နယ်လှည့်ကျင့်ကြံသူ ၂၇၀၅ ပြန်ပေါ်လာခြင်း
Vol. 52 Ch. 718
“ ဟားဟား …. မင်းတို့တွေက အပုန်းကောင်းကြတာကိုး။ ဒီလိုနေရာမျိုးမှာ အကြာကြီး ပုန်းနေတာပဲ။ တကယ်လို့ ကံကြမ္မာကြာနီသာ ပေါ်မလာရင် ဒီ အင်မော်တယ်က မင်းတို့ကို တွေ့သွားမှာ မဟုတ်ဘူး ” စုရိုအာနှင့် တုံ့ဟွားလုံတို့ ရှိနေသည့်နေရာဆီ အေးစက်စက် ရယ်သံတစ်ခု ပျံ့လွှင့်လာလေ၏။
အနီရောင်ဝတ်ရုံနှင့် ဖူကျန်းဆောင်က သူတို့နှစ်ယောက်ရှေ့ ရောက်ရှိလာသည်။ တုံ့ဟွားလုံနှင့် စုရိုအာတို့က ရေခဲကန်ထဲ စိမ်လိုက်သည့်အလား တစ်ကိုယ်လုံး အေးစက်သွားတော့သည်။
ဖူကျင့်ဖုန်း၏ ရယ်မောသံက ရုတ်တရက် ရပ်တန့်သွားလေ၏။ သူက တစ်ခုခုကို တွေးမိသွားဟန်ဖြင့် အသံမှာ တုန်တုန်ယင်ယင် ဖြစ်လာကာ “ မင်းတို့နှစ်ယောက်က ဒီမှာ အမြဲပုန်းနေတာဆိုတော့ မင်းတို့တွေ …. ”
ဖူကျင့်ဖုန်းက သူ့အတွေးကို ပြန်အံ့အားသင့်သွားသည်။ သူက အတွေးမှာ အမှန် ဖြစ်နိုင်ကြောင်း တဖြည်းဖြည်း ခံစားလာရ၏။
ယခု အင်မော်တယ်စွမ်းအား နည်းပါးနေသည့် နေရာ၌ ကံကြမ္မာကြာနီ ပေါ်လာသည့် သတင်းမှာ ကျိုးပျက်ကမ္ဘာ လေးလွှာမြောက်တစ်ခုလုံး ပြန့်နှံ့နေလေပြီ။ ထိုတျန်းဂျီဂိုဏ်းသား နှစ်ယောက်က ဤနေရာတွင် တစ်ချိန်လုံး ပုန်းအောင်းနေခဲ့လေ၏။ သူတို့အပြင် မည်သူကများ ကံကြမ္မာကြာနီကို ယူသွားနိုင်မည်နည်း။
ထို့နောက် ဖူကျန်းဆောင်က ခေါင်းခါလိုက်ပြန်သည်။ ပျံ့နေသည့် သတင်းများမှာ မဟာကျီရှန်းအဆင့် ကျင့်ကြံသူနှစ်ယောက်က ကံကြမ္မာကြာနီကို တစ်ပြိုင်နက်တည်း မြင်၍ တိုက်ပွဲ ဖြစ်ခဲ့သောကြောင့် တခြားလူများက သတိထားမိသွားခြင်း ဖြစ်၏။
“ သွားသေစမ်း ” ဖူကျန်းဆောင်က လက်ဝါးကို ဖြန့်လိုက်သည်နှင့် စုရိုအာနှင့် တုံ့ဟွားလုံတို့ထံ ငွေရောင်အလင်းတန်းများ ပြေးဝင်လာသည်။
စုရိုအာက သူမ၏ အသက်ဓာတ်ကို နှိုးဆွကာ တောင်ပြာဓားမြှောင်ကို ထုတ်လွှင့်လိုက်၏။ သို့သော်လည်း စုရိုအာ၏ ဓားမြှောင်မှာ ဖူကျန်းဆောင်၏ အလင်းတန်းနှင့် ယှဉ်လျှင် ပိုးစုန်းကြူးမျှသာ ဖြစ်နေ၏။
“ ဘုန်း ” တောင်ပြာဓားမြှောင်မှ အလင်းမှာ ဝါးမျိုခံလိုက်ရပြီး စုရိုအာနှင့် တုံ့ဟွားလုံတို့လည်း ဆက်တိုက်ဆိုသလို လွှင့်စင်သွားသည်။
အစမှအဆုံးအထိ တုံ့ဟွားလုံက လှုပ်ရှားဖို့ အခွင့်အရေး တစ်ခုပင် မရလိုက်ပေ။
စုရိုအာ မေးဖျားမှ ရင်ဘတ်အထိ သွေးများ စီးကျလာပြီး စုရိုအာ၏ ခန္ဓာကိုယ်ပေါ်တွင် သွေးများ စွန်းထင်နေသည်။
“ ဟွားလုံ ငါ အဲဒီလူကို အနိုင်မတိုက်နိုင်ဘူး။ သူ့ကို အချိန်ဆွဲထားတုန်း မြန်မြန် ထွက်ပြေးတော့ ….” စုရိုအာ၏ မျက်နှာမှာ ဖြူဖျော့လာကာ အသံတွင် စိုးရိမ်မှုများ ပါဝင်နေသည်။
တုံ့ဟွားလုံက တုံ့ဆိုင်းမနေတော့ဘဲ “ ကျုပ် သေချာပေါက် ထွက်မပြေးဘူး။ ကျုပ် အသက်ကို စွန့်ရရင်တောင် ဒီတိရစ္ဆာန်ကိုတော့ … ”
“ ပါးစပ်ပိတ်ထား …” စုရိုအာက စိတ်ပူပင်စွာ အော်ဟစ်လိုက်သည် “ သူက မဟာကျီရှန်းအဆင့် ရောက်နေပြီ။ မင်းအသက်ကို စွန့်ရင်တောင် အသုံးမဝင်ဘူး ”
စုရိုအာက ဆက်မပြောတော့ပေ။ ထိုအရာမှာ အသုံးမဝင်ကြောင်း သိထားလေ၏။ ယနေ့ သူမနှင့် တုံ့ဟွားလုံတို့ နှစ်ယောက်လုံး အသက်ရှင်လျက် လွတ်မြောက်နိုင်မည် မဟုတ်ချေ။
ဖူကျန်းဆောင်က လျှောက်လှမ်းလာလေ၏။ သူက ရယ်မောကာ “ တကယ်လို့ မင်းတို့နှစ်ယောက်ကို ဒီနေ့ ထွက်ပြေးခွင့် ပေးလိုက်ရင် ကျုပ် ဖူကျန်းဆောင်က …. ”
ဖူကျန်းဆောင်က ရုတ်တရက် စကားပြောရပ်လိုက်သည်။ သူက အညိုရောင်ဝတ်နှင့် လူငယ်လေး လျှောက်လှမ်းလာသည်ကို မြင်လိုက်ရပြီး ကျိုးပျက်ကမ္ဘာအတွင်းမှ ချောင်းမြောင်းလုပ်ကြံခြင်းများစွာ ရှိနေသော်လည်း ထိုလူငယ်လေးမှာ လွတ်လွတ်လပ်လပ် အပူအပင်ကင်းစွာနှင့် လျှောက်လှမ်းလာလေ၏။ ဖူကျန်းဆောင်ကို အံ့ဩစေသည်က ထိုလူငယ်လေး ပတ်လည်၌ ကောင်းကင်ဘုံကို ဝါးမျိုပစ်ကာ မြေပြင်ကို ထပ်ခြမ်းခြမ်းပစ်မည့် ကြောက်မက်ဖွယ် စွမ်းအားများ ဝန်းရံနေလေသည်။ ထိုလူငယ်လေးက သူ့အား လက်တစ်ချောင်းနှင့်ပင် ခြေမွပစ်နိုင်ကြောင်း ခံစားလိုက်ရသည်။
ထိုအညိုရောင်ဝတ် လူငယ်လေး၏ အကြည့်တို့က သူ့ဆီ ရောက်ရှိလာ၏။ သူက အေးစက်စက် ခံစားချက်ကို ခံစားမိလိုက်ပြီး မသိမသာ တုန်ယင်လာတော့သည်။ သူက ကျိုးပျက်ကမ္ဘာအတွင်း ဝင်ရောက်နိုင်သည့် အားအကောင်းဆုံး ကျင့်ကြံသူမှာ မဟာလော့ရှန်းအဆင့် ဖြစ်ကြောင်း သိထား၏။ သို့သော်လည်း ထိုလူငယ်လေး၏ အကြည့်ကြောင့် အင်မော်တယ်ဘုရင်အဆင့်ပင် ထိုသူနှင့် ယှဉ်နိုင်လိမ့်မည် မဟုတ်ကြောင်း မှန်းဆမိသည်။
ကံကောင်းစွာဖြင့် အညိုရောင်ဝတ် လူငယ်လေးက သူ့အား ကြာကြာ ကြည့်မသွားချေ။ သူ ဖူကျန်းဆောင်က ထိုလူငယ်လေး၏ အမြင်၌ ဘာမှ ဟုတ်ဟန် မပေါ်ပေ။ အညိုရောင်ဝတ် လူငယ်လေးက စုရိုအာအား ကြည့်လိုက်ပြီးနောက် အကြည့်တို့က မြဲမြံသွားလေ၏။
သူ့စိတ်နှလုံးသား၌ ပြင်းထန်သော ခံစားချက်တချို့ ဖြစ်ပေါ်လာသည်။ သူ့အကြည့်တို့ကို စုရိုအာဆီမှ မဖယ်ရှားနိုင်ပေ။
ဤမိန်းကလေးက အလှဆုံး မဟုတ်သော်လည်း မပြောပြတတ်သည့် ညင်သာနူးညံ့မှု ရှိနေသော အလှတရားလေးက သူ့နှလုံးသားအတွင်း အမှတ်အသားတစ်ခုအထိ စွဲသွားစေသည်။ သူမ မျက်နှာလေးမှာ ဖြူဖျော့နေသော်ငြား သူမ၏ ကြန်အင်ကို ဖုံးကွယ်မထားနိုင်ပေ။ အမျိုးသမီး တစ်ယောက်ကြောင့် စိတ်လှုပ်ရှားမိခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်၏။ သူ့နှလုံးသားကို လှုပ်ရှားစေနိုင်သော ပထမဆုံး အမျိုးသမီး ဖြစ်ပေသည်။
“ မင်းနာမည် ဘယ်သူလဲ ” အညိုရောင်ဝတ် လူငယ်လေးက ရုတ်တရက်ဆိုသလို နူးညံ့သွား၏။
“ စုရိုအာ …” စုရိုအာက အနိုင်နိုင် မတ်တတ်ရပ်လိုက်ပြီး သတိထားကာ နောက်ဆုတ်လိုက်သည်။ ဤအညိုရောင်ဝတ် လူငယ်က အရမ်းအားကောင်းသော်လည်း သူမအနေနှင့် မြန်မြန်သာ ထွက်သွားချင်မိသည်။
စုရိုအာ၏ အကြောက်တရားနှင့် နုနယ်မှုကို ခံစားမိလိုက်ပြီး ထိုလူ၏ နှလုံးသား၌ ခံစားချက်တို့ ပို၍ ပြင်းထန်လာရသည်။ သူက ပိုင်ဆိုင်ဖို့ အလိုဆန္ဒလေလား ဒါမှမဟုတ် ကာကွယ်ပေးလိုသည့် အလိုဆန္ဒလေလား ဒါမှမဟုတ် အားလုံး ပေါင်းစပ်ထားခြင်းလား မခွဲခြားတတ်တော့ပေ။
သူက ဖူကျန်းဆောင်ဆီ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်။ သူ့အသံမှာ ရေခဲတမျှ အေးစက်နေပြီး ပြောလိုက်သည် “ ခင်ဗျားက သူမကို ဒဏ်ရာရအောင် လုပ်ခဲ့တာလား ”
ဖူကျန်းဆောင်၏ အသံမှာ တုန်ယင်နေပြီး “ စီနီယာ ကျုပ်က …. ”
ဖူကျန်းဆောင်က ချက်ချင်းဆိုသလို အလျှံအပယ် ကျရောက်လာသည့် ပြင်းထန်သော ဖိအားကို ခံစားမိလိုက်သည်။ သူက စတင်၍ နာကျင်ခံစားလာရပြီး ထိုခံစားရခက်လှသည့် ဖိအားမှာ သူ့အား မြေပြင်ပေါ် ဒူးထောက်နေခိုင်းဟန် ပေါ်သည်။
“ မြန်မြန် သွားတော့ ” စုရိုအာက တုံ့ဟွားလုံကို ဆွဲကာ စိုးရိမ်တကြီး ထွက်ပြေးသွားကြ၏။ အညိုရောင်ဝတ် လူငယ်က သူမအား ကယ်တင်ပေးလိုက်ကာ သူမအား မျက်နှာသာပေးဟန် ကြည့်နေသော်လည်း သူမက ကြောက်ရွံ့နေသေး၏။ သူမက အညိုရောင်ဝတ် လူငယ်၏ အကြည့်ထဲမှ ပြင်းထန်လှသော အလိုဆန္ဒကို တွေ့မြင်နေရသောကြောင့် သူမအား ပို၍ ထိတ်လန့်စေမိသည်။
“ စီနီယာ သူတို့တွေ သွားပြီ …” ဖူကျန်းဆောင်က စုရိုအာတို့ ထွက်ပြေးသွားသည်ကို မြင်သောအခါ မြန်မြန် ပြောလိုက်၏။ သူက ထိုအညိုရောင်ဝတ် လူငယ်လေးက စုရိုအာတို့နောက် လိုက်သွားဖို့ရာ မျှော်လင့်နေမိသည်။
“ငါ သိတယ်။ မင်းက သူမကို ဒဏ်ရာရအောင် လုပ်ထားမှတော့ အသက်နဲ့ ပြန်ပေးဆပ်သင့်တာပေါ့ ” အညိုရောင်ဝတ် လူငယ်လေးက မထူးမခြားနား ပြောလိုက်သည်။ သူက စုရိုအာတို့နောက် မလိုက်ပေ။ သူက အလိုရှိသရွေ့ သူမအား အလွယ်တကူ ပြန်ရှာနိုင်ကြောင်း သိထား၍ ဖြစ်သည်။
အညိုရောင်ဝတ် လူငယ်လေးက သူ့အား သတ်တော့မည် ဖြစ်၍ ဖူကျန်းဆောင်က စိုးရိမ်တကြီး ထအော်လိုက်သည်
“ စီနီယာ ကျုပ်ကို သတ်လို့ မဖြစ်ဘူး။ ကျုပ်က ဗလာကြေးမုံ အင်မော်တယ်တာအိုရဲ့ တပည့်ပါ။ ပြီးတော့ စူးခရာအင်မော်တယ်မြို့ဟောင်းရဲ့ ဗလာကြေးမုံ ကုန်သွယ်ရေးအဖွဲ့က စီမံခန့်ခွဲရေးမှုးပါ။ ”
အညိုရောင်ဝတ် လူငယ်လေးက နှာခေါင်းရှုံ့ကာ
“ ဗလာကြေးမုံ အင်မော်တယ်တာအိုက အဲလောက်တောင် အံ့ဩဖို့ ကောင်းတယ်လား။ မင်း သေသွားပြီးရင် ဗလာကြေးမုံ အင်မော်တယ်တာအိုဆီ မင်းကို သတ်သွားတာ ငါ လိန်ဟုန်ကျီလို့ ပြောပြလိုက်ပေါ့ ”
ဖူကျန်းဆောင်က လိန်ဟုန်ကျီမှာ မည်သူ ဖြစ်ကြောင်း တွေးတောနေစဉ် လျှပ်စီးဓားတစ်ချက်က လျှပ်စီးသွားအလား ဝင်ရောက်လာသည်။ သူက ထိုလျှပ်စီးဓားကို ရှင်းရှင်းလင်းလင်းကြီး မြင်လိုက်ရသော်လည်း မရှောင်နိုင်လိုက်ပေ။
“ ဖူး ” သွေးမြူများ ထွက်ပေါ်လာလေ၏။ ဖူကျန်းဆောင်က သူ့ခန္ဓာကိုယ်ပေါ်မှ တူးနံ့ကိုပင် ရလိုက်မိသည်။ သူ့မျက်လုံးထဲ၌ စိတ်ပျက်အားငယ်ခြင်းများ ကြီးစိုးနေသော်လည်း မျက်လွှာချဖို့ရာ ဆန္ဒမရှိပေ။ သူက ဤအတိုင်း မသေလိုက်နိုင်ပေ။
“ ဖြောင်းဖြောင်းဖြောင်း ….”
လက်ခုပ်တီးသံကို ကြားလိုက်ရ၍ လိန်ဟုန်ကျီက လှည့်ကြည့်လိုက်သည့်အခါ မျက်နှာမည်း ဘုန်းတော်ကြီး တစ်ပါး လျှောက်လှမ်းလာသည်ကို မြင်လိုက်ရသည်။ ထိုဘုန်းတော်ကြီး မျက်နှာ၌ အမာရွတ်အကြီးကြီး ရှိနေသည်။
ဤလူနှင့် ရင်းနှီးနေဟန် ပေါ်နေသောကြောင့် လိန်ဟုန်ကျီက မျက်မှောင်ကျုတ်လိုက်သည်။ ထိုသည်မှာ သာမာန် ဘုန်းကြီးတစ်ပါး ဖြစ်ပြီး သေမျိုးတစ်ယောက်ဟု ယူဆ၍ ရသည့်အထိ သာမာန်ကျလွန်းနေသည်။ ထိုဘုန်းကြီးဆီမှ အင်မော်တယ်စွမ်းအားများ ထွက်ပေါ်မနေပေ။
“ မဆိုးဘူးပဲ …. မင်းရဲ့ လျှပ်စီးဓားက ငါ့ထက် မြန်တယ်။ လျှပ်စီးဂိုဏ်းထဲ ဝင်သွားခဲ့တာကိုတော့ ကြားလိုက်ပါတယ်။ လိန်ကူယွင် အဲအဘိုးကြီးက မင်းကို လျှပ်စီးလျို့ဝှက်ပညာရပ်တွေ သင်ပေးလိုက်ပြီလား ” မျက်နှာမည်းဘုန်းကြီးက လျှောက်လှမ်းလာကာ ပြောလိုက်၏။
ဖူကျန်းဆောင်အား အကြောက်တရားများနှင့် ပြည့်နှက်သွားစေသော လိန်ဟုန်ကျီမှာ ထိုမျက်နှာမည်း ဘုန်းကြီးရှေ့မှောက်၌ ကြောက်စရာကောင်းသည့်ပုံ မပေါ်တော့ပေ။
“ ခင်ဗျားက ဘယ်သူလဲ ” လိန်ဟုန်ကျီက အေးစက်စက် မေးလိုက်သည်။ သူက တစ်ဖက်လူထက် သေချာပေါက် အားကောင်းမှန်း သိနေသော်လည်း ထူးထူးဆန်းဆန်း ခံစားမိနေသည်။ ထိုလူမှာ သေချာပေါက် မရိုးရှင်းသလို ထိုလူအား သိနေသလိုပါ ခံစားနေရ၏။
“ ငါ ဘယ်သူလဲဆိုတာ နောက်တော့ ပြောမှာပေါ့။ တကယ်တော့ မင်းသတ်လိုက်တဲ့ လူကို သိတယ်။ အဲဒီလူက ဗလာကြေးမုံ အင်မော်တယ်တာအိုရဲ့ ဖူကျန်းဆောင်လေ …. လွန်ခဲ့တဲ့နှစ်တွေတုန်းက သူ့ကို အသက်ချမ်းသာပေးခဲ့တယ်။ ဒါပေမဲ့ မင်းလက်ချက်နဲ့ သေသွားရပြီ။
စိတ်ချနေပါ …. ဒီကိစ္စကို ထုတ်မပြောပါဘူး။ မင်းတို့ရဲ့ လျှပ်စီးဂိုဏ်းနဲ့ ယှဉ်ရင် ဗလာကြေးမုံ အင်မော်တယ်တာအိုဆိုတာက ပုရွက်ဆိတ်သာသာပဲ။ ….
ဒါနဲ့ မင်းတို့ရဲ့ လျှပ်စီးဂိုဏ်းက ဗလာကြေးမုံ အင်မော်တယ်တာအိုကို ဖျက်စီးတဲ့အခါကျ ကျုပ်ကို ခေါ်ဖို့ မမေ့နဲ့ဦးနော်။ ပွဲလေးဘာလေး သွားကြည့်ရအောင်လို့ ….
ဒါနဲ့ မေ့တော့မလို့ မင်း ဒီနေရာကနေ ထွက်သွားနိုင်မှာ မဟုတ်ဘူး ….” မျက်နှာမည်း ဘုန်းကြီးက မိတ်ဆွေတစ်ယောက်နှင့် စကားဖောင်ဖွဲ့ကာ ပြောနေသည့်အလား ပြောလိုက်သည်။
လိန်ဟုန်ကျီက အံ့ဩသွားသည်။ သူ့ရှေ့မှ သူကို ပြန်အမှတ်ရသွားလေ၏ “ ငါ့ရှေ့မှာ မောက်မာရဲတာ ဘယ်သူလဲလို့ စဉ်းစားနေတာ …. ခင်ဗျား ဖြစ်နေတာကိုး ။ နယ်လှည့်ကျင့်ကြံသူ ၂၇၀၅ …. ”
မျက်နှာမည်း ဘုန်းကြီးက ရယ်မောကာ “ လိန်ဟုန်ကျီ ... ငါက နယ်လှည့်ကျင့်ကြံသူ ၂၇၀၅ ဆိုတာကို သိတဲ့သူ နည်းနည်းပဲ ရှိတယ်။ ဒါပေမဲ့ တချို့ကတော့ ငါက မိုဝူကျိဆိုတာကို မသိတဲ့သူ ပိုနည်းမယ် ထင်တာပဲ …. ”
မိုဝူကျိက ပြောပြီးပြီးချင်း မျက်နှာကို သုတ်လိုက်သည်။
မျက်နှာမည်း ဘုန်းကြီး သွင်ပြင်က အစအနမရှိ ပျောက်ကွယ်သွားကာ မိုဝူကျိက နဂိုသွင်ပြင်ဖြင့် လိန်ဟုန်ကျီ ရှေ့မှောက် ပေါ်လာသည်။ သူက အနည်းငယ် အရပ်ရှည်လာကာ ခန္ဓာကိုယ် အချိုးအစားမှာလည်း ထုဆစ်ထားသည့်အလား ပြီးပြည့်စုံပေ၏။ သူ့တွင် လူတစ်ယောက်အား ဖောက်ထွင်းမြင်နိင်သည့် တောက်ပစူးရှသော မျက်ဝန်းများ ရှိနေသည်။ ထိုအရာက လိန်ဟုန်ကျီအား အနည်းငယ် အားကျစေမိ၏။ သူက သူ့ကိုယ်သူ အမြဲတမ်း ခန့်ညားချောမောသည်ဟု တွေးထင်ခဲ့သော်လည်း သူ့မျက်ဝန်းများမှာ အနည်းငယ်ရှည်ကာ ကျဉ်းနေသောကြောင့် သူ့ရုပ်ရည်အား အနည်းငယ် သက်ရောက်မှု ရှိ၏။
မိုဝူကျိ သာမာန်ဟန် ပေါ်နေသော်လည်း လိန်ဟုန်ကျီက ဖိအားကို မခံစားမိဘဲ မနေနိုင်ချေ။ သူက နောက်ဆုံးပြိုင်ဖက်ကို တွေ့ခဲ့ရလေပြီ။ ဖူကျန်းဆောင်ကဲ့သို့ သူလည်း ခံစားနေရသည်။ သို့သော်လည်း ထိုအရာမှာ ပုံရိပ်ယောင်မျှသာ ဖြစ်ကြောင်း သိထား၏။ မိုဝူကျိ ချထားသည့် ဖိအားများကြောင့် မိုဝူကျိအပေါ် ခံစားနေရသော အမုန်းတရားတို့မှာ ပြန်လည် အုံ့ကြွလာသည်။
“ မိုဝူကျိ နောက်ဆုံးတော့ တွေ့ရပြီ … ရန်ကြွေးတွေ အကုန်ရှင်းကြတာပေါ့ ” လိန်ဟုန်ကျီက တည်ငြိမ်သွားလေ၏။ သူနှင့် မိုဝူကျိကြားမှ ရန်ကြွေးမှာ ပင်လယ်ကြီးလောက် နက်ရှိုင်းသောကြောင့် တစ်ယောက်ယောက် သေမှသာ ပြီးဆုံးသွားလိမ့်မည်။
ထိုအချိန်၌ သူက ကျေးဇူးပင် တင်မိသေး၏။ သူက မဟာဧကရာဇ် သုံးယောက်နှင့် ဧကရာဇ် တပိုင်း ကျင့်ကြံသူတို့အနေနှင့် မိုဝူကျိကို သတ်ဖြတ်ရာ၌ မအောင်မြင်ခဲ့သည်ကို ဝမ်းမြောက်မိသည်။ မဟုတ်လျှင် သူ လိန်ဟုန်ကျီက မည်သို့ လက်စားချေရတော့မည်နည်း။
လိန်ဟုန်ကျီက လက်ဝါးကို ဖွင့်လိုက်သည့်အခါ ဧရာမ လျှပ်စီးတူကြီး ပေါ်လာ၏။ ထိုစဉ် လိန်ဟုန်ကျီ၏ ခန္ဓာကိုယ်မှာ လျှပ်စီးကြား ကခန်နေသည့်ဟန် ပေါ်နေရုံသာမက သူ့လျှပ်စီးတူမှာလည်း လျှပ်စီးဓာတ်များဖြင့် တောက်ပနေသည်။
ပြင်းထန်လွန်းသည့် စွမ်းအားလှိုင်းများက နေရာအနှံ့ ပြည့်နှက်သွားသည်။ လျှပ်စီးစွမ်းအားများအောက် မြက်ပင်များပင် ခြောက်သွေ့ကုန်ကာ ပြာဖြစ်ကုန်လေ၏။
ထက်ရှရှ ဓားအလား စွမ်းအားစက်ကွင်းတစ်ခုက ကျယ်ပြန့်လာကာ မိုဝူကျီဆီ ရောက်ရှိလာသည်။
မိုဝူကျိ မျက်ဝန်းမှ လေးနက်သည့် အမူအယာများ ပေါ်လာ၏။ ဤသည်မှာ လိန်ဟုန်ကျီနှင့် ပထမဆုံး ယှဉ်ပြိုင်တိုက်ခိုက်ရသည့် အကြိမ် ဖြစ်သော်လည်း လိန်ဟုန်ကျီနှင့် မရင်းနှီးခြင်း မရှိပေ။ သူက လိန်ဟုန်ကျီ၏ စွမ်းအားမှာ ကျင့်ကြံဆင့် မြင့်လာသည်နှင့် တိုးတက်လာကြောင်း ခပ်ဖျော့ဖျော့ ခံစားမိ၏။
လိန်ဟုန်ကျီ၏ ဓားနှင့်တူသော စွမ်းအားစက်ကွင်း ရောက်ရှိလာသည့်အခါ မိုဝူကျိကလည်း သူ့ဝဲကတော့ စွမ်းအားစက်ကွင်း ဖွဲ့စည်းဖို့ရာ တုံ့ဆိုင်းမနေတော့ပေ။
“ ဘုန်း ” လိန်ဟုန်ကျီ၏ စွမ်းအားစက်ကွင်း၏ လျှပ်စီးဓားများက မိုဝူကျိ၏ စွမ်းအားစက်ကွင်းအတွင်း ပေါက်ကွဲထွက်ကုန်ကာ လေထုအတွင်း လျှပ်စီးလှိုင်းအရိပ်အယောင်များ ကျန်ရစ်ခဲ့၏။
အဝေးမှ ကျင့်ကြံသူတချို့ပင် ဤကြောက်မက်ဖွယ် စွမ်းအားကို ခံစားမိသောကြောင့် ရှောင်ကွင်းသွားကြ၏။
လိန်ဟုန်ကျီ မျက်ဝန်း၌ စိတ်ခံစားချက်များ ရောထွေးလာသည်။ လက်စားချေမှု မဟုတ်တော့ဘဲ လိုအင်ဆန္ဒတစ်ခု ဖြစ်၏။ သူ အစစ်အမှန်ရေအဆင့်သို့ ဝင်ရောက်လာကတည်းမှ ပြိုင်ဖက်နှင့် တစ်ခါမှ မတွေ့ဖူးသေးပေ။ မည်သူကမှ သူ့လျို့ဝှက်ချက်ကို မသိကြပေ။ ထိုသို့ဖြင့် သူ့အရည်အချင်းများက တဆင့်တဆင့် ဆင့်ကဲ တိုးတက်လာခြင်း ဖြစ်၏။ တခြားနည်းဖြင့်ဆိုရလျှင် သူ့ပါရမီက စကြဝဠာတစ်ခုလုံး၌ နံပါတ်တစ် ဖြစ်လာသည့် နေ့ရက် ရောက်လာပေလိမ့်မည်။
ထိုအကြောင်းအရင်းကြောင့် သူက သူနှင့် ကျင့်ကြံဆင့်၌ တန်းတူလိုက်နိုင်နေသော မိုဝူကျိ၏ လျို့ဝှက်ချက်ကို သိချင်မိသည်။