြီးသည်နှင့် အားလုံးက ဖင်းဖန်ကို ဝင်ခွင့် ရခြင်းက မည်မျှ ကံကောင်းကြောင်း သိလာလိမ့်မည်။ ထိုအရာမှာ သူတို့က မိုဝူကျိကို ကူညီနေသည့် ဖြစ်စဉ် မဟုတ်တော့ဘဲ သူတို့ကိုယ်သူတို့ကိုသာ ဖြစ်လိမ့်မည်။

ဝေကျီတောက်က သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်သည်။ သူက မဟာဧကရာဇ် ဖြစ်လာဖို့ရာ ခြေတစ်လှမ်းမျှသာ လိုတော့၏။ ဓားအကျဉ်းထောင်ထဲ၌ ခံစားခဲ့ရသည့် အချိန်များအပြီးတွင် သူက မည်သည့်နေရာမဆို မဟာဧကရာဇ် အဖြစ် တက်လှမ်းနိုင်လိမ့်မည်။ ဂိုဏ်းချုပ်မိုက ဤနေရာကို ရွေးချယ်ထားပြီးပြီ ဖြစ်သောကြောင့် သူက မဆန့်ကျင်တော့ပေ။

မည်သူကမှ ဖင်းဖန်မှ ထွက်သွားဖို့ မရွေးချယ်ကြပေ။ အရင်ဦးစွာ အားလုံးက သန္နိဌာန်ချထားကြသည်။ ကျင့်ကြံသူ တစ်ယောက်အနေနှင့် သန္နိဌာန်ချထားမှုက အလွန်အရေးပါပေသည်။ ဒုတိယအနေနှင့် မိုဝူကျိ၏ အင်အားအစစ်အမှန် ဖြစ်ပေသည်။ ယခုအချိန်အထိ သူတို့ဂိုဏ်းချုပ်သည်  အမှန်တကယ် မည်မျှအထိ အားကောင်းနေကြောင်း သူတို့အနေနှင့် ထူးဆန်းနေကြသေးသည်။

အားကောင်းသည့်အပြင် လုပ်နိုင်စွမ်းလည်း ရှိ၏။

သူတို့ဂိုဏ်းချုပ်အပြင် ဓားအကျဉ်းထောင်ထဲသို့ သူတို့ဘာသာ ဝင်လာရဲသည့်သူ ရှိမည်လား

ဓားအကျဉ်းထောင်ထဲ၌ သဘာဝကျီ ဆေးလုံးများစွာက တခြားမည်သူကများ  ထုတ်ပေးနိုင်မည်နည်း။ ဓားစွမ်းအင်မြစ်ထဲ မည်သူက ဝင်ရဲမည်နည်း။ ဓားအကျဉ်းထောင်ထဲ အချိန်အတော်ကြာ အဖမ်းခံထားရသည့် သူတို့ လွှတ်မြောက်လာအောင် မည်သူက ကူညီပေးခဲ့သနည်း။ အဖြေအားလုံးမှာ သူတို့ဂိုဏ်းချုပ်မိုသာ ဖြစ်၏။

“ ကောင်းပြီ … အားလုံးက ဖင်းဖန်မှာ နေချင်ကြတယ်ဆိုတော့  ဖင်းဖန်အတွက် အစီအစဉ် ချရမယ် …” မိုဝူကျိက ကြည်ကြည်လင်လင်ဖြင့် ပြောလိုက်၏

“ ကျုပ်တို့ရဲ့ ရည်ရွယ်ချက်က အင်မော်တယ်လောကမှာ နံပါတ်တစ် တည်ရှိမှု ဖြစ်လာဖို့ ဆိုပေမဲ့ ပထမဆုံး အစီအစဉ်က အဲလောက်တော့ မကြီးမားဘူး။ ကျုပ်တို့ရဲ့ ဖင်းဖန်ကို ဆုံမှတ်က ဒီနေရာမှာပဲ။ ဒီကနေ အတွင်းဘက်ကို ကီလိုမီတာ လေးထောင် ချဲ့မယ်။

အဆုံးအစွန်ပင်လယ်ဘက်ကို ကီလိုမီတာ တစ်ထောင်ကို ချဲ့မယ်။ အခုကစပြီး ဒီ ကီလိုမီတာ ငါးထောင်မှာ ကျုပ်တို့ရဲ့ ပိုင်နက် ဖြစ်လာလိမ့်မယ်။ ပြီးတော့ ကီလိုမီတာ နှစ်သောင်းခွဲကို ကျုပ်တို့ ကျောင်းနဲ့ ပေါင်းစပ်မယ် …. ”

အရိုးသားဆုံးပြောရလျှင် ကီလိုမီတာ ငါးထောင်မျှ ရှိသော ကျောင်းတော်တစ်ခုမှာ အင်မော်တယ်လောက၌ ဂိုဏ်းအသေးလေးမျှသာ မှတ်ယူနိုင်ပေသည်။ မိုဝူကျိက ဖင်းဖန် ပိုင်နက်အတွင်း ကီလိုမီတာ နှစ်သောင်းခွဲ ထပ်ပေါင်းလိုက်လျှင်ပင် အင်မော်တယ်ဂိုဏ်းကြီးနှင့် မယှဉ်နိုင်သေးပေ။

အစစ်အမှန် အင်မော်တယ်ဂိုဏ်းကြီးအတွင်း ဂိုဏ်းအတွင်းရှိ ပင်မတောင်နှစ်ခုအကွာအဝေးပင် ကီလိုမီတာ ငါးထောင် ရှိနေလေပြီ။ ဂိုဏ်းအတွင်း တောင်ထိပ်ပေါင်းများစွာနှင့် ဖွဲ့စည်းထားလေ၏။ မိုဝူကျိက ကီလိုမီတာ နှစ်သောင်းခွဲသာ သတ်မှတ်လိုက်ခြင်းမှာ သူသာ ထိုထက် ချဲ့ထွင်ပါက လေလွင်ပြင် အင်မော်တယ်မြို့နှင့် တိုက်ခိုက်ရတော့မည် ဖြစ်ပေသည်။ သူက လေလွင်ပြင်မြို့စားနှင့် မညှိနှိုင်းခင် ဖင်းဖန်ကို တည်ထောင်လိုခြင်း ဖြစ်၏။ နောင်အနာဂတ် ဖင်းဖန်မှာ ကီလိုမီတာ ထောင်ချီလောက် ကမည် မဟုတ်တော့ပေ။

“ ဂိုဏ်းချုပ် …. ကျုပ်တို့ပိုင်နက်က အရမ်းသေးမနေဘူးလား ” ဖေးလင်က မိုဝူကျိ၏ သစ္စာရှိ အစေခံ ဖြစ်သောကြောင့် သူ ပြောလိုက်သမျှစကားတိုင်းမှာ သူ့ဂိုဏ်းချုပ်နှင့် ဖင်းဖန်ကို ထည့်သွင်းစဉ်းစားထားခြင်း ဖြစ်၏။

အားလုံးအနေနှင့် သူတို့က မိုဝူကျိအား ကြောင်အမ်းစွာ ကြည့်လိုက်ကြသည်။ အကြောင်းမှာ သူတို့ဂိုဏ်းချုပ်၏ မူလအစီအစဉ်မှာ ဖင်းဖန်အား  အင်မော်တယ်လောက၏ နံပါတ်တစ်အဖြစ် ပြောင်းလဲလိုခြင်း ဖြစ်ပေသည်။ ထို့အပြင် ယခု ဖင်းဖန်တွင် ရှိနေသော အင်မော်တယ် ဧကရာဇ်များနှင့် အင်မော်တယ် အုပ်စိုးသူအရေအတွက်ကို ထည့်တွက်လျှင် ဖင်းဖန်က ထိပ်တန်း အင်မော်တယ်ဂိုဏ်းအဆင့်ထဲ  သေချာပေါက် ဝင်နိုင်လိမ့်မည်။

သို့သော်လည်း ကီလိုမီတာ ထောင်ချီရုံလောက် ပိုင်နက်ဖြင့် အိပ်မက်ကို လက်တွေ့အဖြစ် မည်သို့ ပြောင်းလဲနိုင်မည်နည်း။ ဟာသလုပ်နေခြင်းသာ ဖြစ်ရမည်။

မိုဝူကျိက ခေါင်းညိတ်ကာ

“ အခုတော့ သေးတယ်ဆိုပေမဲ့ ကျုပ်တို့ ပိုင်နက်မှာ သေမျိုးတွေလည်း ရှိမှာလေ။ အဲဒါအပြင် ကျုပ်တို့က အဆုံးအစွန်ပင်လယ်ဘက်က ပိုင်နက်တချို့ကို ကျုပ်တို့ကျောင်းတော်ထဲ ပေါင်းဖို့က နည်းနည်းခက်ခဲလိမ့်မယ်။ အဲဒါကြောင့် ကျုပ်က ကျောင်းတော်ရဲ့ ပိုင်နက်မှာ အစီအရင် ခင်းကျင်းနေတုန်း ဖေးလင်နဲ့ နျဲ့ချုံးအန်းတို့က  အစီအရင်အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို သွားဝယ်ရမယ်။

ညာလက်ရုံးဝေက ချာလွေ့နဲ့ ယူစိုက်ကျွင်းတို့ကို ခေါ်ပြီးတော့ ဖင်းဖန်ရဲ့ ကုန်သွယ်ရေး အဖွဲ့ကို တည်ထောင်ရမယ်။ ကုန်သွယ်ရေးအဖွဲ့ စလုပ်နိုင်တာနဲ့ ယူစိုက်ကျွင်းက တာဝန်ယူထားပြီးတော့ ချာလွေ့က ကျုပ်ကို ကူဖို့ ပြန်လာခဲ့လိုက် ….. ”

မိုဝူကျိက ဝေကျီတောက်အတွက် သိုလှောင်လက်စွပ်တစ်ကွင်း ထုတ်ပေးကာ

“ ဒါက ရောင်းဖို့ အင်မော်တယ်ဆေးလုံးတွေ။ ဒီဆေးလုံးတွေရဲ့ သတင်းသာ ထွက်သွားရင် ဖင်းဖန်ရဲ့ ကုန်သွယ်ရေးအဖွဲ့က အင်မော်တယ်လောကမှာ အကြီးဆုံး ကုန်သွယ်ရေးအဖွဲ့ ဖြစ်လာလိမ့်မယ် ”

“ ဟုတ်ကဲ့” ဝေကျီတောက်က သိုလှောင်လက်စွပ်ကို လက်ခံလိုက်သည်နှင့် စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်လိုက်သောကြောင့် ကြောင်အမ်းသွားလေသည်။

သူက ဤမျှ များပြားလှသော ထိပ်တန်းအဆင့် အင်မော်တယ်ဆေးလုံးများကို မမြင်ဖူးပေ။ အင်မော်တယ်ဘုရင် ဆေးလုံးများပင် ပုလင်းများဖြင့် ရှိနေသေး၏။ ထိုရှားပါးလှသော အင်မော်တယ်ဆေးလုံးများ ထွက်ပေါ်လာသည်နှင့် ဖင်းဖန်၏ ကုန်သွယ်ရေးအဖွဲ့အား  အင်မော်တယ်လောကရှိ အကြီးမားဆုံး ကုန်သွယ်ရေးအဖွဲ့အဖြစ် မပြောင်းလဲနိုင်လျှင် သူက အသုံးမကျခြင်းသာ ဖြစ်လိမ့်မည်။

“ စုကျီအန်းက ဒီကျောက်စိမ်းပေလွှာကို ယူပြီးတော့  ငြိမ်းချမ်းရေး ကျွန်းဆွယ်က ကျော့ဖျင်အန်းကို သွားပေးလိုက်ပါ။ တကယ်လို့ သူက ဘာမှမပြောရင် ချက်ချင်း ပြန်လာလို့ ရတယ် ” မိုဝူကျိက ကျောက်စိမ်းပေလွှာ တစ်ခုထုတ်ကာ စုကျီအန်းအား ပေးလိုက်၏။

ဝေကျီတောက်က မဟာဧကရာဇ် ဖြစ်လာတော့မည် ဖြစ်သော်လည်း ဖင်းဖန်အတွက် ဝေကျီတောက် တစ်ယောက်တည်းအပေါ်တွင် မှီခိုနေ၍ မဖြစ်ပေ။ အကယ်၍ ကျော့ဖျင်အန်းက ဖင်းဖန်ကို ဝင်မည်ဆိုလျှင် အရမ်းကောင်းလိမ့်မည်။ သို့သော် ကျော့ဖျင်အန်းက အလိုမရှိလျှင် မိုဝူကျိက သူကိုယ်တိုင် သွားလျှင်ပင်  ဘာမှအကျိုးထူးမည် မဟုတ်ပေ။

“ လုမင်က ဖင်းဖန်ကို တည်ထောင်တဲ့အခါ လူရွေးဖို့ တာဝန်ယူရမယ်။ တကယ်လို့ ကျုပ်တို့က လူနည်းနည်းလေးနဲ့ လုပ်နေမယ်ဆိုရင် ဖင်းဖန် တည်ထောင်ဖို့က အရမ်းကြာလိမ့်မယ်။ ကျုပ်တို့တွေက ဖင်းဖန်တည်ထောင်တာကို လာပူးပေါင်းကြတဲ့ သူတွေကို တွက်ကပ်နေလို့ မရဘူး။  မှတ်ထား …  ဘေးပတ်လည် ဆောက်လုပ်ရေးအားလုံးက ကျုပ်ရဲ့ ရည်ရွယ်ချက်အတိုင်း ဖြစ်ရမယ် …. ”

မိုဝူကျိက ယုံရင်အင်မော်တယ်နယ်မြေမှ အဆင့်နိမ့် ကျင့်ကြံသူများအနေနှင့် ဤသို့ အင်မော်တယ်စွမ်းအား ရှားပါးလှသော နေရာများ၌ အသက်ရှင်ဖို့ရာ မည်မျှ ခက်ခဲကြောင်း သိပေသည်။ အန္တရာယ်ရှိသော ပတ်ဝန်းကျင်မျိုး၌ ကျင့်ကြံရေး အထောက်အပံ့များကို ရှာလျှင် ပျက်စီးပျောက်ကွယ်သွားဖို့ရာ လွယ်ကူသော်လည်း  ထိုပတ်ဝန်းကျင်မျိုး မရှိလျှင် တိုးတက်ဖို့ရာ အရမ်းခက်ခဲလိမ့်မည်။ မိုဝူကျိက အင်မော်တယ်ကျောင်းတော်တစ်ခု တည်ထောင်ရာ၌ ကူညီဖို့ရာ လိုလားကြမည့် ကျင့်ကြံသူများစွာ ရှိကြကြောင်း သေချာသိနေသည်။

လုမင်အား ညွှန်ကြားပြီးနောက် မိုဝူကျိက ဖင်းဖန် တည်ဆောက်ရေး ပုံစံပါနေသည့် ကျောက်စိမ်းပေလွှာ တစ်ခု လှမ်းပေးလိုက်သည်။

“ ကျန့်မင်ချန်း၊ ဟန်ချင်းရုနဲ့ ဟိုင်ကျန်းကွေ့တို့က တပည့်တွေကို လက်ခံပေးဖို့ တာဝန်ယူရမယ်။ ဖင်းဖန် လက်ခံတာက သေမျိုးဖြစ်ဖြစ်၊ အင်မော်တယ်ဖြစ်ဖြစ် ကိစ္စမရှိဘူး။ ဒါပေမဲ့ ဖင်းဖန်ရဲ့ တပည့် ဖြစ်လာဖို့က ဖင်းဖန်အပေါ် လုံးဝ သစ္စာရှိပြီးတော့ ရက်စက်ကောက်ကျစ်တဲ့သူ မဖြစ်ရဘူး ”

“ တုံ့ရှားက ဖန်ဝါကို ခေါ်ပြီးတော့ ဒီနေရာကို စောင့်ကြည့်နေလိုက် … သေမျိုးတွေ ပင်လယ်ထဲကို ဝင်လာရင် တားထား၊ သူတို့ကို သေမျိုးမြို့နားက ဆောက်လုပ်ရေးဘက်မှာ တာဝန်ချထားပေးပြီးတာ့ သူတို့လုပ်အားခကို နှစ်ဆတိုးပေးလိုက် …. ”

အလုပ်တာဝန်အားလုံးကို ချမှတ်ပေးပြီးနောက် မိုဝူကျိက အသွင်ပြောင်း ဆေးနှစ်ပုလင်းကို ထုတ်ကာ ပြောလိုက်သည်  “ အားလုံး အသွင်ပြောင်းဆေးလုံး တစ်လုံးစီ ယူထားကြ ”

ဤနေရာတွင် ရပ်နေသူများမှာ မဟာဓားလမ်းစဉ်ဂိုဏ်းနှင့် ရန်ကြွေးရှိသူများသာ ဖြစ်၏။ မဟာဓားလမ်းစဉ်ဂိုဏ်းက ဓားအကျဉ်းထောင်ထဲမှ လူများ လွှတ်မြောက်သွားသည်ကို သိသည်နှင့် သူတို့အတွက် ကောင်းမည် မဟုတ်ပေ။ မိုဝူကျိအတွက် အလိုအပ်ဆုံးအရာမှာ အချိန်သာ ဖြစ်နေသည်။ သူ ဖင်းဖန်ကို တည်ထောင်ပြီး  မဟာအစီအရင်များ ခင်းကျင်းပြီးသည်နှင့် ဖင်းဖန်အား မည်သူကများ ရန်လာရှာရဲမည်နည်း။

………………..…

အားလုံးက သူတို့အလုပ်တာဝန် လုပ်ဆောင်ရန် ထွက်သွားကြသည့်အခါ မိုဝူကျိက အဆုံးအစွန်ပင်လယ်ထဲ သွားလိုက်၏။ သူက နှစ်နှစ်တာမျှ ထွက်သွားခဲ့ခြင်း ဖြစ်ရာ  အဆာခံ ဆေးလုံးများစွာကို ချန်ရစ်ထားခဲ့သော်လည်း ဖူကျင့်ဖုန်းနှင့် လျန်ယင်ရှန်းတို့ကို စိတ်ပူနေမိသေး၏။ ထိုနှစ်ယောက်လုံးကို သူ ချန်ရစ်ထားခဲ့စဉ်က သာမာန် သေမျိုးသာ ရှိနေသေးသည်။

မိုဝူကျိက ဖုံးကွယ်ရေး အစီအရင်ထဲ အမြန် ဝင်လိုက်ရင်း သိပ်သည်းလွန်းသော အင်မော်တယ်စွမ်းအားများက သူ့ဆီ ရောက်ရှိလာသည်။ သူ့ရှေ့တွင် ကျပ်တည်းစွာ တည်ရှိနေသော အင်မော်တယ် ဝိညာဉ်သွေးကြောများနှင့် အင်မော်တယ်အဆီအနှစ်ကျောက်များစွာ ရှိနေသည်။

မိုဝူကျိ၏ နှလုံးသားမှာ ပေါ့ပါးသွားလေ၏။ ဖူကျင့်ဖုန်းနှင့် လျန်ယင်ရှန်းတို့မှာ ကျင့်ကြံနေကြဆဲ ဖြစ်၏။

ဖူကျင့်ဖုန်းမှာ ချီသွေးကြော ၉၃ ခုအထိ ဖွင့်လှစ်ထားပြီး လူသားအဆင့်လွန်အဆင့် ၉ သို့ ရောက်ရှိနေလေပြီ။ မိုဝူကျိအား သူ ဖန်တီးထားသော ကျင့်စဉ်ကို တစ်ယောက်ယောက်က အောင်အောင်မြင်မြင် ကျင့်ကြံနိုင်သည်ကို မြင်ရသည့်အတွက် အလွန်စိတ်ကျေနပ်မိသည်။

ဖူကျင့်ဖုန်းက မိုဝူကျိနှင့် ယှဉ်လျှင် အနည်းငယ် လိုအပ်နေသေးသော်လည်း သူ့လက်ရှိ အမြန်နှုန်းမှာ မိုဝူကျီအနေနှင့် ကြယ်ကိုးလုံး ပါရမီရှင်ပင် လိုက်မမှီနိုင်ကြောင်း သံသယ ဝင်မိသည်။ မိုဝူကျိက ဖူကျင့်ဖုန်း မြန်မြန် ကျင့်ကြံနိုင်ခြင်းမှာ သူ့ညွှန်ပြမှုကြောင့်သာ မကဘဲ အင်မော်တယ်လောကတွင် ရှိနေသောကြောင့်လည်း ဖြစ်ကြောင်း ကောင်းကောင်း သိပေသည်။

အင်မော်တယ်လောကတွင်မျှတင် မကဘဲ အင်မော်တယ်စွမ်းအားများ အသိပ်သည်းဆုံးနေရာတွင် ကျင့်ကြံနေခြင်း မဟုတ်ပါလော။ အကယ်၍ ဖူကျင့်ဖုန်းသာ မြန်မြန် မကျင့်ကြံနိုင်လျှင် သူ့အနေနှင့် ကျင့်ကြံခြင်း တာအိုလမ်းစဉ်၌ အောင်မြင်မှုများစွာ ရမည် မဟုတ်ပေ။

မိုဝူကျိက ဖူကျင့်ဖုန်း၏ ကျင့်ကြံရေးကို မနှောင့်ယှက်တော့ပေ။ သူက လျန်ယင်ရှန်းအား စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်လိုက်သည်။ မိုဝူကျိအား အရမ်းအံ့အားသင့်သွားစေသည်မှာ လျန်ယင်ရှန်းက ချီသွေးကြော ၁၀၂ ခုအထိ ဖွင့်ထားပြီး မဟာလော့ရှန်း အစောပိုင်းအဆင့်သို့ ရောက်ရှိနေခြင်း ဖြစ်၏။

လျန်ယင်ရှန်း၏ ကျင့်စဉ် တာအိုစွမ်းအားက အနည်းငယ် ထူးဆန်းနေခြင်းမှာ သူ့အင်မော်တယ် မော်တယ်ကျင့်စဉ်နှင့်အတူ အမည်မသိ ကျင့်စဉ်တစ်ခုလည်း ရောနှောနေ၍ ဖြစ်သည်။ မိုဝူကျိက  လျန်ယင်ရှန်း ကျင့်ကြံနေသည့် ကျင့်စဉ်မှာ အတော်လေး အံ့ဩဖို့ကောင်းကြောင်း သေချာသိလိုက်သည်။

ဤတစ်ကြိမ်၌ လျန်ယင်ရှန်းက မဟာလော့ရှန်း အစောပိုင်းအဆင့် ရောက်နေပြီ ဖြစ်ရာ သူမ၏ စိတ်နန်းတော်ထဲမှ သလင်းကျောက်လေး၏ ခမ်းနားဖွယ် စွမ်းအားများလည်း ဖြည်းဖြည်းချင်း ထွက်ပေါ်လာလောက်လေပြီ။

မိုဝူကျိက သူ့အင်မော်တယ် မော်တယ်ကျင့်စဉ်မှာ မည်မျှပင် အံ့ဩဖို့ ကောင်းကာ  ဤနေရာ၌ အင်မော်တယ်စွမ်းအားများ မည်မျှ သိပ်သည်းနေစေပြီး  လျန်ယင်ရှန်းအနေနှင့် မည်မျှ ပါရမီကောင်းစေကာမူ  နှစ်နှစ်တာမျှအတွင်း လျန်ယင်ရှန်းက မဟာလော့ရှန်းအဆင့်ထိ တက်လှမ်းနိင်မည် မဟုတ်ပေ။ သူမက ထိုသို့လုပ်ဆောင်နိုင်ခြင်းမှာ သူမ စိတ်နန်းတော်ထဲမှ ကျင့်ကြံခြင်းက ဖြည်းဖြည်းချင်း နှိုးထလာခြင်းသာ ဖြစ်ရမည်။ ထိုကျင့်စဉ်မှာ သူ့အင်မော်တယ် မော်တယ်ကျင့်စဉ်နှင့် ကြောက်ခမန်းလိလိ ပေါင်းစပ်နိုင်ပြီး သူမ၏ ကျင့်ကြံဆင့်အား အလျှင်အမြန် တိုးတက်လာစေခြင်း ဖြစ်ပေသည်။

လျန်ယင်ရှန်း၏ အင်အားမှာ ကျင့်ကြံရာမှာ အင်မော်တယ်စွမ်းအားများနှင့် သူမ စိတ်နန်းတော်မှ အင်မော်တယ်စွမ်းအားများကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။ ထိုသို့မျိုး ပေါင်းစပ်မှုဖြင့် သူမက အမြန်အဆန် တိုးတက်မလာဖို့ရာ ခက်ခဲပေလိမ့်မည်။

ထိုသဘောတရားကို နားလည်ပြီးနောက် မိုဝူကျိက မသည်းမကွဲ ခံစားချက်များ ဖြစ်ပေါ်လာသည်။ ဤနည်းလမ်းက လျန်ယင်ရှန်းအတွက် ကောင်းစေမည်လား၊ ဆိုးစေမည်လား မသိပေ။ သူ့အင်မော်တယ် မော်တယ်ကျင့်စဉ်ကို ကျင့်ကြံခြင်းက သူမ စိတ်နန်းတော်မှ ထုတ်လွှင့်လာသော အင်မော်တယ်စွမ်းအားများကို မျှခြေ မရှိလျှင် သူမအနေနှင့် အသက်တစ်ရာ အပိုရှိနေလျှင်ပင် အသက်ရှင်နိုင်မည် မဟုတ်ပေ။

မိုဝူကျိက သက်ပြင်းချလိုက်သည်။ သူလည်း ဤသို့မျိုး ပြဿနာအား မဖြေရှင်းနိုင်ချေ။ သူသာလျှင် မကဘဲ အင်မော်တယ်လောကတစ်ခုလုံးတွင် မည်သူကမှ ဖြေရှင်းနိုင်မည် မဟုတ်ချေ။

မိုဝူကျိက သူ့ရင်ဘတ်ပေါ်မှ ကြယ်တာရာ ဆွဲသီးလေးကို ထိကာ ထိုဆွဲသီးလေးအား လျန်ယင်ရှန်း ကျင့်ကြံခြင်း ပြီးသည်နှင့် သူမ လည်ပင်းပေါ် ဆွဲပေးရန် ဆုံးဖြတ်လိုက်၏။

ဤကြယ်တာရာ ဆွဲသီးလေးမှာ အင်မတန် ထူးခြားလှသောကြောင့် လျန်ယင်ရှန်း၏ အသက်ကို ကယ်တင်ပေးနိုင်လောက်၏။

All Chapters