ကြာပန်းနီအတွက် တိုက်ခိုက်ခြင်း
Vol. 52 Ch. 714
“ စီနီယာအစ်မစု … ကျတော်က အဲဒါကို ကောက်ယူနိုင်ရုံလောက်လေးပဲ။ ဒါကို သတိပြုမခံရဘဲနဲ့ ဒီနေရာကနေ ထွက်သွားနိုင်မှာ မဟုတ်ဘူး ” အင်မော်တယ်စွမ်းအားများ နည်းပါးနေသည့် ဂူအတွင်း၌ တုံ့ဟွားလုံက သူ့ရှေ့တွင် ကြာပန်းနီကို ချထားရင်း ပြောလိုက်သည်။ သူ့မျက်နှာမှာ ဖြူဖျော့နေပြီး ထိုကြာပန်းနီကို သိမ်းထားဖို့ရာ အားတော်တော် သုံးထားရကြောင်း သိသာလှသည်။
“ငါတို့တွေ အချိန်တစ်ခုအထိ ထွက်ဦးမှာ မဟုတ်ဘူးဆိုတော့ ကိစ္စမရှိဘူးလေ။ ကျိုးပျက်ကမ္ဘာထဲက အလွှာတွေက အကျယ်ကြီးပဲဆိုတော့ ငါတို့တွေ သတိထားသရွေ့ ဘယ်သူကမှ ငါတို့ကို ဖမ်းနိုင်မှာ မဟုတ်ဘူး။ အရင်ဆုံး ကြာပန်းနီကို သိမ်းထားလိုက် … ပြီးရင် နေရာပြောင်းရအောင်။ ငါတို့တွေ ဒီနေရာမှာ နေနေတာ ကြာလှပြီ ” စုရိုအာက ခေါင်းညိတ်ကာ ပြောလိုက်သည်။
တုံ့ဟွားလုံက အားနာစွာဖြင့် “ စီနီယာအစ်မစု ဒီကြာပန်းနီက အစ်မဟာ ဖြစ်သင့်တယ်လေ ဒါပေမဲ့ … ”
သူက အမှန်တကယ် အားနာနေမိသည်။ သူတို့ ဤနေရာသို့ ရောက်လာသည့် အကြောင်းအရင်းမှာ ကျင့်ကြံရေး အရင်းအမြစ်များ လာရှာခြင်း ဖြစ်သော်လည်း စုရိုအာက သူ့အား အဖော်ပြုကာ ဤနေရာ၌ တစ်နှစ်ကျော်ကြာ ပုန်းအောင်းနေခဲ့ရသည်။ စုရိုအာက သူ့ထက် များစွာ အားကောင်းပြီး ကျင့်ကြံဆင့် မြင့်သော်လည်း ကံကြမ္မာ ကြာနီကဲ့သို့သော ရတနာမျိုးကို မလိုချင်ပေ။ ထိုအကြောင်းသာ ပြန့်နှံ့သွားပါက မည်သူကမှ ယုံကြည်ကြမည် မဟုတ်ပေ။
စုရိုအာနှင့် သူက သွေးသားတော်စပ်ခြင်း မရှိသလို တုံ့ဟွားလုံအနေနှင့် အစ်ကိုကြီးမိုကြောင့်သာ မဟုတ်လျှင် သူမနှင့် တွေ့မိမည် မဟုတ်ပေ။ ဤသို့ဆိုလျှင်ပင် ထွက်ပြေးနေစဉ်အတွင်း စုရိုအာက သူမ အတွေ့အကြုံများကို အသုံးချ၍ တုံ့ဟွားလုံအား အကြိမ်များစွာ ကူညီပေးခဲ့သည်။ ဤတစ်ကြိမ်၌ သူမက ကံကြမ္မာကြာနီကိုပင် ငြင်းဆန်နေပြီး သူ့အား ပြန်ပေးနေလေ၏။
စုရိုအာက ပြုံးကာ
“ ဂျုနီယာမောင်လေး ဟွားလုံ … တကယ်လို့ ငါ တွေ့ခဲ့တာဆိုရင်တော့ ကိုယ့်ဘာသာ သိမ်းထားမှာပေါ့။ ဒါပေမဲ့ ကံကြမ္မာ ကြာနီကို မင်းတွေ့ခဲ့တာလေ။ အဲကြောင့် မင်းအပိုင်ပဲ …. ဒီလိုမျိုး ရတနာကို ရဖို့က ကံတရားနဲ့လည်း ဆိုင်သေးတယ်။ ကံမဆုံဘဲ အတင်းသိမ်းထားရင် ဆိုးကျိုးဘဲ ဖြစ်လာလိမ့်မယ် ”
စုရိုအာက တုံ့ဟွားလုံထက်စာလျှင် လောကကြီးကို ပိုမို မြင်တွေ့ဖူးကာ ကံကြမ္မာကြာနီကဲ့သို့သော ရတနာမျိုးမှာ ကံစပ်သူသာ ပိုင်ဆိုင်နိုင်ကြောင်း ကောင်းကောင်း သိထား၏။ အတင်းအကျပ် သိမ်းဆည်းထားခြင်းက တခြားသူများနှင့် သူတို့ကိုယ်သူတို့ ပြန်ဒဏ်ခံရလိမ့်မည်။
သူမက ကံကြမ္မာကြာနီကို သိမ်းဆည်းပေးထားနိုင်သော်လည်း ဂိုဏ်းချုပ်မိုသာ ထိုကံကြမ္မာကြာနီကို တွေ့ရှိခဲ့သူမှာ တုံ့ဟွားလုံ ဖြစ်ပြီး သူမကို သိမ်းဆည်းထားသူ ဖြစ်နေလျှင် သူ့အနေနှင့် သူမအပေါ် တခြားအမြင်နှင့် ကြည့်မိပေလိမ့်မည်။ သူမက တုံ့ဟွားလုံသည် မိုဝူကျိအပေါ် အင်မတန် သစ္စာရှိကြောင်း သိထားသည်။ သူမ ကိုယ်တိုင်လည်း ဂိုဏ်းချုပ်မိုအပေါ် လေးစားမှုအပြည့် ရှိ၏။
“ အွန်း …. အဲဆို နောင်ကျရင် ဒီကံကြမ္မာကြာနီကို အစ်ကိုကြီးမိုဆီ ပေးရမယ်။ ကျတော်က ဒီလိုရတနာမျိုးကို ပိုင်ဆိုင်ဖို့ အရမ်းအားနည်းလွန်းတယ် …. ” သူက ကံကြမ္မာကြာနီကို သိမ်းထားမည် ဆုံးဖြတ်လိုက်သောကြောင့် စုရိုအာအား ထပ်၍ မတိုက်တွန်းတော့ပေ။
စုရိုအာက တဖန်ပြုံးကာ “ မြန်မြန် သွားကြတာပေါ့ ”
ဂိုဏ်းချုပ်မိုက တုံ့ဟွားလုံ၏ ကံကြမ္မာကြာနီကို လက်ခံလိမ့်မည် မဟုတ်ကြောင်း သေချာသိနေသည်။ သူမ၏ ခန့်မှန်းချက်မှာ မှားယွင်းလိမ့်မည် မဟုတ်ကြောင်း ယုံကြည်မိ၏။ ဂိုဏ်းချုပ်မိုက အင်မော်တယ်လောကကို တက်လှမ်းခါစ ဖြစ်သော်လည်း ဂုဏ်ထူးဆောင် အဆင့် ၈ ဆေးလုံးဧကရာဇ်အဖြစ် တက်လှမ်းနိုင်ခဲ့ပြီး မဟာဧကရာဇ်များနှင့်ပင် ရင်ဆိုင်ခဲ့သေးသည်။ ဤသို့မျိုး သဘောထားမှာ ကံကြမ္မာ ကြာနီ ရာကျော်နှင့် လဲလျှင်ပင် ပြောင်းလဲသွားမည် မဟုတ်ပေ။
သူမက မိုဝူကျိကို သိသောကြောင့် မိုဝူကျိအနေနှင့် အံ့ဖွယ်ဂိုဏ်းကို တည်ထောင်နိုင်လိမ့်မည်ဟု ယုံကြည်နေခြင်း ဖြစ်၏။
“ ကောင်းပြီ သွားကြစို့ … ”
တုံ့ဟွားလုံက သူ့စကား မဆုံးသေးသော်လည်း စုရိုအာ၏ အမူအယာ ပြောင်းလဲသွားကာ လက်ဟန်မျိုးစုံ ထုတ်ဖော်လိုက်သည်ကို တွေ့လိုက်ရသည်။
“ စီနီယာအစ်မစု …”
“တစ်ယောက်ယောက် ရောက်လာပြီ ” စုရိုအာက တုံ့ဟွားလုံအား စကားမပြောဘဲ စိတ်မှ ဆက်သွယ်ကာ ပြောလိုက်၏။
သူမက သေခြင်းတရားမှ လက်မတင်လေး လွတ်မြောက်လာသည့် အတွေ့အကြုံများစွာ ရှိသောကြောင့် တစ်ယောက်ယောက် ရောက်လာသည်ကို ချက်ချင်း ဂရုပြုမိခြင်း ဖြစ်သည်။
ရောက်ရှိလာသူမှာ ဓားမကြီးတောင်မှ တုံဟွေ့ ဖြစ်ကာ မဟာကျီရှန်း ထိပ်ဆုံးအဆင့် ရောက်ရှိနေသော်လည်း သူက အရမ်းအရည်အချင်း မရှိပေ။ အမှန်တရားမှာ ယနေ့အောင်မြင်မှုများ ရောက်ရှိလာရန် သူ့ဘဝ၏ ၉၉ ရာခိုင်နှုန်းလောက်ကို တံခါးပိတ်ကာ လေ့ကျင့်ထားခြင်း ဖြစ်၏။ ကျင့်ကြံရေး အရင်းအမြစ်များအတွက် သူ့အစ်မဆီကပင် တောင်းရသေး၏။ သူ့အစ်မ တုံယွမ်က ဓားမကြီးတောင်သခင် ကုံးလီယန်း၏ ဇနီးဖြစ်၏။ မဟုတ်လျှင် တုံဟွေ့၏ ပါရမီဖြင့် တံခါးပိတ်ကာ မည်မျှကြိုးစားစေကာမူ မဟာကျီရှန်းအဆင့်ထိ ရောက်လာမည် မဟုတ်ပေ။
စုရိုအာက ပို၍ ငယ်ရွယ်ကာ တုံဟွေ့လောက် အားမကောင်းသော်လည်း တုံဟွေ့က ပုန်းကွယ်ခြင်းနှင့် ထွက်ပြေးခြင်းနှင့် ပတ်သတ်လာလျှင် သူမ အတွေ့အကြုံများကို အမှန်တကယ် မယှဉ်နိုင်ချေ။
ထို့ကြောင့် မဟာကျီရှန်းအဆင့် တုံဟွေ့ကို စုရိုအာက အာရုံခံမိသွားခြင်း ဖြစ်၏။ သူက ဂူနှင့် မနီးမဝေးနေရာ၌ စိတ်လျော့ထားသည့် အမူအယာနှင့် အေးအေးလူလူ လမ်းလျှောက်လျက် ရှိသည်။
စုရိုအာက အင်မတန် စိုးရိမ်နေဆဲ ဖြစ်သည်။ အကယ်၍ တုံဟွေ့သာ အနည်းငယ် ပို၍ အတွေ့အကြုံရှိခဲ့လျှင် ဒါမှမဟုတ် အနည်းငယ် သတိပိုကြီးခဲ့လျှင် သူ့အနေနှင့် သူတို့ ပုန်းအောင်းနေသည့် ဂူငယ်လေးကို တွေ့ပေလိမ့်မည်။ သူမ ခင်းကျင်းထားသော အစီအရင်မှာ သိသိသာသာ အနာအဆာ ရှိနေသောကြောင့် ဖုံးကွယ်ရာ၌ ထိုမျှအထိ အထောက်အကူ မဖြစ်ပေ။
ထိုစဉ် စိတ်လျော့တော့မည် ဖြစ်သည့် တုံဟွေ့က လက်ကို မြှောက်ကာ ဘေးနားမှ ကျောက်တုံးကို ဖြိုခွင်းလိုက်သည်။
ထိုကျောက်တုံးကြီး ကွဲကြေသွားသည်နှင့် လက်သီးဆုပ်လောက် ကျောက်တုံးငယ်လေး ပေါ်လာကာ အပေါ်ယံ၌ ပန်းချပ် ခုနှစ်လွှာ မီးတောက် သဏ္ဍာန်လေး ရှိနေသည်။
“ ခုနှစ်လွှာ မီးတောက်နှလုံးသား ကျောက်တုံးလား ” တုံဟွေ့မှာ ထိုအရာကို မြင်ပြီး နှလုံးခုန်မြန်လာသည်။ သူက ခုနှစ်လွှာ မီးတောက်နှလုံးသား ကျောက်တုံးကို ရှာတွေ့နိုင်လိမ့်မည်ဟု မမျှော်လင့်ထားပေ။ ကျိုးပျက်ကမ္ဘာ လေးလွှာအတွင်း ပထမအကြိမ် ဝင်ရောက်ခဲ့စဉ်က တွေ့ရှိခဲ့သော ပစ္စည်းများအားလုံး ပေါင်းလျှင်ပင် ဤခုနှစ်လွှာ မီးတောက်နှလုံးသားကျောက်တုံးလောက် မကြီးကျယ်ပေ။
အထက်ဘုံက စီနီယာကလည်း ဒီမီးတောက်နှလုံးသား ကျောက်တုံးကို ရှာနေတာလား ….
မဖြစ်နိုင်တာ …. သူသာ စိတ်စွမ်းအား သုံး၍ စစ်ဆေးမကြည့်လျှင် ဤမီးတောက်နှလုံးသား ကျောက်တုံးကို တွေ့မည် မဟုတ်ပေ။ မည်သို့ပင် ဆိုစေကာမူ ဤအရာကို သူ့အရင်ဆုံး တွေ့ခြင်းသာ ဖြစ်၏။
တုံဟွေ့က မီးတောက်နှလုံးသား ကျောက်တုံးကို ကောက်ယူသိမ်းလိုက်သည်နှင့် ပုံရိပ်တစ်ခု သူ့ဆီ ချည်းကပ်လာသည်ကို တွေ့လိုက်ရသည်။ ထိုစဉ် သူက လှည့်ထွက်ကာ ပြေးလိုက်သည်။
ပုံရိပ်က တုံဟွေ့ ထွက်ပြေးသွားသည်ကို ခံစားမိပြီး နောက်က ပြေးလိုက်သွားသည်။
တုံဟွေ့က သူ့နောက်က လိုက်လာသူမှာ မဟာကျီရှန်း နောက်ပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်ကြောင်း သိလိုက်သောကြောင့် ရပ်တန့်လိုက်သည်။ သူက မဟာကျီရှန်း ပြီးပြည့်စုံခြင်းအဆင့် ရောက်နေပြီ ဖြစ်ရာ မဟာကျီရှန်းအဆင့် ကျင့်ကြံသူ တစ်ယောက်ကို အဘယ်ကြောင့် ကြောက်ရွံ့နေရမည်နည်း။
သူ့လက်ရှိ တည်နေရာမှာ ခမ်းခြောက်နေသော ရေကန်မှာ ဖြစ်၏။
အစပိုင်းတွင် တုံဟွေ့က ဘေးပတ်လည်ကို စစ်ဆေးလိုကာ တိုက်ပွဲအတွင်း သူ့ဘက်မှ အရေးသာအောင် မြေပြင်အနေအထားအား အသုံးချနိုင်လိမ့်မည်။ သူ့စိတ်စွမ်းအားက ရေကန်ဆီ ရောက်ရှိသွားသောအခါ တုန်လှုပ်သွားပြီး ချက်ချင်းဆိုသလို ဆင်းသွားလိုက်တော့သည်။ ထိုစဉ် သူက နောက်မှ လိုက်ပါလာသော မဟာကျီရှန်းအဆင့် ကျင့်ကြံသူအား လုံးဝ လျစ်လျူရှုထား၏။
သူက ထူးခြားဆန်းကြယ်လှသော ရှေးဟောင်း ရှန်းထျန်း တာအိုစွမ်းအားကို ခံစားမိလိုက်၍ ရှန်းထျန်း ရတနာ ရှိမည် ဖြစ်ကြောင်း သေချာသွားသည်။
ရတနာမှာ ယူသွားပြီ ဖြစ်သော်လည်း အင်မတန် သန့်စင်လှသော မီးသဘာဝ စွမ်းအားများ ကျန်ရှိနေသေး၏။ သူ့တွင် မီးဓာတ် သဘာဝ ဝိညာဉ်ကြော မရှိသော်လည်း ထိုအတွင်းမှ ထူးဆန်းလှသော တာအိုကို စပ်စုချင်မိသည်။ ထိုအရာမှာ သူ့ခုနှစ်လွှာ မီးတောက်နှလုံးသား ကျောက်တုံးပင် ယှဉ်နိုင်မည့်အရာ မဟုတ်ပေ။
ကံကြမ္မာကြာနီ …. ဒါက ကံကြမ္မာ ကြာနီ ဖြစ်လိမ့်မယ် …
တုံဟွေ့၏ မျက်ဝန်းများက နီရဲသွားပြီး ကျိုးပျက်ကမ္ဘာ လေးလွှာမြောက်၌ ကံကြမ္မာကြာနီ ပေါ်လာမည် ဖြစ်ကြောင်း အရူးပင် သိထား၏။ သူက မမြင်ဖူးသော်လည်း မသိဘူးဟု ဆိုလိုခြင်း မဟုတ်ပေ။ သူက မဟာကျီရှန်းအဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်လေရာ ဤသို့ရတနာမျိုးကို မည်သို့ မသိဘဲ နေမည်နည်း။
“ ပစ္စည်းကို ပေးစမ်း ” အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာပြီး တုံဟွေ့ပင် တုန်ယင်သွားမိ၏။
သူနှင့် မနီးမဝေးတွင် ရပ်နေသူမှာ သူ့နောက် လိုက်လာသည့် ဆံရှည်ရှည်နှင့် မဟာကျီရှန်းအဆင့် အမျိုးသားတစ်ယောက် ဖြစ်သည်။
“ ဘာပစ္စည်းလဲ ” တုံဟွေ့၏ နှလုံးသားများမှာ လေးလံသွားလေ၏။ ထိုစဉ် ကျိုးပျက်ကမ္ဘာ လေးလွှာမြောက်အတွင်း အထက်ဘုံ၏ တမန်တော် အလိုရှိနေသည့် အရာကို ကောင်းကောင်း နားလည်သွားလေ၏။ ကံကြမ္မာကြာနီ ရရှိလာလျှင်ပင် သူ့အပိုင် ဖြစ်လာမည် မဟုတ်ပေ။
ဆံရှည် အမျိုးသားက နှာခေါင်းရှုံ့ကာ
“ မင်းက အတော်လေး တော်တာပဲ။ ကံကြမ္မာကြာနီက ဒီလိုနေရာမျိုးမှာ ပေါ်လာမယ်ဆိုတာတောင် တွေးမိတယ်ပေါ့လေ။ ငါသာ အဲဒီဖြစ်နိုင်ချေကို မတွေးမိရင် နောက်ထပ် အချိန်တွေ ထပ်ကြာရင်တောင် ဘယ်သူမှ မင်းနဲ့ လာတိုက်မှာ မဟုတ်ဘူး ”
ဤနေရာရှိ အင်မော်တယ်စွမ်းအားများမှာ စုရိုအာနှင့် တုံ့ဟွားလုံတို့ ရှိနေစဉ်ထက်စာလျှင် အနည်းငယ် သိပ်သည်းလာပြီ ဖြစ်၏။ ယခု ဆံရှည်အမျိုးသားက တွေးလိုက်သောကြောင့် လအနည်းငယ် ထပ်ကြာမြင့်လာလျှင် ဤနေရာကား ကျိုးပျက်ကမ္ဘာ အခြားနေရာများနှင့် ကွာခြားချက် ရှိတော့မည် မဟုတ်ပေ။
တုံဟွေ့၏ စိတ်လှုပ်ရှားမှုမှာ လုံးဝ ငြိမ်သက်သွားပြီး ယခုအခါ အနည်းငယ် ကြောက်ရွံ့နေမိသည်။ အကယ်၍ သူ ကံကြမ္မာကြာနီ ရရှိလာလျှင် အထက်ဘုံ၏ တမန်တော် ပေးရမည် ဖြစ်သောကြောင့် အဆင်ပြေဦးမည် ဖြစ်သော်လည်း ကံကြမ္မာ ကြာနီကိုသာ တိတ်တဆိတ် ထိန်းသိမ်းထားပါက ဆိုးရွားလှသော သေခြင်းနှင့် ကြုံတွေ့ရလိမ့်မည်ဟု ယုံကြည်သည်။
ကံကြမ္မာကြာနီကို တိတ်တဆိတ် သိမ်းထားဖို့လား …
အကယ်၍ သူ ရရှိလာလျှင်ပင် မဖြစ်နိုင်ချေ။ သူက ကျိုးပျက်ကမ္ဘာ လေးလွှာမြောက်တွင် ပုန်းအောင်းရင်း အားကောင်းသည့်အခါမှသာ ထွက်လာနိုင်လိမ့်မည်။ ကံကြမ္မာကြာနီဖြင့် မဟာဧကရာဇ် ဖြစ်လာနိုင်မည့်အရေးကို စွန့်လွှတ်၍ အထက်ဘုံဆီ အဘယ်ကြောင့် ပေးအပ်ရမည်နည်း။
“ ပေးမှာလား မပေးဘူးလား ” ဆံရှည် အမျိုးသား၏ စွမ်းအားစက်ကွင်းမှာ စတင် ဖြစ်ပေါ်လာပြီး တုံဟွေ့ကို ဝန်းရံလာသည်။ သူက မှော်ရတနာကို ဆွဲထုတ်ပြီးပြီ ဖြစ်သော်လည်း တုံဟွေ့က သူ့ထက် ကောင်းသည့်အချက်ကြောင့်သာ မဟုတ်လျှင် အရင်ဦးစွာ တိုက်ခိုက်မည် ဖြစ်၏။
တုံဟွေ့က သူ့အတွေးနှင့်သူ တုန်တက်သွားလေ၏။ သူ့၌ ကံကြမ္မာကြာနီပင် မရှိချေ။
သို့သော် တစ်ဖက်လူက သူ့အား ယုံကြည်မည်လား ….
သတ်ဖြတ်ငွေ့များက ရုတ်တရက်ဆိုသလို ထွက်ပေါ်လာလေ၏။ သူက တစ်ဖက်လူကို သတ်မှသာ လွတ်မြောက်နိုင်လိမ့်မည်။ မဟုတ်လျှင် သူက ထွက်ပြေးလျှင်ပင် ကံကြမ္မာကြာနီကို သူ ရရှိသွားသည့်အကြောင်းများက ပြန့်နှံ့သွားလိမ့်မည်။ ထိုအချိန်၌ မည်သူကမှ သူ့ရှင်းပြချက်ကို နားထောင်ကြမည် မဟုတ်ပေ။
တိုက် ….
တုံဟွေ့က တွေးမိလိုက်သည်နှင့် သူ့လက်ထဲမှ ဖန်မီးအိမ်လေးက အစိမ်းရောင်အလင်းမှ ဖြာထွက်လာသည်။ ဆက်တိုက်ဆိုသလို သူ့စွမ်းအားစက်ကွင်းကို အားကုန်ထုတ်သုံးလိုက်ပြီး ထိုအရာကို မြန်မြန် အဆုံးသတ်ပစ်ရန် လိုအပ်နေကြောင်း ခံစားမိလိုက်၏။
“ မင်းက အလွယ်လေး ထုတ်မပေးဘူးဆိုတာ သိပြီးသား ” ဆံရှည်ရှည် အမျိုးသားက မဲ့ပြုံးပြုံးကာ မှော်ရတနာကို ဆွဲထုတ်လိုက်သည်။
..............
ဖင်းဖန်က ဆောက်လုပ်ရေး စနေပြီ ဖြစ်ရာ မိုဝူကျိလည်း ဖင်းဖန်ပတ်လည်၌ အစီအရင်အမျိုးမျိုးကို ပြန်လည် သန့်စင်မွမ်းမံနေရသည်။ အဆင့် ၇ အင်မော်တယ် ပစ္စည်းများကို မထုလုပ်နိုင်သေးသော်လည်း သူ့အစီအရင်အလံ ပြုလုပ်ခြင်း နည်းလမ်းမှာ အတော်လေး ကောင်းမွန်သည်ဟု ယူဆနိုင်ပေသည်။ သူ ဉာဏ်အလင်းပွင့်ထားသည့် အစီအရင် သင်္ကေတနှင့် ပေါင်းစပ်လိုက်လျှင် အချိန်လုံလုံလောက်လောက် ရှိပါက ဖင်းဖန် ဘေးပတ်လည်၌ အဆင့် ၇ ကာကွယ်ရေး အစီအရင် ခင်းကျင်းနိင်လိမ့်မည်။
မိုဝူကျိက အဆုံးအစွန်ပင်လယ်၌ အစီအရင်များ ခင်းကျင်းဖို့ ကိစ္စကို တာဝန်ယူထားရသည်။ ဤသို့မျိုး အစီအရင်ကို ကုန်းမြေ၌ ခင်းကျင်းခြင်း လုပ်ငန်းစဉ်ကို လုမင်ဆီ အပ်နှံ့ထားလေ၏။
ကုန်သွယ်ရေးအဖွဲ့ကို စတင်တည်ထောင်ပြီးသွားသော ဝေကျီတောက်က မိုဝူကျိနောက် လိုက်ကာ လိုအပ်သည့်အရာများကို ကူညီပေးနေသည်။ ကုန်သွယ်ရေးအဖွဲ့ရှိ ကျန်ရှိနေသော လုပ်ငန်းများအား ချာလွေ့နှင့် ယူစိုက်ကျွင်းအား တာဝန်လွဲခဲ့၏။ မိုဝူကျိ၏ အစီအရင်တာအို အဆင့်အတန်းမှာ အတော်လေး ကောင်းမွန်သော်လည်း သူ့ကျင့်ကြံဆင့်မှာ အရမ်းနိမ့်ကျနေသေး၏။ အကယ်၍ သူက အဆုံးအစွန်ပင်လယ်ကို ဖင်းဖန် ပိုင်နက် ဖြစ်လိုလျှင် အင်မော်တယ် ဧကရာဇ် တစ်ယောက်၏ အထောက်အပံ့ကို လိုအပ်ပေလိမ့်မည်။
ကောင်းသည့် အရာမှာ ဖင်းဖန် ကုန်သွယ်ရေးအဖွဲ့က မိုဝူကျိ ပေးထားသော ရှားပါးအင်မော်တယ် ဆေးလုံးများစွာကို ထုတ်ပေးနိုင်သောကြောင့် မိုဝူကျိနှင့် ဝေကျီတောက်တို့ အသုံးပြုနိုင်ဖို့ရာ အဆုံးအစွန်ပင်လယ်ရှိ ယာယီအဆောက်အဦးဆီ များပြားစွာသော အင်မော်တယ်ပစ္စည်းများ စုစည်းနိင်ခဲ့သည်။
သာမာန်သေမျိုးတစ်ယောက်အတွက် ကီလိုမီတာထောင်ချီ ကျယ်ဝန်းသော ပင်လယ်နယ်မြေကို ဂိုဏ်းတစ်ခု၏ ပိုင်နက်အဖြစ် ပြောင်းလဲပစ်ဖို့ရာ စိတ်ကူးယဉ်ဆန်နေသော်လည်း မိုဝူကျိနှင့် ဝေကျီတောက်တို့ အမြင်၌ ထိုအရာမှာ အရင်းအမြစ်များ လုံလုံလောက်လောက် စုဆောင်းနိုင်သရွေ့ ရှုပ်ထွေးသည့်အရာ မဟုတ်ချေ။
တောင်ထိပ်များကို ဝေကျီတောက်က ဖွဲ့စည်းထားပြီး မိုဝူကျိ၏ အစီအရင်တာအို နည်းလမ်းများဖြင့် အဆုံးအစွန်ပင်လယ်အဖျားရှိ နေရာများအတွင်းမှ ကုန်းမြေများကို တစ်ခုတည်းအဖြစ် ပေါင်းစပ်လိုက်၏။
ခမ်းနားကြီးကျယ်လှသော ကျောင်းတော်ကြီးက တစ်ရက်ပြီး တစ်ရက် တဖြည်းဖြည်း ပုံပေါ်လာခဲ့သည်။ ထိုသို့ဖြင့် လပေါင်းများစွာ ကြာမြင့်သွားလေ၏။ ဝေကျီတောက်က ထိုနေရာကို စတင်၍ သဘောကျနှစ်သက်လာသည်။ ဂိုဏ်းချုပ်မို၏ ကျောင်းတော် ပုံကြမ်းမှာ အလွန်တိကျလွန်းပြီး ဖင်းဖန်သာ တရားဝင် ပြီးဆုံးသွားသည်နှင့် အင်မော်တယ်လောက တစ်ခုလုံး၌ အလှဆုံး အင်မော်တယ်ကျောင်းတော် တစ်ခု ဖြစ်လာမည် ဖြစ်ကြောင်း သေချာသိနေသည်။ နှမြောစရာကောင်းသည်က ဤနေရာ၌ အင်မော်တယ်စွမ်းအားများမှာ အလွန်နည်းပါးလှပေသည်။
တစ်ရက်၌ မိုဝူကျိနှင့် ဝေကျီတောက်တို့က တောင်ထိပ်များကို အစဉ်လိုက် ချမှတ်နေကြစဉ် အစွန်းပိုင်း၌ စောင့်ကြပ်နေသော တုံ့ရှားက စိုးရိမ်တကြီး ရောက်ရှိလာသည် “ ဂိုဏ်းချုပ် … ပြဿနာ တက်ပြီ …. ငြိမ်းချမ်းရေး ကျွန်းဆွယ်ကိုသွားတဲ့ စုကျီအန်းက ဒဏ်ရာအပြင်းအထန် ရပြီးတော့ ပြန်ရောက်လာတယ် …. ”