လူသားတိုင်းက အတူတူပဲ
Vol. 52 Ch. 716
ရည်ရွယ်ချက်တူ အဆင့်မြင့် ကျင့်ကြံသူများနှင့်အတူ မိုဝူကျိ၏ အစီအရင်တာအို အရည်အချင်းများကို ထည့်တွက်လိုက်လျှင် ဖင်းဖန် တည်ဆောက်မှုကား တစ်နှစ်အတွင်း အောင်အောင်မြင်မြင် ပြီးမြောက်သွားလေ၏။
ဖင်းဖန်၏ တစ်စိတ်တစ်ပိုင်းမှာ ပင်လယ်ပိုင်နက်ပေါ်၌ တည်ဆောက်ထားခြင်း ဖြစ်ပြီး ပုံမှန်ထက် အားစိုက်မှု ပို၍ လိုအပ်ပေသည်။ မဟုတ်လျှင် သူတို့က ငါးလအတွင်း အပြီးသတ်နိုင်လိမ့်မည်။
လက်ရှိ ဖင်းဖန်က ကီလိုမီတာ ငါးထောင်ကို နေရာယူထားပြီး ကီလိုမီတာ နှစ်သောင်းခွဲ ပတ်လည်ကို ပိုင်နက်အဖြစ် သတ်မှတ်ထားသည်။ လေလွင်ပြင်မြို့အနေနှင့် ရုတ်တရက် ပေါ်ပေါက်လာသည့် ဖင်းဖန်က ပိုင်နက်အကြောင်း ကြေညာလိုက်ခြင်းအပေါ် မကျေနပ်သော်လည်း ဘာမှမလုပ်ရဲပေ။ အရင်ဦးစွာ သူတို့၏ မြို့စားမှာ စူးခရာအင်မော်တယ်မြို့ဟောင်းသို့ ရောက်ရှိနေပြီး ပြန်မရောက်လာသေးပေ။ ဒုတိယအနေနှင့် ဖင်းဖန်မှာ ထွက်လာသူတိုင်းမှာ အနည်းဆုံး အင်မော်တယ်အုပ်စိုးသူအဆင့် ကျင့်ကြံသူများ ဖြစ်နေကြ၏။ ထိုအကြောင်းအရင်းနှစ်ချက်ကြောင့် လေလွင်ပြင်အနေနှင့် မကျေနပ်ချက်ကို ချုပ်ထိန်းထားကာ သူတို့မြို့စား ပြန်ရောက်အလာကိုသာ စောင့်ဆိုင်းနေရလေသည်။
မိုဝူကျိက ဖင်းဖန် အစွန်းအဖျား၌ မဟာခုနှစ်သွယ် ဖင်းဖန် အစီအရင်အမည်ရှိ အဆင့် ၇ အင်မော်တယ်အစီအရင် ခင်းကျင်းထားလေ၏။
ထိုအစီအရင် နာမည်ပေးသူမှာ မိုဝူကျိ ဖြစ်ပြီး ဓားအကျဉ်းထောင်အတွင်းမှ ဓားစွမ်းအင်မြစ်ကြမ်းခြေရှိ တည်နေရာ အစီအရင် သင်္ကေတများမှ ဉာဏ်အလင်းပွင့်လာမှုနှင့် အစီအရင်အမျိုးမျိုးအပေါ် နားလည်မှုအား ပေါင်းစပ်ထားခြင်း ဖြစ်၏။ ဤမဟာအစီအရင်မှာ ထောင်ချောက်အစီအရင်၊ သတ်ဖြတ်ရေး အစီအရင်၊ ကာကွယ်ရေး အစီအရင်၊ ပုံရိပ်ယောင် အစီအရင်၊ ဖုံးကွယ်ရေး အစီအရင်နှင့် တားမြစ်ရေး အစီအရင်တို့ ပေါင်းထည့်ထားသည်။ တစ်ခုတည်းသော လိုအပ်နေသည့် အစီအရင်မှာ စွမ်းအားစုစည်းရေး အစီအရင်သာ ဖြစ်၏။
ဖင်းဖန်အောက်ခြေ၌ မိုးမြေတာအိုစွမ်းအားများ စုစည်းပေးနိုင်သော စွမ်းအားစုစည်းရေး အစီအရင်ကြီး ရှိနေလေရာ မိုဝူကျိအနေနှင့် သပ်သပ်ခင်းကျင်းနေရန် မလိုတော့ပေ။ သူ လိုအပ်သည်က သဘာဝအင်မော်တယ် စွမ်းအားများကို ဤမဟာခုနှစ်သွယ် ဖင်းဖန်အစီအရင်ဆီ လမ်းညွှန်ပေးလိုက်ရုံ ဖြစ်သည်။
ဖင်းဖန်အပြင်ဘက်၌ ကီလိုမီတာ ငါးထောင် ရှည်လျားသော အပြာရောင်ကျောက်လမ်းလေး ခင်းကျင်းထားသည်။ ထိုလမ်းတစ်ဖက်တစ်ချက်စီ၌ ထိပ်တန်းအဆင့် အင်မော်တယ် ပရုတ်အပင်များ တန်းစီလျက် ရှိနေသည်။
အင်မော်တယ် ပရုတ်အပင်မှာ အင်မော်တယ်လောက၏ ဂိုဏ်းအများစု စိုက်ပျိုးကြသော ထိပ်တန်းအဆင့် အပင် ဖြစ်ကြသည်။ ထိုအင်မော်တယ်အပင်၏ ကိုယ်ထည်မှာ လုံးဝ ဖြောင့်တန်းနေရုံသာမက သစ်ပင်ထိပ်ပိုင်း၌ ကျယ်ဝန်းကာ စိတ်နှလုံးကို ကျေနပ်စေသည့် ကြည်လင်ရှင်းလင်းသော စွမ်းအားများ ထုတ်လွှင့်နေတတ်သည်။
ကျောက်ပြာလမ်းလေးနှင့် အင်မော်တယ် ပရုတ်အပင်များအပြင် ကျယ်ပြန့်လှသော ဂိုဏ်းကာကွယ်ရေး မြစ်လည်း ရှိနေသည်။ ထိုမြစ်မှာ ဂိုဏ်း၏ ဘေးကင်းမှုကို သေချာဖို့ရာ မဟုတ်ဘဲ ဂိုဏ်း၏ ရှုခင်းအတွက်သာ ဖြစ်၏။ မြစ်အစွန်းအဖျား၌ ကြီးမားကျယ်ဝန်းလှသော ဖင်းဖန်မှ ပြုလုပ်ထားသည့် စိုက်ပျိုးမြေများ ရှိနေသည်။
အဆုံးအစွန်ပင်လယ်မှာ ဖင်းဖန်၏ ပိုင်နက်အတွင်း ရောက်ရှိသွားသောကြောင့် ထိုမြေဩဇာကောင်းမွန်လှသော မြေများမှာ ဖင်းဖန်အတွင်း နေထိုင်ကြသော သေမျိုးများအတွက် ကောက်ပဲသီးနှံ စိုက်ပျိုးနိုင်ရန် ဖြစ်ပေသည်။
ဖင်းဖန်အတွင်း သေမျိုး နေရာ၊ အင်မော်တယ်နေရာ၊ သေမျိုး ကုန်သွယ်ရေး နေရာ၊ အင်မော်တယ် ကုန်သွယ်ရေး နေရာနှင့် အင်မော်တယ် - သေမျိူး ကုန်သွယ်ရေး နေရာဟူ၍ ခွဲခြားပေးထားသေး၏။
ထိုနယ်ပယ်များကြား၌ ကန့်သတ်ချက် မရှိသောကြောင့် လူတိုင်းက စိတ်ကြိုက်သွားလာနိုင်ပေသည်။ နမူနာအားဖြင့် သေမျိုးများက အင်မော်တယ် ကုန်သွယ်ရေး နေရာသို့ သွားလာနိုင်သလို အပြန်ပြန်အလှန်လှန် ဖြစ်၏။
ဖင်းဖန်သို့ ဝင်ဖို့ရာ လိုလားကြသော သူတိုင်းက အဓိက ဝင်ပေါက်မှ ဝင်ရောက်နိုင်သည်။ အဆုံးအစွန်ပင်လယ်အနီးမှ တခြားဖြစ်နိုင်ခြေရှိသော ဝင်ပေါက်များကို အစီအရင်များဖြင့် တားဆီးထားလေ၏။ ဖင်းဖန်က နယ်မြေ ကီလိုမီတာ နှစ်သောင်းခွဲ လွှမ်းခြုံထားသော်လည်း အဆုံးအစွန်ပင်လယ်ပါ ထည့်တွက်လျှင် ဖင်းဖန်၏ အကျယ်အဝန်းမှာ ကီလိုမီတာ ငါးသိန်းလောက် ဖြစ်သွားချေ၏။ အဆုံးအစွန်ပင်လယ်ကို ဖင်းဖန် အဆုံးအစွန်ပင်လယ်ဟု နာမည်ပြန်လည် ပေးထားပြီး ဖင်းဖန်အတွက် သုံးစွဲဖို့ရာအဖြစ် ကန့်သတ်ထားလိုက်သည်။ အဆုံးအစွန်ပင်လယ်အတွင်း ရှိနေသရွေ့ ဖင်းဖန်၏ ပိုင်နက်၌ ရှိနေပေလိမ့်မည်။
ဖင်းဖန်၏ အဝင်ဝတွင် ဧရာမကျောက်ပြားကြီး ရှိနေပြီး ရေးထွင်းထားသည့် စာတန်းမှာ
“ တာအိုက ကွဲပြားနိုင်ပေမဲ့ လူသားတိုင်းက အတူတူပဲ ဖြစ်တယ် ”
အပေါ်မှ ချိတ်ဆွဲထားသည့် စာလုံးကြီးနှစ်လုံးမှာ “ ဖင်းဖန်” ဟူ၍ ဖြစ်သည်။
……………..…
ယာယီ ပင်မတောင်ထိပ်၌ ဝေကျီတောက်၊ နျဲ့ချုံးအန်း၊ ကျန့်မင်ချန်း၊ ချာလွေ့၊ စုကျီအန်း၊ ဖေးလင်နှင့် အခြားလူများမှာ ကြီမားကျယ်ဝန်းသော နေရာ၌ မတ်တတ်ရပ်နေကြသည်။ သူတို့နောက်တွင် ကြီးကျယ်ခမ်းနားလှသော ဖင်းဖန် ခန်းမရှိနေပြီး သူတို့ရှေ့တွင် ကျယ်ပြန့်ကာ အဆုံးမဲ့သော ပင်လယ်ကြီး ရှိနေ၍ မျက်စိပသာဒ ဖြစ်လှသည်။ ဤမျှကြီးကျယ်ခမ်းနားလှသော ကျောင်းတော်ကြီးကို ကိုယ်တိုင်ကိုယ်ကျ တည်ဆောက်ခဲ့ရသည့်အတွက် အားလုံးက အလွန်ကျေနပ်နေကြ၏။
ယခင် ဤနေရာမှာ ပင်လယ် သို့မဟုတ် ကုန်းမြေအလွတ်ကြီးသာ ဖြစ်နေကာ ယခုအခါ တောင်ကြီးများနှင့်အတူ စိမ်းစိုသော ကုန်းမြေများ၊ မြစ်များ အစရှိသဖြင့် စုံလင်လှသည်။ ဧရာမတောင်ကြီးများမှာ ဖြည်းဖြည်းချင်း မတ်စောက်သွားသောကြောင့် ဤနေရာ၌ အင်မော်တယ်မျိုးနွယ်စု တစ်ခုစီအတွက် တော်ဝင်နယ်မြေလို ဖြစ်နေ၏။
အင်မော်တယ် သားရဲများကို မလွတ်ရသေးသော်လည်း အားလုံးက နောင်အနာဂတ်၌ ခမ်းနားထည်ဝါသော မြင်ကွင်းကို စိတ်ကူးယဉ်ကြည့်၍ ရပေသည်။
“ ဂိုဏ်းချုပ်က အဆုံးအစွန်ပင်လယ်ကိုတောင် ကျုပ်တို့ဖင်းဖန်အနေနဲ့ ပြောင်းလဲပစ်ပြီးတော့ ဒီလိုခမ်းနားလှပတဲ့ ကျောင်းတော်ကို တည်ဆောက်ဖို့ တွေးမိတာဆိုတာ့ တကယ်ကို အံ့အားသင့်စရာပဲ။ နောင်ကျ ကျုပ်တို့တွေ မြင်ကွင်းလှလှ အင်မော်တယ်တောင်တွေ ရွေ့လိုက်ရင် ဖင်းဖန်က ပိုပြီးတော့ကို မျက်စိပသာဒ ဖြစ်လာဦးမှာ ” ချာလွေ့က ကျေနပ်စွာ ပြောလိုက်၏။
သူက မိုဝူကျိကို ဂိုဏ်းချုပ်အဖြစ် စိတ်ထဲမှ အမှန်တကယ် လေးစားသူ တစ်ဦး ဖြစ်၏။ သူ့အမြင်၌ ဂိုဏ်းချုပ်မှာ အင်မတန် စွမ်းဆောင်ရည်ကောင်းသောသူ တစ်ယောက်အဖြစ်သာ မြင်နေလေ၏။
နျဲ့ချုံးအန်းက သက်ပြင်းချကာ “ ဆိုးကျိုးတစ်ချက်တော့ ရှိနေတယ် …. ပြီးတော့ …”
နျဲ့ချုံးအန်းစကားကို ကြားပြီး အားလုံးက တိတ်ဆိတ်သွားကြသည်။ အကြောင်းမှာ အားလုံးက နျဲ့ချုံးအန်း ပြောသည့် အကြောင်းအရာကို သိကြ၏။ ဤနေရာရှိ အင်မော်တယ်စွမ်းအားများမှာ နည်းပါးလွန်းလေရာ ကျောင်းတော်ကြီးက မည်မျှလှပခမ်းနားစေကာမူ စွမ်းအားမရှိဘဲ အများတကာ လာရောက်ကြည့်ရှုကြသည့် နေရာတစ်ခုသာ ဖြစ်နေပေလိမ့်မည်။ အင်မော်တယ် စွမ်းအား သိပ်သည်းမှုမှာ အင်မော်တယ်လောကအတွင်း ခြေကုပ်ရနိုင်ခြင်း၊ မရနိုင်ခြင်းအပေါ် အစစ်အမှန်သော့ချက် ဖြစ်နေသည်။
ဝေကျီတောက်က သက်ပြင်းတဖန် ထပ်ချလိုက်ပြန်သည်။ အင်မော်တယ်လောကရှိ အင်မော်တယ်စွမ်းအားများ အလျှံအပယ် ထုတ်လွှင့်ပေးတတ်သော နေရာတိုင်းမှာ တခြားဂိုဏ်းများက လက်ဦးမှု ရသွားပြီးပြီ ဖြစ်ပေသည်။ ဖင်းဖန်အတွက် အဘယ်ကြောင့် နေရာကောင်း ကျန်ရှိနေမည်နည်း။
ဂိုဏ်းချုပ်က ဤနေရာ၌ ဖင်းဖန်တည်ထောင်မည် ပြောသောကြောင့် သူ့တွင် တခြားရွေးချယ်စရာ မရှိပေ။
………..…
မိုဝူကျိ စိတ်နှလုံးမှာ စိုးရိမ်နေမိသည်။ အကြောင်းမှာ ဖင်းဖန်က အပေါ်ယံ၌ ပြီးစီးသည့်ပုံ ပေါ်နေသော်လည်း အပြည့်အဝ ပြီးစီးဖို့ရာ တစ်ဆင့် လိုအပ်နေသေးကြောင်း သူ တစ်ယောက်တည်းသာ သိ၏။
ထိုအရာမှာ အင်မော်တယ်စွမ်းအားများကို ဖင်းဖန်ဆီ ပို့လွှတ်ရန် ဖြစ်၏။ သူက ကာကွယ်ရေး အစီအရင်သို့ အင်မော်တယ်စွမ်းအားများ လမ်းညွှန်ပေးလိုက်သည်နှင့် ဖင်းဖန်အတွင်းရှိ တည်ဆောက်မှုအားလုံးမှာ ပြီးစီးနေရမည် ဖြစ်၏။ ထိုအခါမှ သူလည်း ဖင်းဖန်မှ ထွက်သွားနိုင်လိမ့်မည်။
မိုဝူကျိက အဆုံးအစွန်ပင်လယ်ထဲ ဝင်သွားသည့်အခါ ဖူကျင့်ဖုန်းက စိတ်ဝိညာဉ် တည်ဆောက်ခြင်းအဆင့် ၄ ရောက်ရှိနေပြီး လျန်ယင်ရှန်း၏ အမြန်နှုန်းမှာ ကျဆင်းသွားကြောင်း တွေ့ရှိလိုက်ရသည်။ ထိုသို့ဆိုလျှင်ပင် လျန်ယင်ရှန်းမှာ မဟာလော့ရှန်း ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိနေလေပြီ။
မိုဝူကျိက သူတို့တိုးတက်မှုကို ကျေနပ်မိပြီး ထိုနှစ်ယောက်မှာ တံခါးပိတ် ကျင့်ကြံနေရာမှ မကြာခင် ထွက်လာတော့မည် ဖြစ်ကြောင်း မှန်းဆမိလိုက်သည်။ အကြောင်းမှာ သူ ဖူကျင့်ဖုန်းအား ပေးထားသော အဆာခံဆေးလုံးများမှာ လုံးဝ ကုန်ဆုံးသွားလေပြီ။ ဤသို့ဆိုမှတော့ သူက အင်မော်တယ်ဘုရင်အဆင့် မတက်လှမ်းခင် ထိုနှစ်ယောက် ကျင့်ကြံရေး ပြီးဆုံးသည့်အထိ စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။
ဖင်းဖန်အတွက် ကာကွယ်ရေး အစီအရင် ခင်းကျင်းပြီးနောက် မိုဝူကျိ၏ အစီအရင်တာအိုမှာ နောက်တဆင့် မရောက်သေးပေ။ အဆင့် ၈ အင်မော်တယ် အစီအရင်ဆရာ တစ်ယောက် မဖြစ်သေးသော်လည်း အာကာပြင် သင်္ကေတများအကြောင်း နားလည်နိုင်စွမ်းမှာ ယခင်ထက် သာလွန်နေပြီ ဖြစ်၏။
အာကာပြင် သင်္ကေတများမှာ သဘောတရားအသစ် တစ်ခု ဖြစ်ပြီး အင်မော်တယ်လောက၌ပင် အစီအရင်ဆရာအများစုက အစီအရင်ခင်းကျင်းဖို့ရာ အစီအရင်အလံများ လိုအပ်ကြသည်။ မိုဝူကျိ၏ အာကာပြင် သင်္ကေတမှာ လုပ်ရိုးလုပ်စဉ် အစီအရင်အလံများကို အစားထိုးနိုင်ပြီး အစီအရင်၏ အုတ်မြစ်ကို ရေးဆွဲနိုင်လေသည်။ အင်မော်တယ်လောကရှိ မည်သူကမှ ထိုသဘောတရားကို နားလည်ဦးမည် မဟုတ်ပေ။
သူ ခင်းကျင်းထားသည့် မဟာခုနှစ်သွယ် ဖင်းဖန်အစီအရင်အား ချိုးဖျက်နိုင်မည့် အင်မော်တယ် အစီအရင်ဆရာများများစားစား ရှိမည် မဟုတ်ပေ။ အတင်းကျပ် မဖျက်စီးသရွေ့ ခိုင်မြဲနေမည် ဖြစ်၏။
သို့သော်လည်း မဟာခုနှစ်သွယ် ဖင်းဖန်အစီအရင်အား အတင်းကျပ်ချိုးဖျက်မည်ဆိုလျှင် ဟာသပြက်လုံးတစ်ခုသာ ဖြစ်နေလိမ့်မည်။ အဆုံးအစွန်ပင်လယ်အောက်၌ လုံလုံလောက်လောက် အင်မော်တယ်စွမ်းအားများ ရှိနေပြီး ဖင်းဖန်တွင် အင်မော်တယ် အုပ်စိုးသူအဆင့်များနှင့်အတူ အင်မော်တယ် ဧကရာဇ်လည်း ရှိနေသည်။ ဖင်းဖန်၏ အဆင့်မြင့် ကျင့်ကြံသူများ ကာကွယ်မှုအောက်၌ တစ်ယောက်ယောက်က သူ့အစီအရင်အား အတင်းကျပ်လာဖျက်စီးနိုင်လာလျှင် မိုဝူကျိက အသုံးမကျ၍သာ ဖြစ်လိမ့်မည်။
သူ့မဟာခုနှစ်သွယ် ဖင်းဖန်အစီအရင်အား အင်မော်တယ် ဧကရာဇ် ဆယ်ယောက်ကျော် တစ်ပြိုင်နက် လာတိုက်ခိုက်သည့်အခါမှသာ ပျက်စီးလိမ့်မည်။ သို့သော်လည်း မိုဝူကျိက မဟာဓားလမ်းစဉ်ဂိုဏ်း၊ လျှပ်စီးဂိုဏ်း၊ ကျယ်ပြောပင်လယ် အင်မော်တယ်ကျောင်းတို့မှ အင်မော်တယ် ဧကရာဇ်များ ရေတွက်ကြည့်လျင်ပင် ဆယ်ယောက်ပြည့်မည် မဟုတ်ပေ။ ထို့အပြင် သူက ထိုဂိုဏ်းများက အခြေအနေများကို သဘောမပေါက်သေးခင် ထိုဂိုဏ်းများအား ချေမှုန်းပစ်မည် ဖြစ်၏။
……………...
ပင်မတောင်ထိပ်၌ ဝေကျီတောက်က တခြားသူများကို နှစ်သိမ့်နေစဉ် ဘေးပတ်လည်၌ တုန်ခါလာမှုကို ခံစားလာရသောကြောင့် သတိတကြီး ကြည့်လိုက်သည်။
ဝေကျီတောက်သာလျှင် မကဘဲ အားလုံးလည်း ဘေးပတ်လည်ကို တုန်လှုပ်တကြီး ကြည့်လိုက်ကြသည်။
ထိုစဉ် သိပ်သည်းလွန်းသော အင်မော်တယ်စွမ်းအားများက စတင်၍ စီးဝင်လာလေရာ အားလုံးက ထိပ်တန်းအဆင့် အင်မော်တယ်ဂိုဏ်းများတွင်ပင် ဤကဲ့သို့ သိပ်သည်းလှသော အင်မော်တယ်စွမ်းအားများ စီးဆင်းနေမည် မဟုတ်ကြောင်း သေချာသိကြ၏။ ထို့အပြင် အင်မော်တယ်စွမ်းအားများ ပြန့်နှံ့လာသည့် နေရာမှာ တဖြည်းဖြည်း ကျယ်ပြန့်လာပြီး ဖင်းဖန်တစ်ခုလုံး၌ သိပ်သည်းသော အင်မော်တယ်စွမ်းအားများ လွှမ်းခြုံသွားတော့သည်။
“ အခု ကျုပ် နားလည်သွားပြီ ” ဝေကျီတောက်က အရင်ဦးစွာ အသိပြန်ကပ်လာသည်။ မိုဝူကျိကဲ့သို့ လူမျိုးသည် သာမာန်ကျသော နေရာ၌ ဖင်းဖန်တည်ရန် မည်သို့ ရွေးချယ်မည်နည်း။
ဖင်းဖန်၏ အဓိက အသာယာဆုံးအချက်မှာ လှပခမ်းနားသော မြင်ကွင်း မဟုတ်ဘဲ အသိပ်သည်းဆုံးသော အင်မော်တယ်စွမ်းအားများသာ ဖြစ်လိမ့်မည်။ ဂိုဏ်းချုပ်မိုက မည်သို့ လုပ်လိုက်မှန်း မသိသော်လည်း သူက သိလည်း မသိချင်ပေ။ သူ သိသည့်အရာမှာ ယခု သူက ဖင်းဖန်၏ ကာကွယ်သူ ညာလက်ရုံး တစ်ယောက်သာ ဖြစ်၏။
“ ဟားဟား တကယ့်ကို နံပါတ်တစ် ကျောင်းတော်ပဲ ….” အမြဲလိုလို တိတ်ဆိတ်နေတတ်သည့် ကျန့်မင်ချန်းက ထရယ်မောကာ ဝင်ပြောလိုက်လေ၏။ သူက ပေးထားသည့်ကတိကို ပြန်ရုတ်သိမ်းမည့်သူ မဟုတ်သော်လည်း ဖင်းဖန်အဖွဲ့သား ဖြစ်သော်လည်း ပြင်ပတွင် သွားရောက်ကျင့်ကြံခြင်းက မသင့်တော်ကြောင်း တွေးနေမိခဲ့သည်။
ယခု သူ၏ ဂိုဏ်းချုပ်က ဤမျှသိပ်သည်းလှသော အင်မော်တယ်စွမ်းအားများကို ခေါ်ဆောင်နိုင်လာခဲ့ပြီး ဤနေရာ၌ အဆင့်မြင့် ကျင့်ကြံသူများစွာ ရှိနေသည့်အချက်ကို ထည့်တွက်လိုက်လျှင် ဖင်းဖန်က အင်မော်တယ်လောက၏ နံပါတ်တစ် ဖြစ်လာဖို့ရာ အချိန်အတိုင်းအတာ တစ်ခုမျှသာ လိုအပ်ပေလိမ့်မည်။
“ ကျုပ် တာအိုစွမ်းအားကိုပါ ခံစားမိနေတယ်။ ကျုပ် အရင်သွားနှင့်ပြီဗျို့ ….” နျဲ့ချုံးအန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်ရင်း မြန်မြန် ထွက်သွားတော့သည်။ သူက သူ့ကိုယ်ပိုင် ယာယီတောင်ဆီ သွားလိုက်သည်။ အကြောင်းမှာ သူ့အနေနှင့် အင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့်ကို တက်လှမ်းလိုလေ၏။
နျဲ့ချုံးအန်း ထွက်သွားသည်နှင့် ဝေကျီတောက်တို့လည်း ကိုယ့်လမ်းကို သွားလိုက်ကြသည်။ ဤအခွင့်အရေးကို ခံစားမိသူမှာ နျဲ့ချုံးအန်းမျှတင် မကပေ။ ဝေကျီတောက်သည်လည်း မြန်မြန် တံခါးပိတ် ကျင့်ကြံရန် လိုအပ်ကြောင်း ခံစားမိ၍ အလောသုံးဆယ် ထွက်သွားခြင်း ဖြစ်ပေသည်။ ကျန့်မင်ချန်းသည်လည်း အင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့် တက်လှမ်းနိုင်တော့မည်ကို ခံစားမိလိုက်ပြီး ဖေးလင်မှာလည်း အင်မော်တယ် အုပ်စိုးသူ နောက်ပိုင်းအဆင့် တက်လှမ်းဖို့ရာ ထွက်သွားတော့သည်။
ဓားအကျဉ်းထောင်မှ ထွက်လာပြီးနောက် အများစုမှာ နောက်တဆင့် တက်လှမ်းဖို့ရာ အတွေ့အကြုံများက လုံလောက်နေလေပြီ။ သူတို့ မလုပ်ဆောင်သည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ ဤနေရာ၌ အင်မော်တယ်စွမ်းအား လိုအပ်နေ၍ ဖြစ်သည်။ ယခု မိုဝူကျိက ဤမျှသိပ်သည်းလှသော အင်မော်တယ်စွမ်းအားများ ယူဆောင်လာလေရာ သူတို့အနေနှင့် နောက်တဆင့် တက်လှမ်းဖို့ ကြိုးစားလိုကြသည်မှာ သဘာဝကျပေသည်။
…………....
မိုဝူကျိက အင်မော်တယ်စွမ်းအားများ လမ်းညွှန်ပေးပြီးနောက် အင်မော်တယ် ဝိညာဉ်သွေးကြောကို ဤနေရာ၌ ပြန်ပိတ်မထားခင် သူ့စိတ်ထဲ၌ ကြည်လင်ပြတ်သားသော ထိုးထွင်းသိမှုတစ်ခု ဖြစ်ပေါ်လာသည်။
သူက မိုးမြေထက် ကျယ်ပြောသည့် မဟာတာအိုကို မြင်လိုက်ရပြီး မိုးမြေ၏ အဆုံးတမဲ့ကျယ်ပြန့်သည့် စွမ်းအားများကို ခံစားမိလိုက်ကာ သူ့ကိုယ်ပိုင် ဖြစ်သည့် မဟာတာအိုလမ်းကြောင်းကို ဉာဏ်အလင်းပွင့်သွားခြင်း ဖြစ်၏။
မိုဝူကျိ၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားပြီး အားရပါးရ ဟစ်ကြွေးလုမတတ် ဖြစ်သွားသည်။
တစ်လျှောက်လုံး သူက အင်မော်တယ်စွမ်းအားကို ကျင့်ကြံခြင်းအတွက် ဖြစ်စေ သို့မဟုတ် တာအိုအသိဉာဏ်ပွင့် လမ်းကြောင်းကို အသုံးပြု၍ ဖြစ်စေ သူက အင်မော်တယ်ဘုရင်အဆင့်၏ နယ်နမိတ် အကာအရံကို အာရုံမခံမိခဲ့ပေ။
ယနေ့ သူက ဖင်းဖန်၏ အစီအရင် ခင်းကျင်းပြီးနောက် အင်မော်တယ်စွမ်းအားများကို ပို့လွှတ်ပြီးသည့်အခါ သူက အင်မော်တယ်ဘုရင်၏ နယ်နမိတ်ကို ခံစားမိလိုက်ခြင်း ဖြစ်၏။
ယခု သူ လိုအပ်နေသည့်အရာမှာ မိုးကြိုးစမ်းသပ်ချက်သာ ဖြစ်၏။ မိုဝူကျိက နတ်ဘုရား ရုပ်ခန္ဓာ အဆင့် ၆ သို့ ရောက်နေသူ ဖြစ်၍ မိုးကြိုးစမ်းသပ်ချက် ခံယူသည့် ကိစ္စကား သူ့အတွက် လွယ်ကူလွန်းပေလိမ့်မည်။
“ ဒီလိုကိုး …” မိုဝူကျိက အသက်ပြင်းပြင်း ရှုလိုက်ပြီး ယခင်က အင်မော်တယ်ဘုရင်အဆင့် နယ်ပယ်အား အဘယ်ကြောင့် အာရုံခံနိုင်စွမ်း မရှိကြောင်း နားလည်သွားတော့သည်။ အကြောင်းမှာ သူ့တာအိုက မပြီးပြည့်စုံသေး၍ ဖြစ်ပေသည်။ သူက ဝိညာဉ်ကြော မရှိသည့် သေမျိုးတစ်ယောက်အနေနှင့် စတင် ကျင့်ကြံခဲ့သောကြောင့် ထိုအရာမှာ သူ့အမွေအနှစ် ဖြစ်၏။
ဤအချိန်လေးအတွင်း သူက သူ့အမွေအနှစ်ကို လက်ဆင့်ကမ်းသင့်ကြောင်း ခံစားမိလိုက်သည်။ သဏ္ဍာန်မဲ့ ကတိတစ်ခုက သူ့တာအိုဆုံမှတ်တစ်ခု ဖြစ်လာလေ၏။
မဟာတာအို၏ အမွေအနှစ်က တစ်ယောက်နှင့် တစ်ယောက် ဘယ်တော့မှ နှိုင်းယှဉ်၍ မရပေ။ အကြောင်းမှာ မိုဝူကျိက မည်မျှပင် အားကောင်းပြီး အံ့ဖွယ် ဖြစ်နေစေကာမူ သူက သူ့အမွေအနှစ်များကို တစ်ယောက်တည်း ထာဝရ ပိုင်ဆိုင်မထားနိုင်ပေ။ ဖင်းဖန်ကို တည်ထောင်ပြီးနောက် သူ ပိုင်ဆိုင်သည့် အစစ်အမှန် အမွေအနှစ်ကို ဖန်တီးခဲ့၏။ ထိုအခါမှ နောက်အဆင့်များ တက်လှမ်းနိုင်လိမ့်မည်။
ယနေ့ သူက လုပ်ဆောင်ခဲ့ကာ အစစ်အမှန်တာအိုအကြောင်း နားလည် သဘောပေါက်ခဲ့သည်။
အစစ်အမှန်တာအိုကား နောက်မျိုးဆက်တစ်ခုဆီ လက်ဆင့်ကမ်းပေးခြင်းသာ ဖြစ်၏။